no

Font
Theme

### ကျန်းယာဖေး၏ဖခင် သေဆုံးလုနီးပါးဖြစ်နေပြီ

“ဖေဖေ… ဖေဖေ…”

ကျန်းယာဖေး၏မိခင်က ငိုယိုရင်း ခေါ်လိုက်သံကြောင့် သူမဖခင်ကို သတိရသွားသည်။ ဖခင်ဖြစ်သူကို လှည့်ကြည့်လိုက်သည့်အခါ သူမတစ်ကိုယ်လုံး တောင့်တင်းသွား၏။ နောက်တစ်စက္ကန့်တွင်တော့ သူမက ဖခင်ရှိရာသို့ အလျင်အမြန် ပြေးသွားပြီး အော်ခေါ်လိုက်သည်။

“ဖေဖေ… ဘာဖြစ်သွားတာလဲ။ သမီးပါ၊ ဖေးပါ။ သမီးပြန်ရောက်လာပြီလေ။ ဖေဖေ သမီးကို စကားပြန်ပြောပါဦး…”

“ချစ်ရေ… ငါတို့သမီးလေး ပြန်ရောက်လာပြီ။ နောက်ဆုံးတော့ ငါတို့ပြန်ဆုံရပြီလေ။ ငါတို့ကို မထားခဲ့ပါနဲ့။ ငါတောင်းပန်ပါတယ်…”

ကျန်းယာဖေးနှင့် သူမ၏မိခင်တို့သည် ကျန်းထျန်းလုံဘေးတွင် မျက်ရည်စမ်းစမ်းဖြင့် ငိုကြွေးနေကြသည်။ ကျန်းထျန်းလုံက ပါးစပ်ကို အကြိမ်အနည်းငယ် ဖွင့်လိုက်ပိတ်လိုက် လုပ်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။ သို့သော် သူ့မျက်လုံးထောင့်မှ စီးကျလာသည့် မျက်ရည်များက သူတို့၏စကားကို ကြားနေရကြောင်း သက်သေပြနေသည်။ သူ့တစ်ဦးတည်းသော သမီးလေး ဘေးကင်းနေကြောင်းနှင့် သူမက ဒီအခြေစိုက်စခန်းအထိ လိုက်ရှာပြီး သူ့ကိုတွေ့သွားကြောင်းကိုလည်း သူသိနေခဲ့သည်။

ဖြစ်နိုင်သည်မှာ သူ၏နောက်ဆုံးဆန္ဒ ပြည့်ဝသွားပြီဖြစ်သောကြောင့်ပင်။ အချိန်တစ်လျှောက်လုံး ဖွင့်ထားခဲ့သည့် သူ့မျက်လုံးများက တဖြည်းဖြည်း ပိတ်သွားတော့မည့်ပုံပေါ်နေသည်။

ထိုအခြေအနေကို သတိပြုမိသည့် ယွင်ချဲ့သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ ဘေးရှိလူများကို ဖယ်ရှားပြီး ကျန်းထျန်းလုံ၏အခြေအနေကို စစ်ဆေးရန် ကိုယ်ကိုကိုင်းလိုက်သည်။

ကျန်းယာဖေးသည် ရေနစ်နေသူတစ်ယောက် ကောက်ရိုးတစ်မျှင်ကို အားကိုးသကဲ့သို့ ယွင်ချဲ့၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး အော်ဟစ်တောင်းပန်လာသည်။

“ယွင်ချဲ့… ကျေးဇူးပြုပြီး သမီးအဖေကို ကယ်ပေးပါ။ သမီးတောင်းပန်ပါတယ်။ သူ့ကို ကယ်ပေးပါနော်။ သမီး သူ့ကို သေခွင့်မပေးနိုင်ဘူး… အဖေနဲ့အမေကို ပြန်တွေ့ဖို့ သမီးဘယ်လောက်တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတာ သိလား။ ကျေးဇူးပြုပြီး… ယွင်ချဲ့…”

သူတို့အားလုံး၏အမြင်တွင် ယွင်ချဲ့သည် အယုံကြည်ရဆုံးလူဖြစ်သည်။ အခက်အခဲကြုံလာတိုင်း သူတို့စိတ်ထဲ ပထမဆုံးပေါ်လာသည့် ကယ်တင်ရှင်မှာလည်း ယွင်ချဲ့တစ်ယောက်တည်းသာ ဖြစ်သည်။

“သိပါတယ်။ အရင်ဆုံး ငါ့ကိုလွှတ်ပေးပါဦး။ ဒါမှ သူ့အခြေအနေကို စစ်ဆေးလို့ရမှာပေါ့။”

ကျန်းယာဖေး ဘယ်လောက်စိတ်ပူနေသလဲဆိုတာ ယွင်ချဲ့နားလည်သည်။ သို့သော် သူမက သူ့ကိုဆွဲထားသဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှား၍မရပေ။

“မင်းလည်း မကယ်နိုင်တော့ပါဘူး။ ထျန်းလုံရဲ့ နံရိုးနှစ်ချောင်းကို တစ်ယောက်ယောက်က ရိုက်ချိုးထားတာ။ အတွင်းက ကိုယ်တွင်းအင်္ဂါတွေကလည်း အပြင်းအထန် ထိခိုက်ထားတယ်။ အခုဆို နှစ်ရက်တောင် ရှိပြီ။ သူ့သမီးကို စိတ်ပူပြီး စောင့်မျှော်မနေခဲ့ရင် ဒီအချိန်မှာတော့…”

ယွင်ချဲ့က လူများကို တွန်းဖယ်လိုက်သောအခါ ဘေးသို့တွန်းပို့ခံလိုက်ရသည့် လူလတ်ပိုင်းအရွယ်အမျိုးသားက ဝမ်းနည်းစွာ ရှင်းပြလာသည်။ ထိုအမျိုးသားသည်လည်း ကျန်းထျန်းလုံကဲ့သို့ပင် ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည်။ လိုအပ်သော ဆေးဘက်ဆိုင်ရာကိရိယာများ မရှိသည့်တိုင် သူတတ်နိုင်သလောက် အခြေအနေကို အကြမ်းဖျင်းစစ်ဆေးပေးခဲ့သည်။

“မင်းတို့ မကယ်နိုင်ဘူးဆိုပေမဲ့ ငါတို့လည်း မကယ်နိုင်ဘူးလို့ မဆိုလိုဘူးလေ။”

ယွင်ချဲ့သည် ထိုအမျိုးသားကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးဇယ်ယွီဘက်သို့ မော့ကြည့်ကာ ကျန်းယာဖေးကို ဆွဲဖယ်ပေးရန် အမူအရာဖြင့် အချက်ပြလိုက်သည်။ သို့သော် ကျိုးဇယ်ယွီ မလှုပ်ရှားရသေးခင် ယန်ဟွိုင်အန်းက သူမကို ပွေ့ချီလိုက်ပြီးဖြစ်သည်။ ကျိုးဇယ်ယွီကတော့ အခြေအနေကို ပိုရှုပ်ထွေးမသွားစေရန် ဝမ်စူးဟွာကို သူ့ရင်ခွင်ထဲ ထိန်းပွေ့ထားလိုက်ရသည်။

“ဘယ်သူလဲ။ ငါ့အဖေကို ဘယ်သူထိုးခဲ့တာလဲ။”

ကျန်းယာဖေးသည် ဒေါသကြောင့် ယန်ဟွိုင်အန်း၏ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားရင်း လူလတ်ပိုင်းအရွယ်အမျိုးသားကို စူးစူးဝါးဝါး အော်မေးလိုက်သည်။ မျက်နှာတစ်ပြင်လုံး မျက်ရည်များစီးကျနေသည့် သူမ၏မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူမကို ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ မြင်တွေ့ခဲ့ဖူးသည့် ထိုအမျိုးသားပင် အံ့အားသင့်လွန်း၍ ချက်ချင်းပြန်မဖြေနိုင်ခဲ့ပေ။

သူ့ဘေးတွင် ရပ်နေကြသည့် လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး၊ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်များလည်း ထိုနည်းတူပင် အံ့အားသင့်နေကြသည်။

သူတို့မှတ်မိသလောက် ကျန်းယာဖေးသည် လှပပြီး ဉာဏ်ရည်ထက်မြက်သည့် မိန်းကလေးတစ်ဦးဖြစ်သည်။ တစ်ခါတလေ ဆော့တတ်နောက်တတ်သော်လည်း ချစ်စရာကောင်းသူတစ်ယောက်ပါပဲ။ သို့သော် ယခုအချိန်တွင်တော့ သူမသည် သွေးဆာနေသည့် အရူးလူသတ်သမားတစ်ဦးနှင့်ပင် တူနေသည်။ သူမ၏မျက်နှာပေါ်က ဒေါသနှင့် သတ်ဖြတ်လိုစိတ်များက ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဟောင်လင်း၊ ဒီလူနဲ့အတူ သွားပြီး ယာဖေးရဲ့အဖေကို ထိုးခဲ့တဲ့သူကို သွားဖမ်းလာခဲ့။ ဟွိုင်အန်း၊ ယာဖေးကို သေချာစောင့်ကြည့်ထား။”

ရှင်းဖုန်းက အသံနိမ့်နိမ့်ဖြင့် အမိန့်ပေးရင်း သူတို့ရှေ့ရှိ လူငယ်တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ အခြေအနေက ရှုပ်ထွေးနေပြီဖြစ်ရာ ဒီထက်ပိုပြီး မထိန်းမနိုင်သိမ်းမရဖြစ်သွားတာကို သူခွင့်မပြုနိုင်ပေ။

“အင်း။”

“ငါ သူ့ကို သတ်မယ်!”

ဖြန်း!

ချူဟောင်လင်းနှင့် ယန်ဟွိုင်အန်းတို့က ခေါင်းညိတ်လိုက်ကြသည်။ သို့သော် ကျန်းယာဖေးကတော့ ရူးသွပ်သွားသည့်အလား အပြင်သို့ ပြေးထွက်သွားခဲ့သည်။ မထင်မှတ်ဘဲ လန်ယဲ့ဟန်က အလျင်အမြန် ပြေးလာကာ သူမကို တားလိုက်သည်။ နောက်တစ်ခဏအတွင်း သူ့လက်ကိုမြှောက်ပြီး ကျန်းယာဖေး၏ပါးကို ရိုက်ချလိုက်သည်။

ရိုက်ချက်ကြောင့် သူမ၏မျက်နှာက တစ်ဖက်သို့ စောင်းသွားသည်။ တဲထဲတွင် ချက်ချင်းတိတ်ဆိတ်သွားပြီး ဘယ်သူမှ စကားမပြောရဲကြတော့ပေ။

လန်ယဲ့ဟန်သည် ကျန်းယာဖေးကို စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

“စိတ်ပြန်ငြိမ်သွားပြီလား။”

“ငါ… ဒါပေမဲ့…”

သူမက လန်ယဲ့ဟန်ကို မော့ကြည့်ပြီးနောက် ရုတ်တရက် မြေကြီးပေါ်တွင် ထိုင်ချလိုက်ကာ အသံကုန်ငိုကြွေးတော့သည်။

လန်ယဲ့ဟန်သည် လူတွေကို နှစ်သိမ့်ပေးရသည့်အလုပ်နှင့် အသားမကျသူဖြစ်ကြောင်း သိသာနေသည်။ ယန်ဟွိုင်အန်းကသာ ရှေ့တိုးလာပြီး ကျန်းယာဖေးကို နူးညံ့စွာ ပွေ့ဖက်ပေးလိုက်သည်။

သူမ ဘယ်လောက်တောင် ဝမ်းနည်းနေရမလဲဆိုတာ အားလုံးသိကြသည်။ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး နောက်ဆုံးတွင် ဖခင်ကို ရှာတွေ့ခဲ့ရသော်လည်း ဖခင်ဖြစ်သူက သေဆုံးလုနီးပါး ဖြစ်နေသည်။ သူမသာမက အခြားသူတစ်ယောက်ဆိုလျှင်လည်း စိတ်ထိန်းနိုင်မည်မဟုတ်ပေ။ သို့သော် ယခုအချိန်သည် လုံးဝစိတ်ပျက်အားငယ်နေ၍ မဖြစ်သည့်အချိန်ပင်။

“သူတို့ကို သွားခေါ်လာပေးမယ်။”

လူသတ်သမားများကို ရှာဖွေရာတွင် လမ်းပြရန် ရှင်းဖုန်းက တာဝန်ပေးထားသည့် လူငယ်သည် သူ့ရင်ခွင်ထဲရှိ မိန်းကလေးကို ဖယ်လိုက်ပြီး ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာသည်။

ချူဟောင်လင်းသည် အစကတည်းက မကျေမနပ်ဖြစ်နေခဲ့ပြီး စိတ်ထွက်ပေါက်တစ်ခုလည်း လိုအပ်နေသည်။ သူက ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကို စူလိုက်ကာ ထိုလူငယ်အား ရှေ့ကနေ လမ်းပြရန် အမူအရာပြလိုက်သည်။ နောက်ထပ် ပြဿနာများ မဖြစ်လာစေရန် ယွီဝမ်ချင်း၊ ရှန်ရွေ့နှင့် လုဟိုင်ရွှမ်းတို့လည်း သူတို့နောက်မှ လိုက်သွားကြသည်။

“သူ့အခြေအနေ ဘယ်လိုလဲ။”

အခြေအနေက ထိန်းချုပ်နိုင်ပြီဟု ထင်ရသောအခါ ရှင်းဖုန်းသည် ယွင်ချဲ့ရှိရာသို့ လျှောက်လာပြီး သူ့ရှေ့တည့်တည့်တွင် ထိုင်ချလိုက်သည်။ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည့် ကျန်းထျန်းလုံကို သူငုံ့ကြည့်လိုက်သည်။

“ကယ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။”

ယွင်ချဲ့က ပြောပြီးနောက် မတ်တတ်ရပ်ကာ ကျန်းယာဖေးဆီသို့ လျှောက်သွားသည်။ သူသည် ကျန်းယာဖေးနှင့် ရှင်းဖုန်းတို့ကို ခေါ်ပြီး ထောင့်တစ်နေရာသို့ သွားလိုက်သည်။ ထို့အပြင် အခြားသူများ မကြားနိုင်စေရန် သူတို့သုံးဦးကို လေစွမ်းအင်အကာအကွယ်ဖြင့် ဝိုင်းကာထားလိုက်သည်။

“ငါ့အဖေက… ကုလို့မရတော့ဘူးလား။”

သူတို့၏မျက်နှာအမူအရာများကို ကြည့်ရုံဖြင့်ပင် ဖခင်ဖြစ်သူ အန္တရာယ်ကြီးကြီးမားမား ကြုံနေရကြောင်း ကျန်းယာဖေး သိလိုက်သည်။ ပါးတစ်ဖက် ဖူးရောင်နေသည့် သူမက အသံဝင်ဝင်ဖြင့် မေးလိုက်၏။ မျက်ရည်များကလည်း သူမ၏ဆန္ဒကို သိနေသည့်အလား ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာသည်။

“ပုံမှန်အခြေအနေအရဆိုရင်တော့ သူ သေတော့မယ်။ ဒါပေမဲ့ ငါ့မှာ ကယ်နိုင်မယ့်နည်းလမ်းတစ်ခု ရှိတယ်။ အောင်မြင်နိုင်ခြေကတော့ ၅၀ ရာခိုင်နှုန်းပဲ။ မအောင်မြင်ခဲ့ရင်တော့ အခုခံစားနေရတာထက် အဆပေါင်းများစွာ ပိုနာကျင်ရနိုင်တယ်။ ယာဖေး၊ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဒီနည်းလမ်းကို စမ်းကြည့်ချင်လားဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ်။”

အချိန်မရှိတော့သဖြင့် ယွင်ချဲ့က အချိန်ဆွဲမနေချင်ပေ။ သူသည် ကျန်းယာဖေးကိုသာ တည့်တည့်စိုက်ကြည့်နေသည်။

“စမ်းမယ်! စမ်းကြည့်ရင် အနည်းဆုံး မျှော်လင့်ချက်တစ်ခု ရှိသေးတယ်။ မစမ်းရင်တော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ ဘယ်လောက်ပဲ နာကျင်ရပါစေ သမီးခံနိုင်တယ်။”

ကျန်းယာဖေးသည် သွားကိုတင်းတင်းကြိတ်ကာ လက်သီးနှစ်ဖက်ကို ဆုပ်ထားလိုက်သည်။ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နေသော်လည်း သူမ၏အမူအရာက ပြတ်သားခိုင်မာနေသည်။ မျှော်လင့်ချက်အနည်းငယ်ပင် ကျန်ရှိနေသေးသရွေ့ သူမ အရှုံးမပေးနိုင်ပေ။

“ကောင်းပြီ။ ဒါဆို သေချာနားထောင်။ သာမန်လူတစ်ယောက် အထူးစွမ်းရည်ကို နိုးထလာတဲ့အခါ ဒါမှမဟုတ် အထူးစွမ်းရည်ရှင်တစ်ယောက်ရဲ့ စွမ်းရည်အဆင့် မြင့်တက်လာတဲ့အခါ သူ အရင်က ဘယ်လောက်ပဲ ဒဏ်ရာရထားပါစေ အသက်မသေသေးသရွေ့ ဒဏ်ရာတွေအားလုံး ချက်ချင်းပြန်ကောင်းသွားတတ်တာ မင်းသတိထားမိလား။ ငါတို့ ဦးလေးကျန်းကို ဇွန်ဘီဗိုင်းရပ်စ် ကူးစက်စေလိုက်မယ်။ သူ အဲဒီအဆင့်ကို ကျော်ဖြတ်ပြီး အထူးစွမ်းရည် နိုးထလာနိုင်ရင် ဆေးကုသမှုမလိုဘဲ ပြန်ကောင်းသွားလိမ့်မယ်။ မအောင်မြင်ဘူးဆိုရင်တော့ ဇွန်ဘီဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ကိုယ်တိုင် သူ့ကို သတ်ပစ်ရမယ်ထင်တယ်။”

ဒါဟာ အဆိုးဆုံးအခြေအနေကို ရှောင်လွှဲနိုင်ဖို့ ရှိသမျှထဲမှာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ယွင်ချဲ့က သူ့နေရာလွတ်ထဲက စမ်းရေသည် အထူးစွမ်းရည်နိုးထနိုင်ခြေကို မြှင့်တင်ပေးနိုင်ကြောင်း သူတို့ကို မပြောခဲ့ပေ။ ထို့အပြင် ဗိုင်းရပ်စ် မပြောင်းလဲခင်မှာသာ ထိုရေကို သောက်သုံးသင့်သည်။ မဟုတ်ပါက စမ်းရေသောက်သူသည် ယွင်ချန်ကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်။

သို့သော် ယွင်ချဲ့ကိုယ်တိုင်လည်း ထိုအချက်ကို အတည်မပြုနိုင်သေးပေ။ သူ မှားယွင်းနေခဲ့ပါက ကျန်းယာဖေးကို ပိုမိုစိတ်ပျက်စေမိလိမ့်မည်။

“ကျွန်မ…”

ကျန်းယာဖေးသည် ခြေလှမ်းယိုင်သွားသည်။ ကံကောင်းထောက်မစွာ ရှင်းဖုန်းက သူမ၏လက်မောင်းကို အမြန်ဆွဲထိန်းပေးလိုက်သည်။ မဟုတ်ပါက သူမ မြေကြီးပေါ်သို့ လဲကျသွားနိုင်သည်။

သူမသည် အပြင်ပန်းတွင် မည်မျှပင် ခိုင်မာနေပါစေ ဝမ်းနည်းမှုလှိုင်းတစ်ခု၏ ရိုက်ခတ်ခြင်းကို မခံနိုင်ခဲ့ပေ။ ခံနိုင်ရည်မရှိလောက်အောင် ပြင်းထန်သည့် ကြောက်ရွံ့မှုက သူမ၏နှလုံးသားကို ဝါးမြိုသွားခဲ့သည်။

“ဒီနည်းလမ်းက ရူးမိုက်တဲ့အကြံတစ်ခုလို ထင်ရပေမဲ့ စမ်းကြည့်ဖို့ တန်ပါတယ်။ မင်းပြောသလိုပဲ စမ်းကြည့်ရင် ၅၀ ရာခိုင်နှုန်း မျှော်လင့်ချက်ရှိသေးတယ်။ မစမ်းကြည့်ရင်တော့ လုံးဝအခွင့်အရေးမရှိတော့ဘူး။ အဆိုးဆုံးအခြေအနေမှာ သူ သေသွားနိုင်တယ်။ ငါတို့စိုးရိမ်တာက သူ ဇွန်ဘီဖြစ်သွားမှာကိုပဲ။ ဒါပေမဲ့ ဇွန်ဘီအဖြစ် လုံးဝမပြောင်းလဲခင်မှာ ငါတို့သူ့ကို သတ်နိုင်တယ်။ ယာဖေး၊ အချိန်မရှိတော့ဘူး။ မြန်မြန်ဆုံးဖြတ်ပါ။”

တခြားနည်းလမ်းတစ်ခုသာ ရှိနေခဲ့ရင် ဘယ်သူမှ ကျန်းယာဖေးကို ဒီလိုဆုံးဖြတ်ချက်မျိုး ချမှတ်ခိုင်းချင်မည်မဟုတ်ပေ။ သို့သော် သူမ၏ဖခင်သည် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည်။ အချိန်ကုန်သွားခဲ့လျှင် စမ်းသပ်ကြည့်ရန် အခွင့်အရေးပင် ရှိတော့မည်မဟုတ်ပေ။

သူတို့ပြောတာ မှန်ကြောင်း နားလည်သွားသည့် ကျန်းယာဖေးသည် နာကျင်စွာ မျက်လုံးမှိတ်လိုက်သည်။ မျက်ရည်များက ပါးပြင်ပေါ်သို့ ဆက်တိုက်စီးကျနေသည်။ အတော်ကြာမှသာ သူမက အသံဝင်ဝင်ဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“ကျေးဇူးပြုပြီး… လုပ်ပေးပါ။”

ဒီလိုဆုံးဖြတ်ချက်မျိုး ချဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာ ဘုရားသခင်သာ သိနိုင်ပေလိမ့်မည်။ သို့သော် ကျန်းယာဖေးမှာ မဖြစ်မနေ ဆုံးဖြတ်ရတော့မည်။ ဒါဟာ သူမအတွက် နောက်ဆုံးအခွင့်အရေးပင်။

ဖခင်ဖြစ်သူနှင့် အတူရှိခဲ့သည့် အမှတ်တရများက သူမ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပိုမိုထင်ရှားလာသော်လည်း ဆုံးဖြတ်ချက်ကတော့ ပိုမိုခိုင်မာလာခဲ့သည်။

ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိကြသည်။

ဒီလိုဆုံးဖြတ်ချက်မျိုး ချဖို့ တကယ်ခက်ခဲတာပဲ။

သူတို့ကိုယ်တိုင်တောင် ဒီလိုဆုံးဖြတ်ချက်မျိုး ချရမည်ဆိုလျှင် အလွန်ခက်ခဲနေဦးမည်ဖြစ်သည်။

“ဝမ်ချင်းကို ဇွန်ဘီဗိုင်းရပ်စ် သွားယူခိုင်းလိုက်မယ်။”

အချိန်က တစ်စက္ကန့်ချင်း ကုန်ဆုံးနေပြီဖြစ်သည်။ ကျန်းထျန်းလုံကို တဲအပြင်သို့ သယ်ထုတ်သွားရန်မှာ လက်တွေ့မကျသောကြောင့် သူလဲလျောင်းနေသည့်နေရာ၌ပင် ဇွန်ဘီဗိုင်းရပ်စ် ကူးစက်စေရန် လုပ်ဆောင်ရမည်။

“မလုပ်နဲ့။ အချိန်မရှိတော့ဘူး။ ဒီကိစ္စကို ငါပဲလုပ်မယ်။ တဲထဲကလူတွေကို အပြင်ထွက်ခိုင်းလိုက်။ ငါတို့ဘာလုပ်မယ်ဆိုတာ သူတို့ကို မသိစေနဲ့။ ဦးလေးကျန်းကို အရေးပေါ်ကုသမှုပေးမယ်လို့ပဲ ပြောလိုက်။”

ယွင်ချဲ့က ခေါင်းခါကာ ရှင်းဖုန်း၏အကြံကို ပယ်ချလိုက်သည်။ ဝမ်ချင်းက ဇွန်ဘီဗိုင်းရပ်စ်သွားယူပြီးနောက် တဲထဲသို့ အချိန်မီ ပြန်ဝင်လာနိုင်မည်လားဆိုတာ မသေချာပေ။ ကျန်းထျန်းလုံက သူပြန်မလာမချင်း အသက်ရှင်နေနိုင်မလားဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ပေ။

“အင်း။”

ယွင်ချဲ့က ဇွန်ဘီဗိုင်းရပ်စ်ကို ဘယ်လိုရယူမည်ဆိုတာကို ရှင်းဖုန်းက မမေးခဲ့ပေ။ သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ယွင်ချဲ့က လေစွမ်းအင်အကာအကွယ်ကို ဖယ်ရှားလိုက်သောအခါ ရှင်းဖုန်းနှင့် ကျန်းယာဖေးတို့သည် တဲထဲရှိလူများဆီသို့ လျှောက်သွားကြသည်။

ယွင်ချဲ့၏ညွှန်ကြားချက်အတိုင်း ရှင်းဖုန်းက ကျန်လူအားလုံးကို တဲအပြင်သို့ ထွက်ခိုင်းလိုက်သည်။ ကျန်းယာဖေးကလည်း မိခင်ဖြစ်သူကို ဖက်တွယ်ထားရင်း အပြင်သို့ လျှောက်ထွက်လာသည်။ သူမသည် ခြေလှမ်းတိုင်းတွင် နောက်လှည့်ကြည့်နေမိသည်။

တစ်ယောက်ယောက်က ချောင်းကြည့်မည်ကို စိုးရိမ်သောကြောင့် တဲအပြင်သို့ ရောက်သည့်အခါ သူတို့အားလုံးက တဲပတ်လည်တွင် ကိုယ့်သဘောနှင့်ကိုယ် ရပ်နေကြပြီး အခြားသူများ အနားသို့ မချဉ်းကပ်နိုင်အောင် တားဆီးထားလိုက်ကြသည်။

တစ်ဖက်တွင်တော့ ရှင်းဖုန်းနှင့် ကျန်းယာဖေးတို့ နောက်လှည့်သွားသည်နှင့် ယွင်ချဲ့က ထူထဲသော လေစွမ်းအင်အကာအကွယ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ဖုံးအုပ်လိုက်ပြီး တိတ်တဆိတ် နေရာလွတ်ထဲသို့ ဝင်သွားခဲ့သည်။

“ချန်၊ ကိုယ် မင်းဆီမလာတာ ရက်တော်တော်ကြာပြီနော်။ ဒီနေ့တော့ မင်းဆီက သွေးနည်းနည်း လာယူရဦးမယ်။ တောင်းပန်ပါတယ်၊ ဒီနေ့ မင်းနဲ့အတူ အချိန်ကြာကြာ မနေနိုင်တော့ဘူး။ အခြေစိုက်စခန်းကို ပြန်ရောက်ပြီး အိမ်ကို သန့်ရှင်းရေးလုပ်ပြီးတာနဲ့ မင်းကို အပြင်ခေါ်ထုတ်သွားမယ်။ အဲဒီအခါ အစ်မနဲ့ တူလေးကလည်း မင်းနဲ့အတူ လာနေပေးကြလိမ့်မယ်။ နောက်ပြီး ယဲ့ဟန်လည်း ရှိတယ်လေ… သူ မင်းကို အရမ်းလွမ်းနေတယ်။ မင်း သူ့ကို ချစ်မိမလားဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သူ့နှလုံးသားကိုတော့ မကြေကွဲစေနဲ့နော်။ သိပြီလား။”

ယွင်ချဲ့သည် ညီဖြစ်သူ၏ရှေ့တွင် ထိုင်ချလိုက်ပြီး ယွင်ချန်၏လက်ကို သူ့ပါးပြင်ပေါ်သို့ တင်ထားလိုက်သည်။

နေရာလွတ်ထဲက ထူးခြားသည့်ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သည်။ ယွင်ချန်၏ခန္ဓာကိုယ်က အနည်းငယ်ပြောင်းလဲလာသလိုပင်။ သူ့အသားအရေက အရင်အတိုင်း ဖြူဖျော့နေဆဲဖြစ်သော်လည်း အေးခဲတောင့်တင်းနေသည့်ပုံစံမျိုး မဟုတ်တော့ဘဲ တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။ ထိတွေ့ကြည့်လိုက်သောအခါ အေးစက်နေသည့် ဆီလီကာဂျယ်လ်ကို ကိုင်ထားရသလို ခံစားရသည်။

သို့သော် အနည်းဆုံးတော့ သူ့ပုံစံက သာမန်လူတစ်ယောက်နှင့် ဆင်တူနေဆဲဖြစ်သည်။ သူ၏ချွန်ထက်သော သွားစွယ်များကလည်း ဘယ်လိုဖြစ်သွားမှန်းမသိ နောက်ပြန်ကျုံ့ဝင်သွားခဲ့သည်။ ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ ဆန့်နိုင်ကျုံ့နိုင်သည့် ရော်ဘာကဲ့သို့ ဖြစ်နေသလိုပင်။

ယွင်ချဲ့ မြင်လိုက်ရသည့်အရာက သူ့ကိုယ်သူပင် အံ့အားသင့်သွားစေသည်။

ဘာပဲဖြစ်ဖြစ် ဒါဟာ ကောင်းသည့်လက္ခဏာတစ်ခုဖြစ်သည်။ တစ်နေ့နေ့တွင် ယွင်ချန် ပြန်ကောင်းလာပြီး အပြင်သို့ ထွက်နိုင်ခဲ့လျှင် သူ့မျက်လုံးနီနီများကို မျက်ကပ်မှန် သို့မဟုတ် နေကာမျက်မှန်ဖြင့် ဖုံးထားလိုက်ရုံဖြင့် သူသည် လူသားမဟုတ်ကြောင်း ဘယ်သူမှ သတိပြုမိနိုင်မည်မဟုတ်ပေ။

ဒါပေါ့၊ အဲဒါက ယွင်ချဲ့၏ လှပသည့်အိပ်မက်တစ်ခုသာ ဖြစ်နေသေးသည်။ အနာဂတ်တွင် ဘာတွေဖြစ်လာမည်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပေ။ သူလုပ်နိုင်သည့်အရာမှာ မိမိအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားသွားဖို့ပင်။

“ဟင်… ချန်?”

ယွင်ချဲ့သည် အတွေးထဲ နစ်မြုပ်နေစဉ် သူ့ရှေ့တွင် ဖန်လုံးတစ်လုံးအရွယ်ရှိသည့် အနီရောင်ဇွန်ဘီအမြုတေတစ်ခု ပေါ်လာသည်။

ဘာဖြစ်နေမှန်း နားမလည်သည့် ယွင်ချဲ့သည် မျက်လုံးပြူးကာ မော့ကြည့်လိုက်သည်။ ယွင်ချန်က ဇွန်ဘီအမြုတေကို သူ့ထံ လှမ်းပေးနေခြင်းဖြစ်သည်။

ယွင်ချန်သည် အချိန်တိုင်း ဇွန်ဘီအမြုတေများကို စက်ရုပ်တစ်ရုပ်ကဲ့သို့ ပါးစပ်ထဲ ထည့်ဝါးနေခဲ့ပြီး ယွင်ချဲ့ ဘာပြောပြော၊ ဘာလုပ်ပြလုပ်ပြန် မည်သည့်တုံ့ပြန်မှုမှ မပေးခဲ့ပေ။ ယခုတော့ ပထမဆုံးအကြိမ်အဖြစ် ဇွန်ဘီအမြုတေတစ်ခုကို ယွင်ချဲ့အား လှမ်းပေးလာခဲ့သည်။

ငါ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတာလား။ ယွင်ချဲ့ တွေးလိုက်မိသည်။

“ချန်၊ ကိုယ်ပြောတာ မင်းကြားနေရတယ်မဟုတ်လား။ မင်း ပြန်ကောင်းလာနေပြီလား၊ ချန်။”

ထိုအတွေးပေါ်လာသည်နှင့် ယွင်ချဲ့က ရုတ်တရက် မတ်တတ်ထရပ်ပြီး ယွင်ချန်၏လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။

ယွင်ချန်သည် သူ့ဝမ်းနည်းမှုကို ခံစားမိပြီး ဇွန်ဘီအမြုတေတစ်ခု ပေးကာ နှစ်သိမ့်ပေးနေသည်ဟု သူ ယူဆနိုင်မလား။

သူထင်တာ မှန်တယ်မဟုတ်လား။

ယွင်ချဲ့နှင့် ယွင်ချန်တို့သည် အမြွှာညီအစ်ကိုများဖြစ်ကြပြီး ငယ်စဉ်ကတည်းက အလွန်ရင်းနှီးခဲ့ကြသည်။ ယွင်ချဲ့သည် အထက်တန်းကျောင်းတွင် အတန်းကျော်တက်နိုင်လောက်အောင် ထူးချွန်သူဖြစ်သော်လည်း ညီဖြစ်သူနှင့်အတူ နေချင်သောကြောင့် ယွင်ချန်က အထက်တန်းကျောင်းတွင် သုံးနှစ်ပြည့်အောင် နေခဲ့သည်။

ယွင်ချန်သည် တစ်ခါတလေ စကားပြောကြမ်းတမ်းပြီး နှုတ်သီးကောင်းသူဖြစ်သော်လည်း သူ့အစ်ကိုအပေါ်ထားသည့် နူးညံ့ကြင်နာမှုကိုတော့ ယွင်ချဲ့ အမြဲနားလည်ခဲ့သည်။

ဇွန်ဘီဖြစ်သွားတာတောင် သူက နူးညံ့ကြင်နာနေတုန်းပဲ။ ငါထင်တာ မှန်တယ်မဟုတ်လား။ ငါ မျှော်လင့်လို့ရသေးတယ်မဟုတ်လား။

ကံမကောင်းစွာပဲ ယွင်ချဲ့၏မျှော်လင့်ချက်က အရာမထင်ခဲ့ပေ။ သူ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ ယွင်ချန်ကတော့ နောက်ထပ်တုံ့ပြန်မှုတစ်ခုမျှ မပြခဲ့ပေ။

ယွင်ချဲ့နှင့် မျက်နှာချင်းဆင်တူသည့် သူ့မျက်နှာပေါ်တွင် ဘာခံစားချက်မှ မရှိသည့် အမူအရာနှင့် ချစ်စရာကောင်းသည့် ပုံစံလေးသာ ရှိနေသည်။ သူ့အနီရောင်မျက်လုံးများကလည်း ခံစားချက်ကင်းမဲ့နေဆဲဖြစ်သည်။

ဖြစ်နိုင်သည်မှာ ယွင်ချန်၏အခြေအနေ အနည်းငယ်တိုးတက်လာခဲ့ခြင်းဖြစ်နိုင်သော်လည်း မျှော်လင့်ထားသလောက်တော့ မဟုတ်သေးပေ။ သူ ပြန်လည်ကောင်းမွန်လာခြင်းလည်း မရှိသေးပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment