အပိုင်း ၅၃ (ရေခဲရုပ်)
မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင်။
နှစ်ရက်ကြာမျှသာ သွားရောက်မည်ဖြစ်သဖြင့် သီးသန့်နန်းဆောင်သို့ ယူဆောင်သွားရမည့် အထုပ်အပိုးများက သိပ်မများလှပေ။
ကျွန်မ ဒေါက်မြင့်ဖိနပ်အစား ခြေထောက်ကို သက်သောင့်သက်သာရှိစေမည့် ဖိနပ်အပါးကို စီးကာ မိုးရွာမည့်အရေးကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရေစိုခံနိုင်သော ဝတ်ရုံရှည်ကို ဝတ်လိုက်သည်။
“ကောင်းကောင်းအနားယူခဲ့ပါ၊ ဧကရီ အရှင်မ။”
ယခုတစ်ခေါက် ခရီးစဉ်တွင် လိုက်မလာဖြစ်သည့် နယ်စားကတော် အယ်လီဇာက ကျွန်မ၏ အင်္ကျီကြယ်သီးများကို သေသေချာချာ တပ်ပေးရင်း မှာကြားနေလေသည်။
သူက ထိုနှစ်ရက်အတွင်း ခဏတဖြုတ် အိမ်တော်သို့ ပြန်မည်ဟုဆို၏။
“စိတ်မပူပါနဲ့။ နယ်စားကတော် အယ်လီဇာ၊ ဧကရီအရှင်မကို ကျွန်မကပဲ ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးလိုက်ပါ့မယ်။”
ကျွန်မနှင့်အတူ လိုက်ပါလာမည့် နယ်စားကတော် ဂျူဘယ်ရ်က တခိခိရယ်လျက် အယ်လီဇာ၏ ကျောကို ဖွဖွပုတ်လိုက်သော်လည်း အယ်လီဇာက မျက်လုံးကိုကျုံ့ကာ စိုက်ကြည့်လာသဖြင့် အိုးတိုးအမ်းတမ်းနှင့် လက်ကို ပြန်ချသွား၏။
စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်သော ထိုနှစ်ဦး စကားမပြောဘဲ အကြည့်ချင်း ဖလှယ်နေကြသည်ကိုကြည့်ရင်း ကျွန်မ ပြုံးမိသွားသည်။
“သွားကြရအောင်။”
သို့သော် ပင်မနန်းဆောင်ရှေ့သို့ ထွက်လာသည့်အချိန်တွင်။
ဥယျာဉ်အတွင်းရှိ မြင်းရထားရှေ့၌ ဆိုဗီရ်ရှုက ထုံးစံအတိုင်း ဝတ်စုံပြည့်ဖြင့် ရပ်နေခဲ့သည်။
ဆိုဗီရ်ရှု၏ အထုပ်အပိုးများကိုဖြစ်စေ၊ သူ့နောက်မှ လိုက်ပါမည့် အစေခံများကိုဖြစ်စေ မတွေ့ရပေ။
ကျွန်မ နားမလည်နိုင်သဖြင့် အကဲခတ်သလိုကြည့်လိုက်ရာ ဆိုဗီရ်ရှုက အားနာသည့်မျက်နှာထားဖြင့် ရှင်းပြလာသည်။
“အရေးကြီးတဲ့ အလုပ်တစ်ခု ပေါ်လာလို့။ အရင်သွားနှင့်လို့ ဖြစ်မလား။”
“တော်တော်လေး အရေးကြီးလို့လားရှင့်။ အရေးကြီးတယ်ဆိုရင် မဖြစ်မနေ သွားစရာမလိုပါဘူး။ ကျွန်မက သီးသန့်နန်းဆောင်ကို မသွားရလည်း ကိစ္စမရှိလို့ပါ။”
“အရေးကြီးတဲ့ ကိစ္စဆိုပေမဲ့ အဲ့ဒီလောက်အထိတော့ မဟုတ်ဘူး။ ဧကရီ မွေးနေ့မှာ သီးသန့်နန်းဆောင်ကို ခဏသွားတာက အရိပ်အခြည်ကြည့်ရလောက်စရာကိစ္စလည်း မဟုတ်ဘူးလေ။”
‘အဲ့ဒီလိုဆိုပေမဲ့လည်း တကယ် အဆင်ပြေပါ့မလား’ ဟု တွေးနေ၍ ချက်ချင်း ပြန်မဖြေနိုင်သေးခင်မှာပင်။
ဆိုဗီရ်ရှုက ညင်သာစွာပြုံးကာ ကျွန်မ၏ ပခုံးကို အသာအယာ ဖက်လိုက်ရာမှ ပြန်ခွာရင်း ပြောခဲ့သည်။
“အခုတလောက အလုပ်တွေများလို့ ပင်ပန်းနေမှာဆိုတော့ အရင်သွားပြီး အနားယူနှင့်ပေါ့။ အလုပ်တွေ ရှင်းပြီးရင် ငါလည်း ဒီနေ့ ညနေလောက်တော့ ထွက်လာခဲ့မယ်။”
သီးသန့်နန်းဆောင်က မြို့တော်မှ မြင်းရထားဖြင့် ၁၂ နာရီတိတိ သွားရသည့် အကွာအဝေးတွင် ရှိသည်။
ညနေမှ ထွက်လာမည်ဆိုလျှင်ပင် ရောက်ရှိသည့်အချိန်က မနက်ခင်း ဖြစ်နေပေလိမ့်မည်။
အဆင်ပြေပါ့မလား။ အနည်းငယ် စိုးရိမ်မိသော်လည်း……
အဆင်ပြေမှာပါလေ။
ပြန်စဉ်းစားကြည့်တော့လည်း ဆိုဗီရ်ရှုနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ၁၂ နာရီကြာ သွားရမည့်ကိစ္စက ယခုကဲ့သို့ အခြေအနေမျိုးတွင် အိုးတိုးအမ်းတမ်း ဖြစ်စရာကောင်းသဖြင့် ကျွန်မလည်း ထပ်မတိုက်တွန်းတော့ဘဲ မြင်းရထားပေါ်သို့သာ တက်လိုက်တော့သည်။
~~~~
နယ်စားကတော် ဂျူဘယ်ရ်က မြင်းရထားပေါ် တက်လာသည်နှင့် တစ်ပြိုင်နက် အိပ်မောကျသွားသဖြင့် ကျွန်မတစ်ယောက်တည်း စာဖတ်ရင်း ပျင်းရိဖွယ်အချိန်များကို ကုန်လွန်စေခဲ့သည်။
သို့သော် ထိုအခြေအနေက နှစ်နာရီထက် ပိုမကြာခဲ့ပေ။
မြင်းရထား တုန်ခါနေသည့်ကြားမှ စာဖတ်နေမိသဖြင့် တဖြည်းဖြည်းနှင့် မူးသလိုလို ရင်တုန်ပန်းတုန် ဖြစ်လာသည်။
ကျွန်မ စာအုပ်ကို ပိတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေလိုက်၏။
မြင်းရထားက မြို့တော်မှ ထွက်ခွာလာပြီး ကောင်းမွန်စွာ ပြုပြင်ထားသည့် လမ်းမအတိုင်း ပြေးလွှားနေခဲ့ကာ လမ်းတစ်ဖက်တစ်ချက်တွင် အဝါရောင် စိုက်ပျိုးရေးမြေကွက်များကို မြင်တွေ့နေရသည်။
ဟိုတစ်စု ဒီတစ်စု ထောင်ထားသည့် စာခြောက်ရုပ်များကြားတွင် တစ်ကန့်တစ်ကန့် လယ်သမားများက အလုပ်ရှုပ်နေကြပြီး၊ တစ်နေရာရာမှ ကလေးငယ်များ၏ ရယ်မောသံများကိုလည်း ကြားနေရ၏။
“ဒီတစ်ခေါက် ခရီးစဉ်ကနေတစ်ဆင့် ဧကရီအရှင်မနဲ့ အရှင်ဧကရာဇ်တို့ရဲ့ ဆက်ဆံရေး ပြန်ကောင်းသွားရင် သိပ်ကောင်းမှာပဲနော်။”
ကျွန်မ ငေးငေးငိုင်ငိုင်နှင့် အပြင်ကို ကြည့်နေရာမှ ခေါင်းလှည့်ကြည့်လိုက်သည်။
ဘယ်အချိန်ကတည်းက နိုးနေသည်မသိ၊ နယ်စားကတော် ဂျူဘယ်ရ်က သမ်းဝေနေ၏။
ကျွန်မနှင့် မျက်လုံးချင်းဆုံသွားမှ နယ်စားကတော် ဂျူဘယ်ရ်က လက်ကို ပြန်ချကာ ပခုံးတွန့်ပြသည်။
“နယ်စားကတော် အယ်လီဇာ ရှေ့မှာတော့ ဒါမျိုး မပြောဝံ့ပေမဲ့ပေါ့လေ။”
“...”
“မှူးမတ်တွေအတွက်လည်း ကွာရှင်းပြတ်စဲဖို့ဆိုတာ ခက်ခဲတာချင်းတော့ အတူတူပါပဲ၊ ဧကရီအရှင်မ။ အကျိုးစီးပွားအရ ပတ်သက်နေတာတွေက များနေတော့ အကုန်လုံးကို ပြန်ခွဲထုတ်ဖို့ဆိုတာ မရေရာတဲ့ အပိုင်းတွေ အများကြီး ရှိနေတာမဟုတ်လား။ လက်ထပ်ထိမ်းမြားမှုကနေ ရလာတဲ့ အကျိုးအမြတ်တွေ ဒါမှမဟုတ် ရလဒ်တွေကို ဘယ်သူက ပိုယူမလဲဆိုတာနဲ့တင် ရန်ဖြစ်ကြရသေးတာ......အိမ်တော်အကြီးအကဲရဲ့ သြဇာအောက်မှာဆိုရင်လည်း မျက်နှာသာရဖို့ ကြည့်နေရသေးတာလေ။ အဲ့ဒီလိုကနေမှ ‘ဒါကတော့ တကယ် မဟုတ်သေးဘူး’ လို့ ထင်လာပြီဆိုရင်တော့ ဆုံးရှုံးမှုတွေကို ဘယ်လိုပဲရှိရှိ လက်ခံပြီး ကွာရှင်းလို့တော့ ရပါသေးရဲ့။”
“ဒါပေမဲ့ ကျွန်မကျတော့ မရဘူးပေါ့။”
“စိတ်မကောင်းပေမဲ့ ဟုတ်ပါတယ်။ ဧကရီအရှင်မကတော့ မရပါဘူး။ အရှင်ဧကရာဇ်ကို ဘယ်လောက်ပဲ မုန်းနေပါစေ၊ အရင်ဆုံး ကွာရှင်းဖို့ တောင်းဆိုပိုင်ခွင့် မရှိဘူးမဟုတ်လား။ ဒါကြောင့် ပြန်အဆင်ပြေသွားတာကပဲ အကောင်းဆုံးဆိုပြီး ကျွန်မကတော့ အဲ့ဒီလို ထင်မိတာပါ။”
နယ်စားကတော် ဂျူဘယ်ရ်တစ်ယောက် တစ်ဖန်ပြန်၍ ငိုက်မြည်းလာပြန်သည်။
ကျွန်မလည်း လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားလျက် ထိုင်ခုံကျောမှီတွင် ခေါင်းမှီထားလိုက်၏။
ဧကရာဇ်နှင့် ပြန်အဆင်ပြေခြင်းက ပိုကောင်းသည်ဟူသော အချက်ကိုမူ ကျွန်မလည်း သဘောတူလက်ခံသည်။
သို့သော် နယ်စားကတော် ဂျူဘယ်ရ်၏ ပြောစကားများထဲတွင် သဘောမတူနိုင်သည့် အစိတ်အပိုင်းတစ်ခု ရှိနေ၏။
ကွာရှင်းပြတ်စဲခြင်းတဲ့လား………
‘ကွာရှင်းလို့မရတဲ့အတွက်’ ပြန်အဆင်ပြေသွားတာက ပိုကောင်းတယ်။
ကျွန်မ သဘောမတူသည်က ဤအချက်ပင်။
အခြားသူများက ကျွန်မကို ‘ဆိုဗီရ်ရှုနဲ့ ကွာရှင်းလို့တောင် မရတဲ့အခြေအနေ’ ဟု သနားနေကြပုံရသော်လည်း…
အိမ်ထောင်ဖက်၏ အေးစက်စက်ဆက်ဆံမှုမျိုး ခံရခြင်းကို သနားစရာဟု မြင်လျှင်လည်း မြင်နိုင်ပေ၏။
သူက ရက်ရှ်တာနှင့် ပတ်သက်လာလျှင် လုံးဝ ဆင်ခြင်တုံတရား ပျောက်သွားကာ တစ်ခါတစ်လေ ကျွန်မကို မတရား အပြစ်တင်တတ်သည်ကိုး။
သို့သော် သူတို့အနေဖြင့် ကျွန်မကို ‘ကွာရှင်းလို့တောင် မရတဲ့အခြေအနေ’ ဟူ၍ သနားနေရန်တော့ မလိုပေ။
အကယ်၍ ကွာရှင်းနိုင်သည့်တိုင် ကျွန်မတွင် ဆိုဗီရ်ရှုနဲ့ ကွာရှင်းလိုစိတ် မရှိသောကြောင့်ပင်။
ငယ်စဉ်ကတည်းက ကျွန်မဘဝ၏ ပန်းတိုင်က ဧကရီအရိုက်အရာဖြစ်ခဲ့ကာ ကလေးဘဝနှင့် ကြီးပြင်းလာသည့် သက်တမ်းတစ်လျှောက်လုံး ပင်ပန်းခက်ခဲသော လေ့ကျင့်မှုများကို ခံယူရင်း အံဝင်ခွင်ကျဖြစ်အောင် ပညာသင်ကြားခဲ့ရ၏။
ထိုအလုပ်က ကျွန်မ၏ ဝါသနာနှင့် ကိုက်ညီသလား၊ မကိုက်ညီသလားဟူသည်ကိုပင် ခွဲခြား၍မရနိုင်တော့သည်အထိ ကြာရှည်လှပြီဖြစ်သော ဟိုးအတိတ်အချိန်ကတည်းကပင်။
ကျွန်မ ခင်ပွန်းက အခြားတစ်ယောက်ကို ချစ်သူအဖြစ် တော်ကောက်ပြီး ကျွန်မအပေါ် အေးစက်စက် ဆက်ဆံနေသည်ကို ဘာမှမဖြစ်သလို နေနိုင်ပါသည်ဟုဆိုလျှင် ယင်းက အလိမ်အညာသာ ဖြစ်ပေမည်။
သို့သော် အစကတည်းက နိုင်ငံရေးအရ လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုးဆုံးကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည့်အတိုင်း၊ ဤသည်က......
ဟုတ်သည်။ ပင်ပန်းရလည်း သည်းခံနိုင်၏။
သို့ရာတွင် တစ်သက်လုံး ကျွန်မ တည်ဆောက်ခဲ့ရသော ကြိုးပမ်းအားထုတ်မှုနှင့် ရလဒ်များကို ဆိုဗီရ်ရှု၏ အချစ်ကြောင့် အလဟဿ လုယူခံရခြင်းကိုမူ။
ကျွန်မ တကယ် သည်းမခံနိုင်တော့သည့် အခြေအနေတစ်ခု ရောက်လာခဲ့မည်ဆိုလျှင် ထိုအချိန်ပင် ဖြစ်ပေလိမ့်မည်။
~~~~
“အရှင်ဧကရာဇ်၊ ဒါလေး ကြည့်ပါဦး။”
ရက်ရှ်တာက ဘလူးဘိုဟဲယန်း၏ တံဆိပ်ခတ်နှိပ်ထားသော ဆွဲသီးလေးကိုကိုင်ကာ ဆိုဗီရ်ရှုထံသို့ ပြေးသွားခဲ့သည်။
ထိုဆွဲသီးကို မြို့စား အယ်ရ်ဂီက သူ့အား ပေးခဲ့ခြင်းပင်။
“အရှင်ဧကရာဇ်။”
ရက်ရှ်တာက ဝင်းပစွာပြုံးရင်း အခန်းထဲသို့ ခုန်ပေါက်ဝင်လာခဲ့သော်လည်း ရုတ်တရက် အံ့အားသင့်ကာ ရပ်တန့်သွား၏။
“ဝါး……”
ရက်ရှ်တာက လက်နှစ်ဖက်ကိုစုကာ ပါးစပ်ကို ပိတ်ရင်း ဆိုဗီရ်ရှုကို ငေးကြည့်နေသည်။
“အရှင်ဧကရာဇ်က တကယ် ခံ့ညားလိုက်တာ......”
ဆိုဗီရ်ရှုက အနက်ရောင်နှင့် အဖြူရောင် ရောယှက်နေသည့် အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားသည်။
နှစ်သစ်ကူးပွဲတော်တုန်းကလည်း ခမ်းနားသော ဝတ်စုံများကို ဝတ်ဆင်ခဲ့ဖူးသည့်တိုင် ခန္ဓာကိုယ်နှင့်ကွက်တိဖြစ်နေသော ယခု ဝတ်စုံကမူ ကပွဲဝတ်စုံများနှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ခံ့ညားနေလေ၏။
ဆိုဗီရ်ရှုက မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်နေရာမှ မသိမသာ ပြုံးလိုက်သည်။
ရက်ရှ်တာက ဆိုဗီရ်ရှု၏အနားသို့ အမြန်တိုးကပ်သွားကာ ဟိုဟိုဒီဒီ စူးစမ်းကြည့်ရင်း တအံ့တသြ ရေရွတ်လေ၏။
“ဒီဘက်ကကြည့်ရင်လည်း ခံ့ညားသလို ဟိုဘက်ကကြည့်ရင်လည်း ခံ့ညားနေတာပဲ။ အရှင်ဧကရာဇ်က တကယ်ကို ကြည့်ကောင်းလွန်းပါတယ်။ အရှင်ဧကရာဇ် ဒီလောက်တောင် ကြည့်ကောင်းနေတာက တော်တော်လေး မတရားဘူးလို့ မထင်ဘူးလားရှင့်။”
“အပြောကလည်း တတ်လိုက်တာ။”
ဆိုဗီရ်ရှု၏ အဓိပ္ပာယ်မရှိဟူသောဟန်ဖြင့် ပြောလိုက်သောစကားကြောင့် ရက်ရှ်တာက ဟိဟိဟု ရယ်လိုက်ပြီး လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ပြခဲ့သည်။
“ဒါလေးကို ကြည့်ပါဦး။”
“ဘလူးဘိုဟဲယန်ရဲ့ အမှတ်တံဆိပ်ပဲ။”
“ဝါး၊ အရှင်ဧကရာဇ်က ပါရမီရှင်ပဲနော်၊ ချက်ချင်း တန်းသိတာပဲ။”
ရက်ရှ်တာက မျက်လုံးဝိုင်းလေးများဖြင့် ထပ်မံချီးကျူးလိုက်ရာ ဆိုဗီရ်ရှုက နှုတ်ခမ်းထောင့်စွန်းကို အသာအယာပင့်ပြီး ရက်ရှ်တာ၏ ကျောကို လက်တစ်ဖက်ဖြင့် ဖွဖွလေး ပုတ်ပေးလိုက်သည်။
မင်းမျိုးမင်းနွယ်၊ မှူးမတ်အနွယ်တော်များအနေဖြင့် အခြားမိသားစုများ၏ အမှတ်တံဆိပ်များကို အလွတ်မှတ်ထားရခြင်းမှာ တာဝန်တစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရက်ရှ်တာက အမှန်တကယ်ပင် ကွဲပြားသော ကမ္ဘာတစ်ခုတွင် ရှင်သန်ခဲ့သူဖြစ်ကြောင်း သိသာထင်ရှားနေရာ ခံစားချက်က တစ်မျိုးထူးဆန်းနေ၏။
ရက်ရှ်တာက ထိုသို့သော ဆိုဗီရ်ရှုကို ကြည့်နေရာမှ ရှက်ကိုးရှက်ကန်းနှင့် မေးလာသည်။
“ဒါနဲ့ ဘာလို့ ရုတ်တရက်ကြီး ဝတ်စုံကို ဒီလောက်အထိ ခံ့ညားအောင် ဝတ်ထားတာလဲဟင်။”
သူက မေးခွန်းမေးရင်းနှင့် ဆွဲသီးကို အိတ်ကပ်ထဲသို့ သဘာဝကျကျ ပြန်ထည့်လိုက်သည်။
တကယ်တမ်းတွင် ဆိုဗီရ်ရှုက မြို့စား အယ်ရ်ဂီပေးသော ဆွဲသီးကိုမြင်ပြီး နည်းနည်းလောက် သဝန်တိုသွားစေရန် မျှော်လင့်ခဲ့သော်လည်း၊ ထင်ထားသည်ထက် ပို၍ပေါ့ပေါ့ပါးပါးသာ တုံ့ပြန်လာသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရခြင်းပင်။
ဆိုဗီရ်ရှုကမူ ထိုစိတ်ကို မသိသည့်အလား အေးရာအေးကြောင်းပင် ပြန်ဖြေခဲ့၏။
“ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောခဲ့တယ်မဟုတ်လား။ သီးသန့်နန်းဆောင်ကို သွားစရာရှိတယ်လို့။”
“အာ……မနက်က သွားမယ်လို့ပြောပြီး မသွားသေးတာနဲ့ ရက်ရှ်တာက အဲ့ဒီအစီအစဉ် ပျက်သွားပြီလို့ ထင်နေတာ။ သန်ဘက်ခါမှ ပြန်လာမယ်လို့ ပြောခဲ့တာမဟုတ်လားဟင်။”
ဆိုဗီရ်ရှုက ခေါင်းညိတ်ပြီး နာရီကို တစ်ချက် ကြည့်လိုက်သည်။
“အေးအေးချမ်းချမ်း နေခဲ့နော်၊ ရက်ရှ်တာ။”
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ပါးကို ခပ်ဖွဖွ နမ်းလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
“လိုက်ပို့ပေးပါ့မယ်။”
ရက်ရှ်တာက သူ့နောက်မှ တကောက်ကောက် လိုက်ပါသွားပြီး ယနေ့တစ်နေ့လုံး ဖြစ်ပျက်ခဲ့သမျှကို အားတက်သရော ပြောပြနေ၏။
ဗိုင်းကောင့် လိုတဲရှု၏ ကိစ္စကြောင့် လူမှုရေးအသိုင်းအဝိုင်းတွင် သူ့အပေါ် အမြင်က လုံးဝ ပျက်စီးသွားခဲ့သော်လည်း မြို့စား အယ်ရ်ဂီ ပေါ်လာခဲ့သောကြောင့် ယခုအခါ ပြန်လည် ဆက်ဆံလာကြသည့် မှူးမတ်အချို့ ရှိလာပေပြီ။
ရက်ရှ်တာက ထိုအချက်ကို ဝမ်းသာသလို စိတ်လည်းအေးသွားရသဖြင့် ဆိုဗီရ်ရှုအား အကုန် ဖွင့်ပြောပြချင်မိ၏။
သို့သော်လည်း ရက်ရှ်တာ၏ သွက်လက်သော နှုတ်ခမ်းများက ဆိုဗီရ်ရှု၏ မြင်းရထားအတွင်း၌ တင်ထားသော ငွေရောင်ရတနာသေတ္တာကို မြင်လိုက်ရချိန်တွင် ရပ်တန့်သွားတော့သည်။
ရက်ရှ်တာက မျက်လုံးဝိုင်းလေးများဖြင့် မေးခဲ့၏။
“ဒါက ဘာလဲဟင်။”
“ဧကရီကိုပေးမဲ့ လက်ဆောင်။”
“………ဧကရီကိုလား။”
ရက်ရှ်တာ၏ မျက်လုံးများ ပိုမိုပြူးကျယ်သွားတော့သည်။
“သီးသန့်နန်းဆောင်ကို ဧကရီလည်း သွားတာလားရှင့်။”
“ဧကရီရဲ့မွေးနေ့အတွက် သွားတာမို့လို့။”
ဆိုဗီရ်ရှု၏ အဖြေကြောင့် ရက်ရှ်တာက ခပ်ကြောင်ကြောင်ဖြစ်သွားကာ ထပ်မေးလာပြန်သည်။
“ဘယ်သူတွေ လိုက်မှာလဲဟင်။”
“ဧကရီရယ်၊ ငါရယ်၊ နောက်ပြီး အစေခံတွေ၊ ရံရွေတော်တွေနဲ့ ကိုယ်ရံတော်တွေ လိုက်ကြမှာပေါ့။ နန်းတွင်းအမှုထမ်းတွေကလွဲရင် သီးသန့် ဖိတ်ထားတဲ့ ဧည့်သည်တော့ မရှိဘူး။ ဘာဖြစ်လို့လဲ။”
ရက်ရှ်တာက လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်လိုက်သည်။
မယုံနိုင်စရာဖြစ်သွားသလို လန့်သွားသည့် မျက်နှာထားကြောင့် ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လိုက်၏။
“အဆင်ပြေရဲ့လား။”
“ရက်ရှ်တာက ဧကရီရဲ့မွေးနေ့မှန်း မသိခဲ့ဘူး။”
“အာ။ အဲ့ဒီလိုလား။”
“ဘယ်သူမှလည်း ဘာမှ မပြောပြကြတာကို…………”
“ဧကရီကိုယ်တိုင်က တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြတ်သန်းချင်တာမို့လို့လေ။ သီးသန့်ပါတီ ကျင်းပတာလည်း မဟုတ်တော့ ရင်းနှီးတဲ့သူ ဒါမှမဟုတ် ဆွေမျိုးတွေမဟုတ်ရင် သိဖို့ခက်မှာပဲပေါ့။”
“ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ပြောပြရင်လည်း ရတာပဲကို။ သူကတော့ သိမှာပဲမဟုတ်လား။”
ရက်ရှ်တာက စိတ်ကောက်သလို ပြောလာသဖြင့် ဆိုဗီရ်ရှုက ခပ်တိုးတိုး ရယ်လိုက်သည်။
“ဧကရီရဲ့မွေးနေ့ကို နောက်ကျမှ သိလိုက်ရလို့ မကျေမနပ် ဖြစ်နေတဲ့ပုံပါလား။”
“ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတွေမို့လို့လေ။ ရက်ရှ်တာလည်း တစ်ခုခု ပြင်ဆင်ပေးနိုင်ရင် ကောင်းမှာကို…………”
ဆိုဗီရ်ရှုက ဟားတိုက်ရယ်လိုက်သည်။
“စိတ်ထားကောင်းလိုက်တာ။”
ရက်ရှ်တာက လက်ချောင်းလေးများကို ပွတ်သပ်နေရင်းမှ သတိထားပြီး စကားစခဲ့သည်။
“ဟို………အဲ့ဒါကြောင့်မို့လို့လေ၊ အရှင်ဧကရာဇ်။”
ထွက်ခွာရမည့်အချိန် နီးကပ်နေပြီဖြစ်သဖြင့် မြင်းရထားမောင်းသူက ဆိုဗီရ်ရှုနှင့် ရက်ရှ်တာကို အကဲခတ်ကြည့်ခဲ့သည်။
“နောက်မှ ပြောကြတာပေါ့ ရက်ရှ်တာ။ သိပ်နောက်ကျသွားရင် မြင်းရထားမောင်းသူအတွက် ခက်ခဲသွားလိမ့်မယ်။”
ဆိုဗီရ်ရှုက မြင်းရထားတံခါးကို ကိုင်လိုက်သည်။
သူ မြင်းရထားပေါ်သို့ တက်ရန်ပြင်လိုက်စဉ် ရက်ရှ်တာက အမြန်လက်လှမ်းပြီး ဝတ်စုံအနားစကို ဆွဲလိုက်၏။
“ရက်ရှ်တာ။”
ဆိုဗီရ်ရှုက ဘာဖြစ်လို့လဲဟူသော သဘောဖြင့် လှည့်ကြည့်လိုက်ရာ ရက်ရှ်တာက အမြန်မေးလာ၏။
“ရက်ရှ်တာကိုလည်း ခေါ်သွားပေးလို့ မရဘူးလားဟင်။”
“မင်းကိုလား။”
မျှော်လင့်မထားသဖြင့် ဆိုဗီရ်ရှုက တုံ့ဆိုင်းစွာ မေးလိုက်မိသည်။
ရက်ရှ်တာက အမြန်ခေါင်းညိတ်ပြလာ၏။
~~~~
Miel's Translations