အပိုင်း ၄၁ (ကွီးန် နှစ်သက်သောအရာများ)
ဘာလို့ အဲ့ဒီလိုဖြစ်နေတာပါလိမ့်။
တော်ဝင်မင်းသား ဟိုင်န်ရီက လွန်လွန်ကဲကဲ ထိတ်လန့်တုန်လှုပ်သွားသည့်ပုံပင်။
သူ၏ ခရမ်းရောင် မျက်ဝန်းများက ဟိုဟိုဒီဒီ တုန်ယင်လှုပ်ရှားနေ၏။
“တော်ဝင်မင်းသား ဟိုင်န်ရီ။”
“အဲ့ဒါက…… အခု ကွီးန်က နည်းနည်း အလုပ်များနေလို့။ အဲလေ၊ ကွီးန်က ရှက်တတ်ပါတယ်။ နှစ်ယောက်အတူ သွားကြည့်ရင် ရှက်သွားမယ်ထင်တယ်ဗျ။”
“ရှင်။”
ရံရွေတော်တွေကြားမှာတောင် ကောင်းကောင်း ပေါင်းသင်းဆက်ဆံတတ်တဲ့ ကွီးန်ကလား။
မတင်မကျ ခံစားချက်ဖြင့် သူ့ကို စိုက်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာက နီရဲလာသည်။
ဘာကြောင့်မှန်းမသိသော်လည်း သူက ကျွန်မနှင့်အတူ ကွီးန်ကို တွေ့ချင်ပုံမပေါ်ပေ။
အာ...ဟုတ်သားပဲ။
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မအခန်းသို့ လာသည်ဖြစ်စေ၊ ကျွန်မက တော်ဝင်မင်းသား ဟိုင်န်ရီအခန်းသို့ သွားသည်ဖြစ်စေ နည်းနည်းတော့ ထူးဆန်းနေမည်ပင်။
ထို့အပြင် ကွီးန်ကို ခေါ်လာပြီး ညဦးယံ ဥယျာဉ်ထဲတွင် နှစ်ယောက်တည်း ဆော့ကစားခြင်းကလည်း မသင့်တော်ပေ။
“ကျွန်မ တရားလွန်တဲ့ တောင်းဆိုမှု လုပ်မိသွားတာပဲ။”
ကျွန်မတို့ လူရှေ့သူရှေ့တွင် ရင်းနှီးချင်ယောင် မဆောင်ကြရန် သဘောတူထားသောကြောင့်ပင်။
တော်ဝင်မင်းသား ဟိုင်န်ရီက တစ်ချက်ညည်းကာ နဖူးကို လက်ဖြင့်ဖိထားလိုက်သည်။
“အဲ့ဒီလိုတော့ မဟုတ်ပေမဲ့…… ဒါနဲ့ ကွီးန်နဲ့ ပတ်သက်ပြီး ဘာများသိချင်လို့လဲဗျ။”
“ကြိုက်တတ်တဲ့...”
“ဧကရီ အရှင်မကိုပါပဲ။”
“ရှင်။”
“ကွီးန်က ဧကရီ အရှင်မကို ကြိုက်ပါတယ်။”
“……”
သူ့မျက်နှာက ဘာလို့ ဒီလောက်တောင် နီရဲနေရတာပါလိမ့်။
ရှက်နေပုံပင်။ ငှက်ကို လူတစ်ယောက်လို ဖော်ပြခြင်းအား ကလေးဆန်သည်ဟု ယူဆနေလေသလား။
ချစ်စဖွယ် အသွင်အပြင်ကြောင့် ရယ်မောမိသော်လည်း ကျွန်မမေးချင်သည့်အရာက ဤအရာမဟုတ်ပေ။
“ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး။”
“……ဟုတ်ကဲ့။ ဆက်ဆက် ပြောပေးပါ့မယ်။”
“ပြီးတော့ ကွီးန် ကြိုက်တတ်တဲ့ အစာတွေအကြောင်းလည်း သိချင်ပါတယ်။”
“အာ……အစာ။”
“အခန်းထဲလာရင် ရေတော့ ပေးနေကျဆိုပေမဲ့ စားစရာလေးလည်း ကျွေးချင်လို့ပါ။”
“ကွီးန်က ဧကရီ အရှင်မ ပေးသမျှကို အကုန် ကြိုက်မှာပါ။”
တော်ဝင်မင်းသား ဟိုင်န်ရီက ပိုပိုကဲကဲ ပြောနေတာမဟုတ်ဘူးလားဟု ထင်ရလောက်အောင် ပြန်ဖြေခဲ့သည်။
“ဒါပေမဲ့လည်း နည်းနည်း ပိုကြိုက်တဲ့ အစာတော့ ရှိမယ်ထင်တယ်။”
“မရှိပါဘူးခင်ဗျ။ ကွီးန်က လိမ္မာတဲ့ငှက်လေးမို့လို့ ဘာမဆို ကောင်းကောင်း စားတတ်ပါတယ်။”
တော်ဝင်မင်းသား ဟိုင်န်ရီက ဖြေပြီးပြီးချင်းမှာပင် ရုတ်တရက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းကို ဘေးဘက်သို့ လွှဲသွားသည်။ မေးရိုးကြွက်သားများ တင်းမာနေသည်ကို ကြည့်ခြင်းဖြင့် ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသည့်ပုံပင်။
……ကွီးန်က အစား ရွေးတတ်တာများလား။
စနောက်ချင်၍ တမင် ဤသို့ဖြေနေခြင်းပေပဲလား။
မသင်္ကာသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက ကွီးန်ကို လွှတ်ပေးလိုက်ပါ့မယ်ဟုပြောကာ ထွက်သွားသဖြင့် ထပ်မမေးနိုင်တော့ပေ။
~~~~
အခန်းထဲ ပြန်ရောက်သည်နှင့် ကွီးန် ပျံလာလျှင် ချက်ချင်း ဝင်လာနိုင်စေရန် ပြတင်းပေါက်ကို ဖွင့်ထားလိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီ ကွီးန်အကြောင်း စကားစခဲ့စဉ်က နွေးထွေးသည့် ထိုငှက်လေးကို ဖက်ထားချင်မိရုံလေးသာ။
သို့သော် အစာအကြောင်း ပြောဖြစ်ခဲ့သဖြင့် ကွီးန်ကို အရသာရှိသည့် အစာလည်း နည်းနည်းလောက် ကျွေးချင်မိ၏။
မိမိ၏ဆန္ဒကိုချည်း ဖြည့်ဆည်းနေ၍ မဖြစ်ပေ။
ကျွန်မ တော်ဝင် ကိုယ်ရံတော်တပ်ဖွဲ့ ဒုတပ်မှူး ဆာ အာရ်တီနာကို တိုင်ပင်မိသည်။
“ငှက်တွေက ပုံမှန်အားဖြင့် ဘာတွေ ကြိုက်တတ်ကြလဲဟင်၊ ဆာ အာရ်တီနာ။”
ကိုယ်ရံတော်တပ်ဖွဲ့တွင် စာပို့ငှက်များကို သီးသန့် မွေးမြူထားသဖြင့် ကျွန်မထက် ဆာ အာရ်တီနာက ငှက်အကြောင်း ပိုသိလိမ့်မည်ဟု တွေးမိ၏။
ထင်ထားသည့်အတိုင်း ဆာ အာရ်တီနာက တုံ့ဆိုင်းမှုမရှိဘဲ ဖြေကြားခဲ့သည်။
“ငှက်တွေက ပိုးကောင်တွေကို ကြိုက်ပါတယ်။”
“ပိုးကောင်။”
“ပိုးတုံးလုံးတို့၊ ခြင်တို့၊ ပိုးဖလံတို့လိုမျိုး……”
“....”
“ဘာဖြစ်လို့ပါလဲ။”
ပြဿနာပဲ…….
“ကွီးန်ကို သူကြိုက်လောက်မဲ့ အစာလေး ကျွေးချင်လို့လေ။”
တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ ဒုတပ်မှူးဆိုသော်လည်း ဆာ အာရ်တီနာက ကျွန်မ၏ ကိုယ်ရံတော်ဖြစ်သဖြင့် ကျွန်မနှင့် အတူရှိနေသည်ကများ၏။
ဆာ အာရ်တီနာလည်း ကွီးန်အကြောင်း သိနေပြီးသားပင်။
“အာ။ အဲ့ဒီငှက်ဆိုရင် အကောင်ထွားတော့ ပိုးကောင်အကြီးတွေက ပိုကောင်းပါလိမ့်မယ်။”
ပိုးကောင်အကြောင်း ပြောနေရာတွင် ကျွန်မ ချက်ချင်းပြန်မဖြေနိုင်သည်ကိုမြင်တော့ ဆာ အာရ်တီနာက ခပ်ဖွဖွရယ်ပြီး အကြံပေးလာသည်။
“စာပို့ငှက်တွေကိုကျွေးဖို့ စုထားတဲ့ ပိုးတုံးလုံးတွေ ရှိပါတယ်။ အဲ့ဒါတွေ နည်းနည်း ယူလာပေးပါ့မယ်။”
“ဖြစ်ပါ့မလား။”
“ပန်းကန်လိုက်ပေးရင်တောင် ကွီးန်က သူ့ဘာသာ ကြည့်ကြပ်စားပါလိမ့်မယ်။ ကိုယ်တိုင် ရှာဖွေထားတဲ့ အစာမဟုတ်လို့ သံသယဝင်နေမယ်ဆိုရင်တော့ ဇာဂနာနဲ့ ညှပ်ပြီး ကျွေးလို့လည်းရပါတယ်။”
ဇာဂနာနှင့် ပိုးတုံးကို ညှပ်ရန် စိတ်ပင်မကူးချင်သော်လည်း လောလောဆယ်တော့ အဲ့ဒီလိုလုပ်မယ်ဟု ဖြေလိုက်ရသည်။
တော်ဝင်မင်းသား ဟိုင်န်ရီအား ကွီးန်ကို ဂရုစိုက်ပေးမည်ဟု အသံကောင်းဟစ်ထားခဲ့သည့် အကြောင်းအရာဖြစ်ရာ ပိုးကောင်ကြောက်၍ နောက်ဆုတ်ရန် မဖြစ်ပေ။
ခဏလောက် စောင့်ပြီးသည့်နောက် ဆာ အာရ်တီနာက သစ်သားပန်းကန်ပြားတစ်ချပ် ယူလာပြီး စားပွဲပေါ် တင်ပေးခဲ့သည်။
ထိုအထဲတွင် ကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းသည့် ဖောင်းဖောင်းကားကား ပိုးတုံးလုံးများအပြည့်ပင်။
“အဆင်ပြေပါရဲ့လား။”
အတင်းဖျစ်ညှစ်ကာ မှင်သေသေရှိချင်ယောင်ဆောင်ပြီး ခေါင်းညိတ်လိုက်သော်လည်း ဆာ အာရ်တီနာ ထွက်သွားသည်နှင့် ချက်ချင်းပင် ထိုပိုးကောင်များနှင့် ဝေးရာသို့ ခွာလိုက်သည်။
ပန်းကန်ထဲမှ ပိုးတုံးလုံးများ တရွရွတွားသွားရင်း ထွက်လာမည်ကို ကြောက်နေမိ၏။
‘အဲ့ဒါကို ကွီးန်က စားရမှာတဲ့လား……’
ခုတင်ပေါ်တွင် ကွေးကွေးကျုံ့ကျုံ့လေး ထိုင်နေရင်း ပန်းကန်ထဲမှ ပိုးကောင်များ ထွက်လာသလားဟု စစ်ဆေးနေမိသည်မှာ လေး ငါးကြိမ်မကပေ။
နောက်ဆုံးတွင် စောင့်မျှော်နေသည့် ကွီးန် ဝင်လာလေသည်။
ပြတင်းပေါက်ဘောင်ပေါ် မနားဘဲ ကွီးန်က ဖွင့်ထားသည့် ပြတင်းပေါက်မှ တစ်ခါတည်း သေသပ်လှပစွာ ပျံဝင်လာကာ အခန်းထဲကို တစ်ပတ်လှည့်ရင်း ဟန်ရေးပြ ပျံသန်းခဲ့၏။
'ဟန်ရေးပြ ပျံသန်းသည်' ဟု တွေးလိုက်မိသည်မှာ တကယ်ပင် ကွီးန်က စိတ်ဓာတ်တက်ကြွနေပုံ ပေါ်လွင်နေသောကြောင့်ဖြစ်သည်။
ခန့်ညားထည်ဝါစွာ ပျံသန်းနေရင်းမှ ဝိုင်းစက်သော မျက်လုံးများနှင့် ကျွန်မကို ခိုးကြည့်နေသည့်ပုံက 'ကျွန်တော့်ကို ကြည့်နေလား' ဟု အတည်ပြုနေသလိုပင်။
ခဏတာ ပျံသန်းပြီးသည့်နောက် ကွီးန်က ကျွန်မ၏ ဒူးဘေးနားကို အမြန်လာကာ လှလှပပလေး ထိုင်လိုက်သည်။
သူ၏ ကျောနှင့်လည်ကုပ်ကို ပွတ်သပ်ပေးလိုက်တော့ တဂူဂူ အသံပေးကာ အမြီးလေးကိုပါ လှုပ်ယမ်းနေ၏။
“ငါတို့ ကွီးန်က တကယ်မိုက်တာပဲ။”
ချီးကျူးလိုက်တော့ ကွီးန်က ပခုံးကျုံ့ပြပြီး အတောင်ပံတစ်ဖက်ကို ဝှေ့ယမ်းပြခဲ့သည်။ ချစ်စဖွယ် ထိုပုံစံလေးကို မြင်ရတော့ အနည်းငယ် ကြောက်မိသော်လည်း ပိုးကောင်များ ပြင်ဆင်ထားတာ မှန်သွားပြီဟု ခံစားလိုက်ရ၏။
ကျွန်မ ကျောရိုးတစ်လျှောက် တစ်ခါထပ်၍ ပွတ်သပ်ပေးပြီး ကွီးန်ကို ပွေ့ချီလိုက်သည်။
“ကွီးန်ကို ကျွေးချင်လို့ စားစရာလေးတွေ ပြင်ဆင်ထားတယ်။”
- ဂူ
“နင့်သခင်ကတော့ နင်က ဘာပဲကျွေးကျွေး ကောင်းကောင်းစားတယ်လို့ ပြောလိုက်ပေမဲ့……”
- ဂူ
“ငါ့အထင်တော့ လိမ်ပြောနေသလိုပဲ။”
- …….
“အဲ့ဒါကြောင့် နင့်လိုမျိုး ကြီးမားခံ့ညားတဲ့ ငှက်တွေ ယေဘုယျအားဖြင့် ကြိုက်တတ်ကြတဲ့ အစာကို ပြင်ဆင်ထားတာ။”
ကွီးန်ကလည်း မျှော်လင့်နေသလားမသိ၊ ခေါင်းကို ဆက်တိုက် ကခုန်သလို ခါယမ်းနေသည်။
လှုပ်လှုပ်ရွရွဖြစ်နေသော ကွီးန်ကို တစ်ခါပြန်ပြီး သေသေချာချာ ပွေ့ချီကာ ကျွန်မ စားပွဲဆီ လျှောက်သွားလိုက်၏။
“ကဲ။ ပိုးကောင်တွေပဲ၊ ကွီးန်။”
တော်သေး၍ ပိုးတုံးလုံးများက ပန်းကန်ပေါ်၌သာ ယခင်အတိုင်း ရှိနေဆဲပင်။
ကျွန်မ ကွီးန်ကို ပန်းကန်ရှေ့၌ ချပေးလိုက်၏။
-...
သို့ရာတွင် ကွီးန်က အလန့်တကြား နောက်ဆုတ်သွားရုံသာမက စားရန်ပင် မကြိုးစားခဲ့။
ကြီးမားသော ခရမ်းရောင် မျက်လုံးများ ချက်ချင်း တုန်ယင်သွားသည်မှာ အင်မတန် ထိတ်လန့်သွားသည့်ပုံပင်။
ဆာ အာရ်တီနာက ဤကဲ့သို့ ကျွေးလျှင် ကိုယ်တိုင် ရှာဖွေထားသည့် အစာမဟုတ်၍ သံသယဝင်ပြီး မစားခြင်းမျိုးလည်းရှိနိုင်သည်ဟု ပြောထား၏။
ကျွန်မလည်း ကွီးန်၏ကျောကို ပွတ်သပ်ပေးကာ ပြင်ဆင်ထားသည့် ဇာဂနာဖြင့် ပိုးတုံးလုံးတစ်ကောင်ကို ညှပ်လိုက်သည်။
ကိုယ့်ဘာသာဆိုလျှင် အနားပင် ကပ်ချင်စိတ်မရှိသော်လည်း ကွီးန်အတွက်ဟု တွေးလိုက်တော့ အတော်လေး သတ္တိရှိလာ၏။
ကိုယ်ပေါ်တွင် မွေးညင်းအကုန် ထောင်နေသည့် ခံစားချက်ကတော့ အတူတူပင်။
“ကဲ၊ ကွီးန်။ စားရအောင်။”
သို့သော် ကွီးန်က အနောက်ကို ခုန်ဆုတ်သွားရုံသာရှိကာ ယခင်အတိုင်း စားရန်စိတ်မဝင်စားခဲ့ပေ။
“ကွီးန်။ စားကြည့်ပါဦး။ ဘာမှမဖြစ်ဘူး။”
နောက်ဆုံးတွင် ကျွန်မလည်း လက်ကို အမြန်လှုပ်ရှားပြီး ပိုးကောင်ကို ကွီးန်၏ မျက်နှာရှေ့တည့်တည့်ကို သွားကပ်လိုက်တော့ ပျော့ကျနေသည့် ပိုးတုံးလုံးက ရုတ်တရက် အပြင်းအထန် လှုပ်ရှားသွားသည်။
ထိုအချိန်မှာပင်။
ဇာဂနာထဲမှ လွတ်ထွက်သွားသည့် ပိုးတုံးလုံးက ကွီးန်၏ ခေါင်းပေါ်သို့ ဖတ်ခနဲ ကျသွား၏။
- ဂူးးးးးးးးးး
ကွီးန်က အော်ဟစ်သံလို အသံပြုကာ ပျံတက်သွားလေသည်။
“ကွီးန်။”
အလန့်တကြား ငှက်ကိုဖမ်းရန် ကြိုးစားလိုက်သော်လည်း ကွီးန်က အရူးတစ်ပိုင်းအရှိန်ဖြင့် တစ်ကိုယ်လုံးကို ခါချနေ၏။
ပျံသန်းရန်ပင် သတိမရတော့ဘူးလားမသိ၊ ခြေနှစ်ဖက်နှင့် ကယောင်ကတမ်း ခုန်ပေါက်နေသည့် ကွီးန်က နောက်ဆုံးတွင် ပိုးတုံးလုံးလေး ကပ်ပါလျက်အတိုင်း ပြတင်းပေါက် အပြင်ဘက်သို့ ပျံထွက်သွားကာ ကျွန်မကမူ ဝေးရာသို့ ရွေ့သွားသည့် ကွီးန်၏ အမြီးလေးကို ငေးမောကြည့်နေမိတော့၏။
~~~~
ဧကန္တ စားလို့မရတဲ့ ပိုးကောင် အမျိုးအစားများလား။
ဆာ အာရ်တီနာ၏ စာပို့ငှက်များစားသည့် ပိုးကောင်များဖြစ်၍ အဆင်ပြေမည်ဟု ထင်ခဲ့မိ၏။
မျိုးစိတ်မတူလျှင် ငှက်စာသည်လည်း ကွာခြားသွားတတ်လေသလား။
တစ်ညလုံး ကွီးန်ကို စိတ်ပူနေခဲ့ရသဖြင့် နောက်ဆုံးတွင် ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ တော်သေး၍ ထိုအတွက်ကြောင့် ဆိုဗီရ်ရှုထံမှရခဲ့သော ဒဏ်ရာများကို ခဏတဖြုတ် မေ့ထားနိုင်ခဲ့၏။
တစ်ချက်တစ်ချက် ဆိုဗီရ်ရှု၏ အထင်လွဲမှုများနှင့် သူ၏အကြည့်ကို တွေးမိကာ ရင်ထဲတွင် နာကျင်လာသော်လည်း ထိုသို့ဖြစ်တိုင်း ချက်ချင်း ကွီးန်၏အော်ဟစ်သံကို ပြန်သတိရမိပြီး ဆိုဗီရ်ရှုကို အနောက်သို့ တွန်းပို့မိသည်။
နောက်ဆုံးတော့၊ နောက်တစ်နေ့တွင်။
ကျွန်မ မနက်စာ စားပြီးသည်နှင့် ချက်ချင်း အခန်းထဲမှ ထွက်လာခဲ့၏။
တောင်နန်းဆောင်ကို သွားမည်ဟူသော အတွေးဖြင့်။
တော်ဝင်မင်းသား ဟိုင်န်ရီ၏ အခန်းသို့ တိုက်ရိုက် သွားတွေ့၍ မရသော်လည်း တောင်နန်းဆောင်သို့သွားလျှင် သူနှင့်တွေ့နိုင်ခြေ မြင့်ပေလိမ့်မည်။
‘ကွီးန် မနေ့က အဆင်ပြေပြေ ပြန်ရောက်ခဲ့ရဲ့လား မေးကြည့်ရမယ်။'
သို့သော် အနောက်နန်းဆောင်မှ ထွက်လိုက်သည်နှင့် ချက်ချင်းပင် တော်ဝင်မင်းသား ဟိုင်န်ရီကို တွေ့လိုက်ရသည်။
သူက လမ်းဆုံရှိ စင်္ကြံတိုင်ကိုမှီကာ အနောက်နန်းဆောင်ဘက်သို့ ကြည့်နေ၏။
“တော်ဝင်မင်းသား ဟိုင်န်ရီ။”
အတော်ပဲဟု တွေးကာ အမြန်သွားလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက နှုတ်ဆက်စကားကို ချန်လှပ်ကာ ပြောလာခဲ့သည်။
“မနေ့က ကျွန်တော် အဖြေမှားပေးခဲ့မိပါတယ်။ ကွီးန်က အစိမ်းလိုက် လုံးဝ မစားပါဘူး။”
“ဒါဆိုရင် ချက်ပြုတ်ထားတဲ့ ပိုးကောင်ကို...”
“မစားပါဘူး။ ပိုးကောင်ဆိုတဲ့အမျိုးကို လုံးဝ မစားတာပါ။”
~~~~
Miel's Translations