### လမ်းလျှောက်ထွက်ရင်း လုဟိုင်ရွှမ်းကို ကယ်တင်ခြင်း
“ဒါပေမဲ့ မင်းပြောတော့ ဟိုင်ရွှမ်းရဲ့ အထူးစွမ်းရည်က သိပ်မသိသာဘူး၊ သူကိုယ်တိုင်တောင် သတိမထားမိဘူးဆို။ ဒါဆို အဲဒီလူတွေက ဘယ်လိုလုပ် သိသွားကြတာလဲ။”
ယွမ်ချဲ့ စကားမဆုံးခင် ယန်ဟွိုင်အန်းက မေးလိုက်သည်။
ယွမ်ချဲ့ သက်ပြင်းချလိုက်ပြီး “ဖြစ်နိုင်တာက သူ့ရဲ့အရင်အထူးစွမ်းရည်က အရည်အသွေးပိုင်းအရ ပြောင်းလဲသွားတာမျိုး၊ ဒါမှမဟုတ် အထူးစွမ်းရည်အသစ်တစ်မျိုး နိုးထလာတာမျိုး ဖြစ်နိုင်တယ်” ဟု ပြန်ဖြေလိုက်သည်။
“ယွမ်ချဲ့ပြောတာ မှန်တယ်။ ဒါပေမဲ့ စစ်တပ်ထဲက တစ်ယောက်ယောက်က ပြဿနာရှာနေတာလည်း ဖြစ်နိုင်တယ်။ ဒီတစ်ခါက အစမ်းသဘော စမ်းသပ်တာဖြစ်နိုင်သလို သွယ်ဝိုက်ပြီး ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်။ ဒီတစ်ခါသာ ငါတို့ ဘာမှမလုပ်ဘဲ နေလိုက်ရင် နောက်တစ်ခါကျ သူတို့သေနတ်ပြောင်းက ငါတို့အဖွဲ့သားတွေဆီ လှည့်လာလိမ့်မယ်။”
ရှင်းဖုန်းက ယွမ်ချဲ့ အခုချက်ချင်း ထွက်သွားချင်နေမှန်း သတိထားမိတာကြောင့် အမြန်ဆုံး အဆုံးအဖြတ်ချလိုက်သည်။ အခြေစိုက်စခန်းကို လွှမ်းမိုးချုပ်ကိုင်ထားသည့် စစ်တပ်မိသားစုကြီး သုံးစုသည် မြို့တော်ရှိ အင်အားကြီးမိသားစုများ၏ လက်ခွဲများသာ ဖြစ်ကြသည်။ သူ့ရဲ့ချောင်ယန်အဖွဲ့သည် မိသားစုမို၏ လက်အောက်ခံအဖြစ် ထင်ရသော်လည်း တကယ်တမ်းတွင်တော့ အခြားအင်အားစုများနှင့် တန်းတူရပ်တည်နေခြင်း ဖြစ်သည်။
မြို့တော်ရှိ ရှင်းမိသားစု၏ အဆင့်အတန်းကို ထည့်တွက်လိုက်လျှင် ရှင်းဖုန်းသည် အနောက်တောင်ပိုင်းအခြေစိုက်စခန်းတွင် မမြင်သာသော ပဉ္စမမြောက်အင်အားစုကြီးဟုပင် ဆိုနိုင်သည်။ ထို့အပြင် သူ့အဖွဲ့သည် လူထောင်ဂဏန်းမျှဖြင့် ချောင်ယန်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သေးရာ မနာလိုသူများ ပေါ်လာမည်မှာ မလွဲဧကန်ပင်။
“ဖြစ်နိုင်ခြေ အနည်းဆုံးတစ်ခုကိုတောင် ငါတို့ လက်လွတ်မခံဘူး။ ဟွိုင်အန်းနဲ့ ကန်းကျစ်၊ စစ်တပ်ဘက်ကို စုံစမ်းကြ။ မစ္စတာမိုနဲ့လည်း အဆက်အသွယ်မပြတ်စေနဲ့။ ငါကတော့ သုတေသနဌာနကို သွားပြီး လုဟိုင်ရွှမ်းကို ရှာမယ်။”
ကွမ်းမင်ရွှမ်က ခေါင်းညိတ်လိုက်ပြီး ရှင်းဖုန်းကိုယ်စား ဆုံးဖြတ်ချက်ချလိုက်သည်။ တာဝန်များကိုပါ တစ်ပါတည်း ခွဲဝေပေးလိုက်သေးသည်။
“မဟုတ်ဘူး။ ဟိုင်ရွှမ်းက ငါ့သူငယ်ချင်း။ သူ့ကို ငါကိုယ်တိုင် သွားကယ်မယ်။ မင်းတို့က ဟိုင်ရွှမ်းကို ဘယ်သူခေါ်သွားတာလဲဆိုတာ ဆက်စုံစမ်းကြ။ ငါကတော့ လမ်းလျှောက်ထွက်လိုက်ဦးမယ်။”
ယွမ်ချဲ့ မတ်တပ်ထရပ်လိုက်သည်။ ကျန်လူများအားလုံး ကြောင်သွားကြပြီး အပြင်ဘက်ရှိ ညကောင်းကင်ကို လှမ်းကြည့်လိုက်ကြသည်။
သန်းခေါင်ယံအချိန်ကြီးမှာ လမ်းလျှောက်ထွက်မလို့တဲ့လား။ သုတေသနဌာနထဲကို တစ်ယောက်တည်း ဝင်သွားမလို့လား။ သူ ရူးနေတာလား၊ ဒါမှမဟုတ် အဲဒီနေရာရဲ့ အန္တရာယ်ကို လျှော့တွက်နေတာလား။
“ငါတို့ အတူသွားမယ်။”
တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သည့် လန်ယဲ့ဟန်က တုံ့ဆိုင်းခြင်းမရှိဘဲ သူ့နောက်မှ လိုက်လာသည်။ ကျိုးဇယ်ယွီလည်း ထိုနည်းတူပင်။ ယွမ်ချဲ့က တကယ်တမ်း “လမ်းလျှောက်ထွက်” နေတာ မဟုတ်မှန်း သူတို့ သိကြသည်။ သူတို့က အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ တိုက်ခိုက်ရလျှင်လည်း အတူတိုက်ခိုက်ကြမည်။
“ဘာလို့လဲ။ အိမ်ဆောက်နေကြတာလည်း မဟုတ်ဘူး။ လူများလွန်းရင် ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ရာရောက်သွားမယ်။ ငါ ခဏနေရင် ပြန်လာမယ်။ မင်းတို့ပဲ သွားအိပ်ကြတော့။ မင်းတို့ နိုးလာတဲ့အချိန်ကျ ဟိုင်ရွှမ်း ဒီကိုရောက်နေပြီ ဖြစ်လိမ့်မယ်။”
ယွမ်ချဲ့က စိတ်ရှုပ်စရာ ယင်ကောင်တွေကို မောင်းထုတ်သလို လက်ကို ကမန်းကတန်း ဝှေ့ယမ်းပြလိုက်သည်။
“ယွမ်ချဲ့။”
လန်ယဲ့ဟန်က အလွယ်တကူ စိတ်လှုပ်ရှားတတ်သူ မဟုတ်ပေ။ သူက ယွမ်ချဲ့ကို စိုက်ကြည့်နေသည်။ ကျိုးဇယ်ယွီလည်း တစ်ခုခုပြောတော့မည့်အချိန် ယွမ်ချဲ့က သူ့ကို တားလိုက်သည်။
“ငါ့ကို ယုံလိုက်ပါ။”
သူတို့နှစ်ယောက်က ဆက်လက်တားဆီးနေကြဆဲဖြစ်သည်။ ယွမ်ချဲ့ ထပ်မံရှင်းပြတော့မည့်အချိန်တွင် ရှင်းဖုန်းက လျှောက်လာပြီး—
“ငါ သူနဲ့အတူ သွားမယ်။ မင်းတို့နှစ်ယောက် သွားအိပ်ကြတော့။”
ဟုပြောကာ ယွမ်ချဲ့ကို တိုက်ရိုက်ဆွဲခေါ်သွားလိုက်သည်။ လန်ယဲ့ဟန်နဲ့ ကျိုးဇယ်ယွီတို့သာ အမှောင်ထဲကို ကြောင်တောင်တောင် ငေးကြည့်ရင်း ကျန်ခဲ့ကြသည်။
“ဟမ်?”
ခေါင်းဆောင်နှစ်ယောက်လုံးက ခေါင်းမာသည့်သူတွေဖြစ်ပြီး တစ်ယောက်မှ အချိန်မဆွဲဘဲ ထွက်သွားကြသည်။ ယန်ဟွိုင်အန်းကတော့ နားမလည်နိုင်သလို ခံစားလိုက်ရသည်။
“ငါတို့ခေါင်းဆောင်က အဲဒီလိုပဲလေ။ အမြဲတမ်း ခေါင်းမာနေတာ။ ဒါပေမဲ့ ယွမ်ချဲ့ကတော့ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့နှစ်ယောက်က ချစ်နေကြပုံပဲ။”
ကွမ်းမင်ရွှမ်က မေးစေ့ကို ပွတ်သပ်ရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ ရှင်းဖုန်းက တခြားသူတွေအပေါ် ဒီလောက် ဂရုတစိုက် ဆက်ဆံခဲ့ဖူးတာ မရှိသလို တခြားသူတွေကို တောင်းပန်တာမျိုးဆို ပိုလို့တောင် မရှိခဲ့ဖူးပေ။ ဒါကြောင့် သူ ယွမ်ချဲ့ကို ချစ်နေတယ်ဆိုတာ သေချာလောက်ပြီ။
“ငါတို့ သူတို့နောက် လိုက်သွားကြမလား။”
ကျိုးဇယ်ယွီက သူတို့ပြောတာတွေကို ကြားလိုက်ရသော်လည်း တုံ့ပြန်ခြင်းမရှိဘဲ လန်ယဲ့ဟန်ဘက်ကိုသာ လှည့်ကြည့်လိုက်သည်။
“မလိုဘူး။”
လန်ယဲ့ဟန်က ပြန်ဖြေပြီး ထွက်သွားသည်။ ကွမ်းမင်ရွှမ်ဘေးမှ ဖြတ်သွားသည့်အခါ သူ့နှုတ်ခမ်းပါးပါးနှင့် ဖြူဖျော့ဖျော့ နှုတ်ခမ်းများ လှုပ်ရှားသွားသည်။
“ကိုယ့်ကိစ္စကိုယ်ပဲ ကြည့်။ ယွမ်ချဲ့အကြောင်း ဘယ်တော့မှ အတင်းမပြောနဲ့။”
“ဟမ်?”
သူတို့ အဆူခံလိုက်ရတာလား။
ကွမ်းမင်ရွှမ်နဲ့ သူ့အဖော်တွေ အားလုံး အံ့အားသင့်သွားကြသည်။ သူတို့ကို ဝေဖန်ရဲသူဆိုလို့ သူတို့ခေါင်းဆောင် ရှင်းဖုန်းတစ်ယောက်ပဲ ရှိခဲ့ဖူးသည်။
“လန်ယဲ့ဟန်လား။ သူ့ကို မြင်ဖူးသလိုပဲ။”
ကျိုးဇယ်ယွီနဲ့ လန်ယဲ့ဟန်တို့ အပေါ်ထပ်တက်သွားပြီးနောက် ကွမ်းမင်ရွှမ်က ပြောလိုက်သည်။ လန်ယဲ့ဟန်ကို အရင်က တွေ့ဖူးသလို ခံစားရပေမဲ့ ဘယ်နေရာမှာ တွေ့ခဲ့ဖူးတာလဲဆိုတာ ပြန်မမှတ်မိနိုင်ပေ။ သူ့မှတ်ဉာဏ်က ထူးထူးခြားခြား ကောင်းမွန်သည်။ ဒါကတော့ သေချာပေါက်ပင်။ တကယ်လို့ အရင်က တွေ့ဖူးခဲ့ရင် သူ့အနေနဲ့ မေ့သွားစရာ အကြောင်းမရှိဘူး။
“ငါတော့ မသိဘူး။ ဒါပေမဲ့ သူက အရမ်းဘဝင်မြင့်တယ်။ ငါတို့အရင်တုန်းက ဘဝင်မြင့်ခဲ့သလိုမျိုးပဲ။”
ချူဟောင်လင်းက စိတ်မပါလက်မပါနဲ့ နောက်ကို မှီထိုင်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ လေးစားအားကျမှုတွေ ပြည့်နှက်နေသည်။
ကျန်လူများလည်း ပြုံးလိုက်ကြသည်။ ချူဟောင်လင်း ပြောတာ မှန်သည်။ သူတို့လည်း အရင်တုန်းက လန်ယဲ့ဟန်လိုပဲ ဘဝင်မြင့်ခဲ့ကြဖူးသည်။
ညဘက်တစ်လမ်းလုံးကို ငွေရောင်လရောင်က ဖုံးလွှမ်းထားသည်။ ရှင်းဖုန်းနေထိုင်သည့် ဗီလာအနီးရှိ အခြားအဆောက်အအုံများမှာ လူမရှိသည့်အလား တိတ်ဆိတ်ငြိမ်သက်နေကြသည်။ တစ်ခါတစ်ရံ လေပြေလေး တိုက်ခတ်လာပြီး လူသူကင်းမဲ့နေသည့် ခြောက်ကပ်ကပ်ခံစားချက်ကို ယူဆောင်လာတတ်သည်။
ယွမ်ချဲ့နဲ့ ရှင်းဖုန်းတို့ ဗီလာထဲမှ ထွက်လာပြီး လရောင်မှိန်မှိန်အောက်တွင် အလျင်အမြန် ပြေးသွားကြသည်။ အိမ်ရာဝင်းထဲမှ ထွက်လာပြီးနောက် အခြားသူများ သတိမထားမိစေရန် ပုန်းကွယ်ရင်း ပြေးကြရသည်။
မိနစ်အနည်းငယ်အကြာတွင် သူတို့နှစ်ယောက် အဆောက်အအုံတစ်ခု၏ ထောင့်တွင် ရပ်လိုက်ကြသည်။ သူတို့ရှေ့တည့်တည့်တွင်တော့ လုံခြုံရေးတင်းကျပ်စွာ ချထားသည့် ခြံဝင်းကြီးတစ်ခု ရှိနေသည်။ အဲဒါက အခြေစိုက်စခန်း၏ သုတေသနဌာနပင် ဖြစ်သည်။
ရှင်းဖုန်းက လည်ပင်းဆန့်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကာ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
“ဟိုင်ရွှမ်း ဒီမှာရှိနေတာလား။ သေချာလား။”
သူတို့အတွက် အထဲကို ဝင်ဖို့က မခက်ခဲပေ။ ဒါပေမဲ့ လုဟိုင်ရွှမ်း ဒီမှာမရှိဘူးဆိုရင်တော့ အလကား အပင်ပန်းခံရတာပဲ ဖြစ်သွားလိမ့်မည်။
“အထဲဝင်မကြည့်ရသေးဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ။”
ယွမ်ချဲ့က မျက်နှာဖုံးနှစ်ခုကို ထုတ်ယူပြီး တစ်ခုကို ရှင်းဖုန်းအား ပေးလိုက်သည်။ ထို့နောက် သူကိုယ်တိုင် မျက်နှာဖုံးတစ်ခုနဲ့ ဦးထုပ်တစ်လုံးကို ဆောင်းလိုက်သည်။ ခဏစဉ်းစားပြီး နောက်ထပ်ဦးထုပ်တစ်လုံးကို ထုတ်ယူကာ ခြေဖျားထောက်ပြီး ရှင်းဖုန်း၏ ခေါင်းပေါ်သို့ ဆောင်းပေးလိုက်သည်။
“ကဲ၊ အခု သွားကြစို့။”
“အင်း။”
အမှောင်ကို အခွင့်ကောင်းယူပြီး သူတို့နှစ်ယောက် တံခါးဝက အစောင့်တွေကို အမြန်သတ်ပစ်လိုက်ကြသည်။ အဆောက်အအုံထဲ ဝင်ရောက်သွားပြီးနောက် အရင်က ရှင်းဖုန်းနောက်မှာ နေခဲ့သည့် ယွမ်ချဲ့က ယခုတော့ ရှေ့သို့ တက်လာသည်။ ရှင်းဖုန်းကို လိုက်ခဲ့ရန် မျက်စိတစ်ဖက် မှိတ်ပြပြီး မြေအောက်ဓာတ်ခွဲခန်းသို့ ဆင်းသည့် ဓာတ်လှေကားဆီ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။ သူ့အမူအရာက ဒီနေရာကို အလွန်ရင်းနှီးနေသည့်ပုံပင်။
အနောက်တောင်ပိုင်းအခြေစိုက်စခန်းသည် အကြီးဆုံးလုံခြုံရေးအခြေစိုက်စခန်းဟု ခေါ်ဆိုခံထိုက်သည်။ အခုလို နေရာတိုင်းနီးပါး လျှပ်စစ်မီးပြတ်နေသည့်အချိန်မှာတောင် ဒီနေရာက ဓာတ်လှေကားဟာ အသုံးပြုလို့ရနေဆဲဖြစ်သည်။ စစ်တပ်က အခြေစိုက်စခန်း တည်ဆောက်နေစဉ်က အစိုးရသည် Lingjiang မြစ်ကမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင်အချို့ကို ချထားခဲ့ပြီး သီးခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကိုလည်း တည်ဆောက်ပေးခဲ့သည်။
ယခုအခါမှာတော့ အဲဒီလျှပ်စစ်ဓာတ်အားကို အစိုးရအရာရှိတွေနဲ့ အထူးဌာနအချို့သာ အသုံးပြုခွင့်ရတော့သည်။
ရှင်းဖုန်းက ယွမ်ချဲ့ကို ရှင်းပြလိုက်သည်။
“ဟင်း… ငါတို့ အရင်းရှင်လူ့အဖွဲ့အစည်းဆီ ပြန်ရောက်လာပြီပဲ။ လူတန်းစားတိုက်ပွဲဝင် တော်လှန်ရေးသမားတွေ ဒီအကြောင်းသိသွားရင် သင်္ချိုင်းထဲမှာတောင် အရိုးတွေ လှည့်နေကြတော့မှာပဲ။”
“ဒိုင်း!”
ဓာတ်လှေကားထဲ ဝင်လိုက်သည်နှင့် ယွမ်ချဲ့က စောင့်ကြည့်ကင်မရာကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
ဓာတ်လှေကားထဲက ခလုတ်တွေကို ကြည့်လိုက်တော့ မြေအောက်ဓာတ်ခွဲခန်းမှာ အထပ်သုံးထပ်ရှိကြောင်း သိလိုက်ရသည်။ သူတို့နှစ်ယောက် အချင်းချင်း မပြောဘဲနဲ့ပင် အောက်ဆုံးထပ်ကို ရွေးလိုက်ကြသည်။ လူသားစမ်းသပ်မှုတွေဆိုတာ ဘယ်လိုမှ ကောင်းမွန်တဲ့ကိစ္စတွေ မဟုတ်ဘူးလေ။
“တင်း!”
ဓာတ်လှေကား ရောက်လာသည်။ အပြင်မထွက်ခင် သူတို့နှစ်ယောက် အသက်ရှူကို ခဏအောင့်ထားပြီး အပြင်မှာ လူရှိမရှိ သေချာနားထောင်ကြည့်လိုက်ကြသည်။
အခုဆို မနက်သုံးနာရီတောင် ရှိနေပြီ။ ဓာတ်ခွဲခန်းတစ်ခုလုံး အမှောင်ကျနေရာ တဖျပ်ဖျပ်လင်းနေသည့် စောင့်ကြည့်ကင်မရာများကို ရှာဖွေဖို့ ပိုလွယ်ကူနေသည်။ ဒီတစ်ကြိမ်မှာတော့ ယွမ်ချဲ့က ကင်မရာတွေကို မဖျက်ဆီးတော့ဘဲ သူတို့မြင်ကွင်းထဲ မဝင်အောင် သတိထားပြီး ရှောင်ရှားသွားသည်။
ရုတ်တရက် အသက်မဲ့တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ထဲတွင် တစ်စုံတစ်ယောက် ငိုရှိုက်နေသည့်အသံ ထွက်ပေါ်လာသည်။ အသံက တဖြည်းဖြည်း ပိုမိုကျယ်လောင်လာသည်။ သူတို့နှစ်ယောက် အချင်းချင်းကြည့်လိုက်ပြီး အသံလာရာဆီ အတူတူ လိုက်သွားကြရာ သံတံခါးတစ်ချပ်ရှေ့သို့ ရောက်လာကြသည်။
“ဦးလေးရှင်း၊ ခင်ဗျားအလှည့်ပဲ။”
ယွမ်ချဲ့က နောက်သို့ အနည်းငယ်ဆုတ်ပြီး “ကျေးဇူးပြုပြီး လုပ်ပေးပါဦး” ဆိုသည့်ပုံစံဖြင့် လက်ဟန်ပြလိုက်သည်။ ရွှေစနစ်အထူးစွမ်းရည်ပိုင်ရှင်တစ်ယောက်အတွက် သတ္တုအတားအဆီးတွေဆိုတာ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်သည့်အရာမျှသာ ဖြစ်သည်။
ရှင်းဖုန်းက သူ့အထူးစွမ်းရည်ကို အသုံးပြုလိုက်သည်။ သံတံခါးက တဖြည်းဖြည်း အရည်ပျော်လာသည်။ ထို့နောက် သူက သံတံခါး၏ သံတန်းတစ်ချောင်းကို ဆွဲဖယ်လိုက်ရာ လူတစ်ယောက် ဝင်နိုင်လောက်သည့် အပေါက်ကြီးတစ်ခု ပေါ်လာသည်။
ယွမ်ချဲ့က သူ့ကို လက်မထောင်ပြပြီး အပေါက်ထဲ ဝင်သွားလိုက်သည်။
တံခါးအတွင်းဘက်တွင် အခန်းငယ်လေးများစွာ ရှိနေသည်။ အခန်းတိုင်း၏ တံခါးများကို လက်ဗွေစနစ်နဲ့ သံသော့နှစ်မျိုးစလုံး အသုံးပြုကာ သော့ခတ်ထားသည်။ တံခါးတစ်ချပ်စီတွင် A4 စာရွက်အရွယ်အစားခန့်ရှိသော မှန်တစ်ချပ် တပ်ဆင်ထားပြီး အဲဒီမှန်မှတစ်ဆင့် အခန်းအတွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူတို့ အတွင်းဘက်သို့ တဖြည်းဖြည်း လျှောက်သွားလေလေ ဒေါသပိုထွက်လာလေလေ ဖြစ်သည်။ ပတ်တီးစည်းထားသည့် လူသားများလည်း ရှိသလို ဒေါသတကြီး အော်ဟစ်နေသည့် ဇွန်ဘီများလည်း ရှိနေသည်။ ဇွန်ဘီတွေရဲ့ မျက်လုံးတွေကို ကြည့်ရုံနဲ့ သူတို့အားလုံး အဆင့်တစ် ဒါမှမဟုတ် အဆင့်နှစ်တွင် ရှိနေကြောင်း သိနိုင်သည်။ အရေးကြီးတာက သူတို့သာ အဆင့်တက်သွားကြလျှင် ဒီဓာတ်ခွဲခန်းက သူတို့ကို ဆက်လက်ချုပ်နှောင်ထားနိုင်တော့မည် မဟုတ်ပေ။
“သောက်ကျိုးနည်း!”
ရှင်းဖုန်းက ဇွန်ဘီတွေရဲ့ ကြောက်မက်ဖွယ်မျက်လုံးတွေကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။ သူ ကျိန်ဆဲလိုက်သည်။ ယွမ်ချဲ့ ပြောခဲ့တာ မှန်နေသည်။ သိပ္ပံပညာရှင်လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်နေကြသူတွေဟာ အားလုံး အရူးတွေချည်းပဲ။
ယွမ်ချဲ့က ဘာမှမပြောခဲ့ပေ။ သူ့အရင်ဘဝမှာ ဒီလိုမြင်ကွင်းမျိုးတွေကို မြင်တွေ့ခဲ့ရတာ ကြာပြီဖြစ်၍ အသားကျနေခဲ့ပြီ။
“ဟိုင်ရွှမ်း!”
နောက်ဆုံးအခန်းကို ရောက်မှသာ သူတို့ လုဟိုင်ရွှမ်းကို တွေ့လိုက်ကြသည်။ သူက ကုတင်ပေါ်မှာ ချည်နှောင်ခံထားရပြီး ရုန်းကန်လှုပ်ရှားနေသည်။
“အွန်း… အွန်း…”
လုဟိုင်ရွှမ်းကလည်း သူတို့ကို မြင်လိုက်သည်။ သူ ပိုမိုပြင်းထန်စွာ ရုန်းကန်လိုက်သော်လည်း အော်ဟစ်နိုင်ခြင်းမရှိပေ။ သူ့ပါးစပ်ကို တိပ်ဖြင့် ပိတ်ထားသောကြောင့် ဖြစ်သည်။
ရှင်းဖုန်းက သံတံခါးကို တစ်ဝက်စီ ဆွဲဖြဲဖွင့်လိုက်သည်။ ယွမ်ချဲ့က ချက်ချင်း ဟိုင်ရွှမ်းဆီ ပြေးသွားပြီး ပါးစပ်ပေါ်က တိပ်ကို ခွာကာ ကြိုးတွေကို ဖြတ်ပေးလိုက်သည်။
“ချဲ့… ဒီတစ်ခါတော့ ငါ သေတော့မယ်လို့တောင် ထင်ခဲ့တာ။ ဒီကောင်တွေက ငါ့ခေါင်းကို ခွဲပြီး ဦးနှောက်ကို ဆေးဝါးထဲ ထည့်သုံးကြတော့မလို့။ သူတို့အချင်းချင်း ပြဿနာတစ်ခုခု ဖြစ်နေတဲ့ပုံပဲ။ မဟုတ်ရင် ငါ အခုလောက်ဆို သေသွားလောက်ပြီ…”
လုဟိုင်ရွှမ်းက ယွမ်ချဲ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ သူ့အတွက်တော့ ငရဲထဲကနေ ကယ်ထုတ်ခံလိုက်ရသလိုပင်။
“အရင်ဆုံး ဒီကနေ ထွက်ကြရအောင်။”
ရှင်းဖုန်းက ယွမ်ချဲ့ရဲ့ ခါးကို ဖက်ထားဆဲဖြစ်သည့် လုဟိုင်ရွှမ်း၏လက်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ယွမ်ချဲ့ကို ဆွဲခေါ်ပြီး အပြင်သို့ ထွက်သွားသည်။
“ဟေး! ခဏစောင့်ဦး! ငါ့ကို ဒီမှာ တစ်ယောက်တည်း မထားခဲ့နဲ့လေ!”
လုဟိုင်ရွှမ်းက အော်ဟစ်ငိုယိုရင်း သူတို့နောက်ကို အလျင်အမြန် လိုက်သွားတော့သည်။