အပိုင်း ၁၂၆ (မင်္ဂလာဝတ်စုံ)
“ကျွန်မက ရှင့်ရဲ့အသိတရားကို ရှောင်နေတာပါ။”
“ဗျာ။”
ဟိုင်န်ရီက ကျွန်မစကားကို နားမလည်သည့်ပုံပင်။
အမှန်တော့ ကျွန်မကိုယ်တိုင်လည်း မိမိပြောလိုက်သောစကားကို နားမလည်ပေ။
‘ဒါပေမဲ့လည်း... ရှင့်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ရှောင်နေတာပါလို့ အမှန်အတိုင်း ဒဲ့ကြီးတော့ ဖွင့်ပြောလို့မရဘူးမဟုတ်လား။’
နောက်ဆုံးတွင် ကျွန်မတို့၏ စကားဝိုင်းက ခါ့ဖ်မန်း မင်းသားကြီးအကြောင်းသာ အပြန်အလှန်ပြောဆိုရင်း အိုးတိုးအမ်းတမ်းဖြင့် ပြီးဆုံးသွားခဲ့ရသည်။
“ဒါဆို မင်းသားကြီးကို ဖိတ်ကြားမယ်လို့ မှတ်ယူထားရင်ရော ဖြစ်မလား။”
“ကျိန်းသေပေါက်ပေါ့။”
“ကျေးဇူးတင်ပါတယ်။”
ဟိုင်န်ရီက ကျွန်မကို တစ်စုံတစ်ခု မေးမြန်းချင်နေသည့်ပုံစံ ရှိသလို၊ ကျွန်မတွင်လည်း သူ့ကို မေးမြန်းချင်သည့်အရာများ ရှိနေခဲ့သည်။
သို့သော်လည်း နှစ်ဦးစလုံးက ရင်ထဲမှ အမှန်တရားများကို ဖွင့်ဟဝန်ခံခြင်းမပြုကြဘဲ အနေခက်စွာဖြင့်သာ လမ်းခွဲခဲ့ကြ၏။
“သွားကြတာပေါ့၊ လေဒီ ရို့စ်။”
“ထင်ထားတာထက် ပိုပြီး စောစောထွက်လာခဲ့တာပဲ။”
“ထွေထွေထူးထူး စကားပြောစရာ သိပ်မရှိလို့ပါ။”
ကျွန်မ မျှော်လင့်ထားသည်ထက် စောစီးစွာ ထွက်လာခဲ့ခြင်းကြောင့် ရို့စ်က အံ့ဩသွားသော မျက်လုံးများဖြင့် ကြည့်လာသည်။
မည်သို့ပင်ဆိုစေ အနောက်ဘုရင့်တိုင်းပြည်မှ လူများက ကျွန်မနှင့် ဟိုင်န်ရီကို ရာစုနှစ်၏ အကြီးကျယ်ဆုံးသော အချစ်ဇာတ်လမ်းဇာတ်လိုက်များအဖြစ် သတ်မှတ်ထားကြသည်မဟုတ်ပါလား။
မကြာသေးမီက သတင်းထောက်ရှေ့တွင် ပြောခဲ့သော စကားများလည်း ရှိနေသေး၏…..
သို့သော်လည်း သူက ကျွန်မကို လိုက်လံ၍စူးစမ်းမေးမြန်းခြင်း မပြုဘဲ ပြုံးလျက်သာ ဆိုလာ၏။
“စကားပြောစရာမလိုဘဲ ဆက်သွယ်လို့ရတဲ့ ဆက်ဆံရေးမျိုးပေါ့၊ ဟုတ်လားရှင့်။”
ထို့နောက် သူက သဘာဝကျကျပင် အရှေ့မှ လျှောက်လှမ်းသွားရာ၊ ကျွန်မလည်း စိတ်သက်သာရာရစွာဖြင့် သူနှင့်အတူ ယှဉ်တွဲလျက် လျှောက်လှမ်းလာခဲ့သည်။
သို့သော်လည်း ပင်မနန်းဆောင်မှ ထွက်ခွာကာ သီးသန့်နန်းဆောင်ဆီသို့ ဦးတည်လာစဉ်၊ လမ်းခုလတ်၌ ခရစ္စတာ ရပ်နေသည်ကို လှမ်းမြင်လိုက်ရ၏။
ခရစ္စတာ၏ အနောက်တွင်မူ ဆာ အေဖရင်ထံမှ အပြစ်တင်စကားဆိုခြင်းခံခဲ့ရသော ထိုရံရွေတော် ရပ်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ခရစ္စတာက ထိုရံရွေတော်ကိစ္စကြောင့် ကျွန်မကို လာရောက်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားတော့၏။
“ဧကန္တ ကျွန်မကို စောင့်နေတာလား။”
ကျွန်မ ခရစ္စတာ၏အနားသို့ ချဉ်းကပ်ကာ မေးမြန်းလိုက်သည်။
ကျွန်မထက် အရင်ဦးစွာ ထွက်ခွာသွားခဲ့သော ခရစ္စတာ သီးသန့်နန်းဆောင်အနီးတွင် ရပ်နေခြင်းက သာမန်တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ချေ။
“ဟုတ်ကဲ့။ ပြောစရာစကားလေး ရှိနေလို့ စောင့်နေတာပါ။”
“ဘာကိစ္စများလဲ။”
“လေဒီ နာဗီရယ်ရဲ့လူက ကျွန်မရဲ့ ရံရွေတော်ကို စော်ကားခဲ့တယ်ဆိုပြီး ကြားသိရလို့ပါ။”
ထင်သည့်အတိုင်းပင်။
ခရစ္စတာက သူ၏ ရံရွေတော်အတွက် ကျွန်မကို လာရောက်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ခရစ္စတာက တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့် ဆိုလာ၏။
“ရှေ့လျှောက် ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေဖို့ ကျေးဇူးပြုပြီး သတိထားပေးစေချင်ပါတယ်။”
တောင်းဆိုစကား ဆိုနေသည့်တိုင်အောင် သူ၏ အမူအရာက အောက်ကျို့လွန်းခြင်း မရှိခဲ့။
မိမိ၏လူအတွက် အားကိုးထိုက်စွာ မားမားမတ်မတ်ရပ်ပေးနေသော သူ၏ အနေအထားက သူ့ကို ပို၍ပင် တည်ကြည်လေးနက်စေသည်။
ချက်ချင်းဆိုသလို ရင်ထဲတွင် နှမြောတသစိတ်တစ်ခု ဝင်ရောက်လာရ၏။
ကျွန်မနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့် အနေအထားတွင် ရှိနေသဖြင့် သူ၏ လုပ်ရပ်တိုင်းကို အကောင်းမြင်ပေးရန် ခက်ခဲသော်လည်း...
စိတ်အနှောင့်အယှက်ဖြစ်စရာ တောင်းဆိုမှုများကို ခဏခဏ လာရောက်ပြောဆိုတတ်သည့်တိုင်အောင်...
မိမိ၏လူကို တန်ဖိုးထားကာ ကာကွယ်ပေးလိုသော သူ၏လုပ်ရပ်ကမူ အမှန်တကယ်ပင် ချီးကျူးထိုက်လှပေသည်။
အကယ်၍ အာဏာတစ်ခုတည်းကို လုယူရမည့် ပြိုင်ဘက်များသာ မဟုတ်ခဲ့ကြလျှင်၊ စကားလက်ဆုံ ကောင်းကောင်းပြောနိုင်မည့် မိတ်ဆွေများ ဖြစ်လာနိုင်သည်အထိ။
သို့သော်လည်း သူ၏ စိတ်နေစိတ်ထားကို သဘောကျမိသည်ဖြစ်စေ၊ ကျွန်မ ပြန်လည်ဖြေကြားရမည့် အဖြေကမူ အစကတည်းက သတ်မှတ်ပြီးသားပင်။
“ဆာ အေဖရင်က ကျွန်မရဲ့လူ မဟုတ်ပါဘူး၊ အရှင်မင်းကြီးရဲ့လူပါ။ ဒီလို သတိပေးချက်မျိုးကိုတော့ အရှင်မင်းကြီးဆီပဲ တိုက်ရိုက် သွားပြောလိုက်တာ ပိုပြီး သင့်တော်ပါလိမ့်မယ်။”
~~~~
ခရစ္စတာနှင့် ဆုံတွေ့ပြီးနောက်။
ကျွန်မသည် ယခင်ကထက် ပိုမိုကွဲပြားခြားနားသော လမ်းကြောင်းသစ်တစ်ခုမှနေ၍ တွေးတောစဉ်းစားမိတော့သည်။
ခရစ္စတာက မိမိ၏လူကို တန်ဖိုးထားတတ်ပြီး၊ အပြုအမူ ယဉ်ကျေးကာ တည်ကြည်လေးနက်သူပင်။
ဤကဲ့သို့သော လူမျိုး၏ ဘေးနားတွင် အရည်အချင်းရှိသော လူတော်လူကောင်းများစွာ ဝန်းရံနေပေလိမ့်မည်။
အသက်အရွယ်ချင်းလည်း သိပ်မကွာခြားလှသဖြင့်၊ ကျွန်မ ရံရွေတော်အဖြစ် ခန့်အပ်လိုသော ဂုဏ်သရေရှိ အမျိုးသမီးအားလုံးနီးပါးကို ခရစ္စတာက အစကတည်းက သိမ်းပိုက်ထားပြီး ဖြစ်မည်သာ။
လက်ရှိအခြေအနေတွင် အနောက်ဘုရင့်တိုင်းပြည်၏ လူမှုရေးလောကကို အချိန်ယူ စောင့်ကြည့်ရင်း ရံရွေတော်အသစ်များကို ရွေးချယ်မည်ဟူသော အစီအစဉ်က ထိရောက်မှုရှိလိမ့်မည်မဟုတ်ချေ။
မိဖုရား၏ ရံရွေတော် ဖြစ်ထိုက်သော မှူးမတ်အမျိုးသမီးအားလုံးကို ခရစ္စတာက အကုန်ခေါ်ဆောင်သွားနှင့်ပြီး ဖြစ်နိုင်သောကြောင့်ပင်။
အကယ်၍ အနည်းငယ်မျှ ကျန်ရှိနေသေးသည့်တိုင်အောင်၊ ထိုသူတို့က ရံရွေတော်လုပ်ရန် လုံးဝ စိတ်ကူးမရှိသူများ သို့မဟုတ် ခရစ္စတာ၏ ရံရွေတော်များနှင့် အလွန် ရင်းနှီးသူများသာ ဖြစ်ပေလိမ့်မည်။
သို့ဖြစ်၍ ကျွန်မအနေဖြင့်…
“လေဒီ မက်စ်တက်စ်ဆီကို ကျွန်မရဲ့ ရံရွေတော်အဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းတဲ့စာတစ်စောင် သွားပို့ပေးလို့ရမလား။”
အနည်းငယ် စွန့်စားကြည့်ရုံမှတစ်ပါး အခြားလမ်းမရှိချေ။
ခရစ္စတာနှင့် လမ်းခွဲပြီးနောက် တစ်နာရီကျော်ကြာအောင် အခန်းတွင်း၌ ငြိမ်သက်စွာ တွေးတောနေခဲ့သော ကျွန်မက ဗြုန်းစားကြီး မက်စ်တက်စ်၏ နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်သဖြင့် ရို့စ်တစ်ယောက် အံ့ဩတုန်လှုပ်စွာဖြင့် ပြန်လည်မေးမြန်းလာသည်။
“ဆာ မက်စ်တက်စ်ကိုလားရှင့်။”
“ဟုတ်တယ်။ သူ့ကို ရံရွေတော်အဖြစ် ခန့်အပ်ဖို့ စဉ်းစားထားလို့ပါ။”
“ဒါပေမဲ့ အရှင်မိဖုရား။ မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ... အဲ့ဒီသခင်မလေးက... ရံရွေတော် နေရာမျိုးနဲ့ လုံးဝ မကိုက်ညီပါဘူး။”
“အဲ့ဒါကြောင့်ပဲ ခေါ်ချင်ရတာပေါ့။”
“....”
“ခရစ္စတာရဲ့ ဩဇာအာဏာအောက်မှာ ရှိမနေခဲ့တဲ့လူလို ထင်ရလို့။”
“....”
“ဒါနဲ့ ပြန်တွေးကြည့်ရင် ထူးဆန်းတဲ့ အချက်တစ်ခု ရှိနေသေးတယ်... တစ်ခုလောက် မေးပါရစေဦး၊ လေဒီ ရို့စ်။”
“အာ... ဟုတ်ကဲ့။ ဘာမဆို မေးမြန်းနိုင်ပါတယ်ရှင့်။”
“လေဒီ ရို့စ်က အင်မတန် ထက်မြက်ပြီး စည်းစနစ်လည်း ကျကျနန ရှိလှတာကို။ ဘာဖြစ်လို့ ခရစ္စတာရဲ့ ရံရွေတော် မဖြစ်ခဲ့ရတာလဲ...”
ရို့စ်က အမှန်တကယ် ထူးချွန်လှသော ရံရွေတော်တစ်ဦးပင်။ အကဲခတ်လည်း တော်သလို ဉာဏ်ကောင်းပြီး ဂုဏ်သရေရှိလှသော မှူးမတ်အနွယ်တော်တစ်ဦး။
ကနဦးက ယူနီးမ်ကို စည်းရုံးသိမ်းသွင်းရန် ရည်ရွယ်ချက်ဖြင့် ရံရွေတော်အဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း၊ ယခုမူ ထိုအချက်ထက် ရို့စ်ကိုယ်တိုင်၏ စရိုက်ကို ပို၍ သဘောကျမိနေပေပြီ။
သို့ဖြစ်၍ ပိုထူးဆန်းနေရခြင်းပင်။
ဘာကြောင့် ခရစ္စတာက ရို့စ်ကို ခေါ်မသွားတာပါလိမ့်။
“ဗြုန်းစားကြီး ချီးကျူးလိုက်တော့... အမ်း...နည်းနည်း ရှက်မိရပါတယ်။”
ရို့စ်က အိုးတိုးအမ်းတမ်း ပြုံးရင်း နှာတံလေးကို ကုတ်ခြစ်ကာ စိုးရွံ့စွာဖြင့် အမှန်အတိုင်း ဖွင့်ဟပြောဆိုလာသည်။
“ကျွန်မပါးစပ်ကနေ ဒီလိုထုတ်ပြောရတာက လေဒီ ခရစ္စတာကို တမင်ငြင်းပယ်ခဲ့သလို ထင်ရမှာမို့လို့ ရှက်စရာကောင်းပေမဲ့၊ အမ်း... အစကတည်းက ကျွန်မဆီကို ရံရွေတော်လုပ်ဖို့ ကမ်းလှမ်းချက် ရောက်မလာခဲ့လို့ပါ။ အမ်... ကျွန်မအထင် ယူနီးမ်က အရှင်းမင်းကြီး ဟိုင်န်ရီရဲ့လူ ဖြစ်နေလို့ ထင်ပါတယ်။”
“ဆာ ယူနီးမ်က အရင်က တော်ဝင်ကိုယ်ရံတော်စစ်သည် မဟုတ်ခဲ့ဘူးလား။”
“ကိုယ်ရံတော်စစ်သည်တော့ ဟုတ်ပေမဲ့ တပ်မှူးတော့ မဟုတ်ခဲ့ပါဘူး။”
ရို့စ်က ထိုစကားကို ဆိုပြီးနောက် စိုးရွံ့စွာဖြင့် နှုတ်ဆိတ်သွားခဲ့သည်။
ထိုစဉ်က ဘုရင်မှာ ဟိုင်န်ရီ၏ အစ်ကိုတော် ဖြစ်ခဲ့သည်မဟုတ်ပါလား။
အစ်ကိုတော်ကို ကာကွယ်စောင့်ရှောက်ရမည့် ကိုယ်ရံတော်စစ်သည်က ဟိုင်န်ရီ၏လူ ဖြစ်နေခဲ့သည်ဟူသောအချက်ကို ဖွင့်ဟပြောဆိုရခြင်းက အနည်းငယ် အကျပ်ရိုက်စရာ ဖြစ်နေသည့်ပုံပင်။
ကျွန်မ ထပ်မံ၍ လိုက်လံစူးစမ်းခြင်း မပြုတော့ဘဲ ပြုံးလျက် သူ၏လက်ကို ဆုပ်ကိုင်လိုက်၏။
“တော်သေးတာပေါ့။ ကျွန်မက လေဒီ ရို့စ်ကို တကယ် သဘောကျမိလို့ပါ။”
ရို့စ်က မျက်လုံးအဝိုင်းသား ဖြင့် ကြည့်လာပြီးနောက် ရှက်ပြုံးလေးဖြင့် တိုးတိုးလေး ကပ်ပြောလာသည်။
“အမှန်တော့... ကျွန်မလည်း ထပ်တူပါပဲ။”
~~~~
နောက်တစ်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင်။
စာကို လက်ခံရရှိခဲ့၍လားမသိ၊ မက်စ်တက်စ်က မျက်နှာတစ်ခုလုံး ဝင်းပလျက် ကျွန်မ၏အခန်းဆီသို့ ရောက်ရှိလာသည်။
“အရှင်မိဖုရား။”
သူက လက်တစ်ဖက်ကို အမြင့်သို့ မြှောက်ကာ ဝှေ့ယမ်းနှုတ်ဆက်နေရာမှ၊ ရို့စ် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်တွင် ဖြည်းဖြည်းချင်း လက်ကို ပြန်လည်ချခဲ့သည်။
သို့သော်လည်း မျက်နှာတွင်မူ အပြုံးများ လျော့နည်းသွားခြင်း မရှိချေ။
အမှန်တကယ် တက်ကြွလန်းဆန်းကာ အသက်ဝင်လှသော သခင်မလေးပင်။
သို့သော်လည်း ရောက်ရှိလာသော ဧည့်သည်က သူတစ်ဦးတည်းတော့ မဟုတ်ခဲ့ချေ။
“အာ၊ အရှင်မိဖုရား။ လမ်းမှာ ဆုံခဲ့ကြတာပါ။”
မက်စ်တက်စ်က ထိုသို့ဆိုကာ အခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး ဘေးသို့ ဖယ်ပေးလိုက်ရာ၊ သူ့အနောက်တွင် သေတ္တာကြီးများကို သယ်ဆောင်လာသော လူတန်းကြီးကို လှမ်းမြင်လိုက်ရ၏။
“အရှင်မိဖုရား နာဗီရယ်၊ ပထမဆုံးအကြိမ် ဂါရဝပြုရခြင်းပါ။ ကျွန်မကတော့ အနောက်ဘုရင့်တိုင်းပြည်ရဲ့ အကောင်းဆုံး ဒီဇိုင်နာ မက်လင်နွန်ပါ။”
မည်သူလဲဟု သေချာစွာ စိုက်ကြည့်လိုက်မိစဉ် ရှေ့ဆုံးမှ ရပ်နေသော အမျိုးသမီးက ကြီးကျယ်ခမ်းနားလှသော ဂုဏ်ပုဒ်များဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်ပြီးနောက်၊ ဘေးရှိ အထုပ်အပိုးထဲမှ မဂ္ဂဇင်းတစ်စောင်ကို ဆွဲထုတ်ကာ ကမ်းပေးလာသည်။
မက်စ်တက်စ်က ထိုမဂ္ဂဇင်းကို ကျွန်မထံသို့ ယူဆောင်ပေးခဲ့၏။
ဖွင့်ကြည့်လိုက်တော့ မဂ္ဂဇင်း၏ တတိယမြောက် စာမျက်နှာတွင် သူ၏ မျက်နှာပုံတူပန်းချီကားနှင့်အတူ နာမည်၊ ဆိုင်နာမည်တို့က အထင်အရှား ပါရှိနေသည်။
အကောင်းဆုံးဟူသော...ဂုဏ်ပုဒ်က ရှိတော့ရှိနေသည့်တိုင်အောင်။
ကျွန်မ အနည်းငယ် မတင်မကျ မျက်နှာထားဖြင့် ရှိနေစဉ်၊ သူက ပုံတူပန်းချီကားထဲကအတိုင်း တစ်ပုံစံတည်းတူသော မျက်နှာပေးဖြင့် ပြုံးလျက် မေးမြန်းလာ၏။
“အရှင်မင်းကြီး ဟိုင်န်ရီက အရှင်မိဖုရားရဲ့ မင်္ဂလာဝတ်စုံ၊ ဧည့်ခံပွဲဝတ်စုံနှင့် တခြားဝတ်စုံအချို့ကို ချုပ်လုပ်ဖို့ ကျွန်မကို တိုက်ရိုက် အမိန့်ပေးခဲ့ပါတယ်။ အဆင်ပြေမယ်ဆိုရင် အထဲကို ဝင်ခွင့်ပြုပါရှင့်။”
“ဝင်ခဲ့ပါ။”
ခွင့်ပြုချက် ရရှိသွားသည်နှင့်တစ်ပြိုင်နက် ဒီဇိုင်နာ မက်လင်နွန်က အခန်းအတွင်းသို့ ဝင်ရောက်လာကာ သူ၏အနောက်မှ သေတ္တာကြီးများကို သယ်ဆောင်လာသော လူများလည်း ဆက်တိုက် ဝင်ရောက်လာကြသည်။
သေတ္တာကြီးများအပြင်၊ ပိတ်စအထူကြီးဖြင့် ဖုံးအုပ်ထားသော ဘီးတပ်အဝတ်စင်ကြီးကိုလည်း လှမ်းမြင်လိုက်ရ၏။
ဒီဇိုင်နာ မက်လင်နွန်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ကျွန်မကို အထက်အောက် စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုပြီးနောက်၊ ပြုံးလျက် ဆိုလာသည်။
“ကောင်းလိုက်တာ။ တအားကို ကောင်းတာပဲ။”
“....”
“အတတ်နိုင်ဆုံး ခမ်းခမ်းနားနားနဲ့ အတောက်ပဆုံး ဝတ်စုံကို ချုပ်လုပ်ဖို့ အမိန့်ရထားလို့ပါ။ ဒါပေမဲ့ ဝတ်စုံရဲ့ လွှမ်းမိုးမှုက တအားပြင်းထန်နေရင် ဝတ်ဆင်သူရဲ့ ပုံရိပ်က မှေးမှိန်သွားတတ်တာမို့လို့ နည်းနည်းစိုးရိမ်နေခဲ့တာလေ။ ဒါပေမဲ့ အရှင်မိဖုရားရဲ့ ပုံရိပ်နဲ့ဆိုရင်တော့ လုံးဝကို အပြည့်အဝ လွှမ်းမိုးထားနိုင်မှာ သေချာပါတယ်။”
နှုတ်ခမ်းထောင့်စွန်းများ ပင့်တက်သွားသည်အထိ ပြုံးလိုက်သော သူက သေတ္တာကြီးများကို ဖွင့်လှစ်ကာ ဝတ်စုံဒီဇိုင်းအယ်လ်ဘမ် အထူကြီး ငါးအုပ်ကို ဆွဲထုတ်ပြီး ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်လေတော့၏။
“အင်မတန် ခမ်းနားထည်ဝါပြီး သူမတူတဲ့ ဝတ်စုံမျိုးကို စိတ်တိုင်းကျ ဖန်တီးပေးပါ့မယ်။”
~~~~
နာဗီရယ် ဒီဇိုင်နာ၏ ဝတ်စုံဒီဇိုင်းများကို အကဲခတ်နေသော ထိုအချိန်တွင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရက်ရှ်တာကလည်း ဆိုဗီရ်ရှု စေလွှတ်လိုက်သော ဒီဇိုင်နာနှင့် စကားပြောနေ၏။
သို့သော်လည်း အခန်းတွင်း အငွေ့အသက် အနေအထားကမူ လုံးဝ ခြားနားနေသည်။
“အတတ်နိုင်ဆုံး အရိုးရှင်းဆုံး ဝတ်စုံကို ဝတ်ရမယ်၊ ဟုတ်လား။”
ရက်ရှ်တာက အံ့ဩတုန်လှုပ်စွာဖြင့် ဒီဇိုင်နာကို ထပ်ခါတလဲလဲ မေးမြန်းခဲ့သည်။
“ဒါက ရက်ရှ်တာရဲ့ မင်္ဂလာပွဲလေ။”
‘အရှင်ဧကရာဇ်က မင်္ဂလာပွဲကို အတတ်နိုင်ဆုံး ခမ်းခမ်းနားနား ကျင်းပပေးမှာပါ’ ဟု ဘယ်ရွန် လန့်ထ်ထံမှ ကြိုတင်ကြားသိထားခဲ့ပြီးသားပင်။
မည်သို့သော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ရမလဲဟု အမျိုးမျိုးသော အတွေးများဖြင့် စိတ်ကူးယဉ်နေခဲ့သော်လည်း။
တကယ်တမ်း ဒီဇိုင်နာ ရောက်ရှိလာချိန်တွင် အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ရမည်ဟု ကြားလိုက်ရသဖြင့် စိတ်ထဲတွင် မတင်မကျ ဖြစ်သွားရတော့သည်။
“ဘာဖြစ်လို့လဲ။”
“အရှင်ဧကရာဇ်က လေဒီ ရက်ရှ်တာနှင့် အသင့်တော်ဆုံးဖြစ်မဲ့ ဝတ်စုံကို ပြင်ဆင်ဖို့ အမိန့်ပေးခဲ့လို့ပါ။”
“ဒါဆို ရက်ရှ်တာက ခမ်းခမ်းနားနား လှလှပပ ဝတ်စားတာနဲ့ မလိုက်ဖက်ဘူးလို့ ပြောချင်တာလား။”
ရက်ရှ်တာ မျက်ရည်ဝဲလျက် မေးလိုက်တော့မှ ဒီဇိုင်နာက ပျာပျာသလဲဖြင့် လက်ကို ခါယမ်းကာ ငြင်းရှာလေသည်။
“အဲ့ဒီလို အဓိပ္ပာယ်မျိုး မဟုတ်ပါဘူး။”
“ရက်ရှ်တာ့နားထဲမှာတော့ အဲ့ဒီလိုပဲ ကြားနေရတာကို။”
“အဲ့ဒါက... ဟို... လေဒီ ရက်ရှ်တာက သာမန်ပြည်သူလူထုကြားမှာ အင်မတန် ရေပန်းစားပြီး လူချစ်လူခင်ပေါလို့ပါ။”
“သာမန်ပြည်သူဖြစ်တိုင်း ရိုးရှင်းတဲ့အရာကိုပဲ သဘောကျတတ်တာမျိုး မဟုတ်ပါဘူး။”
“ဟုတ်တော့ဟုတ်ပေမဲ့ မင်္ဂလာပွဲက အင်မတန် ခမ်းနားနေတဲ့အချိန်မှာ ဝတ်စုံကပါ တအား တောက်ပနေမယ်ဆိုရင်... ပြည်သူတွေ မျှော်လင့်ထားတဲ့ လေဒီ ရက်ရှ်တာရဲ့ ပုံရိပ်နဲ့ ကွဲလွဲသွားနိုင်လို့ပါ။ ဟုတ်ကဲ့။”
“မင်္ဂလာပွဲက ခမ်းနားပြီး ဝတ်စုံက ရိုးရှင်းနေရင် ရက်ရှ်တာရဲ့ ပုံရိပ်က မှေးမှိန်ကွယ်ပျောက်သွားမှာပေါ့။”
ရက်ရှ်တာက ဒီဇိုင်နာ၏ စကားကို ပြန်လည်ကန့်ကွက်လိုက်သည်။
ဧကရာဇ် ဆိုဗီရ်ရှုအတွက် ဤမင်္ဂလာပွဲက ဒုတိယအကြိမ်မြောက် ထိမ်းမြားခြင်းပင်။
ထို့အပြင် ကွာရှင်းပြတ်စဲပြီးသည်ကလည်း မကြာသေးချေ။
လူအများက မိမိကိုကြည့်ရင်း နန်းကျဧကရီ နာဗီရယ်နှင့် တောက်လျှောက် နှိုင်းယှဉ်ကြပေလိမ့်မည်။
ဤကဲ့သို့သောအခြေအနေတွင် မိမိကို ရိုးရှင်းသော ဝတ်စုံကို ဝတ်ခိုင်းသည်မှာ...
တမင် မိမိကို လူရယ်စရာဖြစ်အောင် လုပ်နေသလို ခံစားရသဖြင့် စိတ်တိုမိရ၏။
“လုံးဝ မှေးမှိန်သွားနိုင်ပါဘူး။ လေဒီ ရက်ရှ်တာက အင်မတန် လှလွန်းတာမို့လို့။ နည်းနည်းလောက် ပြင်ဆင်ရုံတင်နဲ့ ပိုပြီး တောက်ပလာမှာ သေချာ…”
“နန်းကျဧကရီကရော ဘာဝတ်ခဲ့လဲ။”
ရက်ရှ်တာ၏ မေးခွန်းကြောင့် ဒီဇိုင်နာက ယခင်က နာဗီရယ် ဝတ်ဆင်ခဲ့သော မင်္ဂလာဝတ်စုံဒီဇိုင်းကို ကမ်းပေးခဲ့သည်။
အင်မတန် ခမ်းနားထည်ဝါလွန်းလှသော ဝတ်စုံပင်။
“……”
ရက်ရှ်တာက နှုတ်ခမ်းကို တင်းတင်းစေ့လျက် တိတ်ဆိတ်ခြင်းဖြင့် မိမိ၏ မကျေနပ်မှုကို ထုတ်ဖော်ပြသလိုက်ရာ၊ ဒီဇိုင်နာလည်း ပို၍ပင် အကျပ်ရိုက်သွားရတော့သည်။
ရက်ရှ်တာ စိတ်ထဲတွင် သံသယဝင်လာသဖြင့် ဒီဇိုင်နာကို စူးစိုက်ကြည့်ကာ မေးလိုက်၏။
“ဧကန္တ၊ နန်းကျဧကရီရဲ့ ဝတ်စုံတွေကို ဒီဇိုင်းဆွဲပေးခဲ့တဲ့လူလား။”
“ဟုတ်ကဲ့။ စေ့စပ်ပွဲတုန်းကရော၊ မင်္ဂလာပွဲတုန်းကရော၊ ပုံမှန်အချိန်တွေမှာပါ ကျွန်တော်ပဲ ဒီဇိုင်းဆွဲပေးခဲ့တာပါ။”
ရက်ရှ်တာက ‘ထင်တဲ့အတိုင်းပဲ’ ဟု စိတ်ထဲမှတွေးရင်း ဝမ်းနည်းပက်လက်ဖြင့် ဆိုလာသည်။
“နန်းကျဧကရီကို သဘောကျလို့၊ ရက်ရှ်တာကို သူနဲ့ယှဉ်ရင် အောက်ကျသွားအောင် တမင် ရိုးရှင်းတဲ့ဝတ်စုံ ဝတ်ခိုင်းတာမဟုတ်လား။”
“လုံးဝ မဟုတ်ရပါဘူး။ ကျွန်တော်က ပတ်ဝန်းကျင် အနေအထားအရ….”
ရက်ရှ်တာက လက်ညှိုးဖြင့် နာဗီရယ် ဝတ်ဆင်ခဲ့သော ဝတ်စုံဒီဇိုင်းကို ညွှန်ပြလိုက်သည်။
“ဒီဟာထက် ပိုခမ်းနားပြီး ပိုလှအောင် လုပ်ပေးပါ။”
ဒီဇိုင်နာ အကျပ်ရိုက်စွာဖြင့် ထွက်ခွာသွားပြီးနောက်၊ ရက်ရှ်တာက ဒေါသတကြီးဖြင့် ဆိုဖာပေါ်သို့ ကိုယ်ကို ပစ်ချကာ ခေါင်းအုံးကို ခြေထောက်ဖြင့် ကန်ပစ်လိုက်တော့သည်။
ဒီဇိုင်နာက မဟုတ်ပါဘူးဟု ငြင်းခဲ့သော်လည်း ရက်ရှ်တာ၏ အမြင်တွင်မူ ထိုအတိုင်းသာ။
ထိုလူက နန်းကျဧကရီကို ပို၍ ပေါ်လွင်စေရန်အတွက် မိမိကို ရိုးရှင်းသော ဝတ်စုံသာ တမင်ညွှန်းခဲ့ခြင်းပင်။
သာမန်ပြည်သူတွေက ရိုးရိုးရှင်းရှင်း ဝတ်စုံဝတ်တဲ့ ဧကရီကို သဘောကျလိမ့်မယ်တဲ့လား။
ရက်ရှ်တာက ထိုအချက်ကို လုံးဝ မဖြစ်နိုင်ဟု ယူဆမိသည်။
ထိုသို့ ရှိနေစဉ်၊ ယခုတစ်ကြိမ်တွင်မူ အခြားလူတစ်ဦး ရောက်ရှိလာ၏။
မြို့စားမင်း အယ်ရ်ဂီပင်။
သို့သော်လည်း သူတစ်ဦးတည်းမဟုတ်ဘဲ၊ သူ၏ဘေးတွင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးသော အမျိုးသားတစ်ဦးရပ်နေ၏။
“မြို့စားမင်း။ အဲ့ဒီပုဂ္ဂိုလ်က...”
ရက်ရှ်တာ မေးလိုက်တော့မှ မြို့စားမင်း အယ်ရ်ဂီက ထိုလူကို စင်္ကြံဘက်သို့ ခေတ္တ ထွက်သွားခိုင်းပြီးနောက် ရှင်းပြလာသည်။
“မိန်းကလေး။ အရင်က ကျုပ်ပြောခဲ့ဖူးတဲ့ သတင်းထောက်အကြောင်းကို မှတ်မိလား။”
ရက်ရှ်တာ မျက်လုံးအဝိုင်းသားဖြင့် ခေါင်းညိတ်ပြခဲ့သည်။
“ဧကန္တ အဲ့ဒီသတင်းထောက်ကို ခေါ်လာတာလားဟင်။”
“သာမန်လူထုသတင်းထောက်တစ်ယောက်လေ။ ဒါနဲ့ မိန်းကလေး၊ အရှင်ဧကရာဇ်ဆီကနေ လက်ထပ်ခွင့်အတောင်းခံခဲ့ရတာလား။”
“....”
“မိန်းကလေးက အရှင်ဧကရာဇ်နဲ့ ထိမ်းမြားတော့မယ်ဆိုတဲ့ သတင်းတွေ အနှံ့အပြား ပျံ့နေလို့လေ။”
“အဲ့ဒါက...”
“ဟုတ်နေတာကိုး။”
မြို့စားမင်း အယ်ရ်ဂီကို အမှန်အတိုင်း ကြိုတင်မပြောပြနိုင်ခဲ့၍ ရက်ရှ်တာ အားနာစိတ်ဖြင့် မျက်လွှာချလိုက်မိသည်။
မြို့စားမင်း အယ်ရ်ဂီကမူ သဘောကျစွာ ရယ်ခဲ့၏။
“ဘာကို အားနာနေရတာလဲ။ ဟိုလူက အဲ့ဒီသတင်း ကြားလို့၊ အင်တာဗျူးလုပ်ချင်တယ်ဆိုတာနဲ့ ခေါ်လာပေးတာ။”
ရက်ရှ်တာက အားနာစိတ်ဖြင့် ချထားသော မျက်ဝန်းများကို ပြန်လည်ပင့်တင်ကာ မြို့စားမင်း အယ်ရ်ဂီကို စိုက်ကြည့်ခဲ့သည်။
သူ့ထံမှ အင်တာဗျူးနှင့် သတင်းထောက်အကြောင်းကို ကြားဖူးခဲ့သော်လည်း၊ ထိုအချိန်က သေသေချာချာ နားမထောင်ခဲ့မိချေ။
တစ်စုံတစ်ရာက ရှုပ်ထွေးပြီး အရိပ်အကဲ အများကြီးကြည့်ရမည်ဟူသော အချက်မှလွဲ၍ ကျန်ရှိသည့်အရာများကို မမှတ်မိတော့။
ရက်ရှ်တာ မျက်တောင် တဖျပ်ဖျပ်ခတ်လျက်သာ ရှိနေစဉ် မြို့စားမင်း အယ်ရ်ဂီက ပြုံးလျက် ရှင်းပြလာသည်။
“အင်တာဗျူးလုပ်တဲ့အခါကျရင် မိန်းကလေးရဲ့ မင်္ဂလာပွဲက သာမန်ပြည်သူတွေရဲ့ အောင်ပွဲလို့ ထည့်ပြောလိုက်။”
“ရက်ရှ်တာက အခု မှူးမတ်အနွယ်တော် ဖြစ်နေပြီကို...”
“ဒါပေမဲ့လည်း အဲ့ဒီအတိုင်းသာ ပြောလိုက်။ နောက်ကျမှ မှူးမတ်အနွယ်တော် ဖြစ်နေမှန်း သိခဲ့ရပေမဲ့၊ စိတ်ထဲမှာတော့ လူကြီးမင်းတို့အားလုံးနဲ့ တစ်သားတည်း တွေးတောပြီး ပြုမူနေထိုင်ဆဲပါလို့ပေါ့။”
“နားလည်ပါပြီ။”
“ပြီးတော့၊ မိန်းကလေး ဧကရီဖြစ်လာတဲ့အခါကျရင်လည်း သာမန်ပြည်သူတွေနဲ့ အမြဲတမ်း အတူတူရှိနေမှာပါလို့ ပြောလိုက်။”
ရက်ရှ်တာက ရင်ခုန်စိတ်လှုပ်ရှားနေသော်လည်း မြို့စားမင်း အယ်ရ်ဂီ ညွှန်ကြားခဲ့သည့်အတိုင်း လုပ်ခဲ့သည်။
သာမန်ပြည်သူ သတင်းထောက် ထွက်ခွာသွားပြီးနောက်၊ ယခုတစ်ကြိမ်တွင်မူ မှူးမတ်အနွယ်တော် သတင်းထောက်တစ်ဦး ရောက်ရှိလာပြန်ရာ၊ မြို့စားမင်း အယ်ရ်ဂီက အင်တာဗျူးမစမီ ထပ်မံ၍ အကြံပြုချက် ပေးခဲ့ပြန်၏။
“ချိုမြိန်တဲ့ ရိုမန့်စ်၊ အရှင်ဧကရာဇ် ဆိုဗီရ်ရှုနဲ့ ဆန်းကြယ်တဲ့ အချစ်ဇာတ်လမ်းအကြောင်းကိုပဲ အဓိကထားပြီး ပြောလိုက်။”
“မှူးမတ်တွေနဲ့ အတူတူရှိနေမှာပါလို့တော့ ထည့်ပြောဖို့ မလိုဘူးလား။”
“အဲ့ဒီလိုပြောရင် စောစောက စကားနဲ့ ကွဲလွဲသွားမှာပေါ့။”
“အာ...”
“ဘယ်လိုပဲဖြစ်ဖြစ် အချစ်အကြောင်းပဲ အဓိကထားပြီး ပြော။ မှူးမတ်အနွယ်တော်တွေက အဲ့ဒီလိုအရာမျိုးကို သဘောကျတတ်ကြလို့လေ။”
ရက်ရှ်တာက ယခုတစ်ကြိမ်တွင်လည်း မြို့စားမင်း အယ်ရ်ဂီ ညွှန်ကြားခဲ့သည့်အတိုင်း လုပ်ခဲ့ပြန်သည်။
ထို့ကြောင့် အင်တာဗျူးများ ပြီးဆုံးသွားချိန်တွင် အလွန်ပင်ပန်းနွမ်းနယ်သွားရကာ၊ အိပ်ရာပေါ်သို့ လဲပြိုကျသလို အိပ်စက်လိုက်ရတော့၏။
အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း ရက်ရှ်တာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလာရသည်။
မိမိက ဧကရီဖြစ်လာတော့မည့်သူပင်။
တိုင်းပြည်တွင် အမြင့်ဆုံးသော နေရာသို့ တက်လှမ်းရမည့်သူ ဖြစ်ပါလျက်။
ဘာကြောင့် ဤမျှအထိ လူတို့၏ မျက်နှာရိပ်မျက်နှာကဲကို လိုက်ကြည့်နေရသနည်းဟု တွေးရင်း အနည်းငယ် စိတ်ပျက်မိရ၏။
ရှေ့လျှောက် စကားပြောရသည့် အကြိမ်တိုင်းတွင်လည်း ဤကဲ့သို့ အမြဲတမ်း သတိထားနေရဦးမည်လား။
‘အဲ့ဒီလိုဆိုရင်တော့ သိပ်အဆင်မပြေဘူး...’
ထိုသို့ လဲလျောင်းနေစဉ်အတွင်း၊ ဗိုက်ထဲမှ သန္ဓေသား၏ လှုပ်ရှားမှုကို မသိမသာ ခံစားလိုက်ရသည်။
ရက်ရှ်တာက အားအင်ချည့်နဲ့စွာ လဲလျောင်းနေရာမှ လက်နှစ်ဖက်ဖြင့် မိမိ၏ ဝမ်းဗိုက်ကို အသာလေး အုပ်ကိုင်လိုက်မိ၏။
အထင်မှားတာများလား။
ယခုမူ မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ချေ။
သို့သော်လည်း အခက်အခဲဖြစ်နေချိန်တွင် ခံစားလိုက်ရသော သန္ဓေသား၏ လှုပ်ရှားမှုက သူ့အတွက် များစွာ အထောက်အကူပြုခဲ့သည်။
ရက်ရှ်တာက ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လျက် တွေဝေစွာ ငေးမောနေမိရာမှ တိုးတိုးလေး ရေရွတ်လိုက်၏။
“မေမေ အားတင်းထားမယ်နော်၊ ကလေးလေး။”
~~~~
အယ်လ်ဘမ် ငါးအုပ်လုံးတွင် ပြည့်နှက်နေသော ဝတ်စုံဒီဇိုင်းများကို အကဲခတ်ရင်း ဒီဇိုင်းကို ရွေးချယ်လိုက်သည့်အခါ နာရီပိုင်းမျှ အချိန်က ချက်ချင်း ကုန်ဆုံးသွားခဲ့ရသည်။
သို့သော်လည်း လုပ်ဆောင်ရမည့် အလုပ်များက ကျန်ရှိနေသေးဆဲပင်။
ဒီဇိုင်နာ မက်လင်နွန်က ကျွန်မ၏ ကိုယ်တိုင်းကိုပါ တစ်ခါတည်း တိုင်းတာရန် ပြင်ဆင်နေပုံရသဖြင့်၊ ကျွန်မ နေရာမှ ထရပ်ကာ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းပေးထားလိုက်သည်။
ဤကဲ့သို့ ဝတ်စုံအတွက် ကိုယ်တိုင်း တိုင်းတာနေသည့် ထိုအချိန်၌ပင်။
အခန်းတံခါးခေါက်သံ ထွက်ပေါ်လာ၏။
“ဝင်ခဲ့ပါ။”
ကိုယ်တိုင်း တိုင်းတာနေသည်ဆိုသော်လည်း အဝတ်အစား အပါးစားကို ဝတ်ဆင်ထားဆဲဖြစ်သဖြင့် ကျွန်မ သဘာဝကျကျပင် ပြန်လည်ဖြေလိုက်သည်။
အခန်းအတွင်းသို့ ဝင်ရောက်လာသူက ဟိုင်န်ရီပင်။
“အဆင်ပြေရဲ့လားလို့ လာကြည့်တာကို...”
ဟိုင်န်ရီက စကားကို အဆုံးထိမဆိုဘဲ တံခါးအရှေ့တွင် ရပ်လျက် ကျွန်မကို ခေတ္တမျှ ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် စိတ်တိုင်းကျသည့်အလား မျက်နှာတစ်ခုလုံး ဝင်းပကာ ပြုံးပြလာ၏။
ဝတ်စုံကို အပြည့်အဝ ဝတ်ဆင်ထားခြင်း မရှိသေးသဖြင့် မည်သည့်အရာကို သဘောကျနေမှန်း မသိရသော်လည်း။
မည်သို့ပင်ဆိုစေ သူက အခန်းအတွင်းသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်ဝင်ရောက်လာကာ စောစောကအထိ ဝတ်စုံဒီဇိုင်းအကြောင်း တရစပ် ပြောဆိုနေကြသော လူများလည်း ချက်ချင်းပင် နှုတ်ဆိတ်သွားကြတော့သည်။
ဟိုင်န်ရီက ကျွန်မအနားသို့ ချဉ်းကပ်လာကာ ဒီဇိုင်နာကို မေးမြန်းလေ၏။
“ဘယ်လို ဒီဇိုင်းမျိုးကို ရွေးလိုက်လဲ။”
ထို့နောက် ကျွန်မ ရွေးချယ်ထားသော ဒီဇိုင်းနှင့် ဒီဇိုင်နာ ညွှန်းခဲ့ထားသော ဒီဇိုင်းကို တစ်လှည့်စီ အကဲခတ်ကြည့်ရှုပြီး၊ အယ်လ်ဘမ်ထဲရှိ အခြားသော ဒီဇိုင်းများကိုပါ စေ့စေ့စပ်စပ် လိုက်လံစစ်ဆေးတော့သည်။
ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း ကျွန်မ၏ တင်ပါးဆုံနှင့် ဟိုင်န်ရီ၏ ဦးခေါင်းက မတော်တဆ တိုက်မိသွား၏။
စိတ်ထဲမှ သူ့ကို အတတ်နိုင်ဆုံး သတိမထားမိစေရန် ကြိုးစားနေခဲ့ခြင်းဖြစ်ရာ ကျွန်မ အလိုအလျောက်တုံ့ပြန်မှုအရ သူ့ကို ဆတ်ခနဲ တွန်းထုတ်ပစ်လိုက်မိတော့သည်။
ဟိုင်န်ရီက အယ်လ်ဘမ်ကို ကိုင်ထားလျက် တန့်သွားခဲ့ရသလို၊ ကျွန်မကိုယ်တိုင်လည်း လန့်သွားရ၏။
ဗြုန်းစားကြီး တွန်းထုတ်လိုက်ခြင်းဖြစ်၍ သူ့ကို တမင်ဖယ်ထုတ်ပစ်လိုက်သလို ဖြစ်သွားသောကြောင့်ပင်။
“အမ်... ဟုတ်ပါရဲ့။ မင်္ဂလာဝတ်စုံကို လျှို့ဝှက်ချက်အနေနဲ့ပဲ ထားချင်မလား မသိဘူးဆိုတော့။”
ဟိုင်န်ရီက အိုးတိုးအမ်းတမ်း ရေရွတ်ရင်း အယ်လ်ဘမ်ကို ပြန်ချထားလိုက်သည်။
ထို့နောက် ဂနာမငြိမ်စွာ နာရီကို ကြည့်ရင်း အရေးကြီးအလုပ်ကိစ္စ ရှိနေကြောင်း သတိရသွားသည်ဟုဆိုကာ ချက်ချင်း ထွက်ခွာသွားတော့၏။
သို့သော်လည်း သူ ထွက်ခွာသွားပြီးသည့်နောက်တွင် အခန်းတွင်း အနေအထားက ပို၍ပင် အနေခက်စရာ ဖြစ်သွားရသည်။
တစ်ချိန်လုံး တရစပ် စကားပြောနေခဲ့သော ဒီဇိုင်နာ မက်လင်နွန်ပင် ငြိမ်ကျသွားရသည့်အတိုင်းအတာအထိ။
ကျွန်မ ကိုယ်တိုင်း တိုင်းတာခြင်းကိစ္စများ ပြီးဆုံးသွားပြီးနောက် လက်တင်ကုလားထိုင်တွင် ကိုယ်ကိုမှီချလျက် ခေါင်းကို လက်ဖြင့် အုပ်ထားမိတော့သည်။
သူ့ကို စိတ်ခုစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ခြင်း မဟုတ်ပါဘဲ။
‘ဘယ်လိုလုပ်ရမလဲ။’
~~~~
“ငါ့အပေါ် စိတ်ဆိုးနေတဲ့ အကြောင်းရင်းတစ်ခုခု ကျိန်းသေပေါက် ရှိကိုရှိရမယ်။”
ဟိုင်န်ရီက စိုးရိမ်ပူပန်စွာဖြင့် တောက်လျှောက် ညည်းတွားနေခဲ့သည်။
မက်ကန်နာက စာရွက်စာတမ်းများကို ကိုင်ဆောင်လျက် အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ရာမှ သူ၏ ညည်းတွားသံကို ကြားရသည်နှင့် စုတ်တစ်ချက် သပ်လိုက်၏။
“ဒါဆိုရင်လည်း စိတ်ဆိုးစရာ လုပ်ရပ်မျိုးကို လုပ်ခဲ့လို့ နေမှာပေါ့။”
“……မသိတော့ဘူး။ တွေးမိတာ မရှိတာကို။”
“ဒါပေမဲ့လည်း တစ်ခုခုတော့ ရှိနေလို့ ဖြစ်မှာပေါ့။ အရှင်မိဖုရားက အကြောင်းမဲ့ စိတ်ဆိုးမဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်တာမို့လို့။”
ဟိုင်န်ရီက နှုတ်ခမ်းကို တင်းတင်းစေ့လျက် တွေးနေခဲ့ရာမှ ပြောလာ၏။
“အမှန်တော့၊ မနေ့က ရှင်မက ထူးဆန်းတဲ့ စကားတစ်ခွန်း ပြောဖို့ပြင်နေရင်းကနေ ဗြုန်းစားကြီး စကားလမ်းကြောင်း လွှဲပစ်ခဲ့တာ...”
“ထူးဆန်းတဲ့ စကား။”
“မသိဘူး။ ပြောနေရင်း ခါ့ဖ်မန်း မင်းသားကြီးအကြောင်း ဝင်လာလို့။ ဒါပေမဲ့ တခြားစကားပြောဖို့ ပြင်နေရင်းကနေ စကားလွှဲပစ်လိုက်တာကတော့ အသေအချာပဲ။”
ဟိုင်န်ရီက စိုးရိမ်ပူပန်စိတ်ဖြင့် ဆံနွယ်များကို လက်ဖြင့် သပ်တင်လိုက်ရင်း ပြောခဲ့သည်။
“ဧကန္တ...ငါက ကွီးန်ဆိုတာကို ရိပ်မိသွားတာများလား။ အဲ့ဒါကြောင့် စိတ်ဆိုးနေတာများလား။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၅၂ အထိ ဖတ်လို့ရပါပြီ။
၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။