အပိုင်း ၂၅ (သိနှင့်ပြီးသား အမှန်တရား)
ရံရွေတော်များ၏ အကြည့်များက ကျွန်မဆီသို့ တစ်ပြိုင်နက်တည်း ရောက်လာတော့သည်။
“ဟင်။ ဘာဖြစ်လို့လဲရှင့်။”
မင်းသမီး စီယာ့ဇ်ကလည်း ထိုအခြေအနေကို သတိထားမိကာ ကျွန်မကို လှမ်းကြည့်လာ၏။ ရံရွေတော်များ ကျွန်မကို ဘာကြောင့် ကြည့်ကြမှန်း သိလိုက်သည်။ တော်ဝင်မင်းသား ဟိုင်န်ရီ ရှာဖွေနေသည့် ‘အမည်မဖော်လိုသူ သူငယ်ချင်း’ မှာ ကျွန်မဖြစ်လိမ့်မည်ဟု တွေးနေကြခြင်းပင်။
“……”
ကျွန်မလည်း ထိုသို့ပင် တွေးမိ၏။ ‘ကွီးန်’ ၏ ပိုင်ရှင်က... တော်ဝင်မင်းသား ဟိုင်န်ရီများလား။ မတော်တဆတိုက်ဆိုင်မှု ဖြစ်နိုင်ခြေမရှိဟု မဆိုနိုင်သော်လည်း၊ ကျွန်မ၏အဖြစ်က ဖြစ်နိုင်ခြေက ပိုများနေသည်။ ရံရွေတော်များက တုံ့ဆိုင်းနေကြသော်လည်း ကျွန်မ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကိုမြင်တော့ မသိကျိုးကျွန်ပြုကာ အကြည့်လွှဲသွားကြ၏။
ထိုသို့ရှိနေစဉ် မင်းသမီး စီယာ့ဇ်က အခြားနေရာသို့ ထွက်သွားသောအခါ လော်ရာက အသံတိုးတိုးဖြင့် မေးလာသည်။
“ဧကရီအရှင်မ၊ အဲ့ဒီ... ဇီးကွက်နဲ့ လင်းယုန် စပ်ထားသလို ပုံစံမျိုးနဲ့ ငှက်လေ။ အဲ့ဒီငှက်ရဲ့ ပိုင်ရှင်က တော်ဝင်မင်းသား ဟိုင်န်ရီလို့ မထင်ဘူးလားရှင့်။”
နယ်စားကတော် အယ်လီဇာကလည်း ထောက်ခံခဲ့သည်။
“ကျွန်မလည်း အဲ့ဒီလိုပဲ တွေးပါတယ်၊ ဧကရီအရှင်မ။ ဧကရီအရှင်မရဲ့အကြောင်းလို့ပဲ ထင်ပါတယ်။”
အခြားရံရွေတော်များလည်း မျက်လုံးများ အရောင်တောက်ကာ ကျွန်မကို ကြည့်လာကြသည်။
“...ကျွန်မလည်း အဲ့ဒီလိုပဲ ထင်တယ်ရှင့်။”
ကျွန်မ၏ စကားကြောင့် ရံရွေတော်များက နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ တစ်ယောက်နှင့်တစ်ယောက် အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်ကုန်ကြတော့သည်။ ဤအခြေအနေကို သူတို့က အင်မတန် သဘောတွေ့နေကြပုံပင်။ သို့ရာတွင် ကျွန်မက 'ကိုယ့်ကိုယ်ကိုယ် လူလုံးထွက်မပြဖို့ ဆုံးဖြတ်ထားတယ်' ဟု ထပ်ပေါင်းပြောလိုက်တော့ သူတို့အားလုံး စိတ်ပျက်လက်ပျက် အမူအရာများဖြင့် ကျွန်မကို ကြည့်လာကြ၏။
“ဧကရီအရှင်မ၊ တော်ဝင်မင်းသား ဟိုင်န်ရီလောက် ခံ့ညားလှပတဲ့သူနဲ့ သူငယ်ချင်းဖြစ်တာ မကောင်းဘူးလားရှင့်။”
“တော်ဝင်မင်းသား ဟိုင်န်ရီကလည်း သူ့ရဲ့ စာဖလှယ်ဖော်က ဧကရီအရှင်မမှန်းသိရင် ပိုပြီးတော့တောင် ဝမ်းသာမှာပါ။”
“မနေ့ကလည်း ဧကရီအရှင်မကို အတူတွဲကဖို့ ခွင့်တောင်းခဲ့သေးတာပဲမဟုတ်လားရှင့်။”
ကျွန်မ ခေါင်းခါလိုက်သည်။
“နာမည်နဲ့ မျက်နှာမသိတဲ့ သူငယ်ချင်းအဖြစ်ပဲ ဆက်ပြီးနေသွားချင်တယ်။”
“ဒါပေမဲ့...”
လော်ရာက နှမြောတသနေသလို တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း နယ်စားကတော် အယ်လီဇာက မျက်ရိပ်မျက်ကဲဖြင့် နှုတ်ဆိတ်စေခဲ့သည်။ နယ်စားကတော်က ကျွန်မအတွေးကို နားလည်သွားဟန်ဖြင့် ကျွန်မကိုကြည့်ပြီး ခေါင်းညိတ်ပြခဲ့၏။
“တော်ဝင်မင်းသား ဟိုင်န်ရီက မိန်းမကိစ္စတွေနဲ့ ပတ်သက်ပြီး ကောလာဟလ အမျိုးမျိုးထွက်တဲ့သူမို့လို့လေ။ မိန်းမလိုက်စားတဲ့သူဆိုပြီး နာမည်ကြီးနေတာဆိုတော့၊ သူ့ရဲ့ စာဖလှယ်ဖော်က ဧကရီအရှင်မမှန်း လူတွေသိသွားရင် အံ့သြစရာဆိုတာထက် စိတ်ဝင်စားစရာအဖြစ် ပိုပြီးထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်ကြမှာပေါ့။”
နယ်စားကတော် အယ်လီဇာက ခဏလောက် ရက်ရှ်တာနှင့် ရီထယ်ယန် မင်းသားကြီးဘက်သို့ အေးစက်စွာ ကြည့်လိုက်သည်။ ရီထယ်ယန် မင်းသားကြီးက ရက်ရှ်တာ့အရှေ့တွင် မတ်တပ်ရပ်ရင်း သဘောတွေ့စွာ ရယ်မောနေ၏။
“ရှေ့လျှောက် ရန်သူတွေ များလာမှာဆိုတော့ သူတို့က မကောင်းတဲ့ ကောလာဟလတွေ ဖြန့်နိုင်တာပေါ့။ ကျွန်မလည်း သတိထားတာ မမှားဘူးလို့ ယူဆပါတယ်။”
နယ်စားကတော် အယ်လီဇာ စကားဆုံးတော့မှ လော်ရာက "အာ...” ဟု ဆိုကာ ခေါင်းညိတ်လေသည်။
“ဒါပေမဲ့လည်း နည်းနည်းတော့ နှမြောမိပါတယ်...”
~~~~
“ဘယ်လောက်တောင် ကဗျာဆန်လိုက်လဲ။ မျက်နှာ၊ နာမည်၊ အရိုက်အရာအဆင့်အတန်း ဘာတစ်ခုမှ မသိရတဲ့သူနဲ့ စာပေးစာယူလုပ်တယ်ဆိုတာ…”
“အဲ့ဒါက တကယ်ရောဟုတ်ပါ့မလား။ တော်ဝင်မင်းသား ဟိုင်န်ရီဆိုတာ နဂိုကတည်းက ထူးဆန်းတဲ့ ကောလာဟလတွေ များတဲ့လူဆိုတော့လေ။ အကုန်လုံးကို ယုံဖို့ခက်တယ် မဟုတ်ဘူးလား။”
“ဒါပေမဲ့ လိမ်နေတာဆိုရင် လူသိရှင်ကြား အဲ့ဒီ ‘သူငယ်ချင်း’ ကို လိုက်ရှာဖို့ ဘယ်လိုအပ်ပါ့မလဲ။”
“တစ်ဖက်လူက သူငယ်ချင်းဖြစ်မလား၊ ချစ်သူဖြစ်မလားဆိုတာကတော့ ပေါ်လာမှ သိရမှာပဲ။”
“မပြောတတ်ဘူးပေါ့။ မတော်လို့ အိမ်ထောင်သည်အမျိုးသမီးလည်း ဖြစ်နေမလားဆိုတာ။”
“မိန်းကလေးလို့ ထင်ထားပေမဲ့ တကယ်တမ်းမှာ ယောက်ျားလေးဖြစ်နေမယ်ဆိုရင် ပိုပြီးတော့ ပျော်စရာမကောင်းဘူးလားဟင်။”
ရက်ရှ်တာ၏ ဧည့်ခံဆောင်ထဲတွင် ရယ်မောသံများ ဆူညံစွာ ပျံ့လွင့်သွားတော့သည်။ ရက်ရှ်တာက သက်သောင့်သက်သာရှိသော ခရမ်းရောင် ထိုင်ခုံတွင်ထိုင်ရင်း မှူးမတ်အနွယ်တော်များ တီးတိုးပြောဆိုနေကြသော စကားများကို စူးစူးစိုက်စိုက် နားစွင့်နေ၏။ သူ့အပါးတွင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် ထိုင်နေကာ၊ အစေခံ ချယ်ရီနီက ရက်ရှ်တာ့ကို သင့်တော်သော အရှိန်ဖြင့် ယပ်ခပ်ပေးနေသည်။
ရက်ရှ်တာက ဘာမှမပြောဘဲ စကားဝိုင်းကို နားထောင်နေစဉ် တော်ဝင်မင်းသား ဟိုင်န်ရီ၏ ပေးစာကိစ္စကို တစ်ချိန်လုံး ပြောနေခဲ့သော ရီထယ်ယန် မင်းသားကြီးက ကျယ်လောင်စွာ ရယ်မောရင်း ရက်ရှ်တာကို မေးလာ၏။
“ဘာလို့ ဒီလောက် စကားနည်းနေရတာလဲ၊ လေဒီ ရက်ရှ်တာရဲ့။ ဧကန္တ အဲ့ဒီ ကဗျာဆန်တဲ့ စာရဲ့ပိုင်ရှင်က ကျုပ်တို့ လေဒီ ရက်ရှ်တာတော့ မဟုတ်ပါဘူးနော်။”
“ရက်ရှ်တာ မဟုတ်ပါဘူး။”
“တကယ်ပဲလား။ လေဒီ ရက်ရှ်တာရဲ့ ချစ်စရာ စကားပြောဟန်လေးနဲ့ဆိုရင် စာတစ်စောင်တည်းနဲ့တင် တော်ဝင်မင်းသား ဟိုင်န်ရီကို ဖမ်းစားဖို့ လုံလောက်မယ်ထင်ပါတယ်။”
ရက်ရှ်တာက ရယ်မောရင်း ခေါင်းခါပြပြီး ထိုအကြောင်းကို ဆက်ပြောကြရန် မှူးမတ်အနွယ်တော်များကို အလျင်စလို တိုက်တွန်းခဲ့သည်။ မှူးမတ်အနွယ်တော်များက အမြဲတမ်း ဂုဏ်သိက္ခာရှိသည့် စကားများသာ ပြောကြသည်ဟု ထင်ထားခဲ့၏။ ကျွန်တွေဖြစ်စေ၊ မှူးမတ်အနွယ်တော်တွေဖြစ်စေ ပြောဆိုကြသည့် ဤသို့သော ဆင်တူယိုးမှား နားထောင်ချင်စဖွယ် ကောလာဟလများက အင်မတန် စိတ်ဝင်စားစရာကောင်းပေသည်။
သို့ရာတွင် လက်ဖက်ရည်သောက်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်စဉ် ဘေးတွင်ထိုင်နေသော ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်တစ်ယောက် အစကတည်းက စကားတစ်ခွန်းမှ မပြောသည်ကို သတိထားမိလိုက်၏။
“ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်၊ ဘာဖြစ်လို့လဲဟင်။ တစ်နေရာရာက နေမကောင်းဘူးလား။”
ရက်ရှ်တာက နူးညံ့စွာ မေးလိုက်တော့ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က တစ်ချက်လေး ဆတ်ခနဲဖြစ်သွားရာမှ ရယ်မောရင်း ခေါင်းခါပြခဲ့သည်။
"ဧကန္တ ဧကရီဆီ ပြန်သွားချင်လို့ အဲ့ဒီလိုဖြစ်နေတာလားဟင်။"
သို့ရာတွင် ရက်ရှ်တာက မျက်နှာငယ်လေးနှင့် မေးလိုက်တော့ မှူးမတ်အနွယ်တော်များလည်း တီးတိုးပြောဆိုနေခြင်းကိုရပ်ကာ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ထံ အကြည့်များ ရောက်လာတော့သည်။
“အဲ့ဒီလိုဖြစ်စရာလားရှင်။”
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ချက်ချင်းပင် ရွှင်မြူးစွာပြုံးရင်း ခေါင်းခါလိုက်၏။
“အခု ကျွန်မ ခစားနေတဲ့ ပုဂ္ဂိုလ်က လေဒီ ရက်ရှ်တာပဲ မဟုတ်လားရှင့်။”
မှူးမတ်အနွယ်တော်များ တော်ဝင်မင်းသား ဟိုင်န်ရီအကြောင်း ပြန်ပြောကြသောအခါမှ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်လည်း သက်ပြင်းဖွဖွလေး ချလိုက်မိ၏။
“……”
ရက်ရှ်တာက ထိုသို့ဖြစ်နေသော ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်၏ ဘေးတိုက်ပုံစံကို အာရုံစိုက်ကာ စူးစိုက်ကြည့်နေရင်း ခေါင်းလေးကို ငဲ့စောင်းလိုက်သည်။
“ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်။ တကယ်လို့ ဧကရီဆီ ပြန်သွားချင်တာဆိုရင် ရက်ရှ်တာ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။”
နောက်ဆုံးတွင် ရက်ရှ်တာက မှူးမတ်အနွယ်တော်များအားလုံးပြန်သွားပြီး သူနှင့် အစေခံနှစ်ယောက်တည်း ကျန်တော့မှ တစ်ခါထပ်ပြီး တဲ့တိုးပြောလေ၏။
“တကယ် အဲ့ဒီလိုမဟုတ်ပါဘူး၊ လေဒီ ရက်ရှ်တာ။”
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ချက်ချင်း ငြင်းလိုက်သော်လည်း ရက်ရှ်တာက ထိုစကားကို အလွယ်တကူ မယုံနိုင်ခဲ့။ ဘယ်ရွန် လန့်တ်မှတစ်ဆင့် သူ၏ ရံရွေတော်ဖြစ်လာသည့် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်မှာ ဧကရီ နန်းတက်ပြီးကတည်းက အပါးတွင် အမြဲရှိနေခဲ့သော ရံရွေတော်ဖြစ်သည်ဟုဆို၏။ ဘယ်ရွန် လန့်တ် ငွေကြေးအခက်အခဲရှိနေသော ရံရွေတော်များအနက်မှ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို ရွေးချယ်ခဲ့ခြင်းသည်လည်း ဤအကြောင်းရင်းကြောင့်ပင်ဟု သိရသည်။
ဧကရီ၏ ရံရွေတော်ဟောင်းက ရက်ရှ်တာ၏ ရံရွေတော်ဖြစ်လာလျှင် ရက်ရှ်တာ့အပေါ် အကဲဖြတ်မှုများကို မြင့်တက်စေမယ်ဟုဆို၏။
သို့ရာတွင် ရက်ရှ်တာအတွက်တော့ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ယခုအထိ ရင်းနှီးမှုမရှိသေးသူပင်။ ငွေကြောင့် ဒီဘက်သို့ ရောက်လာသူဖြစ်၍ ချယ်ရီနီနှင့် ခီးစ်ကဲ့သို့ လုံးဝဥဿုံ ယုံကြည်အားကိုးရန်မဖြစ်သေးသည့် အနေအထားမျိုးရှိနေပေသည်။ ထိုမယုံသင်္ကာစိတ်ကို ရိပ်မိ၍ပဲလားမသိ၊ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က အလန့်တကြား ယုန်မျက်လုံးလို ပြူးပြူးပျာပျာနှင့် ဆင်ခြေပေးလေ၏။
“တကယ် ဧကရီအရှင်မဆီ ပြန်သွားချင်လို့ မဟုတ်ပါဘူး၊ လေဒီ ရက်ရှ်တာ။”
“ဒါပေမဲ့ အဲ့ဒီလိုပုံစံပေါက်နေပါတယ်…”
“ကျွန်မ... အဲ့ဒါက...ဒီအတိုင်း ဧကရီအရှင်မအကြောင်း တွေးမိသွားလို့ပါ။ အကြောင်းအရာက တော်ဝင်မင်းသား ဟိုင်န်ရီ ဖြစ်နေတယ်မဟုတ်လားရှင့်။”
နောက်ဆုံးတွင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ချီတုံချတုံနှင့် ဖွင့်ဟဝန်ခံမှသာ ရက်ရှ်တာလည်း မယုံသင်္ကာဖြစ်နေသော မျက်နှာထားကို ဖျောက်ပစ်ကာ မေးလိုက်သည်။
“တော်ဝင်မင်းသား ဟိုင်န်ရီအကြောင်း ပြောနေတာမှာ ဧကရီက ဘာလို့ ပါလာရတာလဲ။”
နှစ်ကြိမ်တိုင်တိုင် တော်ဝင်မင်းသား ဟိုင်န်ရီထံမှ အငြင်းခံခဲ့ရသည်ဖြစ်ရာ အလိုမကျသောအသံဖြင့် ပြောလိုက်၏။ ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က မျက်နှာအပျက်ပျက်နှင့် အကြောင်းမဲ့ လက်ဖက်ရည်ခွက်ကိုကိုင်ကာ ကစားနေခဲ့သော်လည်း စကားကတော့ ထွက်သွားခဲ့ပေပြီ။ ရက်ရှ်တာကလည်း မျက်လုံးလေးများ အရောင်တောက်ကာ သူ့အား စိုက်ကြည့်နေ၏။
“အဲ့ဒါက…”
မတတ်သာသည့်အဆုံး ဖွင့်ဟဝန်ခံလိုက်တော့သည်။
“တော်ဝင်မင်းသား ဟိုင်န်ရီ လိုက်ရှာနေတဲ့ အဲ့ဒီ စာဖလှယ်ဖော်ဆိုတာက... ဧကရီအရှင်မ ဖြစ်နေလို့ပါ…”
ရက်ရှ်တာ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဘေးမှ ယပ်ခပ်ပေးနေသော ချယ်ရီနီပင် အံ့ဩစွာနှင့် မေးလာ၏။
“တကယ်ပဲလားရှင့်။”
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က 'ဟုတ်တယ်' ဟု ပြန်ဖြေပြီး ရက်ရှ်တာကို ချက်ချင်း ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ဧကရီအရှင်မသာဆိုရင်တော့ စာဖလှယ်ဖော်က တော်ဝင်မင်းသား ဟိုင်န်ရီမှန်း သိရင်တောင် ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်မှာမဟုတ်ပါဘူး။ ကိုယ့်ဂုဏ်သိက္ခာကိုယ် အလေးထားတဲ့သူမို့လို့ပါ။”
ချယ်ရီနီက တခစ်ခစ်ရယ်ရင်း မေးခဲ့သည်။
“ဧကရီအရှင်မနဲ့ တော်ဝင်မင်းသား ဟိုင်န်ရီက တစ်ယောက်နဲ့တစ်ယောက်မသိဘဲ စာပေးစာယူလုပ်နေခဲ့တာ သေချာရဲ့လားရှင့်။”
“အခုတော့ ဧကရီအရှင်မလည်း သိလောက်ရောပေါ့။ ဒါပေမဲ့ အဲ့ဒီတုန်းကတော့ လုံးဝမသိခဲ့ဘူး။”
ပထမတွင် အံ့ဩနေခဲ့သော ရက်ရှ်တာက ခဏနေတော့ နှုတ်ဆိတ်သွားကာ နက်နက်နဲနဲ တွေးတောနေခဲ့သည်။ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်လည်း သူ စိတ်ခုစရာ စကားများ ပြောမိသွားပြီလားဟုတွေးကာ ရက်ရှ်တာ၏ အမူအရာကို အကဲခတ်နေ၏။ ရက်ရှ်တာက အတော်ကြာမှ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို မေးလာသည်။
“အဲ့ဒါဆိုရင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ဧကရီနဲ့ တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ စာထဲက အကြောင်းအရာကို နည်းနည်းပါးပါး သိတာပေါ့နော်။”
ရိပ်ဖမ်းသံဖမ်း အစ်အောက်ကြည့်နေသလို အသံမျိုးပင်။
“အဲ့ဒီလိုပဲ...ဆိုပါတော့။"
ထူးဆန်းသော ခံစားချက်ဖြင့် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က မဝံ့မရဲ ပြန်ဖြေလိုက်တော့ ရက်ရှ်တာ၏ နှုတ်ခမ်းများတွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ပေါ်လာလေသည်။
“ဒါဆို စာဖလှယ်ဖော်က ချယ်ရီနီဖြစ်သလိုလိုပုံစံမျိုး ဟန်ဆောင်လို့ရမလားဟင်။”
“ရှင်။ တော်ဝင်မင်းသား ဟိုင်န်ရီကို လှည့်စားမလို့လား။”
[TL/N : အရှေ့မှာ သုံးခဲ့တဲ့ နာမည်နှစ်ခုက လွဲနေတဲ့အတွက် အမှန်ပြန်ပြင်ထားပါတယ်။
ဘယ်ရ်တီ ဗိုင်းကောင့်ကတော် >>> ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်
ဂျယ်ရီနီ >>> ချယ်ရီနီ
ရှေ့လျှောက်ကိုလည်း ဒီအတိုင်းပဲ ဆက်ပြီးသုံးသွားပါမယ်။]
~~~~
Miel's Translations