အပိုင်း ၂၃ (ကွီးန်သာသိသော မျက်ရည်)
"အလိုလေး။ တောင်းပန်ပါရဲ့၊ လေဒီ ရက်ရှ်တာ။ ကျွန်တော်က အားနည်းသူဗျ။"
တော်ဝင်မင်းသား ဟိုင်န်ရီက အပြုံးလေးနှင့် သွယ်ဝိုက်ငြင်းဆိုခဲ့သည်။
"အကကို နှစ်ခါဆက်တိုက်ကလို့ မဖြစ်ပါဘူး။ မထင်သလို ဖျားတတ်နာတတ်တဲ့ လူချောပေါ့ဗျာ။"
"ဒါဆို တစ်လှည့်နားပြီးရင်ရောဟင်။ ခန္ဓာကိုယ် အားပြန်ပြည့်လာပြီးမှဆိုရင်ရော။"
"အဲ့ဒီအခါကျရင်က..."
တော်ဝင်မင်းသား ဟိုင်န်ရီက ရုတ်တရက် ကျွန်မဘက်ကို လှည့်ကြည့်လာသဖြင့် မျက်လုံးချင်းဆုံသွား၏။ သူ့၏ မျက်ဝန်းအိမ်က ကျဉ်းမြောင်းစွာ ကွေးညွှတ်သွားသည်။
"ပြန်တွဲကချင်တဲ့သူ ရှိနေလို့ပါ။"
လမ်းလျှောက်ရန် ငြင်းခဲ့စဉ်ကလည်း တွေးမိခဲ့၏။ တကယ်ကို လန့်စရာကောင်းအောင် ယတိပြတ် ပြတ်သားနိုင်သူပင်။ မိမိ၏ ဂုဏ်သိက္ခာနှင့် တစ်ဖက်သား၏ ဂုဏ်သိက္ခာကိုပါ ထည့်တွက်ကာ ပြုမူတတ်ကြသည့် မှူးမတ်အနွယ်တော်အများစုနှင့် မတူပေ။
ရက်ရှ်တာက မတော်လို့ အငြင်းခံရနိုင်သည့် အခြေအနေကို မတွေးထားသည့်အလား ရှက်ရွံ့နေသော မျက်နှာနှင့် သူ့ဆံပင်ကို ဟိုကိုင်ဒီကိုင်လုပ်ရင်း ဒီဘက်သို့ ခေါင်းလှည့်လာသည်။
မျက်လုံးချင်းဆုံသွားသော်လည်း သူမက ကျွန်မကို မည်သည့်အမူအရာမှ ထွေထွေထူးထူးမပြဘဲ ဆိုဗီရ်ရှုထံ အကြည့်ကို ပြန်လွှဲလိုက်၏။
ထို့နောက် ကျွန်မတို့ဘက်သို့ ချဉ်းကပ်လာကာ ချစ်စဖွယ် ငိုသံလေးနှင့် ပြောခဲ့သည်။
“အရှင်ဧကရာဇ်။ ရက်ရှ်တာ့မှာ အတူတွဲကမဲ့သူ မရှိပါဘူး။”
“တစ်လှည့် နားနေလိုက်။ လူတစ်ယောက်တည်းနဲ့ နှစ်ခါဆက်တိုက် တွဲကလို့မရဘူးလေ။”
ရက်ရှ်တာတွင် တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ဆင်တူသည့်အချက်ရှိ၏။
သူကလည်း သူ့အမြင်တို့၊ ခံစားချက်တို့ကို ဖော်ပြရာတွင် အတားအဆီးမရှိပေ။
‘တွဲကမဲ့သူ မရှိပါဘူး’ ဟု အကျယ်ကြီး ပြောခြင်းမှာ မှူးမတ်အနွယ်တော် အများစုက ဂုဏ်သိက္ခာထိခိုက်သည်ဟု ယူဆကြသဖြင့် မလုပ်ရဲသောကိစ္စပင်။
“ဟင်း…”
သူက ကလေးလေးလို ချွဲနွဲ့သည့် အသံမျိုးပြုလိုက်တော့ ပတ်ဝန်းကျင်ရှိ မှူးမတ်အနွယ်တော်များက ရယ်လိုက်ကြသည်။
လှောင်ပြောင်သည့် ရယ်သံမျိုးမဟုတ်ဘဲ နှစ်သက်သဘောကျမှုစွက်နေသည့် ရယ်သံမျိုးပင်။
မှူးမတ်အနွယ်တော်ဇာစ်မြစ်မှ ဆင်းသက်လာသူ မဟုတ်ဘူးဟူသော အချက်က ရက်ရှ်တာ့ကို စံသတ်မှတ်ထားသည့် မှူးမတ်အနွယ်တော်ပုံစံမပေါက်အောင် ဖန်တီးနေသည်။
မကောင်းသည့်ဘက်မှ ပြောရလျှင် ယဉ်ကျေးမှုမရှိဘဲ ရိုင်းပျသော်လည်း ကောင်းသည့်ဘက်မှ ပြောရလျှင် လတ်ဆတ်ပြီး အသစ်အဆန်းဖြစ်နေကာ စင်ကြယ်သည့်ပုံပေါ်၏။ နှစ်သစ်ကူးပွဲတော်ကို အကြောင်းပြုပြီး လူတို့၏အမြင်က ပထမအချက်မှ ဒုတိယအချက်သို့ ပြောင်းလဲလာတော့သည်။
“လေဒီ ရက်ရှ်တာ။ ကျွန်တော်နဲ့အတူ တွဲကမလားခင်ဗျ။”
အခြားသော မှူးမတ်အနွယ်တော် လူငယ်အချို့က ရက်ရှ်တာ့ကို ကမ်းလှမ်းခဲ့ကြသော်လည်း ရက်ရှ်တာက အားမပါသည့် မျက်နှာလေးနှင့် ‘ရပါတယ်’ ဟု မသဲမကွဲရေရွတ်ကာ နံရံဘက်သို့ ခြေထောက်ဆွဲပြီး လေးကန်စွာလျှောက်သွားလေသည်။
ဆိုဗီရ်ရှုက သူ့ထံသို့ ချက်ချင်းပြေးသွားချင်နေသလို ကိုယ်က ဆတ်ခနဲတုန်သွား၏။
တယောသံသာ မစခဲ့လျှင် တကယ်ပင် ပြေးသွားလောက်ပေသည်။
သို့ရာတွင် တယောသံ စတင်လာသဖြင့် ဆိုဗီရ်ရှုက သူ့နေရာတွင်သာ ဆက်လက်၍ရပ်နေ၏။
တော်သေး၍ ဤတစ်ကြိမ် တေးသွားက ညင်သာသည့်အပြင် တွဲကဖော်နှင့် အကွာအဝေးအနည်းငယ်ခြားကာ ကရသည့် တေးသွားဖြစ်နေသည်။
ဆိုဗီရ်ရှုနှင့် ကျွန်မမှာ ငယ်စဉ်အခါ အကသင်ယူစဉ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် တွဲကဖော် လုပ်ပေးခဲ့ကြသဖြင့် စည်းချက်အတိုင်း အတူလိုက်ကရသည်ကို ရင်းနှီးနေပြီးသားပင်။
ပို၍ငယ်ရွယ်ခဲ့စဉ်ကဆိုလျှင် တစ်ယောက်၏ ကဟန်ကို တစ်ယောက်က ကိုးရိုးကားရားနိုင်သည်ဟုဆိုကာ ဗိုက်နှိပ်ရယ်မောခဲ့ကြဖူး၏။
'အခုတော့ အဲ့ဒီလိုအချိန်မျိုး ဘယ်ရောက်လာပါ့တော့မလဲလေ။'
ဧရာမ မြေပုံကြီးကိုကိုင်ပြီး 'ဒီနေရာမှာတော့ ဘာကိုဆောက်မယ်၊ ဒီနေရာမှာ ဘာကိုဆောက်မယ်' ဟု တိုင်ပင်ဆွေးနွေးခဲ့ကြသည့်အဖြစ်ကို သတိရလိုက်တော့ ရင်ထဲတွင် အေးစက်သွားသည့် ခံစားချက်တစ်ခု ဖြစ်လာ၏။
ဆိုဗီရ်ရှုကို တစ်သက်တာ လက်တွဲဖော်ဟု တစ်ထစ်ချ ယုံကြည်ခဲ့စဉ်က ကျွန်မ ဘယ်လောက်များ မိုက်မဲပြီး နုံနဲ့ခဲ့ပါလိမ့်။
ဆက်တိုက် ခွာပြီးကနေကြရာမှ နောက်ဆုံး အနီးအနားသို့ ကပ်လာချိန်တွင်။
“စောစောက။”
ဆိုဗီရ်ရှုက အသံခပ်တိုးတိုးနှင့် မေးလာသည်။
“တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ ဘာတွေပြောနေတာလဲ။”
“ပုံမှန်စကားတွေပါပဲ။”
“……”
“……”
“တော်ဝင်မင်းသား ဟိုင်န်ရီက ဘယ်လိုလူစားမျိုးမှန်း သတင်းတွေ မကြားဖူးဘူးလား။”
'ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုစကားမျိုးကို ပြောတာလဲ။'
ရှုပ်ထွေးသည့် ခြေလှမ်းများကို နင်းနေရသဖြင့် ခေတ္တ စကားရပ်ကာ မော့ကြည့်လိုက်သည်။
ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လျက်ရှိနေ၏။
“အဲ့ဒီလို ယောက်ျားနဲ့ ‘သာမန်’ စကားပြောစရာ ဘာရှိလို့လဲ။”
“တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ပုဂ္ဂိုလ်ပါ။”
“မိန်းမလိုက်စားတဲ့သူအဖြစ် နာမည်ကြီးတော့ စကားပြောတာ စိတ်ဝင်စားစရာကောင်းမှာပေါ့။ လူတွေကလည်း ဟာသဉာဏ်ရှိတဲ့ယောက်ျားဆိုရင် သဘောကျကြတာကိုး။”
အကွာအဝေးက တစ်ဖန်ပြန်ပြီး ဝေးသွားပြန်သည်။
တစ်ပတ်လှည့်ရင်း ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက စားပွဲနားတွင်ရပ်နေရင်း ကျွန်မကို ကြည့်နေ၏။
မျက်လုံးချင်းဆုံသွားတော့ သူက ပြုံးပြကာ လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြခဲ့သည်။
“ငါလည်း ရက်ရှ်တာကို ချစ်သူအဖြစ် ထားထားတာဆိုတော့ ဧကရီကိုလည်း တခြားယောက်ျားကို ချစ်သူမထားနဲ့ဆိုပြီး ပြောလို့မရဘူးပေါ့။”
“...”
“ဒါပေမဲ့ တော်ဝင်မင်းသား ဟိုင်န်ရီကတော့ မဟုတ်သေးဘူးလို့ ထင်တယ်။”
“ဘာစကားမှန်း မသိပါဘူး။”
“တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ အရောတဝင်လုပ်ရာကနေ အဲ့ဒီလူက ဧကရီရဲ့ချစ်သူ ဖြစ်မလာဘဲ ဧကရီသာ သူ့ရဲ့ချစ်သူ ဖြစ်သွားလိမ့်မယ်လို့ ပြောနေတာ။”
“...”
“အရှေ့အင်ပါယာရဲ့ ဧကရီအနေနဲ့ အဲ့ဒီလိုကိစ္စမျိုး မဖြစ်သင့်ဘူးမဟုတ်လား။ မျက်နှာပျက်အောင်လို့။”
“ဘာတွေ စိတ်ကူးကြည့်နေမှန်း မသိပေမဲ့ တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ ကျွန်မက အဲ့ဒီလိုဆက်ဆံရေးမျိုး မဟုတ်ပါဘူး။”
“သေချာစဉ်းစား။ မိန်းမတိုင်းကို လက်တည့်စမ်းနေတဲ့ မကောင်းတဲ့ကောင်ရဲ့ မီးနဲ့ကစားဖော် မဖြစ်စေနဲ့။”
“သူက…”
တော်ဝင်မင်းသား ဟိုင်န်ရီက ထိုသို့သော လူစားမျိုးမဟုတ်ကြောင်း တုံ့ပြန်ပြောဆိုရန် ပြင်လိုက်ချိန်မှာပင်။
ဆိုဗီရ်ရှုက ရုတ်တရက် နေရာမှာတင် ရပ်တန့်လိုက်သည်။
တေးသွားကတော့ ဆက်၍တီးခတ်နေဆဲ။
အဖွဲ့လိုက် လှုပ်ရှားနေကြသည်ဖြစ်ရာ ဆိုဗီရ်ရှုက ရပ်လိုက်သဖြင့် သူ၏ဘေးနှစ်ဖက်နှင့် အနောက်မှ လူတို့၏ လှုပ်ရှားမှုလမ်းကြောင်းပါ ပြတ်တောက်သွားတော့သည်။
တွဲကဖော် ရပ်သွားသည်ကို တစ်ယောက်တည်း ဆက်က၍မဖြစ်သောကြောင့် ကျွန်မလည်း ရပ်လိုက်ရသဖြင့် ကျွန်မ ပတ်ဝန်းကျင်မှ လူများလည်း လှုပ်ရှားမှု လမ်းကြောင်းပြတ်တောက်ကာ အတူတူ ရပ်တန့်ကုန်ကြ၏။
“အရှင်ဧကရာဇ်။”
ဘာဖြစ်တာပါလိမ့်။
ဧကန္တ ခြေချော်တာများလားမသိဘူးဟု မေးကြည့်ရန်ပြင်လိုက်စဉ်မှာပင် ဆိုဗီရ်ရှုက တစ်နေရာသို့ အလောတကြီး လျှောက်သွားလေသည်။
ပတ်ဝန်းကျင်ရှိ လူအားလုံးကလည်း အံ့အားသင့်စွာ သူ့ကို ကြည့်နေကြ၏။
ဆိုဗီရ်ရှု ချဉ်းကပ်သွားသည့်နေရာက ရက်ရှ်တာ၏ ရှေ့မှောက်သို့ပင်။
နံရံကိုမှီပြီး ရပ်နေသည့်အတိုင်း ရက်ရှ်တာက ငိုနေသည်။
“ရက်ရှ်တာ။ ဘာလို့ ငိုနေတာလဲ။”
ဆိုဗီရ်ရှု အလန့်တကြား မေးလိုက်တော့ ရက်ရှ်တာက လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ၏ လည်တိုင်ကိုဖက်လိုက်သည်။
ရုတ်ရုတ်သဲသဲ အသံများ ပို၍ကျယ်လောင်လာတော့၏။
ပတ်ဝန်းကျင်ရှိ လူများက ကျွန်မကို တစေ့တစောင်းကြည့်ကာ ကျွန်မ၏မျက်နှာထားကို အကဲခတ်နေကြကြောင်း ခံစားမိနေသည်။ ဆိုဗီရ်ရှုက ကျွန်မနှင့် ကနေရာမှ ကျွန်မကိုပစ်ထားခဲ့ကာ ရက်ရှ်တာဆီသို့ သွားလိုက်ခြင်းပင်။
မေးရိုးက တင်းခနဲဖြစ်သွားသည်။ အမြင်လွှာတွင် ဖြူဖွေးသွားကာ ခေါင်းထဲမှ သွေးများစီးထွက်သွားသလို ခံစားလိုက်ရ၏။ ရက်ရှ်တာက ဆက်၍ငိုနေကာ ဆိုဗီရ်ရှုကလည်း သူ့ကို နှစ်သိမ့်ပေးနေရသည်နှင့် အလုပ်ရှုပ်နေသည်။ နောက်ဆုံးတွင် ဆိုဗီရ်ရှုက ရက်ရှ်တာကို ပွေ့ချီကာ နေရာမှ ထွက်ခွာသွားလေတော့၏။
“အမလေး။ အရှင် ဧကရာဇ်က ချစ်သူကို တမ်းတမ်းစွဲချစ်နေတယ်ဆိုတာ တကယ်ပဲထင်တယ်။”
“ဟုတ်ပါရဲ့။”
သူတို့နှစ်ယောက် ထွက်သွားတော့ အကြည့်များက ကျွန်မထံသို့ ပို၍အားကောင်းစွာ စုပြုံလာတော့သည်။
“ဒါနဲ့ လေဒီ ရက်ရှ်တာက ကျွန်ပြေးဆို။ အဲ့ဒါ တကယ်ပဲလား။”
“ဘာ။ တကယ်လားဟင်။”
“မဟုတ်တာ။ အရှင်ဧကရာဇ်က ကောလာဟလဆိုပြီး ပြတ်ပြတ်သားသား ပြောထားတာပဲမဟုတ်လား။”
“စကားပြောဆင်ခြင်ပါ။ အဲ့ဒီလိုစကားမျိုး ပြောရုံနဲ့တင် အပြစ်ပေးမယ်ဆိုပြီး အမိန့်ထုတ်ထားတာဗျ။”
“နေပါဦး၊ မဟုတ်သေးပါဘူး။ အရှေ့အင်ပါယာမှာ ကျွန်ပြေးကိုပါ ချစ်သူအဖြစ် လက်ခံကြတာလား။ ကျုပ်တို့ မြောက်ဘက်ဘုရင့်တိုင်းပြည်မှာတော့ မဖြစ်နိုင်တဲ့ကိစ္စကို။ ကျုပ်က လေဒီ ရက်ရှ်တာကို မြောက်ဘက်ဘုရင်တိုင်းပြည်ရဲ့ ပင်လယ်ကျောက်မျက်ရတနာတောင် လက်ဆောင်ပေးခဲ့တာလေ။”
“အရှင်ဧကရာဇ်က မဟုတ်ဘူးဆိုရင် မဟုတ်ဘူးပေါ့။”
တေးသွားပါ ရပ်တန့်သွားကာ လူတို့က ကျွန်မကို စိုက်ကြည့်လျှင်ကြည့် မဟုတ်လျှင်လည်း ရက်ရှ်တာ့အကြောင်းကို ပြောဆိုနေကြသည်။
ချက်ချင်းပင် ထိုနေရာမှ ထွက်ပြေးချင်သော်လည်း အတင်းကြိတ်မှိတ်ပြီး ပုံမှန်အတိုင်း ဟန်ဆောင်ကာ လျှောက်လာခဲ့၏။
ဘယ်ကိုသွားနေမှန်းမသိဘဲ လျှောက်နေမိစဉ် အနောက်မှ တစ်စုံတစ်ယောက် လိုက်လာသည့်အသံကို ကြားလိုက်ရသည်။ ပြောင်ချောနေသည့် တိုင်လုံးတွင် တော်ဝင်မင်းသား ဟိုင်န်ရီ၏ ပုံရိပ်ကို မြင်လိုက်ရ၏။ လိုက်လာသူက သူပင်။
သို့သော် ယခုအချိန်တွင် ယဉ်ကျေးမှုကို အလေးထားပြီး တိုင်းတစ်ပါးမှ မင်းသားနှင့် စကားပြောလိုစိတ် လုံးဝမရှိပေ။
အရင်ဆုံး... ကျေးဇူးပြုပြီး တစ်နေရာရာမှာ ထိုင်ချင်သည်။
ဘယ်သူမှမရှိသည့် နေရာတွင်။
သတိဝင်လာ၍ ကြည့်လိုက်တော့ ကိုယ်တိုင်ပင် မသိလိုက်ခင် အနောက်နန်းဆောင်၏ စင်္ကြံလမ်းတွင် လျှောက်မိနေပေပြီ။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့၏ ဒုတိယတပ်မှူး အာတီနာက ကျွန်မကို တွဲထားပေးသည်။
“အဆင်ပြေပါရဲ့လား၊ ဧကရီအရှင်မ။”
“ပြေပါတယ်။”
“နားလိုက်တာကောင်းပါမယ်။ မျက်နှာက ဖြူဖျော့နေပါပြီ။”
ခေါင်းညိတ်ပြီး အခန်းထဲဝင်လိုက်သည်နှင့် ဧည့်ခန်းကိုဖြတ်ကာ အိပ်ခန်းထဲသို့ တန်းသွားခဲ့သည်။ အိပ်ရာပေါ် မှောက်ချလိုက်ပြီး ခေါင်းအုံးကို ဖက်ထားရင်း ကိုယ်ကို လူးလွန့်လိုက်၏။ တစ်ကိုယ်လုံး လေးလံကာ အပိုဖြစ်နေသလို ခံစားရ၍ သည်းမခံနိုင်အောင် ပင်ပန်းရသည်။
ထိုအတိုင်း မည်မျှကြာသွားခဲ့သလဲ။
- ဂူ...
ပြတင်းပေါက်ကို နှုတ်သီးဖြင့်ခေါက်သံကြား၍ ကြည့်လိုက်တော့ ပြတင်းပေါက်ဘောင်တွင် ကွီးန်က ထိုင်နေ၏။
ပြတင်းပေါက် ဖွင့်လိုက်သည်နှင့် ကွီးန်က အလျင်အမြန် ဝင်လာကာ ကျွန်မအရှေ့သို့ တိုးလာပြီး မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလေသည်။ ကျွန်မလည်း ကွီးန်ကို ထွေးပွေ့ကာ ရင်ခွင်ထဲ ထည့်ထားလိုက်၏။
သေးငယ်ပြီးနွေးထွေးသော ခန္ဓာကိုယ်မှ ကိုယ်ငွေ့လေး ကူးစက်လာချိန်တွင် အလိုလို မျက်ရည်များ တပေါက်ပေါက် ကျလာတော့သည်။
-…….
ဤသေးငယ်သော သတ္တဝါလေးက ဘယ်လိုများ ဤမျှကြီးမားသည့် နှစ်သိမ့်မှုကို ပေးနိုင်တာပါလိမ့်။
အေးခဲနေသော ဆောင်းရာသီတွင် တစ်ယောက်တည်း စွန့်ပစ်ခံထားရသူလို ကျွန်မ ကွီးန်ပေးသည့် အနွေးဓာတ်ကို အချိန်အတန်ကြာအောင် တွယ်ကပ်မှီခိုခဲ့မိသည်။
အတော်လေး စိတ်တည်ငြိမ်သွားသည့်အခါမှ ကွီးန်ကို အကြာကြီး ဖက်ထားမိကြောင်း သတိရသွား၏။ မွန်းကျပ်နေလောက်ပေလိမ့်မည်။
အလန့်တကြား သတိထားပြီး ခေါင်းထောင်ကြည့်လိုက်တော့ ကွီးန်က ခေါင်းလေးငဲ့ကာ ကျွန်မ၏ အရိပ်အခြည်ကို အကဲခတ်နေသည်။ တကယ် အကဲခတ်နေခြင်းပဲလား သို့မဟုတ် ဒီအတိုင်း ကြည့်နေခြင်းပဲလားဆိုသည်ကို မသိသော်လည်း အနည်းဆုံးတော့ အကဲခတ်နေသလို ထင်ရ၏။
“ကျေးဇူးပဲ။”
- ဂူ
“နင့်ကြောင့် အမြဲတမ်း အားရှိလာရသလိုပဲ။”
ကျယ်ကျယ်ပြောရမည်ကို ရှက်သဖြင့် နားနားကပ်ပြီး တီးတိုးပြောလိုက်တော့ ကွီးန်က သူ၏ တောင်ပံနှင့် ကျွန်မမျက်နှာကို ညင်သာစွာ အုပ်ပေးခဲ့သည်။
“နင်က တကယ့်လူလိုပဲ။”
-...
သို့သော် ကွီးန်၏ ဝိုင်းစက်သော မျက်လုံးအိမ်နားတစ်ဝိုက်ကို ထိကိုင်နေစဉ် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရ၏။
~~~~
Miel's Translations