အပိုင်း ၃၈ (ဗိုင်းကောင့် လိုတဲရှု)
“ဒါဆို တော်ဝင်မင်းသား ဟိုင်န်ရီက စာဖလှယ်ဖော်ရှာတာကို ဒီလောက်နဲ့ ရပ်လိုက်ပြီလားရှင့်။”
“ဟုတ်ပါတယ်။ အခြေအနေက ဒီလိုဖြစ်နေတာတောင် ထွက်မလာပုံထောက်ရင် ကျိန်းသေပေါက် လူလုံးထွက်ပြချင်ပုံမရလို့ပေါ့။”
“ဒါပေမဲ့လည်း လူသိရှင်ကြား ရှာရလောက်တဲ့အထိဆိုရင် နှမြောစရာကြီးကို……”
“ကျွန်တော့် အကျိုးအတွက်နဲ့တော့ သူ့ကို စိတ်မသက်မသာဖြစ်ရအောင် မလုပ်ချင်ပါဘူးဗျာ။”
တော်ဝင်မင်းသား ဟိုင်န်ရီက ကတိတည်ခဲ့သည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူက ဘေးမှ မှူးမတ်ကတော်တစ်ဦးနှင့် စကားပြောနေစဉ် ကျွန်မက ကိတ်မုန့်တစ်ဖဲ့ကို စိတ်မပါ့တပါ ပိုင်းပြီးစားနေ၏။
ရံဖန်ရံခါ သူက ကျွန်မဘက်သို့ လှည့်ကြည့်တတ်သော်လည်း ဒီအတိုင်း ပြုံးပြပြီး ခေါင်းညိတ်ပြရုံမှတစ်ပါး ထူးဆန်းစွာ မပြုမူခဲ့ပေ။
‘လူကောင်းတစ်ယောက်ပါလား……’
ဆိုဗီရ်ရှုက တော်ဝင်မင်းသား ဟိုင်န်ရီ ထူးဆန်းသောစကားတစ်စုံတစ်ရာ ပြောလာပါက ချက်ချင်း ဖြတ်ပြောရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း သူ ဝင်ရောက်စွက်ဖက်ရလောက်အောင် ပြဿနာဖြစ်စေမည့် စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။
တော်ဝင်မင်းသား ဟိုင်န်ရီက ရက်ရှ်တာနှင့်ပတ်သက်၍ စကားတစ်ခွန်းမျှ မဟခဲ့။
စကားဝိုင်းက တော်ဝင်မင်းသား ဟိုင်န်ရီ၏ စာမှသည် ခါ့ဖ်မန်း မင်းသားကြီး၏ မီးတိုက်ကြီး၊ မှော်ပညာနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ထို့နောက် စစ်ပွဲတွင် မှော်ပညာက အမှန်တကယ် ထိရောက်မှု ရှိ၊ မရှိဟူသည့် ပြဿနာအကြောင်းသို့ သဘာဝကျကျ ရောက်ရှိသွားခဲ့သည်။
ခါ့ဖ်မန်း မင်းသားကြီးက နဂိုက စကားနည်းသူဖြစ်၍ပေပဲလားမသိ၊ အကယ်ဒမီကျောင်းမှ ထိပ်တန်းကျောင်းသားအဖြစ် အောင်မြင်ခဲ့သော်လည်း ထိုခေါင်းစဉ်အကြောင်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
အခြားခေါင်းစဉ်များတွင်လည်း နှုတ်ဆိတ်နေသည်မှာ အတူတူသာ။
သို့သော် စကားဝိုင်းတွင် စိတ်ဝင်တစားရှိနေစဉ်မှာပင်။
တံခါးဝမှ အသံများ ဆူညံလာကာ တော်ဝင်ကိုယ်ရံတော်စစ်သည်တစ်ဦး အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်လာသည်။
စစ်သည်တော်တပ်မှူးပင်။
‘ဘာဖြစ်တာပါလိမ့်။’
သူက ကျွန်မနှင့် မျက်လုံးချင်းဆုံမိတော့ အလျင်အမြန် ဦးညွှတ်အရိုအသေပေးပြီး ဒီဘက်သို့ သတိထားကာ ချဉ်းကပ်လာသည်။
ဆိုဗီရ်ရှုက တော်ဝင်မင်းသား ဟိုင်န်ရီကို အကဲခတ်နေသဖြင့် သူ့ကို သတိမထားမိသေးပေ။
“အရှင်ဧကရာဇ်။”
စစ်သည်တပ်မှူး၏ ခေါ်သံကြောင့် နောက်မှ လှည့်ကြည့်လာသော ဆိုဗီရ်ရှုက ဘာကိစ္စလဲဟု မေးတော့ စစ်သည်တော်တပ်မှူးက လျှောက်တင်လေသည်။
“ခဏလောက် ဧည့်ခံပွဲကြီး ကျင်းပတဲ့ ခန်းမဆောင်ဘက်ကို သွားပေးဖို့ လိုအပ်တဲ့ပုံပါပဲ။”
အရေးကြီးနေသည့် မျက်နှာပင်။
ဧည့်သည်တော် အယောက်နှစ်ဆယ်အနက် အများစုက ဤနေရာတွင် စုဝေးနေကြသဖြင့် စစ်သည်တော်တပ်မှူး၏ စကားကို လူတိုင်း ကြားလိုက်ကြသည်။
လူတို့၏ အကြည့်များက စစ်သည်တော်တပ်မှူးထံ စုပြုံရောက်ရှိသွားကြ၏။
“ဘာဖြစ်တာလဲ။”
ဆိုဗီရ်ရှု၏ မေးခွန်းကို စစ်သည်တော်တပ်မှူးက ချက်ချင်း မဖြေနိုင်ခဲ့ပေ။
ပြောပြရန် ခက်ခဲသော အကြောင်းအရာ ဖြစ်ပေမည်။
ဆိုဗီရ်ရှုလည်း ထိုသို့ တွေးမိပုံရသလားမသိ ခွင့်ပြုပေးရန်ပြောပြီးနောက် စစ်သည်တော်တပ်မှူးနောက်မှလိုက်၍ အပြင်သို့ ထွက်သွားခဲ့သည်။
‘ဘာဖြစ်တာပါလိမ့်။’
လိုက်သွားသင့်သလားဟု တွေးမိသော်လည်း ကျွန်မကို လိုအပ်သည့်ကိစ္စဆိုလျှင် စစ်သည်တော်တပ်မှူးက ကျွန်မကိုပါ ခေါ်ပေလိမ့်မည်။
ရက်ရှ်တာနှင့်ပတ်သက်သည့် ကိစ္စကြောင့် ခေါ်ခြင်းဖြစ်စေ၊ ထိုကဲ့သို့ အလားသဏ္ဌာန်တူသော ကိစ္စမျိုးဆိုလျှင်မူ ကျွန်မ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။
‘လိုက်မသွားဘဲနေရအောင်။’
ဆုံးဖြတ်ချက်ချပြီးနောက် ကျွန်မလည်း ဧည့်သည်များနှင့် တစ်ဖန် ရောနှောစကားပြောဆိုနေခဲ့သည်။
ထို့နောက် သင့်တော်သော အချိန်ရောက်တော့ အထူးဧည့်ခံပွဲခန်းမဆောင်မှ ထွက်ခွာကာ ကပွဲကြီးကျင်းပရာ ခန်းမဆောင်ဘက်သို့ သွားလိုက်၏။
နောက်ဆုံးနေ့ဖြစ်သဖြင့် ဧည့်သည်များကို တစ်ကြိမ်ထပ်မံ စစ်ဆေးပြီးနောက် နေဝင်ချိန်တွင် ခေါင်းလောင်းထိုးခြင်း၊ မီးရှူးမီးပန်းများနှင့်ပတ်သက်၍ စစ်ဆေးရန်အတွက်ဖြစ်သည်။
‘လော်ရာနဲ့ ကတိပေးထားတာလည်း ရှိသေးတယ်။’
သို့သော် ကပွဲခန်းမဆောင်ကြီး၏ အနေအထားက ကျွန်မထင်ထားသည်ထက် ပို၍...အုံအုံကြွကြွဖြစ်နေသည်။
‘တစ်ခုခု ဖြစ်ခဲ့တာများလား။’
ရက်ပိုင်းလောက် ဆက်တိုက်ကျင်းပနေသော ပါတီပွဲများတွင် လူတို့ ပင်ပန်းနွမ်းနယ်လာကြသည်မှာ ထုံးစံပင်။
နောက်ဆုံးနေ့ဖြစ်၍ လူတိုင်း အတတ်နိုင်ဆုံး ပြင်ဆင်လာကြသော်လည်း ပထမဆုံးနေ့လောက်တော့ ထက်သန်တက်ကြွမှု ရှိမည်မဟုတ်ပေ။
ဝင်ပေါက်မှစ၍ လူများ၏ မျက်လုံးများ အရောင်တောက်ကာ စကားပြောဆို ရယ်မောနေကြသည်ကို မြင်နေရ၏။
ကျွန်မဝင်လာတော့ ထိုအနေအထားက ပို၍ပင် ပြင်းထန်လာသည်။
ကျွန်မ အူကြောင်ကြောင်ဖြစ်နေစဉ် လော်ရာက အလျင်အမြန် ပြေးလာကာ မေးမြန်းခဲ့၏။
“ဧကရီ အရှင်မ၊ ဧကရီ အရှင်မ၊ ကြားပြီးပြီလားရှင့်။”
“စိတ်ဝင်စားစရာ ကိစ္စတစ်ခုခုများ ရှိခဲ့လို့လား။ ငါက နှင်းဆီနီခန်းမမှာပဲ ဆက်တိုက်ရှိနေရာကနေ လာခဲ့တာဆိုတော့ ဘာကိစ္စမှန်း မသိလိုက်ဘူး။”
“တအားကို စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စ ဖြစ်ခဲ့တာပါ။”
လော်ရာက စိတ်လှုပ်ရှားလွန်း၍ နှာခေါင်းမှ လေပူများပင် ရှူထုတ်နေသည်။
ကျွန်မတို့လည်း စကားပြောရန် သင့်တော်မည့် နေရာသို့ ရွှေ့ခဲ့ကြ၏။
အနီးအနားတွင် ကြွပ်ကြွပ်ရွရွ ကြော်ထားသော ပင်လယ်စာများ၊ သေးငယ်စွာ လှီးဖြတ်ထားသော ရွှေဖရုံသီးပူတင်းနှင့် နို့ပါသော ကော်ဖီ စသည်တို့ ရှိနေသဖြင့် စားရင်းသောက်ရင်း စကားပြောဆိုရန် ကောင်းမွန်သောနေရာပင်။
“ဒါက စားရင်းနားထောင်ရမဲ့ကိစ္စပါ။ စားချင်သောက်ချင်စိတ် ဖြစ်လာစေမဲ့ အကြောင်းအရာမျိုးမို့လို့လေ။”
“ဘာကိစ္စများလဲ။”
လော်ရာက ရွှေဖရုံသီးပူတင်းကို ပန်းကန်သေးသေးလေးထဲသို့ ခပ်ထည့်ကာ ခက်ရင်းနှင့်အတူ ကျွန်မကို ကမ်းပေးခဲ့သည်။
“ကျေးဇူးပဲ၊ လော်ရာ။”
“ရက်ရှ်တာရယ်လေ။”
လူအများရှိနေသည့်နေရာတွင် ပြောချင်သည့် အကြောင်းအရာတော့ မဟုတ်ပေ။
ကျွန်မ မျက်ခုံးအနည်းငယ်ကျုံ့လိုက်သော်လည်း လော်ရာက ကျွန်မ သူ့အကြောင်း ပြောဆိုရန် မနှစ်သက်သည်ကို သိလျက်နှင့်ပင် ဆက်ပြောခဲ့သည်။
“သူက ကျွန်ပြေးဆိုပြီး ကောလာဟလတွေ ပျံ့ခဲ့တာကို မှတ်မိသေးလားရှင့်။”
“မှတ်မိတာပေါ့။ ဒါပေမဲ့ အရှင်ဧကရာဇ်က မဟုတ်ဘူးလို့ ငြင်းခဲ့တယ်မဟုတ်လား။”
ဆိုဗီရ်ရှုက ရက်ရှ်တာကို ကျွန်ပြေးဟု စကားဖြန့်သူများအား အပြစ်ပေးမည်ဟု အလေးအနက် သတိပေးထားသည်။
သို့သော် လူမြောက်မြားစွာရှိနေသော ဤနေရာတွင် ထိုအကြောင်းကို ထုတ်ပြောသင့်ပါ့မည်လား။
ဤတစ်ကြိမ်တွင်မူ အခြားသဘောဖြင့် စိုးရိမ်ပူပန်လာသော်လည်း တားဆီးရန်မတတ်နိုင်မီ လော်ရာက အော်ပြောခဲ့သည်။
“ကျွန်ပြေးဆိုတာ အမှန်ပဲတဲ့ရှင်။ ဗိုင်းကောင့် လိုတဲရှုက ဒီနေ့ ပါတီပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာတာကို ရက်ရှ်တာကိုမြင်တော့ မှတ်မိသွားတာလေ။”
“ဗိုင်းကောင့် လိုတဲရှု။”
“ဗိုင်းကောင့်ရဲ့အိမ်တော်က ကျွန်ကိုမှ ထွက်ပြေးသွားတာတဲ့လေ။”
“သေချာရဲ့လား။”
“ဟုတ်ကဲ့။ အရှင်ဧကရာဇ်သာ ရှိနေခဲ့ရင်တော့ တားလောက်ပေမဲ့ ဒီမှာ ရှိမနေဘူးမဟုတ်လား။ ပြီးတော့ ဗိုင်းကောင့် လိုတဲရှုက မြို့တော်ကို ရောက်လာတာ နာရီပိုင်းပဲ ရှိသေးတော့ ရက်ရှ်တာနဲ့ပတ်သက်တဲ့ သတင်းတွေကို လုံးဝမသိဘူးတဲ့လေ။ ကျွန်ပြေးအကြောင်း မပြောဖို့ အမိန့်ကိုလည်း မသိဘူးတဲ့။ အဲ့ဒါကြောင့် လူတွေရှေ့မှာပဲ ရက်ရှ်တာက သူ့ဆီကနေ ထွက်ပြေးသွားတဲ့ ကျွန်ပါဆိုပြီး ပေါ်ပေါ်တင်တင် ပြောလိုက်တာပေါ့။"
“အာ……”
“ရက်ရှ်တာက သူမဟုတ်ဘူးလို့ ပြောပေမဲ့ လူတိုင်းကတော့ ဗိုင်းကောင့် လိုတဲရှုရဲ့စကားကို မှန်တယ်လို့ ထင်ကြမှာပါပဲ။ မျက်နှာပေါ်မှာ ရှော့ခ်ရသွားတဲ့ အရိပ်အယောင်တွေ အပြည့်ပေါ်လွင်နေတာကိုး။”
လော်ရာက နှာခေါင်းရှုံ့ ရယ်လိုက်သည်။
“ရက်ရှ်တာဆီမှာ မျက်နှာကောင်းရအောင်လုပ်မယ်ဆိုပြီး ချဉ်းကပ်ခဲ့ကြတဲ့ မှူးမတ်အနွယ်တော်တွေလည်း အကုန် အဲ့ဒီမြင်ကွင်းကို မြင်လိုက်ရတယ်မဟုတ်လားရှင့်။”
“ဒါဆို နှစ်ယောက်သားက အခု ဘယ်မှာလဲ…”
“ရက်ရှ်တာက သတိလစ်သွားလို့ ဘယ်ရွန် လန့်ထ်က အိပ်ခန်းထဲကို ပွေ့ခေါ်သွားပါတယ်။ ဗိုင်းကောင့် လိုတဲရှုကိုတော့ စစ်သည်တော်တပ်မှူးက လာခေါ်သွားတယ်ရှင့်။”
အဲ့ဒီကိစ္စကြောင့် ဆိုဗီရ်ရှုကို ခေါ်သွားတာကိုး။
တဒင်္ဂလေး ဘာရယ်ဟု အမည်တပ်ရန် ခက်ခဲသော ခံစားချက်တစ်ခု တိုးဝင်လာသည်။
မစင်ကြယ်တဲ့ ကျေနပ်မှုလား...။ ဟုတ်တယ်။ အဲ့ဒီလို ခံစားချက်မျိုးဖြစ်မဲ့ပုံပဲ။
ရက်ရှ်တာက ကျွန်ပြေးဖြစ်သည်ဟူသော ကောလာဟလများ ပြန့်ခဲ့စဉ်က ဆိုဗီရ်ရှုတစ်ယောက် ရက်ရှ်တာနှင့်ပတ်သက်၍ ကောလာဟလများ ဖြန့်နေသူမှာ ကျွန်မဟု သံသယဝင်ကာ ဒေါသဖြစ်ခဲ့သည်။
ထိုစဉ်က ခံပြင်းလှသဖြင့် ဝမ်းနည်းခဲ့ရသည့် ခံစားချက်ကို ပြန်သတိရမိကာ အမှန်အတိုင်း ကျေနပ်မိခဲ့၏။
သို့သော် ဖြစ်ချင်တော့ အတော်ပဲဖြစ်သွားတာပေါ့ဟု ယူဆရန်မှာလည်း တစ်မျိုး မရှင်းမရှင်းဖြစ်နေသည့် အပိုင်းတစ်ခု ရှိနေပြန်သည်။
ဒီစနိုးစနောင့်ဖြစ်မှုက ဘယ်ကလာတာပါလိမ့်။
"...."
တဒင်္ဂ စဥ်းစားကြည့်သော်လည်း သိနိုင်စရာအကြောင်းမရှိသဖြင့် လောလောဆယ် ဤကိစ္စထဲ ဝင်မပါဘဲနေရန် ကျွန်မ ဆုံးဖြတ်လိုက်သည်။
ရက်ရှ်တာကို ကယ်တင်ခေါ်ဆောင်လာခဲ့သော ဆိုဗီရ်ရှုက သူ့ကို ကျွန်ပြေးမှန်း မသိခဲ့လေသလား။
မသိခဲ့ဘူးဆိုလျှင်ပင် ဆိုဗီရ်ရှုက သူ့အပေါ် ချစ်ခင်စုံမက်မှု လျော့သွားလိမ့်မည်ဟုတော့ မထင်ပေ။
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ သနားစရာကောင်းပြီး အားနည်းသည့် ပုံစံကြောင့်ပင် ကာကွယ်ပေးလိုစိတ်ဖြစ်လာကာ သူအား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
ထိုစဉ်က မြင်မြင်ချင်း ချစ်မိခဲ့သည်ပဲလား၊ သို့မဟုတ် နောက်ပိုင်းမှ ရက်ရှ်တာ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုများတွင် ကြွေဆင်းသွားခဲ့သည်ပဲလားဆိုသည်ကို ကျွန်မက ဆိုဗီရ်ရှု မဟုတ်၍ မသိနိုင်သော်လည်း၊ အနည်းဆုံးတော့ အစပျိုးခဲ့သည့် အကြောင်းရင်းမှာ ထိုသို့ပင်။
ရက်ရှ်တာက သာမန်လူတန်းစားမှ ဆင်းသက်လာသည်ဖြစ်စေ၊ ကျွန်ပြေးဖြစ်စေ၊ ဆိုဗီရ်ရှုကတော့ သူ့အား ယခင်အတိုင်း ချစ်နေဦးမည်သာ။
ဆိုဗီရ်ရှုက ရက်ရှ်တာကို လှောင်ပြောင်ကဲ့ရဲ့မှုများကြားမှ ကာကွယ်ပေးရန် ကြိုးစားပေလိမ့်မည်။
သူ မည်သို့တုံ့ပြန်မည်ကိုမူ မသိရ။
ရက်ရှ်တာနှင့်တော့ လုံးဝ မပတ်သက်လိုပေ။
~~~~
Miel's Translations