အပိုင်း ၁၁၄ (ဆိုဗီရ်ရှု၏ အံ့ဩတုန်လှုပ်မှု ၁)
သူ တစ်ခုခုပြောမလို့များလား။
ဒေါသပေါက်ကွဲလောက်မလား။
ဒါမှမဟုတ် ကောင်းကောင်းသွားပါလို့ နှုတ်ဆက်မလား။
ငါ နောက်အိမ်ထောင်ပြုလိုက်လို့ စိတ်အေးသွားပြီဆိုပြီး ပြောမှာတော့မဟုတ်ပါဘူးနော်။
ထိုကဲ့သို့ ကြောက်စရာမျက်လုံးမျိုး ရှိနေသည်ဖြစ်ရာ ကျိန်းသေပေါက် မကောင်းပြောတော့မည်မှာ အမှန်ပင်။
“ဧကရီ။ ဟင့်အင်း၊ နာဗီရယ်။ ဒါက…… ဘယ်လိုထူးဆန်းတဲ့ လုပ်ရပ်လဲ။”
အနားသို့ ချဉ်းကပ်လာပြီးနောက် သူ ကျွန်မကို မေးလာသည်က မေးခွန်းတစ်ခုသာ။
သူ၏ အသံက အေးစက်နေကာ အတော်အတန် တည်ငြိမ်နေ၏။
မျက်ဝန်းများက ဒေါသမီးတောက်လျက် ရှိနေသော်လည်း အသံကမူ အလွန်ပင် တိတ်ဆိတ်အေးချမ်းနေသဖြင့် ဒေါသထွက်နေသော လူတစ်ယောက်နှင့် လုံးဝမတူပေ။
“လက်ထပ်ခွင့် တောင်းတာပါတို့ ဘာတို့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ အဖြေမျိုးတော့ လာမပေးနဲ့။ အဲ့ဒီအဖြေကို လိုချင်တာမဟုတ်မှန်း ကိုယ်တိုင်လည်း သိနေတာပဲမဟုတ်လား။”
သူ၏ အေးစက်ပြတ်သားသော မျက်နှာထားက ကျွန်မကိုပါ ဖြည်းဖြည်းချင်း တည်ငြိမ်သွားစေခဲ့သည်။
ကျွန်မ ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့။ ဘယ်လိုအဖြေမျိုးကို မျှော်လင့်နေမှန်း သိပါတယ်။”
ဘယ်လိုများ ဘာတွေလုပ်ခဲ့လို့ ကွာရှင်းပြီးတာနဲ့ ချက်ချင်း ပြန်လည်ထိမ်းမြားနိုင်ရတာလဲ၊ အဲ့ဒီလူက ဘာဖြစ်လို့ ဟိုင်န်ရီ ဖြစ်နေရတာလဲ အစရှိသဖြင့် ကြားချင်နေပေလိမ့်မည်။
သို့သော်လည်း……
“သိပေမဲ့ ဖြေမှာမဟုတ်ပါဘူး။”
ကျွန်မ တတ်နိုင်သမျှ တည်ငြိမ်အေးဆေးစွာဖြင့် သူ့ကို ပြောလိုက်သည်။
“ခင်ပွန်းဟောင်းတစ်ယောက် ဝင်ပါရမဲ့ကိစ္စမျိုး မဟုတ်လို့ပါ။”
ကျွန်မ၏ အဖြေက ဆိုဗီရ်ရှုကို ကျိန်းသေပေါက် ဆွပေးလိုက်သည့်ပုံပင်။
“ခင်ပွန်းဟောင်း။”
ဆိုဗီရ်ရှုက မယုံနိုင်ဟန်ဖြင့် ပြန်မေးလာသည်။
“ခင်ပွန်းဟောင်း၊ ဟုတ်လား။”
ထို့နောက် တစ်ဖန် ပြန်မေးရင်း “ဟား” ဟု လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။
“အေးလေ၊ ခင်ပွန်းဟောင်းပေါ့။ ခင်ပွန်းဟောင်းဆိုပေမဲ့……”
မကြာမီ သူ၏ တည်ငြိမ်မှုလည်း ပျက်ပြယ်သွားတော့သည်။
ဆိုဗီရ်ရှု၏ အသံက ပို၍နိမ့်ဆင်းသွားကာ နဖူးတွင် အပြာရောင် သွေးကြောများ အထင်အရှား ပေါ်ထွက်လာ၏။
သူက ကျွန်မထံသို့ ခြေလှမ်းတစ်လှမ်း ထပ်မံတိုးကပ်လာပြီးနောက် အပေါ်စီးမှ ငုံ့မိုးကြည့်ရင်း လှောင်ရယ်ခဲ့သည်။
“မင်းနဲ့သက်ဆိုင်တဲ့ တိုင်းပြည်ရဲ့ ဧကရာဇ်လည်း ဖြစ်နေသေးတယ်လေ။ ပြီးတော့ ငါက ငါ့ရဲ့ဇနီးဟောင်းကို လက်ထပ်ခွင့်ပြုပေးဖို့ စိတ်ကူးမရှိဘူး။”
မျှော်လင့်ထားသည့်အတိုင်း ဤသို့ပင် ထွက်လာချေပြီ။
ဤကဲ့သို့ တုံ့ပြန်လာမည်ဟု ကြိုတင်တွေးဆထားခဲ့၍ အထွတ်အမြတ်ဘုန်းတော်ကြီး၏ ရှေ့မှောက်တွင် ပြန်လည်ထိမ်းမြားခွင့်ကို အလျင်အမြန် အတည်ပြုချက် ရယူခဲ့မိခြင်းက တကယ် မှန်ကန်သွား၏။
စိတ်ထဲမှ စုတ်သပ်နေစဉ် ဘေးသို့ ဆုတ်ခွာပေးထားသော အထွတ်အမြတ်ဘုန်းတော်ကြီးက ပြတ်သားစွာ ပြောလာ၏။
“ဧကရာဇ် ဆိုဗီရ်ရှု။ အဲ့ဒီကိစ္စက ကျုပ်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိတာပါ။”
ယခုအခြေအနေကို အဓိပ္ပာယ်မရှိသော ပြဇာတ်တစ်ခုလို မြင်နေရ၍လားမသိ။
အနီးအနားမှ တစ်စုံတစ်ယောက်၏ရယ်သံ ထွက်ပေါ်လာသည်။
အတော်အတန် ကျယ်လောင်သော အသံဖြစ်၍ ဆိုဗီရ်ရှုလည်း ကြားလိုက်သည့်ပုံပင်။
သူ၏ မျက်နှာက ပို၍တင်းမာခက်ထန်သွားကာ နားရွက်ဖျားများ နီမြန်းလာသည်ကို မြင်လိုက်ရ၏။
ဆိုဗီရ်ရှုက ကျွန်မနှင့် ဟိုင်န်ရီကို တစ်လှည့်စီ ကြည့်ပြီးနောက်၊ အဆုံးတွင် ကျောခိုင်းလှည့်ထွက်ကာ ခန်းမ၏ ဘေးတံခါးမှတစ်ဆင့် ထွက်ခွာသွားခဲ့တော့သည်။
အထွတ်အမြတ်ဘုန်းတော်ကြီးကို ကျေးဇူးတင်စကားပြောရန် ပြင်လိုက်သော်လည်း ထိုအတောအတွင်း အထွတ်အမြတ်ဘုန်းတော်ကြီးကလည်း ဆိုဗီရ်ရှု၏ နောက်သို့ လိုက်ပါသွားခဲ့ချေပြီ။
ဧကရာဇ်နှင့် အထွတ်အမြတ်ဘုန်းတော်ကြီး ပျောက်ကွယ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ဆူညံပွက်လောရိုက်သွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် တူရိယာမျိုးစုံကို တီးမှုတ်နေကြသည့်အလား အတင်းအဖျင်း ပြောဆိုသံမျိုးစုံက အရပ်မျက်နှာအနှံ့မှ ပေါက်ကွဲထွက်ပေါ်လာ၏။
ကျွန်မထံသို့လည်း မိဘနှစ်ပါး၊ ရံရွေတော်များနှင့် ဖာရ်အန်း မားကီးစ်တို့ ချက်ချင်း ပြေးလွှားလာကာ ဝိုင်းဝန်းမေးမြန်းကြတော့သည်။
“နာဗီရယ်။ ဒါက ဘယ်လိုဖြစ်တာလဲ။”
“နာဗီရယ်၊ ရုတ်တရက်ကြီး ပြန်လည်ထိမ်းမြားတယ်ဆိုတော့……”
“လေဒီ နာဗီရယ်၊ ဒါက ဘယ်လို ဖြစ်သွားရတာပါလဲ။”
သူတို့က ကျွန်မထံ မေးခွန်းများ တရစပ် ပုံအောမေးမြန်းနေကြရင်းကပင် ဟိုင်န်ရီ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေကြသည်။
ယခုမူ တော်ဝင်မင်းသားမဟုတ်တော့ဘဲ ဘုရင်ဖြစ်လာပြီဖြစ်၍၊ ကာယကံရှင်ကို ဘေးတွင်ထားပြီး စကားပြောဆိုရသည်ကို အနေခက်နေသည့် အမူအရာမျိုး ရှိနေကြ၏။
“ကြိုပြီး မပြောပြနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”
အားနာမိသည်လည်းဖြစ်၍ ကျွန်မ အသာပင် တောင်းပန်လိုက်သည်။
အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် လျှို့ဝှက်ချက်အဖြစ် အသေအချာ ထိန်းသိမ်းထားခဲ့ရခြင်း ဖြစ်သော်လည်း၊ ကျွန်မကို တန်ဖိုးထားဂရုစိုက်ပေးကြသော သူများအဖို့ စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းသွားနိုင်သည် မဟုတ်ပါလား။
တော်သေး၍ ရံရွေတော်များက ကျွန်မကို အပြစ်မတင်ခဲ့ကြပေ။
ဆန့်ကျင်ဘက် ငိုကြွေးရင်း ကောင်းပါသည်ဟု ပြောလာကြ၏။
“မဟုတ်တာပဲ၊ တကယ်ကို ကောင်းပါတယ်။”
“ဘယ်လောက်တောင် ရင်ထဲမှာ သွေးတွေအေးသွားရမှန်း မသိပါဘူး။”
“ကွာရှင်းပြတ်စဲမှုကို လွယ်လွယ်ကူကူ လက်ခံပေးလိုက်လို့ ရင်ထဲမှာ အံတကြိတ်ကြိတ်နဲ့ ခံပြင်းနေရတာပါ။”
လော်ရာကမူ ထိုထက်ပို၍ လက်သီးကို တင်းတင်းဆုပ်ကာ သန္နိဋ္ဌာန်တစ်ခု ချလိုက်သေးသည်။
“အခုပဲ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်မ ပညာတော်သင် သွားမယ်လို့ အကြောင်းပြပြီး လေဒီ နာဗီရယ်နောက်ကို လိုက်ခဲ့ပါ့မယ်။”
“လော်ရာ၊ အဲ့ဒါက……”
“ဘယ်လိုပဲဖြစ်ဖြစ် ဟိုမှာ မိဖုရားဖြစ်လာပြီးရင်လည်း ရံရွေတော် လိုအပ်မှာပဲမလားရှင့်။”
အခြားရံရွေတော်များလိုမဟုတ်ဘဲ၊ လော်ရာ အစကတည်းက ကျွန်မ၏ ရံရွေတော် ဖြစ်လာခဲ့ခြင်းမှာ နန်းတွင်းထုံးတမ်းစည်းကမ်းများကို သင်ယူရန်အတွက်ဖြစ်သည်။
သို့သော်လည်း…… မည်သို့ပင်ဆိုစေကာမူ ဝေးလံသော တိုင်းတစ်ပါးအထိ လော်ရာတစ်ယောက်တည်းကို ခေါ်ဆောင်သွား၍ ဖြစ်ပါ့မလားဟု ဝေခွဲမရ ဖြစ်နေစဉ်၊ ဂျူဘယ်ရ် နယ်စားကတော်ကြီးက ဝင်ပြောလာ၏။
“ဒါဆိုရင် ကျွန်မနဲ့ လော်ရာက လေဒီ နာဗီရယ်နောက်ကို လိုက်သွားရင် အဆင်ပြေတာပဲပေါ့။”
“ဂျူဘယ်ရ် နယ်စားကတော်။”
လော်ရာကို ထားဦး၊ ဂျူဘယ်ရ် နယ်စားကတော်ကြီးအထိပါ ပါလာလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် အံ့အားသင့်စွာ စိုက်ကြည့်မိရာ သူက ဘာမှမဟုတ်သည့်အလား ပြောလာသည်။
“နယ်စားကတော်ကြီး အယ်လီဇာကတော့ ခင်ပွန်းဖြစ်သူနဲ့ အဆင်ပြေတဲ့သူမို့ တိုင်းတစ်ပါးအထိ လိုက်ဖို့က မဖြစ်နိုင်ပေမဲ့။ ကျွန်မနဲ့ ခင်ပွန်းဖြစ်သူကတော့ တစ်ယောက်တစ်လမ်းလျှောက်နေတာ ကြာလှပါပြီ။ အဲ့ဒီလူက ကျွန်မ အိမ်မပြန်ရင်တောင် တစ်နှစ်လောက်အထိ သိမှာမဟုတ်ပါဘူး၊ လေဒီ နာဗီရယ်။”
“……”
ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိစဉ် သူက တဟားဟားရယ်ရင်း ထပ်လောင်းပြောဆိုခဲ့သည်။
“ကျိန်းသေပေါက် ကျွန်မလည်း သိတာတော့မဟုတ်ပေမဲ့ပေါ့။ မနေ့က အိမ်မှာ ရှိနေရဲ့လားဆိုတာ။”
ထိုသို့သော နောက်ရွှတ်ရွှတ် အပြုအမူကြောင့် ရယ်မိရတော့၏။
“ဂျူဘယ်ရ် နယ်စားကတော်ကြီးပါ အတူတူ လိုက်ပေးမယ်ဆိုရင်တော့ ကျွန်မအတွက် အတိုင်းထက်အလွန်ပဲပေါ့။ ဒါပေမဲ့……”
တကယ်ပဲ အဆင်ပြေပါ့မလားဟု တွေးကာ ဝေခွဲမရဖြစ်နေစဉ်၊ အသာလေး စောင့်ကြည့်နေခဲ့သော ဟိုင်န်ရီက အလျင်အမြန်ပင် ကြားဖြတ်ဝင်ရောက်လာကာ လော်ရာနှင့် ဂျူဘယ်ရ် နယ်စားကတော်ကြီးတို့ကို အရင်ဆုံး ကျေးဇူးတင်စကားပြောလေသည်။
“ရှင်မကိုယ်စား ကျေးဇူးတင်စကား ပြောရတော့မှာပေါ့။ အာမခံချက်ပေးရရင် ဒီမှာထက် ပိုပြီးကောင်းစေရမှာမို့လို့၊ စိတ်ချလက်ချ လိုက်ခဲ့ပေးကြပါဦး။”
ရှင်မဟူသော စကားလုံးကြောင့် လော်ရာက ကျီးကန်းလို အားခနဲ အော်ဟစ်လိုက်သော်လည်း မိဘနှစ်ပါး၏ မျက်နှာကမူ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
နှစ်ဦးစလုံးက ယခုအခြေအနေကို လက်ခံရန် ခက်ခဲနေဆဲဖြစ်နေကြပုံပင်။
“အာ၊ ယောက္ခမကြီး၊ ယောက္ခထီး။”
ဟိုင်န်ရီက အမေနှင့် အဖေရှိရာဘက်သို့ လှည့်၍ ဤသို့ ခေါ်လိုက်သောအခါ၊ ထိုနှစ်ဦးစလုံး ပို၍ဘာလုပ်ရမှန်းမသိဖြစ်သွားကာ အချင်းချင်း မျက်လုံးချင်းသာ ဖလှယ်နေကြတော့သည်။
သို့သော်လည်း ဟိုင်န်ရီက အမေနှင့် အဖေကြားသို့ ခေါင်းတိုးဝင်ပြီး တိုးညင်းသောအသံဖြင့် “အစ်ကိုကြီးက အနောက်ဘုရင့်တိုင်းပြည်ကို အရင် ရောက်နှင့်နေပါပြီ” ဟု ပြောကြားလိုက်ရာ အံ့အားသင့်သော မျက်နှာထား ဖြစ်သွားကြရာမှ နောက်ဆုံးတွင် အဖေက မျက်ရည်များ ဝဲတက်လာတော့၏။
အမေကမူ အဖေကို ချော့မော့နေရသဖြင့် ငိုကြွေးခြင်းမရှိသော်လည်း အလွန် စိတ်သက်သာရာရသွားသည့် မျက်နှာထားမျိုး ရှိနေသည်။
စောစောကအထိ ကျွန်မ နန်းကျဧကရီအဖြစ် နေထိုင်ရတော့မည် မဟုတ်သည့်အပေါ် စိတ်အေးသွားခဲ့ကြသော်လည်း၊ ပြည်နှင်ဒဏ်အပေးခံထားရသော အစ်ကိုကြီးအတွက် စိုးရိမ်ပူပန်နေရသဖြင့် စိတ်ရှိလက်ရှိ မပျော်နိုင်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
ထိုမြင်ကွင်းကို စိုက်ကြည့်နေမိစဉ် နောက်ဆုံးတွင် ကျွန်မပါ မျက်လုံးကို အားစိုက်ထားလိုက်ရ၏။
လစ်ဟာမှု၊ ရှုံးနိမ့်သလို ခံစားချက်၊ ဒေါသတရားများ မရှိခဲ့သည်တော့ မဟုတ်ပေ။
ယခုမူ ကျွန်မ ချက်ချင်း ပြန်လည်ထိမ်းမြားခွင့် လျှောက်ထားခဲ့သည့်အပေါ် အားလုံးက အံ့အားသင့်ကာ ရယ်မောပျော်ရွှင်နေကြသော်လည်း၊ မည်သို့ပင်ဆိုစေ ကျွန်မက ဧကရီအရိုက်အရာမှ ဖယ်ရှားခံခဲ့ရပြီး ကွာရှင်းပြတ်စဲရန် အကြောင်းကြားခံခဲ့ရသည့် အခြေအနေမျိုး မဟုတ်ပါလား။
သို့သော်လည်း ရံရွေတော်များက ဝမ်းသာပေးကြပြီး မိဘနှစ်ပါး စိတ်အေးသွားကြသည်ကို မြင်တွေ့ရတော့၊ အကောင်းမြင်စိတ်က ဝမ်းနည်းမှုနှင့် ဒေါသတို့ကို ဖုံးလွှမ်းကာ ကြီးစိုးသွားတော့သည်။
အထူးသဖြင့် ဟိုင်န်ရီကို အလွန်ပင် ကျေးဇူးတင်မိရ၏။
သူသာ မရှိခဲ့လျှင်……
ကျွန်မ ကွာရှင်းပြတ်စဲရန် ကြေညာခံရပြီး ရံရွေတော်များ၏ နှစ်သိမ့်မှုကို ခံယူရင်း ရပ်တည်ခဲ့ရပေလိမ့်မည်။
မိဘနှစ်ပါးကလည်း ကျွန်မကို အိမ်ရှေ့စံကြင်ရာတော်အဖြစ် ပို့ခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ ငိုကြွေးနေကြမည်ဖြစ်ပြီး၊ လူအများက ကျွန်မကို သနားကရုဏာ သက်နေကြမည်သာ။
သို့သော် ဝမ်းမြောက်ခြင်း မျက်ရည်ဖြစ်ပါစေ၊ လူအများရှေ့တွင်မူ မငိုကြွေးလိုပေ။
ကျွန်မ မျက်ဝန်းအိမ်မှ ပူနွေးမှု ငြိမ်သက်သွားစေရန် ဖြည်းဖြည်းချင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး၊ ဟိုင်န်ရီကို ကြည့်ကာ ပြုံးပြလိုက်သည်။
~~~~
ရက်ရှ်တာက ဆိုဗီရ်ရှုနောက်သို့ လိုက်ပါသွားရင်း ဧကရီက တကယ် ရက်စက်လွန်းလှသည်ဟု တွေးနေမိသည်။
‘အာ။ အခုတော့ ဧကရီဟောင်းပေါ့။’
‘ဧကရီဟောင်း’ ဖြစ်သော နာဗီရယ်က ဧကရီအရိုက်အရာအတွက်သာ ဆိုဗီရ်ရှု၏ဘေးတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး၊ သူ့ကို ချစ်ခင်မြတ်နိုးခြင်းမရှိကြောင်း ကြိုတင်သိရှိထားခဲ့ပြီးသားပင်။
ထိုမျှနှင့် အင်မတန် ရည်မှန်းချက်ကြီးပြီး အာဏာမက်မောသူအဖြစ် သတ်မှတ်ရန် လုံလောက်နေပြီဖြစ်သော်လည်း။
ကွာရှင်းပြီးသည်နှင့်တစ်ပြိုင်နက် အသိုက်ပြောင်းသည့်အလား အခြားဘုရင်တစ်ပါးထံသို့ သွားရောက်ခိုလှုံသတဲ့လား။
တကယ် အာဏာမက်မောမှုရဲ့ ပြယုဂ်လို လူစားမျိုးမဟုတ်ဘူးလား။
ထိုလုပ်ရပ်ကြောင့် တစ်ချိန်က ခင်ပွန်းဖြစ်ခဲ့ဖူးသူ မည်မျှအထိ ရယ်စရာကောင်းသွားမည်ကိုမူ လုံးဝ တွေးတောပုံမရပေ။
‘ရက်စက်လိုက်တာ။ တကယ်ကို ရက်စက်တဲ့လူပဲ။’
ရက်ရှ်တာက စုတ်သပ်ရင်း ဆိုဗီရ်ရှု၏ နောက်သို့ လိုက်ပါသွား၏။
ဆိုဗီရ်ရှုက သူ၏ အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။
ရက်ရှ်တာက ချီတုံချတုံဖြစ်နေသော်လည်း သူ့နောက်သို့ လိုက်ပါကာ အိပ်ခန်းထဲအထိ ဝင်သွားမိ၏။
အခန်းထဲသို့ရောက်သွားသော ဆိုဗီရ်ရှုက စားပွဲခုံပေါ်တွင် လက်တစ်ဖက်ကို ထောက်ထားလျက် အသက်ကို ပြင်းပြင်းရှူသွင်းနေသည်။
စောစောက အဖြစ်အပျက်က အတော်လေး အံ့ဩတုန်လှုပ်စရာကောင်းခဲ့၍လားမသိ၊ ကျယ်ကျယ်ပွင့်နေသော မျက်ဝန်းများက လစ်ဟာနေသလိုပင်။
“အရှင်ဧကရာဇ်……”
ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ရက်ရှ်တာ၏ မျက်လုံးများ နီမြန်းလာတော့သည်။
‘သနားဖို့ကောင်းလိုက်တာ……’
သူက နှုတ်ခမ်းကို လက်တစ်ဖက်ဖြင့် အုပ်ထားရင်း ဆိုဗီရ်ရှုထံသို့ ချဉ်းကပ်သွားလိုက်၏။
ဆိုဗီရ်ရှုက ဒေါသကို ဖိနှိပ်ချုပ်တည်းထားသည့်အလား အသက်ရှူသံပြင်းပြင်းဖြင့်သာ ရှိနေခဲ့ရာမှ၊ ယခုမှသာ ရက်ရှ်တာကို သတိပြုမိသွားသည့်အလား မျက်ခုံးကို အနည်းငယ် ကျုံ့ခဲ့သည်။
ထို့နောက်တွင် အိုးတိုးအမ်းတမ်းပြုံးရင်း ရက်ရှ်တာကို ပြောလာ၏။
“စိတ်မကောင်းပေမဲ့၊ ရက်ရှ်တာ။ အခုတော့ နည်းနည်းလောက်၊ တစ်ယောက်တည်း နေချင်လို့။”
“အရှင်ဧကရာဇ်……”
ရက်ရှ်တာက ရှိုက်ကြီးတငင် ငိုကြွေးရင်း သူ့ထံသို့ ချဉ်းကပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
စားပွဲခုံကို ထောက်ထားသော ဆိုဗီရ်ရှု၏ လက်မိုးပေါ်သို့ သူ၏လက်များကို တင်လိုက်ရင်း ရက်ရှ်တာက တုန်ရီနေသောအသံဖြင့် ဖွင့်ဟဝန်ခံခဲ့၏။
“အရှင်ဧကရာဇ်။ တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ စာဖလှယ်ဖော်က အမှန်တော့ နန်းကျဧကရီပါ။”
ဆိုဗီရ်ရှုက မျက်လုံးများကိုပင့်လှန်ပြီး ရက်ရှ်တာကို စိုက်ကြည့်ခဲ့သည်။
ယင်းက စာများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ကြိုတင်သိရှိထားပြီးသား အချက်ပင်။
ထို့အပြင် ရက်ရှ်တာက စာဖလှယ်ဖော်အဖြစ် ဟန်ဆောင်ခဲ့ကြောင်းကိုလည်း သူ သိထား၏။
သို့သော်လည်း ရုတ်တရက် ရက်ရှ်တာက ထိုအကြောင်းကို ပြောဆိုလာသဖြင့် ဤအခြေအနေမျိုးတွင်ပင် သံသယဖြစ်နေမိသည်။
ရက်ရှ်တာက ဝမ်းနည်းပူဆွေးနေသော နတ်မိမယ်လေးလို သနားစရာကောင်းသော မျက်နှာထားဖြင့် မျက်လုံးလေးများကို နှိမ့်ချကာ ပြောလာ၏။
“နန်းကျဧကရီက အရင်ကတည်းက တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ ဖောက်ပြန်နေခဲ့တာပါ။”
“....”
“ရက်ရှ်တာက နန်းကျဧကရီကို ကာကွယ်ပေးချင်လို့…… တမင်တကာ စာဖလှယ်ဖော်အဖြစ် ဟန်ဆောင်ခဲ့တာပါ။”
ဆိုဗီရ်ရှုက စူးရှသောအကြည့်ဖြင့် ရက်ရှ်တာကို စိုက်ကြည့်လိုက်၏။
ရက်ရှ်တာက တတောက်တောက် ကျဆင်းနေသော မျက်ရည်များကို လက်မိုးဖြင့်သုတ်ရင်း သူ့ကို ကြည်လင်သော မျက်လုံးများဖြင့် ငေးကြည့်နေသည်။
“ဒါပေမဲ့ ဒီလိုမျိုး အရှင်ဧကရာဇ်ကို နောက်ကျောဓားနဲ့ထိုးရတယ်လို့…… ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ကြိုတင်ပြီး လျှောက်တင်ခဲ့မိမှာပါ။ ရက်ရှ်တာ ဆုံးဖြတ်ချက် မှားသွားခဲ့ပါတယ်၊ အရှင်ဧကရာဇ်။”
တကယ်ပင် ဝမ်းနည်းပူဆွေးနေပုံရသော သူ့ကိုကြည့်ရင်း ဆိုဗီရ်ရှု၏ မျက်နှာထားက ထူးဆန်းသွားတော့သည်။
~~~~
တော်ဝင်မိသားစုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များက မည်သည့်နေရာတွင်မဆို ရေပန်းစားလှပေသည်။
လူတို့က တော်ဝင်မိသားစုဝင်များအနက်မှ တစ်စုံတစ်ယောက် ဝမ်းချုပ်နေသည်ဟူသော ဇာတ်ကြောင်းကိုပင် စူးစမ်းလိုစိတ် ရှိကြပြီး၊ ‘တော်ဝင်နန်းတော်က ဘာလုပ်တယ်ဟေ့’ ဟု ဆိုလျှင် ယင်းက ချက်ချင်းပင် ခေတ်ရေစီးကြောင်း ဖြစ်သွားလေ့ရှိ၏။
သဘာဝကျကျပင် မဂ္ဂဇင်းအားလုံးက တော်ဝင်မိသားစုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြကြသည်။
သို့သော် များပြားလှသော ထိုမဂ္ဂဇင်းများအနက်မှ၊ အယုံကြည်ရဆုံး မဂ္ဂဇင်းကို ရွေးချယ်ရမည်ဆိုလျှင် ကျိန်းသေပေါက် ‘လောဒိန်း’ ပင်။
မဂ္ဂဇင်းထဲမှ အကြောင်းအရာအားလုံးက ကောလာဟလများသာဖြစ်သည်ဟု စုတ်တသပ်သပ်ဖြစ်နေကြသူများပင် ‘လောဒိန်း’ မှ လာသော တော်ဝင်သတင်းဆိုလျှင် အရင်ဆုံး ယုံကြည်ကြသည်အထိ၊ တော်ဝင်အတင်းအဖျင်းများနှင့် ပတ်သက်၍ ‘လောဒိန်း’ က မြင့်မားသော သြဇာအာဏာကို ပိုင်ဆိုင်ထားသည်။
ဤသည်မှာ ‘လောဒိန်း’ က တော်ဝင်မိသားစု၏ ခွင့်ပြုချက်ကို ရယူကာ တစ်ဦးတည်းမူပိုင်အဖြစ် တော်ဝင်နန်းတော်အတွင်းရှိ တရားဝင်သတင်းစာ အခန်းကဏ္ဍကို တာဝန်ယူထားသောကြောင့်ပင်။
တော်ဝင်ဇနီးမောင်နှံ၏ ကွာရှင်းပြတ်စဲခြင်းနှင့် စက္ကန့်ပိုင်းအကြာတွင် ပြန်လည်ထိမ်းမြားခြင်း သတင်း ထွက်ပေါ်လာစဉ်။
လူအများက ဤသတင်းကို ‘လောဒိန်း’ မှ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အပေါ် အံ့ဩတုန်လှုပ်သွားကြသည်။
‘လောဒိန်း’ မှ လာသော သတင်းမဟုတ်ပါက မည်သူမျှ ယုံကြည်မည်မဟုတ်လောက်အောင် ကြီးမားလှသော ကိစ္စရပ်မဟုတ်ပါလား။
နန်းကျဧကရီ၏ ပြန်လည်ထိမ်းမြားခြင်းတဲ့လား။
ဥပဒေအရ တားမြစ်ထားခြင်းမျိုး မရှိသော်လည်း၊ သမိုင်းတစ်လျှောက် ကွာရှင်းပြတ်စဲခံရသော ဧကရီများအနက် မည်သူမျှ နောက်အိမ်ထောင် ထူထောင်ခြင်း မရှိခဲ့ဖူးပေ။
ဧကရီ၏အိမ်ထောင်ဖက်က မည်သူပင်ဖြစ်ပါစေ အကြောင်းအမျိုးမျိုးကြောင့် ပတ်သက်ဆက်နွှယ်မှုများ ရှုပ်ထွေးသွားနိုင်သည့်အပြင် ဧကရာဇ်၏ မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်ရသောကြောင့်ပင်။
နန်းကျဧကရီကို ပိုးပန်းခဲ့ကြသော လူငယ်များ မရှိခဲ့သည်တော့ မဟုတ်သော်လည်း၊ နန်းကျဧကရီက ထိုသူများနှင့် ချစ်သူအဆင့်အထိသာ ရှိနိုင်ပြီး တရားဝင် ပြန်လည်ထိမ်းမြားခြင်းမျိုးကိုမူ မလုပ်ဆောင်ခဲ့ကြပေ။
လူမှုရေးအသိုင်းအဝိုင်းက ကျဉ်းမြောင်းလှကာ လူတို့၏ အကြည့်များက ကွာရှင်းပြီးသည့်နောက်တွင်လည်း နန်းကျဧကရီ၏နောက်သို့ လိုက်ပါနေတတ်သည်။
တစ်ချိန်က လူမှုရေးအသိုင်းအဝိုင်း၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ဖူးသူက ယင်းအောက်ခြေလှေကားထစ်တွင် ရပ်တည်လျက် ပြန်လည်ပေါ်ထွက်လာခြင်းမှာ၊ နန်းကျဧကရီအဖို့လည်း အလွန်ပင် မာနထိခိုက်ဖွယ် ကိစ္စဖြစ်၍ ပြန်လည်ထိမ်းမြားခြင်းကို ငြင်းပယ်လောက်စရာ ရှိပေ၏။
သို့သော်လည်း ဧကရီ နာဗီရယ်က။
အေးစက်ပြီး ဓားကဲ့သို့ ပြတ်သားလှသည်ဟု နာမည်ကြီးသော ထိုဧကရီက ပြန်လည်ထိမ်းမြားတော့မည်ဟူသတဲ့။
ထို့အပြင် ထိုလူက အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်ဖြစ်သည်ဟူသတဲ့။
အားလုံးက မကြုံစဖူး ထူးခြားလှသော ဤအခြေအနေကြောင့် မူးမေ့လဲမတတ် အံ့အားသင့်သွားကြတော့သည်။
“ကောင်းတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုင်းပြည်မှာ နန်းကျဧကရီအဖြစ် နေရတာထက်စာရင်၊ အနောက်ဘုရင့်တိုင်းပြည်ကို သွားပြီး မိဖုရားဖြစ်လာတာက ပိုကောင်းတာပဲ။”
“ဟုတ်ပါ့။ နန်းကျဧကရီ ဖြစ်သွားရင်လည်း လွတ်လွတ်လပ်လပ် နေလို့ရတယ်ဆိုပေမဲ့၊ တစ်သက်လုံး သူများရဲ့ အကြည့်တွေက တောက်လျှောက်လိုက်နေမှာပဲလေ။ အဲ့ဒါက လွယ်ပါ့မလား။”
“အရှင်ဧကရာဇ်တောင် တရားဝင်ချစ်သူထားပြီး နေနေတာပဲကို၊ ဧကရီအရှင်မက ဘာဖြစ်လို့ နောက်အိမ်ထောင် ထူထောင်ပိုင်ခွင့်မရှိရမှာလဲ။”
“နေပါဦး၊ ဒါပေမဲ့လည်း ထောက်ထားမှုဆိုတာ ရှိသေးတယ်လေ။ ဘယ်လိုလုပ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်လည်ထိမ်းမြားနိုင်ရတာလဲ။”
“အမှန်ပဲ။ အဲ့ဒီလိုဆိုတော့ အရှင်ဧကရာဇ်က ဘာဖြစ်သွားမလဲ။ တခြားတိုင်းပြည်တွေကလည်း ငါတို့တိုင်းပြည်ကို အထင်သေးသွားကြမှာ မဟုတ်ဘူးလား။”
“အရှေ့အင်ပါယာရဲ့ ဧကရီဖြစ်ခဲ့ဖူးတဲ့သူက အနောက်ဘုရင့်တိုင်းပြည်ရဲ့ မိဖုရားဖြစ်လာတာ တိုင်းပြည်အပေါ် သစ္စာဖောက်တာပဲ။”
အံ့ဩတုန်လှုပ်မှုများ ပျောက်ကွယ်သွားသည်နှင့် လူတို့၏ သဘောထားများကလည်း ကွဲပြားလာတော့သည်။
အချို့သောသူများက နာဗီရယ်၏ ပြန်လည်ထိမ်းမြားခြင်းကို ထောက်ခံခဲ့ကြပြီး၊ အချို့သောသူများကမူ ပြန်လည်ထိမ်းမြားခြင်းက မဖြစ်နိုင်ကြောင်း ပြောဆိုကာ ငြင်းခုံခဲ့ကြ၏။
ပြန်လည်ထိမ်းမြားခြင်းအပေါ် စိတ်က ကိုယ်ချင်းစာပေးနိုင်သော်လည်း၊ ဧကရီ၏ စွမ်းဆောင်ရည်ကို တွေးမိလျှင် တိုင်းပြည်အတွက် ကောင်းမွန်သောအချက်မဟုတ်ကြောင်း ပြောဆိုသူများလည်း အများအပြား ရှိခဲ့သည်။
ဧကရီ၏ စွမ်းဆောင်ရည်ကို တွေးမိပါက ကျိန်းသေပေါက် ဤပြန်လည်ထိမ်းမြားခြင်းကို တားဆီးရမည်ဖြစ်ကြောင်း၊ ထွက်ခွာမသွားနိုင်စေရန် မြင်းရထားကို ဖမ်းဆီးထားကြစို့ဟု တောင်းဆိုသူများပင် ရှိခဲ့၏။
~~~~
နောက်တစ်နေ့ နေ့လယ်ပိုင်းအချိန်ခန့်တွင်။
ဖာရ်အန်း မားကီးစ်ထံမှ ဤသတင်းကို ကြားသိလိုက်ရသော နာဗီရယ်က ခါးသီးစွာပြုံးရင်း ပြောခဲ့သည်။
“ဘယ်ဘက်က သဘောထားပဲဖြစ်ဖြစ် ထွက်လာနိုင်တဲ့ စကားတွေပါပဲ။”
ကြိုတင်၍ တွေးပူခဲ့ပြီးသား ကိစ္စရပ်ပင်။
ကြိုတင်၍ စိတ်ကိုပြင်ဆင်ခဲ့ပြီးသား ကိစ္စရပ်လည်း ဖြစ်၏။
“အဲ့ဒီလူတွေအတွက်တော့ ကျွန်မက ဧကရီတစ်ပါးသက်သက်ပဲ ဖြစ်ခဲ့လို့ပေါ့။”
မတတ်နိုင်သောအရာပင်။
ပြည်သူများအတွက်မူ ကျွန်မက တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။
အတင်းအဓမ္မ ကွာရှင်းပြတ်စဲခံရသော မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ယောက်က ဘဝသစ်ကို ရှာဖွေသွားခြင်းမှာ ဝမ်းမြောက်စရာကောင်းလှသော်လည်း၊ အတင်းအဓမ္မ ဖယ်ရှားလိုက်သော တိုင်းပြည်၏ အစိတ်အပိုင်းက အခြားတိုင်းပြည်သို့ သွားရောက်ပူးပေါင်းခြင်းကမူ စိတ်ပျက်စရာကောင်းပြီး တုန်လှုပ်ဖွယ်ကိစ္စ မဟုတ်ပါလား။
ဖာရ်အန်း မားကီးစ်က ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီးနောက် တမင် ကျယ်ကျယ်ရယ်မောရင်း ပြောလာသည်။
“မဟုတ်သေးပါဘူး၊ ဒါနဲ့ တကယ်ကို စေ့စပ်သေချာလွန်းပါတယ်။ ကျွန်တော့်ကို တောက်တိုမယ်ရလို အသုံးချခဲ့ပြီးတော့ ဘယ်လိုဖြစ်ပြီး တစ်ခွန်းတောင် အသိမပေးခဲ့ရတာလဲဗျ။”
“စိတ်မကောင်းပါဘူး။”
“စိတ်မကောင်းဖြစ်ရမဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ။”
ဖာရ်အန်း မားကီးစ်က မျက်စိတစ်ချက် မှိတ်ပြရင်း လက်သန်းလေးကို မြှောက်ပြခဲ့သည်။
“နောက်ပိုင်း ဟောဒီ ဖာရ်အန်းက၊ လေဒီ နာဗီရယ်ရဲ့ ပြန်လည်ထိမ်းမြားမှုမှာ ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တယ်ဆိုတာကိုပဲ မှတ်မိပေးထားရင် ရပါပြီ။”
နောက်ရွှတ်ရွှတ် အပြုအမူကြောင့် ရယ်နေမိစဉ်၊ လွန်ခဲ့သော နာရီဝက်ကတည်းက မျက်နှာချင်းဆိုင်တွင် စာရင်းပြုစုနေခဲ့သော ပိုင်ဆိုင်မှုထိန်းသိမ်းသူက မင်တံကိုချပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်လိုက်ကြောင်း မြင်လိုက်ရသည်။
သူက ထရိုဗီ အိမ်တော်၏ ပိုင်ဆိုင်မှုများကို တာဝန်ယူထားသော စီမံခန့်ခွဲသူဖြစ်ပြီး၊ ကျွန်မ၏ ပိုင်ဆိုင်မှုစာရင်းကို ပြုစုပေးခဲ့ခြင်းဖြစ်၏။
“အားလုံး ပြီးသွားပြီလား။”
ကျွန်မ မေးလိုက်တော့ ပိုင်ဆိုင်မှုထိန်းသိမ်းသူက ဇက်ကြောတက်နေ၍လားမသိ ကုပ်ပိုးကို ပွတ်သပ်ရင်း တဟဲဟဲရယ်ခဲ့သည်။
“အားလုံး ပြီးပါပြီ။ စိုးရိမ်ပူပန်မနေပါနဲ့၊ သခင်မလေး။ သခင်မလေးရဲ့ ခေါင်းဖြီးတဲ့ ဘီးတစ်ချောင်းတောင် မကျန်ရအောင် အကုန်လုံး သိမ်းဆည်းပေးပါ့မယ်။”
“ကျေးဇူးတင်ပါတယ်။”
ဖာရ်အန်း မားကီးစ်က ဘေးနားမှ မျက်လုံးကိုဝေ့ဝဲအကဲခတ်ရင်း မေးလာ၏။
“ဧကရီနန်းဆောင်မှာ သုံးခဲ့တဲ့ ပစ္စည်းတွေကို အကုန် သိမ်းယူသွားမလို့လားခင်ဗျ။”
ငွေကြေး သို့မဟုတ် ရတနာများကို ထားဦးတော့၊ ပစ္စည်းကိရိယာများအထိပါ အကုန် သိမ်းယူသွားမည်လားဟူသော မေးခွန်းမျိုး ဖြစ်မည့်ပုံပင်။ ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒီလိုလုပ်ဖို့ စိတ်ကူးထားပါတယ်။”
တွန့်တိုသည်ဟု ထင်နိုင်စရာရှိသော်လည်း…… ကျွန်မ၏ နောက်၌ ဧကရီနန်းဆောင်ကို အသုံးပြုရတော့မည့်သူက မည်သူဖြစ်ကြောင်း အသေအချာ သိရှိထားပြီးဖြစ်၍၊ ပစ္စည်းများကို ထားရစ်ခဲ့ရန် စိတ်ကူးမရှိပေ။
မည်သို့ပင်ဖြစ်စေ ဧကရီနန်းဆောင်၏ အရှင်သခင်ဖြစ်လာပါက မိမိစိတ်တိုင်းကျ အခန်းကို ပြင်ဆင်ကြမည်ဖြစ်ပြီး၊ ယခင် ပစ္စည်းအများစုကိုမူ ထိုအတိုင်း စွန့်ပစ်လိုက်ကြမည်သာ။
ပရိဘောဂများကိုလည်း လဲပစ်ပေလိမ့်မည်။
ကျွန်မက ရက်ရှ်တာ ကျွန်မ၏ ပစ္စည်းများကို ဆက်လက်အသုံးပြုသွားမည်ကိုလည်းကောင်း၊ ကျွန်မ၏ ပစ္စည်းများကို စွန့်ပစ်လိုက်မည်ကိုလည်းကောင်း မလိုလားပေ။
ထို့ကြောင့် ကျွန်မကိုယ်တိုင် အားလုံး သိမ်းဆည်းယူဆောင်သွားရုံသာ ရှိတော့သည်။
ပိုင်ဆိုင်မှုထိန်းသိမ်းသူက ပုံမှန်အားဖြင့် မှူးမတ်အနွယ်တော်များ၏ သုံးဖြန်းမှုကို အလွန်ပင် ဖြုန်းတီးလွန်းလှသည်ဟု စုတ်သပ်တတ်သူဖြစ်ရာ၊ ထို့ကြောင့်ပဲလားမသိ ကျွန်မ၏ ဆုံးဖြတ်ချက်ကို အလွန် သဘောကျနေသည့်ပုံပင်။
သူက သီချင်းညည်းရင်း စာရင်းကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးနေစဉ်၊ ကျွန်မက လိပ်ခုံးတံခါး၏ အပြင်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ထိုနေရာတွင် ဟိုင်န်ရီက မိဘနှစ်ပါးနှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေလျက်၊ သူ၏မူပိုင် မျက်လုံးချင်းဆုံသော အပြုံးကို အစွမ်းကုန် ဖြန့်ကြက်နေ၏။
သို့သော်လည်း လွယ်ကူပုံမရဘဲ ကြိုကြားကြိုကြား စိတ်ဓာတ်ကျသွားသည်ကို မြင်နေရသည်။
‘……အဲ့ဒီလို လုပ်တာလေးက ချစ်စရာကောင်းပါတယ်ဆို။’
မနေ့ညက၊ ဟိုင်န်ရီက မိဘနှစ်ပါးကို အနောက်ဘုရင့်တိုင်းပြည်သို့ အတူတူ ပြောင်းရွှေ့နေထိုင်ရန် ကမ်းလှမ်းခဲ့သော်လည်း မိဘနှစ်ပါးက ငြင်းပယ်ခဲ့ကြသည်။
ကျွန်မ သို့မဟုတ် အစ်ကို၏ မျိုးဆက်တွင် အနောက်ဘုရင့်တိုင်းပြည်သား ဖြစ်လာမည်ကို တားဆီး၍မရနိုင်သော်လည်း၊ သူတို့နှစ်ဦးစလုံးက အရှေ့အင်ပါယာပြည်သူပြည်သားများဖြစ်ပြီး ဤနေရာ၏ မှူးမတ်အနွယ်တော်များဖြစ်ကြသဖြင့် တိုင်းပြည်ပြောင်း၍မရနိုင်ဟူ၍……
ခန့်မှန်းကြည့်ရသလောက် ထိုအကြောင်းအရာကို ဆက်လက်ဆွေးနွေးနေကြသည့်ပုံပင်။
ထိုစဉ်၊ ရုတ်တရက် ဟိုင်န်ရီက ကျွန်မရှိရာဘက်သို့ ကိုယ်ကိုလှည့်ကာ မျက်လုံးလေးများကို ကွေးညွှတ်ပြီး ပြုံးပြလာသည်။
ထို့နောက်တွင် ဟိုင်န်ရီရော အဖေနှင့် အမေပါ ဤဘက်သို့ ချဉ်းကပ်လာကြ၏။
ပိုင်ဆိုင်မှုထိန်းသိမ်းသူက ဘုရင်ဖြစ်သော ဟိုင်န်ရီနှင့် နီးကပ်စွာရှိနေရသည်ကို လုံးဝ အနေခက်ရ၍လားမသိ၊ အသာထရပ်ကာ ဒုတိယထပ်သို့ တက်လှမ်းသွားတော့သည်။
ချဉ်းကပ်လာသော အမေက ကျွန်မကို တန်းမေးလာ၏။
“နာဗီရယ်။ အခု ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ။ ဘယ်အချိန်အထိ ဒီမှာ နေမလို့လဲ။”
သုံးယောက်သား ဤအကြောင်း တွေးနွေးနေကြသည့်ပုံပင်။
ကျွန်မ အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။
“အချိန်မရွေး ထွက်ခွာလို့ရပါတယ်။ ပြင်ဆင်မှုတွေ ကြိုတင်လုပ်ထားခဲ့တာမို့လို့ပါ။”
တရားဝင်လာခဲ့တာလည်း မဟုတ်တဲ့ပုံကို။
ယခုမှသာ နန်းတက်ပြီးခါစရှိသေးသော ဟိုင်န်ရီက ဤနေရာတွင် ကြာမြင့်စွာ နေထိုင်ရန် မသင့်တော်ဟု ယူဆသဖြင့် ကြိုတင်၍ စဉ်းစားထားခဲ့သော ကိစ္စပင်။
သို့သော်လည်း အမှတ်မထင် ဟိုင်န်ရီက ကြားဝင်ကာ ပို၍ကြာမြင့်စွာ နေထိုင်သွားမည်ဟု ဆိုလာသည်။
“မြင်းရထား ပြင်ဆင်ထားပြီးသားမို့လို့…… လဝက်လောက် ထပ်နေမယ်ဆိုရင်ရော ဘယ်လိုလဲ။”
ကျွန်မအတွက် ကောင်းသော်လည်း။
လဝက်လောက် ထပ်နေထိုင်သွားလို့ ဖြစ်ပါ့မလား။
စိုးရိမ်ပူပန်မိသဖြင့် မျက်မှောင်ကြုတ်ကာ စိုက်ကြည့်မိရာ၊ ဟိုင်န်ရီက မျက်စိတစ်ချက် မှိတ်ပြရင်း ပြောလာသည်။
“ကျွန်တော့်မှာလည်း ကွီးန်ရဲ့ မိဘတွေဆီကနေ အမှတ်ယူရမဲ့အချိန် ရှိရဦးမှာပေါ့။”
ဆိုဗီရ်ရှု၏ စကားပြောဟန်ကို ယဉ်ပါးနေခဲ့ကြသော မိဘနှစ်ပါးအဖို့ ဟိုင်န်ရီ၏ စကားပြောဟန်က လုံးဝ အနေခက်စရာဖြစ်နေ၍လားမသိ၊ ထိုစကားကြောင့် ပို၍တောင့်တင်းသွားကြကာ အချင်းချင်း တလွဲနေရာများကိုသာ စိုက်ကြည့်နေကြတော့သည်။
ဤအခြေအနေကို သဘောကျနေသူက ဖာရ်အန်း မားကီးစ်တစ်ဦးတည်းသာရှိ၏။
သို့သော်လည်း အဖေက သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရှုလိုက်တော့၊ ဖာရ်အန်း မားကီးစ်က ဆက်မရယ်တော့ဘဲ အလျင်အမြန် လက်နှစ်ဖက်ကို မြှောက်ပြရင်း စကားလွှဲတော့သည်။
“အာ၊ ကျွန်တော်က တခြားကိစ္စတစ်ခု သတိရသွားလို့ပါ။”
ထို့နောက်တွင် ထွက်ပြေးသည့်အလား အပြင်သို့ ထွက်သွားတော့၏။
သို့သော်လည်း တံခါးဖွင့်ကာ ထွက်သွားခဲ့သော သူက ထိုနေရာ၌ပင် ရပ်တန့်လျက် လှုပ်ရှားခြင်းမရှိတော့ပေ။
ဘာဖြစ်လို့လဲဟုတွေးရင်း ချဉ်းကပ်သွားမိရာ၊ ဖာရ်အန်း မားကီးစ်က အေးစက်သော မျက်နှာထားဖြင့် ပင်မဂိတ်တံခါးကြီးကို စိုက်ကြည့်နေလေသည်။
ဘာဖြစ်လို့ပါလိမ့်။
သူ စိုက်ကြည့်နေသော အရပ်မျက်နှာသို့ အသေအချာ စနည်းနာလိုက်ရာ၊ တကယ်ပင် ပင်မဂိတ်တံခါးကြီး၏ အပြင်ဘက်၌ ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။
တော်ဝင်ကိုယ်ရံတော်စစ်သည်များက တံခါးအရှေ့တွင် တံတိုင်းတစ်ခုအလား ဝိုင်းရံပိတ်ဆို့လျက် ရှိနေကြလေသည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၁၀ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။