အပိုင်း ၂၂ (ကောလာဟလ)
အကြောင်းရင်းအထွေအထူးမရှိပါက ကိုယ်သဘောအကျဆုံးသူနှင့် ပထမဆုံးအကကို ကကြမည်မှာ ကျိန်းသေပေသည်။
စုဝေးပြီး စကားပြောနေကြသူများ စတင်ကာ လှုပ်လှုပ်ရှားရှားဖြစ်လာကြ၏။ ကကြမည့်သူများက တွဲကဖော်ကိုရှာကြကာ တွဲကဖော်ရလျှင် အလယ်သို့ ထွက်သွားကြသည်။ ကချင်စိတ်မရှိသူများက ဘေးဘက်သို့ ထွက်သွားကြ၏။
'ဆိုဗီရ်ရှုကတော့ ရက်ရှ်တာနဲ့ ပထမဆုံးအကကို ကမှာပဲ။'
လက်ထပ်ပြီးသည့်အချိန်မှစကာ ဆိုဗီရ်ရှုက ကျွန်မနှင့်သာ ပထမဆုံးအကကို အမြဲတမ်းကခဲ့သည်။ သို့သော် ယခုနှစ်တွင်တော့ သူ ရက်ရှ်တာနှင့် ပထမဆုံးအကကို ကလိမ့်မည်မှန်း ကျွန်မ ကောင်းကောင်း ခန့်မှန်းနိုင်ခဲ့၏။
အခြားဘက်ကို ကြည့်ဟန်ဆောင်ရင်း မသိမသာလေး စနည်းနာလိုက်တော့...ထင်သည့်အတိုင်းပင်။
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ လက်တစ်ဖက်ကိုကိုင်ကာ တစ်ခုခုပြောနေသည်ကို မြင်လိုက်ရ၏။ ပျော်ရွှင်နေသော ရက်ရှ်တာက ကျွန်မဘက်သို့ ခိုးကြည့်လာသည်။
မျက်လုံးချင်းဆုံသွားတော့ သူက အားနာသည့် မျက်နှာထားမျိုး လုပ်ပြကာ ထို့နောက်တွင် ဆိုဗီရ်ရှု၏ ခေါင်းကလည်း ကျွန်မဘက်ကို လှည့်လာ၏။
သူက မျက်လုံးချင်းမဆုံခင် ခေါင်းပြန်လှည့်သွားသည်။ ကျွန်မလည်း ဖျစ်ညှစ်အားတင်းပြီး မေးကိုပင့်ကာ ဘေးဘက်သို့ လျှောက်သွားလိုက်၏။
ဧကရီဖြစ်သော ကျွန်မကို ပထမဆုံးအက ကရန် တောင်းဆိုနိုင်သူက ဆိုဗီရ်ရှုတစ်ယောက်အပြင်မရှိပေ။ ဘယ်သူမှ ကျွန်မကို အတူတွဲကရန် တောင်းဆိုတော့မည်မဟုတ်သည်မှာ သေချာနေသဖြင့် နေရာဖယ်ပေးလိုက်ခြင်းက ပိုကောင်း၏။ ကျန်နေသေးသည့် ဂုဏ်သိက္ခာကို ကာကွယ်ရန်ဆိုပါလျှင်။
လူမှုရေးအသိုင်းအဝိုင်းတွင် အင်အားအကြီးဆုံးဖြစ်သော မြို့စားကတော် တူအာနီယာ၏ နံဘေးတွင်တော့ တွဲကရန် တောင်းဆိုနေကြသူများ ဝိုင်းဝိုင်းလည်လျက်ရှိကာ ဒူးတစ်ဖက်ထောက်ပြီး ခွင့်တောင်းနေကြလေသည်။
'ဒီလိုဆို မဖြစ်ဘူး' ဟု တွေးနေလျက်ကပင် ကျွန်မအကြည့်က ရက်ရှ်တာနှင့် ဆိုဗီရ်ရှုဆီသို့သာ ပြန်ရောက်သွား၏။
ဆိုဗီရ်ရှုက အနီးအနားမှ နန်းရင်းဝန်နှင့် စကားပြောနေသည်။ တော်သေး၍ ရက်ရှ်တာကလည်း မြို့စားကတော် တူအာနီယာဘက်ကိုသာ အသာလေး ကြည့်နေကာ ကျွန်မဘက်တွင် အာရုံရှိမနေပေ။
'မျက်လုံးချင်းမဆုံမိလို့ တော်ပါသေးရဲ့။'
သူတို့ကို မကြည့်မိအောင် အခြားတစ်ဘက်သို့ အတင်းအကျပ် ကြည့်နေရသော်လည်း အမှားလုပ်မိရာမှ အကြည့်လွှဲနေကြောင်း ပို၍ပေါ်လွင်သွားနိုင်ပေသည်။
ကျေးဇူးပြုပြီး သူတို့ကို မကြည့်မိအောင် သဘာဝကျကျလေး ရှောင်နိုင်ပါရစေဟု ဆုတောင်းရင်း ကျွန်မ နံရံဘက်သို့ ပို၍နီးကပ်စွာ တိုးသွားလိုက်၏။
သို့သော် ရည်ရွယ်ထားသည့် နေရာသို့ မရောက်မီမှာပင် ဘေးပတ်လည်မှ တီးတိုးပြောသံများ ထွက်လာတော့သည်။ လှည့်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက လူတို့၏အကြည့်များကို ခံယူရင်း လျှောက်သွားနေလေ၏။
သူက ခြေလှမ်းတိုင်းတွင် လူအများ၏ အကြည့်ကို ခံယူကာ သက်သောင့်သက်သာ လျှောက်နေသည်။
အနီးအနားရှိ သခင်မလေးနှစ်ယောက်က တီးတိုးပြောရင်း တခစ်ခစ်ရယ်နေကြ၏။ ရှက်ရွံ့နေသည့်အလား နားရွက်လေးများပါ နီရဲနေလေသည်။ အများစုက တော်ဝင်မင်းသား ဟိုင်န်ရီ ဘယ်သူ့ကို ပထမဆုံးအက တွဲကရန် တောင်းဆိုမလဲဟု သိချင်နေကြပုံပေါ်ကာ တော်ဝင်မင်းသား ဟိုင်န်ရီကလည်း ထိုအကြည့်များကို သဘောတွေ့နေသည့်ပုံပင်။
သို့သော် ဆိုဗီရ်ရှုနှင့် ရက်ရှ်တာတို့၏ ကိစ္စကြောင့် စိတ်ထိခိုက်နေရသဖြင့် ကျွန်မအတွက်တော့ ထိုကောလာဟလထဲမှ တော်ဝင်မင်းသားကို အာရုံစိုက်နေရန် အချိန်မရှိခဲ့ပေ။
သူ ဘယ်သူနှင့်ပင် တွဲကပါစေ ကျွန်မအရေးမဟုတ်။
ကျွန်မနှင့်မဆိုင်ဟုသာ ယူဆထားခဲ့၏။
"ဪ။ ဒီမှာရှိနေတာကိုးဗျ။"
ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရင်း လျှောက်လာသည့် တော်ဝင်မင်းသား ဟိုင်န်ရီ ကျွန်မရှေ့သို့ ရောက်မလာခင်အထိ။
လူတို့က ပို၍ပင် တီးတိုးတီးတိုး ပြောလာကြသည်။ ကျွန်မလည်း ယပ်တောင်ထုတ်ရန်ပြင်နေရာမှ ရပ်လိုက်ကာ သူ့ကို ကြည့်လိုက်၏။ မျက်လုံးချင်းဆုံတော့ တော်ဝင်မင်းသား ဟိုင်န်ရီက မျက်လုံးများ ကွေးညွတ်သွားအောင် ပြုံးခဲ့သည်။
"လိုက်ရှာရင်းနဲ့ ခန်းမတစ်ဝက်တောင် ပတ်ခဲ့ရတယ်ဗျာ။"
ကျွန်မရှေ့တည့်တည့်သို့ ရောက်လာသော တော်ဝင်မင်းသား ဟိုင်န်ရီက သူ့ရင်ဘတ်တွင် ထိုးထားသည့် နှင်းဆီပန်းကို ထုတ်လိုက်သည်။
နှင်းဆီပန်းကို လက်ဖဝါးပေါ် တင်ထားသည့် သူက စစ်သည်တော်တစ်ယောက်အလား ဒူးတစ်ဖက်ထောက်လိုက်ကာ ကျွန်မကို အသာလေး မော့ကြည့်လာ၏။
တဒင်္ဂတော့ ကျွန်မလည်း သူ ဘာလုပ်နေမှန်း နားမလည်ဘဲ အူကြောင်ကြောင်ဖြစ်နေခဲ့သည်။
"ဧကရီအရှင်မကို တွဲကဖို့ ခွင့်ပန်တော့မှာထင်တယ်။"
တစ်စုံတစ်ယောက်၏ အံ့ဩတကြီး အသံကို ကြားတော့မှသာ ဒီလူ ကျွန်မကို တွဲကရန် ခွင့်ပန်နေမှန်း သဘောပေါက်လိုက်တော့သည်။
ဧကရီ ကျွန်မကို ပထမဆုံးအက တွဲကရန် ခွင့်ပန်သူ ရှိသတဲ့လား။
ထိုလူကလည်း တော်ဝင်မင်းသား ဟိုင်န်ရီတဲ့။
ထင်မှတ်မထားသည့်အဖြစ်ကြောင့် ကျွန်မ၏ နှုတ်ခမ်းများ အလိုလို ဟသွားတော့သည်။
"အက၊ ကောင်းကောင်း ကတတ်ပါရဲ့လား ဧကရီအရှင်မ။"
သမားရိုးကျ စစ်သည်တော်တစ်ယောက်အလား တွဲကရန် ခွင့်ပန်နေသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီ အသံကတော့ နောက်ရွှတ်ရွှတ်လေသံပင်။
တဒင်္ဂ တွေဝေသွားရ၏။
မဟုတ်တောင် ရက်ရှ်တာ၊ ဆိုဗီရ်ရှုတို့နှင့် ရောနှောပြီး ထွက်လာသည့် မကောင်းသော ကောလာဟလများ အကုန်ကြားနေရသည်ကို။
မိန်းမလိုက်စားသူ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ပတ်သက်မိရာက ထူးဆန်းသော နားလည်မှုအလွဲများ ထပ်ဆောင်းရလာမည် မဟုတ်ပေဘူးလား။
သို့သော်လည်း တွဲကရန် ငြင်းပယ်ခြင်းက တွဲကခွင့်တောင်းသူ အများအပြားရှိသည့်အခါ၊ သို့မဟုတ် အကြိမ်များစွာ ကပြီးသည့်အခါမှသာ လုပ်နိုင်သည့်အရာပင်။
တွဲကခွင့်တောင်းသူက တော်ဝင်မင်းသား ဟိိုင်န်ရီတစ်ဦးတည်းဖြစ်ပြီး ယခုမှ ပထမဆုံးအကကို ကရန်ပြင်ဆင်နေဆဲရှိသေး၏။ ဤသို့သော အခြေအနေမျိုးတွင် ငြင်းလိုက်မည်ဆိုလျှင် တော်ဝင်မင်းသား ဟိုင်န်ရီကို အရှက်ခွဲရာရောက်ပေမည်။
အနည်းဆုံးတော့ လူမှုရေးအသိုင်းအဝိုင်းတွင် ဤသို့သောအခြေအနေကို စော်ကားမှုအဖြစ် သတ်မှတ်ကြ၏။ ရွေးချယ်စရာ မရှိတော့ပေ။
"သိပ်ကို ကနိုင်တာပေါ့။ ကျွန်မကို အမီလိုက်နိုင်ပါ့မလား။"
သူပေးသော နှင်းဆီကို လက်ခံရင်း မေးလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ထရပ်ပြီး ယုံကြည်မှုအပြည့်နှင့် ပြုံးခဲ့သည်။
"ဒီလောက်တောင် ယုံကြည်မှုအပြည့်ရှိနေတာဆိုတော့ ကျွန်တော့် ခြေထောက်ကို ဘယ်နှခါနင်းနင်း မသိချင်ယောင်ဆောင်ပေးရတော့မှာပေါ့လေ။"
"အဲ့ဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။"
"စိတ်မပူပါနဲ့။ ကျွန်တော်က နှုတ်လုံပါတယ်ဗျ။"
နောက်ရွှတ်ရွှတ် စကားကြောင့် ပြုံးမိသွားတော့ တော်ဝင်မင်းသား ဟိုင်န်ရီက သူ့လက်မောင်းကို ဆန့်ထုတ်ကမ်းပေးခဲ့သည်။
သူ့လက်မောင်းပေါ် ကျွန်မလက်ကို တင်လိုက်တော့ သူက ခန်းမ၏ အလယ်ဗဟိုဆီသို့ လျှောက်သွားလေ၏။
ကျိန်းသေပေါက် ဆိုဗီရ်ရှုနှင့် ရက်ရှ်တာတို့လည်း ထိုနေရာတွင်ရှိနေသည်။
တော်ဝင်မင်းသား ဟိုင်န်ရီနှင့် အတူတူပေါ်လာတော့ ဆိုဗီရ်ရှုက အံ့ဩတကြီး မျက်ခုံးပင့်လိုက်၏။
ဤသို့သော အခြေအနေမျိုးတွင် 'ရက်ရှ်တာနဲ့ အက ကောင်းကောင်းကပါ' ဟု ပြော၍မဖြစ်နိုင်သဖြင့် မသိချင်ယောင်ဆောင်ကာ တော်ဝင်မင်းသား ဟိုင်န်ရီကိုပဲ ကြည့်နေလိုက်သည်။
"တော်ပါတယ်။"
"....ဘာစကားလဲရှင့်။"
"အဲ့ဒီလိုပဲ ကျွန်တော့်ကို ကြည့်နေပါလို့ ပြောတာပါ။ မနေ့က သိပ်ပြီးအာရုံစိုက်မခံရလို့ ဒီနေ့ ပိုပြီးခံ့ညားအောင် ဝတ်စားပြင်ဆင်လာခဲ့တာပါဆို။"
ပရိယာယ်ကြွယ် ဉာဏ်များလှသည့် စကားကြောင့် ကျွန်မပါးစပ်မှ မသိမသာလေး လေသံထွက်သွားတော့၏။
"ဟင်။ မယုံတဲ့ပုံပါလား။"
'မနေ့ကလည်း ပါးစပ်အဟောင်းသားဖြစ်သွားရအောင် လုံလုံလောက်လောက် ခံ့ညားပြီးသားပါလို့ ပြောလိုက်ရင်ကောင်းမလား။'
ကျွန်မ စဉ်းစားနေစဉ် အနှေးကကွက်တေးသွား စတင်စီးဆင်းလာ၏။ ကျွန်မတို့လည်း ဒူးကိုညွှတ်ကာ ပြန်ဆန့်လိုက်ပြီး တစ်ယောက်လက်ဖဝါးကိုတစ်ယောက် ထိလိုက်ကြသည်။
ပေါ့ပါးသည့် တယောသံအတိုင်း လက်ချင်းထိပြီး တစ်ပတ်လှည့်ကာ ကလိုက်သည်နှင့် မမြင်ချင်ဘဲလည်း ပတ်ပတ်လည်မှ လူများက အလိုလို မျက်လုံးထဲ ရောက်လာတော့၏။
လူမှုရေးအသိုင်းအဝိုင်း၏ လိပ်ပြာလေးဟု ချီးမွမ်းခံရသူ တူအာနီယာ မြို့စားကတော်က မြောက်မြားလှစွာသော တွဲကခွင့်တောင်းသူများအနက်မှ ချောမောသော လူငယ်လေး ဗိုင်းကောင့် လန်ဒရယ်ကို ရွေးခဲ့သည်။
ရီထယ်ယန် မင်းသားကြီးက သူ့ဇနီးနှင့် ကနေကာ လော်ရာကတော့ အမျိုးသားမဟုတ်ဘဲ သူ၏ အခင်ဆုံးသူငယ်ချင်း အာလီရှုတဲ သခင်မလေးနှင့် အတူကရင်း ပျော်ရွှင်နေ၏။
ဆိုဗီရ်ရှုကတော့....
ပတ်ချာလည်လှည့်ပြီး ကရသည့်အကကို သဘောမကျရခြင်းမှာ ဤအကြောင်းကြောင့်ပင်။
'အရှေ့တည့်တည့်ကို ကြည့်ရုံအပြင်မရှိတော့ မမြင်ချင်တာတွေလည်း မြင်နေရတယ်လေ။'
သက်ပြင်းချလိုက်သည့် အခိုက်အတန့်မှာပင် တော်ဝင်မင်းသား ဟိုင်န်ရီနှင့် လုံးဝနီးကပ်သည့် အကွာအဝေးသို့ ရောက်လာခဲ့သည်။ သဘာဝကျကျ သူ၏နှုတ်ခမ်းများ နားရွက်နားသို့ နီးကပ်လာသည့် အခိုက်အတန့်တွင်။
"အရေးမပါတဲ့ ကောလာဟလတွေက လွယ်လွယ်ကူကူ ပြန့်တတ်မှန်း ဘယ်သူ့ထက်မဆို ကျွန်တော်က ကောင်းကောင်းပိုသိပါတယ်" ဟု တော်ဝင်မင်းသား ဟိုင်န်ရီက တီးတိုးပြောလာ၏။
ကိုယ်ချင်း ပြန်ခွာသွားသည်။ အံ့ဩတကြီး ကြည့်လိုက်တော့ သူက သူ၏မူပိုင် အထက်စီးဆန်ဆန် မျက်နှာထားနှင့် ရယ်နေလေ၏။
"ကျွန်မက ရက်ရှ်တာ့ဆီ လက်ဆောင်ပို့ပေးတယ်ဆိုတဲ့ ကောလာဟလကို ပြောနေတာလား" ဟု ပြန်နီးလာချိန်တွင် မေးလိုက်တော့ သူက ခေါင်းကို အနည်းငယ် ညိတ်ပြခဲ့သည်။
ကောလာဟလအကြောင်း ပေါ်တင်ပြောခြင်းကလည်း အံ့ဩစရာကောင်းသလို၊ ပေါ်တင် နှစ်သိမ့်ပေးမည်ဟုလည်း ထင်မထားမိခဲ့။ သာယာငြိမ့်ညောင်းပြီး ချမ်းမြေ့ဖွယ်ကောင်းသည့် တေးသွားလည်း ရပ်တန့်သွားတော့သည်။
သူ ကျွန်မကို နောက်နေတာများလားဟု တစ်ချက်လောက် စိုက်ကြည့်နေခဲ့သော်လည်း ထိုသို့သော အရိပ်အယောင်တော့ မရှိပေ။
"......ကျေးဇူးတင်ပါတယ်။"
ရှက်ရွံ့မိရ၏။
သူက မိန်းမလိုက်စားသူဟူသော ကောလာဟလကို သဘာဝကျကျ ယုံကြည်ထားခဲ့သည်ကိုး။
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ၏ ကောလာဟလကို ချက်ချင်း မယုံဘူးဟု ပြောလာသဖြင့် ကျေးဇူးတင်မိသော်လည်း မျက်နှာပူမိရသည်။
"ကျွန်မလည်း မယုံတော့ပါဘူး။"
"ဘာကိုလဲဗျ။"
"ရှင်က မိန်းမလိုက်စားတယ်ဆိုတဲ့ ကောလာဟလကို။"
သို့ရာတွင် ကျေးဇူးတင်မိ၍ ပြောလိုက်သော စကားကို သူက ထရယ်လေတော့ ကျွန်မလည်း ချက်ချင်းပင် မျက်နှာများ ပို၍ပူလာတော့သည်။
'သူ့ရဲ့ ကောလာဟလကတော့ တကယ်ဟုတ်နေတာများလား။'
မျက်နှာတွေ ပူတက်လာသော်လည်း မသိချင်ယောင်ဆောင်ကာ လှည့်ထွက်ခဲ့၏။ အကပြီးသွားပြီဖြစ်၍ တကယ် ဘေးဘက်သို့သွားရန် ရည်ရွယ်ထားသည်။
"ဧကရီ။ ဒီတစ်ခါ ငါနဲ့ကရအောင်။"
သို့သော် ဆိုဗီရ်ရှုက ချဉ်းကပ်လာကာ လက်ကမ်းပေးလာသဖြင့် ဤတစ်ကြိမ်လည်း နောက်ဆုတ်၍မရခဲ့ပြန်ပေ။
ကျွန်မလည်း သက်ပြင်းဖွဖွလေးချကာ သူ့လက်ပေါ်တွင် ကျွန်မလက်ကို တင်လိုက်သည်။
လူတစ်ယောက်တည်းနှင့် နှစ်ကြိမ်ဆက်တိုက် တွဲက၍မရဘူးဟူသော စည်းမျဉ်းကြောင့် ရက်ရှ်တာအစား ကျွန်မကို ကခွင့်တောင်းခဲ့မှန်း သိသော်လည်း၊ သိသိလျက်နှင့် လက်ခံရသည်ကို စိတ်ပျက်မိ၏။ ဆိုဗီရ်ရှုကို ပြောခဲ့သလို ကျွန်မနှင့်သူက သဲသဲလှုပ် ချစ်ပြနေရန်မလိုသော်လည်း မသင့်မြတ်သည့်ပုံစံကိုတော့ ပြ၍မဖြစ်ပေ။
ဘေးဘက်သို့ ကြည့်လိုက်တော့ ရက်ရှ်တာက တော်ဝင်မင်းသား ဟိိုင်န်ရီအား တွဲကခွင့်တောင်းနေသည်ကို တွေ့လိုက်ရသည်။
~~~~
Miel's Translations