no

Font
Theme

အပိုင်း ၁၂၇ (အမှန်တရားကို သိခြင်း)

မက်ကန်နာက မျက်ခုံးပင့်လျက် မေးလာသည်။

“ရိပ်မိသွားတာလားဗျ။”

“မသိတော့ဘူး။”

ဟိုင်န်ရီက ခေါင်းခါပြခဲ့သည်။

သို့သော်လည်း လုံးဝ မရိပ်မိခြင်းမျိုးတော့ မဟုတ်ပေ။

မက်ကန်နာ၏ သရုပ်မှန်ကို မေးမြန်းပြီးနောက် ကွီးန်၏ သရုပ်မှန်ကိုပါ ထပ်ဆင့်မေးမြန်းခဲ့စဉ်က။

ထိုစဉ်က နာဗီရယ်က ကွီးန်ကို ဟိုင်န်ရီ၏ လက်အောက်ငယ်သားဟုသာ ထင်နေသည့် အရိပ်အယောင် ရှိခဲ့သော်လည်း……

ဟိုင်န်ရီကိုယ်တိုင်က အလွန်အမင်း ပျာယာခတ်သွားခဲ့သဖြင့် ကိုယ့်​အထုပ်ကိုယ်ဖြေသလို သံသယဖြစ်ဖွယ် တုံ့ပြန်မှုမျိုးကို ပြမိခဲ့သောကြောင့်ပင်။

ဘာမှ ထွေထွေထူးထူး မပြောသဖြင့် ရိပ်မိခြင်းမရှိဟု ထင်မှတ်ခဲ့သော်လည်း၊ ရုတ်တရက် အေးစက်စွာ ဆက်ဆံလာပြီး မျက်လုံးချင်းဆုံရန်ပင် ငြင်းဆန်နေခဲ့သည်။

အချိန်ကာလအရ ကြည့်မည်ဆိုလျှင် အမှန်တရားကို သိရှိသွားပြီး ဒေါသထွက်နေခြင်း ဖြစ်နိုင်ခြေက အလွန်မြင့်မားနေ၏။

“အဲ့ဒီလောက်အထိ စိတ်ထဲ တနုံ့နုံ့ဖြစ်နေရတယ်ဆိုရင်လည်း အခုပဲ သွားပြီး အမှန်အတိုင်း ဖွင့်ပြောလိုက်ပါလားဗျာ။”

“မင်းကရော အမြဲတမ်း အဲ့ဒီလိုပဲလား။ စိတ်ထဲ တနုံ့နုံ့ဖြစ်တိုင်း ချက်ချင်း ထလုပ်တာလား။”

“ကျွန်တော်ကတော့…… အရှင်မင်းကြီးဆီမှာ အကြံဉာဏ်တောင်းတာပေါ့။”

“ဒါဆိုရင် ငါက ဘာလုပ်လို့ ပြန်ပြောရမှာလဲ။”

“စိတ်ထဲ တနုံ့နုံ့ဖြစ်ရင် ထလုပ်လိုက်ဆိုပြီးတော့လေ။”

“အေးလေ။ မင်းပြောတဲ့အတိုင်းပဲ လက်တွေ့လုပ်ရတော့မယ်။”

ဟိုင်န်ရီ သက်ပြင်းတစ်ချက်ချကာ နေရာမှ ထရပ်လိုက်သည်။

အချိန်သာ ပြဿနာဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ဝန်ခံရမည့် ကိစ္စပင်။

“မင်္ဂလာဝတ်စုံ အတူတူ ရွေးချင်ခဲ့တာကို……”

“အာ။ မင်္ဂလာဝတ်စုံရွေးဖို့ သွားရာကနေ မောင်းထုတ်ခံလိုက်ရတာလားဗျ။”

ဟိုင်န်ရီ၏ လက်ချောင်းများ ကုလားထိုင်ပေါ်ရှိ ကူရှင်ကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်သည်နှင့် မက်ကန်နာလည်း ပိုက်ထားသော စာရွက်စာတမ်းများကို ချထားခဲ့ကာ အခန်းအပြင်သို့ အလောတကြီး ထွက်ပြေးသွားတော့သည်။

~~~~

ဟိုင်န်ရီ ထွက်သွားပြီးနောက် ကျွန်မ စိုးရိမ်ပူပန်စွာဖြင့် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေမိရင်း ကိုယ့်လုပ်ရပ်ကိုယ် နောင်တရနေ၏။

ကျိုးကြောင်းဆင်ခြင် တွေးတောရန် အချိန်မရဘဲ လွှတ်ခနဲ လုပ်ဆောင်မိလိုက်သည့် လုပ်ရပ်ဖြစ်သော်လည်း ယင်းက ကျွန်မဘက်မှ အခြေအနေသာ။

ဟိုင်န်ရီဘက်မှ ကြည့်မည်ဆိုလျှင် ကျွန်မက အမှတ်တမဲ့ တွန်းထုတ်ခဲ့သည်ဖြစ်စေ၊ စဉ်းစားပြီးမှ တွန်းထုတ်ခဲ့သည်ဖြစ်စေ တွန်းထုတ်ခံလိုက်ရခြင်းကတော့ အမှန်ပင်။

အလွန်ထိတ်လန့်ကာ အရှက်ရသွားပေလိမ့်မည်။

တစ်ဖန် အနီးအနားတွင် အခြားလူ အနည်းငယ်လည်း ရှိနေခဲ့သေးသည်မဟုတ်ပါလား……

ကျွန်မ လက်နှစ်ဖက်ဖြင့် ပါးပြင်ကိုဖိကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။

‘တောင်းပန်ရအောင်။’

“လေဒီ ရို့စ်။”

“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”

“……အရှင်မင်းကြီးဆီ သွားမှဖြစ်မယ်။ ဝတ်ရုံတစ်ထည်လောက် ယူပေးလို့ ရမလား။”

ကျွန်မက တောင်းဆိုလိုက်တော့မှ ရို့စ်က စိတ်သက်သာရာရသွားသော မျက်နှာထားဖြင့် အဝါရောင်ဝတ်ရုံကို အမြန် ယူဆောင်လာပေးခဲ့သည်။

ကျွန်မနှင့် ဟိုင်န်ရီ ရန်ဖြစ်ကြမည်ကို စိုးရိမ်ပူပန်နေခဲ့ပုံပင်။

သို့သော်လည်း ကျွန်မ အပြင်သို့ မထွက်ရသေးမီမှာပင် ဟိုင်န်ရီက အရင် ရောက်ရှိလာ၏။

ရံရွေတော်နှစ်ဦးကို အပြင်သို့ ထွက်ခွာစေပြီးနောက်၊ ကျွန်မ ပို၍ပင် အားနာစိတ် ဖြစ်လာရသဖြင့် တည်ကြည်လေးနက်သော မျက်နှာထားမျိုးလုပ်လိုက်မိသည်။

ညအချိန်ဖြစ်သော်လည်း သူ၏ ဝတ်စားဆင်ယင်ပုံက နေ့ခင်းဘက်နှင့် ခြားနားမှုမရှိပေ။

ယခုအချိန်အထိ အဝတ်အစားပင် မလဲနိုင်သေးဘဲ အရှက်ရနေခဲ့သည်မှာ ကျိန်းသေ၏။

ကျွန်မတို့ နှစ်ယောက်စလုံး ခေတ္တ တစ်ယောက်မျက်နှာ တစ်ယောက် အကဲခတ်နေခဲ့ကြသည်။

“ဝန်ခံစရာ ရှိပါတယ်။”

သို့သော်လည်း ကျွန်မ စကားမ​စရသေးမီ၊ ယခုတစ်ကြိမ်တွင်လည်း ဟိုင်န်ရီက အရင် စကားစလာခဲ့ပြန်၏။

“....”

ဘာကို ပြောချင်တာပါလိမ့်။

ညဉ့်နက်ချိန်အထိ တကူးတက လာရောက်ပြောဆိုရမည့် စကားဆိုလျှင် အင်မတန် လေးနက်သော စကားမျိုးဖြစ်ပေလိမ့်မည်။

ကျွန်မလည်း အကြောင်းမဲ့ စိတ်လှုပ်ရှားလာရသဖြင့် သူ့ကို စိုက်ကြည့်နေမိ၏။

သူက မည်သို့သော တုံ့ပြန်မှုမျိုးကို ပြလာမည်မှန်း လုံးဝ ခန့်မှန်း၍မရနိုင်သဖြင့် အလိုလို စိတ်လှုပ်ရှားမိခြင်းပင်။

“ကျွန်တော်က ကွီးန်ပါ။”

“……”

သို့သော်လည်း ဟိုင်န်ရီ၏ စကားများက ကျွန်မ မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။

သူက ပို၍စိတ်ပျက်သော ခံစားချက်မျိုးကို ဖော်ပြလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။

ဤကိစ္စကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းကြစို့ဟူ၍အထိ ပြောလာမည်မဟုတ်သော်လည်း၊ အတိုင်းအတာတစ်ခုအထိ ဝမ်းနည်းမိပါသည်ဟူ၍ ပြောလာလိမ့်မည်ဟု ထင်ခဲ့မိ၏။

သို့သော်လည်း သရုပ်မှန်ကို ဖွင့်ဟဝန်ခံလာလိမ့်မည်ဟူ၍ကား။

ကျွန်မ အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိစဉ်၊ ဟိုင်န်ရီက အိုးတိုးအမ်းတမ်း ပြုံးလျက် ရေရွတ်လေ၏။

“မျက်နှာထား ပြောင်းမသွားပုံထောက်ရင်၊ တကယ်ပဲ အရင်ကတည်းက သိနေခဲ့တာကိုး။”

“....”

“တောင်းပန်ပါတယ်၊ ကွီးန်။ လှည့်စားဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။”

ဟိုင်န်ရီက ထပ်ကာတလဲလဲ တောင်းပန်စကားဆိုရင်း ကျွန်မကို မျှော်လင့်တကြီး စိုက်ကြည့်လာသည်။

ယခု မိမိက အလွန် အားနာစိတ်ဖြစ်နေရသည်ဟု အသိပေးလိုသည့်အလား။

တစ်ဖန် တကယ်တမ်းလည်း သူက သနားစရာကောင်းလောက်အောင် စိတ်မှိုင်နေသည့်ပုံပင်။

“ကွီးန်၊ ကျွန်တော်တို့ မျိုးနွယ်စုက သရုပ်မှန်ကို မိသားစုကလွဲရင် တခြားလူတွေကို အသိပေးလို့မရပါဘူး။ အဲ့ဒါကြောင့် မပြောနိုင်ခဲ့တာပဲ ရှိတာပါ၊ တောက်လျှောက် လှည့်စားထားဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ တကယ်ပြောတာပါ။”

ကျွန်မ ခေါင်းခါပြကာ အဆင်ပြေပါသည်ဟု ပြောရန်ပြင်လိုက်သည်။

ကျွန်မလည်း စောစောက သူ့ကို တွန်းထုတ်မိခဲ့သော ကိစ္စအတွက် တောင်းပန်ရန် လိုအပ်သည်မဟုတ်ပါလား။

“ဟိုင်န်ရီ။”

ကျွန်မ သူ့ထံသို့ လက်ကို လှမ်းလင့်လိုက်သည်။

သို့သော်လည်း ဟိုင်န်ရီက ရုတ်တရက်ကြီး ငှက်အကြီးကြီးတစ်ကောင်၏ အသွင်သို့ ပြောင်းလဲသွားသဖြင့် ကျွန်မလည်း လက်ကို ဆက်၍ မဆန့်တန်းနိုင်တော့ဘဲ လမ်းခုလတ်မှာတင် ရပ်တန့်သွားရတော့၏။

ရုတ်တရက်ကြီး ဘာလို့ ငှက်အသွင် ပြောင်းသွားရတာပါလိမ့်။

ဝေခွဲမရဖြစ်ကာ အကဲခတ်နေမိစဉ်၊ ငှက်ဖြစ်သွားသော ဟိုင်န်ရီက မျက်လုံးကို ဖြည်းညင်းစွာ မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း ကျွန်မကို မျက်နှာချင်းဆိုင် စိုက်ကြည့်လာသည်။

အလွန် ချစ်စဖွယ်ကောင်းကာ မြတ်နိုးစရာကောင်းလှသော အသွင်အပြင်မျိုးပင်။

ချစ်စရာကောင်းသော အပြင်ပန်းသွင်ပြင်ကို လက်နက်သဖွယ် အသုံးချပြီး ဒေါသပြေအောင်လုပ်မည့် အကြံအစည်များလား။

ဟိုင်န်ရီ၊ ဟင့်အင်း၊ ကွီးန်က မျက်လုံးဝိုင်းဝိုင်းကြီးတွင် မျက်ရည်များဝိုင်းလျက် ချစ်စရာကောင်းသော မျက်နှာထားမျိုးစုံကို လုပ်ရင်း ကျွန်မကို မော့ကြည့်နေလေသည်။

အမှန်တကယ် ချစ်စရာကောင်းလှသော အသွင်အပြင်မျိုးပင်။

‘လုပ်ရပ်နဲ့ သက်သေပြချင်တာများလား။’

ခံ့ညားလှပသော ကွီးန်က ကျွန်မထံသို့ တုံ့ဆိုင်းစွာဖြင့် လျှောက်လှမ်းလာပြီး မျက်နှာကို တိုးကပ်လာစဉ်။

ကျွန်မ အကျင့်ပါနေသည့်အတိုင်း ကွီးန်ကို ဆွဲယူပွေ့ဖက်မိတော့မည့်ဆဲဆဲ။

အစောပိုင်းက ကျွန်မ အစိုးရိမ်ဆုံးဖြစ်ခဲ့ရသည့် အချက်မှာ ကွီးန်က ဟိုင်န်ရီ၏ လက်အောက်ငယ်သား ဖြစ်နေမည့် အခြေအနေပင်။

ခင်ပွန်း၏ လက်အောက်ငယ်သားကို ဖက်လဲတကင်း ပွေ့ဖက် နမ်းရှုပ်ကာ တင်ပါးကိုပါ ပုတ်ပေးခဲ့မိသလို ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

အဆိုးဆုံး အခြေအနေကို ကြိုတင်တွေးဆထားခဲ့၍လားမသိ။

ဟိုင်န်ရီက ကွီးန်ဖြစ်မှန်း သိလိုက်ရသည့်အချိန်တွင်လည်း ဒေါသ တအားမထွက်မိပေ။

လျှို့ဝှက်ချက်ဖြစ်၍ မပြောနိုင်ခဲ့ခြင်းကိုလည်း နားလည်ပေးနိုင်၏။

ဒါပေမဲ့လည်း……

ကျွန်မ သူ့ကို ပွေ့ဖက်မိလုနီးပါး ဖြစ်သွားသော လက်ကို ပြန်ရုပ်သိမ်းကာ မျက်နှာလွှဲလျက် ပြောလိုက်သည်။

“ဒေါသထွက်နေတာ မဟုတ်ပါဘူး၊ ဟိုင်န်ရီ။ တကယ်ပြောတာပါ။”

မျက်နှာတွင် တစ်ဖန်ပြန်၍ အပူရှိန်များ တက်လာရပြန်သည်။

ယခုအချိန်တွင် ကွီးန်က ချစ်စဖွယ်ကောင်းသော ငှက်လေးတစ်ကောင်၏ အသွင်အပြင် ဖြစ်နေသော်လည်း။

ယခု ထိုအသွင်အပြင်က မျက်စိတစ်မှိတ်အတွင်းမှာပင် ဝတ်လစ်စားလစ် ဟိုင်န်ရီအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း သိရှိထားပေပြီ။

ထိုအချက်ကို သိလျက်နှင့် ဆက်၍ ပွေ့ဖက်ပေးနိုင်စရာ အကြောင်းမရှိပေ။

ကျွန်မက ငှက်ကို ဖက်ထားခြင်းဖြစ်သော်လည်း။

သူကမူ ဝတ်လစ်စားလစ် အနေအထားဖြင့် ကျွန်မထံတွင်…… အပွေ့ဖက်ခံနေရခြင်းဖြစ်သွားမည်မဟုတ်ပါလား။

- ဂူ……

“တကယ်ပြောတာပါ။ ဒေါသထွက်နေတာ မဟုတ်ဘဲ…… ဒီတိုင်း နည်းနည်းလေး။”

ခိုးကြည့်လိုက်မိတော့ ကွီးန်က မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းနေပေပြီ။

နောက်ဆုံးတွင် မတတ်သာသည့်အဆုံး လက်ကိုဆန့်တန်းကာ ခေါင်းကို အသာလေး ပွတ်သပ်ပေးလိုက်တော့မှ ကွီးန်က မျက်လုံးလေးကို မှိတ်ထားလျက် ကျွန်မ၏ လက်ဖဝါးဆီသို့ မျက်နှာကို အတင်းပွတ်သပ်လာ၏။

အလွန်ပင် ချစ်စရာကောင်းလှပေသည်။

ဟိုင်န်ရီက ယခုလို ခေါင်းကို အတင်းလာပွတ်သပ်ရင်လည်း ချစ်……

ဘုရားရေ။

ကျွန်မ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပြီးနောက် သူ့ကို ထက်သန်ပြင်းပြစွာ တောင်းဆိုလိုက်မိသည်။

“ဒေါသထွက်နေတာမဟုတ်လို့ ဘာမှမဖြစ်ပါဘူး။ တကယ်ပြောတာ။ သွားပြီးတော့…… ကျွန်မ မမြင်ရတဲ့နေရာကျမှ နဂိုခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းလိုက်ပါ။”

- …..

ဟိုင်န်ရီ ထွက်ခွာသွားပြီးနောက်။

ကျွန်မ နာရီဝက်လောက် ကြောင်တောင်တောင် ထိုင်နေခဲ့မိရာမှ တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ရို့စ်က မက်စ်တက်စ်ကို တစ်စုံတစ်ခု သင်ကြားပြသပေးနေခဲ့ရာမှ၊ ကျွန်မ တစ်ယောက်တည်း ထွက်လာသည်ကိုမြင်တော့ အံ့ဩတကြီး မေးလာ၏။

“အရှင်မိဖုရား။ အရှင်မင်းကြီးကို ဘယ်လိုလုပ်ခဲ့ပြီး တစ်ယောက်တည်း ထွက်လာရတာပါလဲ။”

မက်စ်တက်စ်ကလည်း ကျွန်မ၏ ကျောပြင်အနောက်ဘက်ဆီသို့ အလျင်အမြန် စူးစမ်းကြည့်ရှုကာ ဝေခွဲမရဖြစ်နေသော မျက်နှာထားမျိုး ရှိနေခဲ့သည်။

“ပြတင်းပေါက်ကနေ ထွက်သွားပါပြီ။”

ကျွန်မက ပြန်ဖြေကြားလိုက်တော့ နှစ်ဦးစလုံး အလွန် အံ့ဩမှင်တက်သွားသော မျက်နှာထားမျိုး ဖြစ်သွားကြတော့သည်။

ထိုမျက်နှာထားက အခန်းတွင်းသို့ ဝင်ရောက်သွားပြီးသည့်နောက်တွင်မူ အလန့်တကြား အော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွား၏။

“အာ၊ အရှင်မိဖုရား။ အရှင်မင်းကြီးရဲ့ အဝတ်အစားတွေက ဒီမှာ……”

“....”

“အရှင်မင်းကြီးက တကယ်ပဲ ပြတင်းပေါက်ကနေ ထွက်သွားတာ ဟုတ်ရဲ့လားရှင့်။”

ဝေဝေဝါးဝါး ဖြစ်နေသော စိတ်အခြေအနေက ရေအေးဖြင့် အပက်ခံလိုက်ရသည့်အလား ဆတ်ခနဲ လန်းဆန်းသွားတော့သည်။

‘ဟိုင်န်ရီက စိတ်ထိခိုက်သွားလို့ အဝတ်အစားတွေမယူဘဲ ထွက်သွားခဲ့တာကိုး။’

ကျွန်မ နံရံကိုမှီကာ ရပ်နေခဲ့ရာမှ ပျာပျာသလဲ အခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်။

ဟိုင်န်ရီ၏ အဝတ်အစား အားလုံးက ကော်ဇောပေါ်တွင် ဖရိုဖရဲ ပျံ့နှံ့နေ၏။

အပြင်ဝတ်သာမက အတွင်းခံအဝတ်အစားများအထိ အားလုံး။

ရို့စ်က မျက်နှာတစ်ခုလုံး နီမြန်းကာ လှည့်ထွက်သွားပြီး၊ မက်စ်တက်စ်က ကျွန်မ၏ မျက်နှာထားကို ခိုးကြည့်ရင်း မေးလာသည်။

“အရှင်မင်းကြီးက ဝတ်လစ်စားလစ်နဲ့ ထွက်သွားတာပါလား……”

ရို့စ်ကို ထားဦးတော့၊ ဟိုင်န်ရီ၏ ကိုယ်ရံတော်စစ်သည်ဖြစ်သူ မက်စ်တက်စ်ပင် ဟိုင်န်ရီက ငှက်အသွင် ပြောင်းလဲနိုင်ကြောင်း သိရှိမထားသည့်ပုံပင်။

ကျွန်မ အိုးတိုးအမ်းတမ်းဖြစ်ရသဖြင့် အကြောင်းမဲ့ ဆံပင်များကိုသာ ကျစ်လိမ်နေမိခဲ့သည်။

ရှက်စရာကောင်းလှ၏။

ဤအခြေအနေမျိုးတွင် မည်သို့ ပြန်လည်ဖြေကြားရမည်နည်း။

ဟင့်အင်း၊ ထို့ထက် ရို့စ်က လည်ပင်းအထိ နီမြန်းနေသည်ကို ကြည့်ရပုံထောက်လျှင် မဖွယ်မရာ ညစ်ညမ်းသော အတွေးမျိုးကို တွေးနေပုံရရာ၊ တားမြစ်ရမည်မဟုတ်ပါလား။

သို့သော်လည်း တားမြစ်မည်ဆိုပါက ဘာပြောရမည်နည်း။

အဝတ်အစားတွေကိုပဲ ချွတ်လိုက်တာပါ၊ ဘာမှ မလုပ်ခဲ့ပါဘူးဆိုပြီးတော့လား။

အဝတ်အစားတွေကို ချွတ်ပစ်ပြီးမှ အပြင်ကို မောင်းထုတ်လိုက်တာပါဆိုပြီးတော့လား။

ထိုသို့ဆိုလျှင် ကျွန်မကပဲ…… ပို၍ ထူးဆန်းသောလူ ဖြစ်သွားပေလိမ့်မည်။

“ဘာ၊ ဘာမှမဖြစ်ဘူး။”

“ရှင်။”

“ကျွန်မတို့က ဇနီးမောင်နှံတွေပဲမို့လို့။”

“ရှင်။”

“……”

“အဲ့ဒါက…… ကျိန်းသေပေါက် အရှင်မိဖုရားနဲ့ အရှင်မင်းကြီးကတော့ ဇနီးမောင်နှံတွေဆိုပေမဲ့……”

မက်စ်တက်စ်က ပြတင်းပေါက်ဆီသို့ ခိုးကြည့်လိုက်ပြီးမှ တိုးညင်းလှသော လေသံဖြင့် တီးတိုးရေရွတ်ခဲ့သည်။

“ဝတ်လစ်စားလစ် ဖြစ်နေတဲ့ အရှင်မင်းကြီးနဲ့ လမ်းမှာတွေ့ရမဲ့ လူတွေကတော့ ဇနီးမောင်နှံတွေ မဟုတ်ကြဘူးလေ။”

စကားပြောရင်းပြောရင်း ကျွန်မနှင့် ဟိုင်န်ရီက ပို၍ ထူးဆန်းသောလူများ ဖြစ်သွားကြတော့မည့်ပုံပင်။

ကျွန်မ ပြန်မဖြေတော့ဘဲ အလျင်အမြန် ချဉ်းကပ်ကာ ဟိုင်န်ရီ၏ အဝတ်အစားများကို ပွေ့ပိုက်လိုက်မိသည်။

သာမန်အဝတ်အစားများသာဆိုပါက ရံရွေတော်များကို ယူဆောင်သွားပေးရန် တောင်းဆိုလိုက်ရုံဖြင့် ရနိုင်သော်လည်း။

မည်သို့ပင်ဖြစ်စေ အတွင်းခံအထိ ပါနေသဖြင့် သိမ်းဆည်းပေးပါဟု တောင်းဆိုရန် ခက်ခဲလှ၏။

အဝတ်အစားများကို ပွေ့ပိုက်လိုက်သည်နှင့် ဟိုင်န်ရီ အမြဲတမ်း ဆွတ်ဖြန်းလေ့ရှိသော ရေမွှေးနံ့လေး ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် စိတ်ထိခိုက်သွားသော ကွီးန်၏ မျက်နှာထားလေး ပြန်ပေါ်လာ၏။

ယခင်က ကျွန်မမွေးနေ့ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စလည်း ရှိပေသည်။

ကိတ်မုန့်ကို တကူးတက သယ်ဆောင်လာခဲ့သော်လည်း၊ ကျွန်မက ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဆိုလိုက်တော့ ငိုယိုလျက် ပျံသန်းထွက်ခွာသွားခဲ့ဖူးသည်မဟုတ်ပါလား။

……ဟိုင်န်ရီက ငိုသွားတာပဲ။

အဲ့ဒါကြောင့် သွားတွေ့တုန်းက မျက်လုံးနားတစ်ဝိုက်မှာ နီနေတာကိုး။

ဟိုင်န်ရီက……အသည်းနုတဲ့ပုံပဲ။

ဒီတစ်ခါရော ငို​နေတာများလား။

တစ်ခါလောက် ထိုသို့တွေးမိသွားသည်နှင့် အားနာစိတ်က ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ စိုးရိမ်ပူပန်မိရတော့သည်။

နောက်ဆုံးတွင် ကျွန်မ တွေဝေတုံ့ဆိုင်းနေခဲ့မိရာမှ မက်စ်တက်စ်ကို မေးကြည့်လိုက်မိ၏။

“လေဒီ မက်စ်တက်စ်။ အရှင်မင်းကြီးဆီကနေ အထင်လွဲခံရတာမျိုး ရှိဖူးလား။”

မက်စ်တက်စ်က ဟိုင်န်ရီ၏ စစ်သည်တော်ဟု ဆိုထားသဖြင့်၊ ပုံမှန် အမူအရာကို ကောင်းကောင်း သိရှိထားပေလိမ့်မည်။

ကျွန်မ၏ မေးခွန်းကြောင့် မက်စ်တက်စ်က မျက်တောင်တဖျပ်ဖျပ်ခတ်လျက် ပြန်မေးလာသည်။

“ဘယ်လို အထင်လွဲမှုမျိုးကို ပြောတာပါလဲ။”

“စိတ်ဆိုးနေတာ မဟုတ်ဘဲနဲ့ စိတ်ဆိုးနေတယ်ဆိုပြီး……”

“ကျွန်မ စိတ်ဆိုးနေတာကို၊ အရှင်မင်းကြီးဘက်က လုံးဝ စိတ်ဝင်စားမှုမရှိတဲ့ အခြေအနေမျိုးတော့ ရှိဖူးပါတယ်။”

“...”

မက်စ်တက်စ်က မျက်လုံးအဝိုင်းသားဖြင့် ပြန်မေးလာသည်။

“အာ။ ဧကန္တ။ အရှင်မင်းကြီးက အရှင်မိဖုရားကို စိတ်ဆိုးနေတယ်လို့ အထင်လွဲပြီး စိတ်ထိခိုက်သွားလို့ ဝတ်လစ်စားလစ်နဲ့ ပြတင်းပေါက်ကနေ ပြေးထွက်သွားတာလားဟင်။”

“……အဲ့ဒီသဘောပေါ့။”

မက်စ်တက်စ်က “အာ……” ဟုဆိုကာ မျက်လုံးကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်ပြီးမှ ပြောလာသည်။

“တကယ်ပဲ ဘယ်လိုကိစ္စမျိုး ဖြစ်ခဲ့လို့ ဝတ်လစ်စားလစ် အနေအထားနဲ့ စိတ်ထိခိုက်သွားရမှန်း ခန့်မှန်းမိပေမဲ့၊ အာ၊ ခန့်မှန်းလို့မရတာမို့လို့ စိတ်အေးအေးထားပါ…… အမ်၊ ကျွန်မ ပြောပြချင်တာက၊ အာ၊ အရှင်မင်းကြီးက ပြုံးပြတတ်ပေမဲ့၊ အာ၊ အပြုံးတစ်ခုတည်းနဲ့ပဲ နေတတ်တာပါ။”

“ပြုံးပဲ ပြုံးနေတတ်တယ်တဲ့လား။”

“ဟုတ်ပါတယ်။ ဘာတွေးနေမှန်း မသိရပေမဲ့ အပြုံးနဲ့ပဲ အတွေးအားလုံးကို ဖုံးကွယ်ထားတတ်လို့ပါ။ အဲ့ဒါကြောင့် ကျွန်မကတော့ အရှင်မင်းကြီး စိတ်ထိခိုက်နေတဲ့ပုံစံကို တစ်ခါမှ မမြင်ဖူးပါဘူး။”

မက်စ်တက်စ်က ကျွန်မ၏ မျက်နှာထားကို အကဲခတ်ကာ ထပ်လောင်းပြောဆိုခဲ့သည်။

“အဲ့ဒီလို အရှင်မင်းကြီးက၊ အရှင်မိဖုရား စိတ်ဆိုးမှာကို စိုးရိမ်ပြီး အလန့်တကြားနဲ့ ဝတ်လစ်စားလစ် ထွက်ပြေးသွားရလောက်တဲ့အထိဆိုရင်…… အမှန်အတိုင်း ဖွင့်ပြောလိုက်တာက ပိုမကောင်းဘူးလားရှင့်။ ဒေါသထွက်နေတာ မဟုတ်ပါဘူးလို့လေ။”

ဟိုင်န်ရီကို ခံစားချက် အလွန်ကြွယ်ဝသူဟု ထင်ခဲ့ဖူးသော်လည်း။

ခံစားချက်ကို ကောင်းကောင်းထုတ်ဖော်ပြသလေ့မရှိဘူးတဲ့လား။

ငါ့အရှေ့မှာပဲ ခံစားချက်ကို ကောင်းကောင်း ထုတ်ပြတတ်တာများလား။

မမျှော်လင့်ဘဲ သိလိုက်ရသော အချက်ကြောင့် အံ့ဩမှင်တက်သွားရ၏။

သို့သော်လည်း မက်စ်တက်စ်၏ စကားက တကယ် မှန်ပေသည်။

“ပွင့်ပွင့်လင်းလင်း……”

ကျွန်မ ခေါင်းညိတ်လိုက်ပြီးနောက် အဝတ်အစားများကို ပွေ့ပိုက်ကာ အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။

“အရှင်မိဖုရား။”

“အရှင်မင်းကြီးဆီ သွားဖို့ စဉ်းစားထားတာပါ။ အမှန်အတိုင်း ဖွင့်ပြောပြီး အထင်လွဲတာကို ဖြေရှင်းမှဖြစ်မှာ။”

“မဟုတ်ပါဘူး၊ အဲ့ဒါကို ပြောတာမဟုတ်ဘဲ၊ အဝတ်အစားတွေကို တခြား အဝတ်စတစ်ခုခုနဲ့ ထုပ်ပိုးပြီးမှ ယူသွားတာက…… အကုန် ပေါ်လွင်မြင်သာနေလို့ပါ။ ဟို…… အရှင်မင်းကြီးရဲ့ တော်ဝင်တံဆိပ်တုံး ရိုက်နှိပ်ထားတဲ့ အတွင်းခံအဝတ်အစားတွေမို့လို့။”

“....”

~~~~

သက်တောင့်သက်သာရှိသော အဝတ်အစားများသို့ လဲလှယ်ဝတ်ဆင်ပြီးသွားသော ဆိုဗီရ်ရှုက ရက်ရှ်တာ၏ အိပ်ရာဘေးတွင် သန္ဓေသားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမည့် တေးသီချင်းတစ်ပုဒ်ကို သီဆိုပေးနေခဲ့သည်။

ရက်ရှ်တာက အိစက်စက်ခေါင်းအုံးကို မှီလျက် လဲလျောင်းနေရင်း၊ ဆိုဗီရ်ရှု သီဆိုပေးနေသော တေးသံကြောင့် တောက်လျှောက် ပြုံးနေ၏။

မိမိ၏ ဝမ်းဗိုက်ဆီသို့ တိုးကပ်လျက် တေးသီချင်း သီဆိုပေးနေသော ဧကရာဇ်။

လွန်ခဲ့သော တစ်နှစ်ခန့်က စိတ်ကူးကြည့်၍ပင် မရနိုင်သော ကိစ္စရပ်။

ရက်ရှ်တာတစ်ယောက် ဆိုဗီရ်ရှု၏ နက်မှောင်သော ဆံနွယ်များကို ဖွဖွလေး ပွတ်သပ်ပေးချင်သည့်စိတ်ကြောင့် လက်ချောင်းများ မရိုးမရွဖြစ်နေသည်။

ဘယ်လိုများ ဤမျှအထိ ချစ်စရာကောင်းနိုင်ရသနည်း။

အာလန်ကမူ ဗိုင်းကောင့်အရိုက်အရာအတွက် မိမိ၏ ရင်သွေးကိုပင် ငြင်းပယ်ခဲ့သော်လည်း။

ထိုထက်ပို၍ မြင့်မားသော ဂုဏ်ဒြပ်အရိုက်အရာရှိသည့် ဤလူက ရင်သွေးကို တိတ်တိတ်ပုန်းကလေး မဖြစ်စေလိုသဖြင့် ဤမျှအထိ အစွမ်းကုန် ကြိုးစားပေးရှာ၏။

သန္ဓေသားဖွံ့ဖြိုးမှုအတွက် မကြာမကြာ လာရောက်ကာ ဗိုက်လေးကို စကားပြောပေးပြီး ညဘက်တွင်လည်း သီချင်းသီဆိုပေးတတ်သည်။

ရက်ရှ်တာက ဆိုဗီရ်ရှု သန္ဓေသားဖွံ့ဖြိုးမှုအတွက် အားစိုက်ထုတ်ပေးနေသည့်ပုံစံကို မြင်ရတိုင်း အကြောင်းမဲ့ မျက်ရည်ကျချင်သလို ဖြစ်လာရ၏။

“အရှင်ဧကရာဇ်က သီချင်းဆိုတာလည်း တော်တာပဲနော်။”

“သင်ခဲ့ရလို့။”

“ဧကရာဇ်ပညာရပ်မှာ သီချင်းဆိုတာရော ပါတာလားဟင်။”

“ဧကရာဇ်ပညာရပ်လို့ ပြောတာထက်။ လူမှုဆက်ဆံရေး သင်ခန်းစာပေါ့။”

“ကလေးက အဖေ့အသံကို ကောင်းကောင်းမှတ်မိနေမှာပါ။”

ဆိုဗီရ်ရှုက ဖွဖွပြုံးလိုက်ပြီးမှ ရက်ရှ်တာ၏ ဝမ်းဗိုက်ကို လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်ပေးခဲ့သည်။

ထိုစဉ်။

တစ်စုံတစ်ယောက်က တံခါးကို လာခေါက်ခဲ့၏။

“ဘယ်သူလဲ။”

ဖခင်လောင်း၏ အသွင်အပြင်ကို ဖယ်ခွာလိုက်သော ဆိုဗီရ်ရှုက နဂိုအတိုင်း တည်ကြည်အေးစက်စွာဖြင့် တံခါးဆီသို့ မျက်နှာမူကာ မေးခဲ့သည်။

ခဏအကြာတွင် အခန်းအပြင်၌ အသင့်စောင့်ဆိုင်းနေသော အစေခံမိန်းကလေး ဒဲလိစ်က ချဉ်းကပ်လာကာ လျှောက်တင်လေ၏။

“အရှင်ဧကရာဇ်၊ မားကီးစ် ကားလ် ရောက်လာပါတယ်။”

ဆိုဗီရ်ရှု၏ အကြည့်က နံရံကပ်နာရီဆီသို့ ဖြတ်ခနဲ ရောက်ရှိသွားသည်။

“ဒီအချိန်ကြီးမှလား။”

“ဟုတ်ပါတယ်။ အရေးကြီး ပြစရာတစ်ခု ရှိလို့ဆိုပြီးတော့……”

“ကောင်းပြီ။ ငါ့အခန်းရဲ့ ဧည့်ခန်းဆောင်ဆီကိုပို့လိုက်။”

ဒဲလိစ်က “ဟုတ်ကဲ့ပါ” ဟု ပြန်လည်ဖြေကြားပြီးနောက် အပြင်သို့ ထွက်ခွာသွားလေသည်။

ဆိုဗီရ်ရှု နေရာမှ ထရပ်လိုက်သည်နှင့် ရက်ရှ်တာက မျက်လုံးအဝိုင်းသားဖြင့် သူ့ကို မော့ကြည့်လာ၏။

“အခုပဲ သွားတော့မှာလားဟင်။”

“မားကီးစ် ကားလ်က သာမန်ကိစ္စမျိုးလောက်နဲ့တော့ လာတတ်တဲ့လူ မဟုတ်လို့။”

ဆိုဗီရ်ရှုက ခြေထောက်နားအထိ လျှောကျနေခဲ့သော စောင်ကို ရက်ရှ်တာ၏ လည်ပင်းအောက်ပိုင်းအထိ သေသေချာချာ ခြုံလွှမ်းပေးခဲ့ပြီးနောက် မိမိ၏ အခန်းဆီသို့ ပြန်လည်ထွက်ခွာသွားသည်။

မားကီးစ် ကားလ်က ဧည့်ခန်းရှိ ဆိုဖာတွင် ထိုင်ပင်မထိုင်နိုင်သေးဘဲ စိုးရိမ်ပူပန်စွာဖြင့် သတင်းစာကို ကိုင်ဆောင်ထား၏။

“ဘာကိစ္စရှိလို့လဲ။”

ဆိုဗီရ်ရှု ချဉ်းကပ်သွားသည်နှင့် မားကီးစ် ကားလ်က လက်ထဲတွင် ကိုင်ဆောင်ထားသော သတင်းစာကို အလျင်အမြန် ကမ်းပေးလာခဲ့သည်။

“ဒါကို ကြည့်ပေးပါ၊ အရှင်ဧကရာဇ်။”

ဆိုဗီရ်ရှု မျက်မှောင်ကြုတ်လျက် သတင်းစာကို လှမ်းယူလိုက်မိသည်။

အနောက်ဘုရင့်တိုင်းပြည်၏ သတင်းစာပင်။

သတင်းစာတွင် ပါဝင်သည့် အကြောင်းအရာက……

ဆိုဗီရ်ရှု၏ မျက်နှာထားက ချက်ချင်း အေးခဲသွားတော့သည်။

“နာဗီရယ်က……ကျုပ် ရက်ရှ်တာကို ကွာရှင်းပြတ်စဲဖို့ ကတိပေးခဲ့တဲ့အကြောင်း ကြားသွားတယ်တဲ့လား။”

~~~~

အလွန်နောက်ကျနေသော အချိန်ဖြစ်၍ ကျွန်မ နောက်တစ်နေ့အထိ အလျင်စလိုဖြစ်နေသော စိတ်ကို ဖိနှိပ်ကာ စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် မနက်ခင်း ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် သေသေသပ်သပ် ဝတ်ဆင်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့၏။

သူ ညီလာခံခန်းမတွင်းသို့ မဝင်ရောက်မီ အရင်ဆုံး စကားပြောလိုခဲ့ခြင်းပင်။

သို့သော်လည်း ဟိုင်န်ရီကို သွားရောက်ရှာဖွေခဲ့သော နေရာတွင် မမျှော်လင့်ဘဲ အစ်ကိုပါ ရောက်ရှိနေ၏။

အစ်ကို ဟိုင်န်ရီ၏ ရုံးခန်းထဲမှ လောလောလတ်လတ် ထွက်လာခဲ့သည့် အခိုက်အတန့်ပင်။

“အစ်ကို။”

အံ့ဩဝမ်းသာ ပြေးသွားလိုက်တော့ အစ်ကိုကလည်း မျက်လုံးအဝိုင်းသားဖြစ်သွားပြီးမှ ပျာပျာသလဲ ကျွန်မထံသို့ ပြေးဝင်လာကာ လက်ကို ဆန့်တန်းလာခဲ့သည်။

အလျင်အမြန် ရင်ခွင်ထဲသို့ တိုးဝင်လိုက်တော့မှ အစ်ကိုက ကျွန်မကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ နားလည်ရခက်သော စကားအချို့ကို တီးတိုးရေရွတ်နေ၏။

သို့သော်လည်း ပုခုံးနှစ်ဖက် တုန်ယင်နေသဖြင့် မော့ကြည့်လိုက်မိတော့ ငိုကြွေးနေခြင်းပင်။

အစ်ကိုက အတန်ကြာအောင် ထိုသို့လုပ်နေခဲ့ပြီး မက်ကန်နာ ရုံးခန်းထဲက ထွက်လာမှသာ ကျွန်မကို လွှတ်ပေးပြီး လက်ကိုင်ပဝါကို ထုတ်ယူကာ မျက်လုံးနားတစ်ဝိုက်ကို သုတ်ရင်း ပြုံးပြလာ၏။

“နှစ်ယောက်တည်း ရှိနေတဲ့အချိန်ကျမှ ဒီလိုမျိုး ဖြစ်သင့်တာကို။”

“အစ်ကို……”

“နင့်ရဲ့ ကွာရှင်းပြတ်စဲမှု သတင်းကို ကြားလိုက်ရတုန်းက ရင်တစ်ခုလုံး စုတ်ပြတ်သတ်သွားမတတ် ခံစားခဲ့ရတာ၊ နာဗီရယ်။”

“……”

“အရှင်မင်းကြီး ဟိုင်န်ရီနဲ့ ပြန်လည်ထိမ်းမြားတယ်ဆိုရုံနဲ့ နင် ကွာရှင်းပြတ်စဲခံခဲ့ရတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေက ပျောက်ကွယ်သွားမှာမှ မဟုတ်တာ။”

“……”

အစ်ကိုက နောက်တစ်ကြိမ် ကျွန်မကို တင်းတင်းကျပ်ကျပ် ထပ်မံပွေ့ဖက်ပေးခဲ့ပြန်သည်။

ထိုအနေအထားအတိုင်း အတန်ကြာအောင် ရှိနေခဲ့ပြီး မက်ကန်နာ ချောင်းဟန့်သံပေးလာတော့မှသာ အစ်ကိုက ကျွန်မကို လွှတ်ပေးခဲ့ကာ အိုးတိုးအမ်းတမ်းဖြင့် ပြုံးပြလာ၏။

“ကျွန်မက ဒီကို ရောက်ရောက်ချင်း အစ်ကိုနဲ့ ချက်ချင်း တွေ့ရမယ်လို့ ထင်ထားခဲ့တာ။”

အတန်ငယ် ဝမ်းနည်းစိတ်ပေါ်လာသဖြင့် ပြန်မေးမြန်းလိုက်တော့ အစ်ကိုက လက်ကိုင်ပဝါကို ခေါက်ကာ ရင်ဘတ်အိတ်တွင်းသို့ ပြန်ထည့်ရင်း ပြန်ဖြေခဲ့သည်။

“နင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရမှာစိုးလို့ ရှောင်နေခဲ့တာ။”

“အဲ့ဒီလိုမျိုး ဘယ်မှာရှိလို့လဲ။”

“အရှေ့အင်ပါယာမှာတုန်းကလည်း အဲ့ဒီလို ဖြစ်ခဲ့ဖူးတာပဲမဟုတ်လား။ နင် ကွာရှင်းပြတ်စဲရတော့မယ်ဆိုတဲ့ အကြောင်းကို ကြားပြီးကတည်းက တောက်လျှောက် အဲ့ဒီအတွေးပဲ ရှိနေခဲ့တာ။ မဟုတ်မှ ငါ့ကြောင့်များ နင် ကွာရှင်းခံခဲ့ရတာလား၊ ငါသာ အသာလေးနေခဲ့ရင် ကွာရှင်းပြတ်စဲမှုက ဖြစ်မလာဘဲနေမလားဆိုပြီးတော့……”

မှန်သောစကား ဖြစ်သော်လည်း၊ အစ်ကို့ကို ပြည်နှင်ဒဏ် မပေးခဲ့လျှင်ပင် ဆိုဗီရ်ရှုက ကျွန်မကို နှင်ထုတ်မည်သာ။

သူက ရက်ရှ်တာကို ချစ်မြတ်နိုးသည်မဟုတ်ပါလား။

ရက်ရှ်တာကို ဘေးနားတွင် ထိုင်ခိုင်းနိုင်ရန်အတွက် မည်သို့သော နည်းလမ်းဖြင့်မဆို ကျွန်မကို နှင်ထုတ်ရန် ကြိုးစားခဲ့မည်သာ။

တကယ်တမ်းလည်း အစ်ကို့ကို ပြည်နှင်ဒဏ်ပေးပြီးသည့်နောက်တွင် ဆိုဗီရ်ရှုက အစ်ကို့နာမည်ကို အသုံးချပြီး ကျွန်မကို နှင်ထုတ်ခဲ့ခြင်းပင်။

ကျွန်မ ထိုအကြောင်းကို ဆက်မပြောတော့ဘဲ တမင်ပြုံးလျက် နောက်​ရွှတ်ရွှတ်လေသံဖြင့် ပြောခဲ့သည်။

“ကျွန်မကို ရှောင်နေခဲ့ပြီးတော့။ ဟိုင်န်ရီနဲ့ကျတော့ ကောင်းကောင်း တွေ့နေခဲ့တာကိုး။”

“အရှင်မင်းကြီးက မင်္ဂလာပွဲ မကျင်းပခင် စစ်သည်တော် ချီတက်လှည့်လည်မှုမှာ နာမည်ထည့်ပေးမယ်ဆိုပြီး မိန့်ကြားထားလို့။”

“စစ်သည်တော် ချီတက်လှည့်လည်မယ်။”

“အနောက်ဘုရင့်တိုင်းပြည်ရဲ့ ရိုးရာအစဉ်အလာတွေထဲက တစ်ခုပဲ။ ဘုရင်ရဲ့ စစ်သည်တော်တွေက မြို့အနည်းငယ်ကို လှည့်လည်သွားလာရင်း ပြည်သူတွေကို ကူညီပေးရတာမျိုးထင်တယ်။”

အာ…… ဟုတ်သားပဲ။

ထိုသို့ဆိုမှ အလားတူအကြောင်းအရာမျိုးကို ကြားဖူးခဲ့သည်။

ဤအချိန်တွင် အလိမ္မာဆုံးအဖြစ် တုံ့ပြန်ဆောင်ရွက်ခဲ့သော စစ်သည်တော်၏ ဂုဏ်သတင်းက ချက်ချင်း မြင့်တက်သွားတတ်သည်မဟုတ်ပါလား။

ကျွန်မ၏ကိုယ်ရံတော်ကမူ ‘တမင် သူရဲကောင်း ဖန်တီးပေးလွန်းတာ မဟုတ်ဘူးလား’ ဟု တီးတိုးရေရွတ်ခဲ့ဖူးသည်။

“……ကျေးဇူးတင်စရာကောင်းတဲ့ ကိစ္စပဲ။”

ဟိုင်န်ရီက အစ်ကို့ကို ဘာကြောင့် ထိုသို့သော ကိစ္စရပ်မျိုး ဆောင်ရွက်ခိုင်းမှန်း သဘောပေါက်သွားရ၏။

အနောက်ဘုရင့်တိုင်းပြည်အတွင်း အစ်ကို့ ဂုဏ်သတင်းကို မြှင့်တင်ပေးရန် အကြံအစည် ဖြစ်မည့်ပုံပင်။

ကျွန်မ ဟိုင်န်ရီ၏ အဝတ်အစားများကို ပို၍ တင်းတင်းကျပ်ကျပ် ပွေ့ပိုက်လိုက်မိသည်။

အစ်ကိုကလည်း အိုးတိုးအမ်းတမ်း ပြုံးလျက် ချီးမွမ်းခန်းဖွင့်ခဲ့၏။

“ပေါ့ပြက်ပြက်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေပဲ ကြားဖူးခဲ့တာကို အဘက်ဘက်ကနေ အများကြီး ထောက်ထားငဲ့ညှာပေးရှာသား……”

“အင်း။”

“နင့်ကိုလည်း အများကြီး သဘောကျပေးတာပဲ။”

“အဲ့ဒါက……”

ယင်းထက်……

သို့သော်လည်း ‘သဘောကျသည်’ ဟူသော အရာက ချစ်သူအချင်းချင်းကြားမှ အကြောင်းအရာတစ်ခုတည်းကိုသာ ဆိုလိုခြင်းမျိုး မဟုတ်သောကြောင့်ပင်။

“အင်း။”

ရှက်မိလာ၏။

အစ်ကို့ကို နောက်မှတွေ့ကြတာပေါ့ဟု နှုတ်ဆက်စကားဆိုပြီးနောက် ကျွန်မ ရုံးခန်းအတွင်းသို့ ဂရုတစိုက် ဝင်ရောက်သွားခဲ့သည်။

ဟိုင်န်ရီက ရုံးခန်းအလယ်တွင် အိုးတိုးအမ်းတမ်း ရပ်နေခဲ့ရာမှ ကျွန်မနှင့် မျက်လုံးချင်းဆုံသွားသည်နှင့် အားမပါစွာ ပြုံးပြလာ၏။

“ကွီးန်။”

ကျွန်မကို သူ့နာမည်ဖြင့် ခေါ်လာသော သူက ပုံမှန်အတိုင်း ကျွန်မထံသို့ ချဉ်းကပ်မလာနိုင်ဘဲ တုံ့ဆိုင်းနေခဲ့သည်။

ကျွန်မက ရှောင်ကွင်းနေခဲ့သဖြင့် ပို၍ချဉ်းကပ်လာပါက အဆင်ပြေပါ့မလားဟု မသေချာမရေရာ ဖြစ်နေသော မျက်နှာထားမျိုးပင်။

သူ့ကို မြင်တွေ့လိုက်ရသည်နှင့် ယခင်အတိုင်း မျက်နှာပူလသော စိတ်က ပြင်းထန်နေဆဲဖြစ်သော်လည်း……

ယခုတစ်ကြိမ်တွင်မူ ကျွန်မကိုယ်တိုင် သတ္တိမွေးကာ သူ့ထံသို့ ချဉ်းကပ်သွားခဲ့သည်။

ဟိုင်န်ရီက လက်နှစ်ဖက်ကို တင်းတင်းယှက်ထားလျက် ကျွန်မကို တုန်ယင်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာ၏။

“ကွီးန်၊ ကျွန်တော်က….”

“တကယ်ပဲ စိတ်ဆိုးနေတာ မဟုတ်ပါဘူး။”

“ဒါပေမဲ့ ကျွန်တော့်ကို ရှောင်နေခဲ့တာမဟုတ်လား။ ကွီးန်၊ ကျွန်တော်က……ခင်ဗျား ကျွန်တော့်ကို ရှောင်နေမှာမလိုလားပါဘူး။”

“စိတ်ဆိုးလို့ ရှောင်ခဲ့တာ မဟုတ်ပါဘူး။”

ကျွန်မ ထပ်ခါတလဲလဲ ပြောလိုက်ပြီးနောက် ခဏခဏ လှည့်ထွက်သွားချင်နေသော စိတ်ကို အစွမ်းကုန် အောင့်အည်းကာ မေးလိုက်သည်။

“ရှင့်ကို ရှောင်နေခဲ့ရတဲ့ အကြောင်းရင်းကို အမှန်အတိုင်း ဖွင့်ပြောပြလို့ရမလား။”

ဟိုင်န်ရီက ပျာပျာသလဲ ပြန်ပြောလာ၏။

“ဟုတ်ကဲ့။ ကျွန်တော့်ကို စိတ်ဆိုနေတာ မဟုတ်ဘူးဆိုရင် အမှန်အတိုင်း ပြောပြပေးပါ။”

“ရှင် လန့်သွားလောက်မလား မသိဘူး။”

“စိုးရိမ်လွန်းလို့ အိပ်လို့တောင်မပျော်ပါဘူး။ ကျွန်တော်က၊ ကွီးန်၊ ခင်ဗျားရဲ့ အမုန်းဒဏ်ကို မခံချင်လို့ပါ။”

ဟိုင်န်ရီ၏ မျက်ဝန်းများက အသာလေး တုန်ယင်နေသည်။

ပုံမှန်ထက် မျက်ဆန်က သိသိသာသာ ပို၍ နက်မှောင်နေပုံပင်။

ကျွန်မ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သူ၏ အဝတ်အစားများကို အဆောင်လက်ဖွဲ့လို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်လိုက်မိသည်။

အမှန်တရားကို ဖွင့်ဟဝန်ခံခြင်းက ခက်ခဲလှသော ကိစ္စပင်။

သို့သော်လည်း ဟိုင်န်ရီက ကျွန်မထံသို့ အမှန်တရားကို ဖွင့်ဟဝန်ခံခဲ့ပြီးပေပြီ။

ကျွန်မ စိတ်ဆိုးသွားမလားဟု စိုးရိမ်ပူပန်နေခဲ့သည့်တိုင်အောင်။

သူ သတ္တိပြခဲ့သည့်အတိုင်း ကျွန်မကလည်း သတ္တိမွေးရမည်မဟုတ်ပါလား။

ကျွန်မ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် အတတ်နိုင်ဆုံး မျက်နှာထားမပျက်စေဘဲ ဝန်ခံလိုက်တော့၏။

“ရှင် ဝတ်လစ်စားလစ် ဖြစ်နေတဲ့ ပုံစံကို မြင်ခဲ့ရလို့ပါ။”

“....”

“အဲ့ဒီပုံစံက မျက်စိထဲမှာ ခဏခဏ ပေါ်လာလို့ အခက်တွေ့နေရတာပါ။”

“.....”

“အဲ့ဒါကြောင့် မျက်လုံးချင်း မဆုံနိုင်တာ။ ခဏခဏ ပြန်တွေးမိနေလို့။”

“....”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၅၇ အထိ ဖတ်လို့ရပါပြီ။

၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment