no

Font
Theme

အပိုင်း ၁၁၃ (ပြန်လည်ထိမ်းမြားခွင့် တောင်းခံအပ်ပါတယ်)

ရက်ရှ်တာတစ်ယောက် မိမိ၏ဘဝတစ်ခုလုံး ဗြုန်းစားကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း လက်တွေ့ဆန်ဆန် ခံစားလိုက်ရသည်။

ပုံမှန်အချိန်များတွင်လည်း ဧကရာဇ်နန်းဆောင်မှ လူအားလုံးက ကြင်နာတတ်ကြသော်လည်း၊ လွန်ခဲ့သော ရက်ပိုင်းကမူ ထူးဆန်းလောက်အောင်ပင် ပို၍ ကြင်နာပြနေကြ၏။

လမ်းလျှောက်ထွက်လျှင် မှူးမတ်အနွယ်တော်များက မသိမသာနှင့် စကားစမြည် လာရောက်ပြောကြသည်။

ဧကရီကို အကြောင်းရင်းတစ်ခုအနေဖြင့် အသုံးချကာ စိတ်မကောင်းဖြစ်ရပါသည်၊ တကယ် မဖြစ်သင့်သည့်အရာပါဟု ပြောဆိုရင်း သူ့ထံ ချဉ်းကပ်လာကြခြင်းပင်။

ထိုသူများအားလုံး ရက်ရှ်တာနှင့် မိတ်ဆွေဖွဲ့ချင်နေကြမှန်း အတိုင်းသား မြင်သာနေ၏။

ကွာရှင်းပြတ်စဲခြင်း တရားခွင်ကျင်းပသည့်နေ့။

ရက်ရှ်တာတစ်ယောက် မိမိသာ ဧကရီဖြစ်လာလျှင် လူတို့၏ အကြည့်များက ယခုထက်ပိုပြီး မည်သို့ ပြောင်းလဲသွားဦးမည်နည်းဟု တွေးရင်း ရယ်လိုက်မိသည်။

ဧကရီကို မမုန်းခဲ့ပါဘူးဟူသော စကားက စိတ်ရင်းပင်။

အာ... ကျိန်းသေပေါက်၊ မကြာသေးခင်ကတော့ ဟိုလိုဒီလို ကိစ္စတွေကြောင့် စိတ်ခုပြီး မုန်းတီးမိခဲ့တာတော့ ရှိတာပေါ့လေ။

သို့သော် အစကတည်းက လုံးဝမုန်းခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။

အခြေအနေများက ဤသို့ဖြစ်ပျက်သွားသည့် ယခုအချိန်တွင် သနားစိတ်လေးပင် နည်းနည်းဝင်မိသေးသည်။

သို့သော်လည်း ရက်ရှ်တာက ဧကရီထက် မိမိကိုယ်ကိုယ်ကိုသာ ပို၍ တန်ဖိုးထားသူပင်။

ဧကရီက သနားစရာကောင်းသည်ဆိုရုံနှင့် မိမိထံသို့ လိမ့်ဝင်လာမည့် ကံကောင်းခြင်းများကို ကန်ထုတ်ပစ်ရသည်အထိ မကူညီချင်ပေ။

ရက်ရှ်တာက ဧကရီကို သနားရသည့် အထက်စီးအခြေအနေတွင် ရှိနေရသော ယခုလက်ရှိအချိန်ကို သဘောကျနေမိသည်။

“အခုတော့ လေဒီ ရက်ရှ်တာရဲ့ခေတ် ရောက်လာပြီပေါ့။”

“ဟင်။”

“လူတွေက အုပ်စုလိုက် စုမိပြီဆိုတာနဲ့ လေဒီ ရက်ရှ်တာအကြောင်းချည်း ပြောနေကြတာလေ။”

“ဟုတ်လား။”

“ဟုတ်တာပေါ့။ အခုတလော လေဒီ ရက်ရှ်တာရဲ့အောက်မှာ အလုပ်လုပ်ရတာ ဘယ်လောက်တောင် စိတ်ကျေနပ်ဖို့ကောင်းပြီး ဂုဏ်ယူစရာကောင်းမှန်း မသိပါဘူး။”

ဒဲလိစ် အားရပါးရ ပြုံးရွှင်စွာဖြင့် ပြောဆိုနေသည့်စကားကို ကြားပြီးနောက် ရက်ရှ်တာလည်း လိုက်ပြုံးရင်း စိတ်ထဲမှ တွေးလိုက်သည်။

‘အဲ့ဒီ ဂုဏ်ယူစရာကောင်းတဲ့ အလုပ်ကို နင် ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။’

အစေခံအလုပ်ကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်သည့် ဒဲလိစ်က အလုပ်ကို သွက်သွက်လက်လက်နှင့် စေ့စပ်အောင် မလုပ်တတ်ပေ။

အားသာချက်ဟူ၍ သဘောကောင်းကြင်နာခြင်း တစ်ခုတည်းသာရှိသော်လည်း၊ ထိုအားသာချက်က ဧကရာဇ်အပေါ်တွင်ပါ သက်ရောက်နေမည်ဆိုလျှင် အားသာချက်တစ်ခု မဖြစ်နိုင်တော့။

‘ဒဲလစ်စ်လည်း အပါအဝင်ပေါ့……ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကိုလည်း ရံရွေတော်နေရာကနေ ထွက်ခိုင်းရမယ်။’

နောင်တွင် ဧကရီဖြစ်လာတော့မည့်သူ၏ ရံရွေတော်က ဗိုင်းကောင့်ကတော်မျှသာ ဖြစ်နေမည်ဆိုလျှင် ရှက်စရာကောင်းသည် မဟုတ်ပါလား။

ခေါ်လာခဲ့သည့် အခြေအနေကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသလို၊ တစ်ခါတစ်ရံ သစ္စာရှိမှုကိုပါ သံသယဝင်မိသဖြင့် ယခုအခွင့်အရေးတွင် ဖယ်ရှားပစ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

မြို့စားမင်း အယ်ရ်ဂီ ရောက်လာချိန်တွင် သူက ကွာရှင်းပြတ်စဲခြင်း တရားခွင်သို့ ဝတ်ဆင်သွားမည့် အဝတ်အစားများကို ရွေးချယ်နေဆဲဖြစ်သည်။

“မတွေ့တာကြာပြီနော်။”

ရက်ရှ်တာက မြို့စားမင်း အယ်ရ်ဂီကို အခန်းထဲသို့ အမြန်ဖိတ်ခေါ်လိုက်ပြီးနောက် ရွှန်းရွှန်းစားစား ပြုံးပြခဲ့သည်။

မြို့စားမင်း အယ်ရ်ဂီက အခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် စိတ်ဆိုးနေသည့်အလား ချဲ့ကား၍ ညည်းတွားလေတော့၏။

“ဒီလို အရေးကြီးတဲ့ကိစ္စကို လျှို့ဝှက်ထားတယ်တဲ့လား။ စိတ်မကောင်းဖြစ်ရတာပေါ့၊ မိန်းကလေးရဲ့။”

“ဟင်။”

ရက်ရှ်တာလည်း အလန့်တကြား မျက်လုံးဝိုင်းကြီးများနှင့် မော့ကြည့်လိုက်မိသည်။

မြို့စားမင်း အယ်ရ်ဂီ၏ စကားများက ဧကရီ၏ကွာရှင်းမှုအကြောင်း မိမိက ကြိုတင်သိရှိထားခဲ့သည်မဟုတ်လားဟူ၍ အပြစ်တင်နေသလို ဖြစ်နေသောကြောင့်ပင်။

“ဘယ်လိုလုပ် သိသွားတာလဲဟင်။”

ရက်ရှ်တာ အလန့်တကြား ပြန်မေးလိုက်ရာ အယ်ရ်ဂီက “ရိပ်မိလို့ပေါ့” ဟု ဖြေရင်း ရယ်ခဲ့သည်။

“တအား စိတ်ဆိုးသွားလားဟင်။ တောင်းပန်ပါတယ်။ ဒါပေမဲ့ အရှင်ဧကရာဇ်က လုံးဝ လျှို့ဝှက်ထားဖို့ မှာထားလို့ပါ။”

နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကိုပါ ရင်ဝယ်ပိုက်ထားရသည့် ရက်ရှ်တာက တကယ်ပင် အားနာသွား၍ လက်နှစ်ဖက်ကို စုစည်းကာ ချစ်စဖွယ် အမူအရာဖြင့် အနူးအညွတ် တောင်းပန်လိုက်သည်။

“အင်းလေ၊ အဲ့ဒီလိုမျိုးဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။”

တော်သေး၍ မြို့စားမင်း အယ်ရ်ဂီက စိတ်ဆိုးပုံမရဘဲ ပြုံးလျက် တိုးတိုးလေး ရေရွတ်လာသည်။

“လူတိုင်းမှာလည်း ကိုယ်စီ လျှို့ဝှက်ချက်တွေ ရှိကြတာပဲမဟုတ်လား။”

“မြို့စားမင်းမှာလည်း လျှို့ဝှက်ချက် ရှိတာလားဟင်။”

“ရှိတာပေါ့။ မိန်းကလေးလည်း မသိမသာတော့ မြင်ဖူးမှာပါ။”

“ကျွန်မကလား။ အာ… အဲ့ဒါ……”

ရက်ရှ်တာက ဘုရင် ဟိုင်န်ရီထံမှ ရောက်ရှိလာသော ထူးဆန်းသည့်စာကို သတိရသွားကာ အိုးတိုးအမ်းတမ်း ပြုံးလိုက်ရာ၊ မြို့စားမင်း အယ်ရ်ဂီက စနောက်နေခြင်းလား၊ အတည်ပြောနေခြင်းလား ခွဲခြားရခက်သော မရေမရာ အပြုံးမျိုးကို ဆင်မြန်းထားခဲ့သည်။

“ဒါပေမဲ့ ဒီကိစ္စကို မပြောဖြစ်ခဲ့တာက ရက်ရှ်တာ့အပြစ်ချည်းပဲတော့ မဟုတ်ပါဘူးနော်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့စားမင်းဆီ လာတိုင်းလည်း အခန်းထဲမှာ တစ်ခါမှ မရှိခဲ့ဘဲနဲ့။”

“အာအာ။ အကျင့်မကောင်းတဲ့ ငှက်စုတ်တစ်ကောင်ကြောင့်လေ။”

“ငှက်။ အဲ့ဒီတုန်းက အပြာရောင်ငှက်လေးလားဟင်။”

“နောက်တစ်ကောင်လေ။ ခဏခဏ ဆံပင်ကို လာနုတ်နေတဲ့ ငှက်တစ်ကောင် ရှိတယ်။”

“ငှက်တွေကို သဘောကျတတ်တာလား။”

“နည်းနည်းပေါ့။”

မရေမရာ ပြန်လည်ဖြေကြားပြီးနောက် မြို့စားမင်း အယ်ရ်ဂီ၏ အကြည့်များက ရက်ရှ်တာ စီရီချထားသည့် အဝတ်အစားများဆီသို့ ရောက်ရှိသွားသည်။

အဖြူရောင်ကို အဓိကထားသည့် ဂါဝန်အမြောက်အမြားကို အခန်းအလယ်ရှိ စင်တွင် ပြည့်နှက်အောင် ချိတ်ဆွဲထားခြင်းပင်။

“မိန်းကလေးလည်း ဒီနေ့ တရားခွင်ကို သွားမလို့လား။”

“ဟုတ်ကဲ့။ ဒါပေမဲ့ ဘာဝတ်ရမလဲဆိုတာ ဇဝေဇဝါ ဖြစ်နေလို့လေ။”

“ကျုပ် ရွေးပေးရမလား။”

မြို့စားမင်း အယ်ရ်ဂီက မေးမြန်းရင်း မျက်စိတစ်ဖက် မှိတ်ပြခဲ့သည်။

ရက်ရှ်တာက ဟားတိုက်ရယ်လိုက်ပြီးမှ ခေါင်းညိတ်ပြခဲ့၏။

“သေချာ ရွေးပေးနိုင်ပါ့မလား။”

“မိန်းမတွေရဲ့ ဂါဝန်တွေကို အများကြီး မြင်ဖူးထားတာမို့လို့လေ။”

လူလေလူလွင့်တစ်ယောက်လို စကားမျိုးကို ပြောဆိုခဲ့သည့် မြို့စားမင်း အယ်ရ်ဂီက လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားရင်း ဂါဝန်များကို သေချာ စစ်ဆေးကြည့်ပြီးနောက်၊ အတောက်ပဆုံးနှင့် အဆင်တန်ဆာ အများဆုံးရှိသည့် ဂါဝန်ကို လက်ညှိုးထိုးပြခဲ့သည်။

“ဒါက ပိုအဆင်ပြေလိမ့်မယ်။”

“ဒီနေ့လိုနေ့မျိုးမှာ ပေါ့ပေါ့ပါးပါးပဲ ဝတ်သွားတာ ပိုကောင်းမယ်ထင်တယ်……”

“ဘာဖြစ်လို့လဲ။”

“ကောင်းတဲ့နေ့မျိုးတော့ မဟုတ်လို့လေ။”

“ဧကရီအတွက်တော့ မကောင်းတဲ့နေ့ ဖြစ်နိုင်ပေမဲ့၊ မိန်းကလေးအတွက်ကတော့ မဟုတ်ဘူးမဟုတ်လား။ လူတွေကို အဲ့ဒါ ပြပေးမှပေါ့။ အခုကစပြီး မိန်းကလေးရဲ့ကမ္ဘာဖြစ်သွားပြီဆိုတာကို။”

~~~~

တရားခွင်သို့ ရောက်ရှိသွားချိန်တွင် အားလုံးက ရောက်ရှိနေကြပေပြီ။

အဆင့်မြင့် မှူးမတ်များ၊ အရာရှိများ၊ အကျယ်ချုပ်ကျနေစဉ်အတွင်း အလွန်ပင် တွေ့မြင်ချင်လှသည့် မိဘနှစ်ပါး…… အနောက်ဘုရင့်တိုင်းပြည်မှ ကတိုက်ကရိုက် ပြန်ရောက်လာခြင်း ဖြစ်၍လားမသိ၊ ပုံမှန်ထက် အနည်းငယ် ညစ်ပတ်ပေရေနေသည့် ပုံစံမျိုးနှင့် ဖာရ်အန်း မားကီးစ်ကိုလည်း တွေ့လိုက်ရသည်။

သူက ကျွန်မ၏ ကွာရှင်းပြတ်စဲမှု သတင်းကို ယခုမှ ကြားသိရခြင်းဖြစ်ပုံရကာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေ၏။

မျက်လုံးချင်း ဆုံမိသွားသော်လည်း သူ၏ အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထားကြောင်း မြင်လိုက်ရသည်။

သို့သော်လည်း ဘေးတစ်ဖက်တစ်ချက်တွင် စောင့်ကြပ်နေကြသည့် ကိုယ်ရံတော်စစ်သည်များကြောင့် သူတို့နှင့် စကားစမြည် ပြောဆိုခွင့် မရရှိခဲ့ပေ။

ကွာရှင်းပြတ်စဲမှု အေးအေးဆေးဆေး ပြီးဆုံးသွားလျှင်မူ စကားပြောရန် အခွင့်အရေးများစွာ ရှိလာနိုင်မည်ဖြစ်သော်လည်း။

လွန်ခဲ့သော နာရီပိုင်းက အဝတ်အစား လဲလှယ်နေစဉ်အတွင်း၌မူ လက်ဖဝါးနှင့် ခြေဖဝါးများက ရူးမတတ် ယားယံနေခဲ့ပြီး အသက်ရှူလိုက်တိုင်းပင် စူးခနဲ နာကျင်ရလောက်အောင် ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်နေခဲ့မိသော်လည်း။

တကယ်တမ်း ဤနေရာသို့ရောက်လာတော့ မည်သည့်အတွေးမျှ မတွေးမိတော့ပေ။

ကျွန်မ တည်ငြိမ်စွာဖြင့် အရှေ့တည့်တည့်သို့ ကြည့်နေမိသည်။

ပုံမှန်ဆိုလျှင် ကျွန်မနှင့်အတူ ယှဉ်တွဲရပ်နေကျနေရာတွင် ဆိုဗီရ်ရှုတစ်ယောက်တည်း သီးသန့်ရပ်နေ၏။

အထွတ်အမြတ်ဘုန်းတော်ကြီးက အလယ်မှ စင်မြင့်ထက်တွင် ရှိနေသည်။

ဆိုဗီရ်ရှု၏ အနောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ဖြူဖွေးသန့်စင်ပြီး လှပသည့် ဂါဝန်ကို ဝတ်ဆင်ထားသော ရက်ရှ်တာကို မြင်လိုက်ရ၏။

ပုံမှန်ဆိုလျှင် ရက်ရှ်တာက အဆင်တန်ဆာ မများလှဘဲ ရိုးရှင်းသောဒီဇိုင်းရှိသည့် ဂါဝန်များကို မကြာမကြာ ဝတ်ဆင်တတ်သော်လည်း။

ယနေ့တွင်မူ ထူးထူးဆန်းဆန်း အားစိုက်ထုတ်ပြီး နှစ်သစ်ကူးပွဲတော်တွင်သာ ဝတ်ဆင်သင့်သည့် ဂါဝန်မျိုးကို ဝတ်ဆင်ထားသည်။

ထိုအဖြစ်ကို မြင်လိုက်ရတော့ စပ်စုချင်စိတ်နှင့်အတူ သံသယတစ်ခု ဝင်လာမိ၏။

ရက်ရှ်တာ့အနားတွင် ယခုအထိ ‘စနစ်တကျ’ အကြံပေးနိုင်သည့်လူမျိုး တစ်ယောက်မှ မရှိသေးခြင်းလား။

အဝတ်အစားနှင့် အပြင်အဆင်ဆိုသည်မှာ အချိန်နှင့် နေရာအလိုက်သာ ရှိအပ်သည့် ဥပဒေသတစ်ခုဖြစ်သည်ကို။

ယခုကဲ့သို့ ဝတ်ဆင်လာခြင်းက မိမိကိုယ်ကိုယ် အမြင်မရှိသူဖြစ်နေစေသည်ဟူသောအချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ အသိမပေးခဲ့ကြခြင်းလား။

‘……ဟုတ်ပါရဲ့။ ငါနဲ့ ဘာဆိုင်လို့လဲလေ။’

အနောက်ဘက်ဆီမှ တံခါးကြီး ပိတ်သွားသည့် လေးလံသောအသံက ခန်းမတစ်ခုလုံးကို ဟိန်းထွက်သွားစေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်ခြင်းသို့ နစ်မြုပ်သွားတော့၏။

အခု စတင်တော့မှာကိုး။

ကျွန်မ တည်ငြိမ်သောမျက်နှာထားဖြင့် အထွတ်အမြတ်ဘုန်းတော်ကြီး၏ ရှေ့သို့ တိုးသွားလိုက်၏။

“……”

မည်သူတစ်ဦးတစ်ယောက်မျှ ပါးစပ် မဟကြပေ။

ကျွန်မ စင်မြင့်ရှေ့တွင် ရပ်လိုက်သည့်အခါ၊ အထွတ်အမြတ်ဘုန်းတော်ကြီးက သက်ပြင်းတိုတိုတစ်ချက် ချလိုက်ပြီးနောက် စားပွဲပေါ်တွင် တင်ထားသော စာရွက်စာတမ်းများကို ငုံ့ကြည့်ရင်း စကားစလေ၏။

“ဧကရီ နာဗီရယ်။ ……အရှေ့အင်ပါယာရဲ့ ဧကရီ နာဗီရယ်။ မယ်မင်းရဲ့ ခင်ပွန်းဖြစ်တဲ့ ဧကရာဇ် ဆိုဗီရ်ရှုက၊ ကျုပ်ထံမှာ ဧကရီနဲ့ ကွာရှင်းပြတ်စဲခွင့် တောင်းခံလာတယ်။”

အထွတ်အမြတ်ဘုန်းတော်ကြီး၏ အသံက ပြတ်သားစွာဖြင့် ခန်းမ၏ နေရာအနှံ့အပြားသို့ ရိုက်ခတ်သွားကာ လူတို့၏ နားစည်ထဲသို့ တိုးဝင်သွားခဲ့သည်။

ကျွန်မကမူ တစ်ခွန်းမှမပြောဘဲ သူ၏ နှုတ်ခမ်းလှုပ်ရှားမှုကိုသာ စိုက်ကြည့်နေမိ၏။

“ကွာရှင်းပြတ်စဲမှုကို လက်ခံမယ်ဆိုရင်၊ ဧကရီ နာဗီရယ်၊ ဧကရီက ရှေ့လျှောက် ဧကရီတစ်ပါး ဖြစ်တော့မှာမဟုတ်သလို၊ တော်ဝင်မိသားစုဝင်နဲ့ ဧကရီတစ်ပါးအဖြစ် ခံစားခွင့်ရှိတဲ့ အခွင့်အရေးအားလုံးကို စွန့်လွှတ်ရမှာဖြစ်ပြီး တော်ဝင်မိသားစုရဲ့ အမည်နာမကိုလည်း သုံးပိုင်ခွင့်ရှိတော့မှာ မဟုတ်ဘူး။”

“……”

“ဘုရားသခင်ရှေ့မှောက်မှာ သစ္စာပြုခဲ့ကြတဲ့ ဇနီးမောင်နှံရေစက်က ပြတ်တောက်သွားမှာဖြစ်သလို၊ ဧကရီ နာဗီရယ်နဲ့ ဧကရာဇ် ဆိုဗီရ်ရှုတို့က စာရွက်စာတမ်းအရ အိမ်ထောင်မရှိသူတွေအဖြစ် ပြန်လည်ရောက်ရှိသွားမှာဖြစ်တယ်။”

အထွတ်အမြတ်ဘုန်းတော်ကြီးက ကွာရှင်းရသည့် အကြောင်းရင်းကိုမူ လူသိရှင်ကြား ထုတ်ဖော်မပြောဘဲ ကျွန်မထံသို့ တိုက်ရိုက် မေးမြန်းလာသည်။

“ဒါပေမဲ့လည်း ကွာရှင်းပြတ်စဲမှုကို လက်ခံမှာလား။ အကယ်၍ မလိုလားဘူးဆိုရင်တော့ ဧကရီအနေနဲ့ ဇနီးမောင်နှံရဲ့ အခွင့်အရေးအရ ကွာရှင်းပြတ်စဲမှု တရားခွင်ကို ဆက်လက်ဆောင်ရွက်နိုင်တယ်။”

ကျွန်မ အတတ်နိုင်ဆုံး ဂရုမစိုက်ဟန်ပြရင်း ပြန်လည်ဖြေကြားလိုက်သု်။

“ကွာရှင်းပြတ်စဲမှုကို လက်ခံပါတယ်။”

ကျွန်မစကားသံ ထွက်သွားသည့် အခိုက်အတန့်တွင် ရက်ရှ်တာ၏ နှုတ်ခမ်းအစုံ၌ ပေါ်ထွက်လာသော ခပ်ရေးရေး အပြုံးကို သတိထားမိလိုက်သည်က ကျွန်မတစ်ယောက်တည်းဖြစ်မည်လား။

ဆိုဗီရ်ရှုကမူ စိတ်သက်သာရာရမှုတစ်ဝက်၊ အားနာမှုတစ်ဝက် ပါဝင်နေသည့် မျက်နှာမျိုးဖြင့် ကျွန်မကို ငုံ့စိုက်ကြည့်လာခဲ့သည်။

ဟန်ဆောင်နေခြင်းလည်း ဖြစ်နိုင်သလို၊ တကယ့်စိတ်ရင်းလည်း ဖြစ်နိုင်၏။

ယခုအချိန်အထိတိုင်အောင် ကျွန်မက လက်တွဲဖော်ကောင်းတစ်ဦး၊ ပြီးပြည့်စုံသော ဧကရီတစ်ပါး ဖြစ်ခဲ့သည်။

ဆိုဗီရ်ရှု ‘သူ့’ ကို ခေါ်ဆောင်လာပြီးသည့်နောက် ဆက်ဆံရေးက ဝေးကွာလာခဲ့သော်လည်း ယင်းအချိန်မတိုင်မီအထိ ကျွန်မတို့ တစ်ခါမှ ရန်ဖြစ်စကားများဖူးခြင်း မရှိခဲ့ချေ။

သူ၏ အချစ်အတွက် ထိုကဲ့သို့သော ကျွန်မကို ဘေးဖယ်စွန့်ပစ်ခဲ့သော်လည်း၊ နောက်ဆုံးအချိန်အထိ သူက ယောကျာ်းကောင်းတစ်ဦး၊ ဧကရာဇ်ကောင်းတစ်ပါးအဖြစ် ဆက်လက်ရှိသွားချင်နေသေး၏။

ဧကရီအရိုက်အရာမှ မဖယ်ပေးနိုင်ဟု ဇွတ်ငြင်းဆန်နေမည့် ကျွန်မနှင့် ကျွန်မ၏ မိသားစု၊ ထို့အပြင် ကျွန်မတို့၏ လက်ထပ်ထိမ်းမြားမှုကို ခွင့်ပြုပေးခဲ့သော အထွတ်အမြတ်ဘုန်းတော်ကြီးနှင့် အချိန်ဆွဲရမည့် ကွာရှင်းပြတ်စဲမှု တရားခွင်ကို လုပ်ဆောင်ချင်မည် မဟုတ်ပေ။

ဆိုဗီရ်ရှုက ထိုသို့သော ယောကျာ်းမျိုးဖြစ်ပြီး၊ ထိုသို့သော ဧကရာဇ်မျိုးပင်။

မနေ့ညက ကျွန်မထံ လာရောက်ပြီး ပြောဆိုခဲ့သည့် စကားများကလည်း ထိုသို့သော အခြေအနေမျိုးမှ ထွက်ပေါ်လာခဲ့သည့် စကားများပင် ဖြစ်ပေလိမ့်မည်။

“ဧကရီအရှင်မ။ အဓိပ္ပာယ်မရှိပါဘူး။”

ဖာရ်အန်း မားကီးစ်က ဒေါသတကြီးနှင့် အော်ဟစ်ကာ ကျွန်မရှိရာဘက်သို့ ပြေးလာရန် ကြိုးစားခဲ့သည်။

ဧကရာဇ်၏ ကိုယ်ရံတော်စစ်သည်များ၏ တားဆီးခြင်းကို ခံလိုက်ရသဖြင့် နောက်ဆုံးတွင် ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းနိုင်ခဲ့သော်လည်း……

ဖာရ်အန်း မားကီးစ်နှင့် နယ်စားကတော်ကြီး အယ်လီဇာ၊ ကျွန်မကို ကာကွယ်ပေးခဲ့သည့် ဒုတိယတပ်မှူး ဆာ အာရ်တီနာ။

အားလုံးက ကျွန်မအတွက် ကျေးဇူးတင်ထိုက်သည့် လူများပင်။

ကျွန်မ နောက်ဆုံးအနေဖြင့် သူတို့ထံသို့ ကျေးဇူးတရားများ ပြည့်နှက်နေသော အကြည့်ကို ပေးလိုက်ပြီးနောက် အထွတ်အမြတ်ဘုန်းတော်ကြီးထံသို့ ခေါင်းပြန်လှည့်လိုက်သည်။

“ဧကရီ နာဗီရယ်။ တကယ်ပဲ ဒီကွာရှင်းပြတ်စဲမှုအပေါ် ဘာကန့်ကွက်မှုမှမရှိဘဲ သဘောတူလက်ခံတာ မှန်ပါသလား။”

အထွတ်အမြတ်ဘုန်းတော်ကြီးက အနည်းငယ် စိတ်ဆိုးသွားသည့် မျက်နှာထားဖြင့် မေးမြန်းလာသည်။

သူက ကျွန်မကို တရားရင်ဆိုင်စေချင်လိုခြင်းပင်။

ဘယ်လိုနည်းနဲ့မှ ကွာရှင်းလို့မရဘူးဟူ၍၊ ကျွန်မမှာ ဘာအပြစ်ရှိလို့ ကွာရှင်းရမှာလဲဟူ၍ တရားရင်ဆိုင်စေလိုခြင်း ဖြစ်ပေသည်။

ဧကရာဇ်နှင့် တရားရင်ဆိုင်ရာတွင် အနိုင်ရရှိနိုင်ခြေက လုံးဝ မရှိပေ။

ဧကရီတစ်ဦးတစ်ယောက်မျှ ဧကရာဇ်နှင့် ကွာရှင်းပြတ်စဲမှုအတွက် တရားရင်ဆိုင်ပြီး အနိုင်ရရှိဖူးခြင်း မရှိခဲ့။

သို့သော်လည်း တရားခွင် ဆက်လက်ကျင်းပနေမည့် နှစ်အနည်းငယ်အတွင်း၌ လူအများစုက ဤသတင်းကို ကြားသိရပြီး ဧကရာဇ်နှင့် သူ၏ ချစ်သူကို လက်ညှိုးထိုး အပြစ်တင်ကြပေလိမ့်မည်။

အထွတ်အမြတ်ဘုန်းတော်ကြီးနှင့် ကျွန်မ၏ မိသားစုဝင်များ၊ သူငယ်ချင်းများ လိုလားနေသည့်အရာက ထိုအချက်ပင်။

ကျွန်မ ခေါင်းခါပြလိုက်၏။

ကွာရှင်းပြတ်စဲမှု တရားခွင်ကို ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် ဧကရာဇ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မည် ဖြစ်သော်လည်း။

ကျွန်မ၏ နာမည်တွင်လည်း အမာရွတ်များ အပြည့်အဝ ကျန်ရှိနေခဲ့မည် မဟုတ်ပါလား။

ကျွန်မထံတွင် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ပေါ်ပေါက်လာမည်ဟု မဆိုလိုပေ။

သို့သော်လည်း ကျွန်မက အခြားတိုင်းပြည်၏ ဘုရင်နှင့် နောက်အိမ်ထောင် ထူထောင်ရန် စဉ်းစားထားပြီးသားဖြစ်သောကြောင့်ပင်။

ရှုပ်ထွေးသည့် ကိစ္စရပ်များနှင့် ပတ်သက်နေရသည့် အခြေအနေက ဟိုင်န်ရီနှင့် ပြန်လည်ထိမ်းမြားရန်အတွက် အထောက်အကူဖြစ်စေမည်မဟုတ်ပေ။

“ကွာရှင်းပြတ်စဲမှုကို လက်ခံပါတယ်။”

နောက်တစ်ကြိမ် ထပ်မံ၍ အတည်ပြုပြောဆိုလိုက်တော့ အထွတ်အမြတ်ဘုန်းတော်ကြီးက မျက်လုံးကို တင်းတင်းပိတ်လိုက်သည်။

နေရာအနှံ့အပြားဆီမှ စိတ်မကောင်းဖြစ်နေသည့် ညည်းတွားသံများ ထွက်ပေါ်လာ၏။

“ပြီးတော့ ပြန်လည်ထိမ်းမြားခွင့်ပေးဖို့ တောင်းခံအပ်ပါတယ်။”

သို့သော်လည်း ကျွန်မ နောက်ထပ် စကားတစ်ခွန်းကို ထပ်မံဖြည့်စွက်လိုက်သည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်၏ အနေအထားက လုံးဝ ပြောင်းလဲသွားတော့သည်။

အထွတ်အမြတ်ဘုန်းတော်ကြီးက မျက်လုံးများကို ပြူးကျယ်သွားပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွားလေ၏။

အားလုံးက မိမိတို့ ဘာကို ကြားလိုက်ရသနည်းဟူ၍ သေချာမသိနိုင်တော့သည့် မျက်နှာထားများဖြင့် အပြန်အလှန်သာ အကြည့်ဖလှယ်နေကြသည်။

ဆိုဗီရ်ရှု၏ဘေးတွင် ရပ်နေသော ထိုမိန်းမကိုယ်တိုင်လည်း မျက်နှာထားက အလွန်ပင် ထူးဆန်းသွား၏။

ဆိုဗီရ်ရှုကမူ ပြောစရာပင် မလိုတော့ပေ။

အထွတ်အမြတ်ဘုန်းတော်ကြီးက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပါးစပ်ဟလာသည်။

“ဧကရီ နာဗီရယ်။ ပြန်လည်ထိမ်းမြားမယ်ဆိုတော့……”

အဖြေမပေးဘဲ ကျွန်မ လက်ကို ဆန့်ထုတ်ကာ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

ဟိုင်န်ရီကို ခန်းမအတွင်းတွင် မမြင်ရသဖြင့်၊ သူ ပုန်းအောင်းနေမည်ဆိုလျှင် ထိုနေရာမှလွဲ၍ အခြားမရှိနိုင်သောကြောင့်ပင်။

ကျွန်မ ထိုနေရာကို ညွှန်ပြလိုက်သည်နှင့် စောင့်ဆိုင်းနေသည့်အလား ရတနာများ သီကုံးထားသည့် လိုက်ကာအနောက်မှ တစ်ဝက်ဖောက်ထွင်းမြင်ရသည့် မျက်နှာလွှားဇာပဝါကို ခြုံထားသော လူတစ်ယောက်က မြူးတူးစွာ နှစ်နှစ်ကာကာရယ်ခဲ့သည်။

“အခု ထွက်လာလို့ ရပြီလား။”

တိတ်ဆိတ်မှုက ပျောက်ကွယ်သွားကာ ပွက်လောရိုက်သံများ ပို၍ကျယ်လောင်လာတော့သည်။

ထိုလူက လိုက်ကာကို ဖယ်ရှားကာ တောက်လျှောက် လမ်းလျှောက်ထွက်လာပြီး ကျွန်မ၏ဘေးတွင် ရပ်လိုက်၏။

သူ ပဝါကို ဖယ်ရှားလိုက်သည့်အခါ ယခုအချိန်အထိ အခြေအနေကို စောင့်ကြည့်နေခဲ့သော ဆိုဗီရ်ရှုတစ်ယောက် ဝုန်းခနဲ ထရပ်လေတော့သည်။

“နာဗီရယ်။ အဲ့ဒီလူက…”

“ပြန်လည်ထိမ်းမြားမဲ့အဖော်ပါ။”

အထွတ်အမြတ်ဘုန်းတော်ကြီး၏ မျက်ဝန်းအိမ်အောက်ခြေက ဖြူဖျော့သွားလေသည်။

ကျွန်မ ပြုံးရွှင်စွာဖြင့် ကျွန်မ၏ဘေးတွင် ရပ်နေသော ဟိုင်န်ရီကို လှည့်ကြည့်လိုက်၏။

သူက ‘ဒီလို တုံ့ပြန်မှုမျိုးကိုတော့ ကြိုတင်မျှော်လင့်ထားပြီးသားပဲ မဟုတ်လား’ ဟူသော မျက်နှာထားဖြင့် ပခုံးတွန့်ပြခဲ့သည်။

အကြောင်းရင်းမရှိဘဲ မြူးကြွသော ခံစားချက်မျိုး ဝင်လာ၏။

လက်စားချေလိုစိတ် ရှိနေခဲ့ခြင်းမျိုး မဟုတ်သော်လည်း။

သို့တိုင်အောင် မြူးကြွသော ခံစားချက်ရှိနေသည်က ကျွန်မနှင့် ဟိုင်န်ရီတို့ နှစ်ယောက်တည်းသာ ဖြစ်သည့်ပုံပင်။

အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင် မမျှော်လင့်ဘဲ ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေလိမ့်မည်။

လူတို့၏ ပွက်လောရိုက်နေသည့် အသံများက ရပ်တန့်သွားရန် စိတ်ကူးမရှိကြပေ။

ဆိုဗီရ်ရှုက ပါးစပ်အဟောင်းသားဖြင့် ကျွန်မကို စိုက်ကြည့်နေရင်းမှ အော်ဟစ်ခဲ့သည်။

“အဓိပ္ပာယ်မရှိတာ။”

ရက်ရှ်တာလည်း ထပ်တူထပ်မျှ ရှော့ခ်ရနေသည့် မျက်နှာမျိုးဖြစ်နေ၏။

ဘာကြောင့်မှန်းမသိ သူက ကျွန်မ သို့မဟုတ် ဟိုင်န်ရီ၊ ဆိုဗီရ်ရှုတို့ကို မဟုတ်ဘဲ မြို့စားမင်း အယ်ရ်ဂီကိုသာ စိုက်ကြည့်နေခဲ့သော်လည်း။

မြို့စားမင်း အယ်ရ်ဂီကမူ ဟိုင်န်ရီ ဤနေရာသို့ ရောက်ရှိနေမှန်း သိထားခဲ့ပါလျက်နှင့် အလွန်အံ့အားသင့်သွားဟန် သရုပ်ဆောင်နေသည်။

အထွတ်အမြတ်ဘုန်းတော်ကြီးက တစ်ချက်နှစ်ချက် ချောင်းဟန့်လိုက်၏။

သူက ယခုအချိန်အထိ ဇဝေဇဝါဖြစ်နေသည့်ပုံပင်။

အတန်ကြာမှသာ အထွတ်အမြတ်ဘုန်းတော်ကြီးက ကျွန်မကို ထပ်မံ၍ မေးမြန်းလာသည်။

“ဧကရီ နာဗီရယ်။ အခု ပြောလိုက်တဲ့ စကားက တကယ် အမှန်ပဲလား။ တော်ဝင်မင်းသား ဟိုင်န်ရီ၊ အဲလေ ဘုရင် ဟိုင်န်ရီ၊ တကယ့်စိတ်ရင်းနဲ့ ပြောနေတာ မှန်ရဲ့လား။”

ဟိုင်န်ရီက ကျွန်မထက်အရင်ဦးအောင် ပြန်လည်ဖြေကြားခဲ့သည်။

“ဟုတ်ပါတယ်။ ဧကရီ နာဗီရယ်……လေဒီ နာဗီရယ်ကို ကျွန်တော့်မိဖုရားအဖြစ် တင်မြှောက်ချင်ပါတယ်။”

ဆိုဗီရ်ရှုက လှောင်ရယ်ခဲ့သည်။

“သူများတိုင်းပြည်မှာ အခု ဘာလုပ်နေတာလဲ။”

ဟိုင်န်ရီက တည်ငြိမ်စွာပင် ပြန်လည်ချေပခဲ့သည်။

“လက်ထပ်ခွင့်တောင်းနေတာပါ။”

သို့သော်လည်း ပေါ်တင်ပင် ဆိုဗီရ်ရှုကို ရန်စလိုသည့် အဖြေဖြစ်နေသဖြင့်၊ အထွတ်အမြတ်ဘုန်းတော်ကြီးက မျက်မှောင်ကြုတ်ရင်း ဟိုင်န်ရီထံသို့ သတိပေးချက်တစ်ခု ပေးလိုက်သည်။

“ဘုရင် ဟိုင်န်ရီ။”

ဟိုင်န်ရီက အမူအရာကို ချက်ချင်းပင် ဖြူစင်ပြီး သနားစရာကောင်းသည့် အသွင်သို့ ပြောင်းလဲလိုက်ကာ အထွတ်အမြတ်ဘုန်းတော်ကြီးထံ အနူးအညွတ် တောင်းပန်ခဲ့သည်။

“အထွတ်အမြတ်ဘုန်းတော်ကြီး။ နောက်ကျရင်လည်း တရားဝင် ပြန်ဖိတ်ဦးမှာဆိုပေမဲ့၊ အခုအခွင့်အရေးကို လက်လွတ်လိုက်ရရင် အချိန်က တအားနောက်ကျသွားမယ်ထင်လို့ အမြန် ပြေးလာခဲ့ရတာပါ။ ရုတ်တရက် ဆန်ပေမဲ့လည်း၊ ဒီလို အချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဆက်ဆက် ခွင့်ပြုပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။”

ကျွန်မ အသက်အောင့်ထားရင်း အထွတ်အမြတ်ဘုန်းတော်ကြီး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေမိသည်။

အထွတ်အမြတ်ဘုန်းတော်ကြီးက ခွင့်ပြုပေးလိမ့်မည်ဟု ထင်ထားသော်လည်း။

သို့တိုင်အောင် စိုးရိမ်စိတ်ကြောင့် ပူပန်နေမိဆဲပင်။

“အထွတ်အမြတ်ဘုန်းတော်ကြီး။ ဘုရင် ဟိုင်န်ရီ ဘာတစ်ခွန်းမှမပြောဘဲ ဒီတရားခွင်ကို တက်ရောက်လာတာက သိသာထင်ရှားတဲ့ ဥပဒေချိုးဖောက်မှုပါ။”

ဆိုဗီရ်ရှုက လေးလံသောအသံဖြင့် အထွတ်အမြတ်ဘုန်းတော်ကြီးကို ခြိမ်းခြောက်သလို ပြောခဲ့သည်။

အထွတ်အမြတ်ဘုန်းတော်ကြီးက ဘာတစ်ခွန်းမှမပြောဘဲ ကျွန်မကို စိုက်ကြည့်လာကာ၊ ကျွန်မကလည်း သူ့ကို တည့်တည့်ပြန်ကြည့်လိုက်မိ၏။

သူက ကျွန်မကို ‘ဒါက မင်းရဲ့ ဆန္ဒအမှန်ပဲလား’ ဟု မေးမြန်းနေသလို ခံစားလိုက်ရသည်။

တကယ် မေးမြန်းနေခြင်းလား မသိသော်လည်း၊ ကျွန်မ ခေါင်းညိတ်ပြလိုက်မိ၏။

ထိုအခါ အထွတ်အမြတ်ဘုန်းတော်ကြီး၏ ဖြူဖွေးသော မုတ်ဆိတ်များ လှုပ်ရှားသွားကာ မျက်ခုံးများ ကျုံ့သွားလေသည်။

တဒင်္ဂ စိုးရိမ်ပူပန်စိတ် ဝင်လာမိ၏။

မရဘူးဟု ငြင်းပယ်လိုက်မည်လား။

အထွတ်အမြတ်ဘုန်းတော်ကြီး၏ ပါးစပ် ပွင့်ဟလာသည်။

ကျွန်မ တံတွေးမျိုချလိုက်မိ၏။

သဘာဝကျကျပင် ဟိုင်န်ရီ၏ လက်က ကျွန်မလက်ဆီသို့ ရောက်ရှိလာကာ၊ သူက အားစိုက်ပြီး ကျွန်မ၏ လက်ကို ဆုပ်ကိုင်ခဲ့သည်။

ကျွန်မကိုယ်တိုင်လည်း တွယ်ကပ်နေသည့်အလား သူ၏လက်ကို တင်းတင်း ဆုပ်ကိုင်ထားမိတော့၏။

အထွတ်အမြတ်ဘုန်းတော်ကြီး၏ အကြည့်များ ကျွန်မတို့၏ လက်ထံသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်။

“နာဗီရယ်ရဲ့ ပြန်လည်ထိမ်းမြားမှုနဲ့ ဘုရင် ဟိုင်န်ရီရဲ့ ထိမ်းမြားမှုကို ခွင့်ပြုပေးလိုက်တယ်။”

သူ၏ စကားသံက ရင်ဘတ်ကို ထိုးခွင်းသွားသလို တိုးဝင်လာသည်။

စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဟိုင်န်ရီက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။

သူကိုယ်တိုင်လည်း အထွတ်အမြတ်ဘုန်းတော်ကြီးက ခွင့်ပြုမပေးဘဲနေမည်ကို စိုးရိမ်ပူပန်နေခဲ့သည့်ပုံပင်။

လှည့်ကြည့်လိုက်ရာ၊ သူက ကျွန်မကို ကြည့်ရင်း နေရောင်ခြည်လို ရွှန်းရွှန်းစားစား ပြုံးပြလာသည်။

ဟိုင်န်ရီက ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် လူအများရှေ့၌ သူ၏ ခံစားချက်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသနေခြင်းဖြစ်၏။

ကျွန်မလည်း သူ့ကိုလိုက်တုရင်း အိုးတိုးအမ်းတမ်း နှုတ်ခမ်းထောင့်စွန်းကိုပင့်ကာ ဆိုဗီရ်ရှုကို ဖြတ်ခနဲ လှမ်းကြည့်လိုက်မိသည်။

ဆိုဗီရ်ရှုကမူ အထွတ်အမြတ်ဘုန်းတော်ကြီးကပဲ သူ၏ နောက်စေ့ကို ဖြတ်ရိုက်ထားသလို မျက်နှာမျိုး ဖြစ်နေ၏။

သူက တစ်စုံတစ်ရာ ပြောဆိုရန် ကြံစည်ခဲ့သော်လည်း၊ အထွတ်အမြတ်ဘုန်းတော်ကြီးက လက်ကိုမြှောက်ကာ လူစုလူဝေးကို ငြိမ်သက်အောင်လုပ်ခဲ့သည်။

“ကွာရှင်းပြတ်စဲမှု တရားခွင် ပြီးဆုံးပါပြီ။”

တရားခွင် ပိတ်သိမ်းကြောင်း ကြေညာလိုက်သည့် အထွတ်အမြတ်ဘုန်းတော်ကြီးက ကျွန်မနှင့် ဟိုင်န်ရီကို အနားတိုးလာရန် ပြောခဲ့သည်။

အနီးအနားတွင် ရှိနေခဲ့ပြီးသားဖြစ်သော်လည်း နောက်တစ်ကြိမ် ထပ်မံ၍။

ဘေးနားသို့ ခြေလှမ်းအနည်းငယ် တိုးသွားလိုက်တော့၊ တကယ်ပင် ယခင် လက်ထပ်သစ္စာဆိုစဉ်က အခြေအနေမျိုးနှင့် ထပ်တူထပ်မျှ တည်ဆောက်ပုံမျိုး ထွက်ပေါ်လာသည်။

စင်မြင့်ထက်မှ အထွတ်အမြတ်ဘုန်းတော်ကြီးနှင့် သူ၏ ရှေ့တွင် ယှဉ်တွဲရပ်နေကြသည့် ကျွန်မနှင့် ဟိုင်န်ရီ…… အမျိုးသား ပြောင်းလဲသွားခဲ့သည့်အချက်မှလွဲ၍ ယခင်နှင့် အတူတူပင်။

တူညီသော အတွေးမျိုး ဝင်လာ၍ဖြစ်မည်လား။

အထွတ်အမြတ်ဘုန်းတော်ကြီးက ခါးသီးစွာ ပြုံးလိုက်ပြီးနောက်၊ အသစ်တဖန် လက်ထပ်ကြသည့် ဇနီးမောင်နှံကို ကောင်းချီးဆုတောင်းပို့သပေးသည့် စာပိုဒ်ကို ရွတ်ဆိုပေးခဲ့သည်။

သို့သော်လည်း ယခင်ကလောက် ထက်သန်မှုတော့ မရှိခဲ့ချေ။

လက်ထပ်ထိမ်းမြားမှုကို ခွင့်ပြုပေးခဲ့သော်လည်း၊ ဤအခြေအနေတစ်ခုလုံးကို ဇဝေဇဝါဖြစ်စရာနှင့် စိတ်ကုန်စရာကောင်းသည်ဟု မှတ်ယူနေသည့်ပုံပင်။

“အထွတ်အမြတ်ဘုန်းတော်ကြီး။ ကျေးဇူးတင်ပါတယ်။”

ထိုကဲ့သို့သော ကောင်းချီးပေးမှုကိုပင် သဘောကျနေ၍လားမသိ ဟိုင်န်ရီက မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးရွှင်စွာဖြင့် ကျေးဇူးတင်စကား ဆိုခဲ့သည်။

“နောင်ကျရင် အကျအန အခမ်းအနား ပြင်ဆင်ပြီးတော့ ဖိတ်ကြားပါ့မယ်။”

“……ကျုပ်က ခွင့်ပြုပေးပြီးသားမို့လို့၊ အဲ့ဒီလိုလုပ်စရာ မလိုဘူး။ အလုပ်များနေတဲ့ကြားက နှစ်ခါလာရအောင် မခေါ်နဲ့။”

အချိန်စီမံခန့်ခွဲမှုတွင် တိကျသေချာလှသည့် အထွတ်အမြတ်ဘုန်းတော်ကြီးက ပြတ်ပြတ်သားသား ပြောဆိုလိုက်ပြီးနောက် ကျွန်မရှိရာဘက်သို့ ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်ရင်း ပြောလာသည်။

“ဧကရီ နာဗီရယ်။ အဲလေ၊ မိဖုရား နာဗီရယ်။ ဟိုးငယ်ငယ် ကလေးဘဝကတည်းက စောင့်ကြည့်လာခဲ့ရတဲ့ မယ်မင်းကို ယုံကြည်လို့ ဒီလိုတောင်းဆိုမှုကို ခွင့်ပြုပေးခဲ့တာဆိုပေမဲ့…… ဒါကလည်း ဘယ်လိုနည်းနဲ့မှ လွယ်ကူတဲ့ လမ်းကြောင်း ဖြစ်လာမှာမဟုတ်ဘူးနော်။”

“ကျေးဇူးတင်ပါတယ်၊ အထွတ်အမြတ်ဘုန်းတော်ကြီး။”

အထွတ်အမြတ်ဘုန်းတော်ကြီးက ယခုတစ်ကြိမ်တွင် ဟိုင်န်ရီကို ကြည့်လိုက်ပြီးနောက် တိုးညင်းစွာ သတိပေးခဲ့သည်။

“မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပပြီး လူအများကြီး ဖိတ်ကြားပါ။ ဘယ်သူက ဘာပဲပြောပြော ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမှဖြစ်မယ်။”

“ကျေးဇူးတင်ပါတယ်။ အထွတ်အမြတ်ဘုန်းတော်ကြီးကိုလည်း မင်္ဂလာပွဲကို ဆက်ဆက် ဖိတ်ပါ့မယ်။”

“ကျုပ်က အလုပ်များပါတယ်ဆိုနေမှ။”

ပုံမှန်အတိုင်း ပြတ်ပြတ်သားသား ပြောဆိုလာသည့် အထွတ်အမြတ်ဘုန်းတော်ကြီးက ဝှစ်ခနဲ အနောက်ဘက်သို့ လှည့်ကြည့်လိုက်၏။

အနောက်တွင်မူ ဆိုဗီရ်ရှုက ပေါက်ကွဲလုနီးပါးဖြစ်နေသော မီးတောင်လို ရပ်နေသည်။

ရက်ရှ်တာကမူ ယခုမှသာ မြို့စားမင်း အယ်ရ်ဂီထံမှ အကြည့်ကို လွှဲဖယ်ကာ ကျွန်မနှင့် ဟိုင်န်ရီကို တစ်လှည့်စီ ကြည့်နေပြီး၊ ဖျတ်ခနဲ ပေါ်လာခဲ့သော အပြုံးများကမူ လုံးဝ ကွယ်ပျောက်သွားချေပြီ။

ဆိုဗီရ်ရှု၏ နဖူးနှင့် လက်သီးတွင် သွေးကြောများ ထောင်တက်နေသည်ကို မြင်လိုက်ရ၏။

ထို့နောက်တွင် ဆိုဗီရ်ရှုနှင့် အကြည့်ချင်း ဆုံမိသွားသည်။

“……”

“……”

ကျွန်မတို့ ဘာတစ်ခွန်းမှ မပြောဘဲ အချင်းချင်း စိုက်ကြည့်နေမိကြရုံသာ။

ကျွန်မ တကယ်ပင်၊ တကယ့်ကိုပင် ဘာအတွေးမျှ ဝင်မလာခဲ့။

ပတ်ဝန်းကျင်တစ်ခုလုံး အလွန်ဆူညံနေသော်လည်း။

ဖြစ်ရပ်၏ ဗဟိုချက်မတွင် ရပ်တည်နေရသဖြင့် မုန်တိုင်း၏ ဗဟိုတွင် ရောက်ရှိနေသလို တည်ငြိမ်အေးချမ်းသော ခံစားချက်မျိုး ဝင်လာမိသည်။

ယခုအချိန်မှစပြီး မည်သို့သော အခြေအနေမျိုး ဖြစ်ပျက်လာမည်ကို မသိနိုင်သဖြင့် မရေမရာ ဖြစ်နေမိသော်လည်း၊ ကောင်းကောင်း ကျော်ဖြတ်နိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေ၏။

ဆန့်ကျင်ဘက်အနေဖြင့် ဆိုဗီရ်ရှု၏ နက်မှောင်သော မျက်ဝန်းများကမူ ပြင်းထန်သော ဒေါသကြောင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေသည်။

အထွတ်အမြတ်ဘုန်းတော်ကြီး ချွေးသုတ်ရင်း ဘေးသို့ဖယ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆိုဗီရ်ရှုက ဖြည်းဖြည်းချင်း ကျွန်မရှိရာဘက်သို့ လှမ်းလျှောက်လာတော့၏။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၀၈ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment