အပိုင်း ၃၁ (မျက်ရည်သည်လည်း ရေသို့သာ)
အရှေ့အင်ပါယာ၏ ဧကရာဇ်က အနောက်ဘုရင့်တိုင်းပြည်၏ ထီးမွေနန်းလျာနှင့် သူသေကိုယ်သေ တိုက်ခိုက်မည်တဲ့လား။
ယင်းကလည်း ဧည့်သည်တော်အဖြစ် ဖိတ်ကြားထားသည်မှမထောက် ကြားတွင် ဧကရာဇ်၏ချစ်သူကို ထားပြီးတော့လား။
တအားရုပ်ပျက်လေခြင်း။
ဤကိစ္စကိုသာ ပြည်သူများ သိသွားကြလျှင် မဟုတ်တောင် ဝေဖန်ခံနေရပြီးသား မှူးမတ်နှင့် မင်းမျိုးမင်းနွယ်တို့၏ အတိုင်းအဆမရှိ လက်လွတ်စပယ်နိုင်သော ကိုယ်ရေးကိုယ်တာဘဝများက အင်မတန် ဟားတိုက်စရာ ဖြစ်သွားပေတော့မည်။
ကျိန်းသေပေါက် ကောလာဟလ မပြန့်ဘူးဆိုလျှင်ပင် ဤရန်ပွဲကိုတော့ တားဆီးရမည်သာ။
“အရှင်ဧကရာဇ်၊ စိတ်ထိန်းပါဦး။ တော်ဝင်မင်းသား ဟိုင်န်ရီ၊ ရှင်က ကျွန်မတို့ရဲ့ ဧည့်သည်တော်ပါ။”
ကျွန်မ အသံကို နှိမ့်ချပြီး နှစ်ယောက်စလုံးကို တစ်လှည့်စီ ပြောလိုက်တော့ တော်သေး၍ အရူးမဟုတ်ကြသောကြောင့်လားမသိ နှုတ်ဆိတ်သွားကြလေသည်။
“ထိုင်ကြပါ။”
နှစ်ယောက်စလုံး အတွန့်တွန့်အဆုတ်ဆုတ်နှင့် ထိုင်လိုက်ကြသဖြင့် တိတ်ဆိတ်သော ညစာစားပွဲလည်း ရှေ့ဆက်ခဲ့သည်။
အထူးညစာစားပွဲမတိုင်မီ တစ်ရက်အကြို ညစာစားနေရင်း ဤမျှအထိ စိတ်ရှုပ်ထွေးရပြီး ဗိုက်ထဲမအီမသာဖြစ်နေရသည့် ညစာစားပွဲမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
ဗိုက်က အောင့်တက်လာ၏။
တကယ်ပဲ ဒါက ဘာလုပ်တာလဲ။
ရက်ရှ်တာကြောင့်လား၊ ဆိုဗီရ်ရှုကြောင့်လား။ သို့မဟုတ် နှစ်ယောက်စလုံး၏ ပြဿနာလား။
ဆက်စားနေလျှင် အစာမကြေဖြစ်မည်မှာ သေချာနေသဖြင့် နောက်ဆုံးတော့ ခက်ရင်းကိုချကာ လက်သုတ်ပဝါနှင့် ပါးစပ်ကို သုတ်လိုက်သည်။
အဆင်မပြေသော ညစာစားပွဲ ပြီးဆုံးသွားပြီးနောက် ဧည့်သည်တော်များကို အချိုပွဲ တည်ခင်းမည့်အစား နှုတ်ဆက်ရန်အတွက် နေရာမှ ထလိုက်၏။
အနေခက်စရာ အငွေ့အသက်တွင် ဧည့်သည်တော်များကို ဆွဲထားခြင်းက ပို၍ယဉ်ကျေးမှုမရှိရာ ရောက်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ မနက်ဖြန် ပြန်ဆုံကြဦးမည်ဖြစ်၍ အနေခက်စရာ အခြေအနေကို ဆက်လက်ထိန်းထားရန် မလိုအပ်ပေ။
ထွက်လာမည့် အရိပ်အယောင်မရှိသော ဆိုဗီရ်ရှုနှင့် တော်ဝင်မင်းသား ဟိုင်န်ရီတို့ကို ထားခဲ့ကာ စင်္ကြံသို့ ထွက်လာတော့ အခြားသူများကလည်း ကျွန်မနောက်မှ အလျင်အမြန် လိုက်ပါလာကြလေသည်။
တံခါးပိတ်သွားသည်နှင့် မင်းသမီး စီယာ့ဇ်က ကျွန်မထံ ချဉ်းကပ်လာကာ မျက်စပစ်ပြီး ပြောလေ၏။
“မနက်ဖြန်တော့ စကားတွေ ပိုပြီးပြောနိုင်ရင် ကောင်းမှာပါပဲ၊ ဧကရီ အရှင်မ။ ဒီနေ့ကတော့ နည်းနည်း... စကားပြောဖို့ အနေအထားက အခြေအနေမပေးဘူးမဟုတ်လားရှင့်။”
“ဒါပေါ့ရှင်။ ကျွန်မလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။”
ယခု နှစ်သစ်ကူးပွဲတော်တွင် အကြီးမားဆုံး အောင်မြင်မှုတစ်ခုကို ပြောရမည်ဆိုလျှင် မင်းသမီး စီယာ့ဇ်နှင့် တွေ့ဆုံရခြင်းပဲဖြစ်မည်ဟု တွေးမိ၏။ မယဉ်ကျေးရာရောက်သော်လည်း စိတ်ဝင်စားစရာကောင်းပြီး ပွင့်လင်းရိုးသားသည့် သူ၏စရိုက်က အင်မတန် ဆွဲဆောင်မှုရှိပေသည်။
“မနက်ဖြန် ဆက်ဆက် ကြွရောက်ပေးပါဦးနော်။”
အသာအယာ ပွေ့ဖက်ရင်း တိုးတိုးလေး ပြောလိုက်တော့ မင်းသမီး စီယာ့ဇ်က ကျေနပ်စွာပြုံးပြီး ခေါင်းညိတ်ပြကာ သူ၏ ကိုယ်ရံတော်စစ်သည်များနှင့်အတူ စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားလေသည်။
ထို့နောက် ကျန်မှူးမတ်များနှင့်တော့ ပို၍ ထုံးတမ်းအစဉ်အလာနှင့်အညီ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်စကားပြောခဲ့၏။ သို့ရာတွင် သုံးလေးယောက်ကို နှုတ်ဆက်ပြီးသွားချိန်၌ ရက်ရှ်တာက ဘေးသို့ အလိုလို ရောက်လာလေသည်။ ကျွန်မကို တစ်ခုခု ပြောစရာရှိ၍များလားဟု ထင်ခဲ့သော်လည်း သူက ကျွန်မကို စကားမပြောဘဲ ဘေးတွင်ရပ်နေ၏။
ဘာလို့ အဲ့ဒီမှာမှ မဖြစ်မနေ ရပ်နေတာပါလိမ့်ဟု တွေးလိုက်ရင်း ဘလူး ဘိုဟဲယန်း၏ ဘုရင့်ညီတော် ရှီရင်းမ်ကို မနက်ဖြန်အတွက် မျှော်နေမည်ဖြစ်ကြောင်း နှုတ်ဆက်စကားပြောလိုက်သည်။
“ရက်ရှ်တာနဲ့လည်း မနက်ဖြန် ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးပါဦးနော်။ ဒီနေ့ ကြွရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အရှင်မင်းသား။”
သို့သော် ကျွန်မ နှုတ်ဆက်စကား ဆုံးသွားသည်နှင့် သူက ပါးနပ်လိမ္မာစွာ အချိန်ကိုက်ကာ တစ်ပါတည်း လိုက်နှုတ်ဆက်လေသည်။ အချိန်ကိုက်က ကွက်တိကျလွန်းသဖြင့် သူများမြင်လျှင် ကျွန်မနှင့် အတူတူ နှုတ်ဆက်နေသည်ဟု ထင်ရလောက်ပေသည်။
“အာ... ဒါပေါ့။”
ဘုရင့်ညီတော် ရှီရင်းမ်က အိုးတိုးအမ်းတမ်း ပြန်ဖြေကာ ကျွန်မနှင့် ရက်ရှ်တာကို တစ်လှည့်စီ ကြည့်လိုက်ရာက ခေါင်းငဲ့စောင်းပြီး တွေးတောနေဟန်ဖြင့် လှည့်ထွက်သွားလေသည်။ သူက ကျွန်မကို ရက်ရှ်တာနှင့်အတူတူ နှုတ်ဆက်နေသည်ဟု ယူဆလိုက်ပုံပင်။
ခေါင်းလှည့်ပြီး ကြည့်လိုက်တော့ ရက်ရှ်တာက ‘ဘာဖြစ်လို့လဲ၊ မမ’ ဟု နူးညံ့ညင်သာစွာ မေးလာသည်။ ပြောစရာပင်မရှိအောင် အံ့သြသွားသော်လည်း သူ့အား လူတွေကို နှုတ်ဆက်ခြင်းမှ တားမြစ်ထားသည့် ထုံးတမ်းအစဉ်အလာသော်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းသော်လည်းကောင်း ရှိမနေပေ။
ကျွန်မလည်း ရက်ရှ်တာဆီမှ ခွာလိုက်ကာ တမင်တကာပင် အခြားတစ်ဖက်တွင်ရှိနေသည့် မဟာမိတ်တိုင်းပြည်များ၏ ဆာမိုနျူ မားကီးစ်ထံ ချဉ်းကပ်သွားလိုက်သည်။
သို့ရာတွင် ရက်ရှ်တာက ဤတစ်ကြိမ်တွင်လည်း ကျွန်မ၏ဘေးသို့ တကောက်ကောက် လိုက်လာကာ ကျွန်မ နှုတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း အလိုက်သင့်အချိန်ကိုက် နှုတ်ဆက်ပြီး ချစ်စဖွယ် ရယ်ပြလေ၏။
တမင်သက်သက် လုပ်နေခြင်းဟု ယူဆနိုင်သော လုပ်ရပ်ကြောင့် ကျွန်မထံမှ ခြောက်ကပ်ကပ်ရယ်သံ ထွက်လာတော့သည်။
နောက်ဆုံး ခါ့ဖ်မန်း မင်းသားကြီး တစ်ယောက်တည်း ကျန်တော့သည်အထိ ရက်ရှ်တာက ထိုအတိုင်းသာ ဆက်လုပ်နေခဲ့၏။
ခါ့ဖ်မန်း မင်းသားကြီး တစ်ယောက်တည်းသာ ကျန်တော့သဖြင့် ပို၍အတင့်ရဲလာခြင်းပဲလားမသိ၊ ဤတစ်ကြိမ်တော့ ကျွန်မထက် အရင်ဦးအောင် သူ့ထံသို့ချဉ်းကပ်သွားကာ နူးညံ့သောအသံလေးဖြင့် စကားစခဲ့သည်။
“အရှင် မင်းသားကြီး။”
ချက်ချင်းဆိုသလို ကြက်သီးသွားရ၏။
သူ့အသံက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားသောကြောင့်ပင်။
ယင်းအသံမှာ စောစောက ကျွန်မဘေးတွင် ပြောခဲ့သလို ပေါ့ပါးရွှင်မြူးသည့် လေသံမဟုတ်ဘဲ၊ ခပ်နိမ့်နိမ့် လေးပင်သော ကျွန်မ၏အသံကို အတိအကျ အတုခိုးကာ ပြောနေခြင်းဖြစ်ပေသည်။ အသံကို လုံးဝတူအောင် မလုပ်နိုင်ခဲ့သော်လည်း စကားပြောဟန် လေယူလေသိမ်းကတော့ ကျွန်မနှင့် အတော်လေး ဆင်တူနေ၏။
“မနက်ဖြန် အထူးညစာစားပွဲကိုရော ကြွရောက်မှာပါလားရှင့်။”
ကလေးဆန်ဆန် လျှာတိုတို လေသံသည်လည်း လုံးဝပျောက်ကွယ်သွားလေသည်။
သို့ရာတွင် ခါ့ဖ်မန်း မင်းသားကြီးက ဘာမှမပြောဘဲ ကျွန်မနှင့် ရက်ရှ်တာကြားမှဖြတ်ကာ လျှောက်သွားခဲ့သဖြင့် သူ၏ အားစိုက်ကြိုးပမ်းထားသော စကားများသည်လည်း လေထဲမှာပင် ပျောက်ကွယ်သွားရ၏။ ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မကိုပါ လျစ်လျူရှုပြီး ထွက်သွားသည်ဟူသော အချက်ထက် ရက်ရှ်တာက ကျွန်မကို အတုခိုးသည်ဟူသော အချက်ကို ပို၍ အံ့ဩမှင်တက်မိနေသည်။
“လေဒီ ရက်ရှ်တာ။”
ကျွန်မ သူ့ကို ခေါ်လိုက်တော့ ရက်ရှ်တာက ‘ဟုတ်ကဲ့၊ ဧကရီ အရှင်မ’ ဟု ပုံမှန်အတိုင်း ချစ်စဖွယ် လေသံနှင့် ပြန်ဖြေကာ နှစ်နှစ်ကာကာ ပြုံးပြခဲ့သည်။
စောစောက စားသောက်ခန်းထဲတွင် ကျွန်မကို သစ္စာဖောက်ခံရသလို ကြည့်ခဲ့သူ၏ အပြုအမူနှင့် လုံးဝမတူပေ။
ရင်ထဲတွင် အော်ဂလီဆန်လာသည်ကို အနိုင်နိုင် ဖိနှိပ်ရင်း ကျွန်မလည်း အတတ်နိုင်ဆုံး တည်ငြိမ်စွာ ပါးစပ်ဖွင့်လိုက်သည်။
“နဂိုကတော့ နှစ်သစ်ကူးပွဲတော်ပြီးမှ မေးဖို့တွေးထားပေမဲ့ ဒီလိုတွေဖြစ်လာတော့ အခုပဲ မေးလိုက်တော့မယ်။”
“ဟုတ်ကဲ့၊ ဘာများလဲရှင့်။”
“ဘာလို့ လူတွေကို ငါက လေဒီ ရက်ရှ်တာဆီ လက်ဆောင်ပို့ပေးခဲ့ပါတယ်ဆိုပြီး လိမ်ပြောခဲ့တာလဲ။”
ရက်ရှ်တာက ကျွန်မ ထိုအရာကို မေးလိမ့်မည်မှန်း ထင်မထားသည့်ပုံစံဖြင့် မျက်ခုံးကိုကျုံ့ကာ ပင့်လိုက်သည်။
“လိမ်တယ်တဲ့လားရှင့်။”
ကျွန်မ တခြားမေးခွန်းကို မေးလိမ့်မည်ဟု ထင်ထားသည်ပုံပင်။
ဟုတ်ပါရဲ့။ အပြစ်ရှိတယ်လို့ ခံစားရစရာ အများကြီးရှိမှာပေါ့။
“ရက်ရှ်တာ လိမ်တာမဟုတ်ပါဘူး၊ ဧကရီ အရှင်မ။ ဧကရီ အရှင်မက ရက်ရှ်တာကို ဧကရာဇ်ရဲ့ချစ်သူဖြစ်လာတဲ့ အထိမ်းအမှတ်နဲ့ လက်ဆောင်တွေ အများကြီး ပို့ပေးခဲ့တာ အမှန်ပဲမဟုတ်လားရှင့်......”
“ဘာဖြစ်လို့ အဲ့ဒီလို အထင်လွဲနေမှန်းမသိပေမဲ့ ငါတော့ အဲ့ဒီလို မလုပ်ခဲ့ဖူးဘူး။”
“ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲရှင့်......ဧကန္တ ရက်ရှ်တာက စာဖလှယ်ဖော်ကို ရက်ရှ်တာပါဆိုပြီး ပြောလိုက်မိလို့ ဒေါသထွက်နေတာလားရှင့်......”
ကျွန်မ ဘာမှမပြောဘဲ ကြည့်နေလိုက်တော့ ရက်ရှ်တာက လက်နှစ်ဖက်ကို စုစည်းပြီး ငိုမဲ့မဲ့ပုံစံမျိုးလုပ်လေတော့သည်။
“ဒါပေမဲ့ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ပြောပါတယ်။ ဧကရီ အရှင်မက လုံးဝရှေ့ထွက်လာမှာမဟုတ်ဘူးဆိုပြီး၊ ဒီကိစ္စကြောင့် ပိုပြီးတော့တောင် မျက်နှာပျက်နေဦးမယ်ဆိုပြီးတော့ပါ။ အဲ့ဒါကြောင့် ရက်ရှ်တာက ရှေ့ထွက်ခဲ့တာပါ၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဒီအတိုင်း စနောက်ရုံသက်သက် လုပ်ခဲ့တာပါရှင့်။”
“စနောက်တယ်။”
“ဖြစ်ချင်ဖြစ် ကျွန်မက ဧကရီ အရှင်မကို ကူညီပေးလိုက်သလိုတောင် ဖြစ်သွားတာပဲ မဟုတ်လားရှင့်။”
“ငါ့ကို ကူညီပေးတယ်ပေါ့လေ။”
လေသံထွက်ရုံအသံဖြင့် ရယ်လိုက်တော့ ရက်ရှ်တာက ငိုချတော့မလို ဖြစ်လာသည်။
“အဲ့ဒါကြောင့် စာဖလှယ်ဖော်က ဧကရီ အရှင်မပါဆိုတာကို ဘယ်သူ့ကိုမှမပြောဘဲ ထားခဲ့တာပါ......လူသိမခံချင်ဘူးဆိုလို့ပါရှင့်။ ဒါပေမဲ့ ဧကရီ အရှင်မက ဘာလို့ ရက်ရှ်တာ့ကို အမြဲတမ်း ဒီလိုမျိုး ကြောက်စရာကောင်းအောင် လုပ်ရတာပါလဲ။”
တစ်ခုခုပြောရန်ပြင်ရုံရှိသေးစဉ် တံခါးပွင့်လာကာ ဆိုဗီရ်ရှုနှင့် တော်ဝင်မင်းသား ဟိုင်န်ရီတို့ တင်းမာနေသော မျက်နှာများနှင့် ထွက်လာကြသည်။
အထဲတွင် သူတို့ချင်း အတော်လေး စကားများခဲ့ကြပုံပင်။
ထိုစဉ်။
“ဟီး......”
ငိုမဲ့မဲ့ ဖြစ်နေသော ရက်ရှ်တာတစ်ယောက် နောက်ဆုံးတွင် ငိုချလိုက်လေတော့သည်။
မျက်ရည်များ တပေါက်ပေါက်ကျလာကာ သူ့လက်နှင့်သူ မျက်ဝန်းနားတစ်ဝိုက်အား သုတ်နေသည်ကိုမြင်တော့ ဆိုဗီရ်ရှုက အလန့်တကြား ချဉ်းကပ်လာသည်။
“ရက်ရှ်တာ။ ဘာဖြစ်လို့လဲ။”
ရက်ရှ်တာက ပြန်မဖြေဘဲ ပို၍အသံထွက်ကာ ငိုချလိုက်တော့ ဆိုဗီရ်ရှုက ကျွန်မကို ကြည့်လာသည်။
“ဘာဖြစ်တာလဲ ဧကရီ။ ရက်ရှ်တာက ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ။”
“ကျွန်မက မေးခွန်းမေးလိုက်တာပါ။”
“ဘာမေးခွန်း မေးလိုက်လို့လဲ။”
“ကျွန်မ လေဒီ ရက်ရှ်တာဆီ လက်ဆောင် ပို့ပေးဖူးတာမျိုး မရှိတာကို ဘာလို့ လိမ်ညာပြီး ပြောနေတာလဲလို့ မေးလိုက်တာပါ။”
ဆိုဗီရ်ရှု၏ မျက်နှာထား တင်းမာသွားတော့သည်။
“အဲ့ဒီကိစ္စ ရက်ရှ်တာကို မေးလိုက်တယ်ပေါ့လေ။”
“လေဒီ ရက်ရှ်တာက လူတွေကို လိုက်ပြောနေတာဆိုတော့ ကျိန်းသေပေါက် လေဒီ ရက်ရှ်တာကိုပဲ မေးရမှာပေါ့။”
တခြား ဘယ်သူ့ကိုများ သွားမေးရဦးမှာလဲ။
မေးခွန်းထုတ်သလို ကြည့်နေလိုက်သည်။
ဆိုဗီရ်ရှုက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ရက်ရှ်တာနှင့် ကျွန်မကို ခဏလောက် တစ်လှည့်စီ ကြည့်နေရာမှ သက်ပြင်းချကာ ပြောလာသည်။
“ရက်ရှ်တာက မှားပြီးသိထားတယ်ဆိုရင်လည်း တစ်ချက်လောက် ဒီအတိုင်းလေး နားလည်မှုနဲ့ပဲ ဥပေက္ခာပြုပြီး ကျော်သွားပေးလို့ မရဘူးလား။”
“ကျွန်မနာမည်က မဆိုင်တဲ့ကိစ္စတွေမှာ ပါနေတာကို ဒီအတိုင်း ကျော်သွားလို့မရပါဘူး။”
“ရက်ရှ်တာကို အပြစ်တင်စရာ မလိုဘူး။ ......ငါ့အမှားပဲ။ လက်ဆောင်တွေကို ငါကပဲ ဧကရီ နာမည်သုံးပြီး ပို့ခဲ့တာ။”
ခေါင်းထဲတွင် ထုံသွားသလို ခံစားလိုက်ရသည်။ ဆိုဗီရ်ရှုက ကျွန်မနာမည်ကို ခိုးယူသုံးစွဲပြီး ပို့ခဲ့သည့်လက်ဆောင်တွေတဲ့လား။
~~~~
Miel's Translations