no

Font
Theme

အပိုင်း ၆၀ (မြို့စားမင်း အယ်ရ်ဂီ၏ သတိပေးချက်)

“ဘာပဲဖြစ်ဖြစ် အပြုအမူကို နည်းနည်းလောက် ဆင်ခြင်ပေးရင် ကောင်းမယ်။”

“ဒါဆို ကျွန်မလည်း...”

“....”

“လူချောလူလှ ပြည်တွင်းဖြစ် လူငယ်လေးတစ်ယောက်လောက် ရှာကြည့်လိုက်ပါ့မယ်။”

ဆိုဗီရ်ရှုက ကျွန်မကို အသာလေး စိုက်ကြည့်နေရာမှ 'အဲ့ဒီလိုပဲလုပ်ပေါ့' ဟု ခပ်တိုးတိုးရေရွတ်ကာ လှည့်ထွက်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ကျွန်မဘက်မှ သက်ပြင်းချမိတော့၏။

ဆိုဗီရ်ရှု၏ စိတ်ထဲတွင် ဘာတွေးနေမှန်း တကယ် ခန့်မှန်းရခက်လှသည်။

သူ ရက်ရှ်တာကို ခေါ်လာခြင်းက ပြဿနာမရှိသော်လည်း ဧကရာဇ်ဇနီးမောင်နှံ နှစ်ယောက်စလုံး ဖောက်ပြန်နေကြသည်ဟူသော စကားမျိုးကို မကြားလိုခြင်းပဲလား။

“အလို... ဧကရီအရှင်မ။ ကျွန်တော့်ကို ရှာနေတာလားခင်ဗျ။”

ကျွန်မ နားထင်ကို ဖိနှိပ်နေစဉ်မှာပင် သန့်စင်ခန်းသွားမည်ဟုဆိုကာ ထွက်သွားခဲ့သော ညွှန်ကြားရေးမှူးက ပျာပျာသလဲ ပြေးလာခဲ့သည်။

“တောင်းပန်ပါတယ်။ အခုတလော အစာခြေစနစ်က သိပ်မကောင်းလို့ပါ။”

“ကိစ္စမရှိပါဘူး။”

သူ့ကိုခေါ်ပြီး ရုံးခန်းထဲသို့ ပြန်ဝင်လာခဲ့သော်လည်း အာရုံစိုက်ရန် ခက်ခဲနေဆဲပင်။

နောက်ဆုံးတွင် ဤတစ်ကြိမ်တော့ ကျွန်မက အလုပ်ကို ရပ်နားလိုက်ရတော့သည်။

“မနက်ဖြန်မှပဲ ဆက်ပြောကြတာပေါ့။ ဒီနေ့တော့ ပြန်ပြီး နားလိုက်ပါဦး။”

“ဪ...ဘာမှမဖြစ်ပါဘူးခင်ဗျ။”

“ကျွန်မလည်း အခု အာရုံသိပ်မရတာမို့လို့၊ အားမနာဘဲ ပြန်လိုက်ပါ။”

ညွှန်ကြားရေးမှူး ထွက်သွားပြီးနောက် အခန်းလွတ်ထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့စဉ် ကျွန်မ လက်ပိုက်ထိုင်ကာ စာရွက်ပုံကြီးကို ငေးကြည့်နေမိသည်။

ဆိုဗီရ်ရှုကလည်း ဆိုဗီရ်ရှုဆိုပေမဲ့...

မြို့စားမင်း အယ်ရ်ဂီက ဘာသဘောနဲ့ ပြောသွားတာပါလိမ့်။

တော်ဝင်မင်းသား ဟိုင်န်ရီက လွန်ခဲ့သော နှစ်ပိုင်းကတည်းက မည်သည့်အရာကို အကောင်အထည်ဖော်ခဲ့သနည်း။

အဆောက်အအုံ တည်ဆောက်ခဲ့ခြင်းတော့ မဖြစ်တန်ရာ။

အစီအစဉ်များလား။

ဤအခြေအနေမျိုးတွင် ‘အစီအစဉ်’ ဟူသော စကားလုံးက ပို၍ဆီလျော်မည့်ပုံပင်။

“...”

တော်ဝင်မင်းသား ဟိုင်န်ရီကိုပဲ မေးကြည့်ရပေမည်။

မြို့စားမင်း အယ်ရ်ဂီကို ခေါ်ခဲ့သည်က ဟိုင်န်ရီဟုဆိုကာ နှစ်ယောက်စလုံး တစ်ယောက်အကြောင်းတစ်ယောက် မကောင်းပြောနေကြခြင်းကလည်း... ထူးဆန်းနေ၏။

~~~~

“အရှင်ဧကရာဇ်၊ နေလို့ကောင်းရဲ့လား။”

“...”

“အရှင်ဧကရာဇ်...နေလို့ကောင်းရဲ့လားဆို။”

“...”

“အရှင်ဧကရာဇ်။”

ရက်ရှ်တာက ဆိုဗီရ်ရှု၏ ပခုံးကို နှိပ်ပေးနေခြင်းအား ရပ်လိုက်သည်။

နှစ်ခါပြန်၊ သုံးခါပြန် ခေါ်နေသော်လည်း ဆိုဗီရ်ရှုက ပြန်မဖြေဘဲ ငေးငိုင်နေသည်မှာ အခြားတစ်ခုခုကို အာရုံရောက်နေပုံပင်။

ရက်ရှ်တာက ဆိုဗီရ်ရှု၏ ပခုံးပေါ်မှနေ၍ ခေါင်းလေးငုံ့ကာ ကြည့်လိုက်၏။

ထိုအခါမှ ဆိုဗီရ်ရှုလည်း လန့်သွားကာ ခေါင်းကိုဘေးသို့ လှည့်လိုက်ရာ နှစ်ဦးသား၏ နှုတ်ခမ်းများက ထိလုထိခင် ဖြစ်သွားတော့သည်။

ရက်ရှ်တာက ပြုံးရင်း ဆိုဗီရ်ရှု၏ ပါးကို ဖွဖွလေး နမ်းလိုက်ပြီးနောက် သူ့ကိုဖက်ကာ မေးလိုက်၏။

“ဘာတွေများ တွေးနေလို့ ရက်ရှ်တာ့​စကားကို တစ်ခွန်းမှ မကြားရတာလဲဟင်။”

ချစ်စဖွယ် ချွဲနွဲ့သောအသံလေးဖြစ်သော်လည်း စိတ်ကောက်နေသည့် အရိပ်အယောင်လည်း ပါဝင်နေသည်။

“အာ...တောင်းပန်ပါရဲ့။”

“တိုင်းရေးပြည်ရာတွေကြောင့်ဆိုရင်တော့လည်း။ ဘယ်တတ်နိုင်မလဲလေ။”

ဆိုဗီရ်ရှု တောင်းပန်လိုက်သောအခါ ရက်ရှ်တာက ချစ်စဖွယ်ကောင်းအောင် ပခုံးလေးတွန့်ပြကာ စားပွဲ၏ တစ်ဖက်ခြမ်းတွင် သွားထိုင်ခဲ့သည်။

သို့သော် ဆိုဗီရ်ရှုက ခေါင်းခါပြပြီး ငြင်းလိုက်၏။

“တိုင်းရေးပြည်ရာကိစ္စ မဟုတ်ဘူး။”

“ဒါဆို ဘာလဲဟင်။”

ရက်ရှ်တာက စိတ်မပါ့တပါ မေးလိုက်သည်။

ပုံမှန်ဆိုလျှင် ဆိုဗီရ်ရှုက သူ၏ နေ့စဉ်အလုပ်ကိစ္စများကို ရက်ရှ်တာအား အကုန်အစင် ပြောပြလေ့မရှိပေ။

စိတ်ပါလျှင် ပြောပြတတ်သော်လည်း မပြောပြသည်က များသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ထုံးစံအတိုင်း မေးကြည့်လိုက်ခြင်းသာ။

သို့သော် ‘မင်းနဲ့မဆိုင်တဲ့ ကိစ္စပါ’ ဟူသော အဖြေထွက်လာမည်ဟူသည့် ခန့်မှန်းချက်နှင့် ဆန့်ကျင်စွာ ဆိုဗီရ်ရှုက အခွင့်ကြုံသည့်အလား မေးခွန်းထုတ်လာသည်။

“ဒါနဲ့ ရက်ရှ်တာ။ မြို့စားမင်း အယ်ရ်ဂီက မင်းနဲ့ တော်တော်ရင်းနှီးတာလား။”

မြို့စားမင်း အယ်ရ်ဂီ။

ရုတ်တရက်ကြီး ဘာလို့ သူ့အကြောင်း ထွက်လာရတာပါလိမ့်။

ရက်ရှ်တာက ကြောင်အမ်းအမ်းဖြင့် 'ဟုတ်ကဲ့' ဟု ပြန်ဖြေလိုက်သည်။

“ရက်ရှ်တာနဲ့ ရင်းနှီးပါတယ်။ ဘာဖြစ်လို့လဲဟင်။”

“မြို့စားမင်း အယ်ရ်ဂီက ဧကရီနဲ့ရော ရင်းနှီးလား။”

ထိုသို့သော ဆိုဗီရ်ရှု၏ နောက်ထပ်မေးခွန်းက ပို၍ပင် ထင်မှတ်မထားစရာ ဖြစ်နေသည်။

ရက်ရှ်တာက အနည်းငယ် တွေဝေသွားပြီးမှ ပြန်မေးလိုက်၏။

“...ဘာလို့ အဲ့ဒီလို မေးတာလဲဟင်။”

“ဒီနေ့ နေ့လယ်က သူတို့နှစ်ယောက် တော်တော်လေး တရင်းတနှီး စကားပြောနေကြတာ တွေ့လိုက်လို့။”

ဆိုဗီရ်ရှုက သက်ပြင်းတိုးတိုးလေး ချလိုက်သည်။

“နေ့လယ်က...”

ယနေ့ နေ့လယ်က မြို့စားမင်း အယ်ရ်ဂီ ခဏအပြင်သွားဦးမည်ဟုပြောကာ ထွက်သွားပြီးနောက် နာရီပေါင်းများစွာ ပြန်မလာခဲ့သည်ကို ရက်ရှ်တာ သတိရသွားသည်။

‘နောက်မှ ပြန်လာတော့လည်း ဘယ်သွားခဲ့တယ်ဆိုတာကို မပြောဘူး။ ဧကရီဆီ သွားခဲ့တာကိုး။’

ဆက်လက်ပြီး ရက်ရှ်တာက မြို့စားမင်း အယ်ရ်ဂီ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် နောက်ပြောင်သလိုလို အကြံပြုချက်ကို သတိရလိုက်၏။

ဧကရီကို မြှူဆွယ်ကြည့်ရမလားဟူသော ထိုအကြံပြုချက်။

‘ငါ့အတွက်နဲ့ တကယ်ပဲ ဧကရီကို မြှူဆွယ်ဖို့ ကြိုးစားနေတာလား။’

ရက်ရှ်တာ ဘာမှမပြောဘဲ နှုတ်ခမ်းလေး စူလိုက်မိသည်။

‘အဲ့ဒီလို မလုပ်ပါနဲ့ဆိုတာကို...’

မိမိအတွက် လုပ်ပေးနေသည်ဟု ထင်ရသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် မသက်မသာဖြစ်မိရသည်။

ဆိုဗီရ်ရှုက ထိုအချက်ကို သတိထားမိသွားကာ ရက်ရှ်တာကို နားမလည်နိုင်သလို လေသံဖြင့် ခေါ်ခဲ့၏။

“ရက်ရှ်တာ။”

ရက်ရှ်တာက ချက်ချင်းပင် အပြုံးမျက်နှာလေး ပြင်လိုက်သည်။

“မဟုတ်ပါဘူး။ ဧကရီက မြို့စားမင်း အယ်ရ်ဂီနဲ့ ရင်းရင်းနှီးနှီး မရှိပါဘူး။”

“...ဟုတ်လား။”

“ဟုတ်ပါတယ်ဆို။ မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာရဲ့ သူငယ်ချင်းပဲကို။”

ထိုကဲ့သို့ အလောတကြီး ပြန်ပြောလာသည်ကို ဆိုဗီရ်ရှုက ချစ်စရာကောင်းသည်ဟူသော အကြည့်ဖြင့် ခပ်တိုးတိုး ရယ်လိုက်သည်။

“ဘာလို့လဲဟင်။”

“မင်းကတော့ တကယ့် အဖြူထည်လေးပဲ။ စိတ်ထားကောင်းလိုက်တာ။”

“...”

“ဧကန္တ ငါ ဧကရီအပေါ် အထင်လွဲမှာစိုးလို့ သူ့ဘက်ကနေ ဝင်ပြောပေးနေတာမဟုတ်လား။”

“အာ......သိသာနေတာလားဟင်။”

ရက်ရှ်တာက လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ ရှက်ပြုံးလေး ပြုံးလိုက်တော့ ဆိုဗီရ်ရှုက ပြုံးလျက် ခေါင်းညိတ်ပြခဲ့သည်။

သို့သော် ရုတ်တရက် 'ဟင်' ဟု မျက်ခုံးပင့်လျက် မေးလာ၏။

“ဒါနဲ့ အခုတလော ငါ လက်ဆောင်ပေးထားတဲ့ လက်စွပ်ကို ဝတ်မထားပါလား။”

“လက်စွပ်...လား။”

ရက်ရှ်တာက ပါးကိုအုပ်ထားသော လက်ကို အောက်ချလိုက်သည်။

စင်ကြယ်လှပသော ရုပ်ရည်လေးနှင့်မလိုက်အောင်ပင် သူ၏ လက်ချောင်းများက ငယ်စဉ်က ပင်ပန်းဆင်းရဲမှုများကြောင့် သိပ်မလှပပေ။

ကြမ်းတမ်းနေသော ထိုလက်ချောင်းလေးများကို မြင်လိုက်ရသော ဆိုဗီရ်ရှု၏ မျက်ဝန်းများက တုန်ယင်သွား၏။

သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ရက်ရှ်တာ၏ ကြမ်းတမ်းသော လက်ချောင်းလေးများကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

“အထဲမှာ အနီရောင်ကျောက်လေးပါတဲ့ ငွေလက်စွပ်လေ။ မှတ်မိလား။”

“ရှင်။ ဟုတ်ကဲ့။”

“အဲ့ဒီ အနီရောင်ကျောက်လေးကို ‘အနီရောင်မီးတောက်ရဲ့ ကြယ်စင်’ လို့ ခေါ်တယ်။”

“...”

ရက်ရှ်တာတစ်ယောက် လွန်ခဲ့သော ရက်ပိုင်းက ဗိုင်းကောင့် လိုတဲရှုထံ ပေးလိုက်သော လက်စွပ်သုံးကွင်းကို သတိရသွားသည်။

ယင်းတို့အနက် တစ်ကွင်းက ကျိန်းသေပေါက် အတွင်းတွင် အနီရောင်ကျောက်လေးပါသော ငွေလက်စွပ်ပင်။

ကျောက်အရွယ်အစားက အသေးဆုံးဖြစ်သောကြောင့် တန်ဖိုးအနည်းဆုံးဟုထင်ကာ ပေးလိုက်မိခြင်းဖြစ်သည်။

ကျောက်မျက်တွင် အမည်နာမပင် ရှိနေပုံထောက်လျှင် အင်မတန် တန်ဖိုးကြီးသော လက်စွပ်ဖြစ်ပုံရ၏။

“အဲ့ဒါကို သဘောမကျလို့လား။”

ဆိုဗီရ်ရှု၏ မေးခွန်းကြောင့် ရက်ရှ်တာ၏မျက်နှာ ပျက်သွားတော့သည်။

အဖိုးတန်သော လက်စွပ်ကိုမှ အမုန်းဆုံးလူကို ပေးလိုက်မိသည်ဟု တွေးလိုက်မိသောအခါ ရင်ထဲတွင် ဗြောင်းဆန်သွားသလို ခံစားလိုက်ရ၏။

“ဝန်လေးနေမှာစိုးလို့ မပြောခဲ့တာ။ အဲ့ဒီကျောက်လေးမှာ မှော်စွမ်းအင်ပါတယ်။ အချိန်တိုအတွင်းတော့ ထူးခြားမှာ မဟုတ်ပေမဲ့ အမြဲတမ်း ဝတ်ထားမယ်ဆိုရင် အမာရွတ်တွေကို တဖြည်းဖြည်း ပျောက်သွားစေတဲ့ အာနိသင်ရှိတယ်လေ။ အဲ့ဒါကြောင့် သဘောမကျရင်တောင် ဝတ်ထား။”

မှော်စွမ်းအင်တောင် ပါသေးတာလား။

ထိုစကားကို ကြားလိုက်ရသောအခါ ရက်ရှ်တာတစ်ယောက် နောက်ဆုံးတွင် ညည်းတွားသံလေး ထွက်လာက စားပွဲပေါ်သို့ နဖူးဖြင့် ဆောင့်ချလိုက်တော့သည်။

“ရက်ရှ်တာ။”

“ဟင်း... နှမြောလိုက်တာ။”

ဆိုဗီရ်ရှုက ကြောင်အမ်းအမ်း ကြည့်နေသဖြင့် ရက်ရှ်တာက ညည်းညူရင်း ရှင်းပြလိုက်သည်။

“သနားစရာကောင်းတဲ့ အစေခံမိန်းကလေးတစ်ယောက်ကိုတွေ့လို့ သူ့ကို ပေးလိုက်မိတာပါ။ အဲ့ဒီလို လက်စွပ်မျိုးမှန်း မသိလိုက်လို့...”

ဆိုဗီရ်ရှုက တစ်ချက် အံ့အားသင့်သလို မျက်နှာမျိုး ဖြစ်သွားပြီးမှ ရယ်ချလိုက်တော့သည်။

“ဘာ။ ဟားဟား။”

ရက်ရှ်တာတစ်ယောက် ငိုမဲ့မဲ့ မျက်နှာလေး ဖြစ်သွား၏။

ယခုတစ်ကြိမ်တွင်မူ တကယ် ငိုချင်လာတော့သည်။

“အရှင်ဧကရာဇ်။ အဲ့ဒီလို အာနိသင်မျိုးပါတဲ့ လက်စွပ် နောက်တစ်ကွင်း မရှိတော့ဘူးလားဟင်။”

“ရှိတော့ ရှိပေမဲ့...”

“ရက်ရှ်တာက အဲ့ဒါမျိုး နောက်တစ်ကွင်း ထပ်တောင်းရင်... အရှက်မရှိရာကျမှာပေါ့နော်။”

“အင်း။ နောက်မှ အဲ့ဒီလိုမျိုး ထပ်ရလာရင် ပြန်ပေးမယ်။”

အခု ရှိနေတာကိုတော့ ပေးလို့မရဘူးလားဟင်။

ရက်ရှ်တာက နှမြောတသသော မျက်လုံးလေးများဖြင့် ကြည့်လာသောအခါ ဆိုဗီရ်ရှုက အကျပ်ရိုက်ဟန်ဖြင့် ပြုံးလိုက်သည်။

“နောက်တစ်ကွင်းက ဧကရီဆီမှာ ရှိနေတာမို့လို့။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment