no

Font
Theme

အပိုင်း ၂၀ (စူးစမ်းလိုစိတ်)

ဤသည်မှာလည်း သာမန် မှူးမတ်အနွယ်တော်တို့၏ စရိုက်နှင့်မတူသဖြင့် ကျွန်မ မရည်ရွယ်ဘဲ ပြုံးမိသွားသည်။

"အရှေ့အင်ပါယာရဲ့ ဧကရာဇ်က တော်တော်လည်း ထူးဆန်းတဲ့ ပုဂ္ဂိုလ်ပဲဗျ။ ကွီးန်ကို အ​ရှေ့မှာထားပြီး ဘယ်လိုများ အကြည့်က ဘေးကိုရောက်နိုင်ရတာပါလိမ့်။"

"ကောင်းကောင်းမြင်ပေးလို့ ကျေးဇူးတင်ပေမဲ့..."

"ကျေးဇူးတင်ရမဲ့ကိစ္စ မဟုတ်ပါဘူးဗျ။ ကောင်းကောင်းမမြင်အောင် ဘယ်လောက်ပဲတွေးတွေး မကောင်းတာ ဘာတစ်ခုမှမရှိလို့ ဒီလိုပြောရတာပါ။"

ဤအချက်များကိုကြည့်၍ သူ့ကို မိန်းမလိုက်စားသည်ဟု ပြောကြခြင်းများလား။ တဒင်္ဂတော့ ခံစားချက်ကောင်းဖွယ် အံ့အားသင့်မှုလေး ပျံ့နှံ့သွားတော့သည်။

နားဝင်ကောင်းအောင် တမင်ရည်ရွယ်ပြီး ပြောနေမှန်းသိသော်လည်း သူ၏ အထက်စီးဆန်ဆန် မျက်နှာထားကြောင့် မြှောက်ပင့်စကားကိုလည်း မြှောက်ပင့်စကားဟု မခံစားရပေ။ အင်္ကျီကော်လံကို ဆွဲချုပ်ကာ မြှောက်ပင့်ခိုင်းလျှင်ပင် လုပ်မည့်ပုံမပေါ်သည့်လူဟု ထင်ရ၏။ ဘာပြောရမှန်းမသိဘဲ အိုးတိုးအမ်းတမ်း ပြုံးနေမိစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက ချာတိတ်လေးလိုပြုံးကာ မေးလာခဲ့သည်။

"အဲ့ဒါကြောင့်ပြောပါတယ်။ အဆင်ပြေမယ်ဆိုရင်လေ၊ ဧကရီအရှင်မ၊ နှစ်သစ်ကူးပွဲတော်ရဲ့ နောက်ဆုံးနေ့မှာလုပ်မဲ့ အထူးစားသောက်ပွဲကျရင် ကျွန်တော့်ကို ဖိတ်ကြားပေးလို့ရမလားခင်ဗျ။"

နှစ်သစ်ကူးပွဲတော်သို့ ဖိတ်ကြားခံရသူတိုင်းက ကြီးမြတ်သော ဂုဏ်အဆင့်အတန်းနှင့် အောင်မြင်မှုရထားကြသူများ၊ သို့မဟုတ် ရရှိလာမည်ဟု မျှော်လင့်ရသူများဖြစ်ကြ၏။ သို့သော် နောက်ဆုံးနေ့တွင် ကျင်းပသည့် အထူးစားသောက်ပွဲတွင်တော့ ထိုလူများအနက် ထိပ်တန်းဧည့်သည်တော်များကိုသာ သီးသန့်ဖိတ်ကြားခြင်းဖြစ်ပြီး ဧကရာဇ်နှင့် ဧကရီက တစ်ဦးလျှင် ဆယ်ယောက်စီသာ ဖိတ်ကြားခွင့်ရှိပေသည်။

ကျိန်းသေပေါက် နှစ်သစ်ကူးပွဲတော်မစမီမှာပင် ဖိတ်ကြားခံရသူစာရင်း ထွက်လာကာ တော်ဝင်မင်းသား ဟိုင်န်ရီက နံပါတ်တစ် ဦးစားပေးစာရင်းထဲတွင် ပါဝင်ခဲ့၏။

'အထူးစားသောက်ပွဲ ဖိတ်စာကလည်း နှစ်သစ်ကူးပွဲတော်ဖိတ်စာနဲ့အတူတူ ရောက်လာလောက်မှာကို။'

"ဖိတ်စာမရခဲ့ဘူးလားရှင့်။ အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိတာကို..."

"ရခဲ့ပါတယ်ဗျ။ အရှေ့အင်ပါယာရဲ့ ဧကရာဇ်နာမည်နဲ့ ပေးပို့လာတဲ့ဖိတ်စာပေါ့။"

သို့ဆိုလျှင် ဘာကြောင့် ကျွန်မဆီမှ ထပ်လိုချင်ရသလဲဟု မေးနေပုံနှင့် ကြည့်လိုက်တော့ သူက မျက်ခုံးပင့်လိုက်သည်။

"ဧကရာဇ်ရဲ့ ဧည့်သည်တော်ထက် ဧကရီအရှင်မရဲ့ ဧည့်သည်တော်အဖြစ် တက်ရောက်ချင်လို့ပါ။"

"စေတနာကို ကျေးဇူးတင်ပေမဲ့ ဖိတ်စာတွေ အကုန်ပို့ပြီးသွားပါပြီ။"

"ဧကရာဇ် နာမည်ကို မျဉ်းသားပြီး အောက်မှာ ဧကရီအရှင်မရဲ့ နာမည်ကို ရေးလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲဗျ။"

မဖြစ်နိုင်သည့်စကားဆိုသော်လည်း မျက်နှာပြောင်ပြောင်ပြောလာသည့် သူ့စကားကြောင့် ရယ်လိုက်မိတော့ သူကလည်း လိုက်ရယ်ကာ လက်မောင်းကို ထပ်ကမ်းပေးလာသည်။

"ဆက်ပြီး လမ်းလျှောက်ကြမလားဗျ။"

~~~~

လမ်းလျှောက်ပြီးသွားတော့ အနောက်နန်းဆောင်သို့ ပြန်လာခဲ့သည်။

ရေချိုးပြီး၍ အဝတ်လဲနေစဉ် နယ်စားကတော် အယ်လီဇာက ရုတ်တရက် "ဘုရားရေ" ဟု အလန့်တကြားအော်လေ၏။

"ဘာဖြစ်တာလဲ။"

သူက ပြတင်းပေါက်ကိုကြည့်ကာ ရယ်နေသည်။

ဘာများပါလိမ့်ဟု အဲ့ဒီဘက်သို့ လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်ဘောင်ပေါ်တွင် ကွီးန် ထိုင်နေသည်ကို တွေ့လိုက်ရ၏။

ထိုအထိက ပုံမှန်ဖြစ်သော်လည်း ယနေ့တော့ ပြတင်းပေါက်ကို ကြည့်နေခြင်းမဟုတ်ဘဲ ပြတင်းပေါက်ဘောင်တွင် နောက်ကျောပေးကာ ထိုင်နေခြင်းက ပုံမှန်နှင့် ကွဲပြားနေသည်။

နယ်စားကတော် အယ်လီဇာက ခပ်တိုးတိုး ရယ်ကာ ပြောပြခဲ့၏။

"ဒီဘက်ကို ပျံလာပြီး ဧကရီအရှင်မ အဝတ်လဲနေတာလည်းမြင်ရော လန့်ပြီးတော့ ပျာယာတွေခတ်ပြီး ကျောပေးထိုင်နေတော့တာပါပဲရှင်။"

"ကွီးန်ကလား။"

"တကယ်ကို ဉာဏ်ကောင်းတဲ့ ငှက်ပါပဲ၊ ဧကရီအရှင်မ။ အဲ့ဒါအပြင် အထီးသဘာဝကို ဒီလိုမျိုး ပြသတဲ့လား။"

အဝတ်လဲပြီးသွား၍ အနားကို လျှောက်သွားချိန်အထိ ကွီးန်က ကျောပေးကာ ထိုင်နေဆဲပင်။

အနားတိုးသွားလိုက်တော့ နားလေးကို ကျွန်မဘက်သို့ လှည့်လာသော်လည်း ကိုယ်ကိုတော့ အနောက်မလှည့်ခဲ့။

"အဝတ်အကုန်ဝတ်ပြီးပြီ။"

လုံးဝိုင်းသော တင်ပါးအိအိလေးကိုတို့ပြီး တီးတိုးပြောလိုက်တော့ ကွီးန်က ထိုအခါမှသာ အိုးတိုးအမ်းတမ်းနှင့် အနောက်လှည့်လာပြီး ကျွန်မနဖူးကို သူ့နဖူးလေးနှင့် ပွတ်သပ်ခဲ့သည်။

"ရှက်လို့ နောက်လှည့်နေတာလား။"

တိုးတိုးလေး မေးလိုက်တော့ ကွီးန်က မှုန်ကုပ်ကုပ်လေးနှင့် ခေါင်းခါပြ၏။

သို့သော် ဤပုံစံလေးက ပိုပြီးပင် ဉာဏ်ကောင်းသယောင်ထင်ရ၍ ထူးဆန်းနေသည်။

ထို့အပြင်...

"ဒီနေ့ အလောတကြီး ပျံလာခဲ့တာလား။ ဘာလို့ အသက်ရှူသံတွေက မြန်နေတာလဲ။"

ပထမဆုံးအကြိမ် စာတိုလေးချည်လျက် ရောက်လာစဉ်က မောပန်းစွာ လာခဲ့သည်ဆိုသော်လည်း ကွီးန်၏သခင် နန်းတော်သို့ ရောက်လာပြီးကတည်းက ပေါ့ပေါ့ပါးပါး သွားလိုက်၊ လာလိုက် လုပ်နေခဲ့သည်။

ယနေ့တော့ ဘယ်နေရာမှ အလျင်စလို ပျံလာမှန်းမသိ၊ အသက်ရှူသံများက မြန်နေ၏။

ကွီန်းက ဆတ်ခနဲတုန်သွားကာ 'စာရွက်ကို ကြည့်ပါ' ဟု ပြောနေသည့်ပုံစံနှင့် ခြေထောက်လေးကို အလျင်အမြန် ဆန့်ထုတ်လာသည်။

ခေါင်းလေးကို ပွတ်ပေးကာ စာရွက်ကို ဖြုတ်လိုက်တော့ သပ်သပ်ရပ်ရပ် ရေးထားသော စာလုံးများကို တွေ့လိုက်ရ၏။

- ကျုပ်ကို ရှာကြည့်နေလားဗျ။

ကွီးန်က ခေါင်းလေးငဲ့ကာ ကျွန်မကို အကဲခတ်နေသည်။

ရေခွက် ထားပေးလိုက်တော့ ပလပ်ပလပ်နှင့် ရေသောက်ရင်း ကျွန်မကို မျက်လုံးထောင့်ကပ်ကာ ကြည့်နေ၏။

ကျွန်မလည်း အကြာကြီး တုံ့ဆိုင်းနေရာမှ စာရွက်ပေါ်တွင် လိမ်ညာ၍ ရေးလိုက်သည်။

-ကြိုးစားပြီး ရှာနေတုန်း။ ခင်ဗျားရော။

ကွီးန်က နှုတ်သီးလေးတွင် ရေစိုနေလျက်မှ အလျင်အမြန် ပျံလာကာ ကျွန်မရေးထားသော စာရွက်ကို စစ်ဆေးကြည့်ခဲ့သည်။

ထို့နောက် လိမ်မနေပါနဲ့ဟု ပြောနေသည့်အလား သူ၏တောင်ပံနှင့် ကျွန်မလက်မောင်းကို ညင်သာစွာ ပုတ်လေ၏။

စာကိုဖတ်ပြီး တုံ့ပြန်သလိုလုပ်နေသည့် သူ့အမူအရာလေးက အင်မတန် ချစ်ဖို့ကောင်းလှ၍ ကျွန်မလည်း သူ၏တင်ပါးလေးကို ပုတ်ပေးလိုက်မိသည်။

-....

~~~~

နှစ်သစ်ကူးပွဲတော် စတင်ခဲ့ပေပြီ။

မနက်နေထွက်သည်နှင့် စိတ်ကူးထဲပေါ်လာသည့် မြင်ကွင်းက ညဘက်တွင် မီးရှူးမီးပန်းများဖောက်ကာ နေ့ဘက်တွင် လျှောက်သွားနေကြသူများ ရယ်ကာမောကာ စကားပြောဆိုနေကြမည့် ပွဲတော်လမ်းရှုခင်းပင်။

နန်းတော်သို့ရောက်လာခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း နှစ်သစ်ကူးပွဲတော်ကို တွေးလိုက်သည်နှင့် ချက်ချင်းပြေးမြင်မိသည့် ပုံရိပ်ကား လက်မထပ်ရသေးခင်က ပျော်ရွှင်ဖွယ် စည်ကားသော ပွဲတော်မြင်ကွင်းဖြစ်၏။

ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အေးမြပြီး စိုစွတ်သော မနက်ခင်းလေညင်းလေးက နှာသီးဖျားကို မရိုးမရွဖြစ်အောင် တို့ထိကျီစယ်သွားသည်။

ခဏလောက် လေကိုရှူသွင်းကာ ပြန်ရှူထုတ်ပြီးနောက် ပြတင်းပေါက်ကို တစ်ဝက်လောက်ပိတ်လိုက်ပြီး အိပ်ရာဘေးတွင် ချိတ်ထားသော ခေါင်းလောင်းကို တီးလိုက်သည်။

ခဏနေတော့ ပုံမှန်ထက် ပိုမိုလှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် နယ်စားကတော် အယ်လီဇာ ဝင်လာ၏။

"ဒီနေ့တော့ မအားရအောင်ကို ပြင်ဆင်ရပါမယ်။ သိတယ်မဟုတ်လားရှင့်။"

နယ်စားကတော်က ကျွန်မကို မြင်သည်နှင့် ပြုံးပြုံးလေး မေးလိုက်ရင်း အဝတ်ဘီရိုထဲမှ ကြိုတင်ပြင်ဆင်ထားသော ဂါဝန်ကို ထုတ်လိုက်သည်။

ဂါဝန်က ဟိုနားဒီနားတွင် ဖြူဆွတ်ဆွတ်ပုလဲလုံးများဖြင့် အလှဆင်ထားလျက်ရှိပြီး စကပ်အောက်နားတွင် နှင်းကဲ့သို့ ဖြူစင်သော ဇာများကို အလွှာလိုက်ထပ်ကာ ချုပ်လုပ်ထား၍ ဖောင်းဖောင်းလေးဖြစ်နေ၏။ ဤဂါဝန်ကား မိခင်ဖြစ်သူက လက်ဆောင်အဖြစ် ပြင်ဆင်ပေးခဲ့ခြင်းပင်။

တိုက်ရိုက်ထုတ်မပြောသော်လည်း ရက်ရှ်တာအကြောင်း ကောလာဟလများ ကြားပြီးသည့်နောက်ပိုင်းတွင် တစ်လျှောက်လုံး စိတ်ပူနေခဲ့သည်။

"ပထမဆုံးနေ့ဆိုတော့ လူတိုင်းက အရမ်းလှအောင် ပြင်ဆင်လာကြမှာပါ။ ဒီလိုနေ့မျိုးမှာ အပြင်လွန်သွားရင် အရမ်းတွေ အားစိုက်ထားတဲ့ပုံပေါက်ပြီး ရယ်စရာပဲဖြစ်သွားပါလိမ့်မယ်။ ဘုရင်မတစ်ပါးဆိုတဲ့ပုံစံကို ပိုပြီးပေါ်လွင်အောင် လုပ်ရမှာပေါ့။"

ရှင်းပြပြီးသည့်နောက် နယ်စားကတော် အယ်လီဇာက 'နှင်းဘုရင်မ' concept နှင့် သွားမည်ဟုပြောပြီး မြန်မြန် ရေချိုးရန် တိုက်တွန်းခဲ့သည်။

မွှေးရနံ့ပါသည့် ရေချိုးကန်ထဲဝင်ကာ အနှိပ်ခံပြီးသည့်နောက် ဆံပင်လျှော်ပြီး အသားအရေကို ပို၍ချောမွေ့အောင် အလှပြင်ပေးကြ၏။

တစ်ထည်လုံး အဖြူရောင်ဖြစ်နေသော ဂါဝန်ကို ဝတ်ဆင်ပြီးသည့်နောက် ဆံပင်ကိုလည်း အပြည့်ချထားကာ ပုလဲများနှင့်သာ အလှဆင်ခဲ့သည်။

အဖြူရောင် ဖိနပ်ကို စီးလိုက်တော့ နယ်စားကတော် အယ်လီဇာ ပြောသည့်အတိုင်း တကယ်ပင် နှင်းတိုင်းပြည်မှ ထွက်လာသူလို ဖြစ်နေ၏။

"ဧကရီအရှင်မကတော့ တကယ်လှတဲ့ ပုဂ္ဂိုလ်ပါပဲ။ ကိုယ်ခစားတဲ့ သခင်မဖြစ်နေလို့ ဒီလိုပြောတာမဟုတ်ဘဲ တကယ်ကို လှတာပါ။"

"ကျေးဇူးတင်ပါတယ် နယ်စားကတော် အယ်လီဇာ။"

နယ်စားကတော် အယ်လီဇာက တစ်ခုခုထပ်ပြောချင်သေးပုံရသော်လည်း ဘာမှမပြောဘဲ ပြုံးနေ၏။

'ဆိုဗီရ်ရှုလည်း ငါ့ကိုမြင်ရင် မှင်တက်သွားမှာ၊ စိတ်ယိုင်သွားမှာ၊ အဲ့ဒီလိုစကားမျိုးတွေပဲနေမှာပေါ့။'

ကျွန်မလည်း စားပွဲပေါ်တွင် တင်ထားသော ယနေ့အတွက် အလုပ်အချိန်ဇယားကို တစ်ခါထပ်စစ်ဆေးပြီးနောက် ပင်မနန်း​ဆောင်သို့ သွားလိုက်သည်။

ဒုတိယနေ့မှစ၍ အရေးမကြီးတော့သော်လည်း ပါတီအကြီးစားကျင်းပသည့် ပထမဆုံးနေ့တွင် ဧကရာဇ်နှင့် ဧကရီက ကပွဲခန်းမကြီးထဲသို့ အတူတူ ဝင်ရပေသည်။

ဆိုဗီရ်ရှုက ကြိုထွက်လာကာ ကျွန်မကို စောင့်နေ၏။

သူက ကျွန်မကို ညင်သာစွာပြုံးပြကာ စောင့်ကြပ်ပို့ဆောင်ပေးရန် လက်မောင်းကို ဆန့်ထုတ်ပေးခဲ့သည်။

စွဲလမ်းမြတ်နိုးရသော ချစ်သူ ရက်ရှ်တာကို ထားခဲ့ရ၍ စိတ်မကောင်းဖြစ်နေမည်ဟု ထင်ထားခဲ့သော်လည်း ထိုသို့သောပုံစံမျိုးမဟုတ်ပေ။

ထင်မထားသည့်အခြေအနေပဲဟုတွေးကာ ကျွန်မလည်း ဆိုဗီရ်ရှု၏ လက်မောင်းကိုတွဲပြီး ကပွဲခန်းမကြီးဆီသို့ လျှောက်လှမ်းလိုက်သည်။

ကပွဲခန်းမ တံခါးက အကျယ်ကြီးဟနေ၏။

ပုံမှန်ထက်ပိုလှသော တူညီဝတ်စုံကို ဝတ်ဆင်ထားကြသည့် တော်ဝင်အစောင့်လေးယောက်က တံခါး၏ ဘေးနှစ်ဖက်တွင်ရပ်နေရာမှ ကျွန်မနှင့် ဆိုဗီရ်ရှုကို မြင်တော့ တံခါးကို အသံအကျယ်ကြီးမြည်အောင် ထုလိုက်ကြသည်။

လူတစ်ယောက်က ခရာငယ်လေးကိုကိုင်ကာ မှုတ်လိုက်၏။

ချက်ချင်းပင် ခန်းမထဲမှ ဆူညံသံများ တိတ်ဆိတ်သွားတော့သည်။

ဆိုဗီရ်ရှုနှင့် ယှဉ်တွဲလျက် ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်တော့ လှေကားအောက်တွင် ကြီးမားလှသော ကပွဲခန်းမကြီးနှင့် ခန်းမထဲမှ အရောင်အသွေးစုံသည့် အားလုံး၏ ဂါဝန်များကို တွေ့လိုက်ရ၏။

ဆိုဗီရ်ရှုက လက်တစ်ဖက်ကို မြှောက်လိုက်တော့ လူများအားလုံး တစ်ပြိုင်နက်တည်း ကျွန်မတို့ကို ဦးညွှတ်အရိုအသေပေးခဲ့ကြသည်။

လူများကို တစ်ချက်ဝေ့ဝဲကြည့်လိုက်မိစဉ် ကိုယ်တိုင်ပင်မသိလိုက်ဘဲ လက်ထဲတွင် အားများဝင်လာ၏။

ကပွဲခန်းမ အလယ်နားတွင် တိုင်းတစ်ပါးသား မှူးမတ်အနွယ်တော်များ ဝန်းရံလျက်ရှိနေသည့် ရက်ရှ်တာကို တွေ့လိုက်ရသောကြောင့်ပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment