အပိုင်း ၅၉ (မြို့စားမင်း အယ်ရ်ဂီ၏ သတိပေးချက်)
အလင်းရောင်စူးရှလျှင် အရိပ်ကလည်း ထင်ရှားစမြဲပင်။
တူအာနီယာ မြို့စားကတော်က လူမှုရေးအသိုင်းအဝိုင်း၏ လိပ်ပြာလေးအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ စိုးမိုးလာခဲ့သည်နှင့်အမျှ ရန်သူများလည်း ပေါများလှ၏။
ဝန်းရံအားပေးသူ များလွန်းလှသည့်အပြင် ဂုဏ်သတင်းနှင့် ကျော်ကြားမှုကလည်း ကောင်းမွန်လွန်းသဖြင့် ရန်သူများပင်လျှင် သူ့အကြောင်း မကောင်းပြောရန် ဝန်လေးကြပေရသည်။
သို့သော်လည်း တိတ်ဆိတ်စွာ နေနေရင်းကပင် ထိုသူများက တူအာနီယာ မြို့စားကတော်၏ အားနည်းချက်များကို ထုတ်ဖော်ပြောဆိုချင်လွန်းသဖြင့် အမြဲတမ်း တရွရွဖြစ်နေခဲ့ကြ၏။
ထိုသို့သောသူများအတွက် မနေ့က မွန်းလွဲပိုင်းတွင် ရက်ရှ်တာ တူအာနီယာ မြို့စားကတော်၏ ရှေ့မှောက်၌ ပြောဆိုခဲ့သော စကားများက အလွန်ပင် ရင်ထဲ၌ ထိထိမိမိရှိကာ ကျေနပ်စရာကောင်းနေတော့သည်။
တူအာနီယာ မြို့စားကတော်ကို မသိမသာ မုန်းတီးနေခဲ့ကြသည့် ရန်သူများက ရက်ရှ်တာ၏ ဧည့်ခန်းဆောင်သို့ ရောက်ရှိလာပြီး ရယ်ကာမောကာ ပွဲကျခဲ့ကြ၏။
“တကယ်တော့လေ လေဒီ ရက်ရှ်တာ တူအာနီယာ မြို့စားကတော်ကို ပြောလိုက်တဲ့စကားကို ကြားရတော့ နည်းနည်းလေး နေသာထိုင်သာရှိသွားတယ်။”
“အမှန်အတိုင်းပြောရရင် ချစ်သူက ငါးယောက်ကပါ့မလား။ မြို့စားကတော်ကို သဘောကျလို့ အနောက်ကလိုက်နေတဲ့သူတွေ ဘယ်နှယောက်တောင်ရှိသလဲလို့။ သူတို့က အကုန်လုံး တစ်ဖက်သတ်အချစ်ပဲတဲ့လား။”
“နဂိုကတည်းက မြို့စားကတော်ကိုယ်တိုင် ဒီမှာတစ်မျိုး ဟိုမှာတစ်မျိုးနဲ့ လိုက်ပြီး မျှော်လင့်ချက်တွေ ပေးနေခဲ့တာကိုး။”
“တကယ့် ဘုရင်မဖြစ်တဲ့ ဧကရီအရှင်မတောင် ငြိမ်နေတာကို သူကပဲ လူမှုရေးအသိုင်းအဝိုင်းရဲ့ ဘုရင်မလိုလိုနဲ့ အမြဲတမ်း ခေါင်းမော့ရင်ကော့နေကတည်းက ရင်ထဲကလိကလိ ဖြစ်နေခဲ့တာပါဆို။”
သူတို့အတွက် ရက်ရှ်တာက ဒိုင်းတစ်ခုလိုပင်။
တူအာနီယာ မြို့စားကတော်ကို ပေါ်တင် မကောင်းပြောနိုင်သော်လည်း ထိုသို့ပြောဆိုခဲ့လျှင်ပင် လူမှုရေးလောက၌ နှိပ်ကွပ်ခံရခြင်းမှ ရှောင်ဖယ်နိုင်သော အရှိန်အဝါရှိသည့် ဒိုင်း။
သူတို့က ရက်ရှ်တာဟူသော ဒိုင်းကာနောက်ကွယ်၌ ပုန်းကွယ်ကာ မြှုပ်နှံထားခဲ့သော မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုရုံသာ။
“ရက်ရှ်တာက ဒီအတိုင်း ကြားခဲ့ရတဲ့စကားတွေကိုပဲ ပြန်ပြောပြခဲ့တာကို...”
“အမှန်အတိုင်းပြောရရင် ကောလာဟလတွေကတော့ အမြဲတမ်း ပြန့်နေတာပဲပေါ့။ စကားမှားသွားရင် မြို့စားကတော်ရဲ့ အပေါင်းအပါတွေက ဝိုင်းပြီး ပစ်မှတ်ထားကြမှာစိုးလို့သာ မပြောရဲခဲ့တာ။”
“အဲ့ဒီ ဝန်းရံပေးနေတဲ့ အပေါင်းအပါတွေက အဲ့လောက်တောင် ထူးခြားလို့လား။”
မှူးမတ်အနွယ်တော် အမျိုးသား၊ အမျိုးသမီးများက ရက်ရှ်တာကို အလယ်တွင်ထားပြီး တိုးတိုးတိုးတိုး ပြောဆိုနေခဲ့ကြကာ သုံးလေးနာရီခန့် ကြာပြီးမှသာ ကျေနပ်အားရသော မျက်နှာများဖြင့် ထွက်သွားခဲ့ကြသည်။
“ဘယ်လိုနေလဲရှင့်။”
သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရက်ရှ်တာက တစ်ချိန်လုံး စကားဝိုင်းတွင် ဝင်မပါဘဲ ခပ်လှမ်းလှမ်းမှ အခြေအနေကို စောင့်ကြည့်နေခဲ့သည့် မြို့စားမင်း အယ်ရ်ဂီထံသို့ ချဉ်းကပ်ကာ မေးလိုက်သည်။
မြို့စားမင်း အယ်ရ်ဂီက မျက်ဝန်းများ မှေးစင်းသွားသည်အထိ ပြုံးပြခဲ့၏။
“တော်တယ်၊ မိန်းကလေး။”
မြို့စားမင်း အယ်ရ်ဂီ၏ ချီးမွမ်းစကားကြောင့် ရက်ရှ်တာက ရှက်ကိုးရှက်ကန်းနှင့် ကိုယ်ကို လိမ်လိုက်သည်။
“ဒီလိုလုပ်ရင် ရပြီလားဟင်။”
“အင်း။ အစ ကောင်းတယ်။”
“ဒါပေမဲ့... ဒီလောက်လေးနဲ့ လူတွေက တူအာနီယာ မြို့စားကတော်ကို ကျောခိုင်းကြပါ့မလား။”
“ဟင့်အင်း၊ အခုချက်ချင်းကြီးတော့ ဒီလောက်လေးနဲ့ ဖြစ်မှာမဟုတ်ဘူးပေါ့။”
“...”
“အခု ဒါက၊ ဒီအတိုင်း အဲ့ဒါပဲ။ မကျေနပ်ချက်တွေ ရှိ၊ မရှိဆိုတာကို အတည်ပြုကြည့်တာ။ တစ်ချက်လောက် မွှေပေးလိုက်တဲ့သဘောပဲပေါ့။”
“အာ... ဒါဆို အခု ဘယ်လို ဆက်လုပ်ရမလဲဟင်။”
ပွင့်ပွင့်လင်းလင်း မေးလာသည့် ရက်ရှ်တာကို ကြည့်ရင်း မြို့စားမင်း အယ်ရ်ဂီက ရယ်လျက် နေရာမှ ထရပ်လိုက်သည်။
“အခုကစပြီး မိန်းကလေး တစ်ယောက်တည်းလည်း ကောင်းကောင်းလုပ်နိုင်မယ်မဟုတ်လား။”
“ရက်ရှ်တာက ဒါမျိုးတွေကို သိပ်ပြီးတော့....”
“ပြောပြီးပြီလေ၊ မိန်းကလေးရဲ့။”
ရက်ရှ်တာ၏အနားသို့ ချဉ်းကပ်လာသော မြို့စားမင်း အယ်ရ်ဂီက ခါးကို ကိုင်းညွှတ်ကာ ရက်ရှ်တာ၏ နားနားသို့ကပ်၍ တိုးညင်းစွာ ပြောခဲ့သည်။
“ချစ်ဖို့တော့ကောင်းပေမဲ့ ကျုပ်က ဒါလိုမျိုးတွေကို သိပ်ပြီး အယုံမလွယ်တတ်ဘူးလို့။”
“ချီး။”
ရက်ရှ်တာက မုန်းတီးဟန်ဖြင့် မျက်စောင်းထိုးလိုက်ရာ မြို့စားမင်း အယ်ရ်ဂီက ရယ်ရင်း ကိုယ်ကို ပြန်မတ်လိုက်သည်။
“မကောင်းပြောနေတာ မဟုတ်လို့ သိပ်လည်း စိတ်မဆိုးပါနဲ့ဦး၊ မိန်းကလေးရဲ့။”
ရက်ရှ်တာက နှုတ်ခမ်းကို စူထားရာမှ မျက်ခုံးကို ပင့်လိုက်သည်။
မြို့စားမင်း အယ်ရ်ဂီက ချက်ချင်းပင် ဧည့်ခန်းတံခါးကိုဖွင့်ကာ စင်္ကြံဘက်သို့ ထွက်သွား၏။
“ဘယ်သွားမလို့လဲ။”
ရက်ရှ်တာက အနောက်မှလိုက်ရန် တားလိုက်သောအခါ မြို့စားမင်း အယ်ရ်ဂီက လှည့်ကြည့်ကာ ခေါင်းခါခဲ့သည်။
“ခဏလောက် အပြင်သွားမလို့လေ။ မိန်းကလေး လိုက်မလာလည်း ရတယ်။ လမ်းလျှောက်ထွက်တာ မဟုတ်လို့။”
“ဘယ်ကို သွားမှာလဲလို့။”
“ဒီအတိုင်းပဲ... ခဏလောက် အပြင်ကို။”
~~~~
သာမန်အရပ်သားများပါမကျန် အားလုံး ပါဝင်ဆင်နွှဲနိုင်သည့် အကြီးစား လူထုပွဲသဘင်များကို တစ်နှစ်လျှင် အနည်းဆုံး လေးကြိမ်မှ အများဆုံး ခြောက်ကြိမ်အထိ ကျင်းပလေ့ရှိသည်။
ထိုပွဲတော်ရက်များကို သတ်မှတ်ရန်အတွက် ယဉ်ကျေးမှုဌာနမှ ညွှန်ကြားရေးမှူးကို ခေါ်ယူကာ ဆွေးနွေးနေခြင်းပင်။
ညွှန်ကြားရေးမှူးက သန့်စင်ခန်းသွားလိုသဖြင့် ခွင့်ပန်ကာ ထွက်သွားပြီးနောက် ကျွန်မလည်း ညောင်းညာနေသော မျက်လုံးအစုံကို အနားပေးရန် ရုံးခန်းအပြင်ဘက်သို့ ခဏထွက်လာခဲ့သည်။
‘ခဏလောက် လမ်းလျှောက်လိုက်ရင် ကောင်းမလား။’
ရှည်လျားလှသော စင်္ကြံလျှောက်လမ်းကို မြင်လိုက်ရတော့ တောင့်တင်းနေသော ကိုယ်လက်များကို ဖြေလျှော့ချင်လာသဖြင့် ဖြည်းဖြည်းချင်း စတင်လျှောက်လှမ်းလိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးစဉ် မနီးမဝေးရှိ တိုင်တစ်ခုတွင် မြို့စားမင်း အယ်ရ်ဂီ မှီရပ်နေသည်ကို တွေ့လိုက်ရ၏။
သူက ဘာလို့ အဲ့ဒီမှာ ရပ်နေတာပါလိမ့်။
ကျွန်မ ခြေလှမ်းရပ်ကာ ကြည့်လိုက်တော့ သူက ပြုံးပြရင်း ကိုယ်ကိုမတ်လိုက်ကာ ကျွန်မထံ ချဉ်းကပ်လာပြီး ဂါရဝပြုနှုတ်ဆက်ခဲ့သည်။
“ဒီမှာ စောင့်နေတာ သုံးနာရီတောင် ရှိသွားပါပြီ။ တကယ်ကို အလုပ်များနေတဲ့ပုံပဲဗျ။”
သူ ဂါရဝပြုရာဘက်သို့ ရွှေညိုရောင် ဆံပင်ကောက်ကောက်များက ဝေ့ဝဲသွား၏။
ကျွန်မ ပို၍ပင် နားမလည်နိုင်ဖြစ်သွားရသည်။
သုံးနာရီတောင် စောင့်နေတယ်တဲ့လား။
ငါ့ကို စောင့်နေတယ်ဆိုတဲ့ သဘောလား။
သို့သော် မြို့စားမင်း အယ်ရ်ဂီက ကျွန်မကို စောင့်နေရလောက်သည့် အကြောင်းရင်းကို စဉ်းစားမရခဲ့ပေ။
အရေးကြီးကိစ္စဆိုရင် လူလွှတ်ပြီး အခစားဝင်ချင်ကြောင်း အကြောင်းကြားမှာပဲကို...
“ဘာကိစ္စများလဲ။”
နားမလည်စွာ မေးလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက 'အာ...လိုရင်းကိုပဲ တန်းပြောရတော့မှာပေါ့' ဟု တီးတိုးရေရွတ်ကာ ခပ်ဖွဖွရယ်ရင်း မေးလာသည်။
“ကောင်းပါတယ်။ မြန်မြန်ဆန်ဆန်ပေါ့။ ကျွန်တော်က ဟိုင်န်ရီရဲ့ သူငယ်ချင်းဆိုတာကို သိထားလားခင်ဗျ။”
“ကြားဖူးပါတယ်။”
“ကြားဖူးတာကိုး။”
“……”
“ကြားဖူးတယ်ပေါ့။”
ဘာပြောမလို့ပါလိမ့်။
မြို့စားမင်း အယ်ရ်ဂီက ‘ကြားဖူးတာကိုး’ ဟု တစ်ယောက်တည်း ရေရွတ်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။
အနေခက်စရာ တိတ်ဆိတ်မှု တဒင်္ဂ ကျရောက်လာ၏။
မြို့စားမင်း အယ်ရ်ဂီက သုံးမိနစ်ခန့် ထိုအတိုင်း နေပြီးမှ ထပ်မေးလာသည်။
“ဟိုင်န်ရီဆီကနေ ဧကရီအရှင်မအကြောင်း တစ်ခါနှစ်ခါလောက် ကြားခဲ့ဖူးပါတယ်။ ဧကန္တ ဟိုင်န်ရီက ကျွန်တော့်အကြောင်းရော ဧကရီအရှင်မကို ပြောပြဖူးလားခင်ဗျ။”
မကြာခဏမဟုတ်သော်လည်း တစ်ကြိမ်တော့ ပြောဖူးသည်။
မကောင်းကြောင်း။
“ခဏခဏတော့ မပြောဖူးပါဘူး။”
အမှန်အတိုင်း ပြန်ဖြေလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက ကျွန်မအနားသို့ နှစ်လှမ်းခန့် တိုးလာကာ မျက်နှာထားကို အကဲခတ်ခဲ့သည်။
“ဧကန္တ ထူးဆန်းတဲ့စကားများ ပြောခဲ့လို့လားခင်ဗျ။”
“ထူးဆန်းတဲ့စကားဆိုတာက...”
“ကျွန်တော့်အကြောင်း မကောင်းတဲ့ဘက်ကနေ ပြောတာမျိုးပေါ့။”
အဖြေက ကွက်တိပင်။
တစ်ဖက်ကလည်း ဖြေရခက်သည့်မေးခွန်း ဖြစ်နေပြန်၏။
သို့သော် ကျွန်မ ခေါင်းခါပြလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက သက်ပြင်းချရင်း နဖူးပေါ်သို့ လက်တင်လိုက်သည်။
“အမြဲတမ်း အဲ့ဒီလိုချည်းပါပဲ။ ဆက်ဆက် သူသဘောကျတဲ့သူဆိုရင် ကျွန်တော့်အကြောင်း မကောင်းပြောတတ်တာလေ။”
တော်ဝင်မင်းသား ဟိုင်န်ရီကလား။
“လူကို ကျိန်စာသင့်အရုပ်တို့၊ သက်ရှိနာနာဘာဝပုံပြင်တို့ အဲ့ဒါမျိုးတွေက ပြောနေကျမို့လို့...”
“...”
“လုံးဝ အလိမ်အညာတွေချည်းပဲမို့လို့ နားထောင်နေစရာ မလိုပါဘူး။”
“... ဘာလို့ ကျွန်မကို ဒီလိုစကားတွေ လာပြောနေတာလဲဆိုတာ၊ ကျွန်မတော့ မြို့စားမင်း အယ်ရ်ဂီရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘူးရှင့်။”
“မနေ့က တွေ့ရသလောက် ဧကရီအရှင်မက ဟိုင်န်ရီ ပေါင်းသင်းနေကျ အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူး ထင်ရလို့ပါ။”
“အဲ့ဒီလိုလူစားမျိုးဆိုတာ ဘယ်လိုလူတွေကို ပြောတာလဲ။”
“ဟိုင်န်ရီတို့၊ ကျွန်တော်တို့လို လူစားမျိုးတွေပေါ့။ အပျော်အပါးလိုက်စားတဲ့ လူစားမျိုးတွေလေ။”
မနေ့က ကျွန်မ ပြုံးပြရင်း ခေါင်းညိတ်ရုံ၊ နှုတ်ဆက်စကားပြောရုံမှလွဲ၍ ပါးစပ်သိပ်မဟခဲ့။
ထို့နောက် လက်ဖက်ရည်ဝိုင်းက မတင်မကျနှင့် ပြီးဆုံးသွားသည့်အခါ ပြန်လာခဲ့ရုံသာ။
စကားသိပ်မပြောခဲ့ရပါဘဲ မနေ့က ကျွန်မကို မြင်သည်နှင့် ကျွန်မက မည်သို့သောလူစားမှန်း ဆုံးဖြတ်နိုင်သတဲ့လား။
“ဒါပေမဲ့ ကွာခြားချက်ကို ပြောရမယ်ဆိုရင် ဟိုင်န်ရီက အရှက်မရှိ ကိုယ်နဲ့ဆန့်ကျင်ဘက် လူစားမျိုးကို လိုချင်နေတာဖြစ်ပြီး၊ ကျွန်တော်ကတော့ အပျော်အပါးသမားအချင်းချင်း အပျော်ပဲပေါင်းရမှန်း သိတတ်တဲ့ကောင်လို့ ပြောရမလား။”
“ကျွန်မက တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ သူငယ်ချင်းဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောနေတဲ့အဓိပ္ပာယ်လား။”
“မဟုတ်ပါဘူး။ အကြံပေးချင်လို့ လာခဲ့တာပါ။”
အကြံပေးမယ်ပေါ့လေ။
“ဟိုင်န်ရီက ဟန်ဆောင်ကောင်းတဲ့ လူစားမျိုးပါ ဧကရီအရှင်မ။ အရှေ့မှာပြောတာနဲ့ နောက်ကွယ်က လုပ်ရပ်က တခြားစီပါပဲ။ ပြုံးနေရင်းနဲ့တောင် လူကို ဒုက္ခပေးနိုင်တဲ့ကောင်ဗျ။”
“....”
“အဲ့ဒီကောင်ရဲ့ အပြောချိုချိုလေးတွေကို အလွန်အကျွံ မယုံကြည်တာ ကောင်းပါလိမ့်မယ်။”
“ရှင်က တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ အရင်းနှီးဆုံးသူငယ်ချင်း မဟုတ်ဘူးလား။”
ဒါနဲ့ ဘာလို့များ တော်ဝင်မင်းသား ဟိုင်န်ရီက မြို့စားမင်း အယ်ရ်ဂီကို မကောင်းပြော၊ မြို့စားမင်း အယ်ရ်ဂီကလည်း တော်ဝင်မင်းသား ဟိုင်န်ရီကို ပြန်ပြီးမကောင်းပြောနေတာပါလိမ့်။
အံ့ဩလွန်း၍ မေးလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက တည်ငြိမ်စွာပြုံးလျက် စကားဆိုလာသည်။
“နဂိုကတည်းက ကျွန်တော့်ကို ဒီခေါ်ခဲ့တာက ဟိုင်န်ရီပါ။ အဲ့ဒီကောင်က အဲ့ဒါကို ပြောပြဖူးလားဗျ။”
ကျွန်မ ခေါင်းခါပြလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက ထိုသို့ဖြစ်မည်ကို သိပြီးသားအတိုင်း စကားဆက်ခဲ့သည်။
“ဟိုင်န်ရီ အဲ့ဒီကောင်က လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကတည်းက အကောင်အထည်ဖော်ခဲ့တဲ့....”
သို့သော် မြို့စားမင်း အယ်ရ်ဂီ စကားမဆုံးသေးခင်မှာပင် တစ်စုံတစ်ယောက်က နံရံကို ဒေါက်ဒေါက်ဟု ခေါက်ခဲ့သည်။
လှည့်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ခပ်စောင်းစောင်း ရပ်နေရင်း မြို့စားမင်း အယ်ရ်ဂီကို စိုက်ကြည့်နေ၏။
“လာပြန်ပြီလား တိုင်းတစ်ပါးသား။ တိုင်းတစ်ပါးသား နောက်တစ်ယောက်ကိုး။”
မြို့စားမင်း အယ်ရ်ဂီက ဆိုဗီရ်ရှုကို ဦးညွှတ်ဂါရဝပြုကာ အန္တရာယ်ပြုမည့်သူမဟုတ်သလို ပြုံးပြပြီး ထွက်ခွာသွားသည်။
မြို့စားမင်း အယ်ရ်ဂီ ဝေးရာသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဆိုဗီရ်ရှုက ကိုယ်ကိုမတ်လိုက်ကာ ကျွန်မကို မေးလာ၏။
“ဒီလောက်ဆိုရင်တော့ သေချာနေတဲ့ပုံပဲ။ တစ်ယောက်က အနောက်ဘုရင့်တိုင်းပြည်က၊ တစ်ယောက်က လွီပ်(ထ်)က၊ နောက်တစ်ယောက်က ဘလူး ဘိုဟဲယန်းက။ ဧကရီက ကျိန်းသေပေါက် တိုင်းတစ်ပါးသားတွေကို သဘောကျတာ သေချာနေပြီ။ မဟုတ်ဘူးလား။”
ယခင်တစ်ခါ ထူးဆန်းလှသော ခန့်မှန်းချက်က ယခုတစ်ဖန် ပြန်လည်အစပေါ်လာသည်။
အခုတလော ငြိမ်နေတယ် မှတ်နေတာကို။
ကျွန်မ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တော့ ဆိုဗီရ်ရှုက မြို့စားမင်း အယ်ရ်ဂီ ထွက်သွားသည့်ဘက်သို့ လက်ညှိုးညွှန်ရင်း ပြောလာ၏။
“ဧကရီက ယောက်ျားဆိုလို့ ငါ့အပြင် မဆုံဖူးတော့ မသိတာထင်တယ်။ အပြောလေးကောင်းရုံနဲ့ ယောက်ျားကောင်းမဖြစ်ဘူး။”
မြို့စားမင်း အယ်ရ်ဂီကဖြင့် အပြောကောင်းလေးတွေတောင် ပြောမသွားတာကို။
စကားထောက်မည့်အစား အံ့ဩလွန်း၍ ပြန်မေးလိုက်မိသည်။
“ဒါဆို ဘယ်လိုယောက်ျားမျိုးက ယောက်ျားကောင်းလဲရှင့်။”
“……”
အသိစိတ်လေးရှိသေးလျှင် ငါပဲဟုတော့ ပြောမည်မဟုတ်။
သို့သော် ဆိုဗီရ်ရှုက အသိစိတ်မရှိပေ။
“ငါလေ။”
တကယ်ကြီးလား။
မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက မကျေမနပ် မျက်နှာဖြင့် အကြည့်လွှဲကာ သက်ပြင်းချလိုက်လေသည်။
~~~~
Miel's Translations