အပိုင်း ၅၈ (တူအာနီယာ မြို့စားကတော်)
ထိုအမျိုးသားက အကဲခတ်နေသည့်အလား ကျွန်မကို စူးစူးစိုက်စိုက် ကြည့်နေရာ ကျွန်မလည်း အကြည့်မလွှဲခဲ့ပေ။
တော်ဝင်မင်းသား ဟိုင်န်ရီ ပြောခဲ့သည့် 'အသက်ဝင်နေတဲ့ ကျိန်စာသင့်အရုပ်'၊ 'လူသားနာနာဘာဝပုံပြင်' စသည့် စကားများက ခေါင်းထဲဝင်လာသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့ကို ရုတ်တရက် ရှောင်ဖယ်ခြင်းက ရယ်စရာကောင်းနေပေမည်။
တဒင်္ဂ အချိန်တိုလေးအတွင်းမှာပင် အချိန်က အလွန်နှေးကွေးစွာ ကုန်ဆုံးနေသလို ခံစားလိုက်ရ၏။
ထိုစဉ် ရုတ်တရက် ထိုအမျိုးသားက နှစ်နှစ်ကာကာပြုံးကာ ကျွန်မထံသို့ လျှောက်လာပြီး မေးမြန်းခဲ့သည်။
“ဧကရီ အရှင်မကိုး။ နောက်ဆုံးတော့ တွေ့ခွင့်ရပြီပေါ့ဗျာ။”
“မြို့စားမင်း အယ်ရ်ဂီ ကလိုဒီယာလား။”
“ချက်ချင်း တန်းသိတာပဲ။”
တစ်ခါမြင်ဖူးရုံနှင့် မေ့မရနိုင်လောက်အောင် လှပသော မျက်နှာပိုင်ရှင်ဖြစ်သော်လည်း ယခုမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး ရက်ရှ်တာ၏ဘေးတွင် ကပ်ပါလာသည့်အတွက် သူ့ကို မြို့စားမင်း အယ်ရ်ဂီ ဖြစ်မည်ဟု ခန့်မှန်းလိုက်ခြင်းပင်။
မြို့စားမင်း အယ်ရ်ဂီက လက်တစ်ဖက်ကို ကမ်းပေးရင်း ဆန့်ကျင်ဘက် ဒူးကို ညွှတ်လိုက်သည်။
သူကမ်းပေးသော လက်ပေါ်သို့ ကျွန်မ၏လက်ကို တင်လိုက်ရာ သူက လက်ဖမိုးပေါ်သို့ အသာဖွဖွလေး နမ်းပြီးနောက် ပြုံးလျက်လွှတ်ပေးခဲ့၏။
ကျွန်မလည်း ဝတ်ကျေတမ်းကျေ အလားတူပြုံးပြရင်း တူအာနီယာ မြို့စားကတော်ဘက်သို့ ကြည့်လိုက်သည်။
မြို့စားမင်း အယ်ရ်ဂီက လူမှုရေးလောကတွင် ကျော်ကြားသူတစ်ဦးဖြစ်၍ ဖိတ်ကြားခံရသည်မှာ မထူးဆန်းသော်လည်း ရက်ရှ်တာကို ဖိတ်ကြားခဲ့ခြင်းကမူ ထင်မှတ်မထားသော ကိစ္စပင်။
သို့သော် တူအာနီယာ မြို့စားကတော်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ရက်ရှ်တာကို ဖိတ်ကြားခဲ့ခြင်းက သူ၏ ဆန္ဒမဟုတ်မှန်း သိလိုက်ရသည်။
တူအာနီယာ မြို့စားကတော်က စိတ်ကျဉ်းကျပ်သည့်အလား မျက်မှောင်ကြုတ်နေသည်ကို ကြည့်ရပုံထောက်လျှင် ရက်ရှ်တာကို အဖော်အဖြစ် ခေါ်ဆောင်လာခြင်းက မြို့စားမင်း အယ်ရ်ဂီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပုံရ၏။
ထိုအချက်က တူအာနီယာ မြို့စားကတော်နှင့် မြို့စားမင်း အယ်ရ်ဂီတို့ ဆက်ပြီးပြောခဲ့ကြသော စကားဝိုင်းတွင် ပို၍ထင်ရှားလာသည်။
“မြို့စားမင်း အယ်ရ်ဂီက လေဒီ ရက်ရှ်တာကို ခေါ်လာလိမ့်မယ်လို့ ထင်မထားဘူး။”
“တူအာနီယာ မြို့စားကတော်လို လူမှုရေးအသိုင်းအဝိုင်းမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးရဲ့ ပါတီကို တက်ရောက်တာက လေဒီ ရက်ရှ်တာအတွက်လည်း အကျိုးရှိမယ် ထင်လို့ပါ။ အဆင်ပြေမယ် မဟုတ်လား၊ မြို့စားကတော်။”
“တကယ့် ထင်ပေါ်ကျော်ကြားသူဖြစ်တဲ့ မြို့စားမင်း အယ်ရ်ဂီက ကျွန်မကို မြှောက်ပင့်ပေးနေတော့ ရှက်တောင်ရှက်လာမိပြီ။”
နှစ်ဦးသား နှုတ်ဆက်ဟန် အယောင်ပြလျက် အပြန်အလှန် အပြစ်တင်စကားများ ပြောဆိုနေကြစဉ်အတွင်း ရက်ရှ်တာက ကျွန်မဘက်သို့ လှည့်ကာ အသာလေး ဂါရဝပြုနှုတ်ဆက်လာခဲ့ရာ ကျွန်မလည်း ဘာမှပြန်မပြောဘဲ နှုတ်ဆက်မှုကို လက်ခံရင်း လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေလိုက်သည်။
သို့သော် လက်ဖက်ရည်၏ အရသာကို လုံးဝ မခံစားမိပေ။
ရက်ရှ်တာကြောင့်ပင်။
ရက်ရှ်တာ ပေါ်လာရုံနှင့်ပင် ဤနေရာက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလာ၏။
ယခုချက်ချင်းပင် ထွက်သွားချင်မိသည်။
သို့သော် ဤနေရာတွင် ရက်ရှ်တာကို ရှောင်ဖယ်နေသည့်ပုံစံမျိုး ပြလိုက်ပါက အနည်းဆုံး တစ်ပတ်ခန့်တော့ လူမှုရေးအသိုင်းအဝိုင်းတွင် အတင်းအဖျင်းပြောစရာ ဖြစ်သွားပေလိမ့်မည်။
လူတို့၏ ပါးစပ်ဖျားတွင် ရက်ရှ်တာနှင့်အတူ နာမည်ထွက်မည်ကို မလိုလားသဖြင့် အခြားသူများ ပြန်ချိန်အထိ ဤနေရာ၌ ဆက်နေရန် ဆုံးဖြတ်လိုက်၏။
တူအာနီယာ မြို့စားကတော်နှင့် အဓိပ္ပာယ်ပါသော စကားများ ပြောဆိုခဲ့သော မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာကို ခေါ်ဆောင်ကာ ကျွန်မနှင့် မျက်နှာချင်းဆိုင်တွင် လာထိုင်သောကြောင့် တစ်ချက်ကလေး ရင်ထိတ်မိသော်လည်း တော်သေး၍ ထိုနောက်ပိုင်းတွင်လည်း ရက်ရှ်တာနှင့် ကျွန်မ စကားပြောစရာ အကြောင်းရင်းတော့ မရှိခဲ့ပေ။
“ဘယ်ရွန် ရီဗန်အကြောင်း ကြားပြီးပြီလား။”
“ကြားပါတယ်။ တိတ်တိတ်ပုန်းသားကို ဆက်ခံသူအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုရာကနေ နောက်ဆုံးမှာ ဘယ်ရွန်ကတော်နဲ့ ကွာရှင်းကြတော့မယ်ဆိုတာမဟုတ်လား။”
“ဘယ်ရွန်ကတော်က ခရုမ်း မြို့စားတိုင်းပြည်ကလူ မဟုတ်လား။ အခု မိဘအိမ်ပြန်မယ်ဆိုပြီးတော့ ကလေးတွေခေါ်ပြီး ထွက်သွားပြီတဲ့။”
“ရီဗန် ဘယ်ရွန်ကတော်က လေဒီ အလက်ရှာရဲ့ ညီမ မဟုတ်ဘူးလား။”
“အခုတလော လေဒီ အလက်ရှာတစ်ယောက် ဘာတွေလုပ်ပြီး နေနေတာပါလိမ့်။”
“နှစ်သစ်ကူးပွဲတော်မတိုင်ခင်က ကြားခဲ့ရတဲ့ အကြောင်းအရာဆိုပေမဲ့………”
သို့သော် တူအာနီယာ မြို့စားကတော်က လေဒီ အလက်ရှာ၏ အခြေအနေနှင့် ပတ်သက်ပြီး ပြောဆိုနေစဉ်မှာပင် ရက်ရှ်တာက တိုးညင်းသော လေသံဖြင့် “လေဒီ အလက်ရှာက ဘယ်သူလဲဟင်” ဟု မေးခဲ့သည်။
တူအာနီယာ မြို့စားကတော်ကို မေးလိုက်ခြင်း မဟုတ်သော်လည်း ထိုအသံကို မြို့စားကတော်လည်း ကြားသွားပုံပင်။
တူအာနီယာ မြို့စားကတော် တစ်ချက်လေး စကားရပ်သွားစဉ် ရက်ရှ်တာ၏ဘေးတွင် ထိုင်နေသောလူက နောက်ရွှတ်ရွှတ် လေသံဖြင့် ပြန်ဖြေခဲ့သည်။
“လေဒီ ရက်ရှ်တာရဲ့ စီနီယာလို့ ပြောလို့ရမဲ့သူပေါ့။”
“စီနီယာတဲ့လား။”
“နတ်ရွာစံ ဧကရာဇ်မင်းမြတ်ရဲ့ချစ်သူ ဖြစ်ခဲ့ဖူးတဲ့သူလေ။”
"အာ....”
ရက်ရှ်တာက မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထိုလူကို ထပ်မေးခဲ့သည်။
“လေဒီ အလက်ရှာရဲ့ ညီမက ဘယ်ရွန်ကတော်ဆိုရင် လေဒီ အလက်ရှာက နဂိုကတည်းက မှူးမတ်အနွယ်တော်ပေါ့၊ ဟုတ်လားဟင်။”
“ဟုတ်ပါတယ်။ နတ်ရွာစံ ဧကရာဇ်နဲ့ မျက်လုံးချင်းဆုံခဲ့ကြတာကလည်း ကပွဲတစ်ခုမှာလေ။”
“ဒါဆိုရင် လေဒီ အလက်ရှာက အခု ဘယ်လိုများ နေထိုင်နေတာလဲဟင်။”
စကားသံများဖြင့် ဆူညံနေသော ပတ်ဝန်းကျင်တစ်ခုလုံးက ရေအေးဖြင့် အပက်ခံလိုက်ရသလို ရုတ်ခြည်း တိတ်ဆိတ်သွားတော့သည်။
အားလုံးက စကားပြောနေခြင်းကို ရပ်တန့်လိုက်ကြကာ ရက်ရှ်တာထံသို့သာ အာရုံစိုက်လာကြ၏။
အချို့က စူးစမ်းလိုစိတ်ဖြင့်၊ အချို့က သနားကရုဏာဖြင့်၊ အချို့ကမူ လှောင်ပြောင်လိုသော စိတ်ဖြင့် ရက်ရှ်တာကို စိုက်ကြည့်နေကြသည်။
ရက်ရှ်တာကို တောက်လျှောက် ပြန်ဖြေပေးနေသူကလည်း အနေရခက်သွားဟန်ဖြင့် “ဘယ်သိပါ့မလဲ” ဟုဆိုကာ စကားလွှဲလိုက်၏။
ထိုသို့ဖြစ်စရာလည်း အကြောင်းရှိပေသည်။
လေဒီ အလက်ရှာက....
“နှင်ထုတ်ခံလိုက်ရတယ်လို့ ကြားတာပဲ၊ မိန်းကလေးရဲ့။ တအားကို သနားဖို့ကောင်းတဲ့ ပုံစံမျိုးနဲ့လေ။”
ရက်ရှ်တာက လန့်သွားသလိုအကြည့်ဖြင့် ဘေးသို့ လှည့်ကြည့်လိုက်၏။
ပြန်ဖြေခဲ့သူက မြို့စားမင်း အယ်ရ်ဂီပင်။
ရက်ရှ်တာက ကြောင်တောင်တောင် စိုက်ကြည့်နေသဖြင့် မြို့စားမင်း အယ်ရ်ဂီက မျက်မှောင်ကြုတ်ကာ အင်မတန် သနားစရာကောင်းလှသလို မျက်နှာထားဖြင့် ပြုံးခဲ့သည်။
“နတ်ရွာစံ ဧကရာဇ်က လေဒီ အလက်ရှာကို မြန်မြန်ပဲ ငြီးငွေ့သွားခဲ့တာကိုး။ တခြားချစ်သူတွေထက်စာရင် သူ့ရဲ့ ချစ်သူဘဝ သက်တမ်းက ပိုပြီးတော့တောင် တိုခဲ့တာလေ။ ဒါတင်မကသေးဘူး၊ အဆုံးသတ်ကလည်း တော်တော်လေး ဆိုးခဲ့တာဆိုတော့………"
မြို့စားမင်း အယ်ရ်ဂီ ထိုအကြောင်း မည်သို့သိနေသနည်းဆိုသည်ကို အသာထား၊ ရက်ရှ်တာနှင့် အမြဲတစေ တွဲသွားတွဲလာလုပ်နေသူတစ်ဦးအနေဖြင့် ပြောသင့်သည့်စကားမျိုးတော့ မဟုတ်ပေ။
သို့သော် မြို့စားမင်း အယ်ရ်ဂီကမူ အေးဆေးတည်ငြိမ်နေဆဲပင်။
သူက အသာလေးပြုံးရင်း လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရာ ရက်ရှ်တာတစ်ယောက် ပြူးကျယ်နေသော မျက်လုံးများဖြင့် တစ်ချက် ကြောင်အမ်းအမ်းဖြစ်သွား၏။
ရက်ရှ်တာက ယခင်ကလည်း သူ့နောက်တွင် ရှိလာမည့် ချစ်သူများအကြောင်းကို ကျွန်မ စကားစခဲ့စဉ် ထိတ်လန့်သွားခဲ့ဖူးသည်။
မိမိမှလွဲ၍ အခြားသော ချစ်သူများ ရှိလာနိုင်မည့် အလားအလာကို လုံးဝ ထည့်မတွေးထားခဲ့သော်လည်း၊ ယခုကဲ့သို့ မိမိနှင့် လမ်းစဉ်တူသူတစ်ဦး၏ အဆုံးသတ်က မကောင်းခဲ့ကြောင်း ကြားလိုက်ရသဖြင့် စိတ်ထဲတွင် အမျိုးမျိုး ရှုပ်ထွေးသွားပုံပင်။
သူ၏ ကိုယ်ဟန်တစ်ခုလုံး တောင့်တင်းသွားသည်မှာ ပတ်ဝန်းကျင်ကပင် သတိထားမိနိုင်လောက်သည့် အနေအထားဖြစ်ရာ အချို့က သနားသွားဟန်ဖြင့် အကြည့်လွှဲလိုက်ကြသည်။
ရက်ရှ်တာ နှုတ်ဆိတ်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူက နှုတ်ဆိတ်မနေဘဲ မှင်တက်နေသည့် မျက်နှာထားကို ချက်ချင်းဖျောက်ကာ မျက်နှာလေး နီမြန်းလျက် ပြောလာ၏။
“မှူးမတ်အနွယ်တော်တွေက ချစ်သူတွေ အများကြီး ထားတတ်ကြတယ်လို့ ကြားဖူးတာကို တကယ် ဟုတ်တဲ့ပုံပဲနော်။”
ထိုပုံစံလေးကို သနားသွားကြသဖြင့် အချို့က သူ၏ စကားကို ချက်ချင်းပင် ထောက်ခံပေးလာကြသည်။
“တကယ်တော့ ချစ်သူမထားတဲ့ ဇနီးမောင်နှံတွေထက် ထားတဲ့သူတွေက ပိုတောင်များပါသေးတယ်။”
“နယ်စားကတော် အယ်လီဇာတို့လောက် အဆင်ပြေနေရင်တော့ တစ်မျိုးပေါ့။”
“နှစ်ဖက်အကျိုးအမြတ်အတွက် လက်ထပ်ကြရတဲ့ အိမ်ထောင်ရေးဆိုတော့လည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲပေါ့။”
ရက်ရှ်တာက သူတို့၏စကားကို တစ်ခွန်းချင်းစီ ခေါင်းညိတ်လက်ခံရင်း ပြန်လည်ပြုံးပြကာ ပြောခဲ့သည်။
“အဲ့ဒီလိုလား။ သဘာဝကျတဲ့ကိစ္စပဲကိုး...... တကယ်တော့လေ ရက်ရှ်တာလည်း အစက တူအာနီယာ မြို့စားကတော်မှာ ချစ်သူ ငါးယောက်ရှိတယ်ဆိုတဲ့ စကားကို ကြားတုန်းက တအားအံ့သြသွားခဲ့တာ။ ဒါပေမဲ့ ဒါက ပုံမှန်ကိစ္စလို့ ပြောကြတော့ တစ်ခါမှ မမြင်ဖူးတဲ့ ကမ္ဘာအသစ်ကြီးကို တွေ့လိုက်ရသလို ခံစားရတယ်ရှင့်။”
ယခုတစ်ကြိမ်တွင်မူ အခြားသော အဓိပ္ပာယ်ဖြင့် တိတ်ဆိတ်မှုက လွှမ်းမိုးသွားတော့သည်။
လူအများက ပါးစပ်အဟောင်းသားဖြင့် မျက်လုံးများကိုသာ ဟိုဟိုဒီဒီ လှုပ်ရှားနေကြ၏။
တူအာနီယာ မြို့စားကတော်က ခက်ရင်းကို ဂျိန်းခနဲ အသံမြည်အောင် ချလိုက်သည်။
“အာ။”
ရက်ရှ်တာက မျက်နှာလေး ပို၍နီမြန်းသွားကာ လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်လိုက်၏။
“မပြောသင့်တဲ့စကား ဖြစ်သွားတာလားရှင့်။ တောင်းပန်ပါတယ်။”
“မပြောသင့်တဲ့ကိစ္စမျိုး မဟုတ်ဘဲ အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရစကားတွေပါ၊ လေဒီ ရက်ရှ်တာ။”
တူအာနီယာ မြို့စားကတော်က ရေခဲတုံးကဲ့သို့ အေးစက်သော လေသံဖြင့် ရက်ရှ်တာကို ခပ်ပြတ်ပြတ် ပြောခဲ့သည်။
ရက်ရှ်တာက လုံးဝ ကြောက်လန့်သွားသော မျက်နှာဖြင့် တောင်းပန်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုကာ ပျာပျာသလဲ ဖြစ်နေသော်လည်း တူအာနီယာ မြို့စားကတော်၏ မျက်နှာကမူ စိတ်ပြေလျော့သွားခြင်းမရှိပေ။
“တောင်းပန်ပါတယ်၊ မြို့စားကတော်။ လေဒီ ရက်ရှ်တာက မှူးမတ်အနွယ်တော်တွေရဲ့ နည်းနည်း ဟိတ်ဟန်များတတ်တဲ့ ကျင့်ဝတ်ထုံးစံတွေနဲ့ မရင်းနှီးသေးလို့ပါ။ ကြားသမျှကိုလည်း အရှိအတိုင်းပဲ ပြန်ပြောတတ်တဲ့သူမို့လေ။”
ထိုကြားထဲတွင် မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာဘက်မှ ကူပြောပေးဟန်ဖြင့် တစ်ဆင့်တက်၍ ဆိုလိုက်သောစကားကြောင့် တူအာနီယာ မြို့စားကတော်လည်း နောက်ဆုံးတွင် သည်းမခံနိုင်ဘဲ ထရပ်လိုက်တော့သည်။
“ဟန်ဆောင်ပန်ဆောင် အပေါ်ယံကျင့်ဝတ်လေးတောင် မထိန်းသိမ်းနိုင်လောက်အောင် ရိုင်းစိုင်းတဲ့သူ နှစ်ယောက်တောင်ရှိနေတော့ ကျွန်မအတွက် သည်းခံရတာ ခက်လှပါတယ်။ အထူးသဖြင့် မြို့စားမင်း အယ်ရ်ဂီ။ ကျင့်ဝတ်မသိတဲ့သူကို အဖော်အဖြစ် ခေါ်လာချင်တယ်ဆိုရင် အနည်းဆုံးတော့ ဟန်ဆောင်တတ်အောင် သင်ပေးခဲ့မှပေါ့။ ဟန်ဆောင်တာထက် ပိုဆိုးတာက ရိုင်းစိုင်းတာပဲရှင့်။”
"အလို ။ စိတ်ဆိုးသွားတာလားဗျ။”
“ဟုတ်ပါတယ်။ ဒီနေ့ စုဝေးပွဲကို ဒီမှာတင် ရပ်ပါ့မယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ နေရာမျိုးမှာ ပါဝင်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်၊ ဧကရီ အရှင်မ။”
~~~~
Miel's Translations