no

Font
Theme

ကိုယ့်ဒုက္ခကိုယ်ရှာခဲ့တာပဲ၊ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။

“အခု သူက အေးအေးဆေးဆေး နေနေတာပဲရှိသေးတာပါ သခင်။ ဇွန်ဘီအမြုတေ မကျွေးတော့တာနဲ့ ချက်ချင်း ရက်စက်ကြမ်းကြုတ်လာတော့မှာ။”

စကားပြောနေရင်း ရုတ်တရက် စကားဖြတ်ခံလိုက်ရသဖြင့် ဟေးယွီက မကျေမနပ်ပြောနေတာကို ရပ်လိုက်ရသည်။ ယွင်ချဲ့က စိတ်မရှည်စွာ မေးလိုက်သည်။

“ဒါဆို မင်းက ဘာလို့ သူ့ကို ဇွန်ဘီအမြုတေ မကျွေးတာလဲ။”

ကိုယ့်ဒုက္ခကိုယ်ရှာခဲ့တာပဲ၊ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။

“ကျွန်တော်က သူ့ကို ဇွန်ဘီအမြုတေ မစားရရင် ဘယ်လိုဖြစ်မလဲဆိုတာ သိချင်လို့ပါ…”

ဟေးယွီက မျက်နှာလွှဲပြီး ဆင်ခြေပေးလိုက်သည်။

“ချန်က ရုတ်တရက် အဆင့်တက်လာတာဟာ စမ်းရေကြောင့် ဖြစ်လာတဲ့ အရှိန်မြှင့်ပြောင်းလဲမှုရဲ့ ရလဒ်ပဲ။ ဒီအဆင့်တက်မှုက အပေါ်ယံသဘောပဲရှိသေးတယ်။ သူ့ခန္ဓာကိုယ်အတွင်းပိုင်းက အဲဒီအပြောင်းအလဲကို လိုက်မမီနိုင်သေးဘူး။ ဒါကြောင့် အတွင်းပိုင်းနဲ့ အပြင်ပိုင်းက ဆင့်ကဲပြောင်းလဲမှုတွေကို ဟန်ချက်ညီအောင်လုပ်ဖို့ စွမ်းအင်အမြောက်အမြားကို တစ်ခါတည်း ဖြည့်တင်းပေးရမယ်။ ဒီနေရာမှာ မင်းတစ်ယောက်ပဲ အသက်ရှင်နေတဲ့ သတ္တဝါရှိတာဆိုတော့ ဇွန်ဘီအမြုတေ မစားရတဲ့အခါ မင်းနောက်ကို လိုက်ရတော့တာပေါ့။”

အဲဒီလိုပြောပြီးနောက် ယွင်ချဲ့က ဟေးယွီကို ဆက်အာရုံမစိုက်တော့ဘဲ ယွင်ချန်ရှိရာကို လျှောက်သွားသည်။ ချန်ရှေ့တွင် ထိုင်ချလိုက်ပြီး ချန်၏နဖူးပေါ် ပြုတ်ကျနေသော ဆံပင်စအနည်းငယ်ကို လက်ဖြင့် သပ်တင်ပေးလိုက်သည်။ သူ့လက်ချောင်းများက အေးစက်နေသော အထိအတွေ့ကို ခံစားလိုက်ရချိန်တွင် ချန်ဟာ အခုဆို ဇွန်ဘီတစ်ကောင် ဖြစ်နေပြီဆိုတာကို ထပ်သတိရသွားသည်။ သူ့ပုံစံက အသက်ရှင်နေတဲ့ လူတစ်ယောက်နဲ့ တူနေသေးပေမဲ့ အသက်ရှူသံမရှိတော့သလို နှလုံးခုန်သံလည်း မရှိတော့ဘဲ ခန္ဓာကိုယ်အပူချိန်လည်း မရှိတော့ပေ။

အခုတော့ နာကျင်မှုကို မခံစားရတော့ပါ။ သူ့နှလုံးသားဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့လို့ နောက်ထပ် နာကျင်ဖို့တောင် မကျန်တော့တာဖြစ်သည်။ ချန်ဟာ ဉာဏ်ကောင်းပြီး အရည်အချင်းလည်း ရှိတဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခုတော့…

“မင်းသိလား။ ငါတို့ညီအစ်မနဲ့ ငါ့အပြင် မင်းကို အရမ်းလွမ်းနေတဲ့ နောက်တစ်ယောက်လည်း ရှိသေးတယ်။ သူက ငါတို့လိုပဲ မင်းကို ချစ်တယ်ဆိုတာ ငါခံစားလို့ရတယ်။ သူ့နာမည်က လန်ယဲ့ဟန်တဲ့။ နာမည်က မိုက်တယ်မဟုတ်လား။ သူက သူ့နာမည်လိုပဲ အပြင်ပန်းမှာ အေးစက်ပေမဲ့ ရင်ထဲမှာတော့ ခံစားချက်တွေ ပြင်းထန်တဲ့သူမျိုးပဲ။ သူလိုလူမျိုးက တစ်ယောက်ယောက်ကို မချစ်ရင် ဘယ်သူ့ကိုမှ မချစ်ဘူး။ ချစ်မိပြီဆိုရင်လည်း တစ်သက်လုံး ချစ်သွားမယ့်သူမျိုးပဲ။ ဒါကြောင့် မင်းက သူ့အပေါ် တာဝန်ယူရမယ်။ ငါတို့အစ်မက ငါတို့ကို စည်းကမ်းတင်းကျပ်တယ်။ မင်းက သူများရဲ့နှလုံးသားကို ကြေကွဲအောင်လုပ်လိုက်ရင် မင်းကို စိတ်ဆိုးနေမှာ သေချာတယ်။ ဒါကြောင့် မင်း လန်ယဲ့ဟန်ကို မကြိုက်ဘူးဆိုရင်တောင် သူ့ကိုယ်တိုင် ငြင်းပယ်ရမယ်။ ချန်ရေ… မြန်မြန်ပြန်ကောင်းလာပြီး လန်ယဲ့ဟန်ရဲ့ အချစ်ကို ပြန်တုံ့ပြန်ပေးပါဦး။”

ယွင်ချဲ့က ချန်၏လက်ကို ကိုင်ထားရင်း တိုးတိုးလေး ပြောလိုက်သည်။

ချန်၏လက်သည်းများ ရှည်လျားပြီး ချွန်ထက်နေသည်ကို မြင်သောအခါ ယွင်ချဲ့က ဘယ်ကနေ ထုတ်ယူလိုက်မှန်းမသိသော လက်သည်းညှပ်တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် စိတ်ရှည်လက်ရှည် လက်သည်းများကို ညှပ်ပေးပြီး အဖြူရောင် အားကစားဝတ်စုံအသစ်တစ်စုံကို ထုတ်ကာ ချန်ကို ဝတ်ဆင်ပေးလိုက်သည်။

အစအဆုံး ချန်ကတော့ မျက်လုံးများ အရောင်မဲ့နေသလို ထိုင်နေခဲ့ပြီး ယွင်ချဲ့ကို မိမိစိတ်ကြိုက် ပြုလုပ်ခွင့်ပေးထားသည်။ တစ်ချိန်တည်းမှာပင် သူက ဇွန်ဘီအမြုတေများကိုလည်း မရပ်မနား ဝါးမျိုနေခဲ့သည်။

“အခုမှ ကြည့်ကောင်းသွားပြီ။ အရင်ကလိုပဲ ချောမောနေတုန်းပဲ။ ဇွန်ဘီဖြစ်ရမယ်ဆိုရင်တောင် အဆင့်အတန်းရှိတဲ့ ဇွန်ဘီမျိုးပဲ ဖြစ်ရမယ်။”

ယွင်ချဲ့က လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ထားပြီး နောက်သို့ အနည်းငယ်ဆုတ်ကာ ချန်ကို ခေါင်းအစ ခြေအဆုံး ကြည့်ရင်း ကျေနပ်အားရစွာ ပြောလိုက်သည်။ အနက်ရောင်အစင်းအချို့ ပါဝင်သော အဖြူရောင် အားကစားဝတ်စုံက ချန်၏ ဖြူဖွေးသော အသားအရေကို ပိုမိုပေါ်လွင်စေသည်။ ဉာဏ်ရည်ထက်မြက်မှုကို ဖော်ပြနေသော တောက်ပသည့်မျက်လုံးများ၊ ကျက်သရေရှိမှုကို ပိုမိုပေါ်လွင်စေသော နီရဲသည့်နှုတ်ခမ်းများနဲ့ဆို ချန်ကိုယ်တိုင်က အလှတရား၏ ပြယုဂ်တစ်ခုလိုပင်။ အစွယ်တွေကို လျစ်လျူရှုထားနိုင်မယ်ဆိုရင်တော့ သူဟာ တကယ်ကို ချောမောလှပနေသည်။

“သခင်ကတော့ ကြွားလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေတာပဲ။”

ဟေးယွီက ယွင်ချဲ့၏ ကြွားဝါမှုကို တည့်တည့်ကြီး ဖော်ထုတ်လိုက်သည်။ ယွင်ချဲ့နဲ့ ယွင်ချန်တို့က ရုပ်ချင်းတစ်ပုံစံတည်း တူကြတာ လူတိုင်းသိတဲ့အချက်ပဲလေ။

“ကြည့်ရတာ မင်းက ဒီနေရာလွတ်ထဲက ထွက်မသွားချင်တော့ဘူး ထင်တယ်။”

ယွင်ချဲ့က ဘေးသို့လှည့်ပြီး ဟေးယွီကို ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဟေးယွီက ချက်ချင်း ပြုံးဖြီးဖြီးလုပ်ကာ သနားစရာကောင်းသည့် မျက်လုံးများဖြင့် ယွင်ချဲ့၏ ရင်ခွင်ထဲ ခုန်ဝင်လာသည်။

“သခင်၊ ကျွန်တော်မှားသွားပါပြီ။ သခင်က ကြွားတယ်လို့ ပြောရဲတဲ့သူ ဘယ်သူမဆို ကျွန်တော် ကိုယ်တိုင် သွားသတ်ပေးပါ့မယ်။ ကျွန်တော့်ရဲ့ အချစ်ဆုံးသခင်လေးရေ၊ ယုံပေးပါ။ သခင်က ကမ္ဘာပေါ်မှာ အချောဆုံးလူပဲ။ ရှေးခေတ်ကို ပြန်သွားရင်တောင် ပန်အန်းလို ချောမောတဲ့သူတောင် သခင့်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အောက်ကျသွားသလို ခံစားရမှာပါ။”

ဒါဆို ဘယ်သူက ကြွားနေတာလဲ။

ယွင်ချဲ့၏ ပါးစပ်ထောင့်က တွန့်သွားသည်။ ဒါပေမဲ့ ဟေးယွီကတော့ ချီးကျူးနေတုန်းပင်။ ကြည့်ရတာ သူ့ပါးစပ်က ကမ္ဘာကုန်တဲ့အထိ ကြွားဝါနေလို့ ရမယ့်ပုံပဲ။

“တော်ပြီ… မင်းကို အပြင်ခေါ်ထုတ်ပေးမယ်။ စကားရပ်တော့။”

ယွင်ချဲ့ အရှုံးပေးလိုက်ရသည်။

“ဟူး… နောက်တစ်ခါကျရင် ဒီလောက်မကြာစေနဲ့။ မြန်မြန်သဘောတူလိုက်ရင် ကျွန်တော်လည်း စကားအများကြီး ပြောစရာမလိုတော့ဘူးပေါ့။”

ယွင်ချဲ့က ဟေးယွီ၏ မျက်နှာကို ပါးရိုက်ပစ်ချင်စိတ်ပင် ပေါက်လာသည်။ ဟေးယွီက ဒီလောက်တောင် မျက်နှာပြောင်တိုက်တတ်လိမ့်မယ်လို့ သူ တစ်ခါမှ မထင်ခဲ့မိပေ။

“နေရာလွတ်က အရင်ထက် အများကြီး ပိုကျယ်လာသလိုပဲ။ တောင်တစ်တောင်လုံးကို မြင်ရပြီ။ နောက်ထပ် ချောင်းတစ်ချောင်းလည်း ပေါ်လာတယ်။ ဒါ ချောင်းပဲလား။”

အချင်းချင်း စကားနိုင်လုနေတာကို ငြီးငွေ့သွားသော ယွင်ချဲ့က လှည့်ကြည့်လိုက်ရာ နေရာလွတ်ထဲတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ အစက ဘောလုံးကွင်းနှစ်ကွင်းစာလောက်သာ ကျယ်ဝန်းခဲ့သည်။ နောက်ပိုင်း သူ ပစ္စည်းတွေ အများကြီး ထည့်သိမ်းလိုက်တဲ့အတွက် နှစ်ဆလောက် ကျယ်လာခဲ့ပြီး အခုတော့ အရင်ကထက် အဆပေါင်းများစွာ ပိုကျယ်လာပြီဖြစ်သည်။ တောင်ထိပ်များကို ဖုံးလွှမ်းနေခဲ့သော မြူခိုးများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တောင်တစ်တောင်လုံးကို အပြည့်အဝ မြင်တွေ့လာရသည်။ တောင်၏ အခြားတစ်ဖက်တွင် ရေစီးသံ တသွင်သွင်မြည်နေသော ချောင်းတစ်ချောင်း ရှိနေသည်။

မဟုတ်သေးဘူး။ အဲဒါကို ချောင်းလို့ ခေါ်ရင်တောင် အဓိပ္ပာယ်သိပ်မပြည့်စုံတော့ပေ။ မြစ်လို့ ခေါ်တာက ပိုသင့်တော်လိမ့်မည်။ ယွင်ချဲ့က အနားသို့ သွားကြည့်လိုက်ရာ မြစ်ရေက ကြည်လင်သန့်ရှင်းနေပြီး ငါးအုပ်ကြီးများလည်း ရေထဲတွင် ကူးခတ်နေကြသည်ကို တွေ့လိုက်ရသည်။ ဒီနေရာလွတ်က ရှေးကတည်းက တည်ရှိနေခဲ့ပြီး ဘယ်သူမှ အသုံးချခဲ့ဖူးခြင်း မရှိပေ။ ဒါကြောင့် မြစ်ထဲက ငါးတွေကလည်း ဝဖြိုးနေကြသည်။

“သခင်က ဒီထဲမှာ လူတစ်ယောက်တောင် ထည့်ထားပြီးပြီလေ။ ဒီနေရာလွတ်က အရင်အတိုင်း မပြောင်းလဲဘဲ နေနိုင်ပါ့မလား။”

အကြိမ်ကြိမ် ခြိမ်းခြောက်ခံထားရပေမဲ့ ဟေးယွီကတော့ သရော်စကား ပြောချင်စိတ်ကို မထိန်းနိုင်ပြန်ပေ။

ဟင်းသီးဟင်းရွက်တွေကလွဲရင် ယွင်ချဲ့ဟာ လတ်ဆတ်တဲ့ အစားအစာကို မစားရတာ ကြာလှပြီဖြစ်သည်။ သူ့မျက်လုံးထဲမှာတော့ အဲဒီငါးတွေက အရသာရှိတဲ့ ဟင်းလျာတွေ ဖြစ်နေကြပြီ။ ဒါကြောင့် သူက အတော်လေး ကျေနပ်နေပြီး ဟေးယွီနဲ့ စကားဆက်မများတော့ဘဲ အဝေးက မြင့်မားသော တောင်တန်းများကို ကြည့်လိုက်သည်။

“မြစ်ထဲမှာ ငါးတွေရှိတယ်ဆိုရင် တောင်ပေါ်မှာ အမဲလိုက်စရာ တိရစ္ဆာန်တွေလည်း ရှိနိုင်မလား။”

အဲဒီလိုသာ ရှိနေမယ်ဆိုရင် နောင်အနာဂတ်မှာ အသားစားဖို့အတွက် စိတ်ပူစရာ မလိုတော့ဘူး။ သူ့တူလေး ဝဝဖောင်းဖောင်းကလေးက အသားကို အသည်းအသန် ကြိုက်နှစ်သက်တဲ့သူ ဖြစ်နေလို့ ယွင်ချဲ့အနေနဲ့ အသားရှာဖို့ မဖြစ်မနေ လိုအပ်နေသည်။

“မမိုက်မဲပါနဲ့။ ဒီမှာ အမဲလိုက်စရာ တိရစ္ဆာန်တွေ မရှိရင် ကျွန်တော်က ဘာစားပြီး အသက်ရှင်နေရမှာလဲ။”

သူ့သခင်ရဲ့ ဉာဏ်ရည်က နည်းနည်းတော့ စိတ်ပူစရာကောင်းနေပြီ ထင်တယ်။

“နတ်သားရဲတွေကလည်း အစားစားရသေးတာလား။”

ယွင်ချဲ့ အံ့ဩသွားသည်။ ဝတ္ထုတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ဖော်ပြထားသလို နတ်သားရဲတွေက စွမ်းအင်ဓာတ်ကို စုပ်ယူရုံနဲ့ လုံလောက်တယ်လို့ သူ ထင်ထားခဲ့တာ။ ဒါဆို သူ့ရဲ့ ဟေးယွီက နတ်သားရဲအတုများ ဖြစ်နေမလား။

“ဘာလို့ ကျွန်တော့်ကို သံသယဝင်တဲ့အကြည့်နဲ့ ကြည့်နေတာလဲ။ ကျွန်တော်က နတ်သားရဲအစစ်ပါ။”

ဟေးယွီက ဒေါသတကြီး ပြန်လည်ရှင်းပြလိုက်သည်။

“ငါ့အမှားပါ။ အစောကတည်းက သတိထားမိသင့်တာ။ မင်းက အစားအရမ်းမက်လွန်းလို့ စွမ်းအင်ဘားတစ်တောင့်ရဖို့ နည်းလမ်းမျိုးစုံနဲ့ တောင်းဆိုခဲ့တာကိုတောင် ငါ မေ့သွားတယ်။”

ယွင်ချဲ့က အမှားဝန်ခံသလို ပြောနေပေမဲ့ တကယ်တော့ ဟေးယွီကို ထိုးနှက်သရော်နေတာသာ ဖြစ်သည်။ ဟေးယွီက ယွင်ချဲ့ကို တိုက်ခိုက်တော့မလို ဟန်ပြင်လိုက်သည်။ ယွင်ချဲ့က သူ့ကို လက်ဖြင့် လွှဲထုတ်လိုက်ပြီး ပြောသည်။

“ငါ့နား လာမရှုပ်နဲ့တော့။ မနက်ဖြန်ဆို ငါတို့ အနောက်တောင်အခြေစိုက်စခန်းကို ရောက်တော့မယ်။ ကျိုးဇယ်ယွီနဲ့ သူ့အဖော်တွေက သံသယဖြစ်စရာအချက်တွေ အများကြီးရှိနေတာတောင် နှုတ်ပိတ်နေနိုင်ပေမဲ့ တခြားသူတွေကတော့ ဒီအတိုင်း မနေကြဘူး။ အပြင်ထွက်လိုက်တော့။ မင်းကို အနောက်တောင်အခြေစိုက်စခန်းဆီ ခေါ်သွားမယ်။”

သူ နေရာလွတ်ထဲ ဝင်လာခဲ့ရတဲ့ အကြောင်းရင်းက ဟေးယွီကို အပြင်ခေါ်ထုတ်ဖို့ ဖြစ်သည်။ ဒါ့အပြင် သူ့ညီလေးရဲ့ အခြေအနေကိုလည်း လာကြည့်ချင်ခဲ့သေးသည်။ နေရာလွတ်ထဲက ပြောင်းလဲမှုတွေကတော့ သူ မမျှော်လင့်ထားခဲ့တဲ့ အရာတွေ ဖြစ်သည်။

“အိုး…”

ဒီတစ်ခါတော့ ဟေးယွီက ထူးထူးခြားခြား စကားသိပ်မပြောတော့ပေ။ ဒါက ယွင်ချဲ့ကိုတောင် အံ့ဩသွားစေသည်။ ထို့နောက် ယွင်ချဲ့က ယွင်ချန်ဘက်သို့ လှည့်လိုက်သည်။

“ချန်ရေ၊ ငါတို့ အပြင်ထွက်တော့မယ်။ ဒီဇွန်ဘီအမြုတေတွေနဲ့ မင်း စားဖို့ လုံလောက်တယ်။ အနောက်တောင်အခြေစိုက်စခန်းမှာ ကိစ္စအားလုံးကို စီစဉ်ပြီးသွားရင် မင်းကို နေရာလွတ်အပြင် ခေါ်ထုတ်ပေးမယ်။”

ယွင်ချဲ့က ချန်ဆီကနေ ပြန်လည်တုံ့ပြန်မှုတစ်ခုခုကို မမျှော်လင့်ထားခဲ့ပေ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ချန်က သူ့ကို အကြည့်အလွတ်များဖြင့် လှမ်းကြည့်လာသည်။ အဲဒီအခိုက်အတန့်မှာ ယွင်ချဲ့ရဲ့ ရင်ထဲ နွေးထွေးသွားသည်။ အနည်းဆုံးတော့ သူ့အသံကို တုံ့ပြန်နိုင်သေးတယ်။ ဆိုလိုတာက ချန်ဟာ ပြန်ကောင်းလာနိုင်သေးတယ်။

ဟေးယွီက သူ့ကိုယ်သူ ပုံမှန်အရွယ်အစားရှိ တိဘက်တောင်ခွေးကြီးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ အပြင်ဘက်တွင် ဘယ်သူမှ မရှိကြောင်း သေချာစစ်ဆေးပြီးနောက် သခင်နဲ့ သားရဲတို့က နေရာလွတ်ထဲမှ ထွက်လာခဲ့ကြသည်။

“ဟင်… ဘာလို့ ဒီလောက်နံနေတာလဲ။”

နေရာလွတ်ထဲမှ ထွက်လာသည်နှင့် ဟေးယွီက ညည်းညူလိုက်သည်။

ယွင်ချဲ့က ပြန်ပြောလိုက်သည်။

“ဘာမှ မနံပါဘူး။ မင်းနှာခေါင်းက ဘာဖြစ်…”

သူတို့က ဓာတ်ဆီဆိုင်တစ်ဆိုင်ထဲမှာ ရှိနေကြတာဖြစ်သည်။ ဓာတ်ဆီနံ့ကလွဲပြီး တခြားအနံ့ ဘာမှမရှိဘူးလေ။ ဒါဆို ဘယ်လိုဖြစ်လို့…

ယွင်ချဲ့က စကားပြောနေတာကို ရုတ်တရက် ရပ်လိုက်ပြီး မျက်နှာက တင်းမာသွားသည်။

တစ်ခုခုတော့ မှားနေပြီ။

ကမ္ဘာပျက်ကပ်ကာလမှာ ဇွန်ဘီတွေက နေရာတိုင်းမှာ ပြည့်နှက်နေကြသည်။ ဒီနေရာမှာ ဇွန်ဘီတစ်ကောင်မှ မရှိတာက သူတို့ကို သတ်ပစ်ထားလို့ပဲ ဖြစ်ရမည်။ ဒါဆို သူတို့ရဲ့ အလောင်းတွေက ဘယ်ရောက်သွားတာလဲ။ ပုပ်ပွနေတဲ့ အလောင်းနံ့တွေကရော ဘာလို့ မရှိတာလဲ။

သားရဲတွေရဲ့ အနံ့ခံအာရုံက လူသားတွေထက် အများကြီး ပိုကောင်းသည်။ ဒါကြောင့် ဟေးယွီက ယွင်ချဲ့ သတိမထားမိခဲ့တဲ့ အနံ့ဆိုးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်သည်။ ယွင်ချဲ့၏ မျက်နှာက ချက်ချင်း တည်တင်းသွားပြီး ဓာတ်ဆီဆိုင်တစ်ဝိုက်တွင် တင်းမာသော လေထုတစ်ခု ပျံ့နှံ့သွားသည်။

သခင်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိသော ဟေးယွီက ကိုယ်ကို လှုပ်ခါလိုက်ပြီး ပိုမိုကြီးမားသော အရွယ်အစားသို့ ပြောင်းလဲလိုက်သည်။ ယွင်ချဲ့က သူ့ကျောပေါ် တက်စီးကာ ညအမှောင်ထဲတွင် ဓာတ်ဆီဆိုင်၏ နောက်ဘက်သို့ ဦးတည်သွားလိုက်သည်။

“ဟင်…”

ဓာတ်ဆီဆိုင်မှ မီတာတစ်ရာခန့် အကွာသို့ ရောက်သောအခါ အချင်းလေးမီတာ၊ ငါးမီတာခန့်ရှိသော တွင်းကြီးတစ်တွင်းကို တွေ့လိုက်ရသည်။ တွင်းထဲမှ ဇွန်ဘီများက အဆက်မပြတ် ဟိန်းဟောက်နေကြသည်။ ယွင်ချဲ့နဲ့ ဟေးယွီတို့ တွင်းနှုတ်ခမ်းဝသို့ ဆင်းသက်လိုက်သည့်အချိန်မှာပဲ လျှပ်စီးတစ်ချက်က ကောင်းကင်ကို လင်းထိန်သွားစေသည်။

“ဟူး… ဟူး…”

လျှပ်စီးအလင်းရောင်အောက်တွင် တွင်းထဲက ဇွန်ဘီများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တွင်းကြီးတစ်တွင်းလုံးတွင် မပြည့်မစုံဖြစ်နေသော အလောင်းများ၊ မျိုးဗီဇပြောင်းလဲထားသော ဇွန်ဘီများနှင့် သူတို့၏ ကိုယ်တွင်းအင်္ဂါများ ပြည့်နှက်နေသည်။ ပုပ်ပွနေသော အလောင်းနံ့နဲ့ သွေးနံ့တို့က အလွန်ပင် ရွံရှာစရာကောင်းလှသည်။ ဇွန်ဘီတချို့မှာ လက်တွေမရှိတော့သလို တချို့မှာ ခြေထောက်တွေ မရှိတော့ပေ။ တချို့ဆို ခန္ဓာကိုယ်တစ်ဝက်တောင် ပျောက်ဆုံးနေကြသည်။ ဒါပေမဲ့ အသက်ရှင်လိုသည့် ပင်ကိုယ်စိတ်ကြောင့် သူတို့က ရုန်းကန်လှုပ်ရှားနေဆဲဖြစ်ပြီး အကူအညီတောင်းသလို လက်များကို ဆန့်တန်းနေကြသည်။

“သောက်ကျိုးနည်း!”

ဇွန်ဘီတွေကို တမင်တကာ ဒီတွင်းထဲ ပစ်ချထားခဲ့တာဆိုတာ သိသာလွန်းလှသည်။ ကမ္ဘာပျက်ကပ်ကာလအတွင်း ရက်စက်ကြမ်းကြုတ်မှုများစွာကို မြင်တွေ့ခဲ့ရလို့ စိတ်နှလုံးမာကျောလာခဲ့သော ယွင်ချဲ့တောင် ဒေါသကြောင့် သွားကြိတ်မိသွားသည်။ ဒီလိုလုပ်ခဲ့သူတွေက ဓာတ်ဆီဆိုင်ထဲမှာ ရှိနေတဲ့လူတွေဆိုတာ သံသယဖြစ်စရာမရှိပေ။

“သခင်…”

ဟေးယွီက စိုးရိမ်တကြီးဖြင့် ယွင်ချဲ့ကို ကြည့်လိုက်သည်။ ယွင်ချဲ့က ဘာမှမပြောပေ။ နေရာလွတ်ထဲမှ ဓာတ်ဆီပုံးနှစ်ပုံးကို ထုတ်ယူပြီး တွင်းထဲသို့ လောင်းချလိုက်သည်။ ထို့နောက် မီးညှိထားသော မီးခြစ်တစ်ခုကို ပစ်ချလိုက်သည်။

ရုတ်တရက် မီးတောက်ကြီးတစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ဇွန်ဘီများ၏ ဟိန်းဟောက်သံများကလည်း ဆက်လက်ထွက်ပေါ်နေသည်။ ယွင်ချဲ့ကတော့ ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သူတို့အတွက် သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာက သူတို့၏ အသက်တွေကို အဆုံးသတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

“သခင်က ကိုယ်ချစ်တဲ့သူတွေအတွက်ပဲ ဂရုစိုက်တတ်မယ်လို့ ထင်ထားတာ။”

ဟေးယွီက တိဘက်တောင်ခွေးကြီး၏ ပုံမှန်အရွယ်အစားသို့ ပြန်ပြောင်းလိုက်ပြီး ယွင်ချဲ့နောက်သို့ လိုက်လာသည်။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ယွင်ချဲ့က နှုတ်ခမ်းကြားတွင် စီးကရက်တစ်လိပ် ခဲထားရင်း ဆက်လျှောက်သွားသည်။

“ငါနဲ့ မသက်ဆိုင်တဲ့သူတွေအတွက် သိပ်ပြီး ဂရုမစိုက်တတ်ပါဘူး။ ဒါပေမဲ့ ငါက လူသားတစ်ယောက် ဖြစ်နေတုန်းပဲလေ။”

ကမ္ဘာပျက်ကပ်ကာလမှာ အသက်ရှင်နိုင်ဖို့ သူဟာ စိတ်နှလုံးမာကျောဖို့ လိုအပ်ခဲ့သည်။ ဒါပေမဲ့ သူဟာ လူသားတစ်ယောက် ဖြစ်နေဆဲဆိုတာကိုတော့ ဘယ်တော့မှ မမေ့ခဲ့ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment