no

Font
Theme

အပိုင်း ၁၁၅ (ထပ်တူ အံ့ဩတုန်လှုပ်သွားခဲ့ရသော ဟိုင်န်ရီ)

“ခဏလောက် ဒီမှာ စောင့်နေပေးပါဦး။”

ဖာရ်အန်း မားကီးစ်က တိုးတိုးရေရွတ်ရင်း ပင်မဂိတ်တံခါးဘက်သို့ လျှောက်သွားခဲ့သည်။

တံခါးကိုမဖွင့်ဘဲ ကိုယ်ရံတော်စစ်သည်တစ်ဦးကို စကားလှမ်းပြောလိုက်သော်လည်း၊ ထိုစစ်သည်တော်က ခေါင်းပင် လှည့်မကြည့်ခဲ့ချေ။

ဖာရ်အန်း မားကီးစ်က ခြံတံတိုင်းအနီးရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ တက်ကာ အပြင်ဘက်ကို အကဲခတ်ကြည့်ပြီးနောက်၊ စုတ်တစ်ချက်သပ်ရင်း ကျွန်မတို့ရှိရာဘက်သို့ ပြန်လာကာ ပြောခဲ့သည်။

“ခြံရှေ့တင်မကဘူး၊ စံအိမ်တစ်ခုလုံးကို စစ်သည်တော်တွေ ဝိုင်းထားကြတာပါ။”

မဟုတ်မှ။

ဆိုဗီရ်ရှုက၊ ငါ့ကို အချုပ်ချာထားဖို့ ကြံစည်နေတာလား။

ကျွန်မကိုယ်တိုင် ပင်မဂိတ်တံခါးကြီးရှိရာသို့ သွားပြီး စစ်သည်တော်များကို အကဲခတ်ကြည့်လိုက်သည်။

တော်ဝင်ကိုယ်ရံတော်များက ကျွန်မကို မြင်လိုက်ရသည်နှင့် ဘာလုပ်ရမှန်းမသိဖြစ်သွားကာ အချင်းချင်း မျက်ရိပ်ပြကုန်ကြ၏။

စိတ်မကောင်းပါဘူးဟူသော မျက်နှာထားမျိုး ရှိနေကြသော်လည်း ဖယ်ပေးခြင်းတော့ မရှိကြပေ။

“ဒီမှာ ဘာလာလုပ်နေကြတာလဲ။”

“တောင်းပန်ပါတယ်၊ ဧက…… လေဒီ နာဗီရယ်။”

“တောက်လျှောက် ဒီအတိုင်း ဆက်ပြီး ရပ်နေကြဦးမှာလား။”

“အရှင်ဧကရာဇ်ရဲ့ အမိန့်တော် ရှိထားလို့ပါ။”

သူတို့က အကျပ်ရိုက်နေကြသော်လည်း ပြတ်သားမှုတော့ ရှိနေဆဲပင်။

“အရှင်ဧကရာဇ်နဲ့ ကိုယ်တိုင် သွားတွေ့မယ်။ ဖယ်ပေးကြ။”

ကျွန်မ ဒေါသကို မျိုသိပ်ရင်း တံခါးကို တွန်းဖွင့်ကာ အမိန့်ပေးလိုက်သည်။

သို့သော်လည်း စစ်သည်တော်များက တံခါးကို ကိုယ်နှင့် ပိတ်ဆို့ထားကြသဖြင့် ကျွန်မအနေနှင့် တံခါးကိုဖွင့်ရန်ပင် မတတ်နိုင်တော့ချေ။

“....”

ကျွန်မ အံ့ဩမှင်တက်စွာ စိုက်ကြည့်လိုက်တော့၊ သူတို့က မျက်လုံးချင်း မဆုံဝံ့ကြသဖြင့် အကြည့်များကို ဟိုဟိုဒီဒီ လွှဲဖယ်နေကြသော်လည်း နေရာမှမူ လုံးဝ မရွေ့ကြပေ။

ဘယ်အချိန်ကတည်းက အနောက်သို့ ရောက်ရှိလာသည်မသိ၊ ဟိုင်န်ရီက အေးစက်သောအသံဖြင့် ခပ်တိုးတိုး​ ရေရွတ်ခဲ့သည်။

“အနောက်ဘုရင့်တိုင်းပြည်ရဲ့ ဘုရင်နဲ့ မိဖုရားကို အချုပ်ချထားတယ်ပေါ့လေ။ နိုင်ငံတကာပြဿနာအထိ ကြီးထွားသွားနိုင်တဲ့ ကိစ္စရပ်ဆိုတာ မသိကြဘူးလား။”

တစ်ကိုယ်တည်း ​ရေရွတ်သည့် စကားမျိုးဖြစ်သော်လည်း ယင်းက ခြိမ်းခြောက်မှုတစ်ခုပင်။

စစ်သည်တော်များလည်း ပျာယာခတ်ကုန်ကြကာ နှုတ်ခမ်းများကိုသာ တောက်လျှောက် တင်းတင်းစေ့ထားကြ၏။

သို့သော်လည်း ထိုစကားကို တုံ့ပြန်လာသူကမူ အခြားတစ်ဦးဖြစ်နေခဲ့သည်။

“နိုင်ငံတကာ ပြဿနာကို ဂရုစိုက်ပါတယ်ဆိုတဲ့လူက သူများရဲ့ဇနီးကို လုယူသတဲ့လား။”

ဆိုဗီရ်ရှုပင်။

စစ်သည်တော်များ ဝိုင်းအုံပိတ်ဆို့ထားကြသဖြင့် မမြင်ခဲ့ရခြင်းသာ။

ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ၊ ဆိုဗီရ်ရှုက အရှေ့တည့်တည့်သို့ ရောက်ရှိနေပေပြီ။

ဆိုဗီရ်ရှု ရောက်လာတော့မှ စစ်သည်တော်များလည်း ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဖယ်ပေးကြတော့သည်။

ဆိုဗီရ်ရှုက အဖြူရောင် သံတံခါးကြီးကို ကြားခံထားလျက် ကျွန်မနှင့် ဟိုင်န်ရီကို တစ်လှည့်စီ စိုက်ကြည့်လာ၏။

“ကျုပ်က ‘သူများရဲ့ ဇနီး’ ကို လုယူဖူးတာမျိုး မရှိတာကို။”

“အလို။ ပထမမြောက် ဟိုင်န်ရီ။ အဲ့ဒီလို အလိမ်အညာမျိုး ပြောချင်တယ်ဆိုရင်၊ မနေ့ကလို ကိစ္စမျိုးကို မဖန်တီးဘဲနေခဲ့မှပေါ့။”

“ကွာရှင်းပြတ်စဲလိုက်တဲ့ အခိုက်အတန့်မှာတင် အရှင်ဧကရာဇ်က လေဒီ နာဗီရယ်နဲ့ ဘာမှမပတ်သက်တော့တဲ့လူ ဖြစ်သွားပါပြီ။ ‘သူများရဲ့ ဇနီး’ ဆိုတာမျိုး လုံးဝ မဟုတ်တော့ပါဘူး။”

ဆိုဗီရ်ရှုက ဟိုင်န်ရီ၏ စကားကြောင့် အံကြိတ်မိတော့သည်။

အိပ်ရေးပျက်ထား၍လားမသိ၊ သူ့မျက်လုံးအောက်တစ်ဝိုက်တွင် မျက်ကွင်းများညိုမည်းနေ၏။

ပုံမှန်အတိုင်း ထည်ဝါခန့်ညားသောအသွင် ရှိနေဆဲဖြစ်သော်လည်း အလွန်ပင်ပန်းနွမ်းနယ်နေသည့်ပုံပင်။

ကွာရှင်းပြတ်စဲပြီးသွားပြီဖြစ်၍ ဝမ်းသာအားရနှင့် ရှမ်ပိန်ပင် ဖောက်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ကျွန်မက ချက်ချင်း ပြန်လည်ထိမ်းမြားလိုက်ခြင်းကြောင့် အောင်ပွဲခံခွင့် မရခဲ့ပုံပင်။

စိတ်ထဲတွင် ကျေနပ်သလို ခံစားလိုက်ရသော်လည်း အပြင်ပန်းတွင် အမူအရာ မပြမိစေရန် တည်ငြိမ်သော မျက်နှာထားကိုသာ ထိန်းထားလိုက်သည်။

သို့သော်လည်း ဆိုဗီရ်ရှုကမူ ပင်ပန်းနွမ်းနယ်မှုကြောင့်လားမသိ၊ တည်ငြိမ်မှုကို မထိန်းနိုင်ခဲ့ပေ။

သူက သံတံခါးကို လက်တစ်ဖက်ဖြင့် ကြမ်းတမ်းစွာ ဆွဲကိုင်ကာ လှုပ်ခါလိုက်ရာ တံခါးဆီမှ ဂျိန်းဂျိန်းဂျုန်းဂျုန်း အသံများ ထွက်ပေါ်လာတော့သည်။

ထိုအခြေအနေအတိုင်း ဆိုဗီရ်ရှုက ဟိုင်န်ရီကို အော်ဟစ်ပြောဆိုလေ၏။

“အပျော်အပါးလိုက်စားတဲ့ဘုရင်၊ ပထမမြောက် ဟိုင်န်ရီ။ ခင်ဗျားက ဖြူစင်တဲ့ နာဗီရယ်ကို ဖြားယောင်းသွေးဆောင်ခဲ့တာမဟုတ်လား။”

လက်ထပ်ခွင့်တောင်းခဲ့သူက ကျွန်မကိုယ်တိုင်ဖြစ်သဖြင့် ဟိုင်န်ရီအတွက်မူ မတရားစွပ်စွဲခံရသည့် မေးခွန်းပင်။

သို့သော်လည်း ကျွန်မ၏ သိက္ခာကို ငဲ့ညှာ၍လားမသိ၊ ဟိုင်န်ရီက ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ချေ။

အဆုံးတွင် ကျွန်မကိုယ်တိုင် ကြားဝင်ကာ “လက်ထပ်ခွင့် တောင်းခဲ့တာ ကျွန်မပါ” ဟု ပြောလိုက်ရာ ဆိုဗီရ်ရှုတစ်ယောက် နောက်စေ့ဖြတ်ရိုက်ခံလိုက်သလို မျက်နှာထားဖြင့် ကျွန်မကို ကြောင်အမ်းအမ်း စိုက်ကြည့်ရင်း မေးလာသည်။

“အဲ့ဒီလောက်အထိတောင် လုပ်ပြီး အဲ့ဒီလူဘက်ကနေ ရပ်တည်ပေးချင်နေတာလား။”

အမှန်တရားကို ပြောပြခဲ့သည့်တိုင်၊ ဆိုဗီရ်ရှုကမူ ဟိုင်န်ရီက ဖြားယောင်းပြီး ကျွန်မက ထိုနောက်သို့ ပါသွားခဲ့သည်ဟု ဆက်လက်ယုံကြည်နေဆဲပင်။

“တကယ်ပြောနေတာပါ။”

ထပ်မံ၍ အတည်ပြုပေးလိုက်ရာ ဆိုဗီရ်ရှုက ယခုမှ ဟားဟားဟု အံ့ဩမှင်တက်စွာ ရယ်လိုက်ပြီးနောက် ကျွန်မကို မေးလာသည်။

“ငါ့ကို ကလဲ့စားချေချင်လို့ ဒီလိုလုပ်တာလား။”

“ကလဲ့စား။”

“ငါက အဲ့ဒီလူကို မုန်းလို့၊ ငါ့ကို ဒေါသထွက်စေချင်လို့ အဲ့ဒီလူကို ရွေးချယ်ခဲ့တာလား။”

“မဟုတ်ပါဘူး။”

“အဲ့ဒီ သူငယ်နှပ်စားက အဆင်အခြင်အမြော်အမြင်မရှိတဲ့ ကလေကချေမှန်း မင်း မသိဘူးလား။ ကလဲ့စားချေချင်ရုံနဲ့ မင်းရဲ့ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်စရာ မလိုဘူးလေ။”

“မပျက်စီးပါဘူး။”

“အဲ့ဒီလူက နာဗီရယ်၊ မင်းကို အသုံးချနေရုံသက်သက်ပဲ။”

“အချင်းချင်း အပြန်အလှန် အသုံးချကြတာပါ။”

“...”

“...”

ကျွန်မ၏ အဖြေကြောင့် ဆိုဗီရ်ရှု၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ထူးဆန်းသည်က ဘေးနားတွင် ပြုံးနေခဲ့သော ဟိုင်န်ရီပါ ထပ်တူ မျက်လုံးပြူးသွားခဲ့ခြင်းပင်။

အာ…… ဟုတ်သားပဲ။

ဤကဲ့သို့သောအခြေအနေမျိုးတွင် ကျွန်မတို့က နှစ်ဦးနှ၀်ဖက် အကျိုးစီးပွားအတွက် လက်ထပ်ခြင်းဖြစ်ကြောင်း တကူးတက အသိပေးရန် မလိုအပ်ပေ။

သို့သော်လည်း ယခုမှ ပြန်လည်ပြင်ဆင်ပြောဆိုရန်က ပို၍ အနေခက်စရာဖြစ်သွားသဖြင့်၊ နောက်မှသာ သူ့ကို တောင်းပန်ရန် ဆုံးဖြတ်ကာ ဆိုဗီရ်ရှုကိုသာ စိုက်ကြည့်နေလိုက်သည်။

ဆိုဗီရ်ရှု၏ နက်မှောင်သော မျက်လုံးများက ပြင်းထန်စွာ တုန်လှုပ်နေ၏။

မျက်နှာထားကိုသာ ကြည့်ရုံကြည့်မည်ဆိုလျှင် ကျွန်မကပဲ သူ၏ ရာဇပလ္လင်ကို လုယူသွားသလိုပင်။

“အံ့ဩနေစရာ မလိုပါဘူး။ အရှင်ဧကရာဇ် သွားချင်တဲ့လမ်းကိုသာ ဆက်ပြီးလျှောက်လှမ်းပါ။ အရှင်ဧကရာဇ် အတူလျှောက်လှမ်းချင်တဲ့ လူနဲ့ အတူတူ။”

“ငါ အတူတူရှိနေချင်တဲ့လူက နာဗီရယ်၊ မင်းတစ်ယောက်တည်းပဲ။”

“ဒါပေမဲ့ မနေ့က ကျွန်မကို ကွာရှင်းပြတ်စဲမှု တရားခွင်ပေါ် တင်ခဲ့တာကလည်း အရှင်ဧကရာဇ်ကိုယ်တိုင်ပါပဲ။”

“အဲ့ဒါက……”

ဆိုဗီရ်ရှုက ပါးစပ်အဟောင်းသားဖြစ်သွားပြီးမှ၊ ဟိုင်န်ရီကို တစ်ဖန် ပြန်စိုက်ကြည့်ခဲ့သည်။

“မင်းအကြောင်း ဘာတစ်ခုမှမသိတဲ့ အဲ့ဒီလို သူငယ်နှပ်စား မနူးမနပ်ကောင်ဆီ ပို့ပေးဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူး။”

ဟိုင်န်ရီကမူ စောစောက ကျွန်မ၏အဖြေကို ကြားလိုက်ရပြီးကတည်းက ယခုအထိ ငေးငိုင်နေဆဲပင်။

မိမိထံသို့ မြားဦးလှည့်လာသည့်တိုင်အောင် ချက်ချင်း ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိလောက်အောင် ဖြစ်နေသည်။

‘ဒီလောက်အထိ အံ့ဩသွားရမဲ့ စကားမျိုးမို့လို့လား။’

ကျွန်မ သူ့ဝတ်ရုံစကို အသာအယာ ဆွဲကိုင်ကာ လှုပ်ခါလိုက်တော့မှသာ ဟိုင်န်ရီက နောက်ကျမှ ပေါ့ပေါ့ပါးပါး ပြုံးပြရင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

“ဒါပေမဲ့ အဲ့ဒီ သူငယ်နှပ်စားမှာ လေဒီ နာဗီရယ်အကြောင်း လေ့လာဖို့ အချိန်တွေ အများကြီးရှိနေပါသေးတယ်၊ အရှင်ဧကရာဇ်။”

“ပထမမြောက် ဟိုင်န်ရီ……”

ဆိုဗီရ်ရှုက ယခုမူ လက်နှစ်ဖက်စလုံးဖြင့် သံတံခါးကို ဆွဲကိုင်လိုက်၏။

သို့သော်လည်း ထိုထက်ပို၍ စကားမဆက်နိုင်တော့ချေ။

“အရှင်ဧကရာဇ်။”

ဘေးနားတွင် ရပ်နေခဲ့သော မားကီးစ် ကားလ်က ဆိုဗီရ်ရှု၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောခဲ့သောကြောင့်ပင်။

“စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးပါ။”

ဆိုဗီရ်ရှုက ထိုအခါမှ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး၊ ကျွန်မလည်း ဘေးဘီကို အကဲခတ်မိသွားသည်။

‘ဒုက္ခပါပဲ’

တကယ်ပင် ကြည့်နေကြသူ များပြားလှ၏။

စစ်သည်တော်များဖြင့် ပြည့်နှက်နေသည့်အပြင် ပင်မဂိတ်တံခါးကြီးရှေ့တွင် ပေါ်တင်စကားများနေကြသဖြင့် လူအများ လာရောက်ဝိုင်းအုံကြည့်ရှုနေကြခြင်းပင်။

ဆိုဗီရ်ရှုက အံတင်းတင်းကြိတ်ကာ ဟိုင်န်ရီနှင့် ကျွန်မကို စိုက်ကြည့်ခဲ့သော်လည်း၊ မတတ်သာတော့သဖြင့် လှည့်ထွက်ကာ မြင်းရထားပေါ်သို့ တက်သွားတော့သည်။

သူ့ကို တင်ဆောင်ထားသော မြင်းရထားက အလျင်အမြန် ပျောက်ကွယ်သွား၏။

သို့သော်လည်း ဆိုဗီရ်ရှု ချန်ထားခဲ့သော စစ်သည်တော်များကမူ သူတို့နေရာ၌သာ ဆက်လက်၍ရပ်နေကြဆဲပင်။

ဤနေရာတွင် ဆက်ရှိနေရန် မလိုအပ်တော့သဖြင့် ကျွန်မနှင့် ဟိုင်န်ရီလည်း ဦးစွာ အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။

အခြေအနေကို ရှင်းပြလိုက်တော့၊ မိခင်ဖြစ်သူက အိမ်တော်တစ်ခုလုံးကို အချုပ်ချထားစရာ အကြောင်းမရှိသဖြင့် အစေခံအဖြစ် အသွင်ပြောင်းကာ ထွက်ခွာကြည့်ရန် အကြံပြုလာ၏။

ယခုအခြေအနေအတိုင်း လဝက်ခန့် ဆက်လက်နေထိုင်သွားပါက အပြီးအပိုင် အဖမ်းခံရနိုင်ခြေရှိသဖြင့်၊ ကျွန်မလည်း ထိုသို့လုပ်ဆောင်ရန် သဘောတူလိုက်သည်။

သို့သော်လည်း စမ်းသပ်မှုအနေဖြင့် အစေခံမိန်းကလေးတစ်ဦးကို စေလွှတ်ကြည့်ရာ၊ ထိုနည်းလမ်းက လုံးဝ အသုံးမဝင်ကြောင်း သိလိုက်ရ၏။

အစေခံကို ပေးထွက်သော်လည်း၊ စစ်သည်တော်များက မျက်နှာကို သေချာစွာ စစ်ဆေးခဲ့ကြသောကြောင့်ပင်။

ဖျတ်လတ်ပေါ့ပါးသော အစေခံအမျိုးသားတစ်ဦးကို ခြံတံတိုင်းကျော်ခိုင်းကြည့်ရာ၊ ထိုအစေခံပါ ခြံတံတိုင်းကျော်ပြီး ပြန်လည်ပစ်ချခြင်း ခံခဲ့ရသည်။

အတိအကျ မည်သူမည်ဝါကို အချုပ်ချထားကြောင်း သိရှိနိုင်ရန် မိသားစုဝင်များ တစ်ဦးချင်းစီ ထွက်ကြည့်ကြရာ၊ သူတို့ ဖမ်းဆီးထားလိုသည့် ပစ်မှတ်က ကျွန်မနှင့် ဟိုင်န်ရီ နှစ်ဦးတည်းသာဖြစ်ကြောင်း ထင်ရှားသွားတော့၏။

နောက်တစ်နေ့တွင် မိဘနှစ်ပါးက ကျွန်မကို လွှတ်ပေးရေး တောင်းဆိုရန်အတွက် ဆိုဗီရ်ရှုနှင့် တွေ့ဆုံရန် ကြိုးစားခဲ့ကြသော်လည်း၊ ဆိုဗီရ်ရှုက မိဘနှစ်ပါးကို တွေ့ခွင့်မပေးခဲ့ချေ။

ဤအခြေအနေအထိ ရောက်လာတော့ ကျွန်မလည်း စတင်ပူပန်လာမိတော့သည်။

‘အချိန်အကြာကြီး အချုပ်ခံထားရလေ၊ ဟိုင်န်ရီအတွက် ပိုမကောင်းလေဖြစ်မှာကို……’

တိုင်းတစ်ပါးမှ ဧကရီနှင့် ပြန်လည်ထိမ်းမြားရန်အတွက် ကိုယ့်သဘောအတိုင်း တစ်ကိုယ်တည်း လှုပ်ရှားခဲ့ရာမှ အဖမ်းခံလိုက်ရသော ဘုရင်။

ကျွန်မကို အသာထား၊ အနောက်ဘုရင့်တိုင်းပြည်အတွင်း ဟိုင်န်ရီနှင့် ပတ်သက်သည့် ဂုဏ်သတင်း သေးသိမ်ညှိုးနွမ်းသွားမည်ကို စိုးရိမ်မိရ၏။

ထိုကဲ့သို့သော စိတ်အခြေအနေကို ရိပ်မိသွား၍လားမသိ။

“အဆင်ပြေပါတယ်။”

ဟိုင်န်ရီက ပြတင်းပေါက်နားတွင်ရပ်ကာ စစ်သည်တော်များကို ငုံ့ကြည့်နေသည့် ကျွန်မဘေးနားသို့ ချဉ်းကပ်လာပြီးနောက်၊ ညင်သာစွာ ကျွန်မ၏လက်ကို ဆုပ်ကိုင်လာခဲ့သည်။

“ပွက်လောမရိုက်ဘဲ အသာတိတ်တိတ် ထွက်သွားနိုင်တာက အကောင်းဆုံးဆိုပေမဲ့…… အဲ့ဒီလို ဖြစ်မလာခဲ့ရင်လည်း ကြိုတင်ပြင်ဆင်ထားတာမျိုး ရှိပါတယ်။”

“ဆာ မက်ကန်နာကို ပြောတာလားဟင်။”

“ဟုတ်ပါတယ်။ ရက်ပိုင်းလောက်ကြာရင် အနောက်ဘုရင့်တိုင်းပြည်ဘက်ကနေ တရားဝင် ကန့်ကွက်ရှုတ်ချလွှာ ရောက်လာပါလိမ့်မယ်။”

ဟိုင်န်ရီက နှုတ်ခမ်းထောင့်စွန်းကို အသာပင့်တင်ရင်း ထပ်လောင်းပြောခဲ့၏။

“ကွီးန်ရဲ့ ခင်ပွန်းဟောင်းက စဉ်းလဲတဲ့လူဆိုပေမဲ့ ဧကရာဇ်တစ်ပါးအနေနဲ့တော့ အလုပ်လုပ်တာ ကျွမ်းကျင်တဲ့လူမို့လို့လေ။ အဲ့ဒီအခြေအနေရောက်လာရင် မတတ်သာဘဲ စစ်သည်တော်တွေကို ပြန်ရုပ်သိမ်းပေးရမှာပါ။”

“ဒါဆိုရင်တော့ တော်သေးတာပေါ့……”

အဲ့ဒီလိုဆိုရင်တော့ စိတ်အေးရမှာပဲ……

“အဲ့ဒါထက်၊ ဟို။ ကွီးန်။ မေးချင်တာလေး ရှိလို့ပါ။”

“မေးပါ၊ ဘာပဲဖြစ်ဖြစ်။”

“ဟို……မနေ့က ပြောခဲ့တဲ့ စကားအကြောင်းပါ။”

“....”

“အဲ့ဒါက……”

မနေ့က ပြောခဲ့သည့် စကားက များပြားလှသဖြင့် သူ ဘာကိုဆိုလိုမှန်း ကျွန်မ မသိခဲ့။

ကျွန်မ စိုက်ကြည့်လိုက်တော့၊ ဟိုင်န်ရီက အကြည့်ကို အောက်သို့ချကာ တုံ့ဆိုင်းနေခဲ့ရာမှ ပြုံးလျက် ခေါင်းခါပြလာသည်။

“ဘာမှမဟုတ်တော့ပါဘူး။”

‘ဘာဖြစ်လို့ အဲ့ဒီလို ဖြစ်နေရတာပါလိမ့်။’

အာ။ ဧကန္တ။

“ကျွန်မတို့က နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် လက်ထပ်တာပါဆိုပြီး ထုတ်ပြောလိုက်မိလို့ စိတ်ခုသွားတာလား။”

“ဗျာ။”

“တောင်းပန်ပါတယ်။ မစဉ်းမစား ဖွင့်ပြောလိုက်မိသလို ဖြစ်သွားတယ်။”

ဟိုင်န်ရီက ကျွန်မကို ကြောင်အမ်းအမ်း စိုက်ကြည့်နေရာမှ ပါးကိုကုတ်ရင်း ဘာမှန်းအဓိပ္ပာယ်ဖော်မရသော အပြုံးမျိုး ပြုံးပြလာသည်။

“အဲ့ဒါကြောင့် မဟုတ်ပါဘူး……”

မဟုတ်ဘူးပေါ့လေ။

ဟိုင်န်ရီ သက်ပြင်းတစ်ချက် ချလိုက်၏။

ထို့နောက် ကျွန်မကို ဆုပ်ကိုင်ထားသော လက်ကို တင်းတင်းကျပ်ကျပ်ညှစ်ရင်း တိုးတိုးလေး ကပ်ပြောလာသည်။

“ကျွန်တော်ကတော့ ကွီးန်ကို နှစ်ဖက်အကျိုးစီးပွားအရ လက်တွဲဖော်သက်သက်လို့ မသတ်မှတ်ထားပါဘူး။”

“....”

“အဲ့ဒီစကားကို ပြောပြချင်ခဲ့တာပါ။”

~~~~

“အရှင်ဧကရာဇ်။ လေဒီ နာဗီရယ်က ထားလိုက်ပါဦး၊ ပထမမြောက် ဟိုင်န်ရီကိုတော့ တစ်ဆိတ် ပြန်လွှတ်ပေးသင့်ပါပြီ။”

မားကီးစ် ကားလ်က စိုးရိမ်တကြီးဖြင့် ဆိုဗီရ်ရှုကို လျှောက်တင်ခဲ့သည်။

ဧကရီဟောင်းနှင့် ပထမမြောက် ဟိုင်န်ရီကို အိမ်တော်မှ ထွက်ခွင့်မပြုဘဲ ပိတ်လှောင်ထားခဲ့သည်မှာ လေးရက်မြောက် ရှိပေပြီ။

ပထမမြောက် ဟိုင်န်ရီက တိတ်တဆိတ် ရောက်လာခဲ့သည်ဖြစ်စေ၊ မရောက်လာခဲ့သည်ဖြစ်စေ ပြန်လည်ထိမ်းမြားမည့် ကောလာဟလက အနှံ့အပြား ပျံ့နှံ့နေခဲ့ပြီဖြစ်ရာ၊ အနောက်ဘုရင့်တိုင်းပြည်ဘက်မှ ဘုရင်၏ တည်နေရာကို သိရှိသွားရန်က အချိန်ပိုင်းမျှသာ လိုပေသည်။

ထို့အပြင် ​လူသိရှင်ကြား အိမ်တော်တွင် ပိတ်လှောင်ထားခြင်းဖြစ်သဖြင့်၊ မိမိတို့၏ ဘုရင်က အရှေ့အင်ပါယာ မြို့တော်တွင် ရှိနေမှန်းလည်း သိရှိသွားကြပေလိမ့်မည်။

ဤအတိုင်း ဆက်သွားပါက နိုင်ငံတကာပြဿနာအထိ ကြီးထွားသွားမည်မှာ အမှန်ပင်။

“အနောက်ဘုရင့်တိုင်းပြည်က အင်ပါယာအဖြစ် ကြေညာထားတာမျိုး မရှိပေမဲ့ အင်အားတောင့်တင်းတဲ့ တိုင်းပြည်ပါ၊ အရှင်ဧကရာဇ်။”

သိနေသည်။

သိ၏။

သိနေသောကြောင့်လည်း လေးရက်တိုင်တိုင် ခေါင်းခဲနေရခြင်းပင်။

ဆိုဗီရ်ရှုက စိတ်ထဲမှသာ ပြန်ဖြေလိုက်ရင်း နားထင်ကိုဖိကာ မျက်လုံးများကို တစ်ဝက်ခန့် မှိတ်ထားလိုက်သည်။

မားကီးစ် ကားလ်၏ ထပ်ကာတလဲလဲ ပြောနေသော အက်ကြောင်းထပ် အကြောင်းအရာများက ပင်ပန်းနွမ်းနယ်မှုကို ပို၍တိုးပွားလာစေ၏။

“ဆက်ဆံရေး ပျက်ပြားသွားလို့ မဖြစ်ပါဘူး။”

“……”

သို့သော်လည်း အချိန်အတော်ကြာ ဆက်တိုက်ဖြစ်ပေါ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော မားကီးစ် ကားလ်၏ စကားသံက ထူးဆန်းစွာပင် တစ်နေရာ၌ ရပ်တန့်သွားလေသည်။

ကျိန်းသေပေါက် နောက်ထပ် ဝါကျငါးကြောင်းခန့် ထွက်လာဦးမည်ဟု ထင်မှတ်ထားခဲ့သော်လည်း။

ဆိုဗီရ်ရှုက မှိတ်ထားသော မျက်လုံးများကိုဖွင့်ကာ အတွင်းရေးမှူးချုပ်ကို လှမ်းကြည့်လိုက်၏။

မားကီးစ် ကားလ်က အလွန်အကျပ်ရိုက်နေသော မျက်နှာထားဖြင့် ရပ်နေကာ သူ့မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေခဲ့ခြင်းပင်။

“ဘာပြောချင်လို့လဲ။”

ဆိုဗီရ်ရှု သက်ပြင်းချရင်း မေးလိုက်တော့ မားကီးစ် ကားလ်က သတ္တိမွေးကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အကြံပြုလာသည်။

“အရှင်ဧကရာဇ်။ ဖြစ်ချင်ဖြစ် ဒီတစ်ခေါက်တော့ တိုင်းပြည်အချင်းချင်း လက်ထပ်ထိမ်းမြားမှုလို့ သတ်မှတ်ပြီး မင်္ဂလာဂုဏ်ပြုလက်ဆောင် ပေးပြီးတော့ သဘောထားကြီးတဲ့ ဧကရာဇ်တစ်ပါးအဖြစ် ဝင့်ကြွားပြလိုက်ရင်ရော ဘယ်လိုလဲခင်ဗျ။”

“မင်္ဂလာဂုဏ်ပြုလက်ဆောင် ဟုတ်လား။”

“ဟုတ်ကဲ့။ ပထမမြောက် ဟိုင်န်ရီရဲ့ မင်္ဂလာပွဲအတွက် မင်္ဂလာဂုဏ်ပြုလက်ဆောင်……”

“မင်္ဂလာလက်ဆောင်တဲ့လား။”

ဆိုဗီရ်ရှု၏ မျက်ဝန်းများ မှောင်မိုက်သွားတော့သည်။

မျက်နှာထားတွင် ‘မင်း အခု စိတ်မှ နှံ့သေးရဲ့လား’ ဟူသော စိတ်အခြေအနေက အထင်အရှား ပေါ်လွင်နေ၏။

မားကီးစ် ကားလ်ကိုယ်တိုင်လည်း စကားပြောပြီးခါမှ ဤသည်က မဖြစ်နိုင်မှန်း သိသွား၍လားမသိ၊ အကြည့်ကို အောက်သို့ချလိုက်မိသည်။

တိုင်းပြည်အရေးကိုသာ စဉ်းစားမည်ဆိုလျှင် အမှန်တကယ် ဤနည်းလမ်းက အကောင်းဆုံးပင်။

နာဗီရယ်ကို ‘ကွာရှင်းပြတ်စဲထားတဲ့ ဧကရီဟောင်း’ အနေနှင့်မဟုတ်ဘဲ ‘အရှေ့အင်ပါယာရဲ့ မှူးမတ်အနွယ်တော် အမျိုးသမီး’ အနေနှင့် သတ်မှတ်မည်ဆိုပါက မင်္ဂလာလက်ဆောင် မပေးနိုင်စရာ အကြောင်းမရှိပေ။

နာဗီရယ်၏ ပြန်လည်ထိမ်းမြားမှုကြောင့် အနေခက်သွားမည့် အရှေ့အင်ပါယာနှင့် အနောက်ဘုရင့်တိုင်းပြည်တို့၏ အနာဂတ်ကို စဉ်းစားမည်ဆိုလျှင်၊ ရှက်စရာကောင်းသော်လည်း အကောင်းဆုံး လမ်းစဉ်ပင်။

သို့သော်လည်း……

မားကီးစ် ကားလ်က နေရခက်စွာဖြင့် လက်နှစ်ဖက်ကို စုစည်းထားမိသည်။

ထိုအရှက်ရစရာက အတိုင်းအဆမရှိ ကြီးမားလွန်းလှသဖြင့် ပြဿနာဖြစ်နေရခြင်းပင်။

ထို့အပြင် ဇနီးဟောင်း၏ မင်္ဂလာပွဲအတွက် လက်ဖွဲ့ပေးမည်ဆိုလျှင် ဆိုဗီရ်ရှုကို သဘောထားကြီးသူဟု မြင်ကြမည့်သူများရှိသလို၊ ရူးနေသော ငတုံးငအ အဖြစ် သတ်မှတ်ကြမည့်သူများလည်း ဒုနှင့်ဒေး ရှိမည်သာ။

ဆိုဗီရ်ရှုအနေဖြင့်မူ မကျေနပ်မှုများကို ဖယ်ထားလျှင်တောင် ရှော့ခ်ရသွားရလောက်သည့် ကိစ္စပင်။

ဆိုဗီရ်ရှုက မိမိအလေးထားရသော အတွင်းရေးမှူးကို ပြင်းထန်သော စကားလုံးများဖြင့် မပြောဆိုလို၍ အံကိုကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။

“မောင်မင်းရဲ့ဇနီး တခြားယောက်ျားနဲ့ နောက်အိမ်ထောင်ပြုတဲ့အခါမှသာ မင်္ဂလာလက်ဆောင် သွားပေး။ သဘောထားကြီးကြီးနဲ့။”

မားကီးစ် ကားလ် ထွက်သွားပြီးနောက်။

ဆိုဗီရ်ရှုက စားပွဲခုံကို ဝုန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။

ဒေါသထွက်ရသည့်တိုင် ဆိုဗီရ်ရှုကိုယ်တိုင်လည်း သိနေ၏။

ပထမမြောက် ဟိုင်န်ရီကို ဆက်လက်ဖမ်းဆီးထား၍ မရနိုင်တော့ကြောင်း။

တစ်ဖန် အထွတ်အမြတ်ဘုန်းတော်ကြီးကိုယ်တိုင် ပြန်လည်ထိမ်းမြားခွင့်ကို အတည်ပြုပေးခဲ့သော နာဗီရယ်ကလည်း အလားတူပင်။

မင်္ဂလာပွဲ မကျင်းပရသေးသော်လည်း၊ အထွတ်အမြတ်ဘုန်းတော်ကြီးကမူ အရှေ့အင်ပါယာ မြို့တော်မှ ထွက်ခွာသွားချေပြီ။

အထွတ်အမြတ်ဘုရားကျောင်းတော်သို့ ပြန်ရောက်သည်နှင့် သူက စာရွက်စာတမ်းများတွင် ဟိုင်န်ရီနှင့် နာဗီရယ်ကို ဇနီးမောင်နှံအဖြစ် မှတ်တမ်းတင်ရန် ညွှန်ကြားပေလိမ့်မည်။

ထိုအခါ ဟိုင်န်ရီနှင့် နာဗီရယ်က ဇနီးမောင်နှံ ဖြစ်သွားကြမည်ဖြစ်ပြီး၊ နာဗီရယ်ကလည်း အနောက်ဘုရင့်တိုင်းပြည်၏ တရားဝင် မိဖုရား ဖြစ်လာတော့မည်သာ။

ဤအမှန်တရားက ဆိုဗီရ်ရှုကို ပို၍ဒေါသထွက်စေခဲ့၏။

နာဗီရယ်၏ ပြန်လည်ထိမ်းမြားမည့် လက်တွဲဖော်က သူသာ ဖြစ်ရမည်မဟုတ်ပါလား။

သူတို့နှစ်ဦးက ငယ်စဉ်ကတည်းက အတူတူ ဖြတ်သန်းလာခဲ့ကြသော ဇနီးမောင်နှံမဟုတ်ပါလား။

ခေတ္တ လမ်းခွဲခဲ့ကြခြင်းသာဖြစ်ကာ ပြန်လည်ဆုံတွေ့ကြရမည်ကို။

ဟိုင်န်ရီ အဲ့ဒီ ကလေကချေလိုကောင်က……

“ငါကွာ။ ဟိုင်န်ရီ၊ ဟိုင်န်ရီ၊ ဟိုင်န်ရီ။”

သူက စားပွဲခုံကို တဒုန်းဒုန်းနှင့် ဆက်တိုက်ရိုက်ချနေခဲ့သည်။

ဆိုဗီရ်ရှု၏ အပြာရောင်ငှက်ကလေးက လှောင်အိမ်ထဲတွင် အမွေးအတောင်များကို ပြင်ဆင်နေရင်းမှ လန့်ဖျပ်ကာ မျက်လုံးအဝိုင်းသားဖြစ်သွားတော့၏။

အဲ့ဒီလူ ရူးသွားပြီလားဟူသော မျက်လုံးမျိုးဖြင့် စိုက်ကြည့်နေခဲ့ခြင်းပင်။

ဆိုဗီရ်ရှုက နဖူးပေါ်သို့ လက်မောင်းတင်ကာ အသက်ကို ပြင်းပြင်းရှူသွင်းရင်း စားပွဲပေါ်ရှိ ခေါင်းလောင်းကို လှုပ်ခါလိုက်သည်။

ထို့နောက် အစေခံ ဝင်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ညွှန်ကြားလိုက်၏။

“မြို့စားမင်း အယ်ရ်ဂီကို ခေါ်ခဲ့စမ်း။”

မြို့စားမင်း အယ်ရ်ဂီ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဆိုဗီရ်ရှုက ယခုတစ်ကြိမ်တွင်လည်း လိုရင်းကိုသာ တန်း၍ပြောခဲ့သည်။

“မြို့စားမင်း၊ ခင်ဗျားက ပထမမြောက် ဟိုင်န်ရီရဲ့ မိတ်ဆွေလို့ ကြားမိတယ်။”

“ဟုတ်ပါတယ်၊ အရှင်ဧကရာဇ်။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြတာပါ။”

“ခင်ဗျားလည်း ကျုပ်နဲ့ ဟိုင်န်ရီကြားမှာ ဘာတွေဖြစ်ပျက်ခဲ့မှန်း အကုန်ကြားသိထားပြီးသား ဖြစ်မှာပေါ့။”

“အဲ့ဒါက……”

မြို့စားမင်း အယ်ရ်ဂီက ပြန်လည်ဖြေကြားရန် အကျပ်ရိုက်နေ၍လားမသိ မရေမရာ ပြုံးပြလာသည်။

ဆိုဗီရ်ရှုက အေးစက်စွာ အမိန့်ပေးလိုက်၏။

“အနောက်ဘုရင့်တိုင်းပြည်ရဲ့ ဘုရင်ကို အကြာကြီး အချုပ်ချထားလို့ မရနိုင်တာမို့၊ မကြာခင် ပထမမြောက် ဟိုင်န်ရီကို ပြန်လွှတ်ပေးဖို့ စဉ်းစားထားတယ်။”

“တော်သေးတာပေါ့။”

“ခင်ဗျားက မိတ်ဆွေဖြစ်သူ ပထမမြောက် ဟိုင်န်ရီကို ထရိုဗီ မြို့စားမင်းအိမ်တော်ကနေ ခေါ်ထုတ်လာတဲ့ ပုံစံမျိုး ဖန်တီးပေးနိုင်မလား။”

အယ်ရ်ဂီက ယခုတစ်ကြိမ်လည်း ‘တော်ပါသေးရဲ့’ ဟု ပြန်ဖြေရန် ပြင်လိုက်ပြီးမှ တုံ့ခနဲ ဖြစ်သွားမိသည်။

စကားပြောဟန်က အနည်းငယ် ထူးဆန်းနေသောကြောင့်ပင်။

ဘာကြောင့် ‘ခေါ်ထုတ်ခဲ့ပါ’ ဟု မဟုတ်ဘဲ ‘ခေါ်ထုတ်လာတဲ့ ပုံစံမျိုးကို ဖန်တီးပါ’ ဟု ဆိုလာသနည်း။

“ဘာကိုဆိုလိုတာပါလဲ……”

“ခင်ဗျားကိုယ်တိုင် ထရိုဗီ မြို့စားမင်းအိမ်တော်ကို သွားပြီး ပထမမြောက် ဟိုင်န်ရီ တစ်ယောက်တည်းကိုပဲ ခေါ်ထုတ်လာခဲ့။”

အယ်ရ်ဂီလည်း ထိုအခါမှ ဆိုဗီရ်ရှု၏ ရည်ရွယ်ချက်ကို ရိပ်မိသွားတော့သည်။

ဤကဲ့သို့သောအခြေအနေမျိုးတွင် မိမိ၏ အချစ်ပြိုင်ဘက်နှင့် မခြားသော ပထမမြောက် ဟိုင်န်ရီကို သူကိုယ်တိုင် လွှတ်ပေးလိုက်ခြင်းက ဆိုဗီရ်ရှုဘက်မှ နောက်ဆုတ်ပေးလိုက်သည့် သဘောမျိုး သက်ရောက်ပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့်၊ အမှန်တရားက မည်သို့ပင်ဖြစ်စေ ပထမမြောက် ဟိုင်န်ရီ၏ သူငယ်ချင်းဖြစ်သော မြို့စားမင်း အယ်ရ်ဂီက အိမ်တော်သို့ သွားရောက်ကာ ပထမမြောက် ဟိုင်န်ရီကို ခေါ်ထုတ်လာခဲ့မည်ဆိုလျှင် သူငယ်ချင်းကို ကယ်တင်လိုက်သည့်ပုံစံမျိုး သက်ရောက်သွားပေလိမ့်မည်။

ဆိုဗီရ်ရှုက ယင်းကို ရည်ရွယ်ချက်ထားကာ ဤကဲ့သို့သော အကူအညီကို တောင်းခံခြင်းပင်။

မာနကြီးသလောက် ဉာဏ်ဆင်တဲ့နေရာမှာလည်းတော်တဲ့ ဧကရာဇ်ကိုး။

အယ်ရ်ဂီက စိတ်ထဲမှသာ ချီးကျူးလိုက်ရင်း မေးမြန်းခဲ့သည်။

“အဲ့ဒီအတိုင်း ဆောင်ရွက်ပါ့မယ်။ ဒါပေမဲ့ လေဒီ နာဗီရယ်ကိုကျတော့ ဘယ်လိုလုပ်မှာလဲခင်ဗျ။”

“အခုအချိန်မှာ အနောက်ဘုရင့်တိုင်းပြည်အတွက် အရေးကြီးတာက ကျိန်းသေပေါက် ပထမမြောက် ဟိုင်န်ရီဖြစ်ပြီး နာဗီရယ် မဟုတ်ဘူးလေ။”

မြို့စားမင်း အယ်ရ်ဂီက ခေတ္တ တုံ့ဆိုင်းသွားခဲ့သော်လည်း ပြုံးလျက် “ဒါဆိုလည်း အဲ့ဒီအတိုင်းပဲ ဆောင်ရွက်ပါ့မယ်” ဟု ပြန်လည်ဖြေကြားပြီးနောက် ထရပ်လိုက်၏။

မြို့စားမင်း အယ်ရ်ဂီ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဆိုဗီရ်ရှုက ယခုတစ်ကြိမ်တွင်မူ အတွင်းရေးမှူးအားလုံးကို စုစည်းကာ ညွှန်ကြားခဲ့သည်။

“အမြန်ဆုံး၊ ဧကရီရဲ့ ပြန်လည်ထိမ်းမြားမှုကို တားဆီးနိုင်မဲ့ ဥပဒေကို ရှာကြစမ်း။ သမိုင်းမှတ်တမ်းတွေဖြစ်စေ၊ ဥပဒေကျမ်းတွေဖြစ်စေ၊ ကျင့်ထုံးဥပဒေတွေဖြစ်စေ အကုန်လုံးကို လှန်လှောပြီး ရှာကြ။”

~~~~

နာရီပိုင်းအကြာတွင်။

ဆိုဗီရ်ရှု၏အမိန့်က ထရိုဗီ မြို့စားမင်းအိမ်တော်ကို စောင့်ကြပ်နေသော စစ်သည်တော်များထံသို့ ရောက်ရှိသွားလောက်ပြီဟု တွက်ချက်ပြီးနောက် အယ်ရ်ဂီက မြင်းရထားပေါ်သို့ တက်လိုက်သည်။

အနည်းငယ် လှုပ်ခါနေသော မြင်းရထားအတွင်း၌ အယ်ရ်ဂီက အတွေးထဲမျောနေ၏။

သူက ယခုအထိ ဆိုဗီရ်ရှုနှင့် ထိပ်တိုက်ရင်ဆိုင်၍ မရနိုင်သေးချေ။

ဟင့်အင်း၊ ဆိုဗီရ်ရှု၏ ယုံကြည်မှုကို ရရှိနိုင်မည်ဆိုပါက ပို၍ပင် ကောင်းပေမည်။

အကယ်၍ ဆိုဗီရ်ရှု၏ ဤကိုယ်ရေးကိုယ်တာ အကူအညီကို ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်ခဲ့မည်ဆိုလျှင်၊ ဧကရာဇ်၏ ယုံကြည်မှုကို ရရှိနိုင်မည်သာ။

သို့သော်လည်း တကယ်တမ်း ဟိုင်န်ရီတစ်ဦးတည်းကိုသာ ခေါ်ထုတ်လာခဲ့မည်ဆိုပါက သူငယ်ချင်းသံယောဇဉ်က အနှောင့်အယှက်ဖြစ်နေပြန်သည်။

သူက ဧကရီဟောင်း နာဗီရယ်ကို အင်မတန် သဘောကျနေသည်မဟုတ်ပါလား။

နာဗီရယ်ကို ထားခဲ့ရန် ပြောလိုက်ပါက ရန်ပွဲဖြစ်ပွားသွားနိုင်ချေ ရှိနေသည်။

ဟိုင်န်ရီနှင့် အယ်ရ်ဂီတို့က ကြားခံရည်ရွယ်ချက်ချင်း တူညီကြသော်လည်း၊ နောက်ဆုံးပန်းတိုင်ချင်း မတူကြပေ။

ထို့ကြောင့်လည်း မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းထားရင်း လိုအပ်ချက်အရ အင်အားနှင့် သတင်းအချက်အလက်များကို ဖလှယ်ကြသည့်တိုင် အချင်းချင်း အသေးစိတ် စွက်ဖက်ခြင်းမျိုး မရှိခဲ့ကြခြင်းပင်။

သို့သော်လည်း အဘယ်ကြောင့် အယ်ရ်ဂီအတွက် အထောက်အကူဖြစ်မည့် ကိစ္စနှင့် ဟိုင်န်ရီ့ကို ထိခိုက်စေမည့်ကိစ္စက ဆန့်ကျင်ဘက် အခြေအနေမျိုးဖြင့် ပေါ်ပေါက်လာရသနည်း။

ဆိုဗီရ်ရှု၏ ယုံကြည်မှုကို ရရှိခဲ့မည်ဆိုပါက သူ့ရည်ရွယ်ချက်အတွက် အထောက်အကူဖြစ်စေပေမည်။

ဟိုင်န်ရီက သူ့အပေါ် ဒေါသထွက်နိုင်သော်လည်း၊ ဘုံရည်ရွယ်ချက်ရှိနေသရွေ့ မဟာမိတ်ဆက်ဆံရေးက ပျက်ပြားသွားစရာ အကြောင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ ဟိုင်န်ရီကို ခေါ်ထုတ်ရင်း နာဗီရယ်ကိုပါ တစ်ပါတည်း ခေါ်ထုတ်လာခဲ့မည်ဆိုပါက ဆိုဗီရ်ရှု၏ မယုံကြည်မှုကို ခံရပေလိမ့်မည်။

ဟိုင်န်ရီက ကျေးဇူးတင်လိမ့်မည်ဆိုသော်လည်း သိပ်ပြီး အသုံးမဝင်လှပေ။

ယခင်ကတည်းက မဟာမိတ်ဖြစ်နေပြီးသား ဖြစ်သောကြောင့်ပင်။

“ဟမ်း။”

အယ်ရ်ဂီက သီချင်းညည်းရင်း သူ့ပါးသူ ပုတ်လိုက်သည်။

“အဖြေ ထွက်လာပြီပဲ။ အဖြေ ထွက်လာပြီ။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၁၆ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment