no

Font
Theme

အပိုင်း ၃၆ (လျှို့ဝှက် သူငယ်ချင်း)

တေးဂီတသံ​က စကားသံကို လွှမ်းသွားသော်လည်း ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်ဖြစ်၍ အလွယ်တကူ အထင်အမြင်လွဲစရာမရှိသည့်နေရာပင်။

ထိုနေရာသို့သွားတော့ ကောလာဟလများစွာထွက်နေသော တော်ဝင်မင်းသား ဟိုင်န်ရီ၏ဘေးတွင် ရှိနေသော်လည်း မည်သူကမျှ ထူးဆန်းစွာ မကြည့်ကြပေ။

‘ထင်မထားရလောက်အောင် အတွင်းစိတ်က နက်နဲတဲ့ လူပါလား...’

အံ့ဩမိနေစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက ရှမ်ပိန်တစ်ခွက်ကို ကျွန်မထံ ကမ်းပေးလာသည်။

ကျွန်မလည်း ရှမ်ပိန်ကိုယူပြီး သူ့ကို ကြည့်လိုက်၏။ တော်ဝင်မင်းသား ဟိုင်န်ရီကမူ သူကိုယ်တိုင် ရှမ်ပိန်ကို မသောက်ဘဲ ရှည်လျားသော ဖန်ခွက်ကို လက်မဖြင့်သာ ပွတ်သပ်ကစားနေခဲ့သည်။

အသာလေးရပ်၍ သူပြောမည့်စကားကို စောင့်နေလိုက်၏။ အတန်ကြာမှ တော်ဝင်မင်းသား ဟိုင်န်ရီက သတိထားကာ ပါးစပ်ဖွင့်လာသည်။

“ဧကရီအရှင်မ ရေးထားတဲ့စာကို တွေ့လိုက်ရပါတယ်။ ‘ခင်မင်မှုကို စာနဲ့ပဲ ထိန်းသိမ်းသွားချင်ပါတယ်’ ဆိုပြီး ရေးထားတာကိုပါ။”

“ကျွန်မက စာဖလှယ်ဖော်မှန်း သိနေခဲ့တာလား။”

မနေ့က ကျွန်မ ​စကားတွင် စာဖလှယ်ဖော်ကို ဘယ်သူမှန်းသိကြောင်းသာ ပါခဲ့သည်ကို ဘယ်လိုများ သိသွားရသလဲ။

အံ့ဩတကြီး ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက အလျင်အမြန် လက်ဝှေ့ယမ်းကာ အိုးတိုးအမ်းတမ်းအပြုံးဖြင့် ရှင်းပြလာသည်။

“လန့်မသွားပါနဲ့ခင်ဗျ။ ဧကရီအရှင်မ စကားမှားသွားတာ မဟုတ်ပါဘူး။”

“ဒါဆိုရင်...”

“လေဒီ ရက်ရှ်တာရဲ့ အစေခံနဲ့ လေဒီ ရက်ရှ်တာတို့ နှစ်ယောက်လုံးက စာရဲ့အစပိုင်းအကြောင်းကိုတော့ သိကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းအကြောင်းကို လုံးဝ မသိကြဘူးဗျ။ အဲ့ဒါကြောင့် ကျွန်တော်လည်း စဉ်းစားမိသွားတာပါ။ စာရဲ့အစပိုင်းကိုသိပြီး နောက်ပိုင်းကို မသိတဲ့သူတစ်ယောက်ယောက်က ဒီအကြောင်းအရာကို နှစ်ယောက်စလုံးကို ပြောလိုက်တာ ဖြစ်မလားဆိုပြီးတော့လေ။ စုံစမ်းကြည့်တော့ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ဆိုတဲ့သူက ဧကရီအရှင်မရဲ့ ရံရွေတော်ဖြစ်ခဲ့ပြီးမှ လေဒီ ရက်ရှ်တာရဲ့ ရံရွေတော်အဖြစ် ဘက်ပြောင်းပြီး အလုပ်အကျွေးပြုသွားတာကို တွေ့လိုက်ရတယ်ဗျ။”

ဒီလိုမျိုး ခန့်မှန်းစဉ်းစားပြီး စာဖလှယ်ဖော်က ငါမှန်းသိသွားတာလား...။

သို့တိုင်အောင် အံ့ဩစရာဖြစ်နေဆဲပင်။ တော်ဝင်မင်းသား ဟိုင်န်ရီအကြောင်း ကောလာဟလများက မိန်းမလိုက်စားသူ၊ ထင်မထားလောက်အောင် ရက်စက်သည့် စိတ်နေစိတ်ထားရှိသူ၊ မကောင်းသူများနဲ့ ပေါင်းသင်းသူ အစရှိသဖြင့်သာ။

ခေါင်းကောင်းသည်ဟူသော စကားမျိုးတော့ တစ်ခါမှ မကြားဖူးပေ။

ထင်မထားလောက်အောင် ထူးထူးခြားခြား ဉာဏ်ပြေးသည့် တော်ဝင်မင်းသားတစ်ပါးဖြစ်သည့်ပုံပင်။

သို့သော် တိုင်းတစ်ပါးမှ တော်ဝင်မျိုးနွယ်ကို ‘နင် တော်တော်ဉာဏ်ကောင်းတာပဲ’ ဟု ချီးမွမ်းခြင်းက လျှော့တွက်ပြီး အထင်သေးရာကျမည်ဟု တွေးမိသ​ဖြင့် ကျွန်မလည်း ခပ်ဖွဖွပြုံးကာ ‘အံ့ဩစရာပဲ’ ဟုသာ ပြောလိုက်သည်။

သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာထားက ဝမ်းနည်းသည့်ပုံပေါ်နေဆဲပင်။ နားမလည်နိုင်ဖြစ်သွားရ၏။

ကျွန်မက စာဖလှယ်ဖော်ဖြစ်နေ၍ စိတ်မကောင်းဖြစ်နေခြင်းတော့ မဖြစ်နိုင်ပေ။

ထိုသို့သာဆိုလျှင် ဤစကားကို အစကတည်းက ပြောလာခဲ့မည်မဟုတ်။

လုံးဝ မသိချင်ယောင်ဆောင်ကာ ကျော်သွားခြင်းက သူ့အတွက်ရော၊ ကျွန်မအတွက်ပါ အိုးတိုးအမ်းတမ်းဖြစ်ရသက်သာစေမည့် ကိစ္စဖြစ်သောကြောင့်ပင်။

သို့ဆိုလျှင် ဘာကြောင့် ဤကဲ့သို့ ခက်ခဲသလို မျက်နှာထားမျိုး ဖြစ်နေရသလဲ။

“အဆင်ပြေရဲ့လားရှင့်။ မျက်နှာလည်း မကောင်းဘူးနော်...”

တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို ငေးစိုက်ကြည့်နေရာမှ အသာလေး သက်ပြင်းချလိုက်သည်။

“ဘယ်လိုလုပ် မျက်နှာကောင်းနိုင်မှာလဲဗျ။ ကျွန်တော် တကယ်ကို ရင်းနှီးတဲ့ သူငယ်ချင်းလို့ ထင်ထားတဲ့ ပုဂ္ဂိုလ်က လက်တွေ့ဘဝမှာ မသိချင်ယောင်ဆောင်ကြမယ်လို့ ပြောလာတာကို။”

အဲ့ဒီလောက်အထိကြီးတော့ စိမ်းစိမ်းကားကား မပြောခဲ့တာကို။

တအား အပိုပြောလွန်းနေတာမဟုတ်ဘူးလားဟု တွေးမိသော်လည်း တော်ဝင်မင်းသား၏ မျက်နှာထားက အင်မတန် မှိုင်တွေနေသဖြင့် ဝင်မပြောတော့ပေ။

ထိုအစား ရှမ်ပိန်ကို ပြီးအောင်သောက်ရန် လက်ဟန်ပြလိုက်သည်။

“တကယ်တော့ ကျွန်တော့်မှာ ရင်ဖွင့်စရာ သူငယ်ချင်း များများစားစားမရှိပါဘူး။”

ရှမ်ပိန်ကို ဆေးလိုမျိုး တစ်ခါတည်းမော့ချလိုက်သော တော်ဝင်မင်းသား ဟိုင်န်ရီက ဖန်ခွက်အလွတ်ကို ဘေးတွင် ထောင်ထားသည့် ရုပ်တု၏ ခုံပေါ်သို့ လက်လွတ်စပယ်ချလိုက်ကာ ခံစားချက်အပြည့်ပါသော အသံဖြင့် ရင်ဖွင့်လာသည်။

“သိပါတယ်။ ကျွန်တော့်စကားက ထင်မထားစရာဖြစ်နေတယ်မဟုတ်လားဗျ။ ကျွန်တော်က လူသိများတယ်မဟုတ်လား။ ဟုတ်ကဲ့၊ အဲ့ဒါက အမှန်ပါပဲ။ သူငယ်ချင်းတွေလည်း များပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ အမြဲတမ်း လူတွေများနေတာဆိုတော့ ဧကရီအရှင်မက ကျွန်တော့်ကို အထီးမကျန်ဘူးလို့ ထင်မှာပေါ့။”

“...”

“ဒါပေမဲ့ အဲ့ဒါက အထင်သက်သက်ပါပဲ။ တကယ်တော့ ကျွန်တော်က တော်တော်လေး အထီးကျန်တဲ့သူပါ ဧကရီအရှင်မ။ ကျွန်တော့်သူငယ်ချင်းတွေကို သဘောမကျတာမျိုး မဟုတ်ပါဘူး။ ကောင်းတဲ့ သူငယ်ချင်းတွေလည်း အများကြီးရှိတာပေါ့။ ဒါပေမဲ့ အနောက်ဘုရင့်တိုင်းပြည်ရဲ့ တော်ဝင်မင်းသားတစ်ပါးအနေနဲ့၊ အခုတော့ လူသိများထင်ရှားတဲ့ ထီးမွေနန်းလျာတစ်ယောက်အနေနဲ့ ရင်ထဲက စကားတွေကို အကုန်လုံး ထုတ်ပြောလို့မရပါဘူး။ အမြဲတမ်း တခြားသူတွေရဲ့ အကြည့်ကို သတိထားနေရလို့ပါ။”

“....”

တဒင်္ဂတော့ အံ့အားသင့်သွားသည်။

သူ ပြောနေသောစကားများက ကျွန်မ၏ အတွေးများနှင့် အလွန်တူနေ၏။

ဤသည်မှာ... 'ကွီးန်' က ကျွန်မစကားများကို နားထောင်ပြီး တော်ဝင်မင်းသား ဟိုင်န်ရီကို ပြန်ပြောပြခဲ့သလိုပင်။

“ဒါက လူတွေရဲ့ ပြဿနာမဟုတ်ဘဲ ကျွန်တော် ကိုယ်၌ကဖြစ်နေတဲ့ ပြဿနာမို့လို့ ဘယ်လိုမှ ပြင်ဆင်ဖို့ နည်းလမ်းမရှိဘဲ...”

ကျွန်မ တွေဝေစွာ တော်ဝင်မင်းသား ဟိုင်န်ရီကို ငေးကြည့်လိုက်မိသည်။

ငါ တွေးနေတဲ့ အတွေးတွေက ငါတစ်ယောက်တည်း တွေးနေတာမဟုတ်ဘူးကိုး။

တော်ဝင်မင်းသား ဟိုင်န်ရီကတော့ လူတွေရဲ့ အကြည့်ကို ဂရုမစိုက်ဘဲ ပြုမူဆောင်ရွက်လိမ့်မယ်လို့ ထင်ထားတာကို။

ကိုယ့်နည်းကိုယ့်ဟန်နဲ့ သတိထားပြီး ပြုမူနေခဲ့တာပဲ...

“အဲ့ဒါကြောင့် ‘တော်ဝင်မင်းသား ဟိုင်န်ရီ’၊ ‘ထီးမွေးနန်းလျာ ပထမနေရာမှာရှိတဲ့သူ’ မဟုတ်ဘဲ၊ ကျွန်တော်ဆိုတဲ့ ဖြစ်တည်မှုအဖြစ် တခြားတစ်ယောက်နဲ့ ဘာမှမစဉ်းစားဘဲ စကားပြောနိုင်တာက တော်တော်လေး ကောင်းခဲ့ပါတယ်။ ရှည်ရှည်ဝေးဝေးစကားတွေ ပြောခဲ့တာမဟုတ်ပေမဲ့ ထွေရာလေးပါး နောက်တိနောက်ရွှတ်ပြောစရာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတာကို ပျော်ခဲ့တာပေါ့။”

“...”

ကျွန်မလည်း ထိုနည်းလည်းကောင်းသာ။ ငယ်စဉ်ကတည်းက အိမ်ရှေ့စံကြင်ရာတော်အဖြစ် ရွေးချယ်ခံရကာ နန်းတော်ထဲ ဝင်ထွက်နေခဲ့ရသဖြင့် ဤမျှအထိ ရင်ဖွင့်ဖြစ်သည်မှာ မိသားစုပြီးလျှင် သူက ပထမဆုံးပင်။

ဘေးနားတွင် လူကောင်းသူကောင်း၊ သဘောကောင်းကြင်နာတတ်သူများ မရှိ၍မဟုတ်။ ‘လူကောင်း’ နှင့် ‘ကိုယ့်ရင်ထဲက စကားတွေ အကုန်ထုတ်ပြောပြလို့ရမဲ့သူ’ က အဓိပ္ပာယ်မတူသောကြောင့်ပင်။

“အဲ့ဒါကြောင့် ကျွန်တော် အရမ်းမျှော်လင့်ခဲ့မိပါတယ်။ အမှန်အတိုင်းပြောရရင် စာဖလှယ်ဖော်က ဧကရီအရှင်မမှန်း သိလိုက်ရတဲ့အချိန်မှာ ပိုတောင်ပျော်မိခဲ့တာပါ။ ဧကရီအရှင်မက ကျွန်တော့်ရဲ့ အရိုက်အရာအဆင့်အတန်းကို သတိထားနေစရာ၊ အနေခက်နေစရာမလိုဘဲ ဆက်ဆံနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေလို့လေ။”

သက်ပြင်းချလိုက်သော တော်ဝင်မင်းသား ဟိုင်န်ရီက ငိုတော့မလိုဖြစ်နေသည့် ခရမ်းရောင်မျက်လုံးများဖြင့် ကျွန်မကို စိုက်ကြည့်လာသည်။

ထိုမျက်လုံးများနှင့် ဆုံမိတော့ ပြင်းထန်သော အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။ သူပြောသော အကြောင်းအရာ အားလုံးကို ကျွန်မက စာနာနားလည်နိုင်သဖြင့် ပို၍ပင် အားနာစိတ်ဖြစ်လာရသည်။

“အတွေးချင်း တူပေမဲ့ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြတာပဲ။”

တော်ဝင်မင်းသား ဟိုင်န်ရီက ငိုတော့မလို မျက်နှာဖြင့် ကျွန်မကိုကြည့်ကာ ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။

ပုံမှန်အားဖြင့်လည်း နက်ရှိုင်းသော ခရမ်းရောင်မျက်လုံးများက မီးဆိုင်း၏ အလင်းရောင်ကိုခံယူကာ ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေ၏။

သူက မျက်လုံးများဖြင့် ကျွန်မကို အပြစ်တင်နေသလိုပင်။

သူငယ်ချင်း ဖြစ်နိုင်ပါလျက်နှင့် ဆက်ဆက် ဤအတိုင်း သွေးအေးအေး ဖြတ်တောက်ရမှ ဖြစ်မှာလားဟူ၍။

“ဘာကိုဆိုလိုမှန်း နားလည်ပါတယ်၊ တော်ဝင်မင်းသား ဟိုင်န်ရီ။”

“ဒါပေမဲ့ မဖြစ်မနေ စာတွေချည်းပဲ အပေးအယူလုပ်နေရမှာလားဗျ။”

“စာတွေချည်းပဲ ဖလှယ်ခဲ့တာတောင် လုံလုံလောက်လောက် ပျော်ခဲ့ကြတယ်မဟုတ်လားရှင့်။”

“စာကနေ ကျော်သွားမယ်ဆိုရင် ပိုပြီး ပျော်ရွှင်ရမှာပါ။”

“...”

“ကျွန်တော်က ဧကရီအရှင်မရဲ့ ကိုယ်စား ‘ဆိုဗီရ်ရှု ခွေးကောင်’ ဆိုပြီးတော့တောင် ပြောပေးနိုင်ဦးမှာဗျ။”

“ဟစ်”

အင်မတန် လန့်သွားသဖြင့် ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသံထွက်သွားရသည်။

တဟွတ်ဟွတ်သီးရင်း ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက တစ်ခါ ထပ်ပြီး အသံကို သေးသေးလေးဖြစ်အောင် နှိမ့်ကာ ‘ဆိုဗီရ်ရှု ခွေးကောင်’ ဟု လေသံတိုးတိုးဖြင့် ပြောလာ၏။

ဘာလဲ၊ အဲ့ဒီလိုလူမျိုးက...

အဓိပ္ပာယ်မရှိဘူးဟု ထင်မိသလို ရယ်စရာလည်း ကောင်းနေသဖြင့် နှုတ်ခမ်းကို ဖိကိုက်ကာ ရယ်ချင်စိတ်ကို ထိန်းလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက မျက်ခုံးပင့်ကာ စနောက်ခဲ့သည်။

“ရယ်ချင်စိတ်ကို ထိန်းထားတာလောက် ရယ်စရာကောင်းတာမရှိပါဘူး။ ရယ်ချင်ရင် ရယ်သာရယ်လိုက်ပါ။”

“...”

“အဆုံးထိ မရယ်နိုင်ဘူးပဲ။ ရင်နာရအောင်လို့။”

ရင်နာတယ်တဲ့လား။ သူက ဘာလို့ ရင်နာရမှာလဲ။

သူ ရေရွတ်လိုက်သည့် နားမလည်နိုင်စရာ စကားကြောင့် ကျွန်မ၏ ရယ်ချင်စိတ်လည်း ချက်ချင်း ငြိမ်ကျသွားခဲ့သည်။

နဖူးကျုံ့ပြီး ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက တစ်ချက် စဉ်းစားနေသလို မျက်နှာဖြင့် ကြမ်းပြင်ကို စိုက်ကြည့်လိုက်ပြီးမှ မေးလာ၏။

“ဒါဆို ဒီလိုလုပ်ပေးနိုင်မလားဗျ။ ကွီးန်က ကျွန်တော့်ရဲ့ စာဖလှယ်ဖော်ဆိုတာကို လျှို့ဝှက်ထားပါ့မယ်။ ကွီးန်နဲ့ ရင်ဖွင့်ဖော် သူငယ်ချင်းဆိုတဲ့ အကြောင်းကိုလည်း လျှို့ဝှက်ထားမှာပါ။”

“ကျွန်မတို့က သူငယ်ချင်းတွေလား။”

“ကျွန်တော်တို့ သူငယ်ချင်းဖြစ်နေတယ်ဆိုတာ ကွီးန်က သိပြီး ကွီးန်လည်းသိတဲ့အမှန်တရားပဲ မဟုတ်ဘူးလားဗျ။”

တစ်ချက်ကလေး ထူးဆန်းသောအပြုံးကို ပြုံးလိုက်သည့် တော်ဝင်မင်းသား ဟိုင်န်ရီက နှုတ်ခမ်းကို လှုပ်ရှားလိုက်ပြီးမှ စကားကို ဆက်ပြောခဲ့သည်။

“အဲ့ဒီအစား၊ အခုလိုမျိုးပေါ့။ ဆိုလိုတာက ဒီလိုမျိုး သွားလာရင်း ဆုံမိတဲ့အခါ မသိချင်ယောင်မဆောင်ပါနဲ့။ သီးသန့် နှစ်ယောက်တည်းတွေ့ဖို့ မတောင်းဆိုဘဲနေမှာမို့လို့ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်တည်း ရှိနေတဲ့အခါကျရင် ကျွန်တော့်ကို ရှောင်မသွားဘဲနေပေးပါ။”

သူ့အသံက တိုးလျလွန်းကာ နှုတ်ခမ်းတွင် တင်ထားသည့် အပြုံးက ပေါ့ပေါ့ပါးပါးရှိပုံရသော်လည်း သူ့အကြည့်ကတော့ အင်မတန် လေးနက်လှသည်။ စနောက်ပြောနေသည့် စကားဟု ထင်ရသော်လည်း စနောက်နေခြင်းမဟုတ်မှန်း ရှင်းလင်းသေချာစွာ သိနိုင်၏။ စွဲစွဲမြဲမြဲ စူးစူးစိုက်စိုက် ကြည့်နေသော ထိုအကြည့်ကို ခံလိုက်ရတော့ နှလုံးက လက်သည်းဖြင့် အသာလေး အဖိခံလိုက်ရသလို ထူးဆန်းသော ခံစားချက်မျိုး ဝင်လာလေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment