အပိုင်း ၁၂၅ (တောက်လျှောက် အိုးတိုးအမ်းတမ်းဖြစ်ရခြင်း)
စကားပြောသံများကို မကြားရသော်လည်း နှစ်ဦးစလုံး၏ မျက်နှာအမူအရာက အလွန် တည်ကြည်လေးနက်နေ၏။
‘ဘာတွေပြောနေကြတာပါလိမ့်။’
ရက်ရှ်တာ ထိုနေရာကို အသာလေး စိုက်ကြည့်နေမိသည်။
အနားသို့ ပို၍ချဉ်းကပ်ကာ စကားသံများကို နားထောင်ချင်သော်လည်း၊ မြေပြင်တွင် မြက်ခင်းများ ရှိနေသဖြင့် အနားသို့သွားပါက ခြေသံထွက်ပေါ်လာမည်မှာ အသေအချာပင်။
ရက်ရှ်တာ မျက်လုံးကို အသာလေး မှေးစိုက်လိုက်သည်။
မြို့စားမင်း အယ်ရ်ဂီက လူမှုရေးလောကတွင် နာမည်ကျော်တစ်ဦး ဖြစ်သော်လည်း ပျံ့နှံ့နေသော ကောလာဟလများအတိုင်း အဓိကအားဖြင့် အမျိုးသမီးများနှင့်သာ ပေါင်းသင်းဆက်ဆံလေ့ရှိ၏။
အရှုပ်တော်ပုံများ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သူ၏ မိတ်ဆွေအားလုံးက အမျိုးသမီးများသာ။
အနည်းဆုံး ရက်ရှ်တာ မြင်တွေ့ခဲ့ရသလောက် ထိုအတိုင်းပင်။
စောစောက လက်ဖက်ရည်ပါတီတွင်လည်း သခင်မလေးများ၊ မှူးမတ်ကတော်များနှင့်သာ စကားပြောခဲ့သည်မဟုတ်ပါလား။
သို့သော်လည်း ယခု သူစကားပြောနေသော တစ်ဖက်လူက မှူးမတ်အမျိုးသားတစ်ဦး ဖြစ်နေသည်။
ယခုလိုနေရာအထိ တကူးတက ထွက်လာပြီး မှူးမတ်အမျိုးသားတစ်ဦးနှင့် အလေးအနက် စကားပြောနေရသတဲ့လား။
သာမန်အချိန်မျိုးဆိုလျှင် ထူးဆန်းသည်ဟုတွေးရင်း ကျော်သွားမိမည် ဖြစ်သော်လည်း၊ လက်ရှိ အခြေအနေ အချိန်အခါကြောင့် စိတ်ထဲတွင် တစ်မျိုး မသိုးမသန့် ဖြစ်နေရတော့သည်။
သို့သော်လည်း ထိုနေ့ညနေခင်းတွင်၊ မိဘအတုများ၏အရှေ့၌ ပျောက်ဆုံးသွားသော သမီးအကြောင်း စကားစခဲ့သည့် ထိုမှူးမတ်က လာရောက်တောင်းပန်သောအခါ ရက်ရှ်တာ၏ စိတ်ထဲမှ မသိုးမသန့်ဖြစ်မှုများ ချက်ချင်းပင် လွင့်ပြယ်သွားခဲ့ရ၏။
ထိုလူက တောင်းပန်စကားဆိုရင်း မြို့စားမင်း အယ်ရ်ဂီ၏ နာမည်ကို ထည့်သွင်းပြောဆိုခဲ့သောကြောင့်ပင်။
“မြို့စားမင်း အယ်ရ်ဂီက တော်တော်လေး ဒေါသထွက်နေတာပါ။”
“မြို့စားမင်း အယ်ရ်ဂီကလားရှင့်။”
“ဟုတ်ကဲ့။ ပွဲကောင်းလမ်းကောင်းမှာ အဲ့ဒီလိုစကားမျိုး ပြောမိတာက အစ္စကွာ ဗိုင်းကောင့်ကတော်တင်မကဘဲ လေဒီ ရက်ရှ်တာအပေါ်မှာပါ ရိုင်းပျရာကျတဲ့ အပြုအမူမျိုးတဲ့……”
“……အဲ့ဒီလောက်အထိတော့ မရိုင်းပါဘူး။ ဒီအတိုင်း၊ နာကျင်စရာကောင်းတဲ့ အတိတ်အကြောင်းကို ဗြုန်းစားကြီး စကားစလိုက်လို့ ရင်ထဲမှာ ခံစားရခက်သွားရုံတင်ပါ……”
“တောင်းပန်ပါတယ်၊ လေဒီ ရက်ရှ်တာ။”
အလေးအနက် မျက်နှာထားဖြင့် စကားပြောနေခဲ့ကြသည်က ဤကိစ္စကြောင့် ဖြစ်ရပေမည်။
ရက်ရှ်တာ စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိတော့၏။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အပြည့်အဝ ယုံကြည်ကိုးစားနိုင်သူဟူ၍ မြို့စားမင်း အယ်ရ်ဂီတစ်ဦးတည်းသာ ရှိပေသည်။
လျှို့ဝှက်ချက်အားလုံးကို ဖွင့်ဟတိုင်ပင်ထားသော မြို့စားမင်း အယ်ရ်ဂီအပေါ်၌ပါ သံသယဝင်ရတော့မလားဟု တွေးရင်း နာရီပိုင်းအတွင်း အလွန် စိုးရိမ်ပူပန်နေခဲ့ရ၏။
ယခုကဲ့သို့ အထင်လွဲမှုများ ပြေလည်သွားခဲ့ရသဖြင့် တော်သေးသည်ဟု တွေးမိသည်။
သက်ပြင်းချနေသော ပုံစံလေးကပင် အပြစ်ကင်းစွာ လှပနေသော ရက်ရှ်တာကို ကြည့်ရင်း၊ စကားမှားခဲ့သော မှူးမတ်က သွေးတိုးစမ်းသလို မေးမြန်းလာ၏။
“ဒါနဲ့၊ မြို့စားမင်း အယ်ရ်ဂီက လေဒီ ရက်ရှ်တာအပေါ် တော်တော်လေး သဘောကျတဲ့ပုံပဲနော်။”
ရက်ရှ်တာသည် တုံ့ဆိုင်းသွားကာ ပြန်မေးလိုက်မိသည်။
“အဲ့ဒါက ဘာစကားလဲရှင့်။”
“အာ၊ ဒီအတိုင်း ဗြုန်းစားကြီး ကျွန်တော့်ကို လိုက်ခဲ့ဖို့ပြောပြီး အဲ့ဒီအကြောင်းတွေ ဒေါသတကြီး ပြောလာလို့ပါ……”
ထိုမှူးမတ်က ရက်ရှ်တာနှင့် အယ်ရ်ဂီတို့ကြားမှ ပတ်သက်မှုကို သံသယဝင်သည့်အလား ခပ်ရေးရေး ပြုံးခဲ့သည်။
“ဒါလည်း ဟုတ်တာပါပဲလေ။ လေဒီ ရက်ရှ်တာလို ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးတစ်ယောက်ဆိုရင်တော့ ဘယ်သူ့ရဲ့ စိတ်ကိုမဆို ဖမ်းစားထားနိုင်ဖို့က အလွယ်လေးပဲပေါ့။”
“……”
ရက်ရှ်တာ တုံ့ပြန်ဖြေကြားခြင်း မပြုခဲ့။
သို့သော်လည်း ထိုမှူးမတ် ထွက်ခွာသွားပြီးသည့်နောက်တွင် မျက်နှာလေး နီမြန်းလာကာ ခေါင်းကိုငဲ့စောင်းပြီး တွေးမိတော့သည်။
‘မြို့စားမင်း အယ်ရ်ဂီက ဘုရင် ဟိုင်န်ရီနဲ့ ဟိုလို ပတ်သက်မှုမျိုး ရှိနေတာမဟုတ်ဘူးလား။’
မဟုတ်ဘူးလား။
အဲ့ဒီစာက မိတ်ဆွေအချင်းချင်း စနောက်ထားတဲ့ စာသက်သက်ပဲလား။
ပြန်တွေးကြည့်မည်ဆိုလျှင် မြို့စားမင်း အယ်ရ်ဂီက အမျိုးမျိုးသော အမျိုးသမီးများနှင့် ကောလာဟလများ ထွက်ပေါ်လေ့ရှိသူပင်။
အကယ်၍ ဘုရင် ဟိုင်န်ရီနှင့်သာ ထိုသို့သော ပတ်သက်မှုမျိုး ရှိနေခဲ့မည်ဆိုလျှင် ထိုမျှအထိ အရှုပ်တော်ပုံများ ခဏခဏ ဖြစ်နေစရာ အကြောင်းမရှိချေ။
ထို့အပြင်……
ပြန်တွေးကြည့်မည်ဆိုလျှင် မြို့စားမင်း အယ်ရ်ဂီက ကနဦး စတင်တွေ့ဆုံချိန်ကတည်းကပင် မိမိအပေါ် ထူးထူးခြားခြား ကောင်းကောင်းဆက်ဆံပေးခဲ့၏။
ကိုယ်တိုင်လည်း သဘောကျသည်ဟု နှုတ်မှ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
နောက်ပြောင်ကျီစယ်သည့် လေသံမျိုးဖြစ်၍သာ မေ့မေ့ပျောက်ပျောက် နေခဲ့မိခြင်းပင်။
ရက်ရှ်တာ နှုတ်ခမ်းလေးကို ဖိကိုက်ကာ အနေရခက်စွာဖြင့် ကြမ်းပြင်သို့ ငုံ့ကြည့်မိသွားသည်။
စောစောက ထိုမှူးမတ် ပြောသွားသော စကားလုံးများက နားထဲတွင် ရစ်သီဝေ့ဝဲကာ မရိုးမရွ ဖြစ်စေခဲ့၏။
‘အယ်၊ မဟုတ်လောက်ပါဘူး။’
စိတ်ထဲမှ ငြင်းနေမိသော်လည်း ရက်ရှ်တာ မျက်နှာလေးရဲလာသဖြင့် လက်နှင့် ယပ်ခတ်နေမိတော့သည်။
‘ဒါနဲ့ မင်္ဂလာပွဲကို ဘယ်တော့လောက် ကျင်းပမှာပါလိမ့်။’
~~~~
“အတတ်နိုင်ဆုံး မြန်မြန် လုပ်ဆောင်သွားမှာမို့လို့ ကိုယ်တိုင်ပဲ စီစဉ်မယ်လို့ တိုက်ရိုက် မိန့်ကြားခဲ့ပါတယ်။”
နောက်တစ်နေ့ မနက်ခင်း ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ရို့စ်က အစားအစာများကို ပြင်ဆင်ပေးရင်း မိမိ၏မောင်ထံမှ ကြားသိခဲ့ရသော အကြောင်းအရာများကို ပြောပြလာသည်။
သူ ယူဆောင်လာသော အစားအစာများက ဟင်းရည်ကျဲကျဲ ရွှေဖရုံသီးစွပ်ပြုတ်၊ ကြက်ဥမွှေကြော်၊ ယိုသုံးမျိုးနှင့် မလှီးရသေးသော ဘဂတ်ထ်ပေါင်မုန့်တို့ပင်။
ကျွန်မ စားပွဲငယ်လေးပေါ်တွင် အလှဆင်လျက် ချထားသော ပန်းကန်ခွက်ယောက်များကို စိုက်ကြည့်နေမိရာမှ ထပ်မံ၍ မေးမြန်းလိုက်သည်။
“တကယ်ပဲ မင်္ဂလာပွဲကို ကိုယ်တိုင် ပြင်ဆင်မယ်လို့ မိန့်ကြားခဲ့တာပေါ့လေ။”
မင်္ဂလာပွဲကို အတတ်နိုင်ဆုံး အမြန်ဆုံး ကျင်းပလိုသည့် အကြောင်းကိုမူ သူ့ထံမှ တိုက်ရိုက် ကြားသိခဲ့ပြီးသားပင်။
ကျွန်မကိုယ်တိုင်လည်း သဘောတူညီခဲ့သော ကိစ္စဖြစ်၏။
သို့သော်လည်း ဟိုင်န်ရီက မင်္ဂလာပွဲကို ကိုယ်တိုင် ပြင်ဆင်မည်ဟူသောအချက်ကိုမူ ယခုမှ ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်၍ အနည်းငယ် အံ့ဩသွားမိရသည်။
“ဟုတ်ကဲ့။”
ရို့စ်က ပန်းကန်များကို အကုန်ချထားပြီးနောက် ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကာ မေးမြန်းလာ၏။
“ဧကန္တ……ကိုယ်တိုင် ပြင်ဆင်ချင်လို့လားရှင့်။”
“အဲ့ဒီလိုမျိုးတော့ မဟုတ်ပါဘူး။”
“ဒါနဲ့ ဘာလို့ အဲ့ဒီလောက် အံ့ဩသွားတာပါလဲ။”
“အခုအချိန်က အရှင်မင်းကြီးအတွက် အင်မတန် အလုပ်ရှုပ်နေတဲ့ အချိန်မို့လို့လေ။”
“အာ။ ဟုတ်ပါရဲ့။ အဲ့ဒါကလည်း အဲ့ဒီလိုပေါ့။”
သို့သော်လည်း ခရစ္စတာအား မင်္ဂလာပွဲကို တာဝန်ယူခိုင်းလိုက်မည်ဆိုလျှင် သူ၏ ဩဇာအာဏာ နယ်ပယ် မလိုအပ်ဘဲ ပိုမိုကျယ်ပြန့်လာမည်ကို လိုလားမည်မဟုတ်ပေ။
သူ ဤကဲ့သို့သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန်အတွက် မည်မျှအထိ ဉာဏ်သုံးစဉ်းစားခဲ့ရမည်ကို တွေးမိသွားသဖြင့် အလိုလို ပြုံးမိသွားရတော့၏။
သို့သော်လည်း ထိုအပြုံး၏ နောက်ကွယ်၌ မနေ့ညက မြင်တွေ့ခဲ့ရသော ထိုအဖြစ်အပျက်ပုံရိပ်က ထပ်မံ၍ ဝင်ရောက်လာပြန်သဖြင့် ကျွန်မ ချက်ချင်းပင် မျက်နှာကို တည်လိုက်မိသည်။
“အရှင်မိဖုရား။ တကယ်ပဲ ကိုယ်တိုင် မပြင်ဆင်ချင်တာ သေချာပါတယ်နော်……”
ကျွန်မ မျက်နှာထားက ချက်ချင်း တည်ကြည်သွားသဖြင့် ရို့စ်က စိုးရိမ်ပူပန်စွာ ထပ်ခါတလဲလဲ မေးမြန်းလာ၏။
“မပြင်ချင်ပါဘူး။”
ကျွန်မ ပြုံးလျက် ပြန်လည်ဖြေကြားပြီးနောက် ခက်ရင်းကို ကောက်ကိုင်လိုက်သည်။
သို့သော်လည်း ခေါင်းထဲသို့ ရောက်ရှိလာပြီးဖြစ်သော ဟိုင်န်ရီ၏…… ပုံရိပ်ကမူ လွယ်လွယ်ကူကူ ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။
ဟိုင်န်ရီက မင်္ဂလာပွဲအကြောင်း စကားစလာခဲ့ပြီဖြစ်ရာ၊ ကိုယ်တိုင် သွားရောက်တွေ့ဆုံကာ ထိုအကြောင်းအရာများနှင့် ပတ်သက်၍ အသေးစိတ် နားထောင်ကြည့်ရမည် ဖြစ်သော်လည်း။
တွေးမိသည်နှင့် အလိုလို သက်ပြင်းချမိရတော့သည်။
အိုးတိုးအမ်းတမ်း ဖြစ်နေသော စိတ်အခြေအနေကြောင့် သေသေချာချာ စကားပြောနိုင်ပါ့မည်လား။
လောလောဆယ် စားသောက်ရင်း ထိုပုံရိပ်များကို မေ့ဖျောက်ရန် ကြိုးစားကြည့်သော်လည်း၊ ပန်းကန်ပေါ်ရှိ အစားအစာများကို မြင်လိုက်ရသည့်အခါ ထိုအတွေးများက လွင့်ပြယ်သွားခြင်း မရှိသည့်အပြင် ပိုမိုပြင်းထန်စွာ ထင်ယောင်ထင်မှား ဖြစ်လာရ၏။
ကျွန်မ စွပ်ပြုတ်ကြည်ကြည်ကို ဇွန်းဖြင့် အနည်းငယ်မျှသာ ခပ်သောက်ပြီးနောက် ဇွန်းကိုချကာ နေရာမှ ထရပ်လိုက်မိသည်။
“ဒီလောက်ပဲ သုံးဆောင်မှာလားရှင့်။”
“စဉ်းစားစရာလေးတွေ ရှိနေလို့ပါ။”
“အနောက်ဘုရင့်တိုင်းပြည်ရဲ့ အစားအစာတွေကို ခံတွင်းမတွေ့လို့တော့ မဟုတ်ပါဘူးနော်။”
“ကျိန်းသေပေါက် မဟုတ်ပါဘူး။”
ကျွန်မ ရို့စ်ကို တမင်ပြုံးပြလိုက်ရင်း ယနေ့ ဟိုင်န်ရီထံသို့ သွားရောက်မည်ဖြစ်၍ သင့်တော်မည့် အချိန်ကို စုံစမ်းပေးရန် အကူအညီတောင်းလိုက်တော့၏။
~~~~
ကျွန်မသည် အခန်းအတွင်း၌ နာရီဝက်ခန့် အချိန်ဖြုန်းနေခဲ့ပြီးနောက်၊ ဟိုင်န်ရီ အစည်းအဝေး မရှိသော အချိန်နှင့် ကိုက်ညီအောင် ပြင်ဆင်ကာ အခန်းအပြင်သို့ ထွက်ခွာလာခဲ့သည်။
ယခုအချိန်အထိ ဟိုင်န်ရီ၏ မျက်နှာကို ရင်ဆိုင်ရန် ရှက်ရွံ့နေဆဲဖြစ်သော်လည်း၊ ထိုသို့ဆိုကာ သူ့ကို တောက်လျှောက် ရှောင်ကွင်းနေ၍ ရနိုင်မည်မဟုတ်သောကြောင့်ပင်။
ကျွန်မသည် စိတ်ထဲမှနေ၍ ၁ မှ ၁၀၀ အထိ၊ တစ်ဖန် ၁၀၀ မှ ၁ အထိ အစဉ်လိုက်နှင့် ပြောင်းပြန် ဆက်တိုက် ရေတွက်ရင်း လျှောက်လှမ်းလာခဲ့သည်။
သို့သော်လည်း တကယ်တမ်း ဟိုင်န်ရီ၏ ရုံးခန်းအရှေ့သို့ ရောက်ရှိသွားချိန်တွင်မူ ရှက်ရွံ့စိတ်များ လုံးဝ ပျောက်ကွယ်သွားရတော့၏။
အခန်းတံခါးအရှေ့တွင် ထင်မှတ်မထားသော လူနှင့် ဆုံတွေ့လိုက်ရသောကြောင့်ပင်။
“လေဒီ နာဗီရယ်။ မတွေ့တာကြာပြီနော်။ အဆင်ပြေပြေရှိနေရဲ့လား။”
နတ်ရွာစံဘုရင်၏ မိဖုရားဖြစ်သော ခရစ္စတာပင်။
သူက ကျွန်မကို၊ ထို့နောက် ကျွန်မအနောက်တွင် ရပ်နေသော ရို့စ်ကို အကဲခတ်ကြည့်ရင်း ခပ်ဖွဖွ ပြုံးပြလာ၏။
သို့သော်လည်း ထွေထွေထူးထူး စကားများကိုမူ ထပ်မံပြောဆိုခြင်း မရှိခဲ့ချေ။
စကားမပြောမီ အခန်းတံခါး ပွင့်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ ရုံးခန်းတံခါး ပွင့်သွားပြီဖြစ်ရာ ကျွန်မတို့လည်း ထပ်မံ၍ စကားမဆိုဖြစ်ကြတော့ဘဲ အခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။
ဟိုင်န်ရီက ကျွန်မနှင့် ခရစ္စတာတို့ အတူတူ ရောက်ရှိလာကြခြင်းကြောင့်လားမသိ၊ စားပွဲခုံမှ ထရပ်ရင်း မျက်လုံးအဝိုင်းသား ဖြစ်သွားလေသည်။
“ဘာကိစ္စရှိလို့ နှစ်ယောက်စလုံး အတူတူ……”
“အရှေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြတာပါ။”
တိုတိုတုတ်တုတ် ရှင်းပြလိုက်တော့မှ ဟိုင်န်ရီက “အာ” ဟု ဆိုကာ ချက်ချင်းပင် နားလည်သဘောပေါက်သွားတော့သည်။
ခရစ္စတာက ငြိမ်သက်စွာ ရပ်နေခဲ့ရာမှ ဟိုင်န်ရီ စားပွဲခုံအနောက်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မိမိ၏ လာရင်းကိစ္စကို ချက်ချင်း ဖွင့်ဟပြောဆိုလေ၏။
“အရှင်မင်းကြီး။ အရှင်မင်းကြီးက မင်္ဂလာပွဲကို ကိုယ်တိုင် စီစဉ်မယ်လို့ ကြားသိရပါတယ်။ တကယ်ပဲလားရှင့်။”
ဟိုင်န်ရီက စားပွဲခုံဘေးတွင် ခြေလှမ်းများ တန့်သွားရကာ တည်ကြည်သော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်ခဲ့သည်။
“ဟုတ်ကဲ့။ မရီး ကြားထားတဲ့အတိုင်းပါပဲ။”
ကျွန်မလည်း ခရစ္စတာကို စိုက်ကြည့်နေမိသည်။
‘သူကလည်း ငါ့လိုပဲ ဒီအကြောင်းရင်းကြောင့် လာခဲ့တာကိုး။’
ခရစ္စတာ၏ မျက်နှာတွင် တုန်လှုပ်မှု အနည်းငယ်ရှိနေသည်။
သူက ကျွန်မနှင့် ဟိုင်န်ရီတို့၏ အကြည့်များကို ခံယူလိုက်ရသဖြင့် ပို၍တုန်လှုပ်သွားရလားမသိ၊ အိုးတိုးအမ်းတမ်း ပြုံးရင်း သတိထားကာ စကားဆိုလာ၏။
“အဆင်ပြေမယ်ဆိုရင် အရှင်မင်းကြီး။ မင်္ဂလာပွဲ ပြင်ဆင်မှုကို ကျွန်မဆီပဲ အပ်စေချင်ပါတယ်။”
ဟိုင်န်ရီ၏ မျက်ခုံးများ ပင့်တက်သွားသည်။
“မရီးကိုလား။”
“ကိုယ့်မင်္ဂလာပွဲကို ကိုယ်တိုင် ပြင်ဆင်တာက ရှားပါးလွန်းတာကြောင့်ပါ။ ကျွန်မက အရှင်မင်းကြီးရဲ့ မရီးဖြစ်သလို နတ်ရွာစံဘုရင်ရဲ့ မိဖုရားလည်း ဖြစ်တဲ့အတွက် နှစ်ဦးသားကိုယ်စား မင်္ဂလာပွဲကို ပြင်ဆင်ပေးဖို့ အသင့်တော်ဆုံးနေရာမှာ ရှိနေပါတယ်။ ပုံစံအရ ကြည့်မယ်ဆိုရင်လည်း အဲ့ဒီလိုလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။”
ဟိုင်န်ရီက အကျပ်ရိုက်စွာ ပြုံးရင်း နှုတ်ခမ်းကို ဖွင့်ဟခဲ့သည်။
မဖြစ်နိုင်ကြောင်း ငြင်းပယ်ရန် ပြင်ဆင်နေသည့်ပုံစံဖြစ်၍……
ဟိုင်န်ရီ စကားမဆိုမီ ကျွန်မက အရင်ဦးစွာ ကြားဖြတ်ပြောလိုက်မိ၏။
“တခြားသူတွေနဲ့မတူဘဲ တစ်မူထူးပြီး စတင်ခဲ့တဲ့ မင်္ဂလာပွဲမို့လို့၊ ပြင်ဆင်မှုကိုလည်း တစ်မူထူးပြီး လုပ်ဆောင်တာက ပိုပြီး သင့်တော်ပါတယ်။ ကနဦး ဆုံးဖြတ်ထားခဲ့တဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ ဟိုင်န်ရီ။”
ဒီအတိုင်း ထားလိုက်လျှင်လည်း ဟိုင်န်ရီက မဖြစ်နိုင်ကြောင်း ငြင်းပယ်လိမ့်မည် ဖြစ်သည့်တိုင် သူ့အတွက်မူ ခရစ္စတာက စောစီးစွာနတ်ရွာစံသွားသော အစ်ကိုတော်၏ ဇနီး ဖြစ်နေ၏။
မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံကာ ငြင်းပယ်ရခြင်းက အနေခက်စရာ ဖြစ်နေပေလိမ့်မည်။
ကျွန်မကိုယ်တိုင် ဝင်ရောက်ပြောဆိုပေးခြင်းက ပို၍သင့်တော်လိမ့်မည်ဟု ယူဆမိသောကြောင့်ပင်။
ခရစ္စတာက ဘေးမှ ကျွန်မ ဤကဲ့သို့ ဝင်ကန့်ကွက်လိမ့်မည်ဟု ထင်မထား၍လားမသိ၊ မျက်ခုံးများကိုပင့်ကာ ကျွန်မကို စိုက်ကြည့်လာသည်။
ဒေါသထွက်နေသော မျက်နှာထားမျိုး မဟုတ်သော်လည်း အတော်လေး အံ့ဩသွားသည့်ပုံစံပင်။
သို့သော်လည်း သူက ကျွန်မကို အပြစ်တင်စကားဆိုခြင်း မပြုဘဲ အသာလေး မျက်လွှာချလိုက်ရင်း “အဲ့ဒီလိုကိုး……” ဟု တီးတိုးရေရွတ်ကာ တောင်းပန်စကားဆိုလာ၏။
“မရီးတစ်ယောက်အနေနဲ့၊ နတ်ရွာစံဘုရင်ရဲ့ မိဖုရားအနေနဲ့ပါ ပါဝင်ကူညီပေးတာက ပိုပြီး သင့်တော်မယ်လို့ ယူဆပြီး လာခဲ့တာပါ။ ကျွန်မကပဲ အခြေအနေကို သေသေချာချာ မရိပ်မိခဲ့တာ ထင်ပါရဲ့။ တောင်းပန်ပါတယ်။”
မျက်လွှာချလျက် စကားဆိုနေသော သူ၏ပုံစံက အားအင်ချည့်နဲ့နေသလို စိတ်ပျက်အားငယ်သွားသည့်ပုံပင်။
နဂိုကတည်းက ဖြူဖျော့လှသော မျက်နှာကြောင့် ဖြစ်ပေလိမ့်မည်။
သူ တီးတိုးတောင်းပန်လာတော့ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရ၏။
သူက ထပ်မံ၍ စကားမဆိုတော့ဘဲ အသာလေး အခန်းပြင်သို့ ထွက်ခွာသွားသည်။
ကျွန်မ အကြောင်သား ရပ်နေမိရင်း ပိတ်သွားသော အခန်းတံခါးကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။
မိမိက သူ့ကို အနိုင်ကျင့်မိသလို ခံစားချက်မျိုး ဝင်လာသောကြောင့်ပင်။
အစွယ်ထုတ်ပြထားသော်လည်း အားနည်းသော သတ္တဝါငယ်လေးကို မိမိက တွန်းထုတ်ပစ်လိုက်သလို ခံစားချက်မျိုး။
ထူးဆန်းလှသည်။
ခရစ္စတာထက် ပို၍သနားစရာကောင်းသော အခြေအနေတွင် ရှိခဲ့သည့် ရက်ရှ်တာနှင့် ထိပ်တိုက်တွေ့ဆုံစဉ်ကမူ ဤကဲ့သို့သော ခံစားချက်မျိုး လုံးဝ ဝင်ရောက်ခဲ့ဖူးခြင်း မရှိသောကြောင့်ပင်။
အကြောင်းရင်း သေသေချာချာ တွေးကြည့်လိုက်တော့ ယဉ်ကျေးမှု စည်းမျဉ်းထုံးတမ်း ခြားနားချက်ကြောင့် ဖြစ်ပေလိမ့်မည်။
ရက်ရှ်တာက ကျွန်မ၏ ပုံမှန်အသိစိတ် အတိုင်းအတာအရ မည်သို့မျှ နားလည်နိုင်စွမ်းမရှိသော စကားများကို ခဏခဏ ပြောဆိုလေ့ရှိ၏။
လာရောက်ခြင်းမပြုရန် တားမြစ်ထားသော နေရာများသို့ ရောက်ရှိလာပြီး ကျွန်မ၏ ပစ္စည်းများကို ကိုင်တွယ်ခြင်းဖြစ်စေ၊ မိမိကို ညီမလေးတစ်ယောက်လို ဆက်ဆံပေးရန် တောင်းဆိုခြင်းဖြစ်စေ။
တမင် ကျွန်မကို အတုခိုးကာ ပြုမူနေခြင်းများကလည်း ကြက်သီးထလောက်အောင် မနှစ်မြို့စရာကောင်းလှသည်။
သို့သော်လည်း ခရစ္စတာ၏ အားနည်းလှသော အမူအရာကမူ ကျွန်မ၏ ပုံမှန်အသိစိတ် အတိုင်းအတာအတွင်း၌ ရှိနေ၏။
ထို့ကြောင့်ပင် ဤကဲ့သို့ စိတ်ထဲ၌ ပို၍ စနိုးစနောင့်ဖြစ်ရခြင်း ဖြစ်ရပေလိမ့်မည်။
ကျိန်းသေပေါက် လူ့စိတ်က ရှုပ်ထွေးတတ်သဖြင့် အတိအကျပြောရန် ခက်ခဲသော်လည်း……
“ကွီးန်။”
အတွေးထဲတွင် အလွန်အကျွံ နစ်မြောသွားသည့်ပုံပင်။
ဟိုင်န်ရီက အနားသို့ ချဉ်းကပ်လာရင်း ခေါ်ခဲ့သဖြင့် ကျွန်မ ဆတ်ခနဲတုန်သွားကာ သူ့ကို အလျင်အမြန် လှမ်းကြည့်လိုက်မိသည်။
ဟိုင်န်ရီက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ကျွန်မကို စိုက်ကြည့်နေ၏။
“မျက်နှာက သိပ်မကောင်းသလိုပဲ။ အဆင်ပြေရဲ့လား။”
“အဆင်ပြေပါတယ်။”
ကျွန်မ၏ စကားကြောင့် ဟိုင်န်ရီက မျက်မှောင်ကြုတ်လိုက်သည်။
လုံးဝ အဆင်ပြေတဲ့ပုံမပေါ်တာကိုဟု ယူဆနေသည့်အလား။
“အတတ်နိုင်ဆုံး ဝင်မပါဖို့ ပြောထားခဲ့ပေမဲ့…… ကျွန်တော့်အတွေးကတော့ ကွီးန်။ မရီးကို ရုံးခန်းပတ်ဝန်းကျင်မှာ သွားလာတာမျိုးကို ဆင်ခြင်ပေးဖို့ တိုက်ရိုက် တောင်းဆိုလိုက်ရင် ဘယ်လိုလဲဆိုပြီး တွေးမိပါတယ်။ ဒီလောက်လေးတောင် လုပ်လို့မရဘူးလား။”
နောက်ဆုံးတွင် ဟိုင်န်ရီက ကျွန်မကို သတိထားကာ တောင်းဆိုလာ၏။
“ဘာမှမဖြစ်ပါဘူး။”
ကျွန်မ ခေါင်းခါပြလိုက်သည်။
သူ မည်သည့်ပုံစံမျိုးဖြင့်မဆို ဤကိစ္စတွင် ဝင်ရောက်ပတ်သက်လာမည်ကို မလိုလားသောကြောင့်ပင်။
ကျွန်မ ခရစ္စတာအကြောင်း ဆက်မပြောတော့ဘဲ မိမိ၏ ကနဦး လာရင်းကိစ္စကိုသာ ပြောလိုက်၏။
“အာ။ ကျွန်မကလည်း ဒီကိစ္စကြောင့်ပဲ လာခဲ့တာပါ။”
“ကွီးန်ကရော မင်္ဂလာပွဲကို ကိုယ်တိုင် ပြင်ဆင်ချင်လို့လား။”
“အဲ့ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကူညီပေးရမဲ့အပိုင်းတွေ ရှိမယ်ဆိုရင် ကူညီပေးရမယ်လို့တွေးပြီး လာခဲ့တာပါ။”
“အမ်။ ကွီးန်အတွက် ပြင်ဆင်ပေးတာဖြစ်လို့၊ ကျွန်တော်ကိုယ်တိုင်ပဲ လုပ်ချင်ပါတယ်။”
“အဲ့ဒီလိုကိုး……”
“ဒါပေမဲ့ ဝတ်စုံအပ်တဲ့ အချိန်မျိုးမှာတော့ ကျိန်းသေပေါက် အကူအညီတောင်းရမှာပေါ့။ ကျွန်တော့်ရဲ့ ကိုယ်တိုင်းနဲ့ချုပ်လို့ မရဘူးမဟုတ်လား။”
ဟိုင်န်ရီက နောက်ပြောင်သလို ဖြည့်စွက်ပြောဆိုရင်း ကျွန်မဘက်သို့လှည့်ကာ ချစ်စရာကောင်းစွာ ပြုံးပြခဲ့သည်။
သို့သော်လည်း သူက ကိုယ်တိုင်းဟု ပြောလိုက်သည့် ခဏအတွင်းမှာပင်။
ခရစ္စတာကြောင့် မေ့လျော့နေခဲ့သော မနေ့ညက မြင်တွေ့ခဲ့ရသည့် သူ၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်ပုံရိပ်က ထပ်မံ၍ ဝင်ရောက်လာပြန်သဖြင့် မျက်နှာတစ်ခုလုံး ရဲသွားကာ အပူရှိန်များ တက်လာရတော့၏။
ကျွန်မ အလျင်အမြန် ခေါင်းငုံ့ချလိုက်သော်လည်း မျက်နှာချင်းဆိုင် အနေအထားက ပို၍ အဆင်မပြေဖြစ်စေခဲ့သည်။
နောက်ဆုံးတွင် ခေါင်းကို ဘေးဘက်သို့ လှည့်ပစ်မိတော့၏။
“ကွီးန်၊ စိတ်ဆိုးသွားတာလားဗျ။”
ဒီအတိုင်း အသာလေး နေခဲ့လျှင် အဆင်ပြေမည်ဖြစ်သော်လည်း။
ဟိုင်န်ရီက အရိပ်အကဲမသိစွာဖြင့် ကျွန်မ၏ ဘေးနားသို့ ချဉ်းကပ်လာရင်း ဒူးထောက်ထိုင်ချခဲ့သည်။
ထို့နောက် တမင်တကာ အကြည့်ကို ရှောင်ကွင်းနေသော ကျွန်မ၏ မျက်ဝန်းများနှင့် ဆုံတွေ့နိုင်ရန်အတွက် သေသေချာချာ အကဲခတ်ကြည့်ရှုလာ၏။
ခရမ်းရောင် မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရတော့ မျက်နှာတွင် အပူရှိန်က ပိုတက်လာရတော့သည်။
ဤမျက်ဝန်းများနှင့် ချွတ်စွပ်တူလှသော ကွီးန်၏ မျက်ဝန်းများကို ပြန်လည်အမှတ်ရမိသွားသောကြောင့်ပင်။
ကျွန်မ နှုတ်ခမ်းကိုကိုက်ကာ ကိုယ်ကို ဘေးဘက်သို့ တစ်ဖန် လှည့်ပစ်လိုက်ရာ၊ ဟိုင်န်ရီက ပျာပျာသလဲဖြင့် အနောက်မှ ထပ်မံ၍ လိုက်လံကြည့်ရှုခဲ့ပြန်သည်။
“ကွီးန်။ တကယ် စိတ်ဆိုးသွားတာထင်တယ်နော်။”
“……”
“ကွီးန်။”
ထိုအတိုင်း တစ်ပတ်ပြည့်အောင် ပတ်ချာလည်နေပြီးမှ ဤအတိုင်း ပြုမူနေ၍ မဖြစ်တော့ဟု တွေးမိလိုက်သည်။
ဟုတ်တယ်။
အကြာကြီး ရှက်နေရမဲ့ကိစ္စမှ မဟုတ်တာ။
ဟိုင်န်ရီအား အမှန်အတိုင်း ဖွင့်ဟဝန်ခံနိုင်မည့် အခွင့်အရေးမျိုးပေးရန် ဆုံးဖြတ်ထားခဲ့သည်မဟုတ်ပါလား။
ရှက်စရာကောင်းလှသော်လည်း ဤအတိုင်း သူ့ကို တောက်လျှောက် လှည့်စားခွင့်ပေးထားစရာ အကြောင်းမရှိပေ။
မိမိကို ဆက်တိုက် လှည့်စားနေရခြင်းက ဟိုင်န်ရီကိုယ်တိုင်အတွက်လည်း ကြောင့်ကြစိတ်ဖြင့် စိတ်အေးလက်အေးမရှိနိုင် ဖြစ်ရပေမည်။
ကျွန်မ နောက်ဆုံးတွင် စိတ်ကိုတင်းကာ နှုတ်ခမ်းကို ဖွင့်ဟလိုက်သည်။
“ဟိုင်န်ရီ။ ဧကန္တ ကျွန်မအပေါ်….”
လှည့်စားထားသည့်အရာ ရှိ၊ မရှိကို မေးမြန်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သို့သော်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော သူ၏ မျက်နှာထားကို မြင်လိုက်ရသည့် ခဏ၌။
ကျွန်မ၏ နှုတ်ဖျားမှ ထွက်လာသော မေးခွန်းက လုံးဝ လွဲချော်သွားတော့သည်။
“ခါ့ဖ်မန်း မင်းသားကြီးကို ဖိတ်ပေးပါ။”
ဟိုင်န်ရီ၏ မျက်နှာထားက တည်တံ့သွားတော့၏။
“ဗျာ။”
ဆိုင်းမဆင့်ဗုံမဆင့် ခါ့ဖ်မန်း မင်းသားကြီး၏ နာမည် ထွက်လာသဖြင့် အလွန်အံ့ဩသွားသည့်ပုံပင်။
ကျွန်မကိုယ်တိုင်လည်း အံ့ဩသွားမိရ၏။
ခါ့ဖ်မန်းမင်းသားကြီးနှင့် ပတ်သက်သည့် အကြောင်းအရာများကို မင်္ဂလာပွဲပြီးမှသာ ပြောရန်ဆုံးဖြတ်ထားခဲ့ခြင်းပင်။
ဘာလို့ ဒီကိစ္စ ထွက်သွားရတာပါလိမ့်။
စိတ်ထဲတွင် မိမိကိုယ်ကိုယ် အပြစ်တင်နေမိသော်လည်း နှုတ်မှ ထွက်သွားခဲ့ပြီဖြစ်ရာ။
ကျွန်မ မင်သေသေနေရင်း၊ အစကတည်းက ဤမေးခွန်းကိုမေးရန် ပြင်ထားသည့်ပုံစံမျိုးဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာမှ ပြောဆိုရန် ပြင်ဆင်ထားခဲ့သော စကားများကို ယခု ချက်ချင်း ဖွင့်ဟပြောဆိုလိုက်တော့သည်။
“ခါ့ဖ်မန်း မင်းသားကြီးကို မှတ်မိလားဟင်။ နှစ်သစ်ကူးပွဲတော်တုန်းက ဆုံခဲ့ဖူးမှာကို….”
“မမှတ်မိဘဲ ဘယ်နေပါ့မလဲ။”
သူနှင့် ရန်ပွဲဖြစ်လုနီးပါး ဖြစ်ခဲ့ဖူးသောကြောင့်ပင်။
ဟိုင်န်ရီက နှုတ်ခမ်းထောင့်စွန်းကို မရေမရာပင့်ကာ ပြုံးရင်း တီးတိုးရေရွတ်ခဲ့၏။
ကျွန်မအရှေ့တွင်ဖြစ်သဖြင့် ဒေါသကို ထုတ်ဖော်ပြသခြင်းမပြုသော်လည်း၊ ပျက်ယွင်းသွားသော မျက်နှာထားကိုမူ ဖုံးကွယ်ရန် ခက်ခဲနေသည့်ပုံပင်။
“အဲ့ဒီလူကို ဖိတ်ချင်လို့လား၊ ကွီးန်။”
“အရှေ့အင်ပါယာမှာ ရှိနေတုန်းက ကျွန်မ သူနဲ့ တိုက်ကြီးနှစ်ခုကြားမှာ ကုန်သွယ်ရေးလုပ်ဖို့ ပြင်ဆင်ခဲ့ဖူးတယ်လေ။”
“တိုက်ကြီးနှစ်ခုကြား…… ကုန်သွယ်ရေးတဲ့လား။”
ကုန်သွယ်ရေးအကြောင်း ထွက်လာတော့ ပျက်ယွင်းနေသော မျက်နှာထားက ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။
မျက်ခုံးများက ကျုံ့နေဆဲဖြစ်သော်လည်း။
ကျွန်မ လက်ကို လှမ်းလင့်ကာ ကျုံ့နေသော သူ၏ မျက်ခုံးများကို အသာလေး ဖိပေးလိုက်ရာ၊ တော်သေး၍ ထိုမျက်ခုံးများက ချက်ချင်းပင် ပြေလျော့သွားတော့၏။
“သေသေချာချာ နားထောင်နေပါတယ်။”
ကျွန်မ တစ်ဖန် စကားကို ဆက်လိုက်သည်။
“ဒါပေမဲ့ အရှင်ဧကရာဇ်နဲ့ သူနဲ့ ရန်ပွဲဖြစ်ခဲ့ပြီး ကိစ္စတွေအားလုံး ပျက်စီးသွားခဲ့တာပါ။”
“အာ။ အဲ့ဒီအကြောင်းကိုတော့ ကြားခဲ့ရပါတယ်။ ဧကန္တ အဲ့ဒီ……”
ဟိုင်န်ရီ၏ အကြည့်က ကျွန်မ၏ လက်သီးဆုပ်ဆီသို့ ရောက်ရှိသွားသည်။
“ဟုတ်လားဟင်။”
ထို့နောက် သူက လက်ညှိုးဖြင့် သူ့ပါးပြင်သူ တောက်တောက်ဟု တို့ပြခဲ့၏။
ခါ့ဖ်မန်းမင်းသားကြီး ဆိုဗီရ်ရှုကို ထိုးကြိတ်ခဲ့သည့်ကိစ္စကို ဆိုလိုခြင်းဖြစ်ရပေမည်။
“ဟုတ်ပါတယ်။”
“ခံစားချက်ကို နားမလည်နိုင်တာတော့ မဟုတ်ပေမဲ့၊ တော်တော်လေး ဆင်ခြင်ဉာဏ်မဲ့တဲ့လုပ်ရပ် ဖြစ်ခဲ့တာကိုး။”
ထိုစဉ်က ခါ့ဖ်မန်း မင်းသားကြီးမှာ ဆေးအစွမ်းဖြင့် စိတ်လွတ်နေခဲ့သောကြောင့်ပင်။
အဲ့ဒီလိုဆိုမှ သူရော ဆေးရဲ့သက်ရောက်မှုကနေ ဘေးကင်းကင်းမှ ရုန်းထွက်နိုင်ရဲ့လား။
ခေတ္တ သူ့အကြောင်း တွေနေမိစဉ်၊ ဟိုင်န်ရီက ကျွန်မ၏ လက်ကို ဆုပ်ကိုင်လာသည်။
“ဒီမှာ ထိုင်ပါဦး။ မတ်တတ်ရပ်မနေဘဲနဲ့။”
ထို့နောက် သူက ကျွန်မကို သူ့စားပွဲခုံအရှေ့သို့ ခေါ်ဆောင်လာကာ ကုလားထိုင်တွင် ထိုင်စေခဲ့ပြီးနောက် ကျွန်မ ကုလားထိုင်တွင် ထိုင်လိုက်သည်နှင့် သူကိုယ်တိုင်ကမူ စားပွဲခုံအစွန်းတွင် တင်ပါးလွှဲထိုင်ခဲ့သည်။
သူက တမင်ရည်ရွယ်ပြီး ပြုမူခဲ့ခြင်း မဟုတ်နိုင်သော်လည်း၊ သဘာဝကျကျပင် ကျွန်မ၏ မျက်လုံးလယ်ဗယ်လ်က ဟိုင်န်ရီ၏ ဝမ်းဗိုက်……အနီးနားတစ်ဝိုက်နှင့် ကွက်တိ တန်းတူ ဖြစ်သွား၏။
“....”
ကျွန်မ လက်သီးကို တင်းတင်းဆုပ်ကာ ကုလားထိုင်ကို ပြတင်းပေါက်ရှိရာဘက်သို့ လှည့်ပစ်လိုက်မိတော့သည်။
သူက မည်သို့သော စေတနာမျိုးဖြင့် ကျွန်မကို ကုလားထိုင်တွင် ထိုင်ခိုင်းခဲ့မှန်း သိသည့်တိုင်။
ယခုတစ်ကြိမ်တွင်လည်း အနေအထားချင်း ဆုံချက်က ပြဿနာဖြစ်နေ၏။
ကျွန်မ လိုက်ကာကြားမှ မြင်တွေ့နေရသော ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်နေဟန်ဆောင်ရင်း သူ့ကို တောင်းဆိုလိုက်သည်။
“အဲ့ဒီကုန်သွယ်မှုကို ဆက်လုပ်ချင်လို့ပါ။ သူ့ကို ဖိတ်ကြားပေးမယ်ဆိုရင်၊ လွီပ်(ထ်)နဲ့ အနောက်ဘုရင့်တိုင်းပြည်ကြားက ကုန်သွယ်မှုကို အောင်မြင်အောင် လုပ်သွားချင်ပါတယ်။”
ဟိုင်န်ရီက အားမပါသော လေသံမျိုးဖြင့် တီးတိုးရေရွတ်ခဲ့သည်။
“ကွီးန် ပြင်ဆင်ခဲ့တဲ့ကိစ္စဆိုရင်တော့ ကျိန်းသေပေါက် အောင်မြင်နိုင်ခြေက မြင့်မှာဆိုပေမဲ့……”
“ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်က အဓိက ဦးဆောင်ပြီးလုပ်မဲ့ တိုက်ကြီးနှစ်ခုကြားက ကုန်သွယ်မှု ဖြစ်လာမှာပါ။ ကုန်သွယ်မှုကို တွန်းအားပေးပြီး လုပ်နေတဲ့ အတောအတွင်းမှာတင် အဲ့အချက်တစ်ခုတည်းနဲ့ အကျိုးအမြတ် ရှိနေမှာဖြစ်သလို၊ နောက်ပိုင်း တိုက်ကြီးနှစ်ခုကြားမှာ ကုန်သွယ်ရေးက ရေပန်းစားလာမယ်ဆိုရင် လွီပ်(ထ်)နဲ့ အနောက်ဘုရင့်တိုင်းပြည်ကို ဗဟို ဖြန့်ချိရေးနယ်မြေအဖြစ်ထားပြီး ကုန်သွယ်မှု ကြားခံတိုင်းပြည်အဖြစ် ဖန်တီးသွားလို့ ရနိုင်မှာလေ။”
“……”
“စီးပွားရေးလုပ်ငန်းတွေထဲ လွယ်လွယ်ကူကူ ဝင်လုပ်ဖို့ ခက်ခဲနေတဲ့ ကုန်သည်တွေကလည်း တိုင်းပြည်က ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းဆိုရင်တော့ ပိုပြီးလွယ်လင့်တကူ ပါဝင်လာကြမှာမို့လို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံရရှိဖို့ကလည်း ပိုပြီး အဆင်ပြေမှာပါ။”
စီးပွားရေးဆိုင်ရာ အလားအလာများနှင့် ပတ်သက်၍ အရှေ့အင်ပါယာတွင် အမျိုးမျိုးသော စိစစ်မှုများ လုပ်ခဲ့ဖူးသဖြင့် စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း၊ ကျွန်မ ပြတင်းပေါက်ရှိရာဘက်သို့ လှည့်လျက် အားတက်သရော ရှင်းပြနေမိသည်။
ထိုသို့ လုပ်နေမိစဉ်၊ ဟိုင်န်ရီက အားမပါသောအသံလေးဖြင့် တီးတိုးဆိုလာ၏။
“ဒါနဲ့ ကွီးန်။ မဖြစ်မနေ အဲ့ဒီအတိုင်း ဟိုဘက်ကိုပဲကြည့်ပြီး စကားပြောရမှ ဖြစ်မှာလား။”
“....”
“ဒီဘက်ကိုကြည့်ပြီး ပြောပေးပါ။”
“……”
“ကျွန်တော့်အပေါ် စိတ်ဆိုးနေတာမျိုး မရှိဘူးဆိုရင်၊ ကျေးဇူးပြုပြီး။ ခဏခဏ မျက်လုံးကို ရှောင်နေတာ ထူးဆန်းနေလို့ပါ။”
“ကျွန်မက……ရှင့်မျက်လုံးကို ရှောင်နေတာ မဟုတ်ပါဘူး။”
“အဲ့ဒါဆိုရင် ဘာဖြစ်လို့လဲ။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၅၁ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။