အပိုင်း ၅၀ (လူမှုရေးအသိုင်းအဝိုင်း၏ လိပ်ပြာလေး)
မသိလို့ မေးတာတဲ့လား။
ကျွန်မအမြင်တွင်မူ ယင်းက ပို၍ပင်ဆိုးနေသေးသည်။
သိလျက်နှင့် မေးခြင်းဆိုလျှင် အနည်းဆုံး အခြေအနေကို ကြည့်မိဦးမည်ဖြစ်သော်လည်း။
မသိ၍မေးသည့် စကားဆိုလျှင်မူ မည်သည့်အငြိုးအတေးမှမရှိဘဲ သူတစ်ပါးကို ထိခိုက်နစ်နာစေခြင်းမျိုး မဟုတ်ပေဘူးလား။
ယခုမူ နှစ်ယောက်တည်းရှိသည့် နေရာတွင်ဖြစ်နေ၍ တော်သေးသည်ဟု ပြောရပေမည်။
"ပါတီပွဲတွေမှာဆိုရင် ယောက်ျားနဲ့ မိန်းမက တွဲဖက်ပြီး ကကြတာများတော့ အဲ့ဒါကြောင့်ပဲ အဲ့ဒီလိုထင်စရာဖြစ်သွားတာပေါ့။"
"အာ...."
"တူအာနီယာ မြို့စားကတော်အတွက် ပြဿနာဖြစ်စရာ အကြောင်းမရှိတာမို့လို့ နောက်နောင် အဲ့ဒီလိုစကားမျိုးကို မပြောနဲ့။"
ရက်ရှ်တာက 'ဟုတ်ကဲ့' ဟု တိုးတိုးလေး ပြန်ဖြေခဲ့သည်။
ထို့နောက် အခြားပြောစရာမရှိတော့ပုံရသဖြင့် ကျွန်မလည်း ကျောခိုင်းလှည့်ထွက်ကာ အနောက်နန်းဆောင်သို့ ပြန်လာခဲ့၏။
သို့သော် အခန်းသို့ ပြန်ရောက်ပြီး ရံရွေတော်များနှင့် စကားပြောနေသည့်တိုင် ရက်ရှ်တာ၏ ထူးဆန်းသော မေးခွန်းက စိတ်ထဲတွင် တဝဲလည်လည်ဖြစ်နေသည်။
'ဘာလို့ တူအာနီယာ မြို့စားကတော်အကြောင်း မေးခဲ့တာပါလိမ့်။'
ယခု ရက်ရှ်တာက လူမှုရေးအသိုင်းအဝိုင်းတွင် အခြေအနေ အလွန်ဆိုးဝါးနေသူပင်။
လူအများကြားထင်ပေါ်သော မြို့စား အယ်ရ်ဂီက သူ့ဘက်မှ ရပ်တည်ပေးခဲ့သဖြင့် အခြေအနေ ကောင်းလာနိုင်သော်လည်း၊ နှစ်သစ်ကူးပွဲတော်တုန်းက ပုံရိပ်ကို ချက်ချင်း လုံးဝဥဿုံ ပြန်လည်ပြုပြင်ရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း သူတစ်ပါး၏ အတင်းအဖျင်းများကို စိတ်ဝင်တစား လိုက်မေးနေသည်ဆိုတော့……
'ဧကန္တ။'
"နယ်စားကတော် အယ်လီဇာ။"
"ဟုတ်ကဲ့၊ ဧကရီ အရှင်မ။"
"တူအာနီယာ မြို့စားကတော်နဲ့ ပတ်သက်ပြီး အခုတလော မကောင်းတဲ့သတင်းတွေ ထွက်နေတာများရှိလား။"
"ကျွန်မ သိသလောက်တော့ မရှိပါဘူး။"
"အဲ့ဒီလိုလား......."
"အာ။ ဗိုင်းကောင့် လန်ဒရယ်ကတော့ နှစ်သစ်ကူးပွဲတော်မှာ မြို့စားကတော်နဲ့ တွဲကခဲ့ပြီးကတည်းက လုံးဝ အချစ်ရောဂါတက်နေတယ်လို့ ကြားမိပါရဲ့။"
နယ်စားကတော် အယ်လီဇာက ချစ်စနိုးဖြင့် ရယ်လိုက်သည်။
"တော်တော်လေးကို တမ်းတမ်းစွဲ ရူးသွပ်နေတဲ့ပုံပါပဲ။"
မှူးမတ်အမျိုးသားများ တူအာနီယာ မြို့စားကတော်အပေါ် စွဲလမ်းပြီး အချစ်နာကျကြသည်မှာ ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။
ရက်ရှ်တာက သူ၏ အကျပ်ရစရာအခြေအနေမှ လွတ်မြောက်ရေးအတွက် အတင်းအဖျင်းပစ်မှတ်ကို အခြားသူထံသို့ လွှဲပြောင်းရန် ကြိုးစားနေခြင်းများလားဟု တွေးမိသော်လည်း။
ကျွန်မကပဲ အပိုတွေ စိုးရိမ်နေမိခြင်းလား။
ဟုတ်ပါရဲ့။
အခု အခြေအနေမှာ ရက်ရှ်တာက အဲ့ဒီလိုပုံစံမျိုးနဲ့ လူတွေကို ဆွပေးဖို့က ခက်မှာပဲ။
ထို့အပြင် တွေ့ဆုံသည်မှာ တစ်ရက်သာရှိသေးသည့် မြို့စား အယ်ရ်ဂီကလည်း သူ့အတွက်နှင့် အပြစ်မရှိသောလူတစ်ယောက်အကြောင်း ထူးဆန်းသည့် ကောလာဟလများ ဖောက်သည်ချပေးမည်မဟုတ်ပေ။
"..."
သို့ရာတွင် နှစ်သစ်ကူးပွဲတော်တုန်းက တူအာနီယာ မြို့စားကတော်ကို ရက်ရှ်တာ စိုက်ကြည့်နေခဲ့သည့် အကြည့်အား သတိရမိကာ အကြောင်းမဲ့ စိုးရိမ်စိတ်ဝင်လာ၏။
"ဧကရီ အရှင်မ။ ဒါနဲ့ အဲ့ဒါကို ဘာလို့ မေးတာလဲရှင့်။ ထူးဆန်းတဲ့ ကောလာဟလတစ်ခုခုများ ကြားမိလို့လား။"
"ရက်ရှ်တာက မေးလာလို့ပါ။"
နယ်စားကတော် အယ်လီဇာ မျက်နှာပျက်သွားသည်။
"အဲ့ဒီမိန်းမက ဘာလို့ အဲ့ဒီလိုလုပ်ရတာပါလိမ့်။"
"မသိပေမဲ့……မတော်လို့များ ထူးထူးဆန်းဆန်း ကောလာဟလတွေ ထွက်လာတာရှိရင် ချက်ချင်း ပြောပြပေးပါ။"
~~~~
လွီပ်(ထ်) အရေးအတွက် ကြိုတင်စုံစမ်းစစ်ဆေးမှုများနှင့် တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့သဖြင့် ထိုကိစ္စကို လုံးဝ မေ့သလောက်ဖြစ်သွားခဲ့သည်။
မကြာသေးခင်က ဟွာတိုက်ကြီးမှ ပြန်လာကြသော ခရီးသွားများ၊ စွန့်စားသွားလာသူများနှင့် ကုန်သည်များကို စုံစမ်းမေးမြန်းပြီး ခေါ်ယူတွေ့ဆုံရခြင်း၊ သူတို့ထံမှရသော အချက်အလက်များကို စုစည်းပြုစုရခြင်းဖြင့်ပင် အတော်လေး အလုပ်များနေခဲ့၏။
နဂိုလုပ်ဆောင်နေကျ တာဝန်ဝတ္တရားများကိုလည်း ပစ်ထား၍မရသဖြင့် အချိန်က လောက်ငှသည်ဟူ၍ မရှိပေ။
ထို့ကြောင့် ကျွန်မ မွေးနေ့ နီးကပ်လာပြီဖြစ်ကြောင်းကိုပင် မေ့လျော့နေခဲ့မိ၏။
မထင်မှတ်ဘဲ မွေးနေ့အကြောင်းကို ပြန်သတိပေးလာသူကား ဆိုဗီရ်ရှုပင်။
"သီးသန့်နန်းဆောင်က မြင်းရထားနဲ့ သွားမယ်ဆိုရင်တောင် နာရီပေါင်းများစွာ ကြာမှာဆိုတော့ အလုပ်တွေကို မြန်မြန်လက်စသတ်ပြီး မွေးနေ့မတိုင်ခင် တစ်ရက်အလိုကတည်းက ကြိုထွက်တာ ပိုကောင်းမယ်မဟုတ်လား။"
ယခုနှစ်အတွက် တော်ဝင်မိသားစု အသုံးပြုမည့် ခန့်မှန်းခြေ အသုံးစရိတ်များကို အသိပေးပြီး ဆိုဗီရ်ရှုထံမှ အတည်ပြုချက်ရယူသော ပုံမှန်လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အချိန်တွင်ဖြစ်သည်။
ဆိုဗီရ်ရှု ရုတ်တရက် ပြောလိုက်သည့် စကားကြောင့် ကျွန်မလည်း စာရေးလက်စ ငှက်မွေးမင်တံကို စာရွက်ပေါ်၌ ခေတ္တချထားလိုက်မိ၏။
စက္ကန့်ပိုင်းလောက် ကြာပြီးမှသာ သူ ဘာအကြောင်းပြောနေသလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။
"အာ။ မွေးနေ့……"
"ဘုရားရေ။"
ကျွန်မ ကြောင်အမ်းအမ်း ပြန်ဖြေလိုက်သည်ကို ဆိုဗီရ်ရှုက ရယ်ချင်သွား၍လားမသိ ခပ်ဖွဖွ ရယ်ခဲ့သည်။
"ဧကရီကတော့ တကယ်ပဲ အလုပ်ထဲ စိတ်နှစ်လိုက်ပြီဆိုရင် တခြားဘယ်အရာကိုမှ ဂရုမစိုက်နိုင်တော့ဘူးကိုး။"
စနောက်နေသည့် လေသံမျိုးပင်။
"ငါ ဘယ်သူ့မွေးနေ့အကြောင်း ပြောနေတာမှန်းရော သိရဲ့လား။"
"အခုမှပဲ သတိရပါတော့တယ်။"
"ကိုယ့်မွေးနေ့ကိုယ်တော့ မှတ်ထားမှပေါ့။"
"..."
"တစ်ရက်ကြိုပြီး ထွက်ခွာမယ်ဆိုရင်ရော အဆင်ပြေမလား။"
"အချိန်ဇယားကို ညှိလိုက်ပါ့မယ်။"
စိတ်ထဲမှ ပို၍အလုပ်များလာမည့် အချိန်ဇယားများကို အလျင်အမြန် စစ်ဆေးကြည့်နေစဉ် ဆိုဗီရ်ရှုက ထပ်မေးလာပြန်သည်။
"ဧကရီ၊ ဧကန္တ သီးသန့်နန်းဆောင်မှာ စိုက်ခဲ့တဲ့သစ်ပင်ကို မှတ်မိသေးလား။"
ကျွန်မ ခေါင်းညိတ်ပြလိုက်တော့ ဆိုဗီရ်ရှုက ပေါ့ပေါ့ပါးပါး ကိုယ်လက်ဆန့်ကာ ပြန်လည်အောက်မေ့တမ်းတသလို ရေရွတ်ခဲ့သည်။
"အိမ်ရှေ့စံကြင်ရာတော် ဘဝတုန်းက ဧကရီလည်း တကယ့် သေးသေးကွေးကွေးလေးနဲ့၊ ချစ်ဖို့ကောင်းခဲ့တာပဲ။"
"...."
ဆိုဗီရ်ရှု ပြောနေသည့်သစ်ပင်က 'ဆုတောင်းပြည့်သစ်ပင်' ကို ဆိုလိုခြင်းပင်။
ဤတစ်ကြိမ်တော့ ကျွန်မလည်း အလိုလို ပြုံးမိသွားရသည်။
အရှေ့အင်ပါယာတွင် ဆုတောင်းသစ်ပင်ဟု အမည်ရသည့် သစ်ပင်ရှိပြီး ဆုတောင်းရင်း ထိုသစ်ပင်ကိုစိုက်လျှင် ဆုတောင်းများ ပြည့်ဝတတ်သည်ဟူသော ကောလာဟလရှိ၏။
အိမ်ရှေ့စံကြင်ရာတော်ဘဝ။
ကျွန်မက ရွယ်တူများနှင့်ယှဉ်လျှင် အရပ်အလွန်ပုသည့်ဘက်တွင် ပါခဲ့သည်။
ထို့အပြင် အမြဲတစေ လူကြီးများကြားတွင်သာ ဝိုင်းရံနေထိုင်ခဲ့ရသဖြင့် အရပ်ပုခြင်းက ကျွန်မအဖို့ အင်မတန် စိတ်ဖိစီးစရာကိစ္စတစ်ခု ဖြစ်ခဲ့ရ၏။
ဘာလုပ်လုပ် လူကြီးများနှင့်အတူ လုပ်ဆောင်ရသော်လည်း ကျွန်မ၏ မြင်ကွင်းက အင်မတန် နိမ့်လွန်းနေသောကြောင့်ပင်။
ဤခံစားချက်ကို ထုတ်မပြောဘဲ တစ်ယောက်တည်း ကြိတ်မှိတ်သည်းခံနေခဲ့ရာမှ နောက်ဆုံးတော့ ကျွန်မလည်း ထိုသစ်ပင်ကို စိုက်မည်ဟုဆုံးဖြတ်ကာ ထွက်လာခဲ့မိသည်။
ဆုတောင်းမည့် ကာယကံရှင်ကိုယ်တိုင် သစ်ပင်စိုက်ရမည်ဟူသော စည်းကမ်းရှိသဖြင့် တစ်ယောက်တည်း ပေါက်ပြားနဲ့ ပျိုးပင်ကိုယူကာ ထွက်လာခဲ့ခြင်းပင်။
သို့သော် ငယ်သေးသည့်အရွယ်ဖြစ်သလို ရွယ်တူများကြားမှာပင် သေးညှက်သည့် ကျွန်မက ပေါက်ပြားကို ကောင်းကောင်းကိုင်နိုင်စရာအကြောင်းမရှိပေ။
နောက်ဆုံးတွင် နာရီပေါင်းများစွာကြာအောင် နမော်နမဲ့ မြေကြီးတူးခဲ့ရာမှ ပျိုးပင်လေးကိုပိုက်ရင်း အိပ်ပျော်သွားတော့၏။
နိုးလာတော့ ဆိုဗီရ်ရှုက ကျွန်မတူးနေသည့် ကျင်းထဲမှ မြေကြီးများကို ဆက်တူးပေးနေကြောင်း တွေ့လိုက်ရသည်။
- အရှင့်သား။ အရှင့်သားက တူးပေးရင် ကျွန်မစိုက်တာ မဟုတ်တော့ဘူးပေါ့။ ပြန်ဖို့လိုက်ပါ။
- ကိစ္စမရှိဘူး။ ငါတို့က ဇနီးမောင်နှံတွေပဲကို။ လင်နဲ့မယားဆိုတာ တစ်ကိုယ်တည်းမို့လို့ မင်းလုပ်တာက ငါလုပ်တာနဲ့ အတူတူပဲပေါ့။
- ....တကယ်လားဟင်။
- အင်း။ ခမည်းတော်က အဲ့ဒီလိုပြောဖူးတယ်။
တူးထားပြီးသား မြေကြီးများကို ပြန်ဖို့ပြီးမှ ပြန်တူးရမည်က ပင်ပန်းမည့်အလုပ်ဖြစ်ရာ ကျွန်မလည်း ဆိုဗီရ်ရှု၏စကားကို ယုံပေးလိုက်မိသည်။
မြေကြီးကို အတော်အတန် တူးပြီးသည့်နောက်တွင်။
ကျွန်မ ပိုက်ပြီးအိပ်နေခဲ့သော ပျိုးပင်လေးကို ကျင်းထဲထည့်လိုက်ကာ နှစ်ယောက်သား အတူတူ မြေပြန်ဖို့ပေးခဲ့ကြသည်။
လက်နှစ်ဖက်ကိုစုကာ ဆုတောင်းပြီးသည့်နောက်တွင် ဆိုဗီရ်ရှုက 'ဘာဆုတောင်းခဲ့တာလဲ' ဟု မေးလာ၏။
- ……အရပ်ရှည်ပါစေလို့ ဆုတောင်းလိုက်တာပါ။
- ဘာလို့လဲ။ ပုနေလည်း ကောင်းတာပဲကို။
- ဧကရီ အရှင်မနောက်ကို လိုက်သွားတဲ့အခါ တင်းထိမ်တွေ ရှိတဲ့နေရာမှာ နေရတာ များတယ်လေ။ ဒါပေမဲ့ တင်းထိမ်တွေက ကျွန်မထက် မြင့်နေတော့ အရှေ့ကို မမြင်ရလို့ပါ………
ထို့နောက်တွင် ကျွန်မက အအေးမိပြီး ဖျားခဲ့ရသလို၊ ဆိုဗီရ်ရှုကလည်း လက်ဖဝါးတွင် ပွန်းပဲ့ဒဏ်ရာများ ရခဲ့သဖြင့် အတော်လေး အဆူခံခဲ့ရသည်။
တစ်ဖက်တွင် ကျွန်မထက် အရပ်လည်းရှည်ပြီး အားလည်းသန်ပုံရသည့် ဆိုဗီရှုဖြစ်နေစေကာမူ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်လည်း ကလေးပဲရှိသေးသောကြောင့်ပင်။
အလိုလိုနေရင်း နှုတ်ခမ်းအစုံက ပြုံးယောင်သမ်းလာရ၏။
လှမ်းကြည့်လိုက်တော့ ဆိုဗီရ်ရှုကလည်း ပြန်ပြောင်းတမ်းတနေသည့်ပုံစံနှင့် ပြုံးနေခဲ့သည်။
"ဒါပေမဲ့ အဲ့ဒီသစ်ပင်က တကယ် အစွမ်းထက်တယ်မဟုတ်ဘူးလား။ အခုဆို ဧကရီရဲ့အရပ်က တော်တော်မြင့်တဲ့ဘက်မှာ ပါနေပြီလေ။"
ကျွန်မ ဘာမှမပြောဘဲ ပြုံးလိုက်ရင်း ငှက်မွေးမင်တံကို ပြန်ကိုင်ကာ အကြည့်ကို အောက်သို့ပြန်ချလိုက်သည်။
လွမ်းဆွတ်တမ်းတမိသည့် ခံစားချက်တွင် ခါးသက်သက် အရသာတစ်ခုပါ ရောယှက်သွား၏။
တကယ်တော့ ကျွန်မ နောက်ဆုံးတွင် တောင်းခဲ့သည့်ဆုက အရပ်ရှည်ရန်မဟုတ်ခဲ့။
ဆိုဗီရ်ရှုနှင့် ကျွန်မ တစ်သက်လုံး ယခုအတိုင်း ဆက်ဆံရေးကောင်းပါစေဟု ဆုတောင်းခဲ့ခြင်းပင်။
…..ဆုတောင်းမပြည့်ခဲ့ပါသော်လည်း။
~~~~
Miel's Translations