no

Font
Theme

အပိုင်း ၁၂၀ (တူညီသောဗျူဟာ)

“ဘာကို ဘာလုပ်ရမှာလဲ၊ ငါကိုယ်တိုင်ပဲ ပြင်ဆင်ရမှာပေါ့။”

“ဒီလိုပဲ ပြောလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့လည်း……”

ဟိုင်န်ရီ၏ အဖြေကြောင့် မက်ကန်နာက စကားစကို မတင်မကျဖြင့် ဖြတ်ထားခဲ့သည်။

“ဒါပေမဲ့ ဘာဖြစ်လဲ။”

“အရှင်မင်းကြီးကိုယ်တိုင် မင်္ဂလာပွဲကို ပြင်ဆင်တယ်ဆိုရင်လည်း အခြေအနေက ထူးခြားလာမှာ မဟုတ်လို့ပါ။”

မက်ကန်နာက သက်ပြင်းတစ်ချက် ချလိုက်ရင်း….

“အရှင်မင်းကြီးက မင်္ဂလာပွဲကို ခမ်းခမ်းနားနား ပြင်ဆင်လိုက်ရင် ‘အချစ်ကြောင့် စုံလုံးကန်းပြီး ဖြုန်းတီးတယ်’ လို့ ပြောကြပါလိမ့်မယ်……”

“ဧကရာဇ်အဖြစ် ကြေညာမှာ။”

မက်ကန်နာက “ပြီးတော့…” ဟု စကားဆက်ရန် ပြင်လိုက်ပြီးမှ ဆတ်ခနဲ အေးခဲသွားတော့သည်။

သူက ကြောင်အမ်းအမ်းဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်နေမိ၏။

“ဗျာ။”

‘ငါ တစ်ခုခု နားကြားလွဲတာလား’ ဟု တွေးနေသော မျက်နှာထားမျိုးပင်။

“မင်္ဂလာပွဲကျင်းပတဲ့နေ့မှာ၊ ငါ့ကိုယ်ငါ ဧကရာဇ်အဖြစ် ကြေညာပြီး အနောက်ဘုရင့်တိုင်းပြည်ကို အနောက်အင်ပါယာအဖြစ် တိုးမြှင့်မှာ။”

ဟိုင်န်ရီ ထပ်မံ၍ အတည်ပြုပြောဆိုလိုက်သောအခါမှ မက်ကန်နာလည်း လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်လျက် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ထိုအခါမှသာ စကား၏အဓိပ္ပာယ်ကို သေသေချာချာ နားလည်သွားသည့်ပုံပင်။

“ဒါဆို……”

“ဘယ်လောက်ပဲ ခမ်းခမ်းနားနား ကျင်းပပါစေ၊ ဘယ်သူမှ ဖြုန်းတီးတယ်လို့ ဝေဖန်နိုင်တော့မှာ မဟုတ်ဘူးပေါ့။”

“နှလုံး၊ နှလုံးက။ နှလုံးက တအားကို အပြင်းအထန် ခုန်နေပါပြီ။”

မက်ကန်နာ အကြောင်သား ရေရွတ်မိသည်။

နည်းနည်းစောလွန်းသည်ဟု ခံစားရနိုင်သော်လည်း၊ ဤရွေးချယ်မှုက အားနည်းချက်ထက် အားသာချက်က ပို၍များလှ၏။

နာဗီရယ်က အနောက်အင်ပါယာ၏ ပထမဆုံးသော ဧကရီဖြစ်လာမည်ဖြစ်ရာ၊ ယင်းအချက်က သူတို့နှစ်ဦး၏ လျင်မြန်လှသော ထိမ်းမြားမှုအပေါ် လူထု၏အမြင်ကို ပြောင်းလဲပေးနိုင်ပေလိမ့်မည်။

ထို့အပြင် သတင်းကောင်းနှင့်အတူ ရောက်ရှိလာသော ဧည့်သည်တော်က မင်္ဂလာရှိသော ဧည့်သည်တော်ဖြစ်လာစမြဲပင်။

နာဗီရယ်က တိုင်းတစ်ပါးသူဖြစ်သည်ဟူသော စိမ်းသက်မှုကလည်း အင်ပါယာအဖြစ် တိုးမြှင့်ခြင်းဟူသော ဂုဏ်ဒြပ်နှင့်အတူ ဖုံးလွှမ်းသွားပေလိမ့်မည်။

သို့သော်လည်း ဝမ်းသာပီတိဖြစ်နေသော မက်ကန်နာလိုမဟုတ်ဘဲ၊ ဟိုင်န်ရီကမူ ဧကရာဇ်အဖြစ် ကြေညာမည့်အကြောင်းကို ပြောနေသည့်တိုင် မျက်နှာထားက လေးလံနေ၏။

“အရှင်မင်းကြီး။”

မက်ကန်နာက စိုးရိမ်ပူပန်စိတ်ဖြင့် ဟိုင်န်ရီကို လှမ်းခေါ်လိုက်သည်။

“ဧကန္တ မလုပ်ချင်ဘဲနဲ့ မဖြစ်မနေ လုပ်ရတာမျိုးဆိုရင်…”

ဟိုင်န်ရီက ခေါင်းခါပြခဲ့သည်။

“လုပ်ရမှာပေါ့။”

သို့သော်လည်း ပြောနေသော သူ၏မျက်နှာထက်တွင် အေးစက်မှုများ စွန်းထင်နေဆဲပင်။

တကယ်တော့ သူက ကွယ်လွန်သွားသော အစ်ကိုတော်အကြောင်း တွေးတောနေခြင်းဖြစ်၏။

အနောက်ဘုရင့်တိုင်းပြည်က မှူးမတ်များကို မြေယာခွဲဝေပေးသော တိုင်းပြည်မျိုးမဟုတ်သလို၊ မှူးမတ်တို့၏ ကိုယ်ရံတော်စစ်သည် အရေအတွက်ကိုလည်း ကန့်သတ်ထားသည်။

အနောက်ဘုရင့်တိုင်းပြည်က အရှေ့အင်ပါယာနှင့် ရင်ဘောင်တန်းနိုင်လောက်သည့် စစ်တပ်ကို စုဆောင်းနိုင်ခဲ့ခြင်းကလည်း တော်ဝင်မိသားစုက အင်မတန် ချမ်းသာကြွယ်ဝသည့်အပြင်၊ စစ်တပ်ကို ဘုရင်ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲသောကြောင့်ပင်။

ထို့ကြောင့် အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင့်အာဏာက အင်အားအာဏာနှင့် စုစည်းထားသော စစ်အင်အားကြောင့် သဘာဝကျစွာ ခိုင်မာတောင့်တင်းခဲ့၏။

သို့သော်လည်း ဟိုင်န်ရီ၏ အစ်ကိုတော် တတိယမြောက် ဝေါ်တန် လက်ထက်ကို ဖြတ်သန်းပြီးသည့်နောက်တွင်၊ ထိုခိုင်မာလှသော ဘုရင့်အာဏာက အနည်းငယ် အားနည်းသွားခဲ့ရသည်။

တတိယမြောက် ဝေါ်တန်က နဂိုကပင် စိတ်ထားနူးညံ့သူဖြစ်သည့်အပြင်၊ နာမကျန်း၍ အိပ်ရာထဲလဲနေခဲ့သော ကာလက ရှည်လျားလွန်းခဲ့သောကြောင့်ပင်။

ထို့ကြောင့် တစ်ခါတစ်ရံတွင် ‘ငါသာ အဲ့ဒီအချိန်တုန်းက အစ်ကိုတော်ရဲ့ဘေးမှာ ရှိနေခဲ့ရင် အခြေအနေက ပိုကောင်းမလား’ ဟူသော အတွေးများ ဝင်လာတတ်သည်ကို တားဆီး၍ မရနိုင်ခဲ့ချေ။

သို့သော်လည်း အကယ်၍ သူသာ ထိုနေရာတွင် ရှိနေခဲ့ပါက၊ နဂိုကတည်းကပင် ကောလာဟလထွက်နေသော ‘အဆိပ်ခတ်မှု’ သံသယများက ပို၍ကြီးထွားလာပေလိမ့်မည်။

ဟိုင်န်ရီ သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုအထဲမှ တော်သေးသည့်အချက်မှာ ဘုရင့်အာဏာက ခမည်းတော်လက်ထက်ကထက် အားနည်းသွားသည်ဆိုသည့်တိုင်၊ လုံလောက်စွာ ထိန်းချုပ်နိုင်သော အတိုင်းအတာအတွင်း၌ ရှိနေသေးခြင်းပင်။

တစ်ဖက်တိုင်းပြည်၏ မှော်ဆရာအရေအတွက်ကို လျှော့ချလိုက်သည်ဆိုရုံဖြင့် မိမိတို့ဘက််မှ မှော်ဆရာ အရေအတွက်က တိုးပွားလာမည်မဟုတ်သဖြင့် စစ်တပ်ကို သေသေချာချာ……

“အာ။”

“ဗျာ။”

“မက်ကန်နာ။ အဲ့ဒီတုန်းက မှော်အကယ်ဒမီက ကျောင်းသူရော။”

“ဟို အယ်ဗာလီဆိုတဲ့ ကျောင်းသူလေးကို ပြောတာလားခင်ဗျ။ အရှင်မင်းကြီး မှော်စွမ်းအား ပြန်ပေးလိုက်ဖို့ မှာခဲ့တဲ့သူလား။”

“ဟုတ်တယ်။ အခု ဘယ်လိုလဲ။”

“အခုအထိတော့ ဒီအတိုင်းပါပဲ။ မှော်စွမ်းအားကို စုပ်ယူဖို့တောင် အချိန်အများကြီး ကြာခဲ့တာဆိုတော့၊ ပြန်ပေးဖို့က ပိုပြီးအချိန်ကြာဦးမှာပါ။”

“အင်း။”

ဟိုင်န်ရီက ခေါင်းညိတ်လိုက်ပြီးနောက်၊ ယခုမှ အလုပ်တကယ်လုပ်တော့မည့်အလား စာရွက်စာတမ်းများကို ကြည့်ရှုခဲ့သည်။

မက်ကန်နာက တွေဝေတုံ့ဆိုင်းစွာ မေးလာ၏။

“ဒါပေမဲ့ အရှင်မင်းကြီး။ အဲ့ဒီမှော်စွမ်းအားကို တကယ်ပဲ ဆက်ဆက် ပြန်ပေးဖို့ လိုလို့လား။”

သူ့မျက်နှာက အနည်းငယ် မကျေမနပ် ဖြစ်နေသည့်ပုံပင်။

“ပြန်ပေးလိုက်။”

ဟိုင်န်ရီ၏ ပြတ်သားသော အဖြေကြောင့် မက်ကန်နာ၏မျက်နှာထက်မှ မကျေနပ်မှုများက ပို၍ ထင်ရှားလာတော့သည်။

မက်ကန်နာက နှုတ်ခမ်းကို မဲ့လိုက်ရင်း မကျေမနပ် ပြောလာ၏။

“ငွေကုန်ကြေးကျ အရမ်းများလွန်းပါတယ်။ တကယ် တအားတအားကို များလွန်းလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကလေးက အရှေ့အင်ပါယာက လူပဲကို။ မှော်စွမ်းအား ပြန်ရသွားရင်လည်း အရှေ့အင်ပါယာကိုပဲ ပြန်သွားမှာ မဟုတ်ဘူးလား။”

“တစ်ယောက်တည်းပဲလေ။ သူ့ကိုပဲ ပြန်ပေးလိုက်။”

“……”

~~~~

တစ်ဖက်တွင်လည်း၊ ဆိုဗီရ်ရှုတစ်ယောက် နာဗီရယ်ကို ရှာဖွေတွေ့ရှိပြီဟူသော သတင်းကို မျှော်လင့်တကြီး စောင့်ဆိုင်းရင်း စိုးရိမ်ပူပန်စိတ်ဖြင့် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။

သို့သော်လည်း မည်မျှပင် စောင့်ဆိုင်းစေကာမူ သတင်းက ရောက်မလာခဲ့ချေ။

“အရှင်ဧကရာဇ်……”

ရက်ရှ်တာက ထိုကဲ့သို့သော ဆိုဗီရ်ရှုကို စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်နေသည်။

သန္ဓေသားအတွက် စိတ်အေးချမ်းအောင် နေထိုင်ရမည့်အချိန်တွင် ဧကရာဇ်က ထိုသို့ဖြစ်နေ၍၊ စိတ်အေးချမ်းဖို့နေနေသာ စိတ်က ပို၍ပင် မတည်မငြိမ် ဖြစ်လာရ၏။

ကွာရှင်းပြတ်စဲမှုကို ဝမ်းမြောက်ရမည့်သူက လေးလံသော မျက်နှာထားဖြင့် ဧကရီဟောင်းကို လိုက်လံရှာဖွေနေခြင်းမှာ ရက်ရှ်တာကို စိတ်အနှောင့်အယှက် ဖြစ်စေပေသည်။

တစ်ချိန်ချိန်တွင် ဧကရီအဖြစ် တင်မြှောက်မည်ဟူသော ကတိကဝတ်ကိုပင် ပြန်လည်ရုပ်သိမ်းသွားမည်လားဟု စိုးရိမ်လာမိ၏။

‘ဒါတောင် ဧကရီဟောင်းက အနောက်ဘုရင့်တိုင်းပြည်ကို ထွက်သွားလို့ တော်သေးတာပေါ့။’

အကယ်၍ နာဗီရယ်သာ အရှေ့အင်ပါယာတွင် ကျန်ရစ်ခဲ့ပြီး ဆိုဗီရ်ရှုက ဤကဲ့သို့ ပြုမူနေမည်ဆိုပါက၊ ရက်ရှ်တာ အိပ်ပျော်နိုင်တော့မည်မဟုတ်ဘဲ အင်မတန် စိုးရိမ်ကြောင့်ကြနေမိပေလိမ့်မည်။

“အရှင်ဧကရာဇ်၊ လူတွေက ဧကရီဟောင်း ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အတင်းအဖျင်း ပြောနေကြတယ်လို့ ကြားရပါတယ်။”

ရက်ရှ်တာက ဆက်၍ကြည့်မနေနိုင်တော့သဖြင့် ဆိုဗီရ်ရှုကို နှစ်သိမ့်ရန် စကားစလိုက်သည်။

“သူရဲ့ နာမည်ဂုဏ်သတင်းလည်း အများကြီး ကျဆင်းသွားပြီဆိုပြီး ကြားရတာမို့လို့ မစိုးရိမ်ပါနဲ့တော့။ အားလုံးက အရှင်ဧကရာဇ်ဘက်မှာ ရှိနေကြတာပါ။”

ထိုစကားက သက်ရောက်မှု ရှိသွား၍လားမသိ။

ဆိုဗီရ်ရှုက ခေါက်တုံ့ခေါက်ပြန် လျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီးနောက်၊ ရက်ရှ်တာကို တစ်ချက် စိုက်ကြည့်ကာ မေးမြန်းလာသည်။

“ရက်ရှ်တာ။”

ရက်ရှ်တာက ဤသည်ကို အခွင့်အရေးဟု တွေးကာ အလျင်အမြန်ပင် ဆိုဗီရ်ရှု၏ဘေးနားသို့ ချဉ်းကပ်သွားပြီး မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်၏။

“ပြောပါ၊ အရှင်ဧကရာဇ်။”

“……အဲ့ဒီအကြောင်း ဘယ်သူက ပြောပြတာလဲ။”

“အဲ့ဒီအကြောင်းလား။ မြို့စားမင်း အယ်ရ်ဂီ ပြောပြတာပါ။”

မြို့စားမင်း အယ်ရ်ဂီဟူသော နာမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဆိုဗီရ်ရှု၏ မျက်နှာထားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားတော့သည်။

ဆိုဗီရ်ရှုက မြို့စားမင်း အယ်ရ်ဂီ နာဗီရယ်ကို ခိုးထုတ်သွားခဲ့သည်ဟု အသေအချာ ယုံကြည်နေ၏။

မြို့စားမင်း အယ်ရ်ဂီက တိုင်းတစ်ပါးမှ တော်ဝင်မိသားစုဝင် ဖြစ်နေသောကြောင့်သာ ထုတ်ဖော်၍ ဘာမှမလုပ်နိုင်ခြင်းဖြစ်ပြီး၊ သူ၏ဒေါသကမူ အထွတ်အထိပ်သို့ ရောက်ရှိနေချေပြီ။

ဆိုဗီရ်ရှုက ရက်ရှ်တာအပေါ် ဒေါသမပုံမိစေရန်အတွက် အတတ်နိုင်ဆုံး အသံကိုနှိမ့်၍ သတိပေးလိုက်သည်။

“မြို့စားမင်း အယ်ရ်ဂီနဲ့ သိပ်ပြီး မပတ်သက်နဲ့။”

“ရှင်။ ဘာဖြစ်လို့လဲဟင်။”

“သူက မင်းနဲ့ပတ်သက်ဖို့ သင့်တော်တဲ့လူစားမျိုး မဟုတ်ဘူး။”

ရက်ရှ်တာက ဆိုဗီရ်ရှု မြို့စားမင်း အယ်ရ်ဂီကို ဟိုင်န်ရီ့ထံသို့ စေလွှတ်ခဲ့ကြောင်း မသိရှိချေ။

သူက ယခု ဆိုဗီရ်ရှု၏ ဒေါသကို မြို့စားမင်း အယ်ရ်ဂီအပေါ် သဝန်တိုနေခြင်းဖြစ်မည်ဟုသာ ထင်မှတ်လိုက်မိသည်။

ဧကရီက ဧကရီဟောင်းဖြစ်သွားခဲ့ပြီဖြစ်ရာ၊ ယခုအချိန်တွင် ဆိုဗီရ်ရှု၏ အမျိုးသမီးဟု ဆိုနိုင်သူမှာ သူတစ်ဦးတည်းသာ ရှိတော့၏။

ထို့ကြောင့် သူက မြို့စားမင်း အယ်ရ်ဂီနှင့် ရင်းနှီးနေသဖြင့် ကျိန်းသေပေါက် ဆိုဗီရ်ရှုက သဝန်တိုနေခြင်းဖြစ်ပေမည်။

ရက်ရှ်တာတစ်ယောက် ဆိုဗီရ်ရှု၏ ဒေါသကို မြင်လိုက်ရသောအခါမှ စိတ်အေးသွားရုံသာမက စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ကပ်ပြောခဲ့၏။

“မစိုးရိမ်ပါနဲ့၊ အရှင်ဧကရာဇ်။ ရက်ရှ်တာ ချစ်တာက အရှင်ဧကရာဇ် တစ်ယောက်တည်းပါပဲ။”

“ဘာ။”

“မြို့စားမင်း အယ်ရ်ဂီက သူငယ်ချင်းသက်သက်ပါ……”

ဆိုဗီရ်ရှုတစ်ယောက် ဒါဘာစကားလဲဟူသော မျက်နှာထားဖြင့် ရက်ရှ်တာကို စိုက်ကြည့်လိုက်မိသည်။

ရက်ရှ်တာကမူ နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် ပြုံးနေ၏။

ဆိုဗီရ်ရှုလည်း ရက်ရှ်တာ၏ အထင်လွဲမှုကို ရိပ်မိလိုက်သော်လည်း၊ ရှက်သွားမည်စိုးသဖြင့် ပြန်လည်ပြင်ဆင်ပေးခြင်းမျိုး မလုပ်တော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်ပြီးနောက် ဘေးနားရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

“သန္ဓေသားအတွက် စိတ်အေးချမ်းအောင် နေရမဲ့အချိန်မှာ လေးလံတဲ့အကြောင်းအရာတွေပဲ ပြောဖြစ်နေပြီ။ ကဲ၊ ဘာလုပ်ပေးရမလဲ။”

~~~~

ထိုအချိန် ညဉ့်နက်ပိုင်းတွင်။

ဟိုင်န်ရီ၏ ကိုယ်ရံတော်တပ်မှူးဖြစ်သူ ယူနီးမ်က မက်ကန်နာထံမှ ဘုရင့်အမိန့်တော်ကို လက်ခံရရှိပြီးနောက်၊ အချိန်အတော်ကြာမှ စစ်သည်တော်အဆောင်သို့ မဟုတ်ဘဲ မိမိ၏အိမ်သို့ ပြန်လာခဲ့သည်။

“မျက်နှာတောင် မမြင်ရတော့ဘူး မှတ်နေတာ။ မတွေ့တာတော်တော်ကြာပြီပဲ။”

ယူနီးမ်၏ အစ်မဖြစ်သူ ရို့စ်က အိပ်ပျော်နေခဲ့ရာမှ အိပ်ချင်မူးတူးဖြင့် သူ့ကို လာရောက်ကြိုဆိုခဲ့သည်။ သူက သမ်းဝေလိုက်ရင်း အစေခံကို စားစရာအချို့ ယူလာရန် ညွှန်ကြားလိုက်၏။

“ရော့။”

ယူနီးမ်က လေးလံသော အပေါ်ဝတ်ရုံကို ချွတ်လိုက်ရင်း၊ ရို့စ်ထံသို့ ဘုရင့်အမိန့်တော် ရေးသားထားသော စာချွန်လွှာကို ကမ်းပေးခဲ့သည်။

“ဒါက ဘာလဲ။”

ရို့စ်က ထပ်မံ၍ သမ်းဝေလိုက်ပြန်ရင်း ယူနီးမ် ကမ်းပေးသော စာကို ဖြန့်၍ ဖတ်ရှုခဲ့၏။

“အစ်မကို မိဖုရားအသစ်ရဲ့ ယာယီရံရွေတော်အဖြစ် ခန့်အပ်မဲ့ ဘုရင့်အမိန့်တော်။”

“ငါ့ကိုလား။”

ရံရွေတော်အဖြစ် ခန့်အပ်မည့် အမိန့်တော်ကို ငြင်းပယ်ချင်ပါက ငြင်းပယ်၍ ရနိုင်သော်လည်း၊ ထိုကဲ့သို့သော အမိန့်တော်ကို ငြင်းပယ်ခြင်းက ဘုရင်၏ အငြိုးအတေးကို ခံရမည့် အမြန်ဆုံးလမ်းစပင်။

ထို့အပြင် ဧကရီ၏ ရံရွေတော်ဖြစ်လာခြင်းက အလွန် ဂုဏ်ယူစရာကောင်းသော ကိစ္စဖြစ်၍၊ အလွန် ထူးခြားသော အခြေအနေမျိုးမှလွဲပြီး အများစုက ငြင်းပယ်ရန် စဉ်းစားကြမည်မဟုတ်ချေ။

ရို့စ်က ဘုရင့်အမိန့်တော် ရေးသားထားသော စာရွက်ကို လေးနက်သော မျက်နှာထားဖြင့် အကဲခတ်ကြည့်ပြီးနောက် ရယ်လိုက်လေသည်။

“အာ၊ ဒါလား။”

“ရည်ရွယ်ချက်က အတိုင်းသား မြင်သာနေတော့ အမြင်ကတ်စရာ မကောင်းဘူးလား။”

ယူနီးမ်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်ရင်း ခါးမှ လေးလံသောဓားကို ဖြုတ်ကာ စားပွဲပေါ်သို့ ချလိုက်သည်။

ရို့စ်က တခိခိ ရယ်ရင်း ဖတ်ပြီးသားအကြောင်းအရာကို ထပ်မံ၍ ဖတ်ရှုလိုက်ပြန်၏။

“ဘာဖြစ်လို့လဲ။ ဒါကြောင့်ပဲ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာပေါ့။”

“ဟွန်း။”

“တော်တော်တော့ ဦးနှောက်သုံးထားတဲ့ပုံပဲ။ ငါ့ကို ခေါ်လိုက်ပုံထောက်ရင် အတတ်နိုင်ဆုံး သဘောကောင်းပြီး ကြင်နာတတ်တဲ့ မိဖုရားလို ဟန်ဆောင်ပြချင်လို့ ဖြစ်ရမယ်။”

ရို့စ်က ပြုံးစိစိဖြင့် ယူနီးမ်ကို စောင်းငဲ့ကြည့်လိုက်သည်။

“ဒါတွေအကုန် ငါ့မောင်က အရှင်မိဖုရားရှေ့မှာ မောက်မောက်မာမာ ပြုမူခဲ့လို့ ဖြစ်ရတာမဟုတ်ဘူးလား။”

လွန်ခဲ့သော နာရီပိုင်းကမှ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ဖြစ်သော်လည်း၊ ယူနီးမ် နာဗီရယ်အပေါ် မည်သို့ပြုမူခဲ့သည်ဟူသော သတင်းကို ကောလာဟလများမှတစ်ဆင့် ကြားသိထားသည့်ပုံပင်။

ယူနီးမ်က ဤအတောအတွင်း မိမိ၏အဖြစ်က ရို့စ်ထံသို့ပါ ပျံ့နှံ့သွားခြင်းကို အံ့ဩမိသဖြင့် နှာခေါင်းရှုံ့လိုက်၏။

“အရှင်မိဖုရားနဲ့ ငါ့ကြားမှာ တူညီတဲ့အချက်တစ်ခုတော့ ရှိသားပဲ။ စိတ်ဆတ်တဲ့ မောင်နှမတွေကို ပိုင်ဆိုင်ထားတာ။”

“ငါက သူများကို ရိုက်တတ်တဲ့သူ မဟုတ်ပါဘူးနော်။”

“ပြောထွက်တယ်နော်။”

“……”

“ဘာပဲဖြစ်ဖြစ် ကိစ္စက ဒီလိုဖြစ်သွားပြီဆိုမှတော့။ ကောင်းပြီလေ။ ငါလည်း အဲ့ဒီယာယီရံရွေတော်နေရာကနေပြီးတော့ မိဖုရားအသစ်ကို သေသေချာချာ စောင့်ကြည့်ရတာပေါ့။”

“လုပ်နိုင်ပါ့မလား။”

“သူက ဘယ်လိုမိဖုရားမျိုးလဲ၊ တိုင်းပြည်အတွက် အကျိုးပြုမဲ့သူလား၊ ဘာလားဆိုတာကို စောင့်ကြည့်ရုံပဲလေ။ ဟုတ်တယ်မဟုတ်လား။”

~~~~

ယူနီးမ်၏ အစ်မ လာတွေ့သော အချိန်က မနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ဖြစ်သည်။

“အရှင်မိဖုရားကို ယာယီအလုပ်အကျွေးပြုဖို့ ရောက်လာတဲ့ ရို့စ် ကွီဗယ်လ်ပါ။”

ကျွန်မ ဒူးပေါ်တွင် တင်ထားသော စာအုပ်ကိုချကာ သူ့ကို အကဲခတ်ကြည့်လိုက်သည်။

စိတ်ထဲမှ အခြေအနေကို မသိနိုင်သော်လည်း၊ လောလောဆယ်တွင်မူ မောင်ဖြစ်သူ ယူနီးမ်နှင့်မတူဘဲ အပြင်ပန်းအားဖြင့် ရိုသေကိုင်းညွှတ်မှုရှိ၏။

သို့သော်လည်း တစ်ခါတစ်ရံတွင် မသိမသာ အကဲခတ်ကြည့်တတ်ပုံထောက်လျှင် သူ့ထံတွင် နဂိုကတည်းက ရှိနေသော သံသယစိတ်ကို အထင်အရှား ခံစားလိုက်ရသည်။

“အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ လေဒီ ရို့စ်။”

ကျွန်မက ပြုံးပြရင်း စာအုပ်ကို ဘေးသို့ အပြီးတိုင် ချထားလိုက်ကာ နေရာမှ ထရပ်လိုက်သည်။

“ရှေ့လျှောက်လည်း အများကြီး ကူညီပေးပါဦး။”

“ကျိန်းသေပေါက် ကူညီပေးပါ့မယ်၊ အရှင်မိဖုရား။”

သူက သွက်လက်စွာ ပြန်လည်ဖြေကြားပြီးနောက် ကျွန်မကို စိုက်ကြည့်လာသည်။

‘အခု ဘာလုပ်ကြမလဲ’ ဟူသော အဓိပ္ပာယ်မျိုး သက်ရောက်နေသည့် အကြည့်ပင်။

ကျွန်မ ချက်ချင်းပင် မေးမြန်းလိုက်၏။

“အဝတ်ချုပ်ဆောင်ကို လိုက်ပြပေးလို့ရမလား။”

ရို့စ်က ကျွန်မ ဤမျှအထိ တဲ့တိုးမေးမြန်းလာလိမ့်မည်ဟု ထင်မှတ်မထား၍လားမသိ၊ အံ့ဩသွားကာ “ရှင်” ဟု ပြန်လည်မေးမြန်းလာသည်။

“အဝတ်ချုပ်ဆောင်ကို သွားချင်လို့လေ။”

“အာ…… ဟုတ်ကဲ့ပါ။ အဝတ်ချုပ်ဆောင်။”

ရို့စ်က အံ့ဩသွားသဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်နေခဲ့သော်လည်း၊ မကြာမီမှာပင် တည်ငြိမ်သော အပြုံးကို ဆင်မြန်းလိုက်ရင်း “ဒီဘက်ကို ကြွပါ” ဟု ဆိုကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။

ကျွန်မ သူ့နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါသွားရင်း သူ၏ လမ်းလျှောက်ပုံကို အကဲခတ်ကြည့်မိ၏။

လူတစ်ယောက်၏ လမ်းလျှောက်ပုံလော၇် ထိုလူ၏ စရိုက်လက္ခဏာကို ပေါ်လွင်စေသောအရာ မရှိသောကြောင့်ပင်။

အမှန်တော့ ကျွန်မ ယူနီးမ်၏အစ်မကို စောင့်ဆိုင်းနေစဉ်အတွင်း အမျိုးမျိုးသော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ယူနီးမ်၏အစ်မက မည်သို့သော စရိုက်ရှိသူဖြစ်ပါစေ၊ ထိုအပေါ်မူတည်၍ ကွဲပြားစွာ တုံ့ပြန်ရန် ကြံစည်ထားခြင်းပင်။

အကယ်၍ သူက စိတ်ထားနူးညံ့ပြီး ကြောက်တတ်သူမျိုးဆိုလျှင် ကြင်နာစွာ ဆက်ဆံပေးရန် တွေးထားခဲ့ပြီး၊ အစကတည်းက ဆူးများထောင်၍ ရောက်လာသော ဖြူကောင်လို လူမျိုးဆိုလျှင်မူ ရင်းနှီးကျွမ်းဝင်လာစေရန် အချိန်ပေးဖို့ တွေးထား၏။

အာဏာအလိုက် သင့်တင့်စွာ နေတတ်သူမျိုးဆိုလျှင် ဟိုင်န်ရီ့ထံသို့ သွားရောက်ရန် တွေးထားကာ၊ အကယ်၍ ကျွန်မ၏ စိတ်ကျေနပ်မှုကို ရရှိရန်အတွက် ရည်ရွယ်ချက်ရှိရှိ ရောက်လာခြင်းဆိုလျှင်မူ……

‘သူရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်ရမှာပေါ့။’

“ဒီနေရာပါပဲ၊ အရှင်မိဖုရား။”

ကောလာဟလများထဲမှ မိဖုရားအသစ်က အဝတ်ချုပ်ဆောင်သို့ ရောက်ရှိလာတော့ အပ်ချုပ်ဆရာနှင့် လက်ထောက်များက ပျာပျာသလဲ ဂါရဝပြုကြတော့သည်။

ကျွန်မ သူတို့၏ ဂါရဝပြုမှုကို တစ်ဦးချင်းစီ တုံ့ပြန်ပေးပြီးနောက် တာဝန်ကျေ​လိုက်ပါဦးဟု နှုတ်ဆက်စကားဆိုကာ တစ်ဖန် ပြုံးလျက် ရို့စ်ကို လှမ်းခေါ်လိုက်၏။

“လေဒီ ရို့စ်။”

သူက ကျွန်မ အပ်ချုပ်ဆရာများကို မည်သို့ပြောဆိုနေကြောင်း အသာလေး စောင့်ကြည့်နေခဲ့ရာမှ၊ ကျွန်မ ခေါ်လိုက်တော့ ပြုံး၍ ပြန်ထူးလာသည်။

“ဟုတ်ကဲ့၊ အရှင်မိဖုရား။”

ကျွန်မ ကျွန်မဝတ်ဆင်ထားသော ဝတ်စုံကို ညွှန်ပြရင်း ပြောလိုက်၏။

“ကျွန်မမှာ ယူလာတဲ့ဝတ်စုံရယ်လို့ များများစားမရှိဘူး။”

အတိအကျပြောရလျှင် ဝတ်ဆင်လာခဲ့သော ဝတ်စုံတစ်ခုတည်းသာ ရှိခြင်းပင်။

ရို့စ် မျက်လုံးများ ဝိုင်းစက်သွားတော့သည်။

သူက ကျွန်မနှင့် ဟိုင်န်ရီတို့ ထွက်ပြေးတိမ်းရှောင်သလို ရောက်ရှိလာခဲ့ကြသော အခြေအနေကို ပြန်လည်တွေးတောမိနေခြင်း ဖြစ်ပေလိမ့်မည်။

မည်မျှအထိ အလျင်စလို ထွက်ပြေးလာခဲ့ရ၍ အဝတ်အစားပင် မယူဆောင်လာနိုင်ခဲ့ရသနည်းဟူ၍ တွေးနေမိခြင်းလည်း ဖြစ်နိုင်၏။

“အဲ့ဒီလိုကိုး။ ဒါဆို အခုပဲ ဝတ်စုံအသစ်တွေကို ပြင်ဆင်ချုပ်လုပ်မှဖြစ်ပါမယ်။”

ကျွန်မက ဆက်လက်၍ ပြုံးနေဆဲမျက်နှာဖြင့် တောင်းဆိုလိုက်သည်။

“ဟုတ်တယ်။ အဲ့ဒါကြောင့် လောလောဆယ် အရေးတကြီး ဝတ်ဖို့အတွက် ဝတ်စုံ ၆ စုံလောက် ရှာဖွေပြင်ဆင်ပေးပါဦး။”

“ဟုတ်ကဲ့ပါ။ ဘယ်လိုပုံစံမျိုးကို ပြင်ဆင်ပေးရမလဲရှင့်။”

“နေ့စဉ်ဝတ်စုံ ၃ စုံ၊ လုပ်ငန်းဆောင်ရွက်ချိန် ဝတ်မဲ့ ဝတ်စုံ ၂ စုံနဲ့၊ အခြေအနေအရ လိုအပ်ရင် ဝတ်ဖို့အတွက် ရိုးရှင်းတဲ့ ပွဲတက်ဝတ်စုံ ၁ စုံ။”

“အလိုရှိတဲ့ ပုံစံမျိုး ဒါမှမဟုတ်……”

ဈေးနှုန်းအတိုင်းအတာကို မေးမြန်းလိုခြင်း ဖြစ်ပေလိမ့်မည်။

ကျွန်မ သူ ဘာကိုမေးမြန်းလိုမှန်း မသိချင်ယောင်ဆောင်ရင်း၊ အသာအယာ ပြုံးပြကာ အကူအညီတောင်းလိုက်သည်။

“ကျွန်မက အနောက်ဘုရင့်တိုင်းပြည်ရဲ့ ထုံးတမ်းအစဉ်အလာတွေကို သေသေချာချာ မသိသေးတော့၊ လေဒီ ရို့စ်ကိုပဲ အပ်ပါရစေ။”

ဤကဲ့သို့ လုပ်ဆောင်လိုက်ပါက ကျွန်မ ဝတ်စုံကို မည်သို့ပင် ဝတ်ဆင်ပါစေ၊ အပြစ်ရှာ၍ မရနိုင်တော့ချေ။

လူအများရှေ့တွင် တိုက်ရိုက်အမိန့်ပေးခဲ့ခြင်းဖြစ်ရာ၊ အကယ်၍ ရို့စ်က ထူးဆန်းသော ဝတ်စုံများကို ယူဆောင်လာခဲ့မည်ဆိုလျှင်ပင် ယင်းက မည်သူ့​လက်ချက်မှန်း လူတို့က ချက်ချင်း ရိပ်မိကြပေလိမ့်မည်။

ရို့စ်က နာနာခံခံ လက်ခံခဲ့သော်လည်း၊ စောစောကထက် ကျွန်မအပေါ် ပို၍ သံသယဝင်နေသည်ကို ခံစားလိုက်ရ၏။

ကျွန်မကမူ မသိချင်ယောင်ဆောင်ရင်း ယခုတစ်ကြိမ်တွင် နန်းတော်အတွင်းပိုင်းကို လမ်းညွှန်ပြသပေးရန် တောင်းဆိုလိုက်သည်။

“​နေရာဖွဲ့စည်းပုံ အနေအထားကို မှတ်သားထားရမှာမို့လို့လေ။”

“……ဟုတ်ကဲ့ပါ၊ ဧကရီအရှင်မ။”

ကျွန်မတို့ အဝတ်ချုပ်ဆောင်မှ ထွက်ခွာ၍ လှေကားနှစ်ဆင့်ခန့် ဆင်းသက်ပြီးနောက်၊ ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်သန်းကာ ဥယျာဉ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

အလွန် ချမ်းသာကြွယ်ဝသောတိုင်းပြည်ဟု ကြားဖူးခဲ့သည့်အတိုင်းပင်။

ထိုဂုဏ်သတင်းနှင့် လိုက်ဖက်စွာ၊ အနောက်ဘုရင့်တိုင်းပြည်၏ နန်းတော်က ခန့်ညားထည်ဝါမှုအပိုင်းတွင် အရှေ့အင်ပါယာထက် အလျဉ်း မနိမ့်ကျခဲ့။

နန်းတော်က တစ်ခုလုံးခြုံကြည့်လျှင် ပို၍ လင်းလက်သော အရောင်အသွေးရှိပြီး၊ ထူးခြားသည်က အဆောက်အအုံ နေရာအနှံ့အပြားကို ကျောက်သံပတ္တမြားများဖြင့် တန်ဆာဆင်ထားခြင်းပင်။

ထိုအရာကို မြင်လိုက်ရတော့၊ မိမိ၏တိုင်းပြည်က ရတနာထွက်ရှိရာတိုင်းပြည်ဖြစ်ကြောင်း ထပ်ကာတလဲလဲ အလေးပေးပြောဆိုခဲ့ဖူးသည့် ဟိုင်န်ရီ၏ စကားများကို ပြန်လည်အမှတ်ရမိကာ အလိုလို ပြုံးမိရပြန်သည်။

‘တလက်လက်တောက်ပတာတွေကို သဘောကျတာက ကွက်တိ ငှက်နဲ့တူတာပဲ။’

ငှက်…… ငှက်

“……”

“အရှင်မိဖုရား။ ဘာဖြစ်လို့လဲရှင့်။”

“အာ။ ဟင့်အင်း။ ဘာမှမဟုတ်ပါဘူး။”

ခေတ္တ မေ့လျော့နေခဲ့သည့် ‘မက်ကန်နာက အပြာရောင်ငှက်ကလေး’ ဟူသော ထင်မြင်ချက်ကို ပြန်သတိရမိသွားခြင်းပင်။

ဟိုင်န်ရီ ပြန်လာလျှင် မေးမြန်းကြည့်ရပေမည်။

အကယ်၍ မက်ကန်နာက အပြာရောင်ငှက်ကလေးဆိုလျှင် ဟိုင်န်ရီလည်း ကျိန်းသေပေါက် သိနေမည်သာ။

“ဆက်သွားကြတာပေါ့။”

သို့သော်လည်း ပြန်လည်လျှောက်လှမ်းရန် ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် အနောက်ဘက်မှ ပျာပျာသလဲ လိုက်ပါလာသော အသံတစ်သံကို ကြားလိုက်ရသည်။

“....”

ရို့စ်၏ ခြေသံတော့ မဟုတ်ပေ။

ထူးဆန်းသဖြင့် လှည့်ကြည့်လိုက်မိရာ၊ သေသပ်လှပစွာ ဝတ်ဆင်ထားသော မည်သူမှန်းမသိရသည့် အမျိုးသားတစ်ဦးက နှုတ်ခမ်းတွင် မင်တံကို ကိုက်ထားလျက် ဟန်ချက်ပျက်ကာ ပျာယာခတ်နေသည်ကို မြင်လိုက်ရ၏။

နောက်ဆုံးတွင် တစ်ချက် လဲကျသွားခဲ့သော သူက အလျင်အမြန်ပင် ဖျတ်ခနဲ ထရပ်ကာ ဘောင်းဘီကို ခါလိုက်ပြီးမှ၊ ကျွန်မ သူ့ကို စိုက်ကြည့်နေကြောင်း သတိပြုမိသွားကာ လုပ်ဆောင်ချက်အားလုံးကို ရပ်တန့်လိုက်တော့သည်။

“ဘယ်သူများလဲ။”

ရို့စ်ကို မေးလိုက်တော့၊ သူက တိုးတိုးလေး အသိပေးလာ၏။

“တော်ဝင်နန်းတော်ကို ဝင်ထွက်ခွင့်ပြုထားတဲ့ သတင်းထောက်ပါ။”

သတင်းထောက်……

“အရှင်မိဖုရားအနေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရမဲ့ လူစားမျိုး မဟုတ်ပါဘူး။”

ရို့စ်က အလျင်အမြန် ဖြည့်စွက်ပြောဆိုခဲ့သည်။

“နောက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ အစီအစဉ်ရှိလာရင် အဲ့ဒီအခါကျမှ တွေ့ဆုံတာ ပိုကောင်းပါလိမ့်မယ်။”

သူက ကျွန်မကို အခြားတစ်နေရာသို့ ခေါ်ဆောင်သွားချင်သည့်ပုံစံဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော မျက်နှာထားမျိုး ရှိနေသည်။

လူမှုရေးအသိုင်းအဝိုင်းတွင် ကိစ္စရပ်အမျိုးမျိုး ဖြစ်ပွားလေ့ရှိသဖြင့် သတင်းထောက်များအတွက် သားကောင်ကောင်းဖြစ်သွားရန် လွယ်ကူလှရာ၊ အကျိုးဆက်အားဖြင့် ထိုအတွက်ကြောင့်လည်း ဖြစ်ပေလိမ့်မည်။

“တော်ဝင်နန်းတော်ကို ဝင်ထွက်ခွင့်ပြုထားတဲ့ သတင်းထောက်က တစ်ယောက်တည်း မဟုတ်တာလား။”

သို့သော်လည်း ကျွန်မက ဆက်မေးနေသဖြင့် ရို့စ်က မတတ်သာသည့်အလား ဆက်လက်၍ ရှင်းပြပေးခဲ့သည်။

“လောလောဆယ် သတင်းစာတိုက် ၃ ခုက တော်ဝင်နန်းတော်ကို ဝင်ထွက်ခွင့် ရရှိထားပါတယ်။ သတင်းစာတိုက် တစ်ခုချင်းစီကနေ သတင်းထောက်တစ်ဦးစီကိုပဲ ဝင်ခွင့်ပြုထားတာပါ။”

သို့သော် ကျွန်မနောက်ကို လိုက်နေသော သတင်းထောက်က တစ်ဦးတည်းသာရှိပုံထောက်လျှင်၊ ကျန်သတင်းထောက်နှစ်ဦးက ခရစ္စတာ၏ဘေးတွင် ရှိနေကြခြင်းလား။

သို့မဟုတ် ခရစ္စတာက နန်းတော်အတွင်း၌ သတင်းထောက်များ လှည့်လည်သွားလာနေခြင်းကို မနှစ်သက်ခြင်းကြောင့်လား……

‘ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေမျိုးမှာတော့ အထောက်အကူ ဖြစ်လာနိုင်တယ်။’

ကျွန်မ အခြားတစ်နေရာသို့ မသွားဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ထိုသတင်းထောက်ရှိရာဘက်သို့ ချဉ်းကပ်သွားပြီး အတတ်နိုင်ဆုံး နူးညံ့စွာ ပြုံးပြကာ မေးလိုက်သည်။

“ကျွန်မအကြောင်း သိချင်တာတွေ ရှိနေတဲ့ပုံပဲ။ ဘာများလဲ။”

သတင်းထောက်က ကျွန်မကကိုယ်တိုင် ချဉ်းကပ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် အံ့ဩသွားကာ မျက်လုံးများ ဟိုဟိုဒီဒီ လှုပ်ရှားသွားသည်။

ရို့စ်ကလည်း “အရှင်မိဖုရား” ဟု စိုးရိမ်တကြီး လှမ်းခေါ်ခဲ့၏။

သတင်းထောက်ကမူ ပါးနပ်လှသည်။

တစ်ချက် အံ့ဩသွားခဲ့သော်လည်း၊ မကြာမီ အလျင်အမြန် မှတ်စုစာအုပ်ကို ထုတ်ယူကာ ကျွန်မကို မေးမြန်းလာတော့၏။

“ဘယ်လိုများ ဒီလောက်မြန်မြန်ဆန်ဆန် ပြန်လည်ထိမ်းမြားနိုင်ခဲ့တာပါလဲ။”

~~~~

“သတင်းထောက်တွေကို နီးနီးကပ်ကပ် ထားမှဖြစ်မယ်၊ မိန်းကလေး။ အဲ့ဒီလူတွေရဲ့ မေးခွန်းတွေကို နားထောင်ကြည့်ရင်၊ ပြည်သူတွေက ဘာကို လိုလားနေမှန်း သိနိုင်တာမို့လို့။”

ထိုအချိန်တွင်၊ မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာနှင့် ယှဉ်တွဲလျက် လမ်းလျှောက်နေရင်း အကြံဉာဏ်ပေးနေခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင် သူ ရက်ရှ်တာကို သင်ကြားပေးနေသော ဗျူဟာက နာဗီရယ်နှင့် ဆင်တူနေ၏။

သို့သော်လည်း ရက်ရှ်တာကမူ မြို့စားမင်း အယ်ရ်ဂီ၏ အကြံဉာဏ်များကို တစ်ဝက်ခန့်သာ နားထဲဝင်ခဲ့သည်။

ရက်ရှ်တာက မြို့စားမင်း အယ်ရ်ဂီနှင့် နီးနီးကပ်ကပ် မပတ်သက်ရန် တားမြစ်ခဲ့သော ဆိုဗီရ်ရှု၏ စကားများကို ပြန်တွေးနေခဲ့သောကြောင့်ပင်။

သတိပေးချက်ကို လက်ခံရရှိခဲ့ပြီး ဖြစ်သော်လည်း နောက်တစ်နေ့မှာပင် မြို့စားမင်းကို လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ရာ၊ အလိုလို စိတ်ထဲတွင် စနိုးစနောင့်ဖြစ်နေရ၏။

‘ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။’

ရက်ရှ်တာ နှုတ်ခမ်းကို စူလိုက်မိသည်။

နာခံမှုရှိပြီး ထက်မြက်လှသော ဘယ်ရွန် လန့်ထ်က ကြင်နာတတ်သော်လည်း ဧကရာဇ်၏ လူဖြစ်ပြီး၊ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကမူ လုံးဝ အားကိုး၍မရနိုင်သော အစိတ်အပိုင်းများ ရှိနေ၏။

အစေခံအသစ် ဒဲလိစ်က သစ္စာရှိပုံရသော်လည်း ဆိုဗီရ်ရှုကို မြင်တိုင်း လုပ်တတ်သော အမူအရာက စိတ်မသက်မသာ ဖြစ်ရပြီး၊ အတွေ့အကြုံရင့်သော အစေခံ အာရီယန်က အလုပ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သော်လည်း စကားနည်းလွန်းသဖြင့် စိတ်ထဲမှအခြေအနေကို မသိနိုင်ချေ။

မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာအနေဖြင့် နန်းတော်အတွင်း၌ ယုံကြည်စိတ်ချရသော လက်ချိုးရေတွက်နိုင်သည့် လူနည်းစုထဲမှ တစ်ဦးပင်။

ထို့ထက်မက ရက်ရှ်တာက မိမိ မကြာမီ ဧကရီဖြစ်လာတော့မည်ဟူသော အချက်ကို သူ့အား အသိမပေးနိုင်သဖြင့် အားနာမိရ၏။

အကယ်၍သာ အသိပေးနိုင်ခဲ့မည်ဆိုလျှင် မြို့စားမင်း အယ်ရ်ဂီကလည်း ဤကဲ့သို့သော အကြောင်းအရာများကို ဘေးဖယ်ထားကာ ဧကရီတစ်ပါးအနေဖြင့် ချက်ချင်း အထောက်အကူဖြစ်မည့် အကြံဉာဏ်များကို ပေးပေလိမ့်မည်။

မြို့စားမင်း အယ်ရ်ဂီက ထိုအချက်ကို မသိသဖြင့် ဧကရီဖြစ်လာစေရန်အတွက် အထောက်အကူဖြစ်စေမည့် စကားမျိုးကိုသာ ပြောနေခြင်းမဟုတ်ပါလား။

“ဒါတင်မကဘူး၊ မိန်းကလေးရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက်လည်း သတင်းထောက်တွေက အရေးကြီးတယ်။ မိန်းကလေးက ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အကြင်နာဆုံးလူ ဖြစ်နေရင်တောင်မှ၊ သာမန်ပြည်သူတွေက မိန်းကလေးကို လူကိုယ်တိုင် မြင်တွေ့နိုင်ဖို့ အခွင့်အရေး မရှိဘူးလေ။”

“အင်း။”

“မှူးမတ်တွေကတော့ ကောလာဟလတွေ ဘယ်လောက်ပဲ ထွက်နေပါစေ မိန်းကလေးကို ကိုယ်တိုင်တွေ့ပြီးမှ ဆုံးဖြတ်နိုင်မဲ့ အခွင့်အရေးရှိပေမဲ့၊ သာမန်ပြည်သူတွေမှာတော့ အဲ့ဒီလိုအခွင့်အရေး မရှိဘူး။ အဲ့ဒါကြောင့် သာမန်ပြည်သူတွေရဲ့စိတ်ကို ဖမ်းစားချင်တယ်ဆိုရင်၊ သတင်းထောက်တွေနဲ့ ရင်းရင်းနှီးနှီး နေထိုင်တတ်ဖို့ ကြိုးစား။”

“မဟုတ်တောင် ရနေတာကို……”

နောက်ဆုံးတွင် ရက်ရှ်တာက တီးတိုးရေရွတ်လိုက်မိတော့ မြို့စားမင်း အယ်ရ်ဂီက နားမလည်နိုင်သည့် မျက်နှာထားဖြင့် မေးလာ၏။

“မဟုတ်တောင် ရတယ်ပေါ့လေ။ မိန်းကလေးက ကိုယ့်ကိုယ်ကိုယ်နဲ့ ကလေးကို ကာကွယ်ဖို့အတွက် ဧကရီဖြစ်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ စိတ်ပြောင်းသွားတာလား။”

“အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။”

“ဧကရီ နာဗီရယ် မရှိတော့တာမို့လို့ အခု ဘေးကင်းပြီမှတ်နေတာလား။”

“ဟုတ်ကဲ့။ ရက်ရှ်တာကို လုပ်ကြံမဲ့သူက အခုဆိုရင် ဘယ်သူမှ မရှိတော့ဘူးလေ။”

“နောက်ထပ် ရောက်လာမဲ့ ဧကရီအသစ်က မိန်းကလေးကို ပိုပြီးတော့တောင် မုန်းတီးနိုင်တယ်မဟုတ်လား။”

ထိုသို့သောကိစ္စမျိုး ဖြစ်မလာနိုင်ကြောင်း ပြောမိမည့်အရေးကို ထိန်းချုပ်ရန်အတွက် ရက်ရှ်တာ နှုတ်ခမ်းလေးကို စုချွန်လိုက်ပြီး အနောက်သို့လှည့်ကာ ပြုံးလိုက်တော့သည်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၃၀ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment