အပိုင်း ၄၉ (လူမှုရေးအသိုင်းအဝိုင်း၏ လိပ်ပြာလေး)
အကြိုက်က တိုင်းတစ်ပါးသားလားပေါ့လေ။ ဒါကရော ထပ်ပြီးတော့ ဘာစကားပါလိမ့်။
ကျွန်မ သူ့ကို နားမလည်သလိုမျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။
မည်သို့သောရည်ရွယ်ချက်ဖြင့် ပြောသလဲဆိုသည်မှာ နားလည်ရခက်လှ၏။
စောစောက ကျွန်မ ခါ့ဖ်မန်း မင်းသားကြီးနှင့် စကားပြောခဲ့သဖြင့် ဤသို့ဖြစ်နေခြင်းပေပဲလား။
"ဧကရီက တခြားယောကျ်ားအပေါ် စိတ်ဝင်စားတာကို မတားဘူးဆိုပေမဲ့ ဖြစ်နိုင်ရင်တော့ အဲ့ဒီလူကို တိုင်းတစ်ပါးသား မဖြစ်စေချင်ဘူး။"
ထင်တဲ့အတိုင်း ဟုတ်နေတာပဲ။
ခါ့ဖ်မန်း မင်းသားကြီးနှင့် ထိုသို့သော ပတ်သက်မှုမျိုး မရှိပါဘူးဟု ရှင်းပြရန်ပြင်ပြီးမှ ကျွန်မ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"အဲ့ဒါက အရှင်ဧကရာဇ် ဝင်စွက်ဖက်ရမဲ့ကိစ္စ မဟုတ်ပါဘူး။"
တော်ဝင်မင်းသား ဟိုင်န်ရီတုန်းကလည်း ထိုအတိုင်း၊ ယခုလည်း ထိုအတိုင်းပင်။
သူက အမြဲတမ်း အဓိပ္ပာယ်မရှိသော အထင်လွဲမှုများနှင့် ဝင်ပါတတ်သဖြင့် ဤတစ်ကြိမ်တော့ အတိအကျ စည်းသားရန် လိုအပ်ပေပြီ။
အရင်ဆုံး ချစ်သူခေါ်လာခဲ့သူက ဆိုဗီရ်ရှုကိုယ်တိုင်ပင် မဟုတ်ပါလော။
ကျွန်မဘက်မှ သူ့ကို တုံ့ပြန်ရုံအတွက်နှင့် မလိုလားအပ်သော ယောကျ်ားတစ်ယောက်ကို ချစ်သူအဖြစ် ခေါ်သွင်းမည်မဟုတ်သော်လည်း တစ်ဖက်တွင်မူ ကျွန်မ ဘာလုပ်လုပ် ဆိုဗီရ်ရှုက ဝင်ရောက်စွက်ဖက်၍မဖြစ်ပေ။
သူက မည်သို့သောရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တောက်လျှောက် ပူညံပူညံလုပ်နေရသလဲဆိုသည်ကို ကျွန်မ စိတ်မဝင်စား။
မည်သို့သောရည်ရွယ်ချက်မျိုးရှိပါစေ ချစ်သူထားသည့်ကိစ္စ၌ သူ့အနေနှင့် ကျွန်မကို ချုပ်ချယ်ပိုင်ခွင့် အလျဉ်းမရှိပေ။
အနည်းဆုံးတော့ ကျွန်မ ထိုသို့ထင်မြင်မိသည်။ သို့မှသာ မျှမျှတတရှိမည် မဟုတ်ပါလော။
သို့သော် ဆိုဗီရ်ရှုကမူ အခြားအတွေး တွေးနေပုံပင်။
"ငါက ဘယ်လိုလုပ်ပြီး ဂရုမစိုက်ဘဲ နေနိုင်မှာလဲ။ မင်းက ငါ့ဇနီးလေ။"
"..."
ဤနေရာတွင် 'အရှင်ဧကရာဇ်ကရော ကျွန်မနဲ့တိုင်ပင်ပြီးမှ လေဒီ ရက်ရှ်တာကို ခေါ်လာခဲ့တာမို့လို့လား' ဟု ပြန်မေးလိုက်မည်ဆိုလျှင် ကျိန်းသေပေါက် ကျွန်မက ရက်ရှ်တာကို ရန်ရှာနေသည်ဟူ၍ဖြစ်စေ၊ မနာလိုသဖြင့် သူ့နာမည်ကို ထပ်ပြီးဆွဲထည့်သည်ဟူ၍ဖြစ်စေ တစ်ခုခု ပြောလာဦးမည်ပင်။
ဆိုဗီရ်ရှု၏ မျက်နှာပြောင်လှသော အချိုးကြောင့် အလိုလိုပင် သက်ပြင်းချမိသွားတော့သည်။
"ခါ့ဖ်မန်း မင်းသားကြီးကို သဘောကျနေတာလား။ သက်ပြင်းပါချရတဲ့အထိလေ။"
"ထူးထူးဆန်းဆန်းတွေ အထင်မလွဲပါနဲ့။ ဒီတစ်ခေါက် လွီပ်(ထ်) အရေးအတွက်ပဲ စကားပြောခဲ့ရုံပါ။"
"အင်းလေ။ အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့။... ဒါပေမဲ့ နည်းနည်းတော့ ဂရုစိုက်ပေးရင် ကောင်းမယ်။"
~~~~
လွီပ်(ထ်) အရေးကိစ္စနှင့် ပတ်သက်သည့် အစည်းအဝေးကို အဆုံးသတ်ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးအပါအဝင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယခုနှစ်အတွင်း တော်ဝင်မိသားစု၊ နန်းတွင်းအမှုထမ်းများ၊ တော်ဝင်သက်တော်စောင့်တပ်ဖွဲ့နှင့် အမျိုးမျိုးသော အခမ်းအနားများအတွက် အသုံးပြုမည့် အသုံးစရိတ်များကို တွက်ချက်တိုင်းတာခဲ့ကြသည်။
“အခွန်ရရှိမှုကတော့ မနှစ်ကနဲ့ အလားတူအခြေအနေမှာပဲ ရှိနေပါတယ်။”
“အခွန်စနစ်မှာလည်း ပြောင်းလဲမှုရှိလာဖို့ မရှိသလို၊ ကုန်စျေးနှုန်းတွေကလည်း မတက်ခဲ့ပါဘူး။”
“ဒါဆိုရင် မနှစ်က ဘဏ္ဍာငွေလျာထားချက်အတိုင်းပဲ ဆက်သုံးလို့ရမှာပေါ့။”
“ဟုတ်ကဲ့၊ နိုင်ငံတကာပဋိပက္ခတွေလည်း ရှိမလာနိုင်တဲ့အတွက် ယေဘုယျအားဖြင့်တော့ မနှစ်ကအတိုင်းပဲ သတ်မှတ်ရင် အဆင်ပြေမှာပါ။”
ဤအထိတော့ အရာအားလုံးက ချောချောမွေ့မွေ့ ရှိနေခဲ့သည်။
အလုပ်များ ရှုပ်ထွေးသွားရခြင်းမှာ ရက်ရှ်တာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များမှ စတင်ခဲ့ခြင်းပင်။
ဧကရာဇ်၏ ချစ်သူများအတွက် နှစ်စဉ်အတော်အတန်များပြားသော ငွေကြေးပမာဏကို ပေးအပ်လေ့ရှိသော်လည်း ထို ‘အတော်အတန်’ ဆိုသည့် ပမာဏမှာ အလွန်ပင် စိတ်ကူးယဉ်ဆန်လှသည့် ကိန်းဂဏန်းတစ်ခု ဖြစ်နေသည်။
သတ်မှတ်ချက်စံနှုန်းမရှိသည့်အတွက် ဧကရာဇ်တစ်ပါးနှင့်တစ်ပါး သတ်မှတ်သည့်ပမာဏချင်း မတူညီကြဘဲ ယခင်က သာဓကများကို ကိုးကားရန်မှာလည်း အလွန်ခက်ခဲလှ၏။
“လေဒီ ရက်ရှ်တာအတွက် သုံးစွဲခဲ့တဲ့ အသုံးစရိတ်စာရင်းဇယားက သီးသန့်ရှိနေလား။ အဲ့ဒါကိုကြည့်ရင်တော့ တွက်ချက်ရတာ ပိုလွယ်ကူမယ်ထင်တယ်။”
“အဲ့ဒီစာရင်းဇယားက ဘဏ္ဍာရေးဝန်ကြီးဌာနကို ရောက်မလာသေးပါဘူး။ သတ်မှတ်ပေးထားတဲ့ အသုံးစရိတ် မရှိသေးလို့ အရှင်ဧကရာဇ်ရဲ့ ကိုယ်ပိုင်အသုံးစရိတ်စာရင်းထဲမှာပဲ မှတ်တမ်းတင်ထားပါလိမ့်မယ်။ အခုလောလောဆယ်တော့ လိုအပ်တဲ့ပစ္စည်းအားလုံးကို အရှင်ဧကရာဇ်ကပဲ တိုက်ရိုက်ပေးနေတာမို့လို့ပါ။”
“အဲ့ဒီလိုလား။”
ဘယ်လိုလုပ်ရပါ့မလဲ…… ဆိုဗီရ်ရှုကတော့ သက်ဆိုင်ရာ စာရင်းဇယားတွေကို ပေးချင်မှာမဟုတ်တာကို။
“ဒီမှာပါတဲ့ မာရ်တီ ဗိုင်းကောင့်ကတော်ရဲ့ သာဓကနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုသဘောရပါသလဲ၊ ဧကရီအရှင်မ။ သူကလည်း သာမန်အရပ်သူဖြစ်သလို၊ နန်းတက်စမှာပဲ ချစ်သူအဖြစ် စတင်ခဲ့တာချင်း တူနေပါတယ်။”
“အဲ့ဒီတုန်းကထက်စာရင် အခုက ကုန်စျေးနှုန်းတွေ တက်လာတာမို့လို့ အဲ့ဒီအတိုင်း အတည်ပြုဖို့တော့ ခက်မယ်ထင်တယ်။”
“ဒါပေမဲ့ အခုမှ ချစ်သူဖြစ်ခါစဆိုတော့ နည်းနည်းပဲ တွက်ချက်ထားသင့်ပါတယ်။ တစ်ခါ သတ်မှတ်ပြီးရင် ပြန်လျှော့ဖို့က ခက်ခဲမှာမို့လို့ပါ။ အကယ်၍ နောက်ထပ် ချစ်သူအသစ် ထပ်ရောက်လာရင် ပမာဏက…… တောင်းပန်ပါတယ်။”
“ရပါတယ်။ သေသေချာချာ လုပ်ထားတော့ ပိုကောင်းတာပေါ့။ မှန်တဲ့စကားပါပဲ။”
နောက်ဆုံးတွင် ဆွေးနွေးမှုများက ထင်ထားသည်ထက် ပိုမိုကြာမြင့်သွားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးကို ထားခဲ့ကာ အခန်းထဲမှ ထွက်လာချိန်တွင် ပတ်ဝန်းကျင်လေထုက အေးစိမ့်နေချေပြီ။
ကောင်းကင်တွင် နေမင်းရှိနေသေးသော်လည်း အလင်းရောင်က အုံ့မှိုင်းနေ၏။
‘အဲ့ဒီလိုဆိုမှ နေ့လယ်စာ မစားရသေးပါလား။’
မနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ ခါ့ဖ်မန်း မင်းသားကြီးနှင့် အစည်းအဝေးလုပ်ခဲ့ပြီး နေ့လယ်ပိုင်းမှစ၍ ဘဏ္ဍာရေးဝန်ကြီးနှင့် ထပ်မံဆွေးနွေးခဲ့ရသဖြင့် အစားအသောက်တစ်နပ် လွတ်သွားခဲ့ရခြင်းပင်။
ကျွန်မ ခြေလှမ်းများကို အလျင်စလို ပြောင်းလိုက်မိသည်။
တစ်နပ်စာလွတ်သွားမှန်း သိလိုက်ရတော့ ရုတ်တရက် အလွန်အမင်း ဆာလောင်လာတော့၏။
ကွီးန် ရောက်လာသလားဆိုသည်ကိုလည်း သိချင်မိသည်။
ထိုသို့ အမြန်လျှောက်လာစဉ် ပင်မနန်းဆောင်မှ အရှေ့နန်းဆောင်နှင့် အနောက်နန်းဆောင်သို့ လမ်းခွဲသည့်နေရာ၌ အပြာရောင် စကပ်စတစ်ခုကို မြင်လိုက်ရသည်။
စကပ်စက ချုံပုတ်ကြီးတစ်ခုနောက်မှ ပြူထွက်နေခြင်းပင်။
“ဘယ်သူပါလဲ။”
နောက်မှလိုက်လာသည့် ဆာ အာရ်တီနာက မျက်မှောင်ကြုတ်လျက် မေးလာသည်။
“မပြောတတ်ဘူး……”
ကျွန်မ ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
ထိုအသံကို ကြားသွား၍လားမသိ။
ပြူထွက်နေသော စကပ်စပိုင်ရှင်က ချုံပုတ်ထဲမှ ကိုယ်ကို အမြန်ထုတ်ခဲ့သည်။
အလောတကြီး လှည့်ကြည့်လာသူက ထင်မှတ်မထားဘဲ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် ဖြစ်နေလေ၏။
“ဧကရီ အရှင်မ။”
မျက်လုံးချင်းဆုံသွားသည်နှင့် သူမက ကျွန်မကို ခပ်တိုးတိုးလှမ်းခေါ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ထို့နောက် လူသူမရှိကြောင်း အတည်ပြုပြီးမှ ခဏလောက် ဒီဘက်ကို လာပေးပါဦးဟူသည့် သဘောဖြင့် လက်ရိပ်ပြလာ၏။
ရိုင်းရာကျသည်ဟု ဆိုနိုင်သော်လည်း သူ့ပုံစံက အတော်လေး အရေးကြီးနေသည့်ပုံပင်။
“ဘယ်လိုမျက်နှာမျိုးနဲ့များ။”
သို့သော် ကျွန်မက အနားသို့တိုးမသွားဘဲ ဆာ အာရ်တီနာကသာ အေးစက်စက် လေသံဖြင့် ဟောက်လိုက်သောအခါ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားလေသည်။
တစ်ချက်ကလေး ငိုတော့မလို မျက်နှာထားမျိုး ဖြစ်သွားပြီးမှ ပတ်ဝန်းကျင်ကို တစ်ခါထပ်၍ ဝေ့ဝဲကြည့်ကာ ကျွန်မရှိရာသို့ ချဉ်းကပ်လာပြီး ပြောခဲ့၏။
“အရေးတကြီး ပြောစရာရှိလို့ လာခဲ့တာပါ။ အခု ကျွန်မက ဧကရီအရှင်မရဲ့ ရံရွေတော် မဟုတ်တော့ပေမဲ့၊ အဲ့ဒီလိုဆိုပေမဲ့လည်း ဒါကို မပြောပြလိုက်ရရင် တစ်သက်လုံး စိတ်ထဲ မသက်မသာဖြစ်နေရတော့မယ်ထင်လို့ပါ။”
သူ၏ နှုတ်ခမ်းများက စိုးရိမ်တကြီး တုန်ယင်နေသည်။
ဆာ အာရ်တီနာ တစ်ခုခု ထပ်ပြောရန် ပြင်နေသည်ကို ကျွန်မက ဟန့်လိုက်ပြီး ဆက်ပြောရန် အချက်ပြလိုက်၏။
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က သူ၏ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားခဲ့သည်။
“တစ်စွန်းတစ်စ ကြားမိသလောက်ဆိုပေမဲ့ ဗိုင်းကောင့် လိုတဲရှုက လေဒီ ရက်ရှ်တာရဲ့ အားနည်းချက်တစ်ခုကို ဆုပ်ကိုင်ထားတဲ့ပုံပါပဲ။”
“အားနည်းချက်၊ ဟုတ်လား။”
“အသေးစိတ်ကိုတော့ သေချာမကြားလိုက်ရပေမဲ့ အဲ့ဒီအရာနဲ့ ဗိုင်းကောင့်က...”
သို့သော် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် စကားပင် မဆုံးသေးမီ ဒေါက် ဒေါက် ဟူ၍ ခြေသံများ စတင်ထွက်ပေါ်လာသည်။
ကျွန်မလည်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။
ထိုအတောအတွင်းမှာပင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ချုံပုတ်ထဲသို့ လှစ်ခနဲ ပြေးဝင်ပုန်းကွယ်သွားတော့သည်။
‘ရုတ်တရက်ကြီး ဘာဖြစ်လို့ပါလိမ့်။’
ကျွန်မ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် ရပ်နေခဲ့သည့် နေရာကို ကြည့်နေစဉ် အနားသို့ ရောက်ရှိလာသူကို မြင်လိုက်ရသည်။ ချဉ်းကပ်လာသူကား ရက်ရှ်တာပင်။
“ဧကရီ အရှင်မ။”
ဤအတောအတွင်း စိတ်ဆင်းရဲခဲ့ရ၍လားမသိ၊ ရက်ရှ်တာက ယခင်ကထက် ပိုမိုပိန်လှီနေ၏။
ညိုမည်းနေသည့် မျက်ကွင်းများကြောင့် လူမမာပုံပေါက်နေသည်။
ရက်ရှ်တာက ကျွန်မကို ဦးညွှတ်ဂါရဝပြုပြီးနောက် အားမရှိသော လေသံဖြင့် မေးလာ၏။
“ခုနက တစ်ယောက်ယောက် ရှိနေခဲ့တာလားရှင့်။”
ကျွန်မ ခေါင်းခါပြလိုက်တော့ သူက နှုတ်ခမ်းကို ဖိပိတ်ရင်း ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် ပျောက်ကွယ်သွားသည့် ချုံပုတ်ကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။
တစ်ယောက်ယောက် ထိုဘက်သို့ ပျောက်ကွယ်သွားသည်ကို ကျိန်းသေပေါက် မြင်လိုက်သည့်ပုံပင်။
သို့သော် ‘ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က နင့်မှာ အားနည်းချက်ရှိနေတဲ့အကြောင်း လာပြောနေတာ’ ဟူ၍တော့ ပြောပြ၍မရပေ။
စကားကို ပြင်ပြောမည့်အစား ဘာမှမပြောဘဲ စောင့်ကြည့်နေလိုက်တော့ ရက်ရှ်တာက သက်ပြင်းတစ်ချက် ချလိုက်သည်။
ထို့နောက် ပျောက်သွားသူအကြောင်း ထပ်မမေးတော့ဘဲ ကျွန်မကို ပြန်ကြည့်ကာ မှိုင်မှိုင်တွေတွေဖြင့် မေးလာ၏။
“ဟိုလေ... ဧကရီ အရှင်မ။ ရက်ရှ်တာ တစ်ခုလောက် မေးကြည့်လို့ရမလားဟင်။”
“ပြောကြည့်လေ။”
“ဟို…တူအာနီယာ မြို့စားကတော်နဲ့ ပတ်သက်ပြီးတော့ပါ………”
သူ မေးမြန်းမည့်အကြောင်းအရာက ကျိန်းသေပေါက် ဆိုဗီရ်ရှုအကြောင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိ၏။
မဟုတ်လျှင် တော်ဝင်မင်းသား ဟိုင်န်ရီ၊ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်တို့နှင့် ပတ်သက်လိမ့်မည်ဟုလည်း ထင်ထားခဲ့သည်။
သို့သော် ရက်ရှ်တာ မေးလာသောသူမှာ လုံးဝ မထင်မှတ်ထားသည့်ပုဂ္ဂိုလ် ဖြစ်နေ၏။
“တူအာနီယာ မြို့စားကတော်။”
ဆိုင်းမဆင့်ဗုံမဆင့် သူ့ကို ဘာဖြစ်လို့လဲ။
အကြောင်းရင်းကိုမသိ၍ စိုက်ကြည့်နေမိစဉ် ရက်ရှ်တာက အသံကို အလွန်တိုးတိုးလေးနှိမ့်ကာ မေးလာသည်။
“ဧကန္တ တူအာနီယာ မြို့စားကတော်က နည်းနည်း ပေါ့ပျက်ပျက်နိုင်တဲ့ဘက်ကလားဟင်။”
ကျွန်မ နားကြားများမှားလေသလားဟုပင် ထင်လိုက်မိသည်။
ဘယ်သူက ပေါ့ပျက်ပျက်နိုင်တာတဲ့လဲ။
“ဘာသဘောနဲ့ အဲ့ဒီလို မေးတာလဲ။”
မျက်မှောင်ကြုတ်ကာ မေးလိုက်တော့ ရက်ရှ်တာက ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။
“စိတ်ဆိုးသွားတာလားဟင်။”
“တူအာနီယာ မြို့စားကတော်က လူကောင်းတစ်ယောက်ဖြစ်သလို၊ မိတ်ဆွေကောင်းလည်းဖြစ်လို့။”
“ဟိုလေ……”
ရက်ရှ်တာက ချီတုံချတုံဖြစ်နေလျက် လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ဟိုကိုင်ဒီကိုင်လုပ်နေခဲ့သည်။
“တူအာနီယာ မြို့စားကတော်ရဲ့ဘေးမှာ အမြဲတမ်း ယောက်ျားတွေ ဝိုင်းအုံနေတတ်တယ်မဟုတ်လား။”
“...”
“မြို့စားကတော်ကလည်း ယောက်ျားတွေနဲ့ ရောရောနှောနှော နေရတာကို ပျော်နေတဲ့ပုံပါပဲ။ အိမ်ထောင်သည် ဖြစ်နေပြီကို အဲ့ဒီလို လုပ်လို့ဖြစ်ပါ့မလား မသိလို့ပါ။”
အံ့သြမှင်တက်စွာ စိုက်ကြည့်မိတော့ ရက်ရှ်တာက လက်နှစ်ဖက်ကို အမြန်ပင် ယမ်းခါခဲ့သည်။
“ရက်ရှ်တာက မကောင်းတဲ့သဘောနဲ့မေးတာ လုံးဝ မဟုတ်ပါဘူးနော်။ တကယ်ကို သေချာမသိလို့ မေးတာပါ။”
“တူအာနီယာ မြို့စားကတော်က ယောက်ျား၊ မိန်းမ မရွေး အကုန်လုံးကြားမှာ ထင်ပေါ်တဲ့သူပဲ။”
ရက်ရှ်တာက ကျွန်မစကားကို မယုံသည့်ပုံပင်။
“ဒါပေမဲ့ ပါတီမှာတုန်းက ကြည့်လိုက်တော့ အမြဲတမ်း ယောက်ျားတွေနဲ့ပဲ အတူရှိနေတာကို………”
အလိုလိုပင် သက်ပြင်းချလိုက်မိတော့သည်။
~~~~
Miel's Translations