no

Font
Theme

အပိုင်း ၃၉ (လျှို့ဝှက်ချက်ကို သိနေသူ)

သို့သော်လည်း ထုံးစံအတိုင်း ရက်ရှ်တာနှင့်ပတ်သက်သော ကိစ္စများတွင် ကျွန်မအနေဖြင့် မပါဝင်ရန် မည်မျှပင် ကြိုးစားပါစေ အချည်းနှီးသာ။

တစ်ခါတစ်ရံ ရက်ရှ်တာကိုယ်တိုင်က ကျွန်မကို ဆွဲသွင်းတတ်ကာ၊ တစ်ခါတစ်ရံ ဆိုဗီရ်ရှုက ကျွန်မကို ဆွဲသွင်းတတ်ပြီး၊ ယခုတစ်ကြိမ်တွင်မူ ဆိုဗီရ်ရှုဖြစ်၏။

ပြန်လိုသော ဧည့်သည်တော်များ ပြန်သွားကြကာ၊ တောင်နန်းဆောင်တွင် တည်းခိုနေထိုင်သူများက တောင်နန်းဆောင်သို့ သွားကြပြီးနောက်တွင်။

သောက်စားပြီး ညလုံးပေါက် ဆက်လက်ပျော်ပါးလိုသူများကို ချန်ထားခဲ့ကာ ကျွန်မလည်း အနောက်နန်းဆောင်သို့ ပြန်လာခဲ့သည်။

ရေနွေးနွေးဖြင့် ရေချိုးရင်း တစ်နေ့တာပင်ပန်းမှုများကို ဖြေဖျောက်ရန် စဉ်းစားထား၏။

ယနေ့ ကျွန်မ၏ ရံရွေတော်များလည်း အလွန်ပင်ပန်းနေကြမည်ဟု ထင်ရသဖြင့် လိုက်မလာစေတော့ဘဲ နားခွင့်ပေးလိုက်သည်။

သို့သော် ရေချိုးကန်ထဲတွင် ရေမပြည့်မီမှာပင် ဆိုဗီရ်ရှုက တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ စစ်သည်တော်တပ်မှူးကို စေလွှတ်ပြီး ကျွန်မကို ဆင့်ခေါ်ခဲ့၏။

စစ်သည်တော်တပ်မှူး၏ စိတ်မသက်မသာဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည့်အခိုက်အတန့်မှာပင် ကောင်းသောကိစ္စ မဟုတ်ကြောင်း ကျွန်မ ခံစားသိရှိလိုက်တော့သည်။

လွန်ခဲ့သော တစ်လနီးပါးအတွင်း ဆိုဗီရ်ရှု ကျွန်မကို ရုတ်တရက် ခေါ်ယူတိုင်း ပြောခဲ့သော စကားများမှာ မကောင်းသော စကားများသာ။

ယင်းကလည်း အမြဲတမ်း ရက်ရှ်တာနှင့် ဆက်စပ်နေ၏။

ယခုတစ်ကြိမ်တွင်ရော သူ ဘယ်လိုပုံစံမျိုးဖြင့် လာဦးမည်နည်း။

ရှည်လျားသော စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားနေစဉ် တစ်ချိန်လုံး ကျွန်မစိတ်ထဲတွင် လေးလံဖိစီးနေသော်လည်း အတတ်နိုင်ဆုံး မျက်နှာထားကို ထိန်းချုပ်ထားခဲ့သည်။

ဆိုဗီရ်ရှုရှေ့တွင်လည်း ကျွန်မ၏မျက်နှာထားကို သေချာ ထိန်းချုပ်ထားနိုင်ရပေမည်...။

နောက်ဆုံးတွင် အရှေ့နန်းဆောင်ရှိ ဆိုဗီရ်ရှု၏ အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။

ဆိုဗီရ်ရှုက ခုတင်ဘေး၌ ကုလားထိုင်တစ်လုံး ယူထားကာ ထိုင်နေသည်။

သူ၏အနောက်ဘက်တွင် ရက်ရှ်တာကို မြင်လိုက်ရ၏။

ရက်ရှ်တာက ဆိုဗီရ်ရှု၏ အိပ်ရာပေါ်တွင် ခေါင်းသာဖော်ထားလျက် လဲလျောင်းနေကာ နဖူးပေါ်တွင် ရေဖတ်ဝတ် တင်ထားလျက်ရှိနေသည်။

ထို့နောက် ဆိုဗီရ်ရှုကို ပြန်ကြည့်လိုက်၏။

ဆိုဗီရ်ရှုက ကျွန်မကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။

“……ကျွန်တော် ထွက်သွားလိုက်ပါ့မယ်။”

တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ တပ်မှူး တံခါးပိတ်၍ ထွက်သွားပြီးနောက်တွင် နဂိုကပင် ပြင်းထန်နေသော အခြေအနေက ပို၍ ပြင်းထန်လာတော့သည်။

ဆိုဗီရ်ရှုက ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်ကာ မေးလာ၏။

“ငါ့ကို ပြောစရာစကား မရှိဘူးလား။”

သူ၏အသံက တိုတောင်းပြတ်သားလှ၏။

“ဘာဖြစ်လို့ ခေါ်လိုက်တာပါလဲ။”

ကျွန်မကလည်း သူ့နည်းတူ တိုတောင်းပြတ်သားစွာ ပြန်မေးလိုက်တော့ ဆိုဗီရ်ရှုက အပြစ်တင်သည့်လေသံဖြင့် ပြန်မေးလာသည်။

“ဒါပဲလား။”

“လောလောဆယ်တော့ အဲ့ဒါကို အသိချင်ဆုံးပါပဲ။”

“အခြေအနေက ဒီလိုတွေဖြစ်နေတာတောင် ဧကရီကတော့ မျက်တောင်တစ်ချက် မခတ်ပါလား။”

ဆိုဗီရ်ရှု အေးစက်စွာ တီးတိုး​ရေရွတ်လိုက်တော့ ကျွန်မ၏စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးမှာ 'ငါ မျက်နှာထားကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တာပဲ' ဟူ၍ဖြစ်သည်။

ကျွန်မ နှုတ်ခမ်းထောင့်စွန်းကို အနည်းငယ် ပင့်လိုက်၏။

ကျွန်မ၏ အပြုံးကြောင့် ဆိုဗီရ်ရှုက ပို၍စိတ်တိုလာသည့်ပုံပင်။

“ရက်ရှ်တာက ကျွန်ပြေးမှန်း ပေါ်သွားတာကို ဒီလောက်တောင် ပျော်နေတာလား။”

“ကျွန်မအပေါ် ဒေါသပေါက်ကွဲမှ ဒေါသပြေသွားမှာလားရှင့်။”

“ဧကရီ။”

“လေဒီ ရက်ရှ်တာနဲ့ ပတ်သက်တဲ့ကိစ္စကို ကပွဲခန်းမကြီးမှာ ကြားခဲ့ရပါတယ်။ အရှင်ဧကရာဇ် ဒေါသထွက်လောက်မယ်မှန်း သိပေမဲ့ ကျွန်မအပေါ် ဒေါ်သပုံချရမဲ့ကိစ္စတော့ မဟုတ်ပါဘူး။”

“ဧကရီ ကြည့်ရတာ၊ ငါက အခု ဒေါသပုံချဖို့အတွက် ဧကရီကို ခေါ်လိုက်တယ်လို့ မှတ်နေတာထင်တယ်။”

“မဟုတ်ဘူးလားရှင့်။”

“မဟုတ်ဘူး။”

“ဒါဆို ဘာလို့ ခေါ်တာပါလဲ။”

တစ်ကိုယ်လုံးဖြင့် ဒေါသများ ထုတ်လွှတ်နေပါလျက်နှင့် ဒေါသပုံချရန် ခေါ်ခြင်းမဟုတ်ဘူးတဲ့လား။

ထို့အပြင် စောစောလေးကပင် သူကိုယ်တိုင် ခနဲ့ခဲ့သေးသည် မဟုတ်ပါလော။

ရက်ရှ်တာက ကျွန်ပြေးမှန်းပေါ်သွားလို့ ဒီလောက်တောင် ပျော်နေလားဟူ၍။

ဆိုဗီရ်ရှုက အိပ်ပျော်နေသော ရက်ရှ်တာ၏ မျက်နှာကို ဘာမှမပြောဘဲ ငေးကြည့်နေခဲ့သည်။

တစ်ချက်ချက် မြည်နေသည့် နာရီစက္ကန့်လက်တံ၏အသံကို ကြားနေရ၏။

ငြီးငွေ့စရာကောင်းလောက်အောင် အချိန်အကြာကြီး ကုန်လွန်သွားပြီးမှ ဆိုဗီရ်ရှုက မေးလာသည်။

“ရက်ရှ်တာက ကျွန်ပြေးဆိုတာကို အဲ့ဒီလောက်တောင် သက်သေပြချင်ခဲ့တာလား။”

“ထပ်ပြီး အဲ့ဒီစကားပဲလားရှင့်။”

“ဧကရီကတော့ မွေးလာကတည်းက မှူးမတ်အိမ်တော်ရဲ့ သခင်မလေးလေ။ ချစ်ခင်နွေးထွေးတဲ့ မိသားစု၊ ကြီးမားတဲ့ကြွယ်ဝချမ်းသာမှု၊ မြင့်မားတဲ့ အာဏာ၊ လှပတဲ့ အိမ်တော်၊ ပြီးတော့ မွေးရာပါ ဉာဏ်ရည်နဲ့ ရုပ်အဆင်းအလှအပအထိ။ ဧကရီမှာ အရာအားလုံး ရှိနေပြီမဟုတ်ဘူးလား။ အဲ့ဒါအပြင် အခုဆိုရင် လူအားလုံးရဲ့ အထက်မှာရှိတဲ့ ဧကရီအရိုက်အရာကိုပါ ရောက်နေပြီလေ။”

ဤအခြေအနေတွင် ချီးမွမ်းခန်းဖွင့်နေခြင်းတော့ မဖြစ်နိုင်ပေ။

ကျွန်မ မျက်လုံးကိုကျုံ့ကာ စိုက်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက သက်ပြင်းချလိုက်သည်။

“ရက်ရှ်တာကတော့ ဘာဆိုဘာမှမရှိခဲ့ရှာဘူး။ သူ့ခမျာ မှတ်တောင်မမှတ်မိတဲ့ မိဘတွေကြောင့် ကျွန်ဘဝရောက်ခဲ့ရတယ်။ မိသားစုလည်းမရှိ။ စည်းစိမ်၊ အာဏာ၊ အိမ်၊ ဘာဆိုဘာတစ်ခုမှမရှိခဲ့ရှာဘူး။ ဉာဏ်ကောင်းတဲ့ခေါင်းနဲ့၊ လှပတဲ့ရုပ်အဆင်းလေးရှိတာကတော့ ဧကရီနဲ့ အတူတူပဲဆိုပေမဲ့ ရက်ရှ်တာခမျာ မွေးရာပါ ပါလာတဲ့အရာတွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးတောင် မရခဲ့ဘူးလေ။”

“……။”

“အဲ့ဒီလိုကနေ ငါနဲ့တွေ့ပြီးမှ သူ့ဟာသူ တစ်ခုချင်းစီ ပိုင်ဆိုင်ခွင့် စပြီးရလာခဲ့တာ။ အချစ်ခံရတာ၊ နွေးထွေးတဲ့ အစားအစာ စားရတာ၊ သက်သောင့်သက်သာရှိတဲ့ အိပ်ရာမှာ အနားယူရတာ၊ အခုလိုမျိုး သင်ယူစရာတွေ သင်ယူဖို့ အခွင့်အရေးတွေ ရလာခဲ့တာပဲ။”

ပြီးတော့ ကျွန်မရဲ့ခင်ပွန်းကိုပါ ယူသွားခဲ့တာလေ။

မာနကြောင့် ထိုစကားကိုတော့ ပြောမထွက်ခဲ့။ ကျွန်မကို ရက်ရှ်တာအပေါ် သနားစေချင်တာလား၊ ထိုအရာကိုပဲ လိုချင်တာလားဟု မေးချင်မိသည့်တိုင် မမေးနိုင်ခဲ့။

စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုသာ ကြည့်နေမိသည်။

သူ ဘာကြောင့် ဤမျှအထိ အသေးစိတ်ဇာတ်လမ်းကို ပြောပြနေမှန်း ယခုအထိ နားမလည်နိုင်သေး။ ရက်ရှ်တာ အခက်တွေ့နေသဖြင့် သူ့ကို ကျွန်မကပဲ ကူညီဖြေရှင်းပေးရမည်လား။

“အခွင့်ထူးခံပြီး ကြီးပြင်းလာရတဲ့ ဧကရီဆီကနေ ရက်ရှ်တာ့ကို နားလည်ပေးတာမျိုးအထိတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့၊ ဒါပေမဲ့ နည်းနည်းလောက်လေးပဲဖြစ်ဖြစ် သနားကြင်နာစိတ်ရှိခဲ့ရင်...အခုလိုမျိုးတော့ မလုပ်ခဲ့သင့်ဘူး မဟုတ်လား။”

“သနားကြင်နာစိတ်တဲ့လား။”

“မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ ဆေးရုံ၊ ဘုရားကျောင်း၊ ပညာသင်ဆုအဖွဲ့၊ ဒုက္ခသည်စခန်း စသည်စသည်နဲ့ ဧကရီ နေရာအနှံ့မှာ ထုတ်ပြနေတဲ့ အဲ့ဒီသနားကြင်နာစိတ်ကို ပြောနေတာ။ ဘာလို့ အဲ့ဒီသနားကြင်နာစိတ်ကို ရက်ရှ်တာ့အပေါ်မှာတော့ မပြနိုင်ရတာလဲ။”

ပေါက်ကွဲသလို အော်ဟစ်ပြီးသည့်နောက်တွင် ဆိုဗီရ်ရှုက တဒင်္ဂ ရှူးရှူးရှားရှား အသက်ရှူပြီးမှ ပြန်ထိုင်ခဲ့သည်။

ရက်ရှ်တာက ညည်းသံပြုကာ လက်ကမ်းလာတော့ သူက ချက်ချင်းဆိုသလို ရက်ရှ်တာ၏လက်အား ထွေးဆုပ်လိုက်၏။

လက်ပွပွရှိတဲ့ အဝတ်အစား ဝတ်လာခဲ့သင့်တာကို။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားချင်မိသည်။

“ရက်ရှ်တာက အရှင်ဧကရာဇ်ရဲ့ ချစ်သူဆိုတော့ အရှင်ဧကရာဇ်ကိုယ်တိုင်ပဲ ဂရုစိုက်ရမှာပေါ့။ သူနဲ့ပတ်သက်တဲ့ ကိစ္စတွေက ကျွန်မရဲ့လုပ်ပိုင်ခွင့်ထဲမှာမဟုတ်လို့ ဝင်မစွက်ဖက်ခဲ့ရုံပါ။”

“ဘယ်သူကရော ဂရုစိုက်ပေးဖို့ ခိုင်း​နေလို့လဲ။ ဟား။ ဂရုစိုက်ပေးတာမျိုးအထိတော့ မမျှော်လင့်ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ဒီအတိုင်း လွှတ်ထားပေးဖို့ပဲ ပြောနေတာ။”

“ကျွန်မကရော သူ့ကို ထိပါးတာမျိုး ရှိဖူးလို့လားရှင့်။”

“မနေ့က တော်ဝင်မင်းသား ဟိုင်န်ရီရှေ့မှာလည်း ရက်ရှ်တာကို တမင်သက်သက် စော်ကားခဲ့တယ်မဟုတ်ဘူးလား။ သူစိမ်းသက်သက်ဖြစ်တဲ့ တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ ရက်ရှ်တာ နှစ်ယောက်ထဲမှာဆိုရင် ဧကရီက ရက်ရှ်တာ့ဘက်ကနေ ရပ်တည်ပေးသင့်တာပေါ့။ ဘယ်သူ့စကားက အမှန်မှန်းမသိရင် ဧကရီက ကိုယ့်ရဲ့တိုင်းသူပြည်သားဖြစ်တဲ့ ရက်ရှ်တာ့ဘက်ကနေ ရပ်တည်ပေးရမှာပေါ့။”

“ပြောခဲ့တဲ့အတိုင်း ဘယ်သူ့စကားက အမှန်မှန်း သိနေပြီးသားမို့လို့ တော်ဝင်မင်းသား ဟိုင်န်ရီဘက်ကနေ ရပ်တည်ပေးခဲ့တာပါ။”

“ရက်ရှ်တာက လိမ်ပြောခဲ့တယ်လို့ ပြောနေတာလား။”

“လေဒီ ရက်ရှ်တာရဲ့ ဖြူစင်ပါတယ်ဆိုတဲ့ စိတ်ထားကို ယုံကြည်တာက အရှင်ဧကရာဇ်ပါ။ ကျွန်မ မဟုတ်ပါဘူး။”

“ဟုတ်ပြီ၊ မနေ့ကတော့ ထားလိုက်တော့။ ဒီနေ့ကျတော့ရော။ ဒီနေ့က ဘာဖြစ်လို့ အဲ့ဒီလိုဖြစ်ရတာလဲ။”

“ဒီနေ့ ကျွန်မ လေဒီ ရက်ရှ်တာနဲ့ စကားတစ်ခွန်းမှတောင် မပြောဖြစ်ခဲ့တာကို သိမှာပါ။”

“အာ... ဟုတ်ပါရဲ့။ ဧကရီက ရက်ရှ်တာနဲ့ တိုက်ရိုက် စကားပြောခဲ့ဖူးတာမျိုး မရှိဘူးပေါ့။ ဧကရီက နောက်ကွယ်ကနေ ဗိုင်းကောင့် လိုတဲရှုကို ခေါ်လာခဲ့ရုံပဲရှိတာကို။”

ဆိုဗီရ်ရှု၏ ခနဲ့တဲ့တဲ့လေသံကြောင့် ကျွန်မ ခေါင်းထဲမှ ခွပ်ခနဲ ကွဲအက်သံတစ်ခု ထွက်ပေါ်လာတော့သည်။

တကယ်တမ်း ထိုသို့မဖြစ်နိုင်မှန်း သိသော်လည်း တကယ်ပင် ထိုသို့သော အသံမျိုးကို ကြားလိုက်ရ၏။ ကျွန်မ မျက်လုံးကို အားစိုက်ကာ ဆိုဗီရ်ရှုကို စိုက်ကြည့်လိုက်သည်။

“ဘာစကားပါလဲ။”

“ရက်ရှ်တာကို ကျွန်ပြေးဖြစ်ကြောင်း သက်သေပြချင်လို့ ဗိုင်းကောင့် လိုတဲရှုကို ခေါ်သွင်းခဲ့တဲ့ကိစ္စကို ပြောနေတာ။”

“……ကျွန်မက ရက်ရှ်တာကြောင့် ဗိုင်းကောင့် လိုတဲရှုကို ခေါ်လာတယ်တဲ့လားရှင့်။”

ဘယ်လို အဓိပ္ပာယ်မရှိတဲ့စကားကို...

တကယ် အံ့သြမှင်တက်မိသွားသည်။

ဟားဟု လေထွက်သွားသလို အသံဖြင့် စိုက်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ခနဲ့ပြုံး ပြုံးခဲ့၏။

“ငါက ရက်ရှ်တာကို ကျွန်ပြေးမဟုတ်ပါဘူးဆိုပြီး ပြောထားလို့ အဲ့ဒီလောက်တောင် သူက ကျွန်ပြေးဖြစ်ကြောင်း သိစေချင်နေတာလား။ လူတွေက ရက်ရှ်တာကို သဘောကျပေး၊ ချစ်ပေးကြတာကို အဲ့ဒီလောက်တောင် မျက်စိစပါးမွေးစူးနေတာလား။"

“ထူးဆန်းတဲ့စကားတွေ ပြောနေတာပဲရှင့်။”

မနည်းထိန်းချုပ်ပြီး တည်ငြိမ်သည့်အသံကို ဖျစ်ညှစ်ထုတ်လိုက်သော်လည်း အသံထဲတွင် အပြည့်ပါနေသည့် ဒေါသအရှိန်ကို ကိုယ်တိုင်ပင် ခံစားမိနေသည်။

ဆိုဗီရ်ရှုက ကုလားထိုင်မှ ထရပ်ကာ မျက်နှာချင်းဆိုင်အထိ ချဉ်းကပ်လာ၏။

သူ့မျက်လုံးများက ဘယ်တုန်းကနှင့်မှမတူအောင် ပို၍ပြင်းထန်သောဒေါသနှင့် တောက်ပနေသည်။

“နှစ်သစ်ကူးပွဲတော်အတွက် ဧည့်သည်တွေ ဖိတ်ကြားဖို့က ဧကရီရဲ့တာဝန်ပဲဆိုတာ ဘယ်သူ့ထက်မဆို ပိုပြီးသိမှာပဲမဟုတ်လား။ အလုပ်ကို ကြိုးစားလုပ်တတ်တဲ့ ဧကရီပဲလေ။ ဗိုင်းကောင့် လိုတဲရှု၊ ဧကရီက တမင်တကာ ဖိတ်ခဲ့တာမဟုတ်လား။"

“ဟုတ်ကဲ့၊ ကောင်းကောင်းသိတာပေါ့။ ကျွန်မရဲ့ တာဝန်ပါပဲ။ ဒါပေမဲ့ နှစ်သစ်ကူးပွဲတော်အတွက် ဧည့်သည်တွေဆီ ဖိတ်စာပို့တာက ရက်ရှ်တာ နန်းတော်ကို​မရောက်သေးခင် တစ်ပတ်နှစ်ပတ်လောက် စောပါတယ်။ ဒါကိုတော့ မသိခဲ့ဘူးလားရှင့်။"

“ဗိုင်းကောင့် လိုတဲရှုက အရေးကြီးတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်မဟုတ်လို့ ဧကရီသာ တွေးတတ်မယ်ဆိုရင် သူ့ကို နှစ်သစ်ကူးပွဲတော် မလာနိုင်အောင် လုပ်နိုင်ခဲ့မှာပဲကို။"

“……အရင်ကလည်း ပြောဖူးပြီးသားဆိုပေမဲ့ ကျွန်မက လေဒီ ရက်ရှ်တာနဲ့ပတ်သက်ပြီး တစ်ခုမကျန် လိုက်ဂရုစိုက်ပေးရလောက်တဲ့အထိ စိတ်ဝင်စားမှုမရှိပါဘူး။ နောက်ပြီးတော့ အရှင်ဧကရာဇ်ကလည်း လေဒီ ရက်ရှ်တာကို ကျွန်ပြေးမဟုတ်ပါဘူးဆိုပြီး တဖွဖွပြောခဲ့တယ်မဟုတ်လား။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မက ဗိုင်းကောင့် လိုတဲရှုဆီကို ‘ဘယ်လိုပဲဖြစ်ဖြစ် ဧကန္တဆိုတာ မသိနိုင်ဘူး’ ဆိုပြီးတော့ နန်းတော်ကို မလာနဲ့လို့ စာရေးပို့ရမှာလားရှင့်။"

ထို့အပြင် သူက ဗိုင်းကောင့် လိုတဲရှု၏ ကျွန်ဖြစ်ခဲ့မှန်းလည်း ကျွန်မ မသိခဲ့ပေ။

ဆိုဗီရ်ရှု ရက်ရှ်တာကို ခေါ်လာသည့်နေ့၌ ရံရွေတော်များက ရက်ရှ်တာကို တွေ့ခဲ့သည့် အမဲလိုက်ကွင်းအနီးတွင် ဗိုင်းကောင့် လိုတဲရှု၏ နယ်မြေရှိသည်ဟု ကြုံကြိုက်သလိုပြောသွားသော်လည်း နောက်ပိုင်းတွင် လိုတဲရှုဟူသော နာမည်ကိုပင် ထပ်မကြားရတော့။

ကျွန်မက လိုတဲရှုဟူသောအမည်ကို ဆက်၍မှတ်မိနေသည့်တိုင် ရက်ရှ်တာက သာမန်အရပ်သူတစ်ယောက်သာဆိုလျှင် ဗိုင်းကောင့် လိုတဲရှု ရောက်လာခြင်းက ဘာမှမဆိုင်သည့်ကိစ္စပင်။

သို့သော် ကြုံကြိုက်၍ပြောခဲ့သည်ကို တစ်ကြိမ်ကြားဖူးခဲ့သည့် စကားမှတစ်ဆင့်၊ ဆိုဗီရ်ရှုက လုံးဝ မဟုတ်ဘူးဟု ငြင်းဆန်ထားသည့် စကားမှတစ်ဆင့်၊ ဖြစ်နိုင်ခြေအမျိုးမျိုးကို တွက်ချက်ထားခဲ့ရမည်လား။

ကျွန်မကလေ။

အဓိပ္ပာယ်မရှိပေ။

“ထောက်ထားစဉ်းစားပေးတတ်တဲ့ စိတ်လေး​သာရှိမယ်ဆိုရင်...”

“ကိုယ်တိုင် လုပ်ခဲ့ရမှာပေါ့ရှင့်။ လေဒီ ရက်ရှ်တာကို အင်မတန် ချစ်မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ အရှင်ဧကရာဇ်ကိုယ်တိုင်တောင် မစဉ်းစားမိတဲ့ ထောက်ထားစဉ်းစားစိတ်ကို သူက ဗိုင်းကောင့် လိုတဲရှုရဲ့ ကျွန်ဖြစ်ခဲ့မှန်းတောင် မသိခဲ့တဲ့ ကျွန်မက လိုက်ပြီးဂရုစိုက်ပေးလိမ့်မယ်လို့ မျှော်လင့်နေတာကတော့ မဟုတ်သေးပါဘူး။”

“……တကယ်ပဲ ရက်စက်လှချည်လား။ တစ်သက်လုံး သနားစရာကောင်းအောင် နေလာခဲ့ရတဲ့ မိန်းကလေးက အခုမှပဲ ခေါင်းမော့ရင်ကော့ပြီး နေဖို့လုပ်နေတာကို အဲ့ဒီလောက်တောင် မကြည့်ချင်မမြင်ချင်ဖြစ်နေတာလား။ ကိုယ့်လက်ကိုယ်တော့ အပေမခံချင်လို့ သူများလက်ကို ငှားသုံးခဲ့တာလား။ ဧကရီကမှ တော်တော်လေး ကြောက်ဖို့ကောင်းတဲ့မိန်းမပဲ။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment