no

Font
Theme

အပိုင်း ၄၂ (ကွီးန် နှစ်သက်သောအရာများ)

ရက်ရှ်တာတစ်ယောက် အမျိုးမျိုးသော ရှုပ်ထွေးသည့် ခံစားချက်များ ခံစားနေရသည်။

ဆိုဗီရ်ရှုက သူ့အား ကာကွယ်ပေးခဲ့သည့်ကိစ္စအတွက် ကျေးဇူးတင်မိ၏။

ကျိန်းသေပေါက် ဆိုဗီရ်ရှုက သူ့ကို ကျွန်ပြေးမှန်း အစကတည်းက သိထားခဲ့ပြီးသား ဖြစ်သော်လည်း ထိုအချက် လူသိရှင်ကြား အကုန်ဖွင့်ချခံရပြီးသည့်နောက်မှာပင် သူ့အား ကာကွယ်ပေးခဲ့သည့်အပေါ်တွင်တော့ ဝမ်းသာပီတိမဖြစ်ဘဲ မနေနိုင်ခဲ့ပေ။

ချိုမြိန်စွာ အချစ်စကားများ တီးတိုးပြောပြီးမှ စိတ်မပါတော့သည့်အခါ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး စွန့်ခွာသွားကြသည့် ယောက်ျားများ ဘယ်လောက်တောင် များခဲ့သလဲ။

ဆန်းကြယ်စွာပင် အမြင့်ဆုံးဂုဏ်ပုဒ်ရှိသော ဆိုဗီရ်ရှုတစ်ယောက်တည်းသာ ထိုသို့မပြုမူခဲ့ပေ။

သို့သော် တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှုက သူ့ကို ဖိစီးနေသည်။

စိတ်ကုန်စရာကောင်းလောက်အောင် ခြေထောက်ကို ချည်နှောင်ကာ လိုက်ပါနေသည့် အဆင့်အတန်း၏ နှောင်ကြိုးအား မနည်းကြိုးစားရုန်းဖယ်နိုင်ခဲ့ပြီကို။

ယခုမှ လူတွေက သူ့အား ‘ကျွန်’ မဟုတ်ဘဲ ‘ရက်ရှ်တာ’ ဟု မြင်စပြုလာကြချိန်တွင်။

ဗိုင်းကောင့် လိုတဲရှုကြောင့် အိပ်မက်ဆန်သည့် အချိန်လေးများက အပွင့်ပင်မပွင့်နိုင်ခင် မှေးမှိန်ပျောက်ကွယ်သွားတော့မည့် အခြေအနေ ဖြစ်နေပေပြီ။

ဆိုဗီရ်ရှုက သူ့ကို ချစ်သဖြင့် နန်းတော်မှ နှင်ထုတ်ခံရမည်တော့ မဟုတ်ပေ။

သို့သော် မိမိ၏စကားတစ်ခွန်းချင်းစီကို နားထောင်ပြီး ပြုံးပြခဲ့ကြသူများကရော။

သူတို့တွေ ဘယ်လိုဖြစ်သွားကြမလဲ။

ရက်ရှ်တာ ကြောက်လာသည်။

အမှန်တရား ပေါ်လာပြီးသည့်နောက်တွင် လူများနှင့် မတွေ့ရသေးပေ။

ယခင်က ပြုံးပြခဲ့ကြသူများ ရုတ်တရက် သူ့အား ဖယ်ကြဉ်သွားကြလေမလားဟု စိုးရိမ်ပူပန်နေမိ၏။

လက်တွင် ​ဝတ်ဆင်ထားသည့် ပယင်းလက်စွပ်ကို ပွတ်သပ်နေရင်းကပင် သူ့စိတ်က အလွယ်တကူ မငြိမ်သက်နိုင်ခဲ့။

‘ဟင့်အင်း။ ကျွန်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ တကယ့်ကို ဧကရာဇ်ရဲ့ချစ်သူပဲ။ အရင်ကနဲ့ တူတော့မှာမဟုတ်ဘူး……’

ဆိုဗီရ်ရှု ကိုယ်တိုင် ဝါဂွမ်းစ၊ ဒီဇိုင်းနှင့် ပိတ်သားအထိ ရွေးချယ်ပြီး ဖန်တီးပေးထားသည့် နူးညံ့သော အရုပ်ကို ဖက်ထားရင်း ရက်ရှ်တာက မတည်ငြိမ်သည့်စိတ်ကို ပြန်ထိန်းချုပ်ခဲ့သည်။

ထိုစဉ်မှာပင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် ဝင်လာပြီး စိုးရိမ်မကင်းသည့် လေသံဖြင့် မေးလာ၏။

“လေဒီ ရက်ရှ်တာ။ ဗိုင်းကောင့် လိုတဲရှု ရောက်လာပါတယ်။ … ဘယ်လိုလုပ်ရမလဲရှင့်။”

“သခင်ကြီးလား။”

ရက်ရှ်တာ ယခင်ကအတိုင်း မှားခေါ်မိတော့ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်၏ မျက်နှာထားက တစ်ချက် တုံ့သွားရာ အလန့်တကြား ပါးစပ်ပိတ်လိုက်မိသည်။

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ယခင်အတိုင်း ကြင်နာစွာ ပြုံးနေသေးသော်လည်း ရက်ရှ်တာကမူ သူ့အား ကျိန်းသေပေါက် စိတ်ထဲတွင် လှောင်ရယ်နေလိမ့်မည်ဟု ထင်နေ၏။

ဗိုင်းကောင့် လိုတဲရှုနှင့် သူ၏ ပတ်သက်မှုကိုသာ သိမည်ဆိုလျှင် ဤစကားမျိုး ပြောကိုမပြောသင့်ပေ။

အခြေအနေကို မိမိဘာသာ ကြည့်ကြပ်ပြီး ဝင်ခွင့်မပြုခြင်းက လက်အောက်ငယ်သား၏တာဝန် မဟုတ်ပေဘူးလား။

အကယ်၍ ဧကရီ၏ လက်အောက်၌သာ ရှိနေဦးမည်ဆိုလျှင် ထိုသို့လုပ်ဆောင်ခဲ့မည်မှာ သေချာ၏။

ရက်ရှ်တာ နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်သည်။

ဤသို့ဖြစ်မည်မှန်းသာ သိခဲ့လျှင် ဧကရာဇ်၏ အခန်းထဲ၌သာ ဆက်အိပ်ပြီး နေမကောင်းချင်ယောင် ဆောင်နေခဲ့ပေမည်။

တစ်ယောက်တည်း စဉ်းစားချင်၍ အခန်းသို့ ပြန်လာခဲ့မိခြင်းက အမှားတစ်ခုဖြစ်သွား၏။

ဟင့်အင်း၊ မဟုတ်ဘူး။

အစကတည်းက ဧကရာဇ် ဗိုင်းကောင့်ကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားခြင်းကိုက ပြဿနာပင်။

ဧကရာဇ်က ဗိုင်းကောင့် လိုတဲရှုကို ဘာကြောင့် မောင်းမထုတ်နိုင်ရသနည်း။

ဧကရာဇ်က ဗိုင်းကောင့် လိုတဲရှုကို ဘာကြောင့် သတ်ပစ်ခြင်းဖြစ်စေ၊ အကျဉ်းချခြင်းဖြစ်စေ မလုပ်ခဲ့သနည်း။

ဧကရာဇ်ဆိုသည်မှာ ဘာမဆိုလုပ်နိုင်သည်သူ မဟုတ်ပေဘူးလား။

“ပြန်သွားခိုင်းလိုက်ပါ။”

ရက်ရှ်တာတစ်ယောက် ငိုချင်စိတ်ကို ထိန်းချုပ်ကာ အမိန့်ပေးလိုက်သော်လည်း ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကတော့ တုံ့ဆိုင်းနေဆဲပင်။

“ပြန်သွားခိုင်းလိုက်ပါလို့။”

ရက်ရှ်တာ အေးစက်စွာ အော်လိုက်သည်။

သို့သော် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ပြန်ထွက်မသွားသေးပေ။

သူ့ကို လုံးဝ လျစ်လျူရှုနေတာ သေချာသည်ဟု ယူဆပြီး ရက်ရှ်တာ ဒေါသတကြီး ဆူပူအော်ဟစ်ရန် ပြင်လိုက်ချိန်တွင်။

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က တိုးလျလျလေသံဖြင့် ပြောလာသည်။

“အဲ့ဒါက…… ဝင်ခွင့်မပြုဘူးဆိုရင် နောင်တရစရာ ကိစ္စဖြစ်လာမှာကို အဆင်ပြေလားဆိုပြီး……”

“အဲ့ဒီလူက အဲ့ဒီလို ပြောလိုက်တာလားရှင့်။”

“ဟုတ်ပါတယ်။”

ဒေါသက သတ္တိပေးခဲ့သည်။ ရက်ရှ်တာက အံကြိတ်ပြီး ပြောလိုက်၏။

“ဝင်လာကြည့်စမ်းလို့ ပြောလိုက်ပါ။ အဲ့ဒီ အရှက်မရှိမျက်နှာပြောင်တဲ့ မျက်နှာကို တစ်ချက်ကြည့်ရသေးတာပေါ့။”

အားရပါးရ ဆဲဆိုကြိမ်းမောင်းပစ်ရန်ပင် အားခဲထား၏။

သို့သော် ဗိုင်းကောင့် လိုတဲရှုက ပြုံးစစနှင့် ဝင်လာကာ အမြဲတမ်း ကြောက်နေခဲ့ရသည့် သူ့ကို မျက်နှာချင်းဆိုင်လိုက်ရတော့ ရက်ရှ်တာ လွယ်လွယ်ကူကူ မဆဲဆိုနိုင်တော့ပေ။

“လေဒီ ရက်ရှ်တာ။ ဂုဏ်ယူပါတယ်ဗျ။ ဧကရာဇ်ရဲ့ချစ်သူ ဖြစ်သွားတာကို။”

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ရက်ရှ်တာနဲ့ ဗိုင်းကောင့် လိုတဲရှုကို တစ်လှည့်စီ ကြည့်နေရာမှ ရက်ရှ်တာက အငြိုးဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တော့ သုတ်သီးသုတ်ပျာ အပြင်သို့ ထွက်သွားခဲ့သည်။

ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်လိုက်၏။

ဗိုင်းကောင့် လိုတဲရှုက တဟဲဟဲရယ်ရင်း သူ့သဘောနှင့်သူ ထိုင်ခုံအလွတ်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်သည်။

သူက ကိုယ်ပိုင်အခန်းထဲသို့ ရောက်လာသည့်အလား ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ‘ကောင်းလိုက်တာ။ တော်တော်ကောင်းတာပဲ’ ဟု ကျေနပ်စွာ ရေရွတ်ကာ သွားများပေါ်အောင် ရယ်ကျဲကျဲလုပ်နေ၏။

“ဘာလို့ ဒီကို ရောက်လာတာလဲ။”

ရက်ရှ်တာက ဧကရီ၏ လေသံကို အတုခိုးပြီး အေးစက်စွာ မေးလိုက်သည်။ သူ၏ ချစ်စဖွယ်လေသံက လူတို့နှင့် ရင်းနှီးအောင်ချဉ်းကပ်ရာတွင် ကောင်းသော်လည်း အာဏာပြရန်အတွက် အားနည်းကြောင်း သိထားသဖြင့် ထိုသို့လုပ်ခဲ့ခြင်းပင်။

ဗိုင်းကောင့် လိုတဲရှုက တခွီးခွီး အော်ရယ်ခဲ့သည်။

“တော်တော်လေး မှူးမတ်ကတော်ပုံပေါက်လာပြီပဲ၊ ရက်ရှ်တာ။”

“လက်လွတ်စပယ် မခေါ်ပါနဲ့။ ရက်ရှ်တာက အခု ရှင် လက်လွတ်စပယ် ခေါ်ပိုင်ခွင့်ရှိတဲ့သူ မဟုတ်တော့ဘူးရှင့်။”

“ခဏတဖြုတ်အတွက်တော့ ဟုတ်လောက်မှာပေါ့။”

“ခဏတဖြုတ်၊ ဟုတ်လား။”

“ဧကရာဇ်ရဲ့ ချစ်သူတွေမှာ သက်တမ်းက ဘယ်နှနှစ်ရှိမှန်း မသိဘူးလား။”

"..."

ဗိုင်းကောင့် လိုတဲရှု၏ သရော်တော်တော်စကားကြောင့် ရက်ရှ်တာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

ဗိုင်းကောင့် လိုတဲရှုက စားပွဲကို လက်ချောင်းများဖြင့် အေးရာအေးကြောင်း ခပ်ဖွဖွခေါက်ရင်း သူ့ဘာသာသူ ခေါင်းတညိတ်ညိတ်လုပ်နေရာမှ ရက်ရှ်တာ၏လက်ကောက်ဝတ်တွင် ဝတ်ထားသော လက်ကောက်ကို သတိထားမိကာ မေးလာ၏။

“ရား။ သိပ်ကို ခမ်းနားတာပဲ။ တကယ့် ပယင်းနဲ့ လုပ်ထားတာလား။ ဟင်။ တစ်ခါလောက် ပေးကြည့်စမ်းပါဦး။”

ရက်ရှ်တာက လက်ကို အနောက်ဘက်သို့ အမြန်ပစ်ဝှက်လိုက်သည်။

ဗိုင်းကောင့် လိုတဲရှုက တစ်ချက် မျက်မှောင်ကြုတ်လိုက်သော်လည်း ထပ်ပြီး မတောင်းဆိုတော့ဘဲ ပြုံးစစနှင့် ပြောခဲ့၏။

“အဲ့ဒီလောက်ကြီးလည်း ရန်လိုမနေစမ်းပါနဲ့၊ ရက်ရှ်တာရဲ့။ ဧကရာဇ်က ငါ့ကို နင်ဟာ ကျွန်ပြေးပါဆိုပြီး ပြောခဲ့တဲ့ကိစ္စ ပြန်ရုပ်သိမ်းဖို့ အမိန့်ပေးထားတယ်။ ငါက အခု လူမျက်နှာတောင် မမှတ်မိတဲ့ အရူးလိုမျိုး သတ်မှတ်ခံနေရပြီ။ နင့်ရဲ့ လျှို့ဝှက်ချက် ပေါ်၊ မပေါ်က ငါ့နှုတ်ဖျားမှာပဲ မူတည်နေတာနော်။ ကျေးဇူးတင်လွန်းလို့ ရွှေတွေ၊ ငွေတွေ ပေးရင်တောင် မလောက်တဲ့ ကိစ္စကို…… ဟင်။”

ရက်ရှ်တာက အေးစက်စွာ အော်ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း အစကတည်းက အဲ့ဒီလိုစကားမျိုးကို မပြောဘဲနေခဲ့မှပေါ့။ ဘယ်လောက်တောင် မျက်နှာပြောင်လိုက်လဲ။ ကျွန်မက ကျွန်ပြေးဆိုတာကို ဖုံးကွယ်ပေးတာကလည်း အရှင်ဧကရာဇ်က အမိန့်ပေးထားလို့သာ လုပ်နေရတာပဲမဟုတ်လား။ ကျွန်မအတွက် လုပ်ပေးနေတာမှ မဟုတ်တာ။”

ဗိုင်းကောင့် လိုတဲရှု၏ နှုတ်ခမ်းထောင့်စွန်းတွင် ညစ်ကျယ်ကျယ် အပြုံးတစ်ပွင့် ပေါ်လာသည်။

“အဲ့ဒီတော့ရော ဘာဖြစ်လဲ၊ နင် စွန့်ပစ်ခဲ့တဲ့ ကလေးအကြောင်းကိုတော့ လျှို့ဝှက်ပေးခဲ့တာပဲ မဟုတ်ဘူးလား။”

ရက်ရှ်တာ၏မျက်နှာ ဖြူဖျော့သွားတော့သည်။

“ကလေး...”

မကြာမီမှာပင် သူ့မျက်နှာတစ်ခုလုံး ဒေါသဖြင့် နီရဲတက်လာတော့၏။

ရက်ရှ်တာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

အဖြူရောင် မျက်ဖြူသားများတွင် သွေးကြောနီနီများ ထင်းနေ၏။

“ဘယ်ကိုလာပြီး လိမ်ပြောနေတာလဲ။ ကျွန်မကလေးကို ရှင်ပဲ သတ်ပစ်ခဲ့တာလေ။”

ရက်ရှ်တာက ဆံပင်တစ်မျှင်ချင်းစီအထိ ဒေါသများ ပြည့်တက်လာကာ အော်ဟစ်လိုက်သည်။

ကလေးကိုယူသွားပြီး စွန့်ပစ်လိုက်ဟု ပြောခဲ့သည့်အသံက နားထဲတွင် ယခုအထိ ပီပြင်စွာ စွဲထင်နေဆဲပင်။

ယခုကဲ့သို့ တည်ငြိမ်အေးဆေးစွာ ကလေးအကြောင်းပြောနေသည့် သူ့ကို မခံမရပ်နိုင်အောင် မုန်းတီးမိ၏။

ရက်ရှ်တာတစ်ယောက် နောက်ကျမှ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်များ ကြားသွားမလားဟု ပါးစပ်ပိတ်လိုက်သည်။

ဗိုင်းကောင့် လိုတဲရှုက မျက်လုံးများကို ပိုပိုကဲကဲပြူးလိုက်ပြီး ‘ငါကလား’ ဟု ပြန်မေးလာ၏။

ရက်ရှ်တာ မောဟိုက်စွာ အသက်ရှူပြီး ထရပ်လိုက်သည်။

“ကလေးရဲ့ ဖြစ်တည်မှုကို ဆွဲကိုင်ပြီး ကျွန်မကို ခြိမ်းခြောက်ချင်နေတဲ့ပုံပဲဆိုပေမဲ့ ကျွန်မက မဟုတ်ဘူးလို့ ငြင်းလိုက်ရင် ပြီးတာပဲလေ။ မရှိတဲ့ကလေးနဲ့ ခြိမ်းခြောက်လို့ မရဘူးဆိုတာ မသိဘူးလား။”

သို့သော် ဗိုင်းကောင့် လိုတဲရှုက တည်ငြိမ်စွာ ရယ်လိုက်သည်။

“သတ်တယ်ဆိုတာက ဘာစကားလဲ၊ ရက်ရှ်တာရဲ့။”

သာမန်ရယ်သံသာ ဖြစ်သော်လည်း ရက်ရှ်တာကမူ ထိုရယ်သံထဲတွင် မကောင်းသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

လန့်သွားသည့် ရက်ရှ်တာကိုကြည့်ပြီး ဗိုင်းကောင့် လိုတဲရှုက သူ၏မျက်နှာကို တင်းလိုက်ကာ ပြက်ရယ်ပြုသလိုလေသံဖြင့် ပြောလာ၏။

“အောက်တန်းစားသွေး နှောနေပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ငါက ကိုယ့်မြေးကိုယ် ကိုယ့်လက်နဲ့ သတ်ပစ်စရာ အကြောင်းရှိပါ့မလား။”

“အဲ့....အဲ့ဒီလိုမဖြစ်နိုင်ဘူး။ ကျွန်မ မျက်လုံးနဲ့ ကျိန်းသေပေါက် ကလေးရဲ့အလောင်းကို မြင်ခဲ့တာပဲ...”

“မယုံဘူးဆိုတော့ ဘယ်လိုလဲ၊ တစ်ခါလောက် ခေါ်လာပေးရမလား။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment