no

Font
Theme

အပိုင်း ၅၇ (တူအာနီယာ မြို့စားကတော်)

တော်ဝင်သမားတော်က လေးနက်သောမျက်နှာထားဖြင့် အချိန်အတော်ကြာ နားကြပ်ကို ရွှေ့ပြောင်းစမ်းသပ်နေရာမှ ၁၅ မိနစ်အကြာတွင် ဆိုဗီရ်ရှုထံမှ အေးစက်သော သံထည်ပစ္စည်းကို ဖယ်ရှားခဲ့သည်။

“ဘယ်လိုနေသေးလဲဟင်။”

ကျွန်မ အလောတကြီး မေးလိုက်မိ၏။

“မနေ့ကထက်စာရင် အဖျားက နည်းနည်းကျသွားပါပြီ။”

သမားတော်၏စကားအဆုံးတွင် ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး တစ်ပြိုင်နက်တည်း သက်ပြင်းချကုန်ကြသည်။

ကျွန်မလည်း တော်သေးသည်ဟု တွေးမိ၏။

ဆိုဗီရ်ရှု သတိလစ်သွားသည့်အချိန်က တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနှင့် စကားများပြီးသည့်နောက်တွင် ဖြစ်နေခဲ့သည်။

ကျွန်မကြောင့်ဟု မတွေးမိသော်လည်း သူက ထွက်သွားပြီးပြီးချင်းမှာပင် လဲကျသွားခဲ့ခြင်းဖြစ်၍ တစ်လျှောက်လုံး စိတ်ထဲတွင် မတင်မကျဖြစ်နေမိ၏။

ယခုမှပင် အနည်းငယ် စိတ်အေးသွားရတော့သည်။

“ချက်ချင်း လာခဲ့ပေးလို့ ကျေးဇူးပါပဲ။”

“မဟုတ်တာ၊ ဧကရီအရှင်မရဲ့။ ဒါက ကျွန်တော်မျိုးရဲ့တာဝန်ပါ။”

သမားတော်နှင့် လူများထွက်သွားပြီးသည့်နောက် ကျွန်မ ခုတင်ခေါင်းရင်းသို့ ကုလားထိုင်တစ်လုံးယူလာကာ ထိုင်လိုက်သည်။

ဆိုဗီရ်ရှုက နိုးနေသည်လားမသိ၊ မျက်လုံးကို မှေးရုံလေး ဖွင့်ကြည့်လာ၏။

သတိလည်း ကောင်းကောင်းရှိနေပုံရကာ သူ၏မျက်ဝန်းများက ကျွန်မထံသို့ ချက်ချင်းပင် ရောက်ရှိလာသည်။

ဘေးတွင်ထားထားသော အေးစက်နေသည့် ဇလုံထဲမှ ရေဖတ်ဝတ်ကို ဆယ်ယူကာ ရေညှစ်ပြီးနောက် ဆိုဗီရ်ရှု၏ နဖူးပေါ်သို့ တင်ပေးလိုက်ရာ သူက တစ်ချက်တွန့်သွား၏။

“အေးလိုက်တာ။”

“အလုပ်ပင်ပန်းတဲ့အတွက် ဖြစ်တာလို့ သမားတော်က ပြောပါတယ်။”

“ကြားတယ်။ သမားတော် အဲ့ဒီလိုပြောတုန်းက နိုးနေတာလေ။”

“သီးသန့်နန်းဆောင်ကို မလာခဲ့သင့်ဘူးထင်ပါရဲ့။”

ဆိုဗီရ်ရှု၏ ရုတ်တရက်ဆန်သော အနမ်းကြောင့် အနေအထားက ပို၍ပင် အိုးတိုးအမ်းတမ်း ဖြစ်နေသည်။

ထိုအကြောင်းကို တွေးမိပြီး စိတ်ကျဉ်းကျပ်လာသဖြင့် သက်ပြင်းတိုလေးတစ်ချက် ချလိုက်မိ၏။

“အဆင်ပြေသွားတာပဲ မဟုတ်ဘူးလား။ ဒီအခွင့်အရေးမှာ အနားယူပြီးမှ ပြန်တာလည်း ကောင်းတာပဲပေါ့။”

ဆိုဗီရ်ရှုက ပင်ပန်းနေသော အသံဖြစ်သည့်တိုင် တက်ကြွစွာ ပြောခဲ့သည်။

မည်သို့ပင်ဆိုစေ ကာယကံရှင်ကိုယ်တိုင်က အကောင်းမြင်ပေးနေသဖြင့် တော်သေးသည်ဟု ဆိုရမည်။

ကျွန်မ ဆိုဗီရ်ရှု၏ နဖူးပေါ်မှ ရေဖတ်ဝတ်ကို ဖယ်ပြီး ရေအေးထဲတွင် ပြန်နှစ်ကာ တစ်ဖက်လှည့်၍ တင်ပေးလိုက်ပြန်သည်။

“အေးတယ်……”

ဆိုဗီရ်ရှုက တစ်ချက်ညည်းညူလိုက်ပြီးနောက် အချိန်အနည်းငယ်ဆိုင်းကာ တောင်းပန်လာ၏။

“ငါ့ကြောင့် မွေးနေ့လည်း ပျက်စီးသွားရပြီ။ တောင်းပန်ပါတယ်။”

“နှစ်တိုင်း ပြန်ရောက်လာမဲ့ရက်ပဲကို။ စိတ်ထဲမထားပါနဲ့။”

“စိတ်ထဲမထားဘဲ ဘယ်နေနိုင်ပါ့မလဲ။”

“နောက်နှစ် မွေးနေ့လည်း ရှိသေးတာပဲလေ။”

“ဒါပေမဲ့ ဒီနှစ်မွေးနေ့က ဒီနှစ်မှာ တစ်ခါပဲ ရှိတာကို…… ဟူး။ ဧကရီနဲ့ စကားပြောနေရင် တကယ်ပဲ……”

“လုပ်ဖော်ကိုင်ဖက်လို ဖြစ်နေလို့လားရှင့်။”

သူပြောခဲ့သော စကားအတိုင်း ပြန်လည်တုံ့ပြန်လိုက်တော့ ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လျက် ထူးဆန်းသော မျက်နှာထားမျိုး လုပ်ပြလာသည်။

“တော်တော်လေး ခနဲ့တတ်တာ သိရဲ့လား။”

ခနဲ့တယ်တဲ့လား။ တမင်ပဲ ရွဲ့ပြောလိုက်တာကို။

ကျွန်မ စိတ်ထဲမှတွေးရင်း ပြန်မေးလိုက်သည်။

“တော်ဝင်သမားတော်ရဲ့ စကားအရဆိုရင် ရက်ပိုင်းလောက် ထပ်နေရဦးမယ်ထင်တယ်ရှင့်။ ရက်ရှ်တာကို ခေါ်လိုက်ရမလား။”

ဆိုဗီရ်ရှုက ကျွန်မကို အတည်ပြောနေတာလားဟူသည့် အကြည့်ဖြင့် စိုက်ကြည့်လာသည်။

ကျွန်မက အတည်ပြောလိုက်ခြင်းပင်။

ယခုတစ်ကြိမ်တွင် ခနဲ့လိုသောစိတ်ဖြင့် ပြောလိုက်ခြင်း မဟုတ်ပေ။

ဆိုဗီရ်ရှုအနေနှင့် ကျွန်မ၏ ပြုစုမှုထက် ရက်ရှ်တာ၏ ပြုစုမှုကို ပိုလိုလားလိမ့်မည်ဟု ထင်မိသောကြောင့် ပြောလိုက်ခြင်းသာ။

ကျိန်းသေပေါက် ကျွန်မက သုံးယောက် အတူတူရှိနေရန် စိတ်ကူးမရှိသဖြင့် ရက်ရှ်တာ ဆင်းလာမည်ဆိုလျှင် နန်းတော်သို့ ပြန်သွားမည်ဖြစ်သော်လည်း။

ထို့အပြင် ချစ်သူတစ်ယောက် လုပ်ရမည့်အလုပ်ကလည်း ဤသို့သော အရာများပင် မဟုတ်ပါလား။

ဆိုဗီရ်ရှုတစ်ယောက်တည်းအတွက်ပဲ ဖြစ်တည်ပေးရမဲ့ ကိစ္စမျိုးတွေလေ။

“ဧကရီ..……အခုလည်း ခနဲ့လိုက်တာမဟုတ်လား။”

“အဲ့ဒီလို နားထဲဝင်သွားလို့လားရှင့်။”

“မဟုတ်ဘူးလား။”

“မဟုတ်ပါဘူး။”

တိုတိုတုတ်တုတ်ပင် အဖြေပေးပြီး ငြိမ်သက်စွာ ငုံ့ကြည့်နေစဉ် ဆိုဗီရ်ရှုက ကျွန်မကို အကဲခတ်ကာ ပြန်ဖြေလာသည်။

“ရက်ရှ်တာကို ခေါ်ဖို့မလိုဘူး။”

“စိတ်မကောင်းဖြစ်နေလောက်မှာကို။”

“ဒါက ဧကရီအတွက် ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား။”

ရက်ရှ်တာ စိတ်ထိခိုက်သွားမည်ဆိုလျှင် စိတ်ထဲ၌ ကျေနပ်မိနိုင်သော်လည်း ထိုမျှသာ။

ဆန့်ကျင်ဘက်အနေဖြင့် ရက်ရှ်တာ ဒီကိုဆင်းလာပြီး ကျွန်မက နန်းတော်သို့ ပြန်သွားမည်ဆိုလျှင် လက်တွေ့ကျကျ ပို၍ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

လုပ်စရာများက အပုံလိုက် ရှိနေသည်ကို။

အဖြေပေးမည့်အစား ရေအေးဇလုံထဲသို့ ရေခဲတုံးများ ထပ်ထည့်လိုက်ပြီးနောက် ဆိုဗီရ်ရှု၏ နဖူးပေါ်မှ ရေဖတ်ဝတ်ကိုယူကာ ထိုထဲတွင် မွှေလိုက်သည်။

ရေဖတ်ဝတ်ကို လုံးဝအေးစက်သွားအောင် လုပ်ပြီးမှ ဆိုဗီရ်ရှု၏ ကုပ်ပေါ်သို့ တင်ပေးလိုက်ရာ သူက ဆတ်ခနဲတွန့်သွားပြီးမှ ကျွန်မ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းခဲ့၏။

“ဒေါသကို ပေါက်ကွဲနေတာလား။”

“မဟုတ်ပါဘူး။”

“....”

“တကယ် ပြောတာပါ။”

“သိပြီ။ သိပြီမို့လို့ ဒီလောက်ပဲ စိုက်ကြည့်တော့။”

ဆိုဗီရ်ရှုက တစ်ချက် ညည်းတွားလိုက်ကာ ကုပ်ပေါ်မှပဝါကို ကိုယ်တိုင်ဖယ်ပြီး စောင်ပေါ်တွင် ဒီအတိုင်း တင်ထားလိုက်သည်။

ထို့နောက် သက်ပြင်းချကာ ပြန်ဖြေလာ၏။

“ရက်ရှ်တာကို မခေါ်နဲ့။”

'ဖြစ်ပါ့မလား' ဟု ကြည့်လိုက်ရာ ဆိုဗီရ်ရှုက အားအင်မရှိစွာ မျက်လုံးမှိတ်ထားရင်း တီးတိုးရေရွတ်လာခဲ့သည်။

“ပြောပုံဆိုပုံလေးက ဆန်းကြယ်လို့ ချစ်ဖို့ကောင်းတာမှန်ပေမဲ့ ဘေးမှာထားရတာက သိပ်ပြီး နားအေးပါးအေးမရှိလှဘူး။ အခု ခေါင်းကိုက်နေတော့…… နည်းနည်းလောက် ငြိမ်ငြိမ်အေးအေးလေး နေချင်သေးတယ်။”

ရက်ရှ်တာတော့ စိတ်ထိခိုက်သွားလောက်မှာပဲ။

ချစ်သူဖြစ်လာပြီးကတည်းက ဆိုဗီရ်ရှုနဲ့ တစ်ခါမှ ခွဲမနေဖူးတာကို။

သို့သော် ထိုအကြောင်းကို မဖြစ်မနေ ပြောနေစရာမလိုပေ။

ကျွန်မလည်း ခေါင်းညိတ်ကာ ဆိုဗီရ်ရှု၏ နဖူးပေါ်သို့ ရေဖတ်ဝတ်ကို ပြန်တင်ပေးလိုက်တော့သည်။

~~~~

ရက်ရှ်တာ စိတ်ထိခိုက်သွားလိမ့်မည်ဟူသော ခန့်မှန်းချက်က ကွက်တိပင် မှန်ကန်ခဲ့သည်။

တစ်ပတ်ကြာ အနားယူပြီးနောက် နေပြန်ကောင်းလာ၍ နန်းတော်သို့ ပြန်လာခဲ့ကြရာ ဥယျာဉ်ထဲတွင် ကြိုစောင့်နေသည့် ရက်ရှ်တာက ကျွန်မ မြင်းရထားပေါ်မှ မဆင်းရသေးခင်မှာပင် အပြေးအလွှား ရောက်ရှိလာ၏။

ကျွန်မအပေါ် သူ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သိသာလှပေသည်။

ရက်ရှ်တာက ဆိုဗီရ်ရှုကို အလောတကြီး ဖက်တွယ်ကာ တရှုံ့ရှုံ့ ငိုကြွေးနေသော်လည်း ကျွန်မဘက်ကိုမူ စိမ်းသက်စွာ ဂါရဝပြုရုံသာ ပြုခဲ့၏။

ချစ်သူတစ်ဦးအနေနှင့် ဧကရီအပေါ် ပြုမူသည့် အပြုအမူအဖြစ်ကြည့်လျှင် ဤသည်က ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။

သို့သော် ယခင်က မိတ်ဆွေဖွဲ့ချင်ယောင်ဆောင်ကာ အလွန်အကျွံ ကပ်တွယ်ခဲ့သည်များကို ပြန်တွေးကြည့်လျှင်မူ သိသိသာသာ ပြောင်းလဲသွားသည့် သဘောထားပင်။

ရက်ရှ်တာက ဆိုဗီရ်ရှုနှင့် ခွဲနေရသည်ကိုလည်း ခံရခက်နေပုံပေါ်သည့်တိုင် ဆိုဗီရ်ရှုက ကျွန်မနှင့် နှစ်ယောက်တည်း အတူရှိနေမည်ကို ပို၍ ပူပန်ကြောင့်ကြနေခဲ့ပုံရ၏။

ကျွန်မက ခွာမရလောက်အောင် ကပ်တွယ်နေကြသည့် ထိုနှစ်ယောက်ကို ထားရစ်ခဲ့ကာ ပင်မနန်းဆောင်ထဲသို့ တစ်ဦးတည်း ဝင်လာပြီး မပြီးပြတ်သေးသော အလုပ်ကိစ္စများကို အကုန်လုံး ယူလာခဲ့ရန် အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် ပုံမှန်အတိုင်းပင် နေ့ရက်များ ဆက်လက်ကုန်ဆုံးသွား၏။

တစ်ပတ်ကြာ လက်လွှတ်ခဲ့ရသော အလုပ်များကို အမီလိုက်နိုင်ရန် ပင်မနန်းဆောင်တွင် နေထိုင်သည့်အချိန်ကို အနည်းငယ် တိုးလိုက်ကာ ဆိုဗီရ်ရှုကမူ သမားတော်၏ အကြံပြုချက်အတိုင်း ညဉ့်နက်သည်အထိ အလုပ်လုပ်ခြင်းကို လျှော့ချခဲ့သည်။

ရက်ရှ်တာက နေ့ဘက်တွင် မြို့စား အယ်ရ်ဂီနှင့် အတူတူ သွားလာနေဆဲဖြစ်သော်လည်း ညဘက်၌မူ ဆိုဗီရ်ရှုကို ဂရုတစိုက် ပြုစုပေးနေပုံရ၏။

တော်ဝင်မင်းသား ဟိုင်န်ရီနှင့်လည်း လမ်းလျှောက်နေရင်း တစ်ခါတစ်ရံ ဆုံဖြစ်ကာ ကွီးန်ကလည်း စာတစ်ကြောင်းနှစ်ကြောင်းပါသည့် စာလွှာလေးများကို ပြန်လည် သယ်ဆောင်ပေးနေပေပြီ။

အာ... ပြောင်းလဲသွားသည့် အချက်တစ်ခုတော့ ရှိ၏။

ဆိုဗီရ်ရှုက ကျွန်မကို တကူးတက ခေါ်ယူကာ ရက်ရှ်တာနှင့် ပတ်သက်ပြီး အဓိပ္ပာယ်မရှိသော တောင်းဆိုမှုများ ပြုလုပ်ခြင်းတို့ နည်းပါးသွားခြင်းပင်။

ရက်ရှ်တာအတွက် လိုအပ်သည့် ကိစ္စများကလည်း အထိုင်ကျသွားပြီဖြစ်၍ ထူးထူးခြားခြား တောင်းဆိုစရာ မရှိတော့ပုံရ၏။

ထိုသို့ဖြင့် ရက်ရှ်တာနှင့် ဆုံတွေ့ရသည့် အကြိမ်ရေ နည်းသွားကာ အလုပ်များ ပိုလုပ်နေရသော်လည်း ပင်ပန်းနွမ်းနယ်မှုက အလိုလို လျော့ပါးသွားခဲ့သည်။

ဆိုဗီရ်ရှုကို တွေးမိလျှင်မူ စိတ်ထဲတွင် နာကျင်ပြီး ရင်ထဲ၌ မွမ်းကျပ်နေဆဲဖြစ်သော်လည်း... ဤအတိုင်း နှစ်အနည်းငယ်လောက် ဖြတ်သန်းသွားမည်ဆိုလျှင် ကျွန်မတို့လည်း 'သမားရိုးကျ ဧကရာဇ်နှင့် ဧကရီ' မျိုး ဖြစ်လာနိုင်မည်ပင်။

လက်လျှော့ခြင်းနှင့် စွန့်လွှတ်ခြင်းတို့ဖြင့် တည်ဆောက်ထားသည့် ငြိမ်းချမ်းမှုထဲတွင် ထုံထိုင်းသွားသည့် နှလုံးသားဖြင့် နေထိုင်သွားနိုင်ပေလိမ့်မည်။

~~~~

ရက်ရှ်တာနှင့် ပြန်လည်ဆုံတွေ့ရသည်မှာ တူအာနီယာ မြို့စားကတော် ဦးစီးကျင်းပသည့် လက်ဖက်ရည်ပါတီပွဲနေ့တွင် ဖြစ်ပေသည်။

နန်းတော်၏ ပင်မနန်းဆောင်နှင့် ခပ်လှမ်းလှမ်းတွင် 'ခရစ္စတယ်လ် ဟောက်စ်' ဟု ခေါ်ဆိုသည့် စံအိမ်ငယ်လေးတစ်ခုရှိ၏။

စံအိမ်၏ ပြင်ပနံရံတစ်ခုလုံးကို ခရစ္စတယ်လ် အစစ်များ မဟုတ်သော်လည်း ထောင့်ပေါင်းစုံမှ သွေးထားသောမှန်များ ကပ်ထားသဖြင့် အလင်းရောင်ကျသည့်အခါတိုင်း စံအိမ်တစ်ခုလုံး ဝင်းလက်တောက်ပနေတတ်သည်။

ယခင်က ဧကရာဇ် မြတ်နိုးသော ချစ်သူ အမှန်တကယ် နေထိုင်ခဲ့သည်ဟု ဆိုသော်လည်း ယခုအခါတွင်မူ မှူးမတ်များကို တစ်ရက် သို့မဟုတ် ရက်ပိုင်းလောက်ကြာအောင် ငှားရမ်းပေးသည့်နေရာအဖြစ် အသုံးပြုနေ၏။

ယနေ့ တူအာနီယာ မြို့စားကတော် လက်ဖက်ရည်ပါတီအတွက် ငှားရမ်းထားသည့် နေရာကလည်း ထိုခရစ္စတယ်လ် ဟောက်စ်ပင် ဖြစ်သောကြောင့် ကျွန်မ အလုပ်များကို စောစောလက်စသတ်ကာ လက်ဖက်ရည်ပါတီသို့ တက်ရောက်နိုင်ခဲ့ခြင်းပင်။

“အလုပ်တွေများနေလို့ မလာလောက်တော့ဘူးလားဆိုပြီး စိတ်ပူနေခဲ့တာပါ၊ ဧကရီအရှင်မ။”

“အဲ့ဒီလိုဖြစ်စရာလားရှင်။”

ကျွန်မ တူအာနီယာ မြို့စားကတော်နှင့် နှုတ်ဆက်စကားဖလှယ်ပြီးနောက် ဥယျာဉ်ထဲရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

စားပွဲပေါ်တွင် လက်ဖက်ရည်နှင့် ကော်ဖီများ အဆင်သင့်ရှိနေကာ မုန့်အဖြစ်စားရန် ကွတ်ကီးများနှင့် ကိတ်မုန့်များကိုမူ ကြည်လင်သော အဖုံးများဖြင့် ဖုံးအုပ်ထား၏။

အခြားသော မှူးမတ်ကတော်များ၊ လူကြီးလူကောင်းများနှင့် နှုတ်ဆက်ရင်း ပွဲအခြေအနေက အရှိန်ရလာသည့်အခိုက်အတန့်တွင်။

“အလို။ ကျွန်တော် နောက်ကျသွားတဲ့ပုံပဲ​ဗျ။”

တစ်ခါမှမကြားဖူးသော ရွှင်မြူးသည့် အသံတစ်ခုက ဥယျာဉ်ဝင်ပေါက်ဘက်မှ ထွက်ပေါ်လာသည်။

ပန်းကန်ပြားငယ်လေးထဲသို့ ကိတ်မုန့်ထည့်နေရင်း လှမ်းကြည့်လိုက်ရာ တစ်ခါမှမမြင်ဖူးသော ဆံပင်ကောက်ကောက်နှင့် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထို့နောက် ထိုအမျိုးသား၏ အဖော်အဖြစ် လိုက်ပါလာသော ရက်ရှ်တာကိုလည်း ဘေးနားတွင် တွေ့လိုက်ရသည်။

‘အာ... ဧကန္တ အဲ့ဒီလူက မြို့စား အယ်ရ်ဂီများလား။’

ထိုလူ၏ အကြည့်က ကျွန်မရှိရာဘက်သို့ တစ်ချက်ကလေး ဝေ့ဝဲလာခဲ့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment