အပိုင်း ၃၂ (မျက်ရည်သည်လည်း ရေသို့သာ)
ရက်ရှ်တာလည်း မသိသည့်ပုံပင်။ မျက်လုံးအဝိုင်းသားနှင့် ဆိုဗီရ်ရှုကို ကြည့်နေ၏။
မျက်ရည်များ မျက်လုံးနားတစ်ဝိုက်တွင် စိုစွတ်ကာ မျက်တောင်လေးများတွင် ခိုတွဲနေသည့် သူ့ပုံစံလေးက ချစ်ချင်စဖွယ်အတိဖြစ်နေသည်။
“တကယ်လားဟင်၊ အရှင်ဧကရာဇ်။”
“ငါ့ကြောင့်နဲ့ မင်း အထင်လွဲခံလိုက်ရတာပဲ။”
ဆိုဗီရ်ရှုက ခေါင်းညိတ်ပြကာ တောင်းပန်သလို ပြောလိုက်တော့ ရက်ရှ်တာက ရယ်သလား၊ ငိုသလား မသိနိုင်သည့် မျက်နှာထားနှင့် ခေါင်းခါခဲ့သည်။
“မဟုတ်တာ။ ရက်ရှ်တာ ဝမ်းသာလွန်းလို့ပါ။ ရက်ရှ်တာအတွက် အဲ့ဒီလိုလုပ်ပေးခဲ့တာ မဟုတ်လားရှင့်။”
ကျွန်မ လက်ချောင်းများကိုကွေးကာ အလိုလို လက်သီးဆုပ်လိုက်မိသည်။
ဆိုဗီရ်ရှု၏ လုပ်ရပ်နှင့် ရက်ရှ်တာ၏ အထင်လွဲမှုကြောင့် လူရယ်စရာ ဖြစ်ခဲ့ရသူက ကျွန်မကို။
ဆိုဗီရ်ရှုက ရက်ရှ်တာကို တောင်းပန်နေကာ ရက်ရှ်တာ ဤကိစ္စကို ဝမ်းသာပီတိဖြစ်ရသည်ဟု ပြောနေလေသည်။
ယခုမတိုင်ခင်အထိ ရက်ရှ်တာက 'စိတ်ထဲ ထည့်မထားချင်တဲ့သူ၊ မကြိုက်၍ မသိချင်ယောင်ဆောင်ပြီး နေချင်တဲ့သူ' ဖြစ်ခဲ့သည်ဆိုလျှင်ပင် ယခုတော့ အတိအလင်း အသေအချာ မုန်းတီးသွားပေပြီ။
ပြီးတော့ ထိုထက်ပိုပြီး ဆိုဗီရ်ရှုကို မုန်းတီးမိ၏။
သည်းမခံနိုင်တော့သဖြင့် ကျွန်မ ပါးစပ်ဖွင့်လိုက်သည်။
“ဒီကိစ္စက အရှင်ဧကရာဇ်ရဲ့ အမှားဆိုရင်......”
တူနှစ်ကိုယ် ပန်းနုရောင်ဆန်ဆန် အငွေ့အသက်ထဲ နစ်မျောနေခဲ့သည့် ဆိုဗီရ်ရှုက ဆတ်ခနဲ တွန့်သွားကာ ခေါင်းလှည့်ကြည့်လာသည်။
ဒီအတိုင်း ကိစ္စပြီးသွားပြီဟု ထင်ထားခဲ့သည်ကို ကျွန်မက စကားဆက်ပြောလာသဖြင့် အံ့ဩသွားသည့် အပြုအမူပင်။
သူ၏အကြည့်ကို ခံယူရင်း ကျွန်မ အတတ်နိုင်ဆုံး အေးစက်စွာ ပြုံးလိုက်သည်။
“အရှင်ဧကရာဇ်ကို အပြစ်တင်ရမှာပေါ့။ ကိုယ်တိုင်လည်း တာဝန်ယူပြီးတော့ ဝန်ခံပြီးနေပြီပဲ။”
“...”
“ဘယ်လောက်ပဲ အရှင်ဧကရာဇ် ဖြစ်နေပါစေ သူတစ်ပါးရဲ့ နာမည်ကို လက်လွတ်စပယ် ယူသုံးတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ မဟုတ်ဘူးလား၊ အရှင်ဧကရာဇ်။”
ဆိုဗီရ်ရှုက မယုံနိုင်သလို မျက်လုံးများဖြင့် ကျွန်မကို စိုက်ကြည့်ရင်း မေးလာသည်။
“အဲ့ဒါကို မဖြစ်မနေ ဒီနေရာမှာ ပြောဆိုပြီးရှင်းလင်းမှ ဖြစ်မှာလား။”
“ဟုတ်ပါတယ်။ စွပ်စွဲချက်ကို ဝန်ခံပြီးပြီဆိုတော့ ချက်ချင်း စစ်ဆေးမေးမြန်းရမယ် မဟုတ်ဘူးလားရှင့်။”
“……”
ဆိုဗီရ်ရှု၏ မျက်နှာထားက မှောင်ကျသွားတော့သည်။
သူက ခေါင်းကို ကျွန်မဘက်သို့ လှည့်ထားရင်း ရက်ရှ်တာနှင့် တော်ဝင်မင်းသား ဟိုင်န်ရီတို့၏ အရိပ်အခြည်ကို မသိမသာ ခိုးကြည့်နေကြောင်း မြင်လိုက်ရ၏။
ချစ်ရသူ မိန်းကလေးနှင့် ဂုဏ်သရေရှိ အမျိုးသား၏အရှေ့တွင် မာနထိခိုက်ရမည်ပင်။
သို့သော် သူ အလေးထား ထိန်းသိမ်းလိုသော မာနက ဧကရာဇ်တစ်ပါးအနေနှင့်မဟုတ်၊ ယောက်ျားတစ်ယောက်အနေနှင့်သာဖြစ်၏။
မိန်းမတစ်ယောက်အနေနှင့်ရော၊ ဧကရီတစ်ပါးအနေနှင့်ပါ မာနအားလုံး ကြေမွခဲ့ရသည့် ကျွန်မက သူ့၏ ယောက်ျားမာနကို ထိန်းသိမ်းရန် ကူညီပေးသင့်ပါရဲ့လား။ မကူညီသင့်ပေ။
“ဒီတော့ လိုချင်တာကဘာလဲ။ ငါ့ကိုရော ရက်ရှ်တာလိုမျိုး ငိုစေချင်တာလား။”
“တောင်းပန်ပါ။”
“တောင်းပန်ရမယ်။”
“ကျွန်မနာမည်ကို လိမ်လည်သုံးစွဲခဲ့တဲ့ကိစ္စအတွက် တောင်းပန်ပါ။”
“တောင်းပန်တယ်။ ဒီလောက်ဆို ရပြီလား။”
“ရက်ရှ်တာက မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဟိုနေရာ ဒီနေရာ လိုက်ဖြန့်ခဲ့တဲ့အတွက် အရှင်ဧကရာဇ်အနေနဲ့ တာဝန်ယူပြီး အဲ့ဒီကိစ္စကို သေချာလေး အမှန်ပြင်ပေးစေချင်ပါတယ်။”
ဆိုဗီရ်ရှုက သက်ပြင်းချသည့်အသံပြုလိုက်သည်။
“တကယ်ပဲ ဒီလိုလုပ်မှ ဖြစ်မှာလား။"
“အရှင်ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမှာကို စိုးရိမ်နေတာလားရှင့်။ ကျွန်မရဲ့ ဂုဏ်သိက္ခာကတော့ ပျက်စီးခဲ့ပြီးသားပါ။”
“ရက်ရှ်တာဆီကို လက်ဆောင်လေး နည်းနည်းပါးပါး ပို့လိုက်ရုံနဲ့ ထိခိုက်သွားရတဲ့ ဂုဏ်သိက္ခာဆိုရင် နဂိုကတည်းက ခနော်ခနဲ့ တိမ်ကောပြီးသား ဂုဏ်သိက္ခာမို့လို့နေမှာပေါ့။”
“အဲ့ဒီလိုဆိုရင် အဲ့ဒီကိစ္စအတွက် ပြင်ဆင်ဖြေရှင်းတာကိုလည်း ခနော်ခနဲ့ တိမ်ကောတဲ့ပုံစံမျိုးနဲ့ ဆောင်ရွက်လို့ရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံး ပြီးမြောက်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”
“နဂိုကတည်းက ဧကရီကိုယ်တိုင် လုပ်ရမဲ့ကိစ္စပဲကို။ ဘာမှတော့မလုပ်ဘဲနဲ့ နာမည်လေး ငှားသုံးခဲ့ရုံကို အဲ့ဒီလောက်တောင် မနှစ်မြို့စရာဖြစ်ရမဲ့ကိစ္စလား။”
“ဟုတ်ပါတယ်။”
“ဘာလို့ ဒီလောက်တောင် သဘောထား သေးသိမ်ရတာလဲ။ အရင်က အဲ့ဒီလိုမဟုတ်ပါဘူးနော်။”
“ငါ ပြောချင်နေတဲ့စကားပဲ။ ပြီးတော့ တရင်းတနှီးစကားမပြောနဲ့၊ ဆိုဗီရ်ရှု။”
~~~~
အေးစက်ကာ ခဲနေသည့်ရေခဲနှယ် အသွင်အပြင်နှင့် မျက်နှာထားကလည်း ဘာခံစားချက်မှမရှိသည့်အလား တည်ကြည်လှသည်။
ဟိုင်န်ရီတစ်ယောက် မှင်တက်ကာ အကြောင်သား ရပ်နေရင်း ဧကရီ၏ ဘေးတစောင်းပုံရိပ်ကို စိုက်ကြည့်နေမိ၏။ ထိုနှုတ်ခမ်းမှ ထွက်ပေါ်လာသော နိမ့်ပြီး နူးညံ့ညင်သာသည့် အသံကို သဘောကျသလို၊ အေးစက်သော အသံကလည်း အင်မတန် နားထောင်၍ကောင်းလှသည်။
အဲ့ဒီလို လေသံမျိုးနဲ့ ငါ့နာမည်ကို ခေါ်မယ်ဆိုရင် ဘယ်လိုခံစားရလောက်မလဲ။
စိတ်လှုပ်ရှားဖွယ် စိတ်ကူးများကြောင့် ဟိုင်န်ရီလည်း တံတွေးကို မျိုချလိုက်မိ၏။
အထက်စီးဆန်သော ထိုဧကရီ၏ရှေ့တွင် ဒူးထောက်ကာ သူ့လက်ကလေးပေါ်၌ အနမ်းများ ကြဲချပစ်လိုစိတ်ပေါ်လာသည်။
သူ့ထံမှ အေးစက်သော အမိန့်ကို ကြားနာလိုသည်။ သူ့အမိန့်ကို နာခံလိုက်နာခြင်း၊ ဝပ်တွားခစားခြင်းနှင့် ဆန့်ကျင်ပုန်ကန်ခြင်းတို့ ပြုလုပ်ပါက မည်သို့သော အရသာမျိုးရှိလောက်မည်နည်း။
အစကတော့ သိလိုစိတ်သက်သက်သာ။
ဝေးကွာသော တိုင်းပြည်များအထိ သတင်းကြီးသော ဧကရီအား စူးစမ်းချင်၍ နန်းတော်သို့ ရောက်လာတော့ ဧကရီနန်းဆောင်ကိုပါ တစ်ပါတည်း လှည့်ပတ်ကြည့်ရှုခဲ့မိသည်။
သံဖြင့်ပြုလုပ်ထားသည်ဟူ၍သော်လည်းကောင်း၊ ရေခဲဖြင့် ဖန်တီးထားသည်ဟူ၍သော်လည်းကောင်း ကောလာဟလများ ရှိနေသော်လည်း ငှက်ကလေးကို ဆက်ဆံပုံက သာမန်ဆန်ကာ ချစ်စဖွယ်ကောင်းလှ၏။
သို့သော် ကောလာဟလများက အင်မတန် ခိုင်မာလှသဖြင့် သာမန်ဖြစ်နေသည့်ပုံစံကပင် ပို၍စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။
လူရှေ့တွင် ကြံ့ကြံ့ခံသောပုံစံကို ပြသော်လည်း နောက်ကွယ်တွင် ငိုနေသည့်ပုံစံလေးက ကရုဏာသက်ဖွယ်ရာလည်းဖြစ်ပြန်၏။
ထိုသို့နေရာမှ မျက်ရည်ကို အတင်းမျိုချရင်း တစ်ယောက်တည်း ရေရွတ်နေသည်ကို ကြားလိုက်သည်။
ပြည်သူတွေ လိုချင်တာက ဧကရာဇ်ရဲ့အချစ်ကိုရတဲ့ ဧကရီ မဟုတ်ဘူးဟူ၍။
ထိုပုံစံကိုမြင်တော့ အံ့မခန်းလေးစားစရာပဲဟု တွေးခဲ့မိသည်။
ကြံ့ကြံ့ခံသောအသွင်အောက်တွင် နူးညံ့သည့်ပုံစံ ရှိနေသည်ဟု ထင်ခဲ့မိရာမှ တစ်ဖန် ထိုအောက်တွင် ပို၍ကြံ့ကြံ့ခံသည့်ပုံစံက ရှိနေပြန်သည်ဆိုတော့။
စူးစမ်းလိုစိတ်နှင့် နှစ်သက်သဘောကျမှုကြားရှိ မသိမသာ ထိုခံစားချက်လေးက တကယ်တမ်း တွေ့ဆုံပြီးသည့်နောက်တွင် ဧကရီ၏ စိတ်မဝင်စားသလို ပြုမူဆက်ဆံပုံနှင့် ကြုံရတော့ ပူပန်ကြောင့်ကြမှုအဖြစ် ပြောင်းလဲသွားလေသည်။
ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ရတဲ့အထိ ချဉ်းကပ်ဖို့ ကြိုးစားနေတာကို ဘာလို့ လျစ်လျူရှုနေရတာလဲ။ ဘာလို့ မသိချင်ယောင်ဆောင်နေရတာလဲ။ ဘာလို့ ငါ့ကိုရှာဖို့ မကြိုးစားရတာလဲ။
အပြန်အလှန်ပေးပို့ခဲ့ကြသည့် စာများမှတစ်ဆင့် ဖလှယ်ခဲ့ကြသော သက်သောင့်သက်သာ ခံစားချက်၊ ရင်ထဲမရိုးမရွဖြစ်ဖွယ် နိစ္စဒူဝ ဟာသစကားများက သူတစ်ယောက်တည်း၏ တစ်ဖက်သတ်ခံစားချက်များသာ ဖြစ်ခဲ့လေသလား။
မာနထိခိုက်ရသလို ဧကရီကိုလည်း သူ့အား တစ်ကြိမ်လောက်တော့ သေသေချာချာ ကြည့်လာစေချင်မိသည်။
ပြီးတော့ ဧကရီနှင့် နီးစပ်လာလေလေ ဒေါသထွက်လာလေလေပင်။
သူ့ကို ဤမျှအထိ နာကျင်တမ်းတစေသော အမျိုးသမီးအား ထူးဆန်းသောဟာတွေက ဒုက္ခပေးနေသည်ကို စိတ်တိုမိ၏။
နှစ်ပေါင်းများစွာ တောက်လျှောက်ထိန်းသိမ်းလာခဲ့သော ပုံရိပ်ကိုပင် ထိန်းသိမ်းရခက်လာသည့် အခြေအနေဖြစ်၍ လွန်ခဲ့သောမိနစ်ပိုင်းက တကယ် ရန်ပွဲဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။
“ဧကန္တ ရက်ရှ်တာကို မနာလိုဖြစ်နေတာမဟုတ်ဘူးလား။”
ဆိုဗီရ်ရှု၏ စော်ကားမှုကြောင့် ဧကရီ၏ မေးရိုးများ တင်းမာသွားသည်ကို မြင်သောအခါ ဟိုင်န်ရီတစ်ယောက် ယခင်ထက်ပင် ပို၍ပြင်းထန်သော စိတ်လိုက်မာန်ပါလုပ်လိုမှု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလေသည်။
အေးစက်သွားသော ဧကရီက ဆွဲဆောင်မှုရှိသော်လည်း သူ့ကို အေးစက်သွားစေသည့် အရာများကတော့ ဟိုင်န်ရီကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။
လုံးဝ ပြဿနာဖန်တီးလို့မဖြစ်ဘူးနော်ဟု ထပ်ခါတလဲလဲ သတိပေးခဲ့သော မက်ကန်နာ၏ အသံက သူ့နားထဲတွင် တဝီဝီမြည်နေသည်။
ဧကရီ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် တရားဝင် ရှေ့မထွက်နိုင်သော မိမိကိုယ်ကိုယ် စိတ်ပျက်မိရ၏။
“အရှေ့အင်ပါယာရဲ့ ဧကရာဇ်က အမြင်မရှိပါလား။”
နောက်ဆုံးတွင် ဟိုင်န်နရီတစ်ယောက် ထိုစကားတစ်ခွန်းကို ပြောလိုက်တော့သည်။
ဤအကြောင်းကို သိသွားပါက မက်ကန်နာ ဒေါသထွက်ပေလိမ့်မည်။ ယခုလို ဘုရင်မင်းမြတ်က နာမကျန်းဖြစ်ကာ ပြည်တွင်းရေးအခြေအနေ မတည်မငြိမ်ဖြစ်နေသည့်အချိန်တွင် ဘာကြောင့် အင်အားအကြီးဆုံးတိုင်းပြည်ဖြစ်သည့် အရှေ့အင်ပါယာ၏ ဧကရာဇ်နှင့် အပြိုင်အဆိုင် စကားအတိုက်အခံလုပ်ရသလဲဟူ၍။
သို့သော် ဘာမှဝင်မပြောဘဲလည်း မနေနိုင်ပေ။
“တော်ဝင်မင်းသား ဟိုင်န်ရီ ဝင်ပါရမဲ့ကိစ္စမဟုတ်ဘူး။”
“ကျွန်တော်က မျက်မြင်သက်သေဖြစ်နေတာကို ဘယ်လိုများ ဝင်မပါဘဲ နေနိုင်မှာလဲဗျ။”
ရွှန်းရွှန်းစားစားပြုံးလိုက်သည့် ဟိုင်န်ရီက ဧကရီ၏ ဘေးနားသို့ သွားရပ်ကာ ထပ်ပြောလိုက်သည်။
“ဧကရီ အရှင်မ၊ ဒီကိစ္စရဲ့ အမှန်တရားကို ကျွန်တော်က ဟိုနေရာ၊ ဒီနေရာမှာ သေသေချာချာလေး သတင်းဖြန့်ပေးမှာမို့လို့ စိတ်မပူပါနဲ့ခင်ဗျ။ ဧကရီအရှင်မရဲ့ ဂုဏ်သတင်းက အရှင်ဧကရာဇ်ရဲ့ ‘အမှား’ ကြောင့် ညှိုးနွမ်းစရာအကြောင်းမရှိပါဘူး။”
နောက်ပိုင်းတွင် အခြေအနေ ပိုဆိုးလုနီးပါး ဖြစ်ခဲ့သော်လည်း စောင့်ဆိုင်းနေသော မက်ကန်နာ ပြေးဝင်လာသဖြင့် ကိစ္စက ထိုနေရာမှာပင် အခြေအနေမပျက် ငြိမ်သက်သွားလေသည်။
“ပုံရိပ်ကို ထိန်းသိမ်းရမယ်ဆို။ ထိန်းသိမ်းတဲ့ လမ်းကြောင်းကို ပြောင်းလိုက်တာလားဗျ။”
မက်ကန်နာ၏ ပူညံပူညံပြောသံများကို လျစ်လျူရှုရင်း ဟိုင်န်ရီက ဘာမှမပြောဘဲ တောင်နန်းဆောင်သို့ လျှောက်သွားခဲ့သည်။
“အရှင့်သား၊ ပုံမှန်လုပ်နေကျအတိုင်းသာ လုပ်ပါဗျာ။ အရှေ့ထွက်ပြီး တိုက်ခိုက်မနေဘဲ နောက်ကွယ်ကနေသာ တိုက်ခိုက်ပါလို့။ ကိုယ့်ရဲ့ ကျွမ်းကျင်ရာကို ပစ်ထားပြီး မလုပ်ဖူးတာကို ဘာလို့ လုပ်ချင်ရတာပါလဲ။ အဲ့ဒါအပြင် မလုပ်ဖူးတဲ့အရာကိုလုပ်ဖို့ ကြိုးစားတဲ့ တစ်ဖက်လူကလည်း ဘာလို့ အင်အားအကြီးဆုံး အရှေ့အင်ပါယာရဲ့ ဧကရာဇ် ဖြစ်နေရတာလဲ။ ဒီလိုဆိုရင် လျှို့ဝှက်ထောက်လှမ်းခဲ့တဲ့ အကျိုးသက်ရောက်မှုကလည်း ပျက်စီးသွားပြီမဟုတ်ဘူးလားဗျ။”
မက်ကန်နာ၏ ပူညံပူညံပြောသံများက တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပိုမိုပြင်းထန်လာလေသည်။
ဟိုင်န်ရီက ပူညံပူညံလုပ်သံများ လုံးဝ လျစ်လျူရှုကာ အနီးအနားရှိ ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်၏။
“ကုလားထိုင်က ဘာလုပ်မလို့လဲဗျ။ ကျွန်တော့်ကို ရိုက်ချတော့မလို့လား။”
“ထိုင်လိုက်။”
မက်ကန်နာတစ်ယောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထိုင်လိုက်သည်နှင့် ဟိုင်န်ရီက သူ၏ ခေါင်းထဲသို့ မှော်အစွမ်းကို အတင်းအဓမ္မ သွင်းလိုက်သည်။
ကွက်ခနဲ အော်လိုက်သည့် အသံနှင့်အတူ မက်ကန်နာလည်း အပြာရောင်ငှက်အဖြစ်သို့ ပြောင်းလဲသွားကာ ဝတ်ဆင်ထားသော အဝတ်များက ကုလားထိုင်အောက်သို့ အပုံလိုက်ပြုတ်ကျသွား၏။
မျက်ရည်အဝိုင်းသား မျက်လုံးများဖြင့် ကြည့်နေသည့် မက်ကန်နာအား ဟိုင်န်ရီက စားပွဲဆီသို့သွားကာ တစ်စုံတစ်ရာကို အမြန်ရေးသားပြီး ပေးလိုက်သည်။
- ကျိ
“အယ်ရ်ဂီဆီကို သွားပို့လိုက်။”
- ……
“ပြဿနာထပ်မရှာဘဲ ရှိနေမှာမို့လို့ မြန်မြန် သွားပို့ပြီး ပြန်လာခဲ့။ မင်း သဘောကျတဲ့အတိုင်း နောက်ကွယ်ကနေ တိုက်ခိုက်ဖို့ ကြိုးစားနေတာမို့လို့။”
~~~~
Miel's Translations