အပိုင်း ၄၅ (မပြောင်းလဲသောလူ)
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုနေရာသို့ သွားလိုက်ရုံဖြင့် ကျွန်မတို့ကြားမှ အေးစက်နေသည့် အနေအထားက ချက်ချင်း ပြေလည်သွားမည်လားဆိုသည်ကို သံသယဖြစ်မိသည်။
သို့သော် ယခု ထပ်မံငြင်းဆိုလိုက်လျှင် ဆက်ဆံရေးက ပို၍ ဆိုးရွားသွားမည်မှာ အသေအချာပင်။
"..."
အကျိုးအကြောင်းသင့်တင့်သော အဖြေကို ကျွန်မ သိပြီးသားဖြစ်၏။
လက်ခံသည်ဟုသာ ပြန်ပြောရပေမည်။
ဧကရာဇ်နှင့် ဧကရီ၏ ဆက်ဆံရေး ယခုကဲ့သို့ ဆိုးဝါးနေခြင်းက ကဏ္ဍပေါင်းစုံတွင် နစ်နာဆုံးရှုံးမှုများဖြစ်စေမည်သာ။
တော်ဝင်ဇနီးမောင်နှံကြားတွင် ပြဿနာမရှိကြောင်း မှူးမတ်များ၊ ပြည်သူများနှင့် ရန်သူ့တိုင်းပြည်များကို ပြသရန်က ကျွန်မ၏ တာဝန်ဝတ္တရားပင် မဟုတ်ပေလော။
ဆိုဗီရ်ရှုက အခြားမိန်းမကို ချစ်နေလျှင်ပင် ဧကရီအနေဖြင့် ကျွန်မက သူနှင့် အဆင်ပြေနေကြောင်း ပြသရပေမည်။
"ဧကရီ။"
သို့သော် အဖြေက လွယ်လွယ်နှင့် ထွက်မလာခဲ့။
မာနထိခိုက်ရသည်။
ကျွန်မ၏ ခင်ပွန်းက အခြားမိန်းမကို ချစ်နေပြီး တရားဝင် ချစ်သူအဖြစ် ထားရှိထားသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေရသည်မှာ ပင်ပန်းလွန်းလှ၏။
ဆိုဗီရ်ရှုနှင့် အဆင်မပြေမှုများ မရှိခင်ကသာဆိုလျှင် မသိကျိုးကျွန် ပြုနိုင်သော်လည်း ယခုမှာမူ ထိုသို့မဟုတ်တော့ပေ။
အရိပ်အကဲအသိမြန်သူများဆိုလျှင် ရက်ရှ်တာကြောင့် ကျွန်မနှင့် ဆိုဗီရ်ရှုတို့ အချေအတင် ဖြစ်ခဲ့သည်ကို သိနေကြလောက်ပေမည်။
"ကောင်းပါပြီ။"
ကျွန်မ အတင်းဖျစ်ညှစ်ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
"မျှော်လင့်နေပါ့မယ်။"
ဆိုဗီရ်ရှုက ကျွန်မ၏ အဖြေကို ကြားတော့မှ ပြုံးလိုက်ကာ လက်မောင်းကို တစ်ဖန် ပြန်ကမ်းပေးလာခဲ့သည်။
"အပြင်ရောက်နေတုန်း အတူတူ လမ်းလျှောက်ရင်း ပြန်ကြမလား။"
"ကောင်းသားပဲရှင့်။"
ကျွန်မတို့ တဒင်္ဂ စကားမပြောဘဲ လမ်းလျှောက်ခဲ့ကြသည်။
ကျောက်ခဲလေးများကို နင်းမိတိုင်း တဂျပ်ဂျပ်အသံလေးများ ထွက်ပေါ်နေပြီး လေကလည်း အေးမြနေ၏။
ယခင်ကမူ ဆိုဗီရ်ရှုနှင့် ယခုကဲ့သို့ ရံဖန်ရံခါ လမ်းလျှောက်ရသည်ကို နှစ်သက်ခဲ့သည်။
စကားမပြောဖြစ်လျှင်ပင် စိတ်အေးချမ်းသည်ဟု ထင်မိပြီး ဆိုဗီရ်ရှုကလည်း ပြောဖူး၏။
ကျွန်မနှင့် အတူရှိနေရခြင်းက သူ့အတွက် အေးချမ်းဆုံးဖြစ်သည်ဟူ၍။
'အခုတော့ အရာအားလုံးက အတိတ်ကအဖြစ်တွေ ဖြစ်သွားခဲ့ပြီထင်ပါရဲ့…'
သက်ပြင်းချသံ ထွက်သွားမည်စိုး၍ နှုတ်ခမ်းကို တင်းတင်းစေ့ထားစဉ် ဆိုဗီရ်ရှုက ရုတ်တရက် မေးလာသည်။
"ဧကရီ၊ ဧကန္တ ခါ့ဖ်မန်း မင်းသားကြီး နန်းတော်မှာ ဆက်နေနေသေးတာကို သိလား။"
"ကျိန်းသေပေါက် သိတာပေါ့။"
ကျွန်မကိုယ်တိုင် သက်ဆိုင်ရာ စာရွက်စာတမ်းများအား ကိုင်တွယ်ခဲ့သည်ကို မသိဘဲနေနိုင်ပါရိုးလား။
ဒါနဲ့ ခါ့ဖ်မန်း မင်းသားကြီးအကြောင်းက ရုတ်တရက်ကြီး ဘာလို့ ပါလာရတာပါလိမ့်။
သိချင်စိတ်ဖြင့် ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ဆက်ရှင်းပြခဲ့သည်။
"ခါ့ဖ်မန်း မင်းသားကြီး ပြောတာတော့ လွီပ်(ထ်)က ဝေါလ်တိုက်ကြီးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ချင်နေတယ်တဲ့။"
အာ…… အဲ့ဒီကိစ္စကြောင့် ဒီမှာ ဆက်နေနေတာကိုး။
"ဒါကိစ္စ အကျိုးအမြတ် ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မှူးကြီးမတ်ရာတွေကြားမှာတော့ သဘောထားက အမျိုးမျိုး ကွဲလွဲနေတယ်။ လွီပ်(ထ်)ရှိတဲ့ ဟွာတိုက်ကြီးက ယဉ်ကျေးမှုအရ ထူးခြားဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတဲ့အချက်တွေ အများကြီး ရှိတာတော့အမှန်ပဲ။ ဒါပေမဲ့ ငါတို့ ဝေါလ်တိုက်ကြီးနဲ့ ရာသီဥတုရော မြေမျက်နှာသွင်ပြင်ပါ လုံးဝ ကွဲပြားမနေဘူးလား။ နောက်ပြီး တိုင်းပြည် တစ်ပြည်နဲ့တစ်ပြည် အင်အားကြီးကြီးမားမား လွှမ်းမိုးမှု မပေးနိုင်လောက်အောင် ခရီးကလည်း အလှမ်းဝေးလွန်းတယ်လေ။"
"တိုင်းပြည်အဆင့် ကုန်သွယ်မှုကို ဦးဆောင်တာက ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးရာရောက်သွားနိုင်ပါတယ်။"
"အမှန်ပဲ။ အဲ့ဒါကြောင့်လည်း ပြောစရာတွေ အများကြီးရှိနေတာကို။ ဧကရီရဲ့ အမြင်ကရော ဘယ်လိုရှိလဲ။"
"ခါ့ဖ်မန်း မင်းသားကြီး ကျောင်းဆင်းခဲ့တဲ့ အကယ်ဒမီက ဝီလ်ဝေါလ်မှာ ရှိတာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဆိုပေမဲ့ ဝီလ်ဝေါလ်က မလွဲမသွေ အရှေ့အင်ပါယာရဲ့ နယ်မြေပါပဲ။ သံတမန်ဆက်ဆံရေးလုပ်တဲ့အခါ ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင် ကွဲပြားလို့ အရှုံးပေါ်မယ်ဆိုရင် လွီပ်(ထ်)ဘက်ကလည်း အလားတူ အရှုံးပေါ်မှာပေါ့။ အဲ့ဒီလိုတွေရှိနေပါရဲ့နဲ့ အရှေ့အင်ပါယာမှာ နှစ်အတော်ကြာနေခဲ့တဲ့ မင်းသားကြီးက သံတမန်ဆက်ဆံရေးအကြောင်း တိုက်ရိုက်ပြောလာတယ်ဆိုရင် အခြေအနေမှန်ကို သူလည်း အကောင်းဆုံး ထည့်သွင်းစဉ်းစားခဲ့မယ်လို့ ထင်ပါတယ်။ အရှေ့အင်ပါယာက သံတမန်လမ်းကြောင်း အရင်ဖွင့်ဖို့ အသာစီးရတဲ့ အနေအထားမှာ ရှိနေတာမို့လို့ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။"
ပုံမှန်လည်း ဆိုဗီရ်ရှုက ကိစ္စရပ်တော်တော်များများတွင် ကျွန်မ၏ အမြင်ကို မေးလေ့ရှိသဖြင့် သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။
ဆိုဗီရ်ရှုက သဘောတူသည့်အလား ခေါင်းညိတ်ပြ၏။
သို့သော် တစ်စုံတစ်ရာ ပြန်မပြောဘဲ ခေတ္တတွေးတောရင်း လမ်းလျှောက်နေပြီးမှ ထပ်မေးလာသည်။
"ခါ့ဖ်မန်း မင်းသားကြီးနဲ့ သီးသန့် စကားပြောဖူးတာမျိုး ရှိလား။"
ခါ့ဖ်မန်း မင်းသားကြီး။
ကျွန်မက ရက်ရှ်တာကို ကောင်းကောင်း မထိန်းနိုင်ဘူးဆိုပြီး ရယ်စားခဲ့တာလေ။
အဲ့ဒါကိုရော စကားပြောတယ်လို့ သတ်မှတ်ရမှာလား။
"တကယ့်ကို ခဏလေးပါ…..."
စကားပြောဖြစ်သည်ဟုပဲ သတ်မှတ်ပြီး ဖြေလိုက်တော့ ဆိုဗီရ်ရှုက ထပ်ပြောလာသည်။
"ခါ့ဖ်မန်း မင်းသားကြီးက ပြောတယ်။ အကယ်၍ လွီပ်(ထ်)နဲ့ သံတမန်ဆက်ဆံရေးကို အကောင်အထည်ဖော်ဖြစ်မယ်ဆိုရင် ဧကရီကိုလည်း အဲ့ဒီကိစ္စမှာ ပါဝင်ပေးစေချင်တယ်တဲ့။"
"ခါ့ဖ်မန်း မင်းသားကြီးကလားရှင့်။"
ဆိုဗီရ်ရှုက ကျွန်မနှင့် ခါ့ဖ်မန်း မင်းသားကြီးတို့ ဘာစကားများပြောခဲ့လို့ ထိုစကားမျိုး ထွက်လာရသလဲဟု သိချင်နေသည့်ပုံပင်။
သို့သော် ကျွန်မကိုယ်တိုင်လည်း သိချင်မိသည်။
ကျွန်မကို လှောင်ပြောင်ရယ်စားခဲ့ပြီးမှ ဘာကြောင့်များ မဖြစ်မနေ ပါဝင်ခိုင်းရတာပါလိမ့်။
"ဘာပဲဖြစ်ဖြစ် နောက်တစ်ခေါက် အစည်းအဝေးမှာ ဧကရီပါ အတူတူ တက်ပေးပေါ့။"
~~~~
မွေးနေ့အကြောင်းမှစ၍ ခါ့ဖ်မန်း မင်းသားကြီးအကြောင်းဖြင့် အဆုံးသတ်သွားသည့် စကားဝိုင်းအပြီးတွင် ဆိုဗီရ်ရှုက အရှေ့နန်းဆောင်သို့ ပြန်သွားခဲ့သော်လည်း ကျွန်မကတော့ တစ်ယောက်တည်း ဆက်၍ လမ်းလျှောက်နေမိသည်။
ခါ့ဖ်မန်း မင်းသားကြီး၏ ကိစ္စကို အသာထား၊ မွေးနေ့အကြောင်း စဉ်းစားလိုက်ရုံနှင့် စိတ်ထဲတွင် ကြိုတင်ပင်ပန်းနေမိပေပြီ။
အမှန်အတိုင်း ပြောရလျှင်……မသင်္ကာစရာပင်။
လူအယောက်နှစ်ဆယ်သာ တက်ရောက်ရသည့် အထူးစားသောက်ပွဲကိုပင် မဖြစ်မနေ တက်ရောက်ချင်ခဲ့သည့် ရက်ရှ်တာက ကျွန်မနှင့် ဆိုဗီရ်ရှုတို့ နှစ်ယောက်တည်း သီးသန့်နန်းဆောင်သို့ ထွက်ခွာသွားကြမည်ကို အသာလေး ကြည့်နေပါ့မည်လား။
မသိတော့ဘူး....
နှစ်ယောက်တည်းမဟုတ်ဘဲ သုံးယောက်သွားဖြစ်ဖို့က ပိုသေချာနေသည်။
ထိုသို့ဆိုလျှင် ကျွန်မက စိတ်ဖိစီးမှုများကြားတွင် နစ်မွန်းရပေဦးမည်။
သက်ပြင်းချရင်း ရေပန်းအနီးသို့ ရောက်သွားချိန်၌။
ထိုနေရာတွင် တော်ဝင်မင်းသား ဟိုင်န်ရီ ရှိနေ၏။
ကျွန်မ အံ့အားသင့်ကာ တုံ့ခနဲရပ်လိုက်မိသည်။
ဤနေရာက စောစောကတင် တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ကျွန်မ လမ်းခွဲခဲ့သည့် နေရာပင်။
လမ်းလျှောက်နေသည်ဖြစ်စေ၊ တည်းခိုရာနန်းဆောင်သို့ ပြန်သွားသည်ဖြစ်စေ အခြားတစ်နေရာသို့ ရောက်နေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း။
အခုအထိ ဒီမှာ ရှိနေသေးတာလား။
“ကွီးန်။”
တော်ဝင်မင်းသား ဟိုင်န်ရီကလည်း ကျွန်မ၏ အငွေ့အသက်ကို ခံစားမိသလားမသိ၊ လှည့်ကြည့်လာရင်း ပြုံးပြခဲ့သည်။
“အခုအထိ မသွားသေးဘူးလားရှင့်။”
ကျွန်မ သူရှိရာသို့ ချဉ်းကပ်သွားလိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီက ရေပန်းအစွန်းတွင် ထိုင်နေရင်း လက်တစ်ဖက်ဖြင့် ရေများကို ပက်ကစားနေ၏။
“အမ်………အမှန်အတိုင်းပြောလို့ရော ရမလားဗျ။”
တော်ဝင်မင်းသား ဟိုင်န်ရီက ရေထဲမှ လက်ကို ပြန်ထုတ်လိုက်ကာ လေးတိလေးပင် ပြုံးခဲ့သည်။
“တကယ်တော့၊ ကွီးန်က ကျွန်တော့်ကို ပြန်လာခေါ်မယ်ထင်လို့ စောင့်နေတာပါ။”
“...”
“လမ်းပျောက်သွားရင် အဲ့ဒီနေရာမှာပဲ စောင့်နေရမယ်မဟုတ်လားဗျ။”
“လမ်း………မသိဘူးလားရှင့်။”
“မဟုတ်ဘူးလေ၊ အဲ့ဒီလောက်ကြီးတော့လည်း တိုက်ရိုက် မတွေးနဲ့ပေါ့။”
ပေါ့ပေါ့ပါးပါး ရယ်နေသည့် သူ့ထံသို့ ကျွန်မက လက်ကိုင်ပဝါကို ထုတ်ပေးလိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ ကမ်းပေးသည့် လက်ကိုင်ပဝါဖြင့် လက်တွင်စိုနေသော ရေများကို သုတ်လိုက်ပြီးနောက် လက်ကိုင်ပဝါကို သူ့ရင်ခွင်ထဲသို့ သဘာဝကျကျ ထည့်လိုက်၏။
“လက်ကိုင်ပဝါ……”
အိုးတိုးအမ်းတမ်းဖြင့် လက်ကမ်းလိုက်တော့ သူက ဟားခနဲရယ်ခဲ့သည်။
“မပူပါနဲ့ဗျာ။ လျှော်ပြီးမှ ပြန်ပေးပါ့မယ်။”
“ရပါတယ်ရှင့်။”
“ဒါပေမဲ့ အဲ့ဒီလိုလုပ်မှ နောက်တစ်ခါလည်း သဘာဝကျကျလေး ပြန်တွေ့လို့ရမှာ မဟုတ်ဘူးလားဗျ။”
လူက ဒီလောက်အထိ ကြည်ကြည်လင်လင် တောက်တောက်ပပ ပြုံးနိုင်တာလည်း ရှိတာပဲ။
မည်သည့်အကြံအစည်မျှ မရှိသည့်အလား နောက်ပြောင်သည့် လေသံကြောင့် အလိုလို ခေါင်းညိတ်မိသွားသည်။
တစ်ချိန်တည်းမှာပင် လွန်ခဲ့သော နာရီပိုင်းက သူပြောခဲ့သည့် စကားကို သတိရလိုက်မိ၏။
“တော်ဝင်မင်းသား ဟိုင်န်ရီ။ ဟို…...ကျွန်မ မွေးနေ့မှာလေ။”
သူက ကျွန်မ မွေးနေ့ကြောင့် ဒီမှာဆက်နေတာလို့ ပြောခဲ့တယ်မဟုတ်လား။
တကယ်တမ်း ကျွန်မ မွေးနေ့တစ်ခုတည်းအတွက်နှင့် ဆက်နေမည်ဟုတော့ မထင်ပေ။
သို့သော် သူက ကျွန်မ မွေးနေ့ကို အလေးထားချင်နေသည်မှာ အမှန်ဖြစ်ပုံရသဖြင့် အားနာမိသောကြောင့် ကြိုတင်၍ အသိပေးလိုက်မိသည်။
“အတူတူ စားသောက်ဖို့ ဖြစ်နိုင်မယ်မထင်ဘူးရှင့်။”
“အားလုံး အတူတူ စားသောက်ကြမလို့ဟာကို...... မဖြစ်ဘူးလားဗျ။”
“အရှင်ဧကရာဇ်က နှစ်ယောက်တည်း သီးသန့်နန်းဆောင်ကို သွားကြမယ်လို့ ပြောထားလို့ပါ။”
“အာ………”
တော်ဝင်မင်းသား ဟိုင်န်ရီက တစ်ချက် ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ‘အဲ့ဒီလိုကိုး’ ဟု စိတ်ပျက်လက်ပျက် ရေရွတ်ခဲ့သည်။
“တကယ် အားနာပါတယ်ရှင့်။”
“မဟုတ်တာ။ ဧကရီ အရှင်မရဲ့ မွေးနေ့ပဲကို ကျွန်တော့်ကို အားနာနေရမဲ့ကိစ္စ မဟုတ်ပါဘူး။”
“...”
“တကယ် ပြောတာပါ။ အားမနာပါနဲ့။ ကျွန်တော်က ခင်ဗျားကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး။”
~~~~
“တော်တော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမဲ့ပုံပဲကို………”
ဆာ မက်ကန်နာက အံ့ဩမှင်တက်စွာ ရေရွတ်လိုက်သည်။
သူ့ရှေ့တွင် အမျိုးမျိုးသော ကျောက်မျက်ရတနာ လက်စွပ်များ စီတန်းလျက်ရှိနေ၏။
တော်ဝင်မင်းသား ဟိုင်န်ရီ အမြတ်တနိုးဖြင့် မှော်အိတ်ထဲတွင် အမြဲဆောင်ထားတတ်သည့် အရာများဖြစ်ပြီး တစ်ခုချင်းစီတိုင်းတွင် ဒဏ္ဍာရီပေါင်းစုံ ပတ်သက်နေသည့် အဖိုးတန်ပစ္စည်းများပင်။
သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီက ရုတ်တရက် ဤအဖိုးတန် လက်စွပ်များအနက်မှ တစ်ခုကို တိုင်းတစ်ပါးမှ ဧကရီထံ လက်ဆောင်ပေးမည်ဟု ဆိုလာသဖြင့် အံ့ဩမှင်တက်သွားရခြင်းဖြစ်သည်။
“ရုတ်တရက်ကြီး ဘာလို့ လက်စွပ်ပေးရတာလဲဗျ။”
“မွေးနေ့မို့လို့။”
“ဧကရီ အရှင်မ နာဗီရယ်လားဗျ။”
“အင်း။”
“အဲ့ဒါကို ဘယ်တုန်းက သိသွားပြန်တာပါလဲ...... ပြီးတော့ လက်ဆောင်က တအားလွန်မနေဘူးလားဗျ။ အရှေ့အင်ပါယာက တိုင်းပြည်ကြီးဆိုပေမဲ့ အနောက်ဘုရင့်တိုင်းပြည်ကလည်း တိုင်းပြည်ကြီးပါပဲ။ ဒီလောက်အထိ အောက်ကျို့ရလောက်အောင် ကွာခြားချက် မရှိပါဘူး။ လာဘ်ထိုးတာလည်း မဟုတ်ဘဲနဲ့လေ။”
တော်ဝင်မင်းသား ဟိုင်န်ရီက ဘာမှမပြောဘဲ ကျောက်မျက်ရတနာများကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
“နောက်မှ မင်းမရှိတုန်း ရွေးရမယ်။ မင်းက ပူညံပူညံ သိပ်လုပ်တာပဲ။”
ထို့နောက်တွင် သူက ရင်ခွင်ထဲမှ တစ်ခါမှ မမြင်ဖူးသည့် လက်ကိုင်ပဝါတစ်ခုကို ထုတ်ခဲ့သည်။
“အဲ့ဒါကရော ဘာလဲဗျ။”
“ကြည့်ရင် မသိဘူးလား။ အဖိုးတန် လက်ကိုင်ပဝါလေ။”
ပြတ်ပြတ်သားသား ပြောလိုက်သည့် တော်ဝင်မင်းသား ဟိုင်န်ရီက ရုတ်တရက် ငှက်အဖြစ် ပြောင်းလဲသွားကာ လက်ကိုင်ပဝါကိုချီပြီး မက်ကန်နာ၏ မျက်နှာရှေ့အထိ ပျံလာခဲ့သည်။
ဘာလုပ်တာလဲဟု ကြည့်နေစဉ်မှာပင် တော်ဝင်မင်းသားက သူ၏ခြေထောက်ဖြင့် မိမိ၏လည်ပင်းကို ညွှန်ပြခဲ့၏။
“အဲ့ဒီမှာ ချည်ပေးရမှာလားဗျ။”
မည်သို့ပင်ဖြစ်စေ ချည်ခိုင်းနေသဖြင့် ချည်ပေးလိုက်ရာ တော်ဝင်မင်းသား ဟိုင်န်ရီက အမြီးဖျားဖြင့် မက်ကန်နာ၏ နဖူးကို ဖတ်ခနဲ ရိုက်လိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ အမြန်ပျံထွက်သွားတော့သည်။
မက်ကန်နာလည်း တစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ ကြောင်အမ်းအမ်းဖြင့် ပြတင်းပေါက်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
'လက်ကိုင်ပဝါ အစွန်းနားမှာ ‘N’ ဆိုတဲ့ စာလုံးလေးကို ခပ်ရေးရေး ထိုးထားသလိုပဲ……'
“ဧကန္တ စာဖလှယ်ဖော်က ဧကရီ အရှင်မ နာဗီရယ်များလား။”
~~~~
Miel's Translations