no

Font
Theme

အပိုင်း ၁၂၃ (ရေပန်းဘေးမှလူ)

“အဲ့ဒီလိုဆိုမှ အရှင်မိဖုရား ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ရှာရပိုခက်သွားတာကို။ ဧကန္တ…… အရှင်မိဖုရားက ဆာ ခိုရှာရ်ကို ဝှက်ထားပေးတာများလားဗျ။”

“ရိုင်းလှချည်လား။”

ရို့စ် တစ်ဖန်ပြန်၍ ဒေါသတကြီး အော်ဟစ်လိုက်တော့မှ ဆာ အေဖရင်က ဒူးထောက်လျက် တောင်းပန်စကားဆိုလာသည်။

ထိုသို့ပြုမူပုံက အတော့်ကို အောက်ကျို့လွန်းလှသဖြင့် ကျွန်မလည်း မသိစိတ်ထဲမှ ပို၍ပင် ထူးဆန်းအံ့ဩမိရတော့၏။

ဤ ဆာ အေဖရင်ဆိုသော စစ်သည်တော်က ကျွန်မ မြင်ဖူးသမျှ စစ်သည်တော်များထဲတွင် စစ်သည်တော်နှင့် မတူဆုံးလူ ဖြစ်နေသည်။

သူ၏ အပြုအမူ၊ ပြောဆိုပုံနှင့် အပြင်ပန်း သွင်ပြင်လက္ခဏာ အားလုံးကပါ...

‘သူက တကယ်ပဲ ဟိုင်န်ရီရဲ့ စစ်သည်တော် ဟုတ်ရဲ့လား’ ဟု သံသယ ဝင်မိရလောက်သည်အထိပင်။

သို့သော်လည်း ထိုအချက်ကြောင့်ပင် ပို၍ နားမလည်နိုင်ဖြစ်ရ၏။

အစ်ကိုက ‘ပုံစံခွက်ထဲက စစ်သည်တော်’ မျိုးနှင့် ပို၍ပင် အဆင်မပြေဖြစ်တတ်သူ မဟုတ်ပါလား။

မှူးမတ်အနွယ်တော်များ အချင်းချင်း အမြဲတမ်း ပြုလုပ်လေ့ရှိသော စကားနိုင်လု စကားများရန်ဖြစ်ခြင်းကို မခံမရပ်နိုင် ဖြစ်တတ်သောကြောင့်ပင်။

အခြားသော မှူးမတ်များက ဒေါသထွက်နေသည့်တိုင် အပြုံးကို ထိန်းသိမ်းထားရင်း တစ်ဖက်လူကို ကဲ့ရဲ့ရှုတ်ချတတ်ကြသော်လည်း၊ အစ်ကိုကမူ ဒေါသထွက်လာလျှင် ချက်ချင်း ပေါက်ကွဲပစ်တတ်၍ဖြစ်သည်။

သို့ဖြစ်၍ အစ်ကိုက ထိုသို့သော ‘ပုံစံခွက်ထဲကမဟုတ်တဲ့ စစ်သည်တော်’ မျိုးနှင့် ပို၍ အဆင်ပြေနိုင်မည်ဟု ထင်ခဲ့မိသော်လည်း……

တကယ်ပဲ ဘာတွေဘယ်လိုဖြစ်ခဲ့လို့ အစ်ကိုက သူ့ကို အဲ့ဒီလောက်အထိ ရှောင်ကွင်းပြီး သွားလာနေရတာပါလိမ့်။

ကျွန်မ မတင်မကျ မျက်နှာထားဖြင့် စိုက်ကြည့်နေမိရာမှ လောလောဆယ် အထင်လွဲမှုများကို အရင်ဆုံး ရှင်းလင်းရန်အတွက် အရှေ့ထွက်ကာ ပြောလိုက်မိသည်။

“ကျွန်မလည်း အစ်ကို့ကို လာရှာတာကို မတွေ့တာနဲ့ ပြန်ဖို့ပြင်နေတာ။”

ဆာ အေဖရင်က အချိန်နှောင်းမှ သဘောပေါက်သွားသည့်အလား “အာ။ အဲ့ဒီလိုကိုး” ဟု ရေရွတ်ရင်း အံ့ဩတကြီး ဖြစ်သွားပြီးနောက်၊ သဘာဝကျကျပင် ကျွန်မ ဘေးနားသို့ ချဉ်းကပ်လာသည်။

ထို့နောက် ဂုဏ်သရေရှိ ဧည့်သည်တော်ဆောင် စင်္ကြံလမ်းမှ ထွက်ခွာကာ လှေကားအတိုင်း ဆင်းသွားသည့် အချိန်တွင်မူ၊ သူက ကျွန်မဘေးနား၌ ရှိနေရင်း သူ့မိသားစုအကြောင်း သဘာဝကျကျပင် တရစပ်ပြောဆိုနေတော့၏။

“ဒါနဲ့ ကျွန်တော့်မှာ ညီမလေးတစ်ယောက် ရှိပါတယ်၊ အင်မတန် စိတ်ထားကောင်းပြီး တော်တဲ့ကလေးပေါ့…… ဘာပဲဖြစ်ဖြစ် ကောင်းတာမှန်သမျှ အကုန်လုံးက သူ့ဆီမှာ ရှိနေတာပါ၊ အရှင်မိဖုရား။”

“အာ…… အဲ့ဒီလိုလား။”

“ဒါပေမဲ့ အဲ့ဒီကလေးက တအားကို ရိုးအလွန်းတာလေ။ ယောက်ျားတွေနဲ့ဆိုရင် မျက်လုံးချင်းတောင် စေ့စေ့မကြည့်ရဲလောက်အောင် ဖြစ်နေတာမို့လို့၊ အဲ့ဒါလေးကတော့ နည်းနည်းစိုးရိမ်မိတာပေါ့ဗျာ။”

“အင်း……”

“ရိုးရုံတင်မကဘဲ အင်မတန် ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ကလေးဆိုတာကိုတော့ သိတယ်မဟုတ်လားခင်ဗျ။”

တစ်ခါမျှ မမြင်ဖူးသေးတဲ့ ရှင့်ညီမအကြောင်းကို ကျွန်မက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။

စိတ်ထဲတွင် ထိုသို့ တွေးနေမိသော်လည်း၊ လောလောဆယ် သူ၏ စကားကို ဆက်တိုက် တုံ့ပြန်ပေးနေမိခဲ့သည်။

သို့သော်လည်း စိတ်ထဲ၌မူ ရှုပ်ထွေးနောက်ကျိနေဆဲသာ။

ဤလူက ဘာကြောင့် ကျွန်မ သွားရာလမ်းအတိုင်း တောက်လျှောက် အတူတူ လိုက်ပါ လမ်းလျှောက်နေမှန်း လုံးဝ နားမလည်နိုင် ဖြစ်မိသောကြောင့်ပင်။

နောက်ဆုံးတွင် နာရီဝက်ခန့် ကြာမြင့်ပြီးနောက်၊ ကျွန်မ သူ့ကို တိုက်ရိုက်ပင် လမ်းခွဲရန် စကားဆိုလိုက်တော့၏။

“ခွင့်ပြုပါဦး၊ ဆာ အေဖရင်။”

“ဟုတ်ကဲ့၊ အရှင်မိဖုရား။”

“ကျွန်မ အခု စာကြည့်တိုက်ဘက်ကို သွားဖို့ ပြင်နေတာမို့လို့။”

“အာ၊ အဲ့ဒီလိုကိုး။ ကျွန်တော် ကောင်းနိုးရာရာ စာအုပ်တချို့ ညွှန်းပေးပါ့မယ်။”

“……မညွှန်းပေးလည်း ကိစ္စမရှိပါဘူး။”

“ဒါဆိုရင် အရှင်မိဖုရားကပဲ ကျွန်တော့်ကို ပြန်ညွှန်းပေးမလားခင်ဗျ။”

သို့သော်လည်း ဘာတစ်ခုမှ အရာမထင်ခဲ့ချေ။

ဤလူက ကျွန်မဘေးမှ လုံးဝ ခွာမည့်ပုံမပေါ်ချေ။

အစကမူ အစ်ကို့ကို ရှာဖွေခြင်းက ဆင်ခြေသက်သက်ဖြစ်ပြီး၊ ဧကန္တ လေဒီ ခရစ္စတာက ကျွန်မကို ထောက်လှမ်းရန် စေလွှတ်လိုက်သောလူများလားဟု သံသယဝင်မိသော်လည်း အခြေအနေအရ ထိုသို့မဟုတ်ပြန်ချေ။

စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းသွားစဉ် ရံရွေတော်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ၊ ထိုအချိန်တွင် ဆာ အေဖရင်က တစ်ဖက်လူ ကြားလောက်အောင် ပေါ်တင်စကားဆိုခဲ့သောကြောင့်ပင်။

“ဟိုလူက မိဖုရားဟောင်းရဲ့ ရံရွေတော်ပဲ။”

“....”

“အခုအထိ ထွက်မသွားသေးဘဲ ဒီမှာရှိနေတုန်းလား။”

အကယ်၍ ခရစ္စတာ စေလွှတ်လိုက်သောလူဆိုပါက၊ ထိုမျှအထိ အသံကျယ်ကျယ်ဖြင့် ရံရွေတော်တစ်ဦးကို အရှက်ရစေမည့် စကားမျိုး ပြောဆိုလိမ့်မည် မဟုတ်ချေ။

ခရစ္စတာ၏ ရံရွေတော်က ကျွန်မနှင့် အေဖရင်ကို တလှည့်စီ စိုက်ကြည့်ရင်း၊ ဘာမှပြန်လည်မပြောနိုင်ဘဲ မျက်နှာတစ်ခုလုံး နီမြန်းလျက် ထွက်ပြေးသွားရတော့သည်။

အေဖရင်က ကျွန်မ၏ လက်အောက်ငယ်သား ဖြစ်လာပြီး၊ စောစောက ပြောဆိုချက်က ကျွန်မ၏ အလိုဆန္ဒအတိုင်း ပြောဆိုခြင်းဟု အထင်လွဲသွားပုံပင်။

သို့သော်လည်း မိမိက ခရစ္စတာ၏ ရံရွေတော်အား အရှက်ရစေကာ အထင်လွဲမှုများ ပေးခဲ့မိကြောင်းကို သိပုံမရသော အေဖရင်က ယခုကဲ့သို့သော စကားမျိုးကို ဆိုလာပြန်သည်။

“ကျွန်တော်က တော်တော်လူချစ်လူခင်ပေါတာဗျ။ လူတွေက ကျွန်တော့်ကို မြင်လိုက်တာနဲ့ မျက်နှာတွေ နီသွားတတ်ကြလို့လေ။”

‘……သူက ဒီအတိုင်း အ​ရိပ်အကဲမသိတဲ့ လူစားမျိုးပဲလား။’

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ အာကျယ်အာကျယ် စစ်သည်တော်ကို ခေါ်ဆောင်လျက် စာကြည့်တိုက်သို့ သွားရန်မှာ မဖြစ်နိုင်ဟု ယူဆမိသဖြင့်၊ ကျွန်မ အလွတ်မှတ်ထားသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ဆုံးဖြတ်ကာ နားနေဆောင်ဘက်သို့ လှည့်ထွက်ခဲ့လိုက်သည်။

ရို့စ်ကမူ အေဖရင်ကို လုံးဝ သဘောမကျသည့်အလား တစ်ချိန်လုံး တည်တင်းသော မျက်နှာထားဖြင့် နှုတ်ဆိတ်နေခဲ့သော်လည်း သူက လမ်းခွဲမည့် အရိပ်အယောင် မပြသဖြင့် နောက်ဆုံးတွင် သူ့ကို လျစ်လျူရှုကာ ကျွန်မကို စကားစလာတော့၏။

“ဒါနဲ့ အရှင်မိဖုရား၊ နောက်ထပ် ရံရွေတော်အသစ်တွေကို ထပ်ပြီး ခန့်အပ်ဖို့ အစီအစဉ် မရှိဘူးလားရှင့်။”

“အရှေ့အင်ပါယာမှာတုန်းက အတူတူ နေထိုင်ခဲ့တဲ့ ရံရွေတော်နှစ်ယောက် ရောက်လာဖို့ ရှိတယ်လေ။”

“ဒါဆို ကျွန်မအပါအဝင် သုံးယောက် ဖြစ်လာမှာပေါ့။ ဒါပေမဲ့လည်း လိုအပ်နေသေးတယ် ထင်ပါတယ်၊ အရှင်မိဖုရား။”

“အခြေအနေကို စောင့်ကြည့်ရင်း ဖြည်းဖြည်းချင်း တိုးမြှင့်သွားရမှာပေါ့။”

ကျွန်မတို့ ရံရွေတော် အရေအတွက် မလုံလောက်မှုနှင့် ပတ်သက်ပြီး စကားပြောနေကြစဉ်။

ထူးဆန်းစွာ ငြိမ်သက်လျက် စကားများကို နားထောင်နေခဲ့သော ဆာ အေဖရင်က ရုတ်တရက် လက်ကိုမြှောက်ကာ စကားဝိုင်းထဲ ဝင်လာလေသည်။

“အရှင်မိဖုရား။ ကျွန်တော့်ညီမကို ရံရွေတော်အဖြစ် အဆိုပြုချင်ပါတယ်။”

အတတ်နိုင်ဆုံး သည်းခံနေခဲ့သော ရို့စ်က ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်မ၏ လက်မောင်းကို အသာလေး ဆွဲကိုင်လျက် ခေါင်းကို အလျင်အမြန်ပင် ခါယမ်းပြခဲ့သည်။

လုံးဝ လုံးဝ မဖြစ်ပါဟူသော အဓိပ္ပာယ်ပင်။

‘သူတို့ချင်း သိနေကြတာများလား။’

မှူးမတ်အနွယ်တော်အသိုင်းအဝိုင်းထဲတွင် ရှိနေပါက မရင်းနှီးသည့်တိုင် မျက်နှာ သို့မဟုတ် နာမည်ကို သိရှိနိုင်သော်လည်း……

ကျွန်မ ရို့စ်၏ မျက်နှာထားကို အကဲခတ်နေမိသဖြင့် ချက်ချင်း ပြန်မဖြေနိုင်ခဲ့ရာ၊ အေဖရင်က မျှော်လင့်တကြီး အသနားခံသလို ပုံစံမျိုးဖြင့် ထပ်မံ၍ တောင်းဆိုလာခဲ့သည်။

“တကယ် စိတ်ထားကောင်းတဲ့ ကလေးပါဗျာ။ အကဲခတ်လည်း တော်သလို ကျန်းမာရေးလည်း ကောင်းတာမို့လို့ အရှင်မိဖုရားအတွက် အများကြီး အထောက်အကူ ပြုနိုင်မှာပါ။ လက်ခံပေးမယ်ဆိုရင် ကျွန်တော်တို့ မိသားစုအတွက် အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ကိစ္စ ဖြစ်လာမှာလေ။ အရှင်မိဖုရားရဲ့ ကျေးဇူးကိုလည်း ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။”

“……ဒါဆိုရင် မနက်ဖြန်ကျမှ တစ်ခါလောက် လွှတ်လိုက်ကြည့်မလား။”

သူ့ပုံစံက အလွန်ပင် စိတ်အားထက်သန်လွန်းနေသဖြင့် မလွန်ဆန်နိုင်တော့ဘဲ မနက်ဖြန်အတွက် ကတိပေးလိုက်တော့မှ၊ ကတိရရှိသွားသော အေဖရင်က ကျွန်မထံမှ လမ်းခွဲကာ ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားလေတော့သည်။

သူ၏ ကျောပြင်ကို ခေတ္တ စိုက်ကြည့်နေမိစဉ်၊ ရို့စ်က သူ လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီးမှ အမှန်အတိုင်း ဖွင့်ဟပြောဆိုလာ၏။

“အရှင်မိဖုရား၊ ဆာ အေဖရင်ရဲ့ ညီမကိုတော့ ရံရွေတော်အဖြစ် လုံးဝ ခန့်အပ်လို့မဖြစ်ပါဘူး။”

“လေဒီ ရို့စ်လည်း သိတဲ့လူမို့လို့လား။”

“လူချင်းတော့ မသိပေမဲ့ အင်မတန် နာမည်ကြီးတဲ့သူမို့လို့ပါ။”

နာမည်ကြီးတယ်၊ ဟုတ်လား။

“ပြဿနာတစ်ခုခု ရှာထားဖူးလို့လား။”

“ဆာ အေဖရင်နဲ့ တစ်ပုံစံတည်းပါပဲ။ အပြင်ပန်းရော အတွင်းစိတ်ပါ အတူတူဖြစ်နေတာပါ။”

အာ……

“အဲ့ဒီမိန်းမကို အနားမှာ ထားမယ်ဆိုရင် ရှိပြီးသား ဂုဏ်သိက္ခာတွေပါ ကျသွားရပါလိမ့်မယ်၊ အရှင်မိဖုရား။”

ဘယ်လောက်တောင်ဖြစ်နေလို့ အခုလို ပြောနေတာပါလိမ့်ဟု တွေးမိရင်း အလိုလို စိုးရိမ်စိတ်ဝင်လာသည်။

သို့သော်လည်း မနက်ဖြန် ခေါ်ဆောင်လာခဲ့ရန် ကတိပြုပြီးသားဖြစ်၍ ပြန်လည်ရုပ်သိမ်းရန်က မဖြစ်နိုင်တော့ချေ။

“မနက်ဖြန် လာဖို့ပြောထားပြီးသားဆိုတော့၊ လောလောဆယ် တွေ့ပြီးမှ ဆုံးဖြတ်ကြတာပေါ့။”

~~~~

ရို့စ်က ဆာ အေဖရင်၏ ညီမကို ရံရွေတော်အဖြစ်ထားရှိရန် ဘာကြောင့် ကန့်ကွက်ခဲ့မှန်း၊ နောက်တစ်နေ့ သူ့အား မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် သဘောပေါက်သွားရတော့သည်။

‘အာ……’

“မက်စ်တက်စ် ဗိုင်အိုလက်ပါ၊ အရှင်မိဖုရား။”

စင်္ကြံတစ်ခုလုံး ဟိန်းထွက်သွားလောက်အောင် ကျယ်လောင်လှသောအသံဖြင့် နှုတ်ဆက်လာသော သူ၏ အငွေ့အသက်က……

အတော်လေး ​ချောက်ချားစရာကောင်းလှသည်။

ထိတ်လန့်စရာပင်။

အပြင်ပန်းသွင်ပြင်က ဆာ အေဖရင်နှင့် တစ်ပုံစံတည်းတူသည်ဟု ကြားထားသော်လည်း ကျွန်မ အကဲခတ်မိသလောက် တကယ် တူညီနေသောအရာက ထိုတုန်လှုပ်ချောက်ချားဖွယ် အငွေ့အသက် အခြေအနေ ဖြစ်နေခြင်းပင်။

ဆာ အေဖရင်က စစ်သည်တော်ပီပီ ​လူရှိန်ဖွယ် ကြမ်းတမ်းသောအသွင်ရှိခဲ့ရာ၊ ထိုအသွင်သဏ္ဌာန်က မက်စ်တက်စ်ထံတွင်လည်း အတူတူပင်။

အဲ့ဒါထက်၊ သူကျောပြင်မှာ သိုင်းလွယ်ထားတာက ဘာပါလိမ့်။

လှံလား……

“အာ။ ဒါက ဗိုင်အိုလက်ပါ၊ အရှင်မိဖုရား။”

ဇာအနားစများ၊ ပုလဲများဖြင့် တန်ဆာဆင်ထားသော ခရမ်းနုရောင်ဂါဝန်၏ အနောက်ဘက်မှ ထိုးထွက်နေသော ဧရာမ လှံကြီးက၊ အင်မတန်မှ ပနံမသင့်လှစွာ တစ်မူကွဲထွက်နေသည်။

ကျွန်မ ​အံ့ဩမှင်တက်လျက် ထိုလက်နက်ကို စိုက်ကြည့်နေမိရာ၊ မက်စ်တက်စ်က မျက်နှာတစ်ခုလုံး နီမြန်းလျက် ပါးပြင်ကို ကုတ်ခြစ်ရင်း စကားဆိုလာ၏။

“ဟို…… လေဒီတစ်ယောက်အနေနဲ့ လက်နက်ကို အနားမှာ အမြဲတမ်းထားပြီးတော့ လုံးဝ မခွာသင့်ဘူးဆိုပြီး သင်ကြားခဲ့ရလို့ပါ။”

မည်သည့် လက်နက်မျှ ကိုင်ဆောင်ထားခြင်း မရှိသော ရို့စ်၏ မျက်နှာက အင်မတန် ပျက်ယွင်းသွားတော့သည်။

“ကောင်းကောင်း ကူညီပေးပါဦး၊ လေဒီ မက်စ်တက်စ်။”

အံ့ဩတုန်လှုပ်မိရသော်လည်း အတတ်နိုင်ဆုံး အပြင်ပန်းတွင် မသိသာစေရန် ကြိုးစားရင်း၊ ကျွန်မ ပြုံးလျက် နှုတ်ဆက်စကားဆိုလိုက်သည်။

သို့သော်လည်း မက်စ်တက်စ်က ကျွန်မစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဝမ်းသာပီတိဖြစ်သော မျက်နှာထားဖြင့် “လေဒီ မက်စ်တက်စ်တဲ့လား” ဟု ပြန်မေးလာသဖြင့် ကိုယ်တိုင်ပင် မသိလိုက်ဘဲ ထိတ်လန့်သွားသည့် မျက်နှာထားမျိုး ထွက်ပေါ်လာလုနီးပါး ဖြစ်သွားရ၏။

ကျွန်မ မျက်ခုံးကိုပင့်ကာ စိုက်ကြည့်မိတော့မှ၊ မက်စ်တက်စ်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပျာပျာသလဲ တောင်းပန်လာသည်။

“စိုးရွံ့မိပါတယ်။ စစ်သည်တော်အဖြစ် အပ်နှင်းခံရပြီးကတည်းက အားလုံးက ‘ဆာ မက်စ်တင်စ်’ လို့ပဲ ခေါ်ကြတာမို့လို့ပါ။”

“စစ်သည်တော်အဖြစ် ခန့်အပ်ခံခဲ့ရတာလား။”

အကြောင်းရင်းရှိပုံရသော မက်စ်တက်စ်က မှိုင်သွားသော မျက်နှာထားဖြင့် “ဟုတ်ကဲ့” ဟု ပြန်လည်ဖြေကြားပြီးနောက်၊ ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ရင်း ချီတုံချတုံဖြင့် မေးမြန်းလာပြန်သည်။

“ဟို…… ဒါနဲ့ ရံရွေတော်ဆိုတာက ဘာတွေလုပ်ရတာလဲ၊ အရှင်မိဖုရား။”

ရို့စ်က ကျွန်မ၏ ကျောမှနေ၍ ‘တွေ့တယ်မဟုတ်လား။ လုံးဝ မဖြစ်ပါဘူး’ ဟူသော အဓိပ္ပာယ်ဖြင့် အသာလေး နှုတ်ခမ်းလှုပ်ပြခဲ့၏။

ကျွန်မ တွေဝေတုံ့ဆိုင်းနေမိရာမှ လောလောဆယ် လက်ဖက်ရည် သောက်ချင်သည်ဟုဆိုကာ အကူအညီတောင်းလိုက်သည်။

ထိုစကားကို ကြားရသည့်တိုင် မက်စ်တက်စ်ကက ကြောင်အမ်းအမ်းဖြင့် ရပ်နေဆဲဖြစ်၍၊ ရို့စ်က သူ့လက်မောင်းကို ဆွဲကိုင်ကာ အခန်းအပြင်ဘက်သို့ ခေါ်ဆောင်သွားလေတော့၏။

လုံးဝ ကွဲပြားလွန်းလှသော လေဒီနှစ်ဦး၏ ခြေသံများ ဝေးကွာသွားပြီးနောက်၊ ကျွန်မ လက်တင်ကုလားထိုင်တွင် ကိုယ်ကို မှီချကာ အတွေးထဲ နစ်မျောနေမိသည်။

‘ရံရွေတော်ဆိုတာ ဘာမှန်းတောင်မသိတဲ့ လေဒီကို၊ ဆာ အေဖရင်က ဘာဖြစ်လို့ ငါ့ဆီ တကူးတက တွန်းပို့ခဲ့ရတာပါလိမ့်။’

တစ်ခုခု…… လျှို့ဝှက်ချက်ရှိနေတဲ့ပုံကို။

~~~~

“ဘယ်သူက ဘယ်သူ့ရဲ့ရံရွေတော်အဖြစ် သွားတယ်။”

ဟိုင်န်ရီ သောက်လက်စရေပင် သီးသွားရကာ တဟွတ်ဟွတ် ချောင်းဆိုးလေတော့သည်။

“ဆာ မက်စ်တက်စ်ပါ။”

မက်ကန်နာက ဘာလုပ်ရမှန်းမသိသော မျက်နှာထားဖြင့် ပြန်ဖြေခဲ့သည်။

ဟိုင်န်ရီက နီမြန်းသွားသော မျက်နှာကို လက်ဖြင့်ယပ်ခတ်ရင်း စိတ်တည်ငြိမ်အောင်လုပ်ပြီးမှ ထပ်မံ၍ မေးမြန်းလိုက်၏။

“ဘာလို့လဲ။”

“ဘာကို ဘာလို့ရမှာလဲ။ လေဒီ မက်စ်တက်စ် ဖြစ်လာဖို့အတွက် အသည်းအသန် ကြိုးစားနေခဲ့တာဆိုတော့ အခွင့်အရေးရတုန်း သွားတာဖြစ်မှာပေါ့ဗျ။”

ဟိုင်န်ရီ မျက်မှောင်ကြုတ်လိုက်မိ၏။

“သူက ဘာဖြစ်လို့ အဲ့ဒီနေရာအပေါ် အဲ့ဒီလောက်အထိ စွဲလမ်းနေရတာလဲ။”

အေဖရင်နှင့် မတ်စတပ်စ် မောင်နှမက ဟိုင်န်ရီ ‘မိမိကိုယ်ပိုင်’ လူများဖြင့်သာ ဖွဲ့စည်းထားသော မြေအောက်စစ်သည်တော်တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

သာမန် တပ်ဖွဲ့ဝင်များသက်သက် မဟုတ်ချေ။

အေဖရင်က စစ်သည်တော်အဖွဲ့၏ တပ်မှူးဖြစ်ပြီး၊ ညီမဖြစ်သူ မက်စ်တက်စ်ကမူ ဒုတိယတပ်ခွဲ၏ တပ်ခွဲမှူးပင်။

လျှို့ဝှက်အမှုကိစ္စများကို ထမ်းဆောင်နေရသဖြင့် လောလောဆယ်တွင် သူတို့၏ ဖြစ်တည်မှုကို ဖုံးကွယ်ထားရသော်လည်း၊ ဟိုင်န်ရီက မိမိကိုယ်ကိုယ် ဧကရာဇ်အဖြစ် ကြေညာသည့်အချိန်တွင် ထိုမြေအောက်စစ်သည်တော်တပ်ဖွဲ့ကို အနီးကပ်ဆုံး ကိုယ်ရံတော်တပ်ဖွဲ့အဖြစ် သတ်မှတ်ကာ အလင်းထဲသို့ ခေါ်ဆောင်လာရန် စီစဉ်ထားခဲ့၏။

သို့သော်လည်း ဒုတိယတပ်ခွဲမှူးက မိဖုရား၏ ရံရွေတော်အဖြစ် သွားခဲ့သည်ဆိုရာ……

ဟိုင်န်ရီတစ်ယောက် စိတ်ရှုပ်ထွေးလွန်းသဖြင့် နားထင်ကို ဖိနှိပ်ထားလိုက်မိတော့သည်။

သူက မက်စ်တက်စ်ကို လက်အောက်ငယ်သားအဖြစ် အလွန်တန်ဖိုးထားသော်လည်း၊ မိမိဇနီး၏ ရံရွေတော်အဖြစ်မူ မထားလိုချေ။

မက်စ်တက်စ်က စစ်သည်တော်တပ်ဖွဲ့အတွင်း၌ပင် လက်ရက်စက်မှုကြောင့် အလွန် နာမည်ကြီးလှသူမဟုတ်ပါလား။

‘သွေးစွန်းသောလက်’ ဟူသော ​နာမည်ပြောင် ပေးထားရလောက်သည်အထိပင်။

သို့သော်လည်း ရန်သူများ၏ အသက်နှင့် ခေါင်းကို ဖြတ်တောက်ခဲ့ဖူးသော ထိုလက်မျိုးဖြင့်၊ မိမိဇနီးအတွက် စတိတ်ခ် အသားလွှာကို လှီးဖြတ်ပေးတော့မည်တဲ့လား။

မက်ကန်နာ စုတ်တစ်ချက် သပ်လိုက်မိသည်။

“ဒါတွေအကုန်လုံးက ဆာ အေဖရင်ကြောင့်ပါ။ ဆာ ခိုရှာရ်အပေါ် စိတ်ဝင်စား စွဲလမ်းနေပြီးတော့ လိုက်ပတ်သက်နေခဲ့တာလေ။ နောက်ဆုံးကျတော့ အခုလို ဖြစ်သွားရတာပေါ့။”

“နေပါဦး။ အဲ့ဒါက ဘာစကားလဲ။ ဘယ်သူက ဘယ်သူ့အပေါ် စွဲလမ်းနေတယ်။”

“ဆာ အေဖရင်ပါ။ သူ့ညီမကို ဆာ ခိုရှာရ်နဲ့ မိတ်ဆက်ပေးချင်လို့၊ အရှင်မင်းကြီး နန်းတော်မှာမရှိတဲ့ တစ်လျှောက်လုံး နေ့တိုင်း လိုက်ပတ်သက်နေခဲ့တာပါ။”

“....”

“ဆာ အေဖရင်က ဉာဏ်ဆင်လိုက်တာ ကျိန်းသေပါတယ်။ မိဖုရားရဲ့ ရံရွေတော် ဖြစ်လာမယ်ဆိုရင် သဘာဝကျကျ ဆာ ခိုရှာရ်နဲ့ ဆုံတွေ့ခွင့် ရလာမှာမို့လို့လေ။ မက်စ်တက်စ်ကိုလည်း မိဖုရားရဲ့ ရံရွေတော် ဖြစ်လာမယ်ဆိုရင်တော့ ဘယ်သူမှ မထင်မှတ်နိုင်လောက်တဲ့ လေဒီတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုပြီး စည်းရုံးလိုက်တာ ဖြစ်ပါလိမ့်မယ်။”

အပြင်ပန်းကြည့်ရင် ဝက်ဝံလိုပုံစံရှိပေမဲ့ ဉာဏ်ဆင်တဲ့နေရာမှာတော့ မြေခွေးလိုပါပဲလားဟု မက်ကန်နာက အပြစ်တင်ရေရွတ်ခဲ့သည်။

ဟိုင်န်ရီကမူ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရ၏။

ထိုသို့သော ဟိုင်န်ရီကို မက်ကန်နာက ထပ်မံ၍ မေးမြန်းလာပြန်သည်။

“အဲ့ဒါထက် အရှင်မင်းကြီး။ ဒီနေ့ည လေ့ကျင့်ရေးကို ဘယ်လိုလုပ်မှာလဲဗျ။ တော်တော်လေး ပင်ပန်းနေလောက်မှာဆိုတော့ ဖျက်သိမ်းလိုက်ရမလား။”

~~~~

တစ်နေ့လုံး မက်စ်တက်စ်ကို အနား၌ ထားရှိပြီးနောက်၊ ကျွန်မ ပို၍ပင် တွေးရကျပ်သည့် အတွေးထဲ နစ်မျောရပြန်သည်။

မက်စ်တက်စ်က ရံရွေတော်တစ်ဦးအနေဖြင့် အတော်လေး လိုအပ်ချက်များ ရှိနေသော်လည်း၊ လူတစ်ယောက်အနေဖြင့်မူ အတော်သဘောကျမိသောကြောင့်ပင်။

စစ်သည်တော်အဖြစ် အပ်နှင်းခံရဖူးသူပီပီ၊ သူ၏ အပြုအမူတိုင်းက စည်းစနစ်ကျကာ အလွန်ပင် ခန့်ညားလှသည်။

ထိုမျှမကသေး အစတွင် တစ်ချက် ချီတုံချတုံဖြစ်ခဲ့ရုံမှလွဲ၍ ရံရွေတော် လုပ်ဆောင်ရမည့် အလုပ်ကို သိရှိသွားသည့်အခါတွင် အလုပ်အကျွေးပြု ခစားရမည့်အလုပ်များကို အလွန်ပင် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော အပြင်ပန်းသွင်ပြင်လိုမဟုတ်ဘဲ စိတ်နေစိတ်ထားကမူ အတော်လေး နူးညံ့သိမ်မွေ့လှသည်။

ဘာကြောင့်မှန်းမသိ ကျွန်မ စကားပြောနေသည့် အချိန်တိုင်းတွင်၊ သူက မရေမရာ မျက်နှာထားမျိုးဖြင့် ကျွန်မ၏ ဘေးတိုက်မျက်နှာကို ငေးမောကြည့်ရှုနေတတ်သေး၏။

ဟုတ်တယ်၊ အမှန်အတိုင်းပြောရရင် ချစ်စရာကောင်းတယ်။

အကယ်၍ သူ့အား ‘မှူးမတ်အသိုင်းအဝိုင်း၏ စကားနိုင်လု စကားများခြင်း’ ကို စမ်းသပ်မကြည့်ခဲ့မိပါက၊ သူ့ကို ရံရွေတော်အဖြစ် ခန့်အပ်မိရုံအပြင် ရှိတော့မည်မဟုတ်ပေ။

သို့သော်လည်း စမ်းသပ်ကြည့်ပြီးသည့်နောက်တွင်မူ၊ မက်စ်တက်စ်ကို ရံရွေတော်အဖြစ် လုံးဝမခန့်အပ်သင့်ဟု ဆုံးဖြတ်ချက်ချလိုက်မိ၏။

စကားနိုင်လုခြင်း စတင်ပြီး ၅ မိနစ်ပင် မပြည့်သေးသော အချိန်တွင်၊ သူက လှံကို ဆတ်ခနဲ ဆွဲထုတ်ကာ အော်ဟစ်ခဲ့သောကြောင့်ပင်။

“ဒီလှံကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်၊ ကျွန်မစကားက အမှန်တရားပါ။ ကျွန်မစကားသာ မမှန်ဘူးဆိုရင်တော့ ကျွန်မခေါင်းကို အပ်နှံမှာဖြစ်လို့၊ အဲ့ဒီဘက်ကလည်း အသက်ကို လောင်းကြေးထပ်လိုက်ပါ။”

ရံရွေတော်များက ဧကရီ သို့မဟုတ် မိဖုရား၏ကိုယ်စား စကားနိုင်လု ရန်ဖြစ်ပေးရသည့်အချိန်မျိုး ရှိတတ်၏။

ထို့ကြောင့် ကြိုတင်စမ်းသပ်ကြည့်ခြင်းဖြစ်သော်လည်း၊ ရလဒ်ကမူ အတော်လေး ထိတ်လန့်စရာ ကောင်းလွန်းလှပေသည်။

ကျွန်မအရှေ့တွင် အစေခံအလုပ်လုပ်ရင်း အမှားအယွင်းအချို့ ရှိနေခြင်းကို ခွင့်လွှတ်ပေး၍ ရသော်လည်း၊ မှူးမတ်အသိုင်းအဝိုင်းထဲတွင် ထိုသို့ ပြုမူမည်ဆိုပါက……

ကျွန်မအစ်ကိုတစ်ယောက်တည်းနှင့်တင် မနည်းထိန်းချုပ်နေရသော အခြေအနေတွင် ရံရွေတော်ကပါ ထပ်မံ၍ ထိုသို့ဖြစ်နေ၍ မဖြစ်ချေ။

သို့သော်လည်း မပြန်မီ မက်စ်တက်စ် ရှက်ကိုးရှက်ကန်းဖြင့် ကျွန်မအား ဖွင့်ဟဝန်ခံခဲ့သော စကားကြောင့်၊ သူ့ကို ‘ရံရွေတော်အဖြစ် မခန့်အပ်နိုင်ဘူး’ ဟု ချက်ချင်း ငြင်းပယ်ရန် ခက်ခဲသွားရပြန်သည်။

“ဗြုန်းစားကြီး အစ်ကိုက ရံရွေတော် သွားလုပ်ကြည့်ဆိုလို့ ဘာပါလိမ့်ဆိုပြီး တွေးမိခဲ့ပေမဲ့၊ ကျွန်မနဲ့ ဒီရံရွေတော်အလုပ်က တော်တော်လေး ကိုက်ညီတယ်လို့ ခံစားရပါတယ်။”

“....”

“အမှားတစ်ခုခု လုပ်မိလို့ဆိုပြီး လက်ညှိုးဖြတ်ပစ်မယ် ဘာညာဆိုတဲ့ စကားမျိုးတွေလည်း မပြောဘဲ…… အရှင်မိဖုရားက တကယ် ကြင်နာတတ်တဲ့သူပါပဲ။”

ဘယ်လို ပတ်ဝန်းကျင် အခြေအနေထဲမှာ ရှင်သန်ခဲ့ရလို့ အမှားတစ်ခုခု လုပ်မိရုံနဲ့ လက်ညှိုးဖြတ်ပစ်မယ်ဆိုတဲ့ စကားမျိုး ထွက်လာရပါလိမ့်ဟုပင် တွေးပူမိရတော့သည်။

ရို့စ်က မက်စ်တက်စ် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကျွန်မအား အလေးအနက်ထား၍ အကြံပြုလာ၏။

“ရံရွေတော်ဆိုတာက သနားကရုဏာသက်ရုံနဲ့ ရွေးချယ်ရမဲ့အရာ မဟုတ်ပါဘူး၊ အရှင်မိဖုရား။ လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် လက်ရှိမှာ အရှင်မိဖုရားက လေဒီ ခရစ္စတာနဲ့ အရာရာတိုင်း နှိုင်းယှဉ်ခံနေရတဲ့ အနေအထားမျိုး မဟုတ်ပါလား။ ရံရွေတော်ကြောင့် ရယ်စရာဖြစ်သွားရမဲ့ အခြေအနေမျိုး မဖြစ်စေချင်ပါဘူး။”

“……”

“ဆာ အေဖရင်ရော၊ ဆာ မက်စ်တက်စ်ပါ နှစ်ယောက်စလုံးက စစ်သည်တော်အဖြစ် အပ်နှင်းခံရရုံပဲရှိသေးပြီး စစ်သည်တော်တပ်ဖွဲ့ထဲမှာတောင် လက်ခံခြင်းမခံရသေးတဲ့ လူထူးဆန်းတွေပါ။ သူတို့နဲ့ တကူးတက ပတ်သက်နေဖို့ မလိုပါဘူး၊ အရှင်မိဖုရား။”

ထိုနောက်ပိုင်းမှစ၍ တစ်ချိန်လုံး ထိုအကြောင်းအရာကိုသာ တွေးနေမိခဲ့သည်။

ရို့စ်၏ စကားကြောင့် မဟုတ်သည့်တိုင်၊ ကျွန်မကိုယ်တိုင်ကလည်း နဂိုကတည်းက ရံရွေတော်များ၏ အပြုအမူ ယဉ်ကျေးမှုကို အလွန် အလေးထား စောင့်ထိန်းတတ်၏။

ရံရွေတော်များက မိမိ၏ မှန်တင်ခုံနှင့်တူပြီး၊ တစ်ခါတစ်ရံတွင် သူတို့၏ အမှား သို့မဟုတ် ပြစ်မှုများအတွက် မိမိက ကိုယ်စား တာဝန်ယူပေးရသည့် အချိန်မျိုး ရှိတတ်သောကြောင့်ပင်။

ကျွန်မ၏ ရံရွေတော်များအနက် အသွက်ဆုံးနှင့် စကားအကြမ်းဆုံး ဖြစ်ဖူးသော လော်ရာပင်လျှင် လိုအပ်သည့် အချိန်မျိုးတွင် ပုံစံခွက်ထဲကအတိုင်း စည်းစနစ်ကျသော အမူအရာ ယဉ်ကျေးမှုကို ပြသနိုင်ပေသည်။

သို့သော်လည်း မက်စ်တက်စ်ကမူ…… အတော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေ၏။

သံယောဇဉ်ကြောင့် ရံရွေတော်အဖြစ် ထားရှိရာမှ၊ သူက ပါတီပွဲတစ်ခုခုတွင် လူတစ်ယောက်ကို လှံဖြင့်ထိုးသတ်မိလျှင် မည်သို့လုပ်ရမည်နည်း။

သို့သော် မဖြစ်နိုင်ပါဘူးဟု ငြင်းပယ်ရန်ကလည်း၊ ကျွန်မကို သဘောကျသည်ဟုဆိုကာ မျက်ဝန်းလေးများ တောက်ပနေခဲ့သောပုံစံနှင့် လက်ညှိုးဖြတ်တောက်ခြင်း အကြောင်းအရာများက စိတ်ထဲတွင် ကန့်လန့်ခံနေပြန်သည်။

အနောက်ဘုရင့်တိုင်းပြည်သို့ ရောက်ရှိလာပြီးနောက်ပိုင်း မိမိဘက်တော်သားဟု ဆိုနိုင်သူ နည်းပါးနေသေး၍ဖြစ်မည်လား။

သူက ရို့စ်လို ကျွန်မ အစီအစဉ်ချကာ ဆွဲဆောင်ခဲ့သောလူမျိုး မဟုတ်ချေ။

သို့တိုင်အောင် အရင်ဆုံး ရှေ့ထွက်ကာ မိမိကို သဘောကျပါသည်ဟု ပြောဆိုလာခြင်းအပေါ် ကျေးဇူးတင်မိ၏။

နောက်ဆုံးတွင် အဖြေရှာမတွေ့နိုင်ဘဲ ရှိနေရင်း၊ ကျွန်မ ညဉ့်နက်ပိုင်းတွင် သီးသန့်နန်းဆောင်မှ တစ်ယောက်တည်း ထွက်ခွာလာမိတော့သည်။

လမ်းညွှန်ပြသပေးမည့်သူ မရှိသော်လည်း လမ်းကြောင်းများကို အလွတ်မှတ်သားထားပြီးသားဖြစ်၏။

အထူးသဖြင့် ဤအနီးအနားဝန်းကျင် မြေနေရာကို ပြီးပြည့်စုံစွာ အလွတ်ရထားပြီးသားပင်။

လမ်းပျောက်မည့်အန္တရာယ် မရှိသဖြင့်၊ တစ်ယောက်တည်း လှည့်လည်သွားလာရင်း ညဉ့်ဦးလေညင်းကို ရှူရှိုက်ကာ စိတ်တည်ငြိမ်အောင်လုပ်ရန် တွေးလိုက်မိသည်။

ညလေညင်းကို ရှူရှိုက်လိုက်ပါက စိတ်အေးချမ်းရကာ အတွေးများကို ပြန်လည် စုစည်းရန် လွယ်ကူသောကြောင့်ပင်။

“……”

သို့သော်လည်း မည်မျှအထိ လမ်းလျှောက်ခဲ့မိသည်မသိ။

ဖလပ် ဖလပ်ဟု တောင်ပံခတ်သံ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်မိရာ၊ ဧရာမ ငှက်ကြီးများ အုပ်စုလိုက် တန်းစီလျက် ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

ကျွန်မ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမိရင်း၊ လက်ဖျားဖြင့် မျက်လုံးကို ပွတ်သပ်ကာ ငှက်များကို ထပ်မံ၍စိုက်ကြည့်မိ၏။

‘ငါ ထင်ယောင်ထင်မှား ဖြစ်နေတာများလား။’

ထိုငှက်အုပ်စုထဲတွင် ကွီးန် ပါဝင်နေသလို ခံစားလိုက်ရသောကြောင့်ပင်။

အကယ်၍ အပြာရောင်ငှက်လေးပါ အတူတူ ရှိနေခဲ့မည်ဆိုပါက ကျိန်းသေပေါက် သေချာသိနိုင်မည်ဖြစ်သော်လည်း၊ သိသာထင်ရှားလှသော အပြာရောင် ငှက်လေးကို မမြင်ရသဖြင့် ကျွန်မ မြင်လိုက်ရသောအရာက ကွီးန် ဟုတ်၊ မဟုတ်ကို မသဲမကွဲ ဝေခွဲမရ ဖြစ်နေမိရုံသာ။

ကျွန်မ ချီတုံချတုံ ဖြစ်နေမိရာမှ ငှက်များ ပျံသန်းသွားရာ လမ်းကြောင်းအတိုင်း လိုက်လံကြည့်ရှုရန် ဆုံးဖြတ်ခဲ့လိုက်သည်။

ထိုနေရာက ‘သရဲခြောက်တယ်’ ဟူသော ကောလာဟလ ထွက်ပေါ်နေသည့် နန်းဆောင်ဟောင်းပင်။

ရို့စ်က ထိုအကြောင်းကို ရှင်းပြစဉ် အလွန်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့၏။

ဘာကြောင့် ထိုကဲ့သို့သော ထိတ်လန့်စရာ ကောလာဟလ ထွက်ပေါ်နေသည့် နန်းဆောင်ဟောင်းကို ဒီအတိုင်း ထားရသလဲဟု မေးကြည့်တော့၊ ထိုနန်းဆောင်ကို ဖြိုဖျက်ရန် လာရောက်ခဲ့ကြသော အလုပ်သမားများက အကုန် သရဲမြင်ပြီး ထွက်ပြေးသွားခဲ့ကြဖူးသောကြောင့်ဟု ပြန်ဖြေခဲ့သည်။

သို့သော်လည်း ကျွန်မက ထိုသို့သောအရာများအပေါ် ကြောက်တတ်သော စရိုက်မရှိသဖြင့်၊ အတွင်းပိုင်းအထိ တောက်လျှောက် ဝင်ရောက်သွားလိုက်၏။

သရဲနှင့်တွေ့ရလျှင်လည်း ကိစ္စမရှိဟု ယူဆမိသောကြောင့်ပင်။

သို့သော်လည်း ဗဟိုရှိ ရေပန်းထံမှ တဗွမ်းဗွမ်း ရေကူးခတ်သံမျိုး ကြားလိုက်ရသည့် အခိုက်အတန့်တွင်မူ၊ ကိုယ်တိုင်ပင် သတိမထားမိဘဲ ကိုယ်လေး ဆတ်ခနဲတုန်သွားရတော့သည်။

‘တကယ် သရဲများလား။’

ကျွန်မ ကျောက်တိုင်တစ်ခု၏ အကွယ်တွင် ကိုယ်ကို ဝှက်ထားရင်း ရေပန်းဆီသို့ စိုက်ကြည့်နေမိ၏။

သေသေချာချာ ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေမိရာ၊ ရေပန်း၏ ရေမှုန်ရေမွှားများ အတွင်းပိုင်း၌ ငှက်တစ်ကောင်၏ ပုံသဏ္ဌာန်ကို မြင်တွေ့လိုက်ရသည်။

‘အာ။ ငှက်ဆီကလာတဲ့ အသံကိုး။’

ကိုယ့်ဘာသာ အလကားနေရင်း ထိတ်လန့်သွားခဲ့မိသည်ဟု တွေးမိသဖြင့် ရယ်ချင်စိတ် ပေါ်လာရသည်။

သရဲမကြောက်ပါဘူးဟုဆိုကာ အလန့်တကြား ဖြစ်သွားခဲ့ရခြင်းအပေါ် ရှက်ကိုးရှက်ကန်း ဖြစ်မိသဖြင့်၊ ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် ရေပန်းဆီသို့ ဆက်လက်စိုက်ကြည့်နေမိ၏။

ရေမှုန်ရေမွှားများ၏ အနောက်ဘက်ရှိ ငှက်ကလေးက တောင်ပံများဖြန့်လျက် ရေများကို တဖတ်ဖတ် ခါယမ်းနေသည်။

ထို့နောက် ငှက်ကလေး အရှေ့သို့ အနည်းငယ် တိုးထွက်လာတော့မှ၊ ငှက်၏ မျက်နှာနှင့် အမွေးအတောင်များက အလင်းရောင်အောက်တွင် ပေါ်လွင်လာတော့၏။

ကွီးန်ပင်။

‘ထင်တဲ့အတိုင်း ငါ မြင်လိုက်တာက ကွီးန် ဟုတ်နေတာကိုး။’

ဒါပေမဲ့ တခြားငှက်တွေက ဘယ်ရောက်သွားလို့ ကွီးန်တစ်ကောင်တည်း ဒီနေရာမှာ ရှိနေရတာပါလိမ့်……

အံ့ဩဝေခွဲမရ ဖြစ်နေမိရာမှ ဆက်လက် အကဲခတ်နေခဲ့သည်။

ထိုအချိန်တွင် မမျှော်လင့်ဘဲ ကွီးန်က ရေစိုနေသော ခေါင်းကို ဖတ်ခနဲ ခါယမ်းလိုက်ပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အရပ်အမောင်း မြင့်မားခံ့ညားလှသော အမျိုးသားတစ်ဦးအဖြစ် အသွင်အပြင် ပြောင်းလဲသွားတော့၏။

တဖြည်းဖြည်းချင်း ကြီးထွားလာခြင်းမျိုး မဟုတ်ဘဲ၊ စကားအတိုင်း မျက်စိတစ်မှိတ်အတွင်း၌ ပြောင်းလဲသွားခြင်းပင်။

အရပ်အမောင်း မြင့်မားလှသောလူအဖြစ် ပြောင်းလဲသွားသည့် ငှက်ကလေးက ရေစိုကာ မျက်နှာပေါ်သို့ ကပ်ညိနေသော ရွှေရောင်ဖျော့ဖျော့ ဆံနွယ်စများကို လက်တစ်ဖက်ဖြင့် အနောက်သို့ သပ်တင်ရင်း တစ်စုံတစ်ရာကို မကျေမနပ် ရေရွတ်ညည်းညူနေ၏။

ကျွန်မ အော်ဟစ်မိလုနီးပါး ဖြစ်သွားသော ပါးစပ်ကို လက်ဖြင့် အလျင်အမြန်ပင် အုပ်ထားလိုက်မိတော့သည်။

ထိုလူကား……ဝတ်လစ်စားလစ်ဖြစ်နေသော ဟိုင်န်ရီပင်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၄၄ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment