no

Font
Theme

### ကျိုးဇယ်ယွီ

“အင်း…”

ကမ္ဘာပျက်ကပ်ဖြစ်ပြီး လေးနှစ်ကြာအောင် အသက်ရှင်နေထိုင်ခဲ့ဖူးတဲ့ ယွင်ချဲ့ဟာ ကားမောင်းရာမှာ အတော်လေး ကျွမ်းကျင်နေပြီဖြစ်တယ်။ နေရာတိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေသော်လည်း သူကတော့ မြို့ထဲကနေ အောင်မြင်စွာ ထွက်လာနိုင်ခဲ့တယ်။

ယွင်ယောင်က ခေါင်းမူးဝေနေပြီး နောက်ခုံမှာ လှဲအိပ်နေပြီဖြစ်တယ်။ ယွင်ချဲ့က ကားမောင်းတာကို အာရုံစိုက်ထားပေမဲ့ နောက်ကြည့်မှန်ကနေတစ်ဆင့် သူမရဲ့အခြေအနေကို အခါအားလျော်စွာ လှမ်းကြည့်နေခဲ့တယ်။ သူမ တကယ်ပဲ… ပြောင်းလဲသွားမှာကို သူစိုးရိမ်နေတယ်။

အရင်ဘဝတုန်းက သူချစ်ခင်ရတဲ့သူတွေ ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရတာနဲ့တင် သူ့အတွက် လုံလောက်နေပြီ။

အဲဒီလိုအဖြစ်မျိုးကို နောက်တစ်ကြိမ် ထပ်မကြုံချင်တော့ဘူး။

“ညီလေး… အစ်မက နေမကောင်းဖြစ်နေတာလား။”

ယွင်ယောင်ဘေးမှာ ထိုင်နေတဲ့ အမျိုးသားက သူမ နေမကောင်းဖြစ်နေတာကို သတိထားမိတာ ကြာပြီဖြစ်တယ်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးမှာတော့ သတ္တိမွေးကာ မေးလိုက်တယ်။

“မင်းမှာ သွားစရာနေရာ သေချာရှိလား။”

ယွင်ချဲ့က နောက်ကြည့်မှန်ထဲကနေ သူ့ကို အတော်ကြာ စိုက်ကြည့်ပြီးနောက် မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်တယ်။

အမျိုးသားက အံ့ဩသွားပြီး ခါးသီးစွာ ပြုံးကာ ခေါင်းခါလိုက်တယ်။

“ကျွန်တော့်ကို ကယ်ဖို့အတွက် အဖေက အမေ့လက်ချက်နဲ့ သေသွားခဲ့ရတယ်…”

ဒီအကြောင်းကို ဘာကြောင့် ရုတ်တရက် ထုတ်ပြောမိလိုက်မှန်း သူကိုယ်တိုင်တောင် မသိဘူး။ အဖြစ်အပျက်က ရက်စက်လွန်းလို့ ဖြစ်နိုင်သလို၊ စိတ်ထဲမှာတော့ ယွင်ချဲ့ဟာ ယုံကြည်အားကိုးလို့ရတဲ့သူတစ်ယောက်လို့ ခံစားမိနေတာလည်း ဖြစ်နိုင်တယ်။

“အဲဒါဆိုရော?”

ယွင်ချဲ့က ဘာမှမကြားလိုက်ရသလို အေးစက်စက်ပဲ ပြန်မေးလိုက်တယ်။ သူ့အမူအရာက သွေးအေးလွန်းတယ်လို့တောင် ထင်ရတယ်။

အမျိုးသားက မဲ့ပြုံးပြုံးလိုက်မိတယ်။

“မရှိပါဘူး။”

သူက ဘယ်သူ့ဆီက စာနာမှုကို ရချင်နေတာလဲ။ ဒီလို ကမောက်ကမဖြစ်နေတဲ့ ကမ္ဘာကြီးမှာ သူ့ကို စာနာပေးမယ့်သူ ဘယ်သူရှိဦးမှာလဲ။

“ကောင်းပြီ။ လောလောဆယ် မင်းအတွက် လုံခြုံတဲ့နေရာတစ်ခု ရှာတွေ့တဲ့အထိ ငါတို့နဲ့အတူ လိုက်လာလို့ရတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။ ငါ့အစ်မကို မင်းကောင်းကောင်း စောင့်ရှောက်ပေးရမယ်။”

သူ့ကို စာနာစိတ်မရှိဘူးလို့ အပြစ်မတင်ပါနဲ့။ ကမ္ဘာပျက်ကပ်ထဲမှာ လေးနှစ်ကြာအောင် အသက်ရှင်နေထိုင်ခဲ့ရသူတစ်ယောက်ဖြစ်လို့ ဘယ်လောက်ပဲ ကြင်နာတတ်တဲ့သူ ဖြစ်ခဲ့ပါစေ အခုတော့ အရင်ကလူ မဟုတ်တော့ဘူး။

ယုံကြည်မှုနဲ့ပတ်သက်ပြီးလည်း သူ့ကိုတောင် မသိတဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်မှာလဲ။ ယွင်ချဲ့ကတော့ ကိုယ့်အတွက် အကျိုးရှိမယ့် ရွေးချယ်မှုတွေကိုပဲ လုပ်သွားမှာဖြစ်တယ်။

“ဟင်… အစ်မကို အနားယူခိုင်းဖို့ ခဏမရပ်ဘူးလား…”

“အချိန်မရှိဘူး။”

အမျိုးသားက စိတ်ထဲမှာ မေးခွန်းတွေ ပိုများလာတယ်။ ယွင်ချဲ့က မပြောရင်တောင် ဒီအမျိုးသမီးကို အတော်လေး ဂရုစိုက်နေမှန်း သူမြင်နိုင်တယ်။ ဒါပေမဲ့ ယွင်ချဲ့ရဲ့ နောက်ထပ်စကားတစ်ခွန်းကြောင့် သူ ပိုလို့တောင် နားမလည်နိုင်ဖြစ်သွားတယ်။

သူ့ဘေးမှာ လှဲနေတဲ့ အမျိုးသမီးကို မျက်စောင်းထိုးကြည့်လိုက်ပေမဲ့ “အချိန်မရှိဘူး” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုတော့ လုံးဝ နားမလည်နိုင်ခဲ့ဘူး။

“သူ့ကို ရေတိုက်ထား။ အခြေအနေပြောင်းလဲလာတာရှိမရှိ သေချာစောင့်ကြည့်ပြီး ထူးခြားတာတစ်ခုခုရှိရင် ငါ့ကိုပြော။”

သူ့ကို ရှင်းပြဖို့ ပျင်းရိနေတဲ့ ယွင်ချဲ့က ယွင်ယောင် အရင်က သောက်ထားတဲ့ ရေဘူးကို ကျန်တဲ့ရေနဲ့အတူ သူ့ဆီ လှမ်းပေးလိုက်တယ်။

“ဟုတ်… ဟုတ်ကဲ့။”

ယွင်ချဲ့ရဲ့ တွေးခေါ်ပုံကို နားမလည်နိုင်ပေမဲ့ အမျိုးသားကတော့ တစ်ခုကို ကောင်းကောင်းသိတယ်။ အသက်ရှင်ချင်တယ်ဆိုရင် သူတို့နဲ့အတူ လိုက်နေရမယ်။

“ကျွန်တော့်နာမည်က ကျိုးဇယ်ယွီပါ။”

ယွင်ချဲ့ရဲ့ နောက်စေ့ကို ကြည့်ရင်း ကျိုးဇယ်ယွီက ယွင်ယောင်ရဲ့ခေါင်းကို သူ့ပခုံးပေါ် မှီစေလိုက်တယ်။ ပြီးတော့ သူမကို ရေတိုက်ပေးဖို့ ကြိုးစားလိုက်တယ်။

“ယွင်ချဲ့။”

ယွင်ချဲ့က သူ့နာမည်ကို ပြောလိုက်ချိန်မှာပဲ မြို့ပြင်ကို အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပြီဖြစ်တယ်။

သူက အဝေးပြေးလမ်းမကြီး ဒါမှမဟုတ် အမျိုးသားလမ်းမကြီးကို မမောင်းဘဲ မြို့အရှေ့ဘက်မှာရှိတဲ့ ဗီလာအိမ်ရာဝင်းထဲကို ကားမောင်းဝင်သွားတယ်။ ဒီဗီလာအိမ်ရာဝင်းကို ဖြတ်သွားရင် ဟွိုင်မြို့ဆီကို ဦးတည်တဲ့ လမ်းဟောင်းတစ်လမ်း ရှိတယ်ဆိုတာကို သူ ကောင်းကောင်းမှတ်မိနေတယ်။

ဗီလာအိမ်ရာဝင်းမှာ ချမ်းသာတဲ့သူတွေ နေထိုင်ကြတာဖြစ်လို့ လူဦးရေသိပ်သည်းမှုက မြို့ထဲလောက် မများဘူး။ ဒါ့အပြင် ဗီလာအိမ်ရာဝင်းရဲ့ နံရံတွေက အတားအဆီးဖြစ်နေတာကြောင့် အနောက်ဘက်က လမ်းဟောင်းဟာ လူသူကင်းမဲ့လုနီးပါး ဖြစ်နေတတ်တယ်။ အချိန်ကုန်သက်သာဖို့အတွက် ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ရွာတွေမှာ နေထိုင်သူတွေကသာ အဲဒီလမ်းကို အသုံးပြုကြတယ်။

သေချာပေါက် ယာဉ်ကြောပိတ်ဆို့နေမယ့် အဝေးပြေးလမ်းမကြီးနဲ့ အမျိုးသားလမ်းမကြီးတို့ကို နှိုင်းယှဉ်ကြည့်ရင် လမ်းအခြေအနေ မကောင်းနိုင်ပေမဲ့ ဒီလမ်းဟောင်းကပဲ သူတို့အတွက် တစ်ခုတည်းသော ဖြတ်လမ်းဖြစ်နိုင်တယ်။

“ကယ်ကြပါ… ကယ်ကြပါဦး…”

လမ်းတစ်လျှောက်မှာ ဇွန်ဘီတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတဲ့ လူအများအပြားက သူတို့ကို ကယ်တင်ဖို့ လက်ဝှေ့ယမ်း အော်ဟစ်နေကြတယ်။ ဒါပေမဲ့ ယွင်ချဲ့က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကားရှေ့မှာရှိတဲ့ ဇွန်ဘီတွေကို တိုက်ချရင်း ဆက်မောင်းသွားခဲ့တယ်။

သူတို့ ဗီလာအိမ်ရာဝင်းထဲ ဝင်လာတဲ့အခါမှာတော့ လမ်းအလယ်မှာ မျှော်လင့်ချက်မဲ့နေတဲ့ လူအများအပြားကို တွေ့လိုက်ရတယ်။

“ဒုန်း!”

ကျိုးဇယ်ယွီက ယွင်ချဲ့ ကားရပ်ပေးတော့မယ်လို့ ထင်နေချိန်မှာပဲ ယွင်ချဲ့က အရှိန်မြှင့်နင်းလိုက်တယ်။ ကားဟာ ချက်ချင်း အရှိန်တက်သွားပြီး သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ အမျိုးသားတစ်ယောက်ကို ဝင်တိုက်လိုက်တယ်။ အဲဒီအမျိုးသားဟာ ချက်ချင်းပဲ လွင့်ထွက်သွားတယ်။

ကျိုးဇယ်ယွီက အံ့ဩလွန်းလို့ ပါးစပ်ကြီး ဟသွားတယ်။ အတော်ကြာမှပဲ ကြောင်အမ်းအမ်းနဲ့ ပြောလိုက်တယ်။

“သူ… သူက လူလေ။”

“မကြာခင် လူမဟုတ်တော့ဘူး။ သူ့မျက်လုံးတွေ ဝေဝါးနေပြီ။ တစ်နာရီအတွင်း ဇွန်ဘီဖြစ်သွားမှာ သေချာတယ်။ မင်းက သူ့အစာ ဖြစ်ချင်နေတာလား။”

ယွင်ချဲ့မှာ စာနာစိတ်မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက သူ သွေးအေးရက်စက်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒီလူတစ်ယောက်တည်း မဟုတ်ဘဲ လမ်းအလယ်မှာ သူတို့ကို စောင့်နေတဲ့ လူတွေက အများကြီး ရှိသေးတယ်။

“အာ… တောင်းပန်ပါတယ်၊ ကျွန်တော်…”

“မလိုပါဘူး။ မင်း သူတော်စင်ကြီးလုပ်ချင်တာကို ငါကန့်ကွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာကနေ မထွက်ခွာခင်အထိ မင်းရဲ့စာနာစိတ်ကို ခဏလောက် ထိန်းထားပေးဖို့တော့ လိုတယ်။ မင်းကြောင့်လွဲလို့ ငါတို့ထဲက ဘယ်သူမှ ပြဿနာမဖြစ်ရဘူး။”

ယွင်ချဲ့က နောက်ကြည့်မှန်ထဲကနေ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အချိန်ရတုန်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။

ယွင်ချဲ့ဟာ အရင်ကထက် အများကြီး ယဉ်ကျေးလာပေမဲ့ ကျိုးဇယ်ယွီကတော့ အတော်လေး ရှက်ရွံ့သွားတယ်။

ဒီကမ္ဘာကြီးမှာ သူကိုယ်တိုင်ကိုတောင် မကာကွယ်နိုင်တဲ့အခြေအနေမှာ တခြားသူတွေရဲ့ အသက်ကို ဘယ်လိုလုပ်ပြီး စောင့်ရှောက်ပေးနိုင်မှာလဲ။

အဲဒီလူက မပြောင်းလဲသေးရင်တောင် သူတို့က ကားကို ရပ်လို့မရဘူး။ မဟုတ်ရင် လမ်းပိတ်နေတဲ့သူတွေက ကားထဲကို အတင်းဝင်လာကြမှာ သေချာတယ်။ အဲဒီနောက်မှာတော့…

အဲဒီလိုဖြစ်လာရင် ကြုံတွေ့ရမယ့် အကျိုးဆက်တွေကို တွေးမိတာနဲ့ ကျိုးဇယ်ယွီ မနေနိုင်ဘဲ တစ်ကိုယ်လုံး တုန်သွားတယ်။ သူ တံတွေးကို မျိုချလိုက်ပြီး ပြောလိုက်တယ်။

“ကျေးဇူးတင်ပါတယ်။”

ယွင်ချဲ့က သူ့ကို သင်ခန်းစာပေးနေတာဆိုတာ ကျိုးဇယ်ယွီ သိတယ်။ အဲဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က သူ့ကို ပြဿနာမရှာမိအောင် တားဆီးဖို့ပဲ ဖြစ်တယ်။

“ပြောစရာမလိုပါဘူး။ ငါ့အစ်မကိုပဲ ကောင်းကောင်းစောင့်ရှောက်ပေး။”

ယွင်ချဲ့က သူနဲ့ ယဉ်ကျေးစကားတွေ ပြောနေဖို့ စိတ်မဝင်စားဘူး။ သူ ကားပြတင်းပေါက်ကို ဖွင့်ပြီး စီးကရက်တိုကို အပြင်ကို ပစ်ချလိုက်တယ်။

“သေချာထိုင်ထား။”

“ဟင်?”

“ဒုန်း!”

“ဦးလေး!”

ကျိုးဇယ်ယွီ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ကျယ်လောင်တဲ့ အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။ ကားထဲကလူအားလုံး ခေါင်းတွေ မူးဝေသွားကြပြီး ချန်ချန်ကလည်း လန့်ဖြန့်ကာ ငိုချလိုက်တယ်။

ယွင်ချဲ့က ချက်ချင်း လက်တစ်ဖက်ကို လွှတ်ပြီး ချန်ချန်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပေးလိုက်တယ်။

“မကြောက်နဲ့နော်။”

“အင်း…”

ချန်ချန်က သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လျှံနေသလို ခေါင်းကိုလည်း လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အသံတိုးတိုးနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ယွင်ချဲ့က ချန်ချန် ဒီလိုဖြစ်နေတာကို မြင်ရတာ စိတ်မကောင်းဖြစ်ပေမဲ့ တခြားရွေးချယ်စရာ မရှိဘူး။ ရှေ့မှာ နံရံကြီးက လမ်းပိတ်ထားတာကြောင့် သူက အဲဒီနံရံကို တိုက်ဖြတ်ပြီး ဝင်သွားရုံပဲ တတ်နိုင်တယ်။

“ချန်ချန်က စစ်သည်တော်လေးပဲနော်။ ဒါကတော့ ဦးလေးရဲ့ စစ်သည်တော်လေးအတွက် ဆုလက်ဆောင်ပဲ။”

ယွင်ချဲ့က ချန်ချန်ရဲ့လက်ကို လွှတ်ပေးပြီး ခေါင်းကလေးကို ပွတ်သပ်ပေးလိုက်တယ်။ ပြီးတော့ သူ့လက်ထဲမှာ အရောင်အသွေးစုံလင်တဲ့ သက်တံရောင် သကြားလုံးချောင်းလေးတစ်ချောင်း ပေါ်လာအောင် လုပ်ပြလိုက်တယ်။

ချန်ချန်က ချက်ချင်းပဲ ပြုံးရွှင်သွားတယ်။

“ကျေးဇူးတင်ပါတယ် ဦးလေး။”

သောက်ကျိုးနည်း… ဒီကောင်က ရူးနေတာလား။

နောက်ခုံမှာ ထိုင်နေတဲ့ ကျိုးဇယ်ယွီဟာ အချိန်အတော်ကြာအောင် အံ့ဩတုန်လှုပ်နေခဲ့တယ်။

ဒီလူကို အားကိုးတာ တကယ်ပဲ မှန်ရဲ့လား။

သူက နံရံကြီးကို တိုက်ချပြီး ဖြတ်ဝင်သွားတာလေ…

ကံကောင်းလို့ သူတို့စီးလာတာ ဟမ်မာကားဖြစ်နေတာ။ မဟုတ်ရင်တော့…

ကျိုးဇယ်ယွီဟာ ပိုပိုပြီး အားကိုးရာမဲ့သလို ခံစားလာရတယ်။ ဒါပေမဲ့ သူတို့နဲ့ ခွဲထွက်သွားဖို့ကိုတော့ တစ်ခဏလေးတောင် မစဉ်းစားမိခဲ့ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment