no

Font
Theme

အပိုင်း ၃၅ (လျှို့ဝှက် သူငယ်ချင်း)

ဆိုဗီရ်ရှုက ကျွန်မကို တော်တော်လေး အကြင်နာကင်းမဲ့သူဟု ထင်နေသည့်ပုံပင်။

ပုံမှန်အချိန်များတွင် မရှိတတ်သော နဖူးပြင်မှ မျဉ်းသုံးကြောင်းထင်နေသည့် အရေးအကြောင်းများကိုကြည့်လျှင် ကျိန်းသေပေါက် သိနိုင်ပေသည်။

မျက်လုံးထောင့်စွန်းများလည်း ပင့်တက်နေ၏။

“ဧကရီက တော်တော်လည်း အသည်းမာတဲ့သူပါလား။”

“အတူတူပါပဲ။”

“ဘာ။”

ဆိုဗီရ်ရှုသာ ရက်ရှ်တာအတွက် တိုင်းတစ်ပါးမှ ဧည့်သည်တော်များကို ဖယ်ထုတ်လိုက်မည်ဆိုပါလျှင် သူတို့က သူတို့ကို အရေးမစိုက်ခြင်းဟု ယူဆသွားနိုင်ကာ နိုင်ငံတကာဆက်ဆံရေးကိုပါ ထိခိုက်လာမည်ဖြစ်သည်။ ထိုကိစ္စ၏ တာဝန်ကို ဆိုဗီရ်ရှုတစ်ယောက်တည်းက ယူရမည်သာ။

သို့သော် ရက်ရှ်တာအတွက် ကျွန်မ၏ ဧည့်သည်များကို ဖယ်ထုတ်မည်ဆိုလျှင်မူ လူအများက ကျွန်မအား ရက်ရှ်တာနှင့် ဆိုဗီရ်ရှုတို့ကို မျက်နှာလုပ်လို၍ မလျော်ကန်​သော လုပ်ရပ်ကိုလုပ်သည်ဟု ဝေဖန်ကြပေလိမ့်မည်။ ဆိုဗီရ်ရှုက ကျွန်မ၏နာမည်ကိုယူပြီး ရက်ရှ်တာ့ထံ လက်ဆောင်ပို့ခဲ့သည့်ကိစ္စကြောင့်လည်း ထိုသို့သော အကြောင်းအရာနှင့်ဆင်တူသော ကောလာဟလများ တစ်ကြိမ်ပျံ့နှံ့ခဲ့ပြီးပေပြီ။ ရက်ရှ်တာအား လက်ဆောင်ပို့ခဲ့ခြင်းမှာ တစ်ကိုယ်ရေ အရှက်ရစရာဖြစ်သော်လည်း ဝေဖန်ခံရမည့် လုပ်ရပ်မျိုးတော့ မဟုတ်ပေ။ သို့သော် ဧည့်သည်များကို ဖယ်ထုတ်ခြင်းကမူ လူမှုဆက်ဆံရေးလောကနှင့် လူထုကြားရှိ ကျွန်မ၏ ရပ်တည်မှုကို တိုက်ရိုက်ထိခိုက်စေမည့်ကိစ္စဖြစ်ပေသည်။

ရယ်စရာမဟုတ်ဘဲ မှားယွင်းသည့်လုပ်ရပ်ဖြစ်သောကြောင့်ပင်။

ဆိုဗီရ်ရှုက ဤကဲ့သို့သောအခြေအနေမျိုး၌ပင် ခေါင်းကောင်းနေဆဲဖြစ်၏။ သူ့ကိုယ်သူ ကာကွယ်ရန်နှင့် ရက်ရှ်တာကို စိတ်ပြေစေရန်အတွက် ကျွန်မအား လူသားဆန်မှုနှင့် အကြင်နာတရားဟုဆိုကာ အတင်းအကျပ် တောင်းဆိုနေသည်။

“အသည်းမာတာက အရှင်ဧကရာဇ်ပါ။ လေဒီ ရက်ရှ်တာရဲ့ချစ်သူက ကျွန်မမဟုတ်ဘဲ အရှင်ဧကရာဇ်ဖြစ်နေတာကို ချစ်သူဖြစ်တဲ့ အရှင်ဧကရာဇ်ကိုယ်တိုင်တောင် မလုပ်နိုင်တဲ့အရာအတွက် ဘာလို့များ ကျွန်မကို အတင်းအကျပ် ခိုင်းစေနေမှန်း နားမလည်နိုင်ပါဘူး။”

သူ့အကြံက အတိုင်းသားပေါ်လွင်နေကြောင်း ရှင်းပြရန် စိတ်မပါသဖြင့် တမင် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

ဆိုဗီရ်ရှု၏ မေးရိုးများ တင်းမာသွားကာ ရက်ရှ်တာကလည်း ကြောက်လန့်သော မျက်လုံးများဖြင့် ကျွန်မကို ခိုးကြည့်လာသော်ငြား စိတ်ထဲတွင် တစ်စက်ကလေးမှ ကျေနပ်ခြင်းမရှိခဲ့ပေ။

ကျွန်မက ဆိုဗီရ်ရှုအား ယဉ်ကျေးသောအမူအရာဖြင့် ကျင့်ဝတ်ထုံးတမ်းအတိုင်း နှုတ်ဆက်ဂါရဝပြုပြီးနောက် တမင်တကာပင် ဖြည်းညင်းသောခြေလှမ်းများဖြင့် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

~~~~

အနောက်နန်းဆောင်သို့ရောက်တော့ ရံရွေတော်များက စိုးရိမ်တကြီး ရပ်စောင့်နေကြသည်ကို တွေ့လိုက်ရ၏။

“အရင် စားနှင့်ကြပါလို့ ပြောခဲ့တာကို။”

“ဘယ်ဖြစ်ပါ့မလဲ... အရှင်ဧကရာဇ်က မကောင်းတဲ့စကားများ ပြောလိုက်မလားဆိုပြီး စိတ်ပူနေရတာပါ။”

“ဒီရက်ပိုင်း အရှင်ဧကရာဇ်ဆီက ပြန်လာတိုင်း မျက်နှာထားမကောင်းဘူးမဟုတ်လားရှင့်။”

စိုးရိမ်ပေးနေသော သူတို့ကို အရင်ဆုံး စိတ်ငြိမ်အောင်လုပ်စေပြီးမှ အတူတူ စားသောက်ကြသော်လည်း အစားအသောက်က လည်ချောင်းထဲ မဝင်နိုင်ခဲ့။

မတတ်သာသည့်အဆုံး စွပ်ပြုတ်နှင့် ပူတင်းမျှဖြင့်သာ ဗိုက်ကို ဖြည့်လိုက်ရ၏။

ထို့နောက် ရံရွေတော်များကလည်း ပါတီပွဲတက်ရန် ပြင်ဆင်နေကြသဖြင့် ကျွန်မတစ်ယောက်တည်း စားပွဲတွင်ထိုင်ကာ နှစ်သစ်ကူးပွဲတော်အပြီး လုပ်ငန်းဆောင်တာများကို စစ်ဆေးခဲ့သည်။

တိုင်းတစ်ပါးမှလာသော ဧည့်သည်တော်များကို နှုတ်ဆက်ပို့ဆောင်ရမည်ဖြစ်ပြီး၊ မည်သူတွေ ဆက်လက်နေထိုင်လိုသေးသလဲဆိုသည်ကိုလည်း စစ်ဆေးရပေမည်။

နှစ်သစ်ကူးပွဲတော်ကာလအတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှုများ သို့မဟုတ် အရေးကြီးကိစ္စရပ်များနှင့် သက်ဆိုင်ရာ အစီရင်ခံစာများလည်း တင်သွင်းလာကြသဖြင့် ထိုအပိုင်းများကိုလည်း သေချာဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရပေဦးမည်။

အကြောင်းမူကား တိုင်းတစ်ပါးသားများအနက် ဥပဒေအရ ပြဿနာဖြစ်စေနိုင်သည့် မတော်တဆမှုများကို ကျူးလွန်ထားသူများရှိပါက အင်ပါယာနယ်နိမိတ်ကို မဖြတ်ကျော်မီ ထိုကိစ္စများကို ဖြေရှင်းရမည်ဖြစ်သောကြောင့်ပင်။

ဤသို့ ဤသို့သော လုပ်ငန်းများ လုပ်ဆောင်နေရင်း အချိန်က လျင်မြန်စွာ ကုန်လွန်သွားကာ မကြာမီ စားသောက်ပွဲ တက်ရောက်ရမည့်အချိန် ရောက်လာခဲ့သည်။ နောက်ဆုံးအနေဖြင့် ကိုယ်လုံးပေါ်မှန်တွင် အသွင်အပြင်ကို ထပ်မံစစ်ဆေးကြည့်လိုက်ချိန်၌ ရံရွေတော်များလည်း ကိုယ်စီကိုယ်စီ လှပလင်းလက်စွာ ပြင်ဆင်ပြီးစီးနေကြပေပြီ။

“နောက်ကျလို့ အထူးဧည့်ခံပွဲပြီးသွားရင် ပါတီပွဲကျင်းပတဲ့ ခန်းမကို လာဦးမှာလားရှင့်။”

“မပြောတတ်သေးဘူး။ အချိန်ကိုကြည့်ရမယ်ထင်တယ်။ ဘာဖြစ်လို့လဲ၊ လော်ရာ။”

“အာလီရှုတဲ အဲလေ လေဒီ အာလီရှုတဲက အအေးမိနေလို့ ဒီနေ့ မတက်ရောက်နိုင်ဘူးလေ။ ဧကရီအရှင်မပါ မလာဘူးဆိုရင် ကျွန်မလည်း ခဏလောက်ပဲ မျက်နှာပြပြီး အမြန်ပြန်လာလိုက်ပါတော့မယ်။”

သက်တူရွယ်တူ သူငယ်ချင်းများနှင့် ပျော်ပါးရသည်ကို ပိုနှစ်သက်သော လော်ရာက သူ့အား စိတ်ဝင်စားမှုပြကြသည့် မှူးမတ်အနွယ်တော် လူငယ်များအပေါ် တစ်စက်ကလေးမှ စိတ်ဝင်စားဟန်မရှိခဲ့ပေ။

“လော်ရာက စောင့်နေရင် လာရမှာပေါ့။”

ကတိပေးရင်း ပြုံးလိုက်တော့ လော်ရာက စောင့်နေမည်ဖြစ်ကြောင်း ရွှင်မြူးစွာ ပြန်ဖြေပြီး အမြန်ပင် ပါတီခန်းမဆောင်သို့ ထွက်ခွာသွားသည်။

ရံရွေတော်များကလည်း အားလုံးပါဝင်ဆင်နွှဲကြသော ပါတီပွဲကြီး ကျင်းပရာ ခန်းမဆောင်ကြီးသို့ သွားကြပြီး ကျွန်မကမူ အထူးစားသောက်ပွဲကျင်းပသည့် ‘နှင်းဆီနီ ခန်းမဆောင်’ ဆီသို့ သွားလိုက်၏။

ခန်းမထဲတွင် ပျော်ရွှင်မြူးတူးဖွယ် ဂီတသံများ ပျံ့လွင့်နေပြီဖြစ်ပြီး စားသောက်ပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်များက သုံးလေးယောက်စီ စုဝေးကာ စကားစမြည်ပြောဆိုနေကြသည်။ ဆိုဗီရ်ရှုကို မတွေ့ရပေ။

ကျွန်မက အကြည့်ချင်းဆုံမိသူများအား ပေါ့ပေါ့ပါးပါး မျက်လုံးဖြင့် နှုတ်ဆက်ပြီး ဦးစွာ မင်းသမီး စီယာ့ဇ်ထံသွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းမိပြီးသည်နှင့်...

ရှမ်ပိန်ခွက် ကိုင်ထားသော ခါ့ဖ်မန်း မင်းသားကြီးနှင့် တိုက်တိုက်ဆိုင်ဆိုင် မျက်နှာချင်းဆိုင် ဆုံမိသွား၏။

ပန်းခြင်းတောင်းနှင့် ဓားကို ကိုင်ဆောင်ထားသော ဧရာမရုပ်တုကြီးနှင့် ရှမ်ပိန်ခွက်များကို သယ်ဆောင်ထားသော အစေခံတို့က မျက်နှာချင်းဆိုင်နေရာတွင် နေရာယူထားသဖြင့် အခြားဖြတ်သွားရန်လမ်း မရှိခဲ့ပေ။

“အချိန်ကောင်းလေး ကုန်ဆုံးနေပါရဲ့လားရှင့်။”

မျက်နှာချင်းဆိုင်တွင် နီးကပ်စွာ ရောက်ရှိနေသူကို မျက်လုံးဖြင့် နှုတ်ဆက်ရုံမျှနှင့် ကျော်သွား၍မဖြစ်နိုင်သောကြောင့် ကျွန်မလည်း ပြုံးပြရင်း သူ့ကို စကားစပြောလိုက်သည်။

စကားစပြီးမှ ခါ့ဖ်မန်း မင်းသားကြီးက မနေ့က ကျွန်မနှင့် ရက်ရှ်တာကို တစ်ပြိုင်နက်တည်း လျစ်လျူရှုပြီး လျှောက်သွားခဲ့ကြောင်း သတိရလိုက်သော်လည်း နှုတ်မဆက်မီ ထိုကိစ္စကို သတိရခဲ့သည်ဆိုလျှင်ပင် ကျွန်မက ယခုတစ်ကြိမ်လည်း နှုတ်ဆက်ဦးမည်သာ။

“...အရှေ့အင်ပါယာရဲ့ ဧကရီအရှင်မ။”

တော်သေး၍ ခါ့ဖ်မန်း မင်းသားကြီးက ယခုတစ်ကြိမ်တွင် လုံးဝ လျစ်လျူမရှုခဲ့ပေ။

ထိုသို့ဆိုတိုင်း ကျွန်မ၏မေးခွန်းကို ကောင်းစွာ ပြန်မဖြေခဲ့သော်ငြားလည်း။

“အစားအသောက်တွေ ခံတွင်းတွေ့ရဲ့လားရှင့်။"

ကျွန်မက မသိချင်ယောင်ဆောင်ကာ ဒုတိယအကြိမ်အဖြစ် နှုတ်ဆက်စကားဆိုလိုက်သည်။

သို့သော် ခါ့ဖ်မန်း မင်းသားကြီးက ယခုတစ်ကြိမ်လည်း မေးခွန်းကို ပြန်မဖြေဘဲ ကျွန်မကို စူးစိုက်ကြည့်နေ၏။ ရှည်လျားပြီး စူးရှသော မျက်ဝန်းအိမ်မှ ပေါ်ထွက်လာသည့် အရှိန်အဝါကြောင့် သူက အင်မတန် ခက်ထန်ပြတ်သားပုံပေါ်နေသည်။

ခါ့ဖ်မန်း မင်းသားကြီးကို ဖိတ်ကြားခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သဖြင့် ပြီးခဲ့သည့်နှစ်အထိ ဤလူနှင့် အဆက်အသွယ်မရှိခဲ့ပေ။

ထို့အပြင် လူသိနည်းသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။

သိရသမျှမှာ ကန္တာရတိုင်းပြည် လွီပ်(ထ်)၏ မင်းသားကြီးဖြစ်ပြီး မှော်ပညာအကယ်ဒမီမှ ထိပ်တန်းကျောင်းသားအဖြစ် ဘွဲ့ရခဲ့သည့် ထူးချွန်သူဖြစ်ကြောင်းလောက်သာ။

ခေတ္တမျှ သူ့အဖြေကို စောင့်ဆိုင်းရင်း ပြုံးပြနေစဉ် ခါ့ဖ်မန်း မင်းသားကြီးက ရုတ်တရက် မေးခွန်းတစ်ခု မေးလာခဲ့သည်။

“အရှေ့အင်ပါယာက နဂိုလည်း ဒီလိုမျိုးပဲလားဗျ။”

“သိလိုတဲ့ မေးခွန်းများ ရှိနေလို့လားရှင့်။”

“လွီပ်(ထ်)မှာတော့ အီမိုနာနဲ့ အီမို့ထ်က တစ်ကိုယ်တည်းပါပဲ။”

“ဘုရင်နဲ့ မိဖုရားက တစ်ကိုယ်တည်းတဲ့လား။ ဆန်းကြယ်တာပဲ။”

“...လွီပ်(ထ်) ဘာသာစကားကို သိနေတာလားဗျ။”

“ ‘သိတယ်’ လို့ ပြောနိုင်တဲ့အဆင့်တော့ မဟုတ်ပါဘူး။ အခြေခံစကားလုံး အနည်းငယ်လောက်ပဲ သိတာပါ။”

ထင်မှတ်မထားသည့်အလား မျက်လုံးများကို တစ်ချက်ကျုံ့လိုက်သော ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မက မျက်ခုံးပင့်လိုက်တော့ စကားကို ဆက်ခဲ့သည်။

“လွီပ်(ထ်)မှာဆိုရင် အီမို့ထ်ရဲ့ချစ်သူသာ အီမိုနာရှေ့ ရောက်လာလို့ကတော့ ချက်ချင်း အသတ်ခံရမှာပါ။”

“...”

“ဧကရီအရှင်မက အဲ့ဒီလို မလုပ်နိုင်ဘူးလားဗျ။”

“...စိတ်တော့မကောင်းပေမဲ့ အရှေ့အင်ပါယာမှာက ဧကရီဖြစ်နေတဲ့တိုင် လူတစ်ယောက်ကို အကြောင်းရင်း မည်မည်ရရမရှိဘဲ သတ်လို့မရပါဘူး။ ရုံးတင်စစ်ဆေးခံရမှာမို့လို့ပါ။”

“ကိုယ့်စွပ်ပြုတ်ခွက်ကိုယ်တောင် ရှာမသောက်နိုင်တာက မိုက်မဲမှုပါပဲ။”

[TL/N : ကိုယ့်နေရာကိုယ် ပိုင်ပိုင်နိုင်နိုင် မထိန်းသိမ်းနိုင်တာ၊ ကိုယ့်လုပ်ပိုင်ခွင့်ကိုယ် အပြည့်အဝ မသုံးနိုင်တာက အဖြစ်မရှိတာပဲလို့ ပြောချင်တဲ့သဘောပါ။]

မနေ့က ကျွန်မ ရက်ရှ်တာကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့ခြင်းအား ရည်ညွှန်းပြောဆိုနေခြင်းပေပဲလား။

သို့သော် လွီပ်(ထ်)တွင် လွီပ်(ထ်)၏ ဥပဒေရှိသကဲ့သို့ အရှေ့အင်ပါယာတွင်လည်း အရှေ့အင်ပါယာ၏ဥပဒေ ရှိပေသည်။

ကျွန်မတို့တိုင်းပြည်တွင် ဧကရာဇ်၏ ချစ်သူကို ဥပဒေအရ အသိအမှတ်ပြုထား၏။ သို့သော် ဧကရီက ဧကရာဇ်၏ချစ်သူကို အကြောင်းမဲ့ သတ်လိုက်မည်ဆိုလျှင်။ နန်းချခံရရုံသာမက အကျဉ်းစံရနိုင်ခြေလည်းများ၏။

အဲ့ဒီလိုလုပ်လိုက်လို့ရော ကျွန်မအတွက် ကျန်ခဲ့မှာက ဘာများလဲ။

ခဏတာ ကျေနပ်မှုလား။

ရက်ရှ်တာကို သတ်ဖို့အတွက် ကျွန်မဘဝကို ရင်းရမှာလား။

သို့သော် ပြန်​ပင်မဖြေနိုင်သေးမီ ခါ့ဖ်မန်း မင်းသားကြီးက ဖန်ခွက်ကိုယူကာ အခြားနေရာသို့ ချက်ချင်း ထွက်သွားလေသည်။ သက်ပြင်းတစ်ချက်က အလိုလို ထွက်သွားလာ၏။

ထိုမင်းသားကြီးက ကျွန်မကို စိတ်ပျက်စရာကောင်းသည်ဟု ထင်နေသည့်ပုံပင်။

‘တကယ် ထူးဆန်းတဲ့ကိစ္စပဲ။ ချစ်သူကို ခေါ်လာတာက ဆိုဗီရ်ရှု၊ ချစ်သူဖြစ်လာတာက ရက်ရှ်တာပဲကို ဘာလို့ ငါကပဲ စိတ်ပျက်စရာမိန်းမ ဖြစ်သွားရတာလဲ။’

ထို့အပြင် မင်းသမီး စီယာ့ဇ်က ထိုအချိန်အတွင်း နေရာရွှေ့သွားပုံရကာ စောစောက ရပ်နေသည့်နေရာတွင် မရှိတော့ပေ။

ကျွန်မ ခေါင်းခါလိုက်ကာ အခြားတစ်ယောက်ကိုရှာရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ထိုသို့ဖြင့် တူအာနီယာ မြို့စားကတော်ကို ရှာတွေ့ခါနီးတွင်....

“ကွီးန်။”

အနောက်ဘက်မှ တိုးတိုးလေးပြောလိုက်သော အသံကို ကြားလိုက်ရသည်။

ခေါင်းလှည့်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ၏ နောက်ကျောအထိ ချဉ်းကပ်ကာရောက်ရှိနေပေပြီ။

“ပါတီက...”

ဘယ်လိုလဲဟု မေးခွန်းမထုတ်မီ သူက ထပ်မေးလာသည်။

“ခဏလေး ပြောချင်တာ ရှိပါတယ်။”

တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာထားက တည်ကြည်လေးနက်ကာ ဝမ်းနည်းနေသည့်ပုံပင်။ ပုံမှန်လို ပေါ့ပေါ့ပါးပါး ပြုံးမနေသလို ပရိယာယ်ကြွယ်ကြွယ်နှင့် မိမိကိုယ်ကိုယ် အဟုတ်မှတ်သည့် အမူအရာမျိုးလည်း မရှိတော့ပေ။ သူ ကျွန်မကို ကူညီခဲ့သည့်ကိစ္စကို သတိရကာ ကျွန်မလည်း ခေါင်းညိတ်လိုက်သည်။

“ရပါတယ်။”

တော်ဝင်မင်းသား ဟိုင်န်ရီက ဖြတ်သွားသော အစေခံလက်ထဲမှ ရှမ်ပိန်နှစ်ခွက်ယူပြီး ဂီတသံ အကျယ်ဆုံး ထွက်နေသည့်နေရာသို့ မျက်ရိပ်မျက်ကဲပြခဲ့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment