အပိုင်း ၃၇ (ဗိုင်းကောင့် လိုတဲရှု)
'ငါ့အကြောင်း ပြောနေကြမယ်ထင်တယ်...'
ရက်ရှ်တာတစ်ယောက် တစ်ဖန်ထပ်၍ တက်လာသော စိုးရိမ်စိတ်များကြောင့် ဧရာမ လိပ်ခုံးပုံဝင်ပေါက်ကို ခဏခဏ လှမ်းကြည့်နေမိသည်။
အထူးညစာစားပွဲသို့ လူအယောက်နှစ်ဆယ်သာ တက်ရောက်ကြခြင်းဖြစ်ကာ ဆိုဗီရ်ရှုပါ အတူပါဝင်သဖြင့် ကိစ္စမရှိလောက်ဟု ထင်သော်လည်း စိတ်ပူနေဆဲပင်။
တော်ဝင်မင်းသား ဟိုင်န်ရီက လူများကို ထူးဆန်းသည့်စကားများ ပြောလေမည်လား။
ဧကရီက ဦးဆောင်ကာ ထူးဆန်းသည့်စကားများ လိုက်ဖြန့်မည့်သူမျိုး မဟုတ်သည့်တိုင် တော်ဝင်မင်းသား ဟိုင်န်ရီကို တားဆီးပေးမည့်ပုံတော့မပေါ်ပေ။
ရက်ရှ်တာက နှုတ်ခမ်းကို ကိုက်လိုက်၊ ပြန်လွှတ်လိုက်လုပ်ရင်း သက်ပြင်းကို ခဏခဏ ချနေမိသည်။
"ဒီနေ့ မျက်နှာထားက ဝမ်းနည်းနေတဲ့ပုံပဲနော်။ အဆင်ပြေရဲ့လားဗျ။"
သူ့ပုံစံကို သတိထားမိသွားသော ဘယ်ရွန် လန့်ထ်က တဟဲဟဲရယ်ရင်း စနောက်သလို မေးခဲ့သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် မပြေပါဘူး။"
"တကယ်လည်း ပွင့်လင်းတာပဲဗျာ။"
ရက်ရှ်တာက ခပ်ဆွေးဆွေးပြုံးကာ ခေါင်းညိတ်လိုက်သည်။
ဘယ်ရွန် လန့်ထ်က ဆိုဗီရ်ရှုပြီးလျှင် ရက်ရှ်တာ အနှစ်သက်ဆုံးသူပင်။
သူက ရက်ရှ်တာကို ဆက်ဆံရာတွင် ခွဲခြားဆက်ဆံမှုမရှိဘဲ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် အငြင်းပွားခဲ့စဉ်က ရက်ရှ်တာ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန်အတွက် လူများထံသို့ ကောလာဟလများကို ဦးဆောင်ဖြန့်ပေးခဲ့သူဖြစ်၏။
ရက်ရှ်တာအနေနှင့် ဘယ်လိုမှမတတ်နိုင်ဘဲ နှစ်သက်သဘောကျမိမည်သာ။
"စိတ်အေးအေးထားပါဗျာ။ တော်ဝင်မင်းသား ဟိုင်န်ရီက ဘယ်လောက်ပဲ ထင်ရာစိုင်းတယ်ပြောပြော အရှင်ဧကရာဇ်ရဲ့ မျက်နှာကိုတော့ ကြည့်ရမှာပါပဲ။ ဒီနေရာက အရှေ့အင်ပါယာဖြစ်သလို အနောက်ဘုရင့်တိုင်းပြည်က အရှိန်အဟုန်နဲ့ အင်အားကြီးလာနေတယ် ဆိုဦးတော့ အရှေ့အင်ပါယာလောက်တော့ အင်အားမရှိသေးပါဘူး။"
"ဟုတ်ကဲ့... "
"လေဒီ ရက်ရှ်တာရဲ့ ဂုဏ်သိက္ခာကို ကျွန်တော် တတ်နိုင်သမျှ ကာကွယ်ပေးပါ့မယ်။ အဲ့ဒါကြောင့် စိတ်ချလက်ချနဲ့ နောက်ဆုံး ပါတီပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါတယ်ခင်ဗျ။"
ရက်ရှ်တာလည်း ထိုအခါမှ ရွှန်းရွှန်းစားစားပြုံးကာ ခေါင်းညိတ်လိုက်သည်။
သူ ရွှန်းရွှန်းစားစားပြုံးလိုက်မှသာ ပတ်ဝန်းကျင် အငွေ့အသက်အနေအထားကလည်း ချက်ချင်း တောက်ပလာတော့၏။
စိတ်အခြေအနေမကောင်းဘူးဟုတွေးကာ မချဉ်းကပ်ဝံ့ကြသူများပင် တစ်ယောက်ပြီးတစ်ယောက် သူ့ဘေးနားသို့ စုရုံးလာကြကာ မကြာမီ ရက်ရှ်တာ၏ ပတ်ဝန်းကျင်က နှစ်သစ်ကူးပွဲတော်အတွင်း သူနှင့် ရင်းနှီးလာသူများ၊ ရင်းနှီးလိုသူများဖြင့် ပြည့်နှက်သွားလေတော့၏။
ရက်ရှ်တာတစ်ယောက် အပျော်လွန်ကာ လေထဲမြောက်နေသလို ခံစားရသည်။
ထောက်ထားစဉ်းစားပေးသည့်သဘောလား သို့မဟုတ် ဂရုမစိုက်ခြင်းပေပဲလားမသိ၊ ရက်ရှ်တာကို ဘာကြောင့် အထူးညစာစားပွဲသို့ မတက်ရောက်သလဲဟု မေးမည့်သူ တစ်ယောက်မှမရှိခဲ့ပေ။
ရက်ရှ်တာလည်း သူ့ထက် ငါးဆပို၍ အသက်ကြီးသော ဝိုင်ကို တစ်ငုံချင်းသောက်ရင်း မှူးမတ်အနွယ်တော်များ လောင်းချပေးသော ချီးမွမ်းမြှောက်ပင့်မှုများကို ကျေနပ်စွာ လက်ခံနေခဲ့သည်။
“ကျွန်မကတော့ လေဒီ ရက်ရှ်တာရဲ့ ဟောဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ ငွေရောင်ဆံပင်နဲ့ မည်းနက်နေတဲ့ မျက်လုံးတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့သဘောတရားကို တကယ် အားကျမိတာပဲ။”
“ဖြူစင်တဲ့ အငွေ့အသက်ကို ပေးနေတာလေ။ နတ်သမီးရေခွက်ပန်းလေးနဲ့ မတူဘူးလားရှင်။”
“တူအာနီယာ မြို့စားကတော်လည်း အခုလို နာမည်ကောင်းကို ဆက်ထိန်းထားချင်ရင် သတိထားရတော့မယ်ထင်တယ်။”
လူမှုရေးလောက၏ လိပ်ပြာလေးဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် တူအာနီယာ မြို့စားကတော်က အထူးညစာစားပွဲ တက်ရောက်နေ၍ပဲလား။
ယနေ့ကျမှ ရက်ရှ်တာ့ထံသို့ ပို၍များပြားသည့် လူများ ချဉ်းကပ်လာနေသလို ထင်ရသည်။
'ဒီနေ့တော့ ငါက လူမှုရေးလောကရဲ့ လိပ်ပြာလေး ဖြစ်နေပြီပဲ။'
ရက်ရှ်တာတစ်ယောက် ခံစားချက်ကောင်းစွာ ယစ်မူးလာတော့သည်။
ဧကရာဇ်၏ချစ်သူ မဖြစ်မီတွင် သူ့အလှက အဆိပ်လို ဖြစ်ခဲ့ဖူး၏။
မိမိ၏ အလှကို မည်သို့အသုံးပြုရမည်မှန်း သိခဲ့သော်လည်း ယင်းကို သိနိုင်သည်အထိ အမှားအယွင်း အများအပြားရှိခဲ့သလို၊ အလှကို လက်နက်အဖြစ် အသုံးပြုရာတွင် ကျွမ်းကျင်လာပြီးသည့်နောက်မှာပင် ကြိုးတန်းပေါ်၌ လမ်းလျှောက်နေရသလို အမြဲစိုးရိမ်ထိတ်လန့်နေခဲ့ရသည်။
သို့သော် ဤနေရာတွင်တော့ မတူပေ။
လူတိုင်းက သူ့ကို ချီးမွမ်းကြကာ ချစ်ခင်ပေးကြသည်။
သူ့ကို အကာအကွယ်ပေးနေသူက ကမ္ဘာပေါ်တွင် အမြင့်ဆုံးလူဖြစ်ပြီး သူ့အား ခြိမ်းခြောက်နိုင်မည့်သူလည်း မရှိပေ။
“ဒါနဲ့ လေဒီ ရက်ရှ်တာက အထူးညစာစားပွဲကို သွားမယ်လို့ ပြောခဲ့တယ်မဟုတ်လားရှင့်။ ဒီနေ့ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲဟင်။”
သို့သော်လည်း ကျေနပ်ရွှင်လန်းနေသည့် စိတ်အခြေအနေက နာရီဝက် မပြည့်မီမှာပင် တစ်စုံတစ်ယောက်က စိတ်မသက်မသာ ဖြစ်စေမည့် မေးခွန်းတစ်ခု ထုတ်လာသည်။
ရက်ရှ်တာက ထိုမေးခွန်းမေးသူကို ကြည့်လိုက်၏။
မှတ်မှတ်ရရရှိလောက်သည့် မှူးမတ်အနွယ်တော်တော့ မဟုတ်ပေ။
အဆင့်မြင့် မှူးမတ်အနွယ်တော်လည်း မဟုတ်သလို၊ အပိုင်စားရသည့်နယ်မြေကလည်း မကြီးမားဘဲ နန်းတော်၌ အရေးကြီးသည့်အလုပ်ကိုလည်း မလုပ်ရသူဖြစ်၏။
ပထမဆုံးနေ့က ခဏတာ ပေါင်းဖူးရုံသက်သက်သာရှိသူပင်။
သို့သော် အရေးမပါသော ထိုမှူးမတ်အနွယ်တော်၏ မေးခွန်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း တိတ်ဆိတ်သွားကြသည်။
လူတိုင်းက ဘာမှမပြောကြသော်လည်း သိချင်နေပုံရ၏။
“အဲ့ဒါက...”
ရက်ရှ်တာလည်း ဦးနှောက်ကို အမြန်သုံးကာ လိမ်ညာလိုက်သည်။
“ရက်ရှ်တာကပဲ ရပါတယ်လို့ ပြောလိုက်တာပါ။”
“ဪ... လေဒီ ရက်ရှ်တာကလား။”
“အထူးညစာစားပွဲကို တိုင်းတစ်ပါးက အရေးကြီးတဲ့ ဧည့်သည်တော်တွေ အဓိက တက်ရောက်ကြတာမဟုတ်လားရှင့်။ ရက်ရှ်တာ တက်ရောက်တာထက်စာရင် ကျွန်မတို့ အရှေ့အင်ပါယာအတွက် အကျိုးရှိစေမဲ့သူ တစ်ယောက်ယောက် တက်ရောက်တာကမှ ပိုကောင်းမယ်ထင်လို့ပါ။”
သူ၏ ပိုင်နိုင်သော အဖြေကြောင့် ပတ်ဝန်းကျင်မှ ချီးကျူးသံများ ထွက်ပေါ်လာသည်။
“လေဒီ ရက်ရှ်တာက ချစ်သူအဖြစ်နဲ့ပဲ ရပ်တန့်နေဖို့အတွက် တကယ်ကို ထက်မြက်လွန်းတဲ့သူပဲနော်။”
“ဟုတ်ပါရဲ့။ နတ်ရွာစံ ဧကရာဇ်ရဲ့ ချစ်သူတွေထဲမှာဆိုရင် အများစုက ဒီအတိုင်း ပိုက်ဆံပဲသုံးပြီး ပါတီပွဲတွေပဲ ကျင်းပနေခဲ့ကြတာ။ တိုင်းပြည်ရဲ့ အခြေအနေတို့၊ နိုင်ငံတကာရေးရာတို့မှာ လုံးဝ စိတ်ဝင်စားကြတာမဟုတ်ဘူး။ လေဒီ ရက်ရှ်တာကတော့ အဲ့ဒီလိုလူတွေနဲ့ ကျိန်းသေပေါက် ကွာခြားတာပဲ။”
ရက်ရှ်တာက မနေတတ်သလိုပြုံးပြကာ အကြည့်ကို အောက်ချလိုက်သည်။
သူတို့၏ ချီးကျူးမြှောက်ပင့်စကားများက မူးယစ်ဆေးဝါးသဖွယ် သူ့အား စွဲလမ်းစေ၏။
“ရက်ရှ်တာက အရှင်ဧကရာဇ်ကို ကူညီပေးရမှာပေါ့ရှင်။”
ချစ်စဖွယ် ရေရွတ်လိုက်သော ရက်ရှ်တာက နည်းနည်း မူးလာသလိုပဲဟု ပြောနေရင်းမှပင် အခြားဝိုင်တစ်မျိုးကို သောက်ရန် လက်လှမ်းလိုက်သည်။
ရက်ရှ်တာကို ပေးရန်အတွက် အမျိုးမျိုးသော ဝိုင်ခွက်များကို မှူးမတ်အနွယ်တော်လူငယ်များစွာက အလျင်အမြန် ကမ်းပေးကြ၏။
ရက်ရှ်တာက ထိုအထဲမှ ခပ်ဖျော့ဖျော့ ခရမ်းရောင်သမ်းနေသည့် ရှည်သွယ်သွယ် ဖန်ခွက်ကို ဆွဲယူလိုက်သည်။
ရွေးချယ်ခံလိုက်ရသည့်အလား ထိုလူငယ်၏ မျက်နှာက ဝင်းပသွား၏။
ထိုအချိန်တွင် ထိုလူငယ်၏ ပခုံးထက်မှကျော်ကာ ဤနေရာတွင် ရှိမနေသင့်သူကို မြင်လိုက်ရသည်။
ရက်ရှ်တာတစ်ယောက် ချက်ချင်းပင် ဖန်ခွက်ကို လွှတ်ချလိုက်မိ၏။
ခွမ်းခနဲအသံနှင့်အတူ ပြုတ်ကျသွားသော ဖန်ခွက်က အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလေသည်။
“လေဒီ ရက်ရ်ှတာ။ အဆင်ပြေပါရဲ့လား။”
“ရပါရဲ့လား။”
ရက်ရှ်တာက ပြန်မဖြေနိုင်ဘဲ ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်သည်။
သို့သော် သူ့အား လန့်သွားစေခဲ့သူက ထိုနေရာတွင် မရှိတော့ပေ။
'ထင်ယောင်ထင်မှားဖြစ်တာများလား...'
ရက်ရှ်တာ၏ ရင်ထဲ၌ အေးစက်သွားတော့သည်။
ဝိုင်မူးနေသောကြောင့်ပဲ ဖြစ်မလားမသိပေ။
‘တအားအများကြီး သောက်မိသွားပြီထင်တယ်။’
အစေခံများက ကွဲသွားသော ဖန်ခွက်အပိုင်းအစများကို ဗန်းထဲထည့်ကာ ကြမ်းပြင်ပေါ် စီးကျနေသော အရက်များကို အဝတ်ခြောက်ဖြင့် သုတ်နေစဉ် ရက်ရှ်တာက စောစောက 'ထိုလူ' ကို မြင်ခဲ့ရသော နေရာသို့ အကြိမ်ကြိမ် လှမ်းကြည့်နေခဲ့သည်။
“ဘာဖြစ်တာလဲ၊ လေဒီ ရက်ရှ်တာ။”
ဘယ်ရွန် လန့်ထ်က စိုးရိမ်တကြီးမေးကာ ရက်ရှ်တာ လှမ်းကြည့်နေသည့်ဘက်သို့ အကြည့်ပို့လိုက်သည်။
ရက်ရှ်တာက သူ့အဝတ်စကို အမြန်ဆွဲကိုင်လိုက်ကာ ထိုဘက်သို့ မကြည့်နိုင်စေရန် တားဆီးရင်း မေးလိုက်၏။
“ဘယ်ရွန် လန့်ထ်၊ မေးစရာလေးရှိလို့ပါ။”
“...”
“နှစ်သစ်ကူးပွဲတော်မှာ ပထမဆုံးနေ့နဲ့ ဒုတိယနေ့မှာ မလာတဲ့ မှူးမတ်တွေက... နောက်၊ နောက်ဆုံးနေ့ကျမှ တက်ရောက်တာမျိုးရော ရှိလားရှင့်။”
“ရှိတာပေါ့ဗျ။ အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းမလာနိုင်တာမျိုးလည်း ရှိနိုင်တာကိုး။”
ရက်ရှ်တာက ယခုတစ်ကြိမ်တွင် အသံကို ပိုနှိမ့်၍ မေးလိုက်သည်။
“ဒါဆို နှစ်သစ်ကူးပွဲတော်ကို နယ်ဘက်က မှူးမတ်အနွယ်တော်တွေရော တက်ရောက်ကြလားဟင်...။ နယ်မြေက တအားသေးတဲ့ ကျေးလက်က မှူးမတ်တွေရောလား။ နှစ်သစ်ကူးပွဲတော်မှာ ဧည့်သည်တွေကို ရွေးပြီးဖိတ်တာ မဟုတ်ဘူးလားရှင့်။”
“ဟုတ်ပါတယ်။ ရွေးပြီးတော့ ဖိတ်တာပေါ့။ ဒါပေမဲ့ နယ်မြေသေးတဲ့ မှူးမတ်အနွယ်တော်ဖြစ်နေရင်တောင် ဖိတ်ကြားခံရရင် တက်ရောက်နိုင်ပါတယ်။”
“နှစ်အတော်ကြာ မတက်ရောက်ဖူးတဲ့သူဆိုရင်ရော။”
“သတ်မှတ်ထားတဲ့ကာလတစ်ခုအထိ မတက်ရောက်နိုင်ခဲ့ဘူးဆိုရင် အဲ့ဒီအကြောင်းပြချက်နဲ့ ဖိတ်စာ ပို့ပေးပါတယ်။ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားအောင်တော့ လုပ်လို့မရဘူးမဟုတ်လားဗျ။”
ရက်ရှ်တာ၏ နှုတ်ခမ်းများ တုန်ယင်လာတော့ ဘယ်ရွန် လန့်ထ်၏ မျက်နှာအမူအရာက ညိုမှောင်လာတော့သည်။
“လေဒီ ရက်ရှ်တာ။ တကယ်ပဲ ဘာဖြစ်နေတာလဲဗျ။”
ရက်ရှ်တာက ခေါင်းခါကာ ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ကြည့်ပြီး သူ့လက်ထဲသို့ ဝိုင်ခွက်ကို အတင်းထိုးပေးသလို ကမ်းပေးခဲ့သည်။
“ရက်ရှ်တာ၊ ရက်ရှ်တာ ဒီလောက်နဲ့ပဲ ပြန်ပါတော့မယ်။ မူးနေပြီထင်တယ်ရှင့်။”
ရက်ရှ်တာက ခြေမကိုင်မိလက်မကိုင်မိ ပြန်ဖြေကာ လူအုပ်ကြားထဲမှ ထွက်ခွာနိုင်ရန် လက်ကိုဝှေ့ယမ်းလိုက်သည်။
မူးယစ်မှုကြောင့် မှားယွင်းမြင်လိုက်ခြင်းဆိုလျှင် ကိစ္စမရှိသော်လည်း မှားယွင်းမြင်ခြင်း မဟုတ်လျှင်တော့ အန္တရာယ်ရှိနေပေပြီ။
ထိုလူ... ဗိုင်းကောင့် လိုတဲရှု။
သူ ကျွန်အဖြစ် နေခဲ့သည့် နယ်မြေ၏ နယ်မြေအရှင်သခင်။
သူက ရက်ရှ်တာ့ မျက်နှာကို သိနေသည်။
ထိုစဉ်မှာပင်။
ရက်ရှ်တာ၏ နောက်ကျောဘက်ဆီမှ ‘ဘုရားရေ။ အမြင်မှားတာ မဟုတ်ဘူးပဲ’ ဟူသော ဩရှရှ အသံကြီးကို ကြားလိုက်ရသည်။
ရက်ရှ်တာ၏ ကျောရိုးတစ်လျှောက်တွင် ကြက်သီးမွေးညင်းများ အလိုလို ထလာ၏။
ခေါင်းထဲတွင် ဖြူဖွေးသွားသော်လည်း မျက်စိရှေ့တွင် မှောင်မိုက်သွားသည်။
ယိုင်လဲကျတော့မည့် ရက်ရှ်တာကို ဘယ်ရွန် လန့်ထ်က အလျင်အမြန် တွဲကူလိုက်ရ၏။
“လေဒီ ရက်ရှ်တာ။”
ဘယ်ရွန် လန့်ထ်က သူ့ကို စိုးရိမ်တကြီး ခေါ်လိုက်သော်လည်း တုံ့ပြန်နိုင်ခြင်းမရှိခဲ့။
“လေဒီ ရက်ရှ်တာတဲ့လား။”
သြရှရှအသံက ပိုမိုနီးကပ်လာ၏။
ခနဲ့တဲ့တဲ့အသံတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။
“ဘယ်မှာဘာတွေလုပ်နေပါလိမ့်လို့ တွေးနေတာကို။ သရုပ်မှန်အထောက်အထားကို လျှော်ဖွပ်ဆေးကြောဖို့ လုပ်နေတာလား။”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
“လောကကြီးက တယ်လည်း တိုးတက်လာတာပဲ။ ကျွန်ပြေးကိုတောင် လေဒီအနေနဲ့ လက်ခံတယ်ပေါ့လေ။ ဟင်။”
~~~~
Miel's Translations