အပိုင်း ၄၄ (ထိုးဖောက်မရသည့် အကာအကွယ်တံတိုင်း)
“အဲ့ဒီလူနဲ့ အတူရှိနေခဲ့တာလား။”
ဆိုဗီရ်ရှုအပေါ် စိတ်ခုနေဆဲဖြစ်သဖြင့် ကျွန်မ ဘာမှပြန်မဖြေချင်ပေ။
“ဟုတ်ပါတယ်။”
ကျွန်မ အဖြေက အလိုလိုပင် တိုပြတ်ပြတ်ဖြစ်သွား၏။
ဆိုဗီရ်ရှု၏ နဖူးပေါ်မှ တွန့်ရာများက ပို၍နက်ရှိုင်းလာသည်။
“တော်ဝင်မင်းသား ဟိုင်န်ရီ။ ဘယ်လောက်အထိ ဒီမှာဆက်နေဖို့ စိတ်ကူးထားတာလဲ။”
ဆိုဗီရ်ရှုက ယခုတစ်ကြိမ်တွင် တော်ဝင်မင်းသား ဟိုင်န်ရီကို မေးခွန်းထုတ်လေ၏။
တော်ဝင်မင်းသား ဟိုင်န်ရီက လွန်ခဲ့သော ရက်ပိုင်းက ဆိုဗီရ်ရှုနှင့် အချေအတင်ဖြစ်ခဲ့သော်လည်း အလွန်ပင် တည်ငြိမ်စွာပြုံးလျက် ပြန်ဖြေခဲ့သည်။
“လောလောဆယ်တော့ နှစ်ပတ်ကနေ သုံးပတ်လောက်အထိနေဖို့ စဉ်းစားထားပါတယ်။”
“ကိုယ့်နေရာကိုယ် ဒီလောက်အထိ အကြာကြီး ပစ်ထားလို့ဖြစ်ပါ့မလား။ အနောက်တိုင်းပြည် ဘုရင်ရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူးလို့ သိထားတာကို မင်းသားက ဘေးနားကနေ စောင့်ကြပ်ပေးနေတာ ပိုမကောင်းဘူးလား။”
ဆိုဗီရ်ရှုက ခနဲ့တဲ့တဲ့ ထောက်ပြလိုက်ပြီးနောက် တော်ဝင်မင်းသား ဟိုင်န်ရီကို မနှစ်မြို့သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ရက်ရှ်တာ၏ ကိစ္စကြောင့် တော်ဝင်မင်းသား ဟိုင်န်ရီအပေါ်တွင် မကျေနပ်မှုများ အတော်လေး စုပုံနေသည့် မျက်နှာထားပင်။
သို့သော် ဆိုဗီရ်ရှု ပြောလိုက်သည့် စကားကိုယ်တိုင်က မှားနေသည်တော့ မဟုတ်ပေ။
“စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။”
တော်ဝင်မင်းသား ဟိုင်န်ရီက ပြုံးရုံသာ တုံ့ပြန်ခဲ့ကာ ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှ ထပ်မပြောတော့ပေ။
အားလုံး တိတ်ဆိတ်သွားသဖြင့် တဒင်္ဂ အနေခက်စရာဖြစ်သွားရသည်။
“အရင်သွားနှင့်ပါ့မယ်၊ အရှင်ဧကရာဇ်။”
ဘာပဲဖြစ်ဖြစ် ဆက်ရှိနေလျှင်လည်း အချင်းချင်း စိတ်အနှောင့်အယှက်ဖြစ်စေရုံသာ ရှိမည်ဖြစ်ရာ ကျွန်မ ဆိုဗီရ်ရှုကို အရင် နှုတ်ဆက်လိုက်သည်။
သို့သော် ဆိုဗီရ်ရှုက ပို၍စိတ်မရှည်သော လေသံဖြင့် ကျွန်မကို ခေါ်ခဲ့၏။
“ဧကရီ။”
လှည့်ကြည့်လိုက်တော့ သူက မျက်မှောင်ကြုတ်လျက် ကျွန်မကို စိုက်ကြည့်နေသည်။
ထိုမျက်နှာထားက………
တော်ဝင်မင်းသား ဟိုင်န်ရီ၏ အရှေ့၌ပါ ကျွန်မကို စော်ကားချင်နေခြင်းလား။
ပြီးခဲ့သည့် အတွေ့အကြုံများကြောင့် ဆိုဗီရ်ရှု၏ မျက်နှာကိုမြင်သည်နှင့် ထိုသို့သော အတွေးမျိုး အရင်ဆုံး ဝင်လာသည်။
ကံကောင်းသည်လား၊ ကံဆိုးသည်လားတော့ မသိ၊ ဆိုဗီရ်ရှုက တော်ဝင်မင်းသား ဟိုင်န်ရီကို အရင်ဆုံး တောင်းဆိုခဲ့၏။
“ဧကရီနဲ့ နှစ်ယောက်တည်း ပြောစရာရှိလို့ တော်ဝင်မင်းသား ဟိုင်န်ရီကတော့ ကိုယ့်လမ်းကိုယ် ဆက်သွားတာ ပိုကောင်းမယ်ဗျ။”
“ကျွန်တော်က ဧကရီ အရှင်မနဲ့အတူ လမ်းလျှောက်နေတာပါ၊ အရှေ့အင်ပါယာရဲ့ အရှင်ဧကရာဇ်။”
“ဧကရီက ကျုပ်နဲ့ ပြောစရာရှိတယ်လို့ ပြောနေတယ်လေ၊ တော်ဝင်မင်းသား ဟိုင်န်ရီ။”
တော်ဝင်မင်းသား ဟိုင်န်ရီကို ပြတ်ပြတ်သားသား တွန်းထုတ်လိုက်သော ဆိုဗီရ်ရှုက ကျွန်မကို ခဏလောက် လမ်းလျှောက်ရအောင်ဟူသည့် အချက်ပြမှုဖြင့် လက်ကမ်းပေးလာသည်။
လိုက်ပါစောင့်ကြပ်ပေးမည်ဟူသည့် သဘောပင်။
တော်ဝင်မင်းသား ဟိုင်န်ရီကို လှည့်ကြည့်လိုက်တော့ သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် ကျွန်မကို စိုက်ကြည့်နေ၏။
ကျွန်မကို ဆိုဗီရ်ရှုနောက်သို့ လိုက်မသွားစေလိုသည့် ပုံစံမျိုးပင်။
ဂိုးလ်ဒင်း ရီထရီဗာကြီးတစ်ကောင် တအီအီ ညည်းနေသည့် ပုံစံမျိုးဖြစ်နေသဖြင့် ကျွန်မ စိတ်ထဲတွင် အားနာစိတ်ဝင်လာရသည်။
ဆိုဗီရ်ရှု၏ လက်ပေါ်သို့ ကျွန်မလက်က အလွယ်တကူ ရောက်မသွားခဲ့ပေ။
သို့သော် ဆိုဗီရ်ရှုက တော်ဝင်မင်းသား ဟိုင်န်ရီ၏ ပေါ်တင်ပြနေသော အမူအရာကိုကြည့်ပြီး နောက်ထပ်တစ်ခါ ပြောခဲ့ပြန်သည်။
“ဘာလို့ ဧကရီကို အဲ့ဒီလောက် သနားစရာကောင်းတဲ့ အကြည့်နဲ့ ကြည့်နေရတာလဲ။”
ဆိုဗီရ်ရှု၏ အမြင်တွင်လည်း သနားစရာကောင်းနေသည့်ပုံပင်။
“ဧကရီ အရှင်မက ကျွန်တော့်ကို လမ်းပြပေးနေတာကို အရှင်ဧကရာဇ်က ကျွန်တော့်ရဲ့ လမ်းပြကို လုယူသွားဖို့ ကြိုးစားနေတယ်မဟုတ်လားဗျ။”
“ဧကရီက တော်ဝင်မင်းသားရဲ့ လမ်းပြမဟုတ်ဘူး၊ ကျုပ်ရဲ့ ဇနီး။”
ဆိုဗီရ်ရှုက ပြတ်သားစွာ ပြောလိုက်ပြီးနောက် ကျွန်မ၏ ပခုံးကို လှမ်းဖက်ကာ အရှေ့သို့ တွန်းပို့ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူက ခေါ်နေသည့်ဆိုတော့ ငြင်းဆန်နိုင်မည့် နည်းလမ်းလည်း မရှိပေ။
ကျွန်မ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆိုဗီရ်ရှု၏ ခြေလှမ်းများနှင့်အညီ လိုက်လျှောက်ခဲ့သည်။
တော်ဝင်မင်းသား ဟိုင်န်ရီကို လုံးဝ မမြင်ရတော့သည့် နေရာရောက်မှသာ ဆိုဗီရ်ရှုက ကျွန်မပခုံးပေါ်မှ လက်ကိုဖယ်ကာ မေးလာ၏။
“ဘာလို့ ဧကရီက အဲ့ဒီလို လူရှုပ်လူပွေရဲ့ လမ်းပြလုပ်ပေးနေရတာလဲ။”
“အလုပ်ပြီးလို့ ထွက်လာတဲ့လမ်းမှာ ဆုံခဲ့လို့ပါ။”
“နောက်ဆို တခြားတစ်ယောက်ယောက်ကိုပဲခိုင်း။ နန်းတော်ထဲမှာ လူတွေအများကြီး ရှိနေတာကို ဘာလို့ ဧကရီက လမ်းပြလုပ်ပေးနေရတာလဲ။”
“တော်ဝင်မင်းသား ဟိုင်န်ရီက အင်အားကြီးတိုင်းပြည်ရဲ့ ထီးမွေနန်းလျာပါ။ အနောက်ဘုရင့်တိုင်းပြည်က အင်ပါယာအဆင့် မဟုတ်ဘူးဆိုပေမဲ့ အရှေ့အင်ပါယာနဲ့ ရင်ဘောင်တန်းနိုင်လောက်တဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စစ်အင်အား ရှိနေတာကို အားလုံး သိကြတာပဲ မဟုတ်လားရှင့်။ တမင်တကာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်နေဖို့မလိုပါဘူး။”
ဆိုဗီရ်ရှုက မျက်ရိပ်မျက်ကဲပြကာ ကိုယ်ရံတော်တပ်မှူးကို ရှောင်ခိုင်းလိုက်သည်။
ကိုယ်ရံတော်တပ်မှူး ဦးညွှတ်ပြီး အဝေးသို့ ဆုတ်ခွာသွားတော့ ပတ်ဝန်းကျင်က ပို၍ အနေခက်လာ၏။
သူက တိုင်ကို လက်ထောက်ထားလျက် ကျွန်မကို စိုက်ကြည့်နေ၏။
မကျေမနပ် ဖြစ်နေသော အကြည့်များပင်။
ရက်ရှ်တာနှင့် ဆက်ဆံရေး မပြေလည်သည့် တော်ဝင်မင်းသား ဟိုင်န်ရီကို ကျွန်မက ဂရုစိုက်ပေးနေခြင်းအား သဘောမကျခြင်း ဖြစ်ပေလိမ့်မည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ဧကရီအနေနဲ့ တော်ဝင်မင်းသား ဟိုင်န်ရီကို ဂရုမစိုက်စေချင်ဘူး။”
ထင်သည့်အတိုင်းပင်။
မယုံနိုင်လောက်အောင် ပေါ်တင်ကန့်ကွက်နေသည်။
ကျွန်မ ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်တော့ ဆိုဗီရ်ရှုက နောက်ထပ်တစ်ခါ အလေးအနက် ပြောလာပြန်၏။
“ရုပ်ရည်လေးကလည်း အသင့်အတင့်ရှိပြီး လူရှေ့မှာ အမြီးနန့်နေတဲ့ ခွေးလေးလို ပြုမူတတ်တော့ ချစ်စရာကောင်းနေမှာပေါ့။ ဒါပေမဲ့ ပေါင်းသင်းကြည့်ရင် အတင်းအဖျင်းကလွဲလို့ ဘာမှရလာမှာမဟုတ်တဲ့လူစားမျိုးပဲ။”
“အတင်းအဖျင်းတဲ့လားရှင့်။”
“တခြား မှူးမတ်အိမ်တော်ကသမီးတွေ၊ မှူးမတ်ကတော်တွေသာဆိုရင်တော့ လူရှုပ်တစ်ယောက်နဲ့ အပေါင်းအသင်းလုပ်တာကို ‘ချစ်သူဖြစ်နေကြတာပဲ’ လို့ အားလုံးက ထင်ပြီး ပြီးသွားမှာပေါ့။ ဒါပေမဲ့ ဧကရီက အရှေ့အင်ပါယာကို ကိုယ်စားပြုတဲ့ အမျိုးသမီးဖြစ်သလို ဒီတိုင်းပြည်မှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ပဲ မဟုတ်လား။ အဲ့ဒီလို အနောက်ဘုရင့်တိုင်းပြည်က လူရှုပ်ရဲ့ လှည့်စားမှုကို ခံရမယ်ဆိုရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာက ဘာဖြစ်သွားမလဲ။”
“သာမန် ခင်မင်ရင်းနှီးမှုရှိတာနဲ့တော့ ဂုဏ်သိက္ခာ မထိခိုက်နိုင်ပါဘူး။ တခြား မှူးမတ်တွေကိုပြသတဲ့ ခင်မင်မှုလောက်တောင် မပြဘူးဆိုရင်တော့ အနောက်ဘုရင့်တိုင်းပြည်ဘက်က ပိုပြီး စိတ်ခုသွားနိုင်ပါတယ်။”
“အဆုံးအထိ ငါ့စကားကို နားမထောင်ဘူးကိုး။”
“လေဒီ ရက်ရှ်တာကြောင့် ဒီလိုလုပ်နေတာဆိုရင်တော့....”
“ဘယ်သူက ရက်ရှ်တာကြောင့်လို့ ပြောလို့လဲ။ ဒီနေရာမှာ ရက်ရှ်တာ့ နာမည်က ဘာလို့ ထွက်လာရတာလဲ။”
ဘာကြောင့်လဲဆိုတော့ ရှင် တော်ဝင်မင်းသား ဟိုင်န်ရီကို မုန်းနေရတဲ့ အကြောင်းရင်းက ရက်ရှ်တာ ဖြစ်နေလို့ပေါ့။
အားလုံးသိနေသည့်ကိစ္စကို ဘာကြောင့် မသိချင်ယောင်ဆောင်နေရသလဲဟုတွေးကာ ကျွန်မ စိုက်ကြည့်လိုက်သည်။
ဆိုဗီရ်ရှုက မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် သက်ပြင်းချလိုက်၏။
“ဧကရီက တကယ်ပဲ ရက်ရှ်တာကို မုန်းနေတာကိုး။”
“အရှင်ဧကရာဇ် တော်ဝင်မင်းသား ဟိုင်န်ရီကို ကန့်ကွက်နေတာက လေဒီ ရက်ရှ်တာကြောင့်မို့လို့ အဲ့ဒီနာမည်ကို ပြောလိုက်ရုံပါပဲ။”
“မဟုတ်ဘူး။ ဧကရီက ရက်ရှ်တာကို မုန်းနေလို့ ကိစ္စတိုင်းမှာ ရက်ရှ်တာကို ခုတုံးလုပ်နေတာပေါ့။”
စိတ်ကုန်လာသည်။
ပြန်ပြောရန်ပင် ပင်ပန်းလာ၏။
“ဆက်ပြောလည်း အပိုပဲဖြစ်နေမှာမို့လို့ ကျွန်မ ဒီလောက်နဲ့ သွားပါတော့မယ်။”
“ရက်ရှ်တာအကြောင်း စကားစလာလို့ ပြောတာဆိုပေမဲ့...”
ကျွန်မ ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ရပ်လိုက်သည်။
လှည့်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ချောင်းတစ်ချက်ဟန့်ကာ တိုးညင်းသော လေသံဖြင့် ပြောလာ၏။
“အရင်တစ်ခါက။ ငါ စကားလွန်သွားတယ်။”
“ဘာကိုပြောတာလဲရှင့်။”
“လွန်ခဲ့တဲ့ သုံးရက်က။”
“...”
“ဗိုင်းကောင့် လိုတဲရှု ပေါ်လာတာက ဧကရီ့ကို အပြစ်တင်ရမဲ့ကိစ္စ မဟုတ်တာကို။...…အဲ့ဒီတုန်းက စိတ်တိုနေလို့ သေချာမစဉ်းစားမိခဲ့ဘူး။ တောင်းပန်ပါတယ်။”
“ဟုတ်ကဲ့………”
ဆိုဗီရ်ရှုက အိုးတိုးအမ်းတမ်းနှင့် ကျွန်မကို ကြည့်လိုက်၊ မြေပြင်ကို ကြည့်လိုက် တစ်လှည့်စီ လုပ်နေခဲ့သည်။
ထိုမျှလောက်ဆိုလျှင် လုံးဝ စိတ်လွတ်သွားသွားသည့် အခြေအနေတော့ ဟုတ်ပုံမရပေ။
‘ရက်ရှ်တာနဲ့ ပတ်သက်တဲ့ကိစ္စဆိုရင် အသိစိတ်လွတ်သွားတတ်ပေမဲ့ သုံးရက်လောက် ကြာသွားရင်တော့ နည်းနည်း အသိပြန်ကပ်လာတာများလား။’
နောက်ဆို ရက်ရှ်တာမှာ ဘာကိစ္စပဲဖြစ်ဖြစ် သုံးရက်အတွင်းတော့ ဆိုဗီရ်ရှုအနားကိုတောင် မသွားဘဲနေမှဟု ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ပြောင်သည့် အတွေးမျိုး ဝင်လာခဲ့သည်။
ကျွန်မ သူ့ကို အသာအယာပြုံးပြကာ ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လှည့်ထွက်လာ၏။
“ဧကရီ။”
သို့သော် ဆိုဗီရ်ရှုက ကျွန်မကို နောက်တစ်ခါ လှမ်းခေါ်ခဲ့ပြန်သည်။
လှည့်ကြည့်လိုက်တော့ သူက ချီတုံချတုံဖြင့် အနားသို့ တိုးကပ်လာ၏။
“စဉ်းစားကြည့်တော့ မကြာခင် ဧကရီရဲ့ မွေးနေ့မဟုတ်လား။ အခုတလော ငါတို့ကြားမှာ ဆက်ဆံရေးတွေ အေးစက်နေတာလည်းရှိတော့...... ပြန်ပြီးအဆင်ပြေအောင် နှစ်ယောက်တည်း သီးသန့်နန်းတော်ဆီ အပျော်သွားမယ်ဆိုရင် ဘယ်လိုနေမလဲလို့လေ။ ဧကရီရဲ့အတွေးကရော ဘယ်လိုရှိလဲ။”
~~~~
Miel's Translations