အပိုင်း ၁၁၈ (သဟဇာတမဖြစ်မှု)
“အာ၊ ကွီးန်။ ရွှေရောင်ကို သဘောကျတယ်လို့ ပြောခဲ့တယ်မဟုတ်လား။”
“စာကို... ဖတ်ပြီးပြီလား။”
“ဟုတ်ကဲ့။ ကျွန်တော် ထွက်လာတဲ့အချိန်တုန်းကတော့ အိပ်ခန်းက အချောသတ်မပြီးသေးပေမဲ့……”
ဟိုင်န်ရီ့ထံမှ တိုးညင်းသောရယ်သံကို ကြားလိုက်ရသည်။
“ကြည့်ရတာ ရောက်တဲ့အချိန်လောက်ဆို ရွှေရောင်တွေနဲ့ သေသေချာချာ ပြင်ဆင်မွမ်းမံထားပြီးလောက်ပါပြီ။ မျှော်လင့်ထားလိုက်ပါ။”
“ရွှေရောင်ကို သဘောကျတာကတော့ ဟုတ်ပေမဲ့ အိပ်ခန်းတစ်ခုလုံး ရွှေရောင်ဖြစ်နေဖို့တော့ မလိုပါဘူး။”
“ဟုတ်ပါရဲ့။ ခင်ပွန်းတစ်ယောက်လုံးက ရွှေရောင် ဖြစ်နေတာမို့လို့။”
“....”
“ကျွန်တော် ဘေးနားမှာ လှဲအိပ်နေရင်ပဲ အမြင်အာရုံတစ်ခုလုံး ရွှေရောင်တွေချည်း လွှမ်းမိုးနေမှာပါ။”
“ကျောပေးပြီး အိပ်မှာပါ။”
“အခုလို အနေအထားမျိုးနဲ့လားခင်ဗျ။”
“....”
ဤနေရာက မြင်းပေါ်တွင်ဖြစ်ကြောင်း မေ့မသွားစေရန် ကျွန်မ ဇက်ကြိုးကို အစွမ်းကုန် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။
ဟိုင်န်ရီက မြင်းစီးနေစဉ် တစ်လျှောက်လုံး ဤအတိုင်းသာ။
ပေါ့ပေါ့ပါးပါး စကားဆိုနေရင်းမှ၊ တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် ကျွန်မတို့က ဇနီးမောင်နှံဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတတ်သေးသည်။
ထိုသို့ပြောသည့် အကြိမ်တိုင်းတွင်လည်း ကျွန်မမှာ လန့်ဖျပ်သွားရသဖြင့် ဇက်ကြိုးကိုသာ တင်းတင်းဆွဲနေခဲ့ရ၏။
သူက ‘ခင်ပွန်း’၊ ‘ဇနီး’၊ ‘အကြင်လင်မယား’ ဟူသော စကားလုံးများကို မကြာခဏ အသုံးပြုလာသည့်အခါတိုင်း အကြောင်းပြချက်မရှိဘဲ မျက်နှာတစ်ခုလုံး ပူထူလာရပြန်သည်။
ထိုသို့ဆိုတိုင်း ‘အဲ့ဒီလို စကားတွေ လာမပြောပါနဲ့’ ဟု တားဆီးရန်ကလည်း၊ သူက မပြောသင့်မပြောထိုက်သည့် စကားကို ဆိုနေခြင်းမျိုး မဟုတ်ပြန်သဖြင့်……
“ဒါနဲ့ ကွီးန်။ အဲ့ဒီအကြောင်း သိလားဟင်။ အနောက်ဘုရင့်တိုင်းပြည်မှာ ‘မိဖုရားနန်းဆောင်’ ဆိုတာ မရှိပါဘူး။”
“ဒါဆို ကျွန်မက ဘယ်မှာအိပ်ရမှာလဲ။”
“တစ်ထပ်တည်းမှာတင် အိပ်ခန်းသုံးခန်းက ဘေးချင်းယှဉ်လျက် ရှိနေတာပါ။ အဲ့ဒီထဲမှာ အလယ်ခန်းက ဘုံသုံးအိပ်ခန်းဖြစ်ပြီး၊ ဘေးက ဘယ်ညာကပ်လျက် အခန်းတွေကတော့ မိဖုရားနဲ့ ဘုရင်တို့ရဲ့ သီးသန့်အခန်းတွေပေါ့။”
“ဘာဖြစ်လို့ အဲ့ဒီလို ဖွဲ့စည်းပုံမျိုးကို တကူးတက ထားခဲ့တာလဲ……”
ထိုကဲ့သို့သော ဖွဲ့စည်းပုံမျိုးဆိုလျှင် အင်မတန် အနေခက်စရာ မကောင်းပေဘူးလား။
မည်မျှပင် သင့်မြတ်လှပါသည်ဆိုသော ဇနီးမောင်နှံ ဖြစ်ပါစေ၊ တစ်ခါတစ်ရံ လုံးဝ တစ်ယောက်တည်း အေးအေးလူလူ နေချင်ကြမည်သာ။
ပို၍ဆိုးသည်မှာ ကျွန်မတို့က နှစ်ဦးနှစ်ဖက် အကျိုးအမြတ်အတွက် ထိမ်းမြားခဲ့ကြခြင်း ဖြစ်နေ၍…….
ဟိုင်န်ရီ့ထံမှ တိုးညင်းသောရယ်သံ ထွက်လာပြန်သည်။
“အာ။ ကျွန်တော်တို့က နည်းနည်းထူးခြားတဲ့ ခုတင်ကို အသုံးပြုကြလို့ပါ။”
ယခုလို အခြေအနေမျိုးတွင် ခုတင်အကြောင်း ထုတ်ပြောလာခြင်းက၊ ဧကန္တ မင်္ဂလာဦးညကို မျှော်လင့်နေသည်ဟူသော အဓိပ္ပာယ်မျိုးလား။
အကြောင်းမဲ့ သံသယဝင်သွားသဖြင့် မျက်လုံးထဲတွင် အားစိုက်ထားမိသွားသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဟိုင်န်ရီ၏ အသံက နောက်ပြောင်နေခြင်းမျိုး မဟုတ်ဘဲ တည်ကြည်လေးနက်နေ၏။
ညစ်ညမ်းသောစကားကို ဆိုလိုက်ခြင်းမျိုး မဟုတ်သည့်ပုံပင်။
သို့ဆိုလျှင် တကယ်ပဲ ခုတင်က ထူးခြားနေ၍လား။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ရသောကြောင့်…… လောလောဆယ် မြင်းပေါ်မှ မြန်မြန် ဆင်းချင်လှပေပြီ။
နောက်ဆုံးတွင် နယ်စပ်မျဉ်းကို လှမ်းမြင်လိုက်ရသည့် အခိုက်အတန့်၌၊ ကျွန်မ စိတ်သက်သာရာရသွားသဖြင့် သိသိသာသာ သက်ပြင်းချလိုက်မိတော့သည်။
ဤမျှအထိ ရှက်စရာကောင်းသော အနေအထားမှ ရုန်းထွက်နိုင်တော့မည်ဟူသော အသိတစ်ခုတည်းနှင့်တင် တော်သေးသည်ဟု ဆိုရပေမည်။
သို့သော်လည်း အနိုင်နိုင် ဖြေလျှော့ထားခဲ့ရသော တင်းမာမှုများက၊ နယ်စပ်မျဉ်း၏ အနောက်ဘက်တည့်တည့်တွင် အသင့်စောင့်ဆိုင်းနေကြသည့် မြင်းရထား၊ ကိုယ်ရံတော်စစ်သည်များနှင့် ဆာ မက်ကန်နာတို့ကို မြင်လိုက်ရသည့် ခဏ၌ ပြန်လည်၍ တိုးဝင်လာပြန်၏။
ကျွန်မ ဖြည်းဖြည်းချင်း မြင်းကို အရှိန်သတ်ပြီး နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ သူတို့ရှိရာဘက်သို့ ချဉ်းကပ်သွားလိုက်သည်။
မြင်း လုံးဝ ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက်၊ အနောက်ဘုရင့်တိုင်းပြည်၏ ကိုယ်ရံတော်စစ်သည်နှစ်ဦး အနားသို့ တိုးလာကာ ဇက်ကြိုးကို လာရောက်ထိန်းပေးကြ၏။
ထိုအတောအတွင်း ဟိုင်န်ရီက မြင်းပေါ်မှ အရင်ဆုံး သွက်လက်စွာ ဆင်းလိုက်ပြီးနောက် ကျွန်မထံသို့ လက်ကမ်းပေးလာသည်။
သူ၏လက်ကို ဆုပ်ကိုင်ရင်း အောက်သို့ ဆင်းလိုက်တော့ မက်ကန်နာက အနားသို့ တိုးကပ်လာကာ ကျွန်မကို အရင်ဆုံး ဂါရဝပြု နှုတ်ဆက်ပြီးမှ၊ ဟိုင်န်ရီ့ဘက်သို့လှည့်၍ မေးခွန်းထုတ်တော့၏။
“အရှင်မင်းကြီး၊ ကျိန်းသေပေါက် မြင်းနှစ်ကောင် လွှတ်လိုက်တာကို ဘာဖြစ်လို့ တစ်ကောင်တည်းပဲ စီးပြီး ပြန်လာရတာလဲခင်ဗျ။”
နှစ်ကောင်။
သူ၏စကားကြောင့် ကျွန်မပါ ယောင်ယမ်း၍ လှည့်ကြည့်မိရာ၊ ဟိုင်န်ရီကမူ မျက်နှာသေဖြင့် ခေါင်းခါရင်း ပြောခဲ့သည်။
“မင်း အမှားလုပ်မိခဲ့တဲ့ပုံပဲ၊ မက်ကန်နာ။”
“ဗျာ။ အဲ့ဒါက ဘာများမှားစရာရှိလို့ မှားရမှာလဲ။ ကျိန်းသေပေါက် နှစ်ကောင် လွှတ်လိုက်တာပါ။”
“တစ်ကောင်တည်း ရှိနေတာ။”
အေးအေးလူလူ တုံ့ပြန်လိုက်သော ဟိုင်န်ရီက ကျွန်မဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လာသည်။
မျက်လုံးချင်းဆုံသွားသည်နှင့် တစ်ပြိုင်နက် မက်ကန်နာက အသေးအဖွဲ အမှားအယွင်းများ လုပ်တတ်လွန်းသည်ဟုဆိုကာ ပြုံးပြခဲ့၏။
မက်ကန်နာကမူ အနောက်တွင် မျက်နှာကြီး စူပုပ်နေသဖြင့်၊ ကျွန်မလည်း လိုက်ရယ်ရင်း ခေါင်းခါမိရာမှ ချက်ချင်းပင် ကိုယ်ရံတော်စစ်သည်များ၏ မျက်နှာကို သေသေချာချာ မြင်လိုက်ရပြီးနောက် တစ်ကိုယ်လုံး တောင့်တင်းသွားရတော့သည်။
ဟိုင်န်ရီ့ကို ခြံရံစောင့်ရှောက်ရန် ထွက်လာခဲ့ကြသော ကိုယ်ရံတော်စစ်သည်များက မျက်နှာသေထားရှိရန် အစွမ်းကုန် ကြိုးစားနေကြသည့်ပုံ ဖြစ်သော်လည်း၊ မျက်ခွံများနှင့် နှုတ်ခမ်းများတွင် အံ့ဩမှင်တက်နေကြသည့် အရိပ်အယောင်များ အထင်အရှား သိသာပေါ်လွင်နေ၏။
မက်ကန်နာက ကျွန်မ၏ မျက်နှာထားကို ရိပ်မိသွားကာ စိတ်အေးစေရန်သဘောဖြင့် ပြုံးရင်းဆိုလာသည်။
“ကောလာဟလထဲမှာပဲ ကြားဖူးခဲ့တဲ့ အရှင်မိဖုရားကို မျက်စိရှေ့မှာ တွေ့လိုက်ရတဲ့အတွက် တအား အံ့ဩသွားကြတဲ့ပုံပါပဲ။”
….အဲ့ဒီလို အဓိပ္ပာယ်မျိုးနဲ့ ကြည့်နေကြတဲ့ အကြည့်မျိုး မဟုတ်တာကို။
မဟုတ်မှ ကျွန်မက ကြည်နူးပီတိဖြစ်နေသည့် မျက်နှာထားနှင့် ကြောင်အမ်းအမ်းဖြစ်နေသည့် မျက်နှာထားကို ဝေဖန်ခွဲခြားနိုင်စွမ်းမရှိဘဲ နေပါမည်လား။
သို့သော်လည်း ဤနေရာတွင် ကျွန်မပါလိုက်၍ ပူပန်နေမည်ဆိုပါက အခြေအနေက ပို၍ ထူးဆန်းသွားပေလိမ့်မည်။
ထို့ကြောင့် ကျွန်မ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း အသာလေး ပြုံးပြလိုက်၏။
မက်ကန်နာကလည်း အကင်းပါးစွာပင် အသင့်ပြင်ဆင်ထားခဲ့သော မြင်းရထားတံခါးကို ချက်ချင်း ဖွင့်ပေးလာသည်။
“ဝင်ပါ၊ အရှင်မိဖုရား။”
……အကင်းပါးသလား၊ မပါးသလားဆိုသည်ကို ဝေခွဲမရတော့ချေ။
ဤအခြေအနေမျိုးကြားတွင် အရှင်မိဖုရားဟု စေ့စေ့စပ်စပ် ခေါ်နေသေးသည်။
ကျွန်မ ထွက်ပြေးတိမ်းရှောင်လိုသော စိတ်အခြေအနေမျိုးဖြင့် သူ့ကို အသာအယာ ခေါင်းဆတ်ပြလိုက်ပြီးနောက် မြင်းရထားထဲသို့ အလျင်အမြန် ဝင်ခဲ့မိတော့၏။
သို့သော်လည်း မြင်းရထားအတွင်းသို့ ရောက်ရှိသွားသည့်တိုင်အောင် စောစောက မြင်တွေ့ခဲ့ရသော ကိုယ်ရံတော်စစ်သည်များ၏ အကြည့်များကိုမူ ခေါင်းထဲမှ အလွယ်တကူ ဖျောက်ဖျက်၍ မရနိုင်ခဲ့ချေ။
မျက်နှာထားကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်လှပါသည်ဆိုသော ကိုယ်ရံတော်စစ်သည်များပင် ဤမျှအထိ ဖြစ်ပျက်နေကြသည်ဆိုလျှင်။
အနောက်ဘုရင့်တိုင်းပြည်၏ ပြည်သူပြည်သားများ၊ လူမှုရေးအသိုင်းအဝိုင်းတွင် တိုက်ရိုက် ရင်ဆိုင်ရတော့မည့် မှူးမတ်အနွယ်တော်များကရော ကျွန်မကို မည်သို့သော အကြည့်မျိုးဖြင့် စိုက်ကြည့်ကြပါမည်နည်း။
ဧကရီအဖြစ် ရှိနေစဉ်တုန်းက အရှေ့အင်ပါယာတွင် ဆုံတွေ့ဖူးခဲ့ကြသူများကရော။
ပြတင်းပေါက်အပြင်ဘက်မှ လှမ်းမြင်နေရသော ရှုခင်းများက အရှေ့အင်ပါယာနှင့် အနည်းငယ် ကွဲပြားခြားနားနေခဲ့ပြီး၊ ဤနေရာမှစတင်၍ ဆိုဗီရ်ရှု၏ လိုက်လံဖမ်းဆီးခြင်းကို ခံရတော့မည်မဟုတ်သဖြင့် စိတ်အေးရမည် ဖြစ်သော်လည်း။
စိတ်အခြေအနေကမူ မြင်းစီးပြီး အပြင်းနှင်လာခဲ့ရစဉ်တုန်းကထက် ပို၍ပင် ရှုပ်ထွေးလာရချေပြီ။
‘ဘာမှမဖြစ်ဘူး။ ကောင်းကောင်းလုပ်နိုင်မှာ။ အကောင်းဆုံး လုပ်သွားရင် ရပြီ။’
စိတ်ထဲမှ ဂါထာမန္တန်တစ်ခုလို ရွတ်ဆိုနေမိစဉ် ဟိုင်န်ရီက “ကွီးန်” ဟု နူးညံ့ပျော့ပျောင်းသော အသံဖြင့် ကျွန်မကို လှမ်းခေါ်ခဲ့သည်။
သူက ကျွန်မ၏ မျက်နှာချင်းဆိုင်တွင်ထိုင်လျက် စိုက်ကြည့်နေခဲ့ခြင်းပင်။
မျက်လုံးချင်း ဆုံမိသွားကြသည့်အခါ ကရုဏာသက်ဖွယ် မျက်ဝန်းအိမ်များက ကွေးညွှတ်သွားလေ၏။
ဟိုင်န်ရီက ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီးနောက် သူ့လက်ဖဝါးဖြင့် ကျွန်မ၏လက်ကို ဂရုတစိုက် အုပ်မိုးဆုပ်ကိုင်ရင်း ဆိုလာသည်။
“အဆင်ပြေပါတယ်။ ကွီးန်က ဘယ်သူမဆို ချစ်မိသွားရုံအပြင်မရှိတဲ့ ဧကရီပဲမဟုတ်လား။”
အဲ့ဒီလိုသာဆို ကွာရှင်းခံရပါ့မလား……
ဟိုင်န်ရီတွင် ကျွန်မကို အင်မတန် အထင်ကြီးလွန်းလှသည့်အကျင့် ရှိနေသည်။
ကျွန်မ သေတ္တာထဲတွင် တွန့်လိမ်ပိပြားနေခဲ့ရသည့် အချိန်တုန်းကလည်း ဒဏ္ဍာရီထဲမှ မြင်ကွင်းတစ်ခုလို လှပလွန်းသည်ဟု ချီးမွမ်းခန်းဖွင့်ခဲ့ဖူးသည် မဟုတ်ပါလား။
ထို့ကြောင့်ပဲလားမသိ။
ဟိုင်န်ရီ၏ နှစ်သိမ့်မှုက ကျွန်မအတွက် ထင်သလောက် အထောက်အကူ မဖြစ်ခဲ့ပေ။
သို့သော်လည်း သူက စေတနာနှင့် နှစ်သိမ့်ပေးနေခြင်းဖြစ်ရာ ယင်းနှင့်အညီ တုံ့ပြန်ပေးရပေမည်။
“ကျေးဇူးပါပဲ။ အားရှိရပါတယ်။”
ကျွန်မ ပြုံးရင်း သူ့ကို ခေါင်းညိတ်ပြလိုက်သော်လည်း၊ နောက်ဆုံးတွင် မြင်းရထား ရပ်တန့်သွားသည့်တိုင်အောင် တင်းမာမှုများကို မဖြေလျှော့နိုင်ခဲ့ချေ။
တော်သေးသည်ဟု ဆိုရမည့်အချက်မှာ ဆိုဗီရ်ရှု ရက်ရှ်တာကို ခေါ်ဆောင်လာပြီးသည့်နောက်ပိုင်းတွင် လူတို့၏ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသော အကြည့်များကို ခံယူရခြင်းအား ကျင့်သားရလာခြင်းပင်။
ထိုအကြည့်များကို ဘာမှမဖြစ်သလို ဟန်ဆောင်ကာ တုံ့ပြန်ကျော်ဖြတ်ရခြင်းကိုလည်း အလားတူပင်။
ယင်း၏ အကျိုးကျေးဇူးကြောင့် နန်းတော်သို့ ရောက်ရှိ၍ မြင်းရထားပေါ်မှ ဆင်းလိုက်ချိန်တွင်၊ အတိုင်းအဆမရှိ များပြားလှသော နန်းတွင်းသူနန်းတွင်းသားများကို မြင်တွေ့လိုက်ရသည့်တိုင်အောင် တည်ငြိမ်အေးဆေးစွာ ပြုံးပြနိုင်ခဲ့သည်။
သို့သော်လည်း နှလုံးသားကမူ မသိမသာ တုန်လှုပ်မှုတစ်ခုကြောင့် အနည်းငယ် တုန်ယင်နေ၏။
စူးစမ်းလိုစိတ်၊ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်၊ စိတ်ဝင်စားမှု၊ မကျေမနပ်ဖြစ်မှု……
အတိုင်းအဆမရှိသော စိတ်ခံစားချက်များ ကိန်းအောင်းနေကြသည့် ဆယ်ဂဏန်းမကသော မျက်ဝန်းများက မီးဆိုင်းကြီးများပမာ ဖျတ်ခနဲ လက်ခနဲ ဖြစ်သွားကြသည့် ထင်ယောင်ထင်မှားပုံရိပ်မျိုးကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ကျွန်မ သူတို့ရှိရာဘက်သို့ အစွမ်းကုန် ခန့်ညားထည်ဝါလှသည်ဟု ထင်ရမည့် အပြုံးမျိုးဖြင့် ပြုံးပြရင်း ဟိုင်န်ရီ၏ လက်မောင်းကို တွဲလိုက်၏။
သက်ရောက်မှုရှိသွား၍လားမသိ၊ သူတို့က ခေတ္တမျှ တုံ့ဆိုင်းသွားကြပြီးမှ စည်းစနစ်ကျနစွာ ကိုယ်ကို ကိုင်းညွှတ်၍ ဂါရဝပြု နှုတ်ဆက်ကြတော့သည်။
“အရှင်မင်းကြီးနဲ့ အရှင်မိဖုရားကို ဂါရဝပြုပါတယ်။”
~~~~
“မျက်လုံးတွေက တအားကို တလက်လက်နဲ့ တောက်ပနေကြတာပဲ။”
နန်းတွင်းသူနန်းတွင်းသားများ လူစုခွဲပြီးသည့်နောက်။
အိပ်ခန်းသို့ လိုက်ပို့ပေးမည်ဟုဆိုကာ ကျွန်မ၏လက်ကို ဆုပ်ကိုင်ထားခဲ့သော ဟိုင်န်ရီက၊ လှေကားအတိုင်း တက်လာကြသည့် တစ်လျှောက်လုံး အံ့ဩစရာကောင်းလှသည်ဟု ရေရွတ်နေခဲ့သည်။
ထိုသို့ရှိနေစဉ်တွင်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားသလားဟု စိုးရိမ်ပူပန်နေသလို၊ မကြာခဏ ကျွန်မကို တစ်ချက်တစ်ချက် ခိုးကြည့်တတ်သေး၏။
ကျိန်းသေပေါက် သူ၏အမြင်တွင်လည်း စုဝေးနေခဲ့ကြသော ထိုသူတို့၏ အကြည့်များက အင်မတန် ပြင်းထန်လွန်းလှသည်ဟု တွေးမိသည့်ပုံပင်။
“အဆင်ပြေပါတယ်။”
အေးရာအေးကြောင်း ပြန်လည်ဖြေလိုက်သော်လည်း၊ ဟိုင်န်ရီကမူ “ကျွန်တော်ကတော့ အဆင်မပြေပါဘူး” ဟု ပြတ်သားစွာ ပြောလာသည်။
“ကျွန်တော်က ကွီးန်ကို မိဖုရားအဖြစ် တင်မြှောက်ချင်လွန်းလို့ ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရသလဲ။ အနှောင့်အယှက် ပေးချင်ရင်လည်း အချိန်အခါကို ကြည့်ဦးမှ……”
“ဘုရင်က လက်ထပ်ထိမ်းမြားတဲ့ကိစ္စကို တစ်ကိုယ်တော် အာဏာရှင်ဆန်ဆန် လုပ်ဆောင်တတ်တဲ့ ဖြစ်ရပ်မျိုးက သိပ်မှမရှိတာကိုး။”
“အဲ့ဒါကတော့ ဟုတ်တာပေါ့။”
“အဲ့ဒါအပြင် အနောက်ဘုရင့်တိုင်းပြည်ရဲ့ မှူးမတ်အနွယ်ဝင် သမီးပျိုလေး မဟုတ်ဘဲ၊ အိမ်နီးချင်းတိုင်းပြည်ရဲ့ ကွာရှင်းထားတဲ့ ဧကရီဟောင်းကို ခေါ်လာခဲ့တာမဟုတ်လား။”
ဟိုင်န်ရီက ရှီးဟု ရယ်ရင်း ခေါင်းကို ငုံ့ချလိုက်သည်။
သို့သော်လည်း ရယ်ခြင်းက ခေတ္တမျှသာ။
မျက်နှာထားကမူ ယခင်အတိုင်း မကောင်းသေးချေ။
ကျွန်မတို့နှင့်အတူ လိုက်ပါတက်လှမ်းလာသော မက်ကန်နာက ကျွန်မ၏ မျက်နှာထားကို အကဲခတ်ရင်း ပြောလာခဲ့၏။
“စိုးရိမ်နေဖို့ မလိုပါဘူး၊ အရှင်မိဖုရား။ အရှေ့အင်ပါယာရဲ့ ဧကရီအရှင်မက ကျွန်တော်တို့ရဲ့မိဖုရား ဖြစ်လာလိမ့်မယ်ဆိုတဲ့ အကြောင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့သူတွေ အများကြီး ရှိပါတယ်။”
“အဲ့ဒီလိုလား။”
“ကျိန်းသေပေါက်ပေါ့။”
သို့သော်လည်း စောစောက ထွက်ကြည့်ခဲ့ကြသော လူအများစု၏ မျက်နှာပေါ်တွင်မူ ‘အံ့ဩမှင်တက်မှု’ ဟု အထင်အရှား ရေးသားထားကြသည်ကို။
ထိုမျက်နှာထားကို ပြန်အမှတ်ရသွားမိသဖြင့် ကျွန်မ အသံမထွက်ဘဲ ပြုံးလိုက်မိသည်။
ဟိုင်န်ရီ သို့မဟုတ် မက်ကန်နာတို့၏ စိုးရိမ်ပူပန်မှုများနှင့် ဆန့်ကျင်စွာ စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ချေ။
လုံးဝဥဿုံ အသစ်ဖြစ်သော ပတ်ဝန်းကျင်ဖြစ်သဖြင့် တင်းမာနေမိရသည်က အမှန်ပင် ဖြစ်သော်လည်း…….
မက်ကန်နာက တစ်ဖန်ပြန်၍ ကျွန်မနှင့် ဟိုင်န်ရီကို အကဲခတ်ရင်း ဆိုလာပြန်သည်။
“နဖူးတွေ့ဒူးတွေ့ မြင်တွေ့လိုက်ရလို့ အံ့ဩသွားကြတာကတော့ သပ်သပ်စီမို့လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ်။ နည်းနည်းလောက်တော့။ အံ့ဩသွားကြမှာပေါ့။ ဒါပေမဲ့လည်း စိတ်ထဲကနေ အထင်ကြီး လေးစားနေကြမဲ့သူတွေ အများကြီးရှိမှာပါ။”
သို့သော်လည်း ကျွန်မ၏ စိတ်အခြေအနေကို အစွမ်းကုန် ဖြေလျှော့ပေးရန် ကြိုးပမ်းခဲ့ကြသော မက်ကန်နာနှင့် ဟိုင်န်ရီတို့၏ ကြိုးပမ်းမှုများက စင်္ကြံလမ်းတွင် ဆုံတွေ့ရသော အမှုထမ်းတစ်ဦးကြောင့် အချည်းနှီး ပျောက်ကွယ်သွားရတော့သည်။
သူက မိဖုရား၏ အိပ်ခန်းရှေ့တွင် ရပ်နေခဲ့ခြင်းဖြစ်ကာ၊ ကျွန်မတို့ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် အနားသို့ တိုးကပ်လာခဲ့သော်လည်း၊ မျက်နှာထားကမူ အေးစက်လွန်းလှသဖြင့် ခဲလုမတတ်ဖြစ်နေ၏။
ဂါရဝပြု နှုတ်ဆက်ခြင်းကလည်း ပြဌာန်းစာအုပ်ထဲတွင် ထည့်သွင်းရလောက်သည်အထိ စည်းစနစ်ကျနလွန်းသည့်တိုင်၊ ယင်း၏နောက်တွင် ထပ်မံဖြည့်စွက်လာခဲ့သော စကားများကမူ အင်မတန် တဲ့တိုးဆန်လှပေသည်။
“အရှင်မင်းကြီး၊ အင်မတန် မိုက်မဲတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပါ။ မိန်းမတစ်ယောက်ကြောင့် အသက်ကို ရင်းရတယ်လို့။”
သူက ဟိုင်န်ရီကိုယ်တိုင် သွားရောက်ကာ ကျွန်မကို ခေါ်ဆောင်လာခဲ့သည့်အဖြစ်ကို နာကျင်စရာကောင်းလှအောင် ပေါ်တင် အပြစ်တင်စကား ဆိုနေခြင်းပင်။
ထို့အပြင် ကျွန်မက အရိုက်အရာအရ မိဖုရား ဖြစ်လာခဲ့ပြီမှန်း သိရှိနေပုံရသော်လည်း၊ မျက်နှာရှေ့ထားပြီး ‘မိန်းမတစ်ယောက်’ ဟု သာမန် အခေါ်အဝေါ်ကို အသုံးပြုလာသေး၏။
မက်ကန်နာက ဒေါသတကြီးဖြင့် “ဆာ ယူနီးမ်” ဟု အော်ဟစ်လိုက်သော်လည်း၊ ဟိုင်န်ရီကမူ ဟာသပြောသလို တည်ငြိမ်အေးဆေးစွာ သတိပေးစကား ပြောခဲ့သည်။
“ဘာဖြစ်လို့လဲ၊ စကားတစ်ခွန်းကြောင့် အသက်ကို ရင်းချင်နေတဲ့ လူတစ်ယောက်လည်း ငါ့ရှေ့မှာ ရှိနေတာပဲမဟုတ်လား။”
ထိုစကားကြောင့် ‘ဆာ ယူနီးမ်’ ဟု ခေါ်သော အမှုထမ်း၏ မျက်နှာထားက တောင့်တင်းသွားတော့သည်။
သို့သော်လည်း အရိပ်အကဲသိသူဖြစ်ရာ ချက်ချင်းပင် ကျွန်မကို တောင်းပန်စကား ဆိုလာ၏။
“ရိုင်းပျမှုကို ကျူးလွန်မိခဲ့ပါတယ်။ ကိုယ်ရံတော်တပ်မှူး ယူနီးမ်ပါ။”
သို့သော်လည်း အတော်အတန် ခေါင်းမာလှသည့် အကျင့်ရှိနေ၍လားမသိ၊ ယင်း၏နောက်တွင် အဓိပ္ပာယ်ပါသော စကားလုံးကို ထပ်မံဖြည့်စွက်လာခဲ့ပြန်သည်။
“လေဒီ နာဗီရယ်ကို ခေါ်ဆောင်လာဖို့ ကြိုးစားရင်း ကျွန်တော့်ရဲ့ အရှင်သခင်က အန္တရာယ်ကြုံတွေ့ရလုနီးပါး ဖြစ်ခဲ့ရတဲ့အတွက်၊ စကားကောင်းကောင်း ထွက်မလာတာပါ။ တောင်းပန်ပါတယ်။”
“ဆာ ယူနီးမ်။ ငါက မောင်မင်းရဲ့ အရှင်သခင် ဖြစ်သလို၊ လေဒီ နာဗီရယ် ကလည်း မောင်မင်းရဲ့ အရှင်သခင်ပဲ။ ရိုသေမှုကို အစွမ်းကုန်ပြစမ်း။”
ဟိုင်န်ရီက တိုက်ရိုက် သတိပေးစကားဆိုလိုက်တော့မှ၊ သူက မလိုလားအပ်ဘဲ မျက်လုံးထဲမှ အားကို ဖြေလျှော့လိုက်ရင်း အနောက်သို့ ဆုတ်ခွာကာ တောင်းပန်စကား ဆိုခဲ့သည်။
သို့သော်လည်း ဟိုင်န်ရီ သူ့ကို ထပ်တလဲလဲ သတိပေးချက်များ ပေးပြီးနောက် ကျွန်မကို ခေါ်ဆောင်လျက် မိဖုရား၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်သည့်အခါ၊ တစ်ဖန်ပြန်၍ အရှေ့သို့ထွက်လာရင်း ပြောခဲ့ပြန်၏။
“စိုးရွံ့မိပါတယ် အရှင်မင်းကြီး။ ‘မိဖုရား အိပ်ခန်း’ ကိုတော့ မင်္ဂလာပွဲ အခမ်းအနား မကျင်းပမီအချိန်အထိ အသုံးပြုလို့ မရပါဘူး။”
ထိုစကားကြောင့် ဟိုင်န်ရီတစ်ယောက် လုံးဝ ပေါက်ကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိသွားရသည့်ပုံပင်။
တစ်ချိန်လုံး ရှိနေခဲ့သော အပြုံးများ လုံးဝ ပျောက်ကွယ်သွားကာ အငွေ့အသက်အနေအထားက မျက်စိတစ်မှိတ်အတွင်း စိမ့်ခနဲ ဖြစ်သွားရလောက်အောင် အေးစက်သွားတော့သည်။
ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရစဉ်တုန်းကလည်း မျက်နှာသေနှင့်ရှိနေလျှင် အေးစက်လှသည်ဟု တွေးမိခဲ့ဖူးသော်လည်း……
ယခု မျက်နှာထားကမူ ကြောက်စရာကောင်းလောက်အောင် အငွေ့အသက်အနေအထားက လုံးဝကွဲပြားခြားနားနေ၏။
ကျွန်မ၏ အကြည့်ကို ခံစားမိသွား၍လားမသိ ဟိုင်န်ရီက တစ်ဖန်ပြန်၍ ပြုံးလိုက်သော်လည်း၊ မြင်းရထားအတွင်း၌ ကျွန်မကို ပြခဲ့သော အပြုံးမျိုးနှင့် လုံးဝ မတူချေ။
သို့သော်လည်း ယခုအချိန်က ဟိုင်န်ရီ၏ မျက်နှာထားကို လိုက်လံစောင့်ကြည့် အကဲခတ်နေရမည့် အချိန်မျိုးမဟုတ်။
ကျွန်မ ခေတ္တ လန့်ဖျပ်သွားခဲ့ရသော စိတ်အခြေအနေကို ပြန်လည်စုစည်းလိုက်ပြီးနောက်၊ အလျင်အမြန် လက်လှမ်းကာ ဟိုင်န်ရီ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်မိသည်။
‘ရှေ့မထွက်နဲ့။’
လက်ဖဝါးအတွင်း ဆုပ်ကိုင်ထားမိသော ဟိုင်န်ရီ၏ လက်မောင်းကြွက်သားများက အလွန် ထိတ်လန့်သွားသလို ဆတ်ခနဲ တွန့်သွား၏။
သို့သော်လည်း ကျွန်မ၏ ရည်ရွယ်ချက်ကို ရိပ်မိသွား၍လားမသိ ဘာတစ်ခွန်းမှ မဆိုခဲ့ချေ။
သည်းခံရခက်လှသဖြင့် မေးရိုးတွင် အားကို တင်းတင်းသွင်းထားသည်မှာ အမှန်ပင်ဖြစ်သော်လည်း။
ကောင်းကောင်းလုပ်ခဲ့ပါတယ်ဟူသော အဓိပ္ပာယ်ဖြင့် သူ၏လက်မောင်းကို လက်မနှင့် အသာအယာ ပွတ်သပ်ပေးလိုက်ရင်း၊ ကျွန်မ သဘာဝကျမည့် အပြုံးမျိုး ပြုံးပြလိုက်သည်။
ဟုတ်တယ်။
ဤသည်က ဟိုင်န်ရီ ကြားဝင်ဖြေရှင်းရမည့် ကိစ္စမျိုး မဟုတ်ပေ။
ထိုလူက ကျွန်မကို တိုင်းတစ်ပါးသား ဧကရီဟောင်း ဖြစ်နေခဲ့၍ ဒေါသထွက်နေခြင်းမျိုး မဟုတ်ဘဲ၊ ကျွန်မကို ခေါ်ဆောင်လာရန် ကြိုးစားရင်း ဟိုင်န်ရီက အရှေ့အင်ပါယာတွင် အချုပ်ကျခဲ့ရသည့်အဖြစ်အပေါ် မကျေမနပ်ဖြစ်နေခြင်း ဖြစ်သောကြောင့်ပင်။
ဤနေရာသို့ လာခဲ့ကြသည့် တစ်လျှောက်လုံး အငွေ့အသက်အနေအထားကို အကဲခတ်ကြည့်ရသလောက် အနောက်ဘုရင့်တိုင်းပြည်၏ ပြည်သူပြည်သားများက ကျွန်မကို ‘အနောက်ဘုရင့်တိုင်းပြည်၏ မိဖုရား’ ထက် ‘အရှေ့အင်ပါယာ၏ ဧကရီ’ အဖြစ် ပို၍ မှတ်ယူနေကြဆဲဖြစ်ပုံရသည်။
ထိုလူကလည်း အလားတူပင် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဤအခြေအနေမျိုးတွင် ဟိုင်န်ရီက ကျွန်မဘက်မှ ကာကွယ်ပေးပြီး မိမိ၏ လက်အောက်ငယ်သား၊ ယင်းကလည်း ဒေါသတကြီးဖြစ်နေသည့် ဟိုင်န်ရီထံမှ အပြစ်ပေးခံရမည့်အရေးကို ကြုံတွေ့ရဦးမည်ဖြစ်သည့်တိုင် ပြောသင့်ပြောထိုက်သည်များကို အကုန် အစွမ်းကုန် ထုတ်ဖော်ပြောဆိုခဲ့သော လက်အောက်ငယ်သားကို အပြစ်ပေးမည်ဆိုပါလျှင်။
ရေရှည်တွင် ကျွန်မအတွက် လုံးဝ ကောင်းစရာအကြောင်းမရှိပေ။
ထို့အပြင် ထိုလူက ဟိုင်န်ရီ၏ ဒေါသကို ခံယူရမည်ဖြစ်ကြောင်း သိရှိနေသည့်တိုင် မိမိ မှန်ကန်သည်ဟု တွေးဆထားသည့်အတိုင်း လုပ်ဆောင်ခဲ့ခြင်းပင်။
ထိုကဲ့သို့သော လူမျိုးက အင်အားအာဏာဖြင့် ဖိနှိပ်ချုပ်ခြယ်ကာ နာခံအောင်လုပ်၍ရမည့် အမျိုးအစား မဟုတ်ပေ။
ကျွန်မကို အသိအမှတ်ပြုကာ ယုံကြည်ကိုးစားလာစေရန် ဖန်တီးရမည့် အမျိုးအစားဖြစ်ပေသည်။
ဟုတ်တယ်။
ဒီနေရာမှာ သေသေချာချာ အခြေကျနိုင်ဖို့ဆိုရင် ငါက အဲ့ဒီလို လူစားမျိုးတွေရဲ့ အသိအမှတ်ပြုမှုကိုရအောင် လုပ်သွားရမှာပဲ။
ကိုယ်ပိုင်အစွမ်းအစနဲ့။
ကျွန်မ တမင်ပြုံးရင်း နူးညံ့ပျော့ပျောင်းသော လေသံဖြင့် ပြောလိုက်သည်။
“ဒီနေရာရဲ့ နေထိုင်မှုပုံစံက အဲ့ဒီလိုမျိုးဆိုရင် ဒီနေရာရဲ့ စည်းစနစ်ကိုပဲ လိုက်နာရမှာပေါ့။”
ယူနီးမ်က ကျွန်မ ဒေါသတကြီး ပေါက်ကွဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့၍လားမသိ တစ်ချက် တုံ့သွားသော်လည်း၊ မယုံကြည်နိုင်ဟူသော မျက်နှာထားကိုမူ မဖြေလျှော့သေးဘဲ တောင်းပန်စကား ဆိုလာသည်။
“တောင်းပန်ပါတယ်။”
ကျွန်မ အိမ်ရှေ့စံကြင်ရာတော်ဘဝက ရာဂဏန်းမက၊ ထောင်ဂဏန်းမက လေ့ကျင့်ခဲ့ဖူးသော ‘ကရုဏာကြီး သဘောထားပြည့်ဝသည့်အပြုံး’ မျိုး ပြုံးရင်း သူ့ကို မေးလိုက်၏။
“ဒါဆိုရင် ကျွန်မ နေလို့ရမဲ့ တခြားအိပ်ခန်း အဆင်သင့် ပြင်ဆင်ပေးထားတာမျိုး ရှိလား။”
စဉ်းစားထားသည့်အရာ ရှိနေ၍လားမသိ သူက ချက်ချင်းပင် ပြန်လည်ဖြေကြားလာသည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်ဆောင် ရှိနေတာမို့လို့ အဲ့ဒီနေရာမှာ ခေတ္တနေထိုင်သွားရင် အဆင်ပြေမှာပါ။”
ကျွန်မလည်း ချက်ချင်း ခေါင်းခါရင်း သူ၏ ကျိုးကြောင်းဆက်စပ်မှုအတိုင်း ပြန်လည်တုံ့ပြန်လိုက်၏။
“မင်္ဂလာပွဲ အခမ်းအနား မကျင်းပရသေးတဲ့အတွက် မိဖုရား အိပ်ခန်းကို အသုံးပြုလို့ မရဘူးဆိုပြီး ပြောခဲ့တာမဟုတ်လား။ ဒါပေမဲ့လည်း မင်္ဂလာကတိသစ္စာပြုတာကို လုပ်ခဲ့ပြီးပြီမို့လို့ အရိုက်အရာကတော့ ကျိန်းသေပေါက် မိဖုရားပေါ့။ အဲ့ဒီလိုမျိုး ကျိုးကြောင်းဆက်စပ်မှုအရဆိုရင် ဧည့်သည်တော်ဆောင်ကိုလည်း သုံးလို့မဖြစ်ပါဘူး။”
“....”
ယူနီးမ်က ပထမတစ်ကြိမ်တွင် နူးညံ့ပျော့ပျောင်းစွာ ထွက်လာခဲ့သော ကျွန်မက ဒုတိယအကြိမ်တွင်မူ စိစစ်ပြတ်သားလွန်းစွာ ထွက်လာသဖြင့် အံ့ဩသွားရသည့်အလား မျက်မှောင်ကြုတ်သွား၏။
ကျွန်မ မပြောင်းလဲသော မျက်နှာထားဖြင့် ပြုံးပြလိုက်ရင်း သူ့ကို စိုက်ကြည့်နေခဲ့၏။
သူ၏ ယုံကြည်မှုနှင့် ကောင်းသည့်သဘောထားအမြင်ကို ရရှိရန် လုပ်ဆောင်ရမည်က မှန်ကန်သော်လည်း၊ အလွယ်တကူ အနိုင်ကျင့်၍ ရနိုင်လောက်မည့်သူအဖြစ် ပြသ၍တော့ မဖြစ်ပေ။
ထိုစည်းကို ထိန်းသိမ်းနိုင်ရန်ဆိုလျှင် အလျှော့ပေးရမည့်အပိုင်းနှင့် အလျှော့မပေးသင့်သည့်အပိုင်းကို သေသေချာချာ ခွဲခြားသတ်မှတ်နိုင်မှဖြစ်ပေမည်။
“အာ…… အာ……”
မက်ကန်နာက ကျွန်မနှင့် ယူနီးမ်တို့၏ တင်းမာမှုကို ငေးမောကြည့်ရှုနေခဲ့မိရာမှ၊ ကျွန်မ သူ့ကို လှည့်ကြည့်လိုက်တော့ အူကြောင်ကြောင် အသံများထွက်ရင်း၊ ဖြတ်ခနဲ ဟိုင်န်ရီ၏ မျက်နှာထားကို အကဲခတ်လျက် စကားစလာတော့သည်။
“ဒါဆို၊ အဲ့ဒီလိုဆိုရင်တော့၊ အင်း။ အရှင်မင်းကြီးရဲ့ အိပ်ခန်းကို အတူတူ မျှသုံးကြရင်ရော ဘယ်လိုလဲခင်ဗျ။ အဲ၊ အဲလေ အခန်းတစ်ခုတည်းကို အတူတူ သုံးခိုင်းတာမျိုး မဟုတ်ဘဲ၊ အောက်ထပ်မှာလည်း အရှင်မင်းကြီးရဲ့ အိပ်ခန်းက ထပ်ပြီး ရှိနေသေးတာမို့လို့……”
သို့သော်လည်း မက်ကန်နာ စကားမဆုံးသေးမီမှာပင်၊ စင်္ကြံလမ်းအတိုင်း တဒေါက်ဒေါက်နှင့် လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသည်။
မက်ကန်နာ စကားကိုရပ်လိုက်၏။
ကျွန်မလည်း အသံထွက်ပေါ်လာရာ အရပ်မျက်နှာသို့ ခေါင်းလှည့်ကြည့်လိုက်မိရာ၊ အပြာရောင်ဝတ်စုံကို ဆင်မြန်းထားသော မှူးမတ်အနွယ်တော် အမျိုးသမီးတစ်ဦး ဤနေရာသို့ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။
အံ့ဩစရာကောင်းလှစွာပင် သူ ပေါ်လာခဲ့သည့်အချိန်တွင် ယူနီးမ်၏ မျက်နှာထားက အနည်းငယ်မျှသာဖြစ်သော်လည်း ပြေလျော့သွား၏။
ဆန့်ကျင်ဘက်အနေဖြင့် မက်ကန်နာက စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟူသော မျက်နှာထားမျိုးလုပ်နေခဲ့သည်။
‘ဘယ်သူမို့လို့ပါလိမ့်။’
တွေးနေမိစဉ် ထိုအမျိုးသမီးက ကျွန်မအနားသို့ တိုးကပ်လာကာ ဂါရဝပြု နှုတ်ဆက်ခဲ့သည်။
“ကျွန်မက တတိယမြောက် ဝေါ်တန်ရဲ့ မိဖုရားဖြစ်ခဲ့ဖူးတဲ့ ခရစ္စတာပါ၊ လေဒီ နာဗီရယ်။”
ထို့နောက်တွင် ကျွန်မရှိရာဘက်သို့ ကျက်သရေနှင့်ပြည့်စုံစွာ ပြုံးပြရင်း အကြံပြုစကားဆိုလာ၏။
“နှုတ်ဆက်စကားပြောဖို့ လာခဲ့ရင်းနဲ့ စကားပြောသံတွေကို ကြားလိုက်ရလို့ပါ။ ယာယီနေထိုင်မဲ့ ကိစ္စကြောင့် အခက်တွေ့နေရတဲ့ပုံဆိုတော့၊ အဆင်ပြေမယ်ဆိုရင် မိဖုရားရဲ့ သီးသန့်ဆောင်မှာ နေမယ်ဆိုရင်ရော ဘယ်လိုလဲရှင့်။”
ယခုအချိန်အထိ ထွက်ပေါ်လာသော အကြံပြုချက်များအနက် အကောင်းဆုံး အကြံပြုချက် ဖြစ်ပေသည်။
ဟိုင်န်ရီက မကျေမနပ် ဖြစ်နေ၍လားမသိ မျက်မှောင်ကြုတ်သွားခဲ့သော်လည်း၊ ကျွန်မကမူ သဘောတူပါသည်ဟု ပြန်ဖြေလိုက်မိ၏။
ကျေးဇူးတင်ပါသည်ဟု ဂါရဝစကားပြောလိုက်တော့ သူက လိုက်ခဲ့ပါဟု အရှေ့မှနေ၍ ဦးဆောင်ကာ စတင်ထွက်ခွာသွားလေသည်။
ဟိုင်န်ရီက ယခုတစ်ကြိမ်တွင်လည်း လိုက်လာရန် ကြံစည်ခဲ့သော်လည်း၊ ကျွန်မက တစ်ယောက်တည်း သွားမည်ဖြစ်ကြောင်း လက်ဝှေ့ယမ်းပြလိုက်ရင်း ထိုအမျိုးသမီးအနောက်သို့ လိုက်သွားခဲ့၏။
သို့သော်လည်း စိတ်ထဲတွင်မူ အင်မတန် အံ့ဩမှင်တက်သွားရသည်။
နတ်ရွာစံဘုရင်၏ မိဖုရားက နန်းတော်အတွင်း၌ အတူတူ နေထိုင်လိမ့်မည်ဟု လုံးဝ တွေးမထားမိသောကြောင့်ပင်။
ယခု ကွယ်လွန်သွားခဲ့ပြီဖြစ်သော အရှေ့အင်ပါယာ၏ နတ်ရွာစံဧကရီတုန်းကမူ၊ ဆိုဗီရ်ရှုနှင့် ကျွန်မ ထီးနန်းစိုးစံခါစအချိန်၌ မိမိ၏ အနီးကပ်လူယုံများကို ခေါ်ဆောင်ကာ တမင်ပင် ဘေးနားရှိ မြို့တော်ခွဲ၏ နန်းဆောင်ဆီသို့ ထွက်ခွာသွားခဲ့သည်။
သူရှိနေမည်ဆိုပါက ကျွန်မ နန်းတော်အတွင်း အခြေကျနိုင်ရေး ခက်ခဲလိမ့်မည်ဟူသော အကြောင်းကြောင့်ပင်။
အနောက်ဘုရင့်တိုင်းပြည်၏ ဆက်ခံမှုစနစ်နှင့် ပတ်သက်၍ အစကတည်းက သေသေချာချာ လေ့လာထားခဲ့ပြီးဖြစ်သဖြင့်၊ အနောက်ဘုရင့်တိုင်းပြည်၏ ယခင်မိဖုရားဟောင်းကလည်း ကွန့်ဖ်ရှိုင်းယားရှိ စံအိမ်ဆီသို့ ထွက်ခွာသွားပြီးလောက်ပြီဟု ထင်မှတ်ထားခဲ့မိသည်။
တစ်နေ့နေ့တွင် ဆုံတွေ့ရလိမ့်မည်ဟု တွေးဆထားခဲ့မိသော်လည်း ဤနေရာ၌ နေထိုင်နေလိမ့်မည်ဟူ၍မူ……
အတူတူရှိနေရခြင်းက အနေခက်စရာကောင်းလှသဖြင့် အကျပ်ရိုက်ရခြင်းမျိုး မဟုတ်ပေ။
ဟိုင်န်ရီက ချက်ချင်း လက်ထပ်ထိမ်းမြားခြင်းကို မလုပ်နိုင်ခဲ့သဖြင့်၊ သူက မိဖုရားအဖြစ်မှ ဖယ်ရှားခံရပြီးသည့်နောက်ပိုင်းတွင်လည်း သဘာဝကျကျပင် နန်းတွင်းရေးရာ ကိစ္စရပ်များကို လိုက်လံထိန်းသိမ်းလုပ်ဆောင်နေခဲ့ဦးမည်သာ။
ယခု နန်းတော်အတွင်းရှိ အမှုထမ်းများကလည်း သူ မိဖုရားဖြစ်စဉ်က ငှားရမ်းထားခဲ့သော သူ၏ လူယုံများသာ ဖြစ်ကြပေလိမ့်မည်။
ထိုသို့ရှိနေစဉ်တွင် သူက ကျွန်မနှင့် တစ်နေရာတည်း၌ အတူတူ ရှိနေမည်ဆိုလျှင် မည်သူ့ဘက်ကို ပိုလိုက်ကြမည်နည်း။
သဘာဝကျကျပင် သူ့ကိုသာ ဖြစ်ပေလိမ့်မည်။
ခရစ္စတာက လူကောင်း ဖြစ်စေ၊ မဖြစ်စေ၊ ဟင့်အင်း၊ လူကောင်းဖြစ်နေခဲ့မည်ဆိုလျှင် ပို၍ပင် ဤနေရာ၌ ကျွန်မ၏ နေရာတစ်ခုကို ဖန်တီးယူရန် ခက်ခဲသွားပေမည်။
‘ပြဿနာပါလား။’
စိတ်ထဲမှ စိုးရိမ်ပူပန်နေမိစဉ်၊ ဘေးနားမှ ယှဉ်လျက် လျှောက်လှမ်းလာခဲ့သော ခရစ္စတာက တိုးတိုးလေးကပ်၍ မေးမြန်းလာသည်။
“ကောလာဟလတွေက တကယ်ပဲလားရှင့်။”
“ဘယ်လိုကောလာဟလမျိုးကို ပြောချင်တာပါလဲ။”
“ကွာရှင်းပြတ်စဲပြီးတာနဲ့ ချက်ချင်း အရှင်မင်းကြီးနဲ့ လက်ထပ်ထိမ်းမြားခဲ့တယ်ဆိုတဲ့ ကောလာဟလကိုပါ။”
“……ဟုတ်ပါတယ်။”
“ဘုရားရေ။”
ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်တော့ သူက သူ့နှုတ်ခမ်းသူ လက်ဖြင့်အုပ်လျက် ရယ်ခဲ့သည်။
ကျက်သရေနှင့်ပြည့်စုံကာ တင့်တယ်လှပသောအပြုံးမျိုးပင်။
သို့သော်လည်း ရယ်လိုက်သည့် အခိုက်အတန့်လေး ဖြတ်သန်းသွားပြီးနောက် သူက အံ့ဩစရာကောင်းလောက်အောင်ပင် တိတ်ဆိတ်သွားကာ ရုတ်တရက် ဝမ်းနည်းပူဆွေးနေသည့် မျက်နှာထားမျိုး ဖြစ်သွားလေ၏။
အလွန် ဝမ်းနည်းကြေကွဲနေသည့် မျက်နှာထားမျိုးပင်။
“လေဒီ ခရစ္စတာ။ အဆင်ပြေရဲ့လား။”
စိုးရိမ်ပူပန်၍ မေးလိုက်တော့မှ၊ ခရစ္စတာက နားမလည်နိုင်သည့် မျက်နှာထားဖြင့် ကျွန်မကို စိုက်ကြည့်လာသည်။
“ဘာကိုပြောတာလဲရှင့်။”
“……”
အံ့ဩဖို့ကောင်းစွာ၊ သူက သူ့ကိုယ်သူ မည်သို့သော အပြုအမူမျိုး လုပ်မိမှန်း လုံးဝ ရိပ်မိခြင်းမရှိသည့်ပုံပင်။
“ဟင့်အင်း၊ ဘာမှမဟုတ်ပါဘူး။”
‘ကွယ်လွန်သွားတဲ့ ခင်ပွန်းကြောင့်များလား။’
ကျွန်မလည်း စောစောက သူ့မျက်နှာထားက အလွန်မှောင်မိုက်နေခဲ့သည်ဟူသော အကြောင်းအရာကို တကူးတက ထုတ်ဖော်ပြောဆိုခြင်းမျိုး မလုပ်တော့ဘဲ၊ မျက်နှာချင်းဆိုင်လျက် အသာအယာ ပြုံးပြလိုက်မိသည်။
ထိုအချိန်တွင်။
ဖြတ်သန်းသွားသော နန်းတွင်းအမှုထမ်းတစ်ဦးက ခရစ္စတာကို သဘာဝကျကျပင် “အရှင်မိဖုရားကို ဂါရဝပြုပါတယ်” ဟု နှုတ်ဆက်လာ၏။
ကျွန်မကို လာရောက်စူးစမ်းခဲ့ကြသော နန်းတွင်းအမှုထမ်း မဟုတ်၍လားမသိ၊ ကျွန်မရှေ့မှာပင် ခရစ္စတာကို အရှင်မိဖုရားဟု ခေါ်နေသည့်တိုင်အောင် အလွန် တည်ငြိမ်အေးဆေးလှသော အမူအရာမျိုး ရှိနေသည်။
ခရစ္စတာက ကျွန်မကို လမ်းပြပေးနေရင်းမှ အလန့်တကြား စကားအသုံးအနှုန်းကို ပြန်လည်ပြင်ဆင်ပေးလေ၏။
“အရှင်မိဖုရားတဲ့လား။ အခု အဲ့ဒီလို ခေါ်လို့မရတော့ဘူးဆိုပြီး မှာထားတယ်မဟုတ်လား။”
သို့သော်လည်း နန်းတွင်းအမှုထမ်းကမူ ရွှန်းရွှန်းစားစားပြုံးရင်း ပြန်လည်ဖြေကြားလာသည်။
“တစ်လျှောက်လုံး အရှင်မိဖုရားကပဲ မိဖုရားရဲ့ အခန်းကဏ္ဍကို ဆောင်ရွက်ပေးနေခဲ့တာမဟုတ်ပါလား။ မိဖုရားအသစ်က တိုင်းတစ်ပါးသား ဖြစ်နေတဲ့အပြင် ကိုယ့်ရဲ့မိခင်တိုင်းပြည်ကိုပဲ အင်မတန် တန်ဖိုးထား စောင့်ရှောက်တတ်တယ်ဆိုပြီး ကြားသိထားရလို့ပါ။ အရှင်မိဖုရားလိုမျိုး ကျွန်မတို့အပေါ်မှာ စေတနာထား စောင့်ရှောက်ပေးနိုင်ပါ့မလား။ ကျွန်မတို့အတွက်တော့ အရှင်မိဖုရားကသာ တကယ်စစ်မှန်တဲ့ မိဖုရားပါပဲ။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၂၄ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။