no

Font
Theme

အပိုင်း ၅၂ (မငိုပါနဲ့ ကွီးန်)

ယခုလေးတင် ငိုထားသည်မှာ သေချာလှသည်။

'အလကား လာခဲ့မိတာပဲ၊ အချိန်ကိုက်က ထူးဆန်းနေတယ်။"

အခြေအနေက အနေခက်စရာ ဖြစ်သွားသဖြင့် ကျွန်မ အကြည့်လွှဲလိုက်မိသည်။

ရေချိုးရင်းနဲ့ ငိုနေတာများလား.......

ထိုသို့သော အခြေအနေမျိုးတွင်မှ ကျွန်မက ရုတ်တရက် ရောက်လာခဲ့ခြင်းဖြစ်၍ သူ မည်မျှအထိ ပျာယာခတ်သွားရှာမည်နည်း။

အင်မတန် အားနာမိရသည်။

"ကိတ်မုန့် ရလိုက်ရဲ့လားခင်ဗျ။"

သို့သော် မျက်လုံးချင်းရှောင်ပြီး စကားပြောခြင်းကလည်း တစ်မျိုးဖြစ်နေပြန်သဖြင့် နောက်ဆုံးတွင် အကြည့်ကို ပြန်မြှင့်လိုက်ရ၏။

တော်ဝင်မင်းသား ဟိုင်န်ရီက စိုစွတ်နေသော ခရမ်းရောင်မျက်ဝန်းများဖြင့် ကျွန်မကို အကဲခတ်သလို စိုက်ကြည့်နေရာ အကြည့်ချင်းဆုံလိုက်သည်နှင့် ကျွန်မတို့ မျက်လုံးချင်း တည့်တည့်ဆုံသွားကြတော့သည်။

မွေးထားသည့် တိရစ္ဆာန်က သခင်နှင့် တူသွားတတ်သည်ဟု ဆိုကြ၏။

ထိုကြောင့်ပဲဖြစ်မလား။ ရုတ်တရက် ဟိုင်န်ရီ၏ မျက်လုံးများက ကွီးန်နှင့် အလွန်တူနေသည်ဟု ခံစားလိုက်ရသည်။

"အလို။ မရလိုက်ဘူးလားဗျ။"

တော်ဝင်မင်းသား ထပ်မံမေးမြန်းလာတော့မှသာ ကျွန်မလည်း စိုစွတ်နေသော သူ၏ မျက်ဝန်းအိမ်များထဲမှ အမြန် ရုန်းထွက်ကာ ပြန်ဖြေလိုက်သည်။

"ရပါတယ်။ ကျေးဇူးတင်လို့ ဂါရဝစကားပြောဖို့ လာခဲ့တာပါ။"

"တော်ပါသေးရဲ့။ ကွီးန် သေချာသယ်မသွားနိုင်မှာ စိုးရိမ်နေခဲ့တာပါ။"

"အမှန်ပဲ။ ကွီးန် သယ်လာဖို့အတွက်ဆို နည်းနည်းတော့ လေးတဲ့ပုံပဲရှင့်။"

"ကျွန်တော်ကိုယ်တိုင် လာပေးချင်ပေမဲ့ ကွီးန်က သူကိုယ်တိုင် သယ်သွားချင်တယ်ဆိုလို့ပါ………။ ထင်ထားတာထက် ပိုသန်မာတဲ့ကောင်မို့လို့ မစိုးရိမ်ပါနဲ့။"

တော်ဝင်မင်းသား ဟိုင်န်ရီက လေးတိလေးတွဲ ပြုံးလိုက်သော်လည်း မျက်ဝန်းအိမ်က စိုစွတ်နေသဖြင့် ထုံးစံအတိုင်း ခံ့ညားပြီး ဘဝင်လေဟပ်နေသည့် အငွေ့အသက်မျိုးတော့ ပေါ်မလာခဲ့ပေ။

"လက်ဖက်ရည် တစ်ခွက်လောက် သောက်မလားခင်ဗျ။ အာ... ကိတ်မုန့်ကရော အရသာရှိရဲ့လား။"

"အရသာရှိပါတယ်။ တကယ်ပဲ ကိုယ်တိုင် လုပ်ခဲ့တာလား။"

"ဝါသနာပါ။ အနောက်ဘုရင့်တိုင်းပြည်မှာဆိုရင် ကျွန်တော့်ကိုယ်ပိုင် သီးသန့် မီးဖိုခန်းတောင် ရှိပါတယ်။ ကွီးန်ကရော အချက်အပြုတ် ကောင်းကောင်းလုပ်တတ်လားဗျ။"

"တစ်ခါမှ မလုပ်ဖူးတော့......မတတ်လောက်ဘူးလို့ ထင်တာပဲ။"

"ချက်ပြုတ်တတ်တဲ့သူနဲ့ မချက်ပြုတ်တတ်တဲ့သူက ကောင်းကင်က ဖန်တီးပေးထားတဲ့ လက်တွဲဖော်တွေပဲတဲ့။ ကွီးန်နဲ့ ကျွန်တော်နဲ့က ကောင်းကင်က ဖန်တီးပေးထားတဲ့ လက်တွဲဖော်တွေ ဖြစ်မယ်ထင်တယ်ဗျ။"

တစ်ခါမှ မကြားဖူးသော စကားပင်။

မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက မျက်နှာများရဲတက်လာကာ နှာသီးဖျားကို ပွတ်သပ်နေသည်။

"အရှေ့အင်ပါယာမှာတော့ ဒီလိုစကားမျိုး မရှိဘူးထင်ပါရဲ့။"

"ဟုတ်ကဲ့။"

"ပြတ်သားလိုက်တာဗျာ။"

"ဟို......တော်ဝင်မင်းသား။ ကွီးန်ကို တွေ့ချင်လို့လေ..."

"ကွီးန်ကိုလားဗျ။ ကွီးန်ကို ဘာဖြစ်လို့ ရုတ်တရက်ကြီး......"

"စောစောက ငိုပြီးထွက်သွားတာကို မြင်လိုက်ရလို့လေ။ တအားကို ဝမ်းနည်းပက်လက် ငိုနေတဲ့ပုံမို့လို့ စိတ်ပူသွားမိလို့ပါ။"

စကားပြောနေရင်းကပင် ကျွန်မ အခန်းတစ်နေရာရာမှ ထွက်ပေါ်လာမည့် 'တဂူဂူ' အသံလေးကို နားစွင့်နေမိသည်။

သို့သော် ဟိုင်န်ရီ၏ အခန်းထဲတွင် ငှက်မွေးမြူသည့်အခါ ရတတ်သည့် ထူးခြားသော အနံ့အသက်လည်း မရှိသလို၊ ငှက်အော်သံလည်း မကြားရပေ။

တော်ဝင်မင်းသား ဟိုင်န်ရီက 'အာ......' ဟု အသံပြုကာ အခက်တွေ့နေသည့်ပုံစံဖြင့် ပြုံးခဲ့သည်။

"ဘယ်လိုလုပ်မလဲဗျ။ ကွီးန်က အမဲလိုက်ထွက်သွားတာကို။"

"အမဲလိုက်ထွက်တယ်၊ ဟုတ်လား။"

"တကယ်ပဲ အမဲလိုက်နေတာလား၊ ဘာလုပ်နေတာလဲတော့ မသိပေမဲ့ တစ်ခါတလေ မြို့တော်ကို ပျံဝဲရင်း တစ်ယောက်တည်း ကစားတတ်တာတော့ သေချာပါတယ်။"

"ငိုပြီး ပြန်ဝင်မလာဘူးလားရှင့်။"

"နည်းနည်းပါးပါးလို့ပဲပြောရမလား။ ဒါပေမဲ့ ချက်ချင်း ပြန်အဆင်ပြေသွားပါတယ်။"

ဆံပင်အပြာရောင်နှင့် စစ်သည်တော်ကတော့ ငှက်က ငိုပြီးရောက်လာလို့ စိတ်ပူနေခဲ့တာကို။

အဲ့ဒီလောက်ဆိုရင် ပေါက်ကွဲထွက်မတတ် ငိုပြီးရောက်လာတာပဲ မဟုတ်ဘူးလား။

သံသယဖြစ်မိသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီကမူ အလွန်ပင် တည်ငြိမ်နေသည့် မျက်နှာထားမျိုး ဖြစ်နေသည်။

ငှက်သခင်က အဆင်ပြေပါသည်ဆိုမှတော့ မဟုတ်နိုင်ပါဘူးဟု အတင်းငြင်းဆန်နေ၍ မရသဖြင့် ကျွန်မလည်း မတတ်သာဘဲ ခေါင်းညိတ်လိုက်ရ၏။

"အဲ့ဒီလိုကိုး။ ဒါဆိုရင်တော့ တော်ပါသေးရဲ့။"

လက်ဖျားလေးများက စကပ်အနားရှိ ဇာအနားစလေးကို ထိမိသဖြင့် ထူးဆန်းသော အထိအတွေ့ကို ခံစားလိုက်ရသည်။

ဤနေရာတွင် ဆက်ပြောစရာ စကားလည်းမရှိတော့ပေ။

သို့ဆိုလျှင် သွားရပေတော့မည်။

ကျွန်မက သွားတော့မည်ဟူသော အမူအရာဖြင့် တံခါးဘက်ကို အရင်ကြည့်လိုက်ပြီး "ဒါဆိုရင်" ဟု တိုးတိုးလေးပြောကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

တော်ဝင်မင်းသား ဟိုင်န်ရီက အမြန်လိုက်လာကာ တံခါးဖွင့်ပေးခဲ့၏။

သို့သော် ထိုမျှနှင့်တင် ရပ်မနေဘဲ အပြင်အထိ အတူတူ လိုက်ထွက်လာသည်။

ဘာကြောင့် လိုက်ထွက်လာတာပါလိမ့်ဟု လှမ်းကြည့်လိုက်တော့ သူက ပြုံးရွှင်သောမျက်နှာထားဖြင့် ကျွန်မသွားရမည့်ဘက်ကို ညွှန်ပြကာ မေးလာ၏။

"လက်ဆောင်က ဘယ်လိုလဲခင်ဗျ။"

အမှတ်တမဲ့ ကျွန်မ သူညွှန်ပြရာဘက်သို့ လျှောက်သွားမိရာ တော်ဝင်မင်းသား ဟိုင်န်ရီကလည်း သဘာဝကျကျ ဘေးနားမှ ကပ်လိုက်လာသဖြင့် ကျွန်မတို့နှစ်ယောက်သား ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေသည့်ပုံစံမျိုး ဖြစ်သွားတော့သည်။

ခဏအကြာတွင် နောက်သို့ လှည့်ကြည့်လိုက်တော့ ဆံပင်အပြာရောင်နှင့် စစ်သည်တော်က စိုးရိမ်တကြီးဖြင့် ဤဘက်သို့ ကြည့်နေပြီးမှ အလျင်အမြန် ခေါင်းငုံ့သွားသည်ကို တွေ့လိုက်ရ၏။

ကျွန်မ အကြည့်ကို ရှေ့သို့ပြန်လွှဲလိုက်သည်။

"ကွီးန်။ လက်ဆောင်ကို သိပ်သဘောမကျလို့လားဗျ။"

"အာ... သဘောကျပါတယ်။ ကျေးဇူးတင်ပါတယ်၊ တော်ဝင်မင်းသား ဟိုင်န်ရီ။"

"ဝန်ထုပ်ဝန်ပိုးဖြစ်ရသလိုမျိုး မခံစားရဘူးလားခင်ဗျ။"

"...."

သူက ဘယ်လိုလုပ်သိသွားတာလဲ။

လန့်ဖျပ်ပြီး လှမ်းကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက အေးအေးလူလူပြုံးရင်း ရှင်းပြလာသည်။

"နည်းနည်းတော့ စိုးရိမ်နေခဲ့တာပါ။ ကျွန်တော်က ဧကရီအရှင်မနဲ့ သူငယ်ချင်းဆိုပေမဲ့ ကျွန်တော်တို့ သိလာခဲ့ကြတဲ့ သက်တမ်းက သိပ်မကြာသေးဘူးမဟုတ်လား။ အဲ့ဒီတော့ အားနာစိတ် ဖြစ်သွားလောက်တယ်လို့ တွေးမိခဲ့တာပါ။"

"အဲ့ဒီလိုကိုး။"

"ဝန်ထုပ်ဝန်ပိုးလိုမျိုး မခံစားစေချင်ပါဘူး။ အနောက်ဘုရင့်တိုင်းပြည်က ကျောက်မျက်ရတနာထွက်တဲ့ တိုင်းပြည်ဖြစ်တဲ့အပြင် မိုင်းတွင်းအများစုကိုလည်း တော်ဝင်မိသားစု ပိုင်တာမို့လို့ပါ။"

တော်ပါသေးရဲ့ဟု မှတ်ယူကာ ခေါင်းညိတ်ပြုံးပြလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက နှုတ်ခမ်းအစုံကို နူးညံ့စွာ ကွေးညွှတ်ပြုံးပြရင်း လက်တစ်ဖက်ကို ရင်ဘတ်ပေါ် တင်လိုက်သည်။

"တော်ပါသေးရဲ့။ တောက်လျှောက် စိုးရိမ်နေခဲ့တာကို။"

"တော်ဝင်မင်းသား ဟိုင်န်ရီက ဘာလို့ လူရှုပ်လူပွေဆိုပြီး အထင်လွဲခံရမှန်း နားလည်သွားသလိုပဲ။"

"ဗျာ။"

"အခုလိုမျိုး ကြင်ကြင်နာနာနဲ့ တစ်ဖက်လူအပေါ် ငဲ့ညှာတတ်လို့ ဖြစ်မှာပေါ့။"

"......ကျွန်တော်က လူရှုပ်လူပွေ မဟုတ်ပါဘူး ဧကရီအရှင်မ။"

"ကျိန်းသေပေါက် ယုံပါတယ်။"

"လုံးဝ ယုံတဲ့မျက်နှာမျိုး မဟုတ်တာကို။"

အဲ့ဒါကတော့… နှစ်သစ်ကူးပွဲတော်တုန်းက 'တော်ဝင်မင်းသားနဲ့ပတ်သက်ပြီး လူရှုပ်လူပွေဆိုတဲ့ ကောလာဟလတွေကို မယုံပါဘူး' လို့ ကျွန်မပြောလိုက်တော့ သူက တဟားဟား အော်ရယ်ခဲ့တာကိုး။

အိုးတိုးအမ်းတမ်း ပြုံးလိုက်မိတော့ တော်ဝင်မင်းသား ဟိုင်န်ရီက စိတ်ပျက်ညှိုးငယ်နေသော အသံဖြင့် တီးတိုးရေရွတ်ခဲ့သည်။

"ဒါတွေအားလုံးက ကျွန်တော့်သူငယ်ချင်းကြောင့်ပါ။ အဲ့ဒီကောင်ကမှ တကယ့် လူရှုပ်လူပွေလေ။"

"မြို့စားမင်း အယ်ရ်ဂီကို ပြောတာလား။"

"သိနေတယ်ပေါ့လေ။"

လူမှုရေးအသိုင်းအဝိုင်းထဲတွင် သူတို့နှစ်ယောက်အကြောင်း သတင်းမကြားဖူးသည့် မှူးမတ်ဟူ၍ ရှိနိုင်လောက်ပါ့မည်လား။

သို့သော် အမှန်အတိုင်း ပြောမည့်အစား မြို့စားမင်း အယ်ရ်ဂီနှင့် ပတ်သက်ပြီး ထပ်မံမေးမြန်းလိုက်သည်။

"မြို့စားမင်း အယ်ရ်ဂီလည်း မကြာသေးခင်ကမှ တောင်နန်းဆောင်ကို ရောက်လာတာမို့လို့လေ။ အဲ့ဒီပုဂ္ဂိုလ်ကရော ဒီနေရာကို သဘောကျတယ်လို့ ပြောလားရှင့်။"

မြို့စားမင်း အယ်ရ်ဂီ ဤနေရာသို့ ရောက်လာပြီးနောက် သူနှင့်ပတ်သက်ပြီး ကြားရသမျှ သတင်းအတော်များများက ရက်ရှ်တာနှင့် ပတ်သက်နေတတ်သည်။

သူက ရက်ရှ်တာနှင့် မကြာခဏ အတူသွားလာတတ်သည်ဟု ကြားထားသော်လည်း သူ၏ သူငယ်ချင်းအရင်းကြီးဖြစ်သည့် တော်ဝင်မင်းသား ဟိုင်န်ရီနှင့် အတူရှိနေသည်ဟူသော သတင်းမျိုးတော့ မကြားမိပေ။

ထို့ကြောင့် တမင် သူ့အကြောင်းကို မေးကြည့်လိုက်ခြင်းဖြစ်သည်။

ဧကန္တ နှစ်ယောက်သား ရန်များဖြစ်ထားကြသလားဟု သိချင်သောကြောင့်ပင်။

တစ်ခုခုဖြစ်ထားသည်မှာ သေချာနေသကဲ့သို့ တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာထားက တစ်မျိုးဖြစ်သွားသည်။

တကယ်ပဲ ရန်ဖြစ်ထားကြတာလား။

တော်ဝင်မင်းသား ဟိုင်န်ရီက ရက်ရှ်တာနှင့် အဆင်မပြေဖြစ်နေချိန်တွင် မြို့စား အယ်ရ်ဂီက ရက်ရှ်တာနှင့် ရင်းရင်းနှီးနှီး ရှိနေသဖြင့် ရန်ဖြစ်စရာ အကြောင်းရင်းများစွာ ရှိနေပေသည်။

စိတ်ပူသွားသဖြင့် ခဏရပ်လိုက်မိရာ တော်ဝင်မင်းသား ဟိုင်န်ရီကလည်း လိုက်ရပ်သွား၏။

"အမှန်တော့လေ၊ ဧကရီအရှင်မ။ တောင်းဆိုစရာတစ်ခု ရှိပါတယ်။"

သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီ၏ အဖြေကမူ ထင်မှတ်မထားသောအရာ ဖြစ်နေခဲ့သည်။

"ဘာကိုများ တောင်းဆိုချင်တာလဲ။"

"မဟုတ်တောင် ဘယ်လိုပြောရမလဲဆိုပြီး တောက်လျှောက် တွေးပူနေခဲ့တာကို။ စကားစပ်မိတုန်း ပြောလိုက်တာက ပိုကောင်းမယ်ထင်လို့ပါ။"

"..."

"မြို့စား အယ်ရ်ဂီ ရှေ့မှာဆိုရင်.....အတတ်နိုင်ဆုံး မျက်လုံးထဲမဝင်စေမဲ့ ပုံစံမျိုးနဲ့ပဲ နေပေးပါ။"

"..."

ဒါက ဘာစကားပါလိမ့်။

ကျွန်မ ကြောင်အမ်းအမ်းဖြင့် သူ့ကို စိုက်ကြည့်နေမိတော့သည်။

သို့သော် ထူးဆန်းသောတောင်းဆိုမှုကို ပြုလုပ်နေသည့် တော်ဝင်မင်းသား ဟိုင်န်ရီကမူ ဘယ်တုန်းကနှင့်မှမတူအောင် ပို၍တည်ကြည်လေးနက်နေပုံပင်။

“ဆက်ဆက် အဲ့ဒီလို လုပ်ပေးလို့ရမလားဗျ။”

“ဘာလို့ အဲ့ဒီလို လုပ်ရမှာလဲ။”

“မြို့စား အယ်ရ်ဂီနဲ့ ပတ်သက်မိတဲ့ မိန်းမတွေအားလုံးက ကံဆိုးမိုးမှောင်ကျကုန်လို့ပါ။”

“.....”

“တစ်ခါတလေကျရင် သူက အသက်ဝင်နေတဲ့ ကျိန်စာသင့်အရုပ်လို၊ လူသား နာနာဘာဝပုံပြင်လိုတောင် ထင်ရတဲ့အထိမို့လို့ လုံးဝ မပတ်သက်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဧကရီ အရှင်မကတော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေနေရင်တောင် ဆွဲဆောင်မှုရှိလွန်းနေတော့……”

နောက်နေတာလား။

ဒါမှမဟုတ် စကားကို လှည့်ပတ်ပြီး မြှောက်ပြောနေတာလား။

ကျွန်မ ချက်ချင်း ခပ်သဲ့သဲ့ ရယ်မိသွား၏။

သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဒူးကို အနည်းငယ် ညွှတ်လိုက်ပြီးနောက် ကျွန်မကို သူ၏ ခရမ်းရောင်မျက်ဝန်းများနှင့် ဆုံစေကာ ထပ်တလဲလဲ တောင်းဆိုခဲ့ပြန်သည်။

“တကယ်​ပါ။ အဲ့ဒီလို လုပ်ပေးပါ။ လုံးဝ၊ လုံးဝ အဲ့ဒီကောင်ရှေ့မှာ အခုလိုမျိုး လှလှလေးဖြစ်အောင် မနေပါနဲ့။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment