အပိုင်း ၁၂၄ (ကြည်နူးစိတ်လှုပ်ရှားခြင်း)
ကျွန်မ အလွန်အမင်း အံ့ဩတုန်လှုပ်သွားရသဖြင့် သူ၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်ကို ကြောင်အမ်းအမ်းဖြင့်သာ ငေးကြည့်နေမိခဲ့သည်။
ပေါင်လယ်အထိ ရေပန်းရေကန်ထဲတွင် နစ်မြုပ်နေကာ ထိုအထက်ပိုင်းတွင်မူ အဝတ်အစား လုံးဝမရှိသော ဝတ်လစ်စားလစ် ခန္ဓာကိုယ်က အထင်အား ပေါ်လွင်နေ၏။
ယခင်က သူ၏ စောင့်ကြပ်ပို့ဆောင်မှုကို ခံယူစဉ်ကတည်းကပင် ခန့်မှန်းမိခဲ့သော်လည်း၊ သူ၏ခန္ဓာကိုယ်က နေရာအနှံ့ ကြွက်သားများဖြင့် ပြည့်နှက်နေသည်။
အဝတ်အစားများ ဝတ်ဆင်ထားချိန်တွင် တုတ်ခိုင်တောင့်တင်းသည့် ခံစားချက်မျိုး မပေးသော်လည်း၊ အဝတ်အစားများ ချွတ်လိုက်သည့်အခါ ခန္ဓာကိုယ်က ပို၍ကျစ်လျစ်တောင့်တင်းသည့်ပုံပင်။
ဝမ်းဗိုက်၊ လက်မောင်း၊ ပေါင်၊ ညှပ်ရိုး၊ ကျော့ရှင်းသော လည်တိုင်နှင့် မတ်မတ်ဆန့်တန်းနေသော ကျောပြင်တို့က ဘုရားကျောင်းတွင် မြင်တွေ့ရသည့် ကျောက်ဆစ်ရုပ်တုနှယ်။
လှပသော အသားအရေက ရေစိုနေသဖြင့် ဆွဲဆောင်မှုရှိကာ အရိုင်းဆန်ပြီး၊ အနောက်သို့ လုံးဝသပ်တင်ထားသော ဆံနွယ်များကြောင့် ခံ့ညားစူးရှသော မျက်နှာအသွင်အပြင်က အထင်အရှားပေါ်လွင်နေ၏။
လမင်း၏အလင်းရောင်ကို တုံ့ပြန်ကာ ရေစက်ကလေးများက ဟိုဟိုဒီဒီ တောက်ပဖြာကျနေသောကြောင့်၊ သူက လူသားမဟုတ်ဘဲ နတ်သူငယ်အလား ထင်မှတ်ရပေသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်တွင် တစ်နေရာ၌ ထူးဆန်းစွာ ကွဲပြားခြားနားနေသော အစိတ်အပိုင်းတစ်ခုရှိနေ၏။
ထိုကဲ့သို့သော ကြီးမားသော…… အစိတ်အပိုင်းမျိုးကို ဘုရားကျောင်းဆောင်ရှိ ကျောက်ဆစ်ရုပ်တုများတွင်လည်း မမြင်ဖူးခဲ့သလို၊ နတ်သူငယ်များတွင်လည်း ရှိလိမ့်မည်မဟုတ်ချေ။
‘ငှက်ကနေ လူဖြစ်သွားတဲ့အချိန်မှာ ဝတ်လစ်စားလစ် ဖြစ်နေတာများလား။’
ကွီးန်က ဟိုင်န်ရီ ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့မိသော်လည်း၊ ယခုလို လက်တွေ့မျက်မြင် တွေ့လိုက်ရသည့်အခါ ရင်ခုန်သံများက အလွန်ပင် ပြင်းထန်မြန်ဆန်လာရတော့သည်။
အင်မတန် အရိုင်းဆန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော ပုံစံမျိုးဖြင့် မြင်တွေ့လိုက်ရသောကြောင့် ပို၍ပင် ထိုသို့ဖြစ်ရ၏။
‘ငှက်ဖြစ်လိမ့်မယ်လို့ သံသယဝင်ခဲ့မိပေမဲ့၊ မဟုတ်မှ အဲ့ဒီအချိန်မှာ ဝတ်လစ်စားလစ် အခြေအနေ ဖြစ်နေလိမ့်မယ်လို့တော့ တွေးမထားမိဘူး……’
ဒါဆို ငါက ဝတ်လစ်စားလစ် အခြေအနေဖြစ်နေတဲ့ ဟိုင်န်ရီကို ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်နမ်းရှိုက်ခဲ့တဲ့အပြင်၊ သူ့တင်ပါးကိုပါ ပုတ်ခဲ့မိတာပေါ့……
စူးစူးရဲရဲ မအော်မိစေရန် ကျွန်မ လျှာကို သွားဖြင့် တင်းတင်းကိုက်ထားလိုက်မိသည်။
မျက်စိရှေ့တွင် ဟိုင်န်ရီ၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်ရှိနေသဖြင့်၊ ကျွန်မက ထိုခန္ဓာကိုယ်ကို ပွေ့ဖက်လျက် မည်ကဲ့သို့သော အပြုအမူမျိုး လုပ်ဆောင်ခဲ့မိပါလိမ့်ဟု တွေးတောမိပြန်၏။
ဟိုင်န်ရီ ကျွန်မကို လှည့်စားခဲ့ခြင်းအပေါ် ဒေါသထွက်သင့်သည်မဟုတ်ပါလား။
‘ကွီးန်’ နှင့် သူ့ကိုယ်သူ ခွဲခြားထားပြီး ပရိယာယ်ကြွယ်ကြွယ် ပြုမူခဲ့ခြင်းအပေါ် ဒေါသပုံချရမည် ဖြစ်သော်လည်း၊ အင်မတန် အိုးတိုးအမ်းတမ်းဖြစ်ရသော စိတ်အခြေအနေကြောင့် ဒေါသပင်မထွက်နိုင်ခဲ့ချေ။
ထို့အပြင် အလွန် ရှက်မိရသည်။
နှုတ်ခမ်းကိုသာ တင်းတင်းကိုက်ထားမိစဉ်၊ ဟိုင်န်ရီက ရေပန်းရေကန်ထဲမှ ထွက်ခွာကာ တစ်နေရာသို့ သွားရောက်ပျောက်ကွယ်သွားပေပြီ။
ကျွန်မ ထိုနေရာ၌ပင် ခြေမခိုင်တော့ဘဲ ဆောင့်ကြောင့်ထိုင်ချမိနေရာမှ၊ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် အလောတကြီး သီးသန့်နန်းဆောင်ဆီသို့ ပြန်လာခဲ့တော့သည်။
‘ဒေါသ…… ဒေါသထွက်မှဖြစ်မှာ။’
ထို့နောက် အခန်းသို့ ပြန်ရောက်သည်နှင့် ခုတင်ပေါ်တွင် ထိုင်လျက်၊ ခေါင်းထဲသို့ ဝရုန်းသုန်းကား ဝင်ရောက်လာသော အတွေးများကို နှိုက်ထုတ်ရင်း အစွမ်းကုန် ဒေါသထွက်နိုင်ရန် ကြိုးစားကြည့်မိသည်။
သူ ကျွန်မကို လှည့်စားခဲ့ခြင်းအပေါ် ဒေါသထွက်မှဖြစ်ပေမည်။
သူ့အရှေ့တွင် ဒေါသကို ထုတ်ဖော်ပြသခြင်းမပြုသည့်တိုင်အောင် စိတ်ထဲ၌မူ ဒေါသထွက်နေရပေမည်။
ယင်းကမှ ပုံမှန်အခြေအနေဖြစ်လိမ့်မည်ဟု ယူဆမိသောကြောင့်ပင်။
သို့သော်လည်း စိတ်ထဲတွင် မည်မျှပင် ရှာဖွေပါစေ ခေါင်းထဲသို့ တောက်လျှောက် ဝင်ရောက်လာသောအရာက သူ၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်သာ။
ထိုဝတ်လစ်စလစ် ခန္ဓာကိုယ်မှ အထူးသဖြင့် ထိုအရာကို……မှတ်မိနေသည့်မှတ်ဉာဏ်က အလွန် ပြင်းထန်လှသဖြင့်။
စိတ်ထဲတွင် ထိုအရာကသာ…… ခဏခဏ ပြန်ပေါ်လာနေသည်။
‘ဘယ်လိုလုပ်ရမလဲ။’
ဟိုင်န်ရီကို အမှန်အတိုင်း ဖွင့်ဟဝန်ခံနိုင်မည့် အခွင့်အရေးမျိုး ပေးချင်မိသည်။
ငှက်မျိုးနွယ်စုနှင့် ပတ်သက်သည့် အကြောင်းအရာများက လျှို့ဝှက်ချက်ဖြစ်သည်ဟု ကြားထားဖူးသဖြင့် သူကလည်း တမင်လှည့်စားခဲ့ခြင်း မဟုတ်နိုင်ဟု ယူဆမိသောကြောင့်ပင်။
သို့ဖြစ်၍ လက်ထပ်ပြီးခဲ့ပြီဖြစ်သော ယခုအချိန်တွင်မူ အမှန်အတိုင်း ဝန်ခံနိုင်မည့် အခွင့်အရေးကို ပေးချင်မိ၏။
သို့သော်လည်း အကယ်၍ သူက အမှန်အတိုင်း ဝန်ခံလာမည်ဆိုပါလျှင်။
သဘာဝကျကျပင် သူက ကျွန်မ သူ့အား ပွေ့ဖက်ကာ တင်ပါးကို ပုတ်ပေးခဲ့ဖူးသည့် အဖြစ်အပျက်များကို ပြန်လည်အမှတ်ရသွားပေလိမ့်မည်……
တွေးမိသည်နှင့် ရေပန်းဘေးမှ ဟိုင်န်ရီ၏ ပုံရိပ်က မျက်စိရှေ့တွင် ထင်ယောင်ထင်မှားပုံရိပ်လို ချက်ချင်း ပေါ်ထွက်လာပြန်သည်။
ကျွန်မ ခေါင်းအုံးထဲသို့ မျက်နှာကို အတင်းနှစ်မြုပ်ထားလိုက်မိတော့၏။
‘……မသိသလိုပဲ ဟန်ဆောင်နေရမလား။’
~~~~
နောက်တစ်နေ့တွင်။
အရှေ့အင်ပါယာမှ ဆိုဗီရ်ရှုထံသို့လည်း တုန်လှုပ်ချောက်ချားဖွယ် သတင်းစကားတစ်ခု ရောက်ရှိခဲ့သည်။
“နာဗီရယ်က အနောက်ဘုရင့်တိုင်းပြည်ထဲကို ဝင်သွားပြီ ဟုတ်လား။”
လက်အောက်ငယ်သား၏ တင်ပြချက်ကို ကြားလိုက်ရသော ဆိုဗီရ်ရှုက မချိပြုံးပြုံးရင်း နားထင်ကို လက်ဖြင့် ဖိနှိပ်လိုက်သည်။
“တကယ်ပဲ သွားလိုက်တာလား။”
“ဟုတ်ကဲ့။ နန်းတော်ထဲမှာ တည်းခိုနေထိုင်နေတယ်လို့ ကြားသိရပါတယ်။”
ဆိုဗီရ်ရှုက စာအုပ်ဖတ်နေသည့်အလား ဟားဟားဟု ရယ်ခဲ့သည်။
အနောက်ဘုရင့်တိုင်းပြည်မှ အရှေ့အင်ပါယာအထိ သွားလာရသော ခရီးအကွာအဝေး ရှိသဖြင့်၊ နာဗီရယ် အနောက်ဘုရင့်တိုင်းပြည်၏ နန်းတော်တွင် နေထိုင်နေသည်က အနည်းဆုံး ရက်ပိုင်းခန့် ရှိနေလောက်ပေမည်။
သူ စိတ်ပျက်လက်ပျက် အဓိပ္ပာယ်မဲ့ ဆက်တိုက် ရယ်နေမိခဲ့သည်။
ပြင်းထန်လှသော သစ္စာဖောက်ခံရသလို ခံစားချက်ကြောင့် အံ့ဩတုန်လှုပ်မိရ၏။
မည်မျှပင် ဒေါသထွက်ပါစေ၊ ဘာကြောင့်…… ဘာကြောင့် ချက်ချင်း အခြားတိုင်းပြည်၏ မိဖုရားအဖြစ် သွားရောက်နိုင်ရသနည်း။
သူ၏ အနေအထားအရ မည်သို့မျှ နားလည်နိုင်စွမ်း မရှိခဲ့။
အစကတည်းက ဟိုင်န်ရီနှင့် မေတ္တာမျှကာ ပတ်သက်နေခဲ့ကြခြင်းမဟုတ်ပါက ထိုမျှအထိ မြန်ဆန်စွာ ပြန်လည်ထိမ်းမြားနိုင်ပါ့မည်လား။
‘ငါကွာ။’
ဟိုင်န်ရီနှင့် ဖလှယ်ခဲ့သော စာများကို မီးရှို့ဖျက်ဆီးပစ်ခဲ့မိခြင်းအပေါ် အချိန်နှောင်းမှ နောင်တရမိရတော့သည်။
သာမန်ဟုထင်ရသော ထိုစာများထဲတွင် လျှို့ဝှက်ကုဒ်သင်္ကေတများ ဝှက်ထားခဲ့ခြင်းလားမသိပေ။
အနာဂတ်ကို ကတိပြုထားကြသည့် ရမ္မက်ဆန်ဆန် ကတိကဝတ်မျိုးကို ဆိုလိုခြင်းပင်။
ဆိုဗီရ်ရှု ဒေါသကို ထိန်းချုပ်ရင်း လက်အောက်ငယ်သားအား ထွက်သွားရန် အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သား ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူက အံကိုတင်းတင်းကြိတ်ကာ နံရံကို ဆတ်ခနဲ ကန်ပစ်လိုက်တော့၏။
နာဗီရယ်ကား ငယ်စဉ်ကတည်းက သူ့ဇနီးဖြစ်ခဲ့သူပင်။
ချစ်သူသက်သက် မဟုတ်ဘဲ ဇနီးသည်။
အမြဲတမ်း အတူတူရှိခဲ့ဖူးပြီး၊ အနာဂတ်တွင်လည်း အတူတူရှိနေမည့် ဇနီး။
ဟင့်အင်း၊ ထိုအချက်ကို ဖယ်ထားဦးတော့၊ နာဗီရယ်၏ မိသားစုက ဧကရီအမြောက်အမြား ထွက်ပေါ်ခဲ့ဖူးသော ဂုဏ်သရေရှိ မှူးမတ်အိမ်တော်ကြီး ဖြစ်ပေသည်။
သွေးသားဆွေမျိုးချင်း လက်ထပ်မှုကို တားဆီးရန်အတွက် အမြဲတစေ ထိုအိမ်တော်မှ ဧကရီ ထွက်ပေါ်လာခြင်းမျိုး မဟုတ်သော်လည်း၊ မှူးမတ်အိမ်တော်အားလုံးအနက် ဧကရီအရေအတွက် အများဆုံး ထွက်ပေါ်ခဲ့ဖူးသည့် ဂုဏ်သရေရှိ မိသားစုများထဲတွင် အထက်တန်းစား မိသားစုကြီးပင်။
ထိုကဲ့သို့သော အိမ်တော်မှလူက အနောက်ဘုရင့်တိုင်းပြည်သို့ သွားသတဲ့လား။
ဆိုဗီရ်ရှု လက်သီးကို တင်းတင်းဆုပ်ကာ နံရံကို ဒုန်း ဒုန်း ဒုန်းဟု ဆက်တိုက် ထုရိုက်မိတော့သည်။
မည်မျှပင် ဒေါသထွက်ပါစေ၊ မကျော်သင့်သော စည်းတစ်ခုတော့ ရှိသင့်သည်မဟုတ်ပါလား။
နာဗီရယ်၏ လုပ်ရပ်က ဆိုဗီရ်ရှု သတ်မှတ်ထားသော ထို ‘စည်း’ ကို ကျော်လွန်သွားခဲ့ခြင်းနှင့် မခြားပေ။
“မားကီးစ် ကားလ်။”
ဆိုဗီရ်ရှု အချိန်အတော်ကြာ တစ်ယောက်တည်း ဒေါသပေါက်ကွဲနေခဲ့သော်လည်း၊ နောက်ဆုံးတွင် ဒေါသကို မအောင့်အည်းနိုင်တော့ဘဲ မားကီးစ် ကားလ်ကို ခေါ်ကာ အမိန့်ပေးလိုက်တော့၏။
“ရက်ရှ်တာနဲ့ မင်္ဂလာပွဲကို အမြန်ဆုံး စီစဉ်မှဖြစ်မယ်။”
“အခုကတည်းကလား……ခင်ဗျ။”
“ကလေးမမွေးခင် မင်္ဂလာပွဲကို အပြီးသတ်ရမှာပေါ့။ မင်္ဂလာပွဲဆိုတာကလည်း ပင်ပန်းတဲ့အလုပ်ဖြစ်နေတာကို၊ ဗိုက်တကားကား မပေါ့မပါးကြီးနဲ့ လုပ်လို့မဖြစ်ဘူးမဟုတ်လား။”
“အဲ့ဒီအချက်ကတော့ ဟုတ်ပါတယ်။”
“မင်္ဂလာပွဲကို အတတ်နိုင်ဆုံး ခမ်းခမ်းနားနား ကျင်းပမယ်။”
မားကီးစ် ကားလ်က ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ပြန်ဖြေနေရင်းမှ စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ဆိုဗီရ်ရှုကို စိုက်ကြည့်လိုက်မိသည်။
ဆိုဗီရ်ရှုက ပုံမှန်ထက် ပို၍ စိတ်လှုပ်ရှားတုန်လှုပ်နေသော အခြေအနေ ဖြစ်နေကြောင်း ယခုမှသာ သတိပြုမိလိုက်ခြင်းပင်။
မားကီးစ် ကားလ်က ဆိုဗီရ်ရှု၏ မျက်ဝန်းတစ်ဝိုက်တွင် အနည်းငယ် နီမြန်းနေသည်ကိုလည်း သတိထားမိလိုက်၏။
“အရှင်ဧကရာဇ်……”
“မင်္ဂလာပွဲကို နာဗီရယ်လည်း လာရမှာပေါ့။ ……နောင်တရစေရမယ်။”
“အရှင်ဧကရာဇ်……”
ဆိုဗီရ်ရှု မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်သည်။
နာဗီရယ်က မင်္ဂလာပွဲ မကျင်းပရသေးချေ။
မင်္ဂလာပွဲလုပ်မည်ဆိုပါက ဤဘက်သို့လည်း မင်္ဂလာဖိတ်စာ ရောက်ရှိလာပေလိမ့်မည်။
သူက နာဗီရယ် မင်္ဂလာပွဲ မကျင်းပမီ၊ မိမိ၏ မင်္ဂလာပွဲကို အရင်ဆုံး အပြီးသတ်ကျင်းပရန် ဆုံးဖြတ်လိုက်ခြင်းပင်။
နာဗီရယ် ခမ်းနားထည်ဝါလှသော မင်္ဂလာပွဲကို ကြည့်ရင်း နောင်တရသွားစေရန်အတွက်။
သဘောထားသေးသိမ်မှန်း သိသော်လည်း၊ ဤကဲ့သို့ မလုပ်ရပါက ဒေါသကို တောင့်ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
“ဟူး……”
စိတ်ထဲမှ ခံစားချက်များကို တစ်ကြိမ် ပေါက်ကွဲပြီးနောက်၊ ဆိုဗီရ်ရှုက မျက်လုံးကို မှိတ်ထားလျက် စိတ်ငြိမ်အောင် လုပ်လိုက်သည်။
သူက ရှုပ်ထွေးနောက်ကျိနေသော စိတ်အခြေအနေကို အတတ်နိုင်ဆုံး ဖိနှိပ်ချုပ်တည်းရင်း တည်ငြိမ်ဟန်ဆောင်ကာ မေးခဲ့၏။
“အခု ရက်ရှ်တာအပေါ် လူထုရဲ့ထင်မြင်ချက်ကရော ဘယ်လိုရှိလဲ။”
“နဂိုကတည်းက ကောင်းမွန်တဲ့အနေအထား ရှိခဲ့ပေမဲ့၊ လေဒီ နာဗီရယ်အပေါ် ဆန့်ကျင်လိုတဲ့ စိတ်အခြေအနေကြောင့် လောလောဆယ်တော့ အင်မတန် ကောင်းနေပါတယ်။”
“အင်းလေ။ ဒါကတော့ တော်သေးတာပေါ့။”
မှူးမတ်အသိုင်းအဝိုင်းမှ လူများက ရက်ရှ်တာအပေါ် မျက်နှာလိုမျက်နှာရလုပ်လိုကြသည်။
သို့သော်လည်း ဆိုဗီရ်ရှု သိရှိပြီးသားပင်။
သူတို့ ရက်ရှ်တာအပေါ် ကောင်းကောင်းဆက်ဆံလိုကြခြင်းမှာ နောက်ဆုံးတွင် ထိုမိန်းမ၏ အနောက်ကွယ်၌ ရှိနေသော မိမိအပေါ် မျက်နှာလိုမျက်နှာရလုပ်လိုကြခြင်းသာ။
ရက်ရှ်တာ ဧကရီဖြစ်လာမည့်အရေးကို မျှော်လင့်စောင့်စားနေကြခြင်း မဟုတ်ချေ။
ဟင့်အင်း၊ ဆန့်ကျင်ဘက်အနေဖြင့် ရက်ရှ်တာနှင့် ရင်းနှီးသောသူများပင် တကယ်တမ်း ရက်ရှ်တာ ဧကရီဖြစ်လာမည်ဟုဆိုပါက ပျာပျာသလဲ ဆန့်ကျင်ကြမည့် ရာခိုင်နှုန်းက ပိုမြင့်ပေသည်။
သာမန်ပြည်သူဘဝမှ ဧကရီဖြစ်လာခဲ့ကြသူများက မရှားသော်လည်း၊ ထိုသူတို့ ဧကရီဖြစ်လာသည့် အကြိမ်တိုင်းတွင် မှူးမတ်များက အမြဲတမ်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြဖူးသောကြောင့်ပင်။
လက်ရှိတွင် မှူးမတ်အနွယ်တော် မွေးစားမိဘများ ရှိနေသည့်တိုင်အောင်၊ ကနဦး ပုံရိပ်က ထိုမျှအထိ လွယ်လင့်တကူ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။
“ရက်ရှ်တာအတွက်ကတော့ ပြည်သူလူထုရဲ့ ထင်မြင်ချက်က အရေးကြီးတယ်။”
“ဟုတ်ကဲ့။ ဒါပေမဲ့……လေဒီ ရက်ရှ်တာက ဧကရီနေရာကို တက်လှမ်းမဲ့ချိန်မှာရော အခုလို လူထုထင်မြင်ချက်က ဆက်ပြီးရှိနေပါ့မလားဆိုတာတော့ မသေချာပါဘူး။”
“ဘယ်ရှိပါ့မလဲ။”
အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်အပေါ် ရူးသွပ်အားပေးခြင်းနှင့်၊ ထိုလူထံသို့ မိမိ၏ ကံကြမ္မာကို အပ်နှံခြင်းမှာ လုံးဝ ခြားနားသော လမ်းကြောင်းပင်။
“ဒါပေမဲ့လည်း မှူးမတ်အနွယ်တော်တွေထက်စာရင်တော့ ပိုကောင်းမှာပေါ့။”
လက်သီးကို ဆုပ်လိုက်ဖြန့်လိုက် ဆက်တိုက်လုပ်နေသော ဆိုဗီရ်ရှုက ယခုမှသာ စားပွဲခုံတွင်ထိုင်ကာ အမိန့်ပေးတော့သည်။
“ရက်ရှ်တာရဲ့ မွေးစားမိဘတွေကို သင့်တော်တဲ့ ဂုဏ်ထူးဆောင် အရိုက်အရာတစ်ခုခု အပ်နှင်းပြီး သိက္ခာဆယ်ပေးလိုက်။”
~~~~
ဘယ်ရွန် လန့်ထ် ရောက်ရှိလာချိန်က ရက်ရှ်တာ မွေးစားမိဘများနှင့်အတူ ထိုင်ကာ အမျိုးမျိုးသော စကားများကို ပြောဆိုနေကြသည့်အချိန်ပင်။
“ကျွန်မတို့ အရင်ထသွားလိုက်ရမလား။”
“အလုပ်ရှုပ်နေတဲ့ ပုံစံမို့လို့ ဒီလောက်နဲ့ပဲ သွားလိုက်ပါဦးမယ်။”
မွေးစားမိဘများက ရက်ရှ်တာနှင့် ပြုံးရွှင်စွာ စကားပြောနေစဉ်အတွင်း ဖြစ်သော်လည်း ဘယ်ရွန် လန့်ထ် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် နေရာမှ ထရပ်ခဲ့ကြသည်။
‘တော်တော်လေး အရိပ်အကဲသိကြတာပဲ။’
ရက်ရှ်တာက သူတို့ကို ဂုဏ်ယူဝင့်ကြွားစွာ စိုက်ကြည့်လိုက်မိသည်။
သူတို့ကို ရက်ရှ်တာ အင်မတန် သဘောကျမိ၏။
သူတို့က ရက်ရှ်တာကို မိမိတို့၏သမီးအရင်းလို ကြင်နာစွာ ဆက်ဆံပေးကြသော်လည်း အမြဲတမ်း စည်းကို စောင့်ထိန်းလျက် လေးစားမှုရှိကြသည်။
မည်သို့ပင်ဆိုစေ မြို့စားမင်း အယ်ရ်ဂီ၏ အကြံပြုချက်လည်း ရှိနေသဖြင့်၊ ဤဇနီးမောင်နှံတွင် မည်ကဲ့သို့သော စရိုက်မျိုး ရှိသည်ဖြစ်စေ သူတို့ကို စောင့်ရှောက်ရမည် ဖြစ်သော်လည်း။
ပြုမူပုံအထိ ယခုကဲ့သို့ စိတ်တိုင်းကျစရာ ဖြစ်နေသဖြင့် ကြည့်ရင်းကြည့်ရင်း ရက်ရှ်တာ သူတို့ကို ပို၍ပင် သဘောကျလာတော့၏။
“ဒါဆို နောက်မှ ပြန်တွေ့ကြတာပေါ့၊ အဖေနဲ့ အမေ။”
ရက်ရှ်တာက ဘယ်ရွန် လန့်ထ်၏ အရှေ့တွင် ချစ်ခင်ရင်းနှီးစွာဖြင့် သူတို့ကို နှုတ်ဆက်စကားဆိုလိုက်သည်။
သို့သော်လည်း ထွက်ခွာရန် ပြင်ဆင်နေသော ဇနီးမောင်နှံကို ဘယ်ရွန် လန့်ထ်က တားဆီးခဲ့၏။
“အာ၊ မဖြစ်မနေ နေရာဖယ်ပေးဖို့ မလိုပါဘူး။”
ဇနီးမောင်နှံက ဆိုဖာနှင့် ကော်ဖီစားပွဲခုံကြားမှနေ၍ ဘေးတိုက်ခြေလှမ်းဖြင့် ထွက်ခွာရန် ပြင်ဆင်နေကြစဉ်ဖြစ်ရာ ဘာစကားပါလိမ့်ဟုတွေးပြီး သူ့ကို လှမ်းကြည့်ခဲ့ကြသည်။
ရက်ရှ်တာကလည်း ဘယ်ရွန် လန့်တ် ဘာကြောင့် ယခုကဲ့သို့ ပြုမူနေမှန်း နားမလည်နိုင်သဖြင့် စိုက်ကြည့်နေမိ၏။
“ဘာလို့လဲဟင်။”
ရက်ရှ်တာ မေးလိုက်တော့မှ၊ ဘယ်ရွန် လန့်ထ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြရင်း ကိုင်ဆောင်လာသော အဝါနုရောင် စာလိပ်ကို ကမ်းပေးခဲ့သည်။
ရက်ရှ်တာ အူကြောင်ကြောင်ဖြင့် ထိုစာလိပ်ကို လှမ်းယူလိုက်၏။
လိပ်ထားသော စာလိပ်ကို ဖြန့်လိုက်ပြီးနောက် သူက စာလုံးများကို ဖြည်းညင်းစွာ ဖတ်ခဲ့သည်။
အနည်းငယ် နှေးနေသေးသော အရှိန်ကြောင့်၊ မွေးစားမိဘများလည်း အကြောင်းမဲ့ စိုးရိမ်ပူပန်စိတ်ဖြင့် ရက်ရှ်တာကို စိုက်ကြည့်နေမိကြ၏။
ရက်ရှ်တာက အတော်ကြာပြီးမှ မျက်လုံးအဝိုင်းသား ဖြစ်သွားကာ ဘယ်ရွန် လန့်ထ်ကို ကြည့်ပြီးနောက်၊ တစ်ဖန် မွေးစားမိဘများဘက်သို့လှည့်ကာ အော်ဟစ်လေတော့သည်။
“အရှင်ဧကရာဇ်က အဖေ့ကို တော်ဝင်ရေးရာဝန်ကြီးရာထူး ခန့်အပ်လိုက်ပြီတဲ့။”
ရက်ရှ်တာ၏ မွေးစားဖခင်က အူကြောင်ကြောင်ဖြင့် “တော်ဝင်ရေးရာဝန်ကြီး” ဟု ရေရွတ်မေးမြန်းနေပြီး နောက်ကျမှ အံ့ဩမှင်တက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ရက်ရှ်တာ၏ မွေးစားမိခင်ကမူ လက်နှစ်ဖက်ဖြင့် ပါးစပ်ကို ပိတ်ထားရင်း ဘယ်ရွန် လန့်ထ်ကို စိုက်ကြည့်နေ၏။
အရိုက်အရာဘွဲ့ကိုပင် မနည်းထိန်းသိမ်းထားရသော ပျက်သုဉ်းလုနီးပါး မှူးမတ်အနွယ်တော် ဇနီးမောင်နှံက မည်သည့် ရာထူးအဆင့်အတန်းကိုမျှ တစ်ခါလေးတောင် ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိသောကြောင့်ပင်။
ရက်ရှ်တာက ချစ်စရာကောင်းသောအသံလေးဖြင့် အော်ဟစ်ကာ ခုန်ပေါက်နေသည်။
အရှင်ဧကရာဇ်က ငါ့ကို ဧကရီနေရာအထိ တင်မြှောက်ဖို့အတွက် အခုလိုလုပ်ပေးတာပဲ။
ရက်ရှ်တာ ဆိုဗီရ်ရှု၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် ရိပ်မိသွားကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝဲလာခဲ့ရသည်။
မွေးစားမိခင်ကလည်း ထပ်တူထပ်မျှပင် မျက်ဝန်းများ နီမြန်းလာကာ၊ လက်ကိုင်ပဝါဖြင့် မျက်ရည်များကိုသုတ်ရင်း ပြုံးနေ၏။
“သမီးကောင်းတစ်ယောက် ရှိထားတော့ အခုလို ကိစ္စမျိုးတွေလည်း ဖြစ်လာရတာပေါ့။”
“သမီးက အဖေတို့ရဲ့ ရတနာလေးပဲ၊ ရက်ရှ်တာ။”
ရက်ရှ်တာ မွေးစားမိဘများနှင့်အတူ ပွေ့ဖက်ကာ ဝမ်းသာပီတိဖြစ်နေသော ပုံစံကို ကြည့်ရင်း၊ ဘယ်ရွန် လန့်ထ်လည်း ကြည်နူးစွာ ပြုံးနေမိ၏။
ဧကရီ နာဗီရယ် ထွက်ခွာသွားခဲ့ခြင်းအပေါ် နှမြောတသဖြစ်မိရသော်လည်း၊ ထိုအချက်ကို ဖယ်ထားလျှင် သူက ဤသုံးယောက်ကို သဘောကျမိကာ အဆင်ပြေချောမွေ့စေရန် မျှော်လင့်မိခဲ့သည်။
ငယ်စဉ်ကတည်းက မိဘများကို ဆုံးရှုံးခဲ့ရကာ ဆင်းရဲဒုက္ခရောက်လျက် ရှင်သန်ခဲ့ရသော မိန်းမ။
ပိုင်ဆိုင်သမျှ ရတနာများကို အကုန်သုံးပစ်ရသည်အထိ သမီးဖြစ်သူကို လိုက်လံရှာဖွေခဲ့ကြသော ဇနီးမောင်နှံ။
ဆယ်နှစ်ကျော် ကွဲကွာနေခဲ့ကြသော မိသားစုက အံ့ဩဖွယ်ကောင်းစွာ ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့ကြကာ၊ ယခုအခါတွင်မူ ရှေ့ဆက်မည့်လမ်းက ပန်းခင်းလမ်း ဖြစ်နေချေပြီ။
ကြည်နူးစရာကောင်းသော ပြဇာတ်တစ်ပုဒ်နှင့် တူလှသဖြင့် ဘယ်ရွန် လန့်ထ်လည်း နောက်ဆုံးတွင် နှာတရှုံ့ရှုံ့ဖြစ်လာရ၏။
“ဘယ်ရွန်က ဘာဖြစ်လို့ ငိုနေတာလဲဟင်……”
ရက်ရှ်တာ ပြုံးလျက် နောက်ပြောင်သလို မေးလိုက်တော့မှ ဘယ်ရွန် လန့်ထ်က အိုးတိုးအမ်းတမ်း ပြုံးခဲ့သည်။
“ဟုတ်ပါရဲ့။ ဒါပေမဲ့လည်း မျက်ရည်ကျမိရတယ်ဗျ။”
“ဘယ်ရွန်……”
“ရှေ့လျှောက် အဆင်ပြေချောမွေ့တဲ့ ကိစ္စတွေနဲ့ပဲ ပြည့်နေတော့မှာပါ။ သေချာပါတယ်။”
ဘယ်ရွန် လန့်ထ် ထွက်ခွာသွားပြီးနောက် ရက်ရှ်တာက မွေးစားမိဘများ၏ လက်ကို ဆုပ်ကိုင်ကာ တောင်းဆိုခဲ့သည်။
“မနက်ဖြန် လက်ဖက်ရည်ပါတီ ရှိတာမို့လို့။ သတင်းကောင်းကိုလည်း ဖွင့်ပြောရင်း၊ အဖေနဲ့အမေပါ အတူတူဆင်နွှဲကြမလားဟင်။”
ဆိုဗီရ်ရှု မွေးစားမိဘများကို ရာထူးအပ်နှင်းခဲ့ခြင်းမှာ မှူးမတ်အသိုင်းအဝိုင်းထဲတွင် အခြေခိုင်အောင် ပြုလုပ်ထားရန် ရည်ရွယ်ချက် ဖြစ်ရပေမည်။
သူ၏ ရည်ရွယ်ချက်အတိုင်း ရာထူးအသစ်ရရှိထားသော မွေးစားမိဘများကို မှူးမတ်အနွယ်တော်များနှင့် မိတ်ဆက်ပေးရင်း မိမိက မိဘများနှင့် ရင်းနှီးချစ်ခင်စွာ နေထိုင်နေသည်ဟူသောအချက်ကို နေရာအနှံ့ ထုတ်ဖော်ပြသရန် တွေးလိုက်ခြင်းပင်။
~~~~
နောက်တစ်နေ့တွင်၊ ရက်ရှ်တာ၏ မွေးစားမိဘများက ရက်ရှ်တာ၏ လက်ဖက်ရည်ပါတီသို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်လာခဲ့ကြသည်။
ရက်ရှ်တာက ဂုဏ်ယူဝင့်ကြွားသော စိတ်ဖြင့် လူတို့ မွေးစားမိဘများနှင့် နှုတ်ဆက်နေကြသည်ကို ကြည့်နေမိ၏။
ခံစားချက်က အလွန်ပင် ကောင်းနေသည်။
ယခင်က တူအာနီယာ မြို့စားကတော် လက်ဖက်ရည်ပါတီ ကျင်းပခဲ့ဖူးသော ထိုနေရာတွင် ယခု မိမိကိုယ်တိုင် ထိုင်နေရချေပြီ။
ဘေးနားတွင်လည်း လောကတွင် မည်သူထက်မဆို မိမိကို ချစ်မြတ်နိုးပေးမည့်၊ အနည်းဆုံး ချစ်မြတ်နိုးဟန်ဆောင်ပေးမည့် မွေးစားမိဘများရှိနေကာ ထိုမွေးစားမိဘများက ရာထူးအရိုက်အရာ ပိုင်ဆိုင်ထားကြသော မှူးမတ်များ ဖြစ်ကြ၏။
စိတ်အနှောင့်အယှက်ဖြစ်စရာ နန်းကျဧကရီကလည်း တိုင်းတစ်ပါးသို့ သွားရောက်ကာ ပြန်လည်ထိမ်းမြားပြီးပြီဖြစ်၍ ပြန်ရောက်လာစရာ အကြောင်မရှိတော့ချေ။
ဗိုက်ထဲတွင်လည်း ဧကရာဇ်၏ ပထမဆုံး ရင်သွေးက သန္ဓေတည်နေပေပြီ။
ဆိုဗီရ်ရှုက မိမိကို ဧကရီနေရာ ကတိပြုထားခဲ့ပြီးဖြစ်၍၊ ဗိုက်ထဲမှ ရင်သွေးကလည်း နောင်တစ်ချိန်တွင် ဧကရာဇ် ဖြစ်လာပေလိမ့်မည်။
အရာအားလုံးက ဖြောင့်ဖြူးနေတော့၏။
ပြဿနာကား ကတိပြုထားသော ဧကရီသက်တမ်းက တစ်နှစ်သာဖြစ်နေခြင်းနှင့် ဗိုင်းကောင့် လိုတဲရှုမိသားစု ဖြစ်သော်လည်း……
‘ငါက ထပ်ပြီး ကိုယ်ဝန်ရလာဦးမှာဆိုတော့ ဧကရီသက်တမ်းကလည်း တိုးလာမှာပေါ့။ အရှင်ဧကရာဇ်က တိတ်တိတ်ပုန်းကလေး မဖြစ်စေချင်တာမို့လို့။ အဲ့ဒါတင်မကဘူး ရက်ရှ်တာကို ချစ်နေတာပဲလေ။’
သက်တမ်းတစ်နှစ်ဟူသောအချက်က လက်တွေ့တွင် ထိုမျှအထိ စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိခဲ့ချေ။
သို့သော်လည်း ဗိုင်းကောင့် လိုတဲရှုဘက်ကမူ ထိုသို့မဟုတ်ခဲ့။
အရိုက်အရာအဆင့်အတန်း မြင့်မားလာလေ ရှေ့လျှောက်တွင် ပို၍ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာလေဖြစ်မည်သာ……
‘နှုတ်မလုံတဲ့ ရီဗယ်တီနဲ့ စုတ်ပြတ်သတ်နေတဲ့ အယ်လန်၊ အမှိုက်လိုကောင် ဗိုင်းကောင့်ကို ရှင်းပစ်ရမှာကို။ ဒါပေမဲ့ အဲ့ဒီလိုလုပ်လိုက်ရင် ကလေးက……’
ထိုအချိန်တွင်။
ရုတ်တရက် ဘေးနားဆီမှ ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာသည်။
ရက်ရှ်တာလည်း အတွေးထဲမှ နိုးထလာခဲ့ရကာ အံ့ဩတုန်လှုပ်သော မျက်နှာထားဖြင့် ဘေးနားသို့ လှည့်ကြည့်လိုက်မိ၏။
သူ၏ မွေးစားမိခင်က ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့ခြင်းပင်။
“အမေ။”
ရက်ရှ်တာ အလန့်တကြား ခေါ်လိုက်တော့မှ မျက်နှာချင်းဆိုင်ရှိ မှူးမတ်အနွယ်တော်အမျိုးသားက အိုးတိုးအမ်းတမ်း ပြောလာသည်။
“အဲ့ဒါက၊ ခွင့်လွှတ်ပါ။ စကားမှားသွားလို့……”
“စကားမှားသွားတယ်။”
“ဟို…… ပျောက်သွားတဲ့ သမီးက နှစ်ယောက်ရှိတာမို့လို့၊ တစ်ယောက်ပဲဖြစ်ဖြစ် ပြန်တွေ့ရတာ တော်သေးတာပေါ့ဆိုပြီး……”
မှူးမတ်အနွယ်တော်အမျိုးသားက ပျာပျာသလဲ ဦးညွှတ်တောင်းပန်ခဲ့သည်။
ရက်ရှ်တာ အိုးတိုးအမ်းတမ်းနှင့် မွေးစားမိခင် မာရှာကို အကဲခတ်ကြည့်လိုက်မိ၏။
မိသားစုပျက်သုဉ်းလုနီးပါးဖြစ်ရသည်အထိ သမီးကို လိုက်လံရှာဖွေခဲ့သည်ဆိုသော မွေးစားမိခင်က အဆင်ပြေချောမွေ့စွာ ရှင်သန်နေထိုင်နေစဉ်အတွင်း နာကျင်စရာကောင်းသော အကြောင်းအရာကို ကြားလိုက်ရ၍ ဖြစ်မည်လား။
မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် ငိုကြွေးခြင်းကို ရပ်တန့်မည့် အရိပ်အယောင်မျိုး မရှိချေ။
လူတို့၏ အကြည့်က ရက်ရှ်တာထံသို့ စုပြုံရောက်ရှိလာသည်။
သူတို့က ရက်ရှ်တာကို မာရှာ၏ သမီးအရင်း….ထိုမှတစ်ဖန် သမီးဦးဟု ယူဆထားကြသောကြောင့်ဖြစ်မည်လား၊ သဘာဝကျကျပင် ရက်ရှ်တာက မိခင်ကို နှစ်သိမ့်ပေးလိမ့်မည်ဟု တွေးနေကြသည့်ပုံပင်။
မွေးစားဖခင်ကမူ ဇနီးဖြစ်သူကို ပွေ့ဖက်ကာ အတူတူ ငိုကြွေးနေချေပြီ။
ရက်ရှ်တာ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း နေရာမှထကာ မွေးစားမိခင်ကို တင်းတင်းပွေ့ဖက်ပေးလိုက်မိသည်။
သူတို့ ပျောက်ဆုံးသွားသော သမီးက မိမိနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိသော်လည်း၊ အခြားသူများကမူ ထိုသမီးကို မိမိ၏ ညီမအရင်းဟု ယူဆနေကြ၏။
ပြန်တွေးကြည့်မည်ဆိုပါက၊ ဤမွေးစားမိဘများကို မိဘအရင်းကဲ့သို့ ဆက်ဆံနိုင်ရန်အတွက် ညီမအတုကိုပါ ရှာဖွေဟန်ဆောင်ရပေဦးမည်။
“ရက်ရှ်တာက အတွေးတိမ်သွားခဲ့ပါတယ်၊ အမေ။ ညီမလေးကို အရင်ဆုံး ရှာခဲ့ရမှာကို……”
ရက်ရှ်တာ ငိုရှိုက်ဟန်ဆောင်လျက် မွေးစားမိခင်ကို ပွေ့ဖက်ကာ ကတိပြုလိုက်၏။
“စိတ်မပူပါနဲ့။ ရက်ရှ်တာက ညီမလေးကို ဆက်ဆက် ရှာပေးပါ့မယ်။”
မွေးစားမိခင်က ရက်ရှ်တာ၏ ကတိစကားကို ကြားလိုက်ရသည်နှင့် အော်ဟစ်ငိုကြွေးလျက် မေးမြန်းလာသည်။
“တကယ်ပဲလားဟင်။ တကယ်ပဲ သမီးရဲ့ညီမလေးကို ရှာပေးမှာလား။”
အဲ့ဒီညီမက ဘာလို့ ငါ့ညီမ ဖြစ်ရမှာလဲ။
ရက်ရှ်တာ စိတ်ထဲတွင် စိတ်ပျက်ဒေါသထွက်နေမိသော်လည်း၊ အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်၏။
“ကျိန်းသေပေါက်ပေါ့။”
မွေးစားမိခင်ကို မနည်းချော့မော့ပြီးနောက် ကြည့်လိုက်တော့၊ မှူးမတ်များကလည်း ထပ်တူထပ်မျှပင် မျက်ဝန်းများ နီမြန်းလျက် ငိုရှိုက်နေကြလေသည်။
ဤမြင်ကွင်းက အင်မတန် ရင်ကိုထိခတ်ကြည်နူးဖွယ်ကောင်းလှသည်ဟု ယူဆနေကြသည့်အလား။
ထိုအချက်က တော်သေးသည်ဟု တွေးရင်း၊ ရက်ရှ်တာ နေရာတွင် ပြန်ထိုင်လိုက်မိသည်။
သို့သော်လည်း ထိုနောက်ပိုင်းတွင်မူ မည်မျှပင် ပြုံးရွှင်လျက် စကားပြောနေပါစေ စကားဝိုင်းထဲသို့ အာရုံစိုက်ရန် ခက်ခဲနေတော့၏။
မိမိ၏ သားအရင်းကိုပင် မည်သို့မျှ မတတ်နိုင်ဘဲ အကျပ်ရိုက်နေရသော အခြေအနေတွင်။
သွေးတစ်စက်မျှ မတော်စပ်သည့်အပြင်၊ အကျိုးကျေးဇူးလည်း မရှိနိုင်သော ညီမအတုကိုပါ ရှာရမည်ဟု တွေးလိုက်မိတော့ အလွန်စိတ်ကုန်လာရသည်။
စေတနာအမှန်ဖြင့် စတင်ခဲ့ခြင်းဆိုပါက ယခုကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်သော်လည်း၊ မမျှော်လင့်ဘဲ အတင်းအကျပ် ပြောခဲ့ရသော ကတိစကားဖြစ်နေရာ ပို၍ပင် မုန်းတီးမိရ၏။
သီးသန့်တောင်းဆိုခဲ့လျှင်ပင် ကူညီပေးနိုင်မည့်ကိစ္စဖြစ်သော်လည်း။
ယခုကဲ့သို့သော နေရာမျိုးတွင် ငိုပြခဲ့သော မွေးစားမိခင်ကိုပါ စိတ်ပျက်ဒေါသထွက်မိရလောက်သည်အထိပင်။
သို့သော်လည်း မွေးစားမိခင်ကို အပြစ်တင်၍ မရနိုင်ခဲ့။
ပျောက်ဆုံးသွားသော သမီးအကြောင်းကို အရင်ဆုံး စကားစခဲ့သည်က အခြားမှူးမတ်အမျိုးသား ဖြစ်နေသောကြောင့်ပင်။
‘ဘယ်ရွန် လန့်ထ် ခေါ်လာတဲ့ မှူးမတ်ဇနီးမောင်နှံကိုပဲ မိဘအဖြစ် သတ်မှတ်ခဲ့ရင် ပိုပြီးကောင်းဦးမှာကို။’
ရက်ရှ်တာ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ၊ နောက်ဆုံးတွင် လက်ဆေးဦးမည်ဟုဆိုကာ နေရာမှထရပ်လိုက်သည်။
ခေတ္တ လေညင်းခံရင်း ဒေါသထွက်နေသော စိတ်အခြေအနေကို ဖြေဖျောက်ရန် အတွေးပင်။
သို့သော်လည်း အနီးနားရှိ စင်္ကြံလမ်းအတိုင်း နှစ်ပတ်ခန့် လှည့်လည်သွားလာနေစဉ်။
မြို့စားမင်း အယ်ရ်ဂီကို တွေ့လိုက်ရ၏။
ရက်ရှ်တာက မြို့စားမင်း အယ်ရ်ဂီကို တွေ့သွားသည်နှင့် ချက်ချင်းပင် ထိုဘက်သို့ ချဉ်းကပ်သွားမိသည်။
သူကလည်း ယခုတစ်ကြိမ် လက်ဖက်ရည်ပါတီသို့ တက်ရောက်လာသည့်တိုင်၊ ခပ်လှမ်းလှမ်းတွင်ထိုင်ကာ တစ်ချိန်လုံး အခြားသော မှူးမတ်ကတော်များ၊ သခင်မလေးများနှင့်သာ စကားပြောနေ၏။
ယခုလို ဖြစ်လာတော့ ထိုအချက်ကလည်း အကြောင်းမဲ့ စိတ်ခုစရာ ကောင်းလှရာ၊ အနည်းငယ် နီးကပ်သောနေရာတွင် ထိုင်ပါဟု ပြောရန်အတွေးနှင့်။
သို့သော်လည်း မြို့စားမင်း အယ်ရ်ဂီကမူ အခြားလူတစ်ဦးနှင့် စကားပြောနေချေပြီ။
ရက်ရှ်တာ ခြေလှမ်းများ တန့်သွားရကာ မျက်မှောင်ကြုတ်လိုက်မိတော့၏။
မြို့စားမင်း အယ်ရ်ဂီ စကားပြောနေသူကား စောစောက မွေးစားမိခင်ရှေ့တွင် သမီးအကြောင်း စကားစခဲ့သော ထိုမှူးမတ်အမျိုးသား ဖြစ်နေသောကြောင့်ပင်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၄၅ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။