no

Font
Theme

အပိုင်း ၁၁၆ (ဆိုဗီရ်ရှု၏ အံ့ဩတုန်လှုပ်မှု ၂)

ဒီအခြေအနေကို ကျော်လွှားနိုင်မဲ့ နည်းလမ်းက ဘာရှိဦးမလဲ။

ထိုစစ်သည်တော် အဟန့်အတားကို မည်သို့ ဖြတ်ကျော်ပြီး အပြင်သို့ ထွက်သွားနိုင်မည်နည်း။

ကျွန်မ စင်္ကြံလမ်းအတိုင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း၊ တစ်ခါတစ်ရံ ပြတင်းပေါက်အပြင်ဘက်မှ ခြံတံတိုင်းနှင့် စစ်သည်တော်များကို လှမ်းကြည့်ကာ တွေးတောပူပန်နေမိသည်။

သို့သော်လည်း မည်မျှပင် စဉ်းစားစဉ်းစား အကြံကောင်းတစ်ခုမျှ ထွက်မလာချေ။

လူအဝင်အထွက်ရှိသည်နှင့် စစ်သည်တော်များက မျက်နှာကို သေချာပေါက် အလွတ်မပေးဘဲ စစ်ဆေးကြသည်။

မျက်နှာကို ဖုံးကွယ်ပြီး ဖြတ်သန်းသွားရန် ကြံစည်လျှင်လည်း မည်သို့သောအကြောင်းပြချက်မျိုးပင် ပေးပေး၊ မျက်နှာကို မဖြစ်မနေ ဖော်ပြစေပြီးမှ စစ်ဆေးတတ်ကြ၏။

ခြံတံတိုင်းကို ကျော်ဖြတ်ပြီး ထွက်ပြေးရန် ကြိုးစားလျှင်လည်း အထဲသို့ ပြန်လည်ပစ်ချခံရမည်ဖြစ်ပြီး၊ မြင်းရထားများဆိုလျှင် အဝင်အထွက်ကို လုံးဝ ပိတ်ပင်ထားသည်။

ထွက်ပြေးရန် လမ်းစက ဝေးကွာလွန်းလှသည့်ပုံပင်။

ဟိုင်န်ရီ ပြောခဲ့သလို အနောက်ဘုရင့်တိုင်းပြည်ဘက်ကနေ တရားဝင် ကန့်ကွက်လာရုံအပြင် မရှိတော့ဘူး……

တကယ်ပဲ သူနဲ့ ပြန်လည်ထိမ်းမြားခဲ့တာက ကျွန်မရဲ့ လောဘကြောင့်များလား။

ကျွန်မကြောင့် ဟိုင်န်ရီပါ အရှက်ခွဲခံနေရသလို ခံစားရသဖြင့် စိတ်နှလုံးက လေးလံလာမိသည်။

သို့သော်လည်း ငေးငိုင်စွာဖြင့် ပြတင်းပေါက်နားသို့ ဖြတ်သန်းသွားစဉ်။

အဝေးမှ ထူးဆန်းသော မြင်ကွင်းတစ်ခုကို လှမ်းမြင်လိုက်ရသည်။

အနောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ပြီး သေချာကြည့်လိုက်မိရာ၊ နက်မှောင်ပြီး ကြီးမားခမ်းနားလှသော မြင်းရထားတစ်စီးက အထဲသို့ မောင်းနှင်ဝင်ရောက်လာနေ၏။

‘ဘယ်လိုလုပ်ပြီးတော့လဲ။’

မြင်းရထားထဲတွင် ပုန်းအောင်းပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်၍ ဆိုဗီရ်ရှုက မြင်းရထားများ ဝင်ထွက်သွားလာခြင်းကိုပါ လုံးဝ ပိတ်ပင်ထားခဲ့သည်မဟုတ်ပါလား။

စိုးရိမ်သွားသဖြင့် လှေကားထစ်များအတိုင်း အမြန်ဆင်းကာ ပင်မဂိတ်တံခါးကြီးဆီသို့ ထွက်လာခဲ့မိသည်။

‘ဆိုဗီရ်ရှုများလား။’

အကယ်၍ ဆိုဗီရ်ရှုသာ မဟုတ်ခဲ့လျှင် စစ်သည်တော်များက မြင်းရထားကို ပေးဝင်စရာ အကြောင်းမရှိပေ။

သို့သော်လည်း မြင်းရထားတံခါးကို ဖွင့်ကာ ဆင်းလာသူက ထင်မှတ်မထားသောပုဂ္ဂိုလ် ဖြစ်နေ၏။

မြို့စားမင်း အယ်ရ်ဂီ။

ဟိုင်န်ရီ၏ မိတ်ဆွေဖြစ်သလို ရက်ရှ်တာ၏ သူငယ်ချင်းလည်းဖြစ်သော မြို့စားမင်း အယ်ရ်ဂီက ဤနေရာသို့ ရောက်ရှိလာခြင်းပင်။

“ဟိုင်န်ရီရော။”

မြို့စားမင်း အယ်ရ်ဂီက မြင်းရထားကို ချည်နှောင်ရန် အနားသို့ ချဉ်းကပ်လာသော အစေခံကို မေးမြန်းနေစဉ် ကျွန်မကို လှမ်းမြင်သွားပြီးနောက် ပြုံးပြလာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် အစေခံကမူ ကျွန်မကို မြင်လိုက်ရသည်နှင့် စိတ်အေးသွားသော မျက်နှာထားမျိုး ဖြစ်သွား၏။

အလောတကြီး ပြေးထွက်လာခဲ့မိသော်လည်း သူစိမ်းဧည့်သည်တစ်ဦးက ရောက်ရောက်ချင်း အိမ်တော်၏ ဧည့်သည်ကို ပေါ်တင်ရှာဖွေနေခြင်းမှာ ထူးဆန်းနေသည့်ပုံပင်။

ကျွန်မလည်း သူ့ကို ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရန် လက်ရိပ်ပြလိုက်ပြီးနောက်၊ မြို့စားမင်း အယ်ရ်ဂီရှိရာဘက်သို့ လျှောက်သွားလိုက်၏။

မြို့စားမင်း အယ်ရ်ဂီက နဖူးကိုကုတ်ရင်း အနေခက်သော မျက်နှာထားမျိုး လုပ်ပြခဲ့သော်လည်း၊ ကျွန်မက သူ့ရှေ့မှောက်အထိ ရောက်သွားကာ “တော်တော်ကြာမှ တွေ့ရတာပဲ” ဟု နှုတ်ဆက်လိုက်တော့ သူက ညင်သာစွာ ပြုံးရင်း ပြန်လည်ဖြေကြားလာသည်။

“ဟုတ်ပါရဲ့။ ကောင်းကောင်းရှိနေပါရဲ့လားခင်ဗျ။”

“……မြင်တဲ့အတိုင်းပဲပေါ့။”

သူက ရှီးခနဲ ပေါ့ပေါ့ပါးပါး ပြုံးပြလာ၏။

“အကောင်းလား၊ အဆိုးလားတော့ မသိတော့ပါဘူး။”

“စဉ်းစားပုံအပေါ် မူတည်ပြီး ကွဲပြားသွားမှာပေါ့။”

“ကျွန်တော့်အမြင်အရတော့ သိပ်ပြီး အဆင်ပြေနေပုံမရဘူးဗျ။”

“ဟိုင်န်ရီကို တွေ့ဖို့ လာတာလား။”

မြို့စားမင်း အယ်ရ်ဂီက နှုတ်ခမ်းအစွန်းကို ဆတ်ခနဲ တွန့်ရုံမျှသာ ပြုံးခဲ့သည်။

“ဟုတ်ပါတယ်။ ဟိုင်န်ရီရော အဆင်ပြေရဲ့လားခင်ဗျ။”

ကျွန်မက ဟိုင်န်ရီကို နာမည်အတိုင်း ခေါ်သကဲ့သို့၊ မြို့စားမင်း အယ်ရ်ဂီကလည်း ယခုအခါ ဘုရင်တစ်ပါး ဖြစ်နေပြီဖြစ်သော သူ့ကို သဘာဝကျစွာပင် နာမည်အတိုင်းသာ ခေါ်ခဲ့သည်။

ကျွန်မ သိထားသလောက်ဆိုလျှင် မြို့စားမင်း အယ်ရ်ဂီက ဟိုင်န်ရီ၏ နန်းတက်ပွဲသို့ပင် မတက်ရောက်ခဲ့ချေ။

သို့တိုင်အောင် ဟိုင်န်ရီနှင့် ခင်မင်ရင်းနှီးမှုက အမြဲတမ်း နက်ရှိုင်းနေဆဲဖြစ်မည်လား။

သို့သော် ဤကဲ့သို့သော အကြောင်းအရာကို မေးမြန်းလျှင်လည်း သူက ဖြေကြားပေးလိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် သူတို့နှစ်ဦး၏ သံယောဇဉ်က အရေးကြီးသော ကိစ္စရပ်တစ်ခုလည်း မဟုတ်သောကြောင့်။

ကျွန်မ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထပ်မံ၍ မေးမြန်းလိုက်သည်။

“ဟိုင်န်ရီကို လာတွေ့တာက အရှင်ဧကရာဇ်ရဲ့ ဆန္ဒကြောင့်လား။”

“....”

“ထင်တဲ့အတိုင်း ဖြစ်နေတဲ့ပုံပါလား။”

“အရင်ကတည်းက အမြဲတမ်း တွေးခဲ့မိတာဆိုပေမဲ့ အကဲခတ် အရမ်းတော်တာပဲနော်။”

တော်ဝင်ကိုယ်ရံတော် စစ်သည်များက ဆိုဗီရ်ရှု၏ အမိန့်သာ မရှိခဲ့လျှင် မြင်းရထားကို ပေးဝင်လိမ့်မည်မဟုတ်သောကြောင့်ပင်။

ဤသည်က အကဲခတ်တော်ခြင်း၊ မတော်ခြင်းနှင့် မဆိုင်သော်လည်း၊ ထိုအကြောင်းအရာကို ထပ်မံ၍ အကျယ်ချဲ့မပြောတော့ဘဲ ကျွန်မ မျက်ရိပ်ပြရင်း ဥယျာဉ်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

“ဟိုင်န်ရီနဲ့ မတွေ့ခင်၊ အရင်ဆုံး စကားခဏလောက် ပြောချင်လို့ပါ။”

“အမ်။ အဲ့ဒါကတော့ အရှင်ဧကရာဇ်ရဲ့ဆန္ဒ မဟုတ်ပေမဲ့……”

“ရှင်ရဲ့ ဆန္ဒအနေနဲ့။”

မြို့စားမင်း အယ်ရ်ဂီက ကျွန်မနှင့် စကားပြောရန် သဘောမကျသည့်အလား မျက်လုံးကို ဘေးသို့ ဝေ့ဝဲကြည့်လိုက်သော်လည်း၊ မကြာမီမှာပင် ပြုံးလျက် အလေးပြုဟန် လုပ်ပြခဲ့သည်။

“အမိန့်တော်အတိုင်းပါဗျ။”

~~~~

ကျွန်မ သူ့ကို လူသူအနည်းငယ်သာ ဖြတ်သန်းသွားလာတတ်သော ဥယျာဉ်ဆီသို့ ခေါ်ဆောင်သွားပြီးနောက်၊ ပတ်ဝန်းကျင်၌ မည်သူမျှမရှိကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။

မြို့စားမင်း အယ်ရ်ဂီက ကျွန်မ၏ ထိုကဲ့သို့သော အမူအရာကို သဘောတွေ့နေသည့်အလား ပေါ့ပေါ့ပါးပါး ရယ်လေ၏။

“အာ။ ဘယ်လို လျှို့ဝှက်ချက်တွေများ ပြောမလို့လဲခင်ဗျ။”

“လူတွေ မသိစေချင်တဲ့ အကြောင်းအရာ။ မိသားစုတွေဆိုရင် ပိုပြီးတော့တောင် မသိစေချင်တဲ့စကားမို့လို့ပါ။”

“မျှော်လင့်မိသွားပြီဗျာ။”

မြို့စားမင်း အယ်ရ်ဂီက စကားဆုံးသည်နှင့်တစ်ပြိုင်နက် မျက်လုံးများ တောက်ပသွားကာ အနားသို့ ချဉ်းကပ်လာပြီး၊ လက်တစ်ဖက်ဖြင့် ဘေးနားရှိ အနီရောင် အုတ်တံတိုင်းကို ထောက်ထားခဲ့သည်။

ခန္ဓာကိုယ်ကို စောင်းလျက်ဖြင့် မာန်ဝင့်စွာ ပြုံးနေသော သူ၏ပုံစံက လူမှုရေးလောကတွင် နာမည်ကြီးသော အပျော်အပါးမက်သူနှင့် အလွန်ပင် တူလှပေ၏။

ကြည့်ကောင်းသလို ပေါ့ပေါ့ပါးပါလည်း ရှိလှသည်။

ရုတ်တရက် ဟိုင်န်ရီသည်လည်း မြို့စားမင်း အယ်ရ်ဂီနှင့်အတူ တွဲဖက်ကာ တိုင်းပြည်အသီးသီး၏ လူမှုရေးလောကကို မွှေနှောက်ခဲ့စဉ်က ထိုကဲ့သို့ ပြုမူနေထိုင်ခဲ့လေမလားဟု သိချင်စိတ်ပေါ်လာမိ၏။

‘နောက်မှပဲ မေးကြည့်ရမယ်။’

“စကားကို အလွယ်တကူ ထုတ်မပြောပုံထောက်ရင် တော်တော်လေး အနေခက်စရာစကားမျိုး ပြောတော့မယ်ထင်တယ်။ ကျွန်တော် အဲ့ဒီလို အကြောင်းအရာမျိုးကို သဘောကျမှန်း ဘယ်လိုများ သိနေတာလဲ။”

“မြို့စားမင်း။ ရှင်က လေဒီ ရက်ရှ်တာနဲ့ သူငယ်ချင်းတွေ မဟုတ်လား။”

“……အာ။ ကျွန်တော် တွေးထားတဲ့ လမ်းကြောင်းမျိုး မဟုတ်ပါလား။”

ခပ်ပေါ့ပေါ့ နေတတ်သော်လည်း အကဲခတ် မညံ့ပေ။

သူက တံတိုင်းပေါ်တွင် တင်ထားသော လက်ကို ချလိုက်ပြီးနောက် ကျွန်မကို တည်ငြိမ်စွာ စိုက်ကြည့်လာသည်။

နှုတ်ခမ်းထောင့်စွန်းများက နောက်ပြောင်ကျီစယ်လိုဟန်ဖြင့် ဆက်လက် ကွေးညွတ်နေဆဲဖြစ်သော်လည်း၊ မျက်နှာထားကမူ အနည်းငယ် ပို၍တည်ကြည်သွားခဲ့သည်မှာ အမှန်ပင်။

ကျွန်မ ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လည်အကဲခတ်ပြီးနောက် စကားစလိုက်သည်။

“လေဒီ ရက်ရှ်တာ ပြဿနာ ရှာသည်ဖြစ်စေ၊ မရှာသည်ဖြစ်စေ ကျွန်မနဲ့တော့ မဆိုင်ဘူးပေါ့။”

“....”

“ဒါပေမဲ့ လေဒီ ရက်ရှ်တာရဲ့ လုပ်ရပ်တွေက အရှေ့အင်ပါယာရဲ့ ပြည်သူလူထုအပေါ် ထိခိုက်နစ်နာမှု ဖြစ်စေမယ်ဆိုရင်တော့၊ ရှင်က ဘေးနားကနေ မှန်ကန်တဲ့လမ်းကြောင်းကို ညွှန်ပြပေးပါ။”

ကျွန်မ ကွာရှင်းပြတ်စဲသည့်နေ့က အခြေအနေ အချိန်အခါနှင့် လုံးဝ မကိုက်ညီသော ခမ်းနားထည်ဝါလွန်းသည့် ဂါဝန်ကို ဝတ်ဆင်လာခဲ့သည့် ရက်ရှ်တာကို မှတ်မိနေသေးသည်။

ထို့အပြင် ပထမဆုံး နန်းတော်သို့ ရောက်ရှိလာစဉ်ကနှင့် လုံးဝ ပြောင်းလဲသွားခြင်းမရှိသော အပြောအဆိုများကိုပါ သတိရမိ၏။

သူ့အပါးတွင် အချေအတင်ဖြစ်ရမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ သေချာစွာ အကြံဉာဏ်ပေးမည့်သူ မရှိသည်မှာ ထင်ရှားလှပေသည်။

ရက်ရှ်တာက ဤအတိုင်း ချစ်သူအဆင့်၌သာ ဆက်ရှိနေမည်ဆိုလျှင်၊ ဘေးနားတွင် အကျိုးအမြတ်ကိုသာ မျှော်ကိုးနေသူများ ဝိုင်းရံနေသည်ဖြစ်စေ ကျွန်မနှင့် မဆိုင်ပေ။

သို့သော်လည်း ဆိုဗီရ်ရှုက ရက်ရှ်တာကို ဧကရီမြှောက်ရန် ကြံစည်နေသဖြင့် ပြဿနာဖြစ်နေရခြင်းပင်။

မိမိ မြို့စားမင်း အယ်ရ်ဂီကို ယခုလေးတင် ပြောခဲ့သလို ရက်ရှ်တာ သူ့ဘာသာ ဘာပဲလုပ်နေပါစေ ကျွန်မ ဂရုမစိုက်။

ယခုဆိုလျှင် ကျွန်မအနေဖြင့် သူ့ကို ပြန်လည်ဆုံတွေ့ရမည့် အကြောင်းရင်းပင် မရှိတော့။

သို့သော်လည်း ရက်ရှ်တာက မိမိကိုယ်ကိုယ် ဖျက်ဆီးရင်း အရှေ့အင်ပါယာနှင့် ပြည်သူလူထုကိုပါ ဆွဲသွင်းသွားမည်ကိုမူ မလိုလားချေ။

ကျွန်မက ယခုအခါ အနောက်ဘုရင့်တိုင်းပြည်၏ မိဖုရားဖြစ်လာပြီဖြစ်၍ အနောက်ဘုရင့်တိုင်းပြည် ပြည်သူများအတွက် ရှင်သန်သွားမည်ဖြစ်သော်လည်း……

အရှေ့အင်ပါယာ၏ ဧကရီ မဟုတ်တော့သည့်တိုင်၊ အရှေ့အင်ပါယာက ကျွန်မ၏ မိခင်နိုင်ငံဖြစ်သည်ဟူသောအချက်မှာ ပြောင်းလဲသွားမည်မဟုတ်ပေ။

သို့သော်လည်း စိတ်ရင်းရှိရှိ၊ မရှိရှိ အလိုက်သင့် ဖြေကြားတတ်သော မြို့စားမင်း အယ်ရ်ဂီက ကျွန်မ၏ စကားကြောင့် အကျပ်ရိုက်သွားသည့် မျက်နှာထားဖြင့် သက်ပြင်းချခဲ့သည်။

“ဒုက္ခပါပဲ။”

“ခက်ခဲတဲ့ ကိစ္စမျိုးမို့လို့လား။”

မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာ ဒုက္ခရောက်နေသည့် အချိန်ကတည်းက ကူညီပေးခဲ့သော မိတ်ဆွေတစ်ဦးဖြစ်ရာ၊ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုရန် လုံလောက်သည်မဟုတ်ပါလား။

“ဘာဖြစ်လို့ ဒီလိုစကားကို ကွယ်ရာမှာ တကူးတက လာပြောရတာလဲဗျ။”

ရက်ရှ်တာအတွက် ရည်ရွယ်ပြီး တောင်းဆိုခြင်းမျိုး မဟုတ်သော်လည်း ရက်ရှ်တာအတွက် ကောင်းကျိုးဖြစ်စေမည့် အကူအညီဖြစ်သောကြောင့်ပင်။

မိဘနှစ်ပါးနှင့် ဟိုင်န်ရီသာ ဤတောင်းဆိုမှုကို ကြားသိသွားပါက စိတ်မကောင်း ဖြစ်ကြရပေလိမ့်မည်။

သို့သော်လည်း အကြောင်းရင်းကို အသေးစိတ် ရှင်းပြနေပါက မိမိကို စိတ်ပျော့သူအဖြစ် မြင်သွားစေနိုင်ရာ ကျွန်မ တည်ငြိမ်သော မျက်နှာထားဖြင့်သာ ပြောလိုက်သည်။

“ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ဘူးထင်ပါတယ်။”

ရှင်ကိုယ်တိုင်ကလည်း ရက်ရှ်တာ့ဘေးမှာ အမြတ်ထုတ်ဖို့ ကပ်တွယ်နေတဲ့လူ မဟုတ်ဘူးဆိုရင်ပေါ့။

မြို့စားမင်း အယ်ရ်ဂီက ကျွန်မကို စိုက်ကြည့်နေခဲ့ပြီးနောက်၊ ကျွန်မ အလိုရှိသော အဖြေအစား လုံးဝ လွဲချော်နေသော စကားတစ်ခွန်းကို ပြောလာသည်။

“ကျွန်တော် မြင်းရထားစီးပြီး လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး တွေးပူခဲ့ရတဲ့ ကိစ္စတစ်ခု ရှိပါတယ်။”

“....”

“နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု မနည်းချလိုက်ရတာလေ။”

‘ဘာစကားပါလိမ့်။’

“ဒါပေမဲ့ ဒီလိုမျိုး ထွက်လာတော့ အခက်တွေ့ရပြီပေါ့။ ဓားကိုင်ပြီး ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားကို တရစပ် ထိုးဆွနေသလိုပဲ။”

“ဆင်ခြင်တုံတရား။”

မြို့စားမင်း အယ်ရ်ဂီက ထပ်မံ၍ သက်ပြင်းချရင်း အဲ့ဒီလိုအရာမျိုး ရှိပါသေးတယ်ဟု တီးတိုးရေရွတ်ခဲ့သည်။

ကျွန်မကမူ သူ၏စကားကို နားမလည်နိုင်သေးချေ။

မျက်မှောင်ကြုတ်လျက် သူ့ကို စိုက်ကြည့်နေမိရာ၊ မြို့စားမင်း အယ်ရ်ဂီက လက်ကိုဝှေ့ယမ်းပြရင်း အဓိပ္ပာယ်ပါပါ ပြုံးခဲ့သည်။

“ကဲပါ၊ လေဒီ ရက်ရှ်တာနဲ့ ကျွန်တော့် ကိစ္စက ဧကရီဟောင်း ကြားဝင်စွက်ဖက်ရမဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။”

“....”

“ဧကရီဟောင်းက မြန်မြန်လေး အခန်းထဲ ပြန်သွားပြီးတော့၊ မရှိမဖြစ် လိုအပ်တဲ့ အသုံးအဆောင်တွေကို အနည်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး အနောက်ဂိတ်ဆီ လာခဲ့ပါ။”

ကျွန်မတို့ စံအိမ်၏ အနောက်ဂိတ်က ဘယ်နေရာတွင် ရှိမှန်းပင်မသိဘဲ အနောက်ဂိတ်သို့လာခဲ့ရန် ပြောခဲ့သော မြို့စားမင်း အယ်ရ်ဂီကခြေလှမ်းအနည်းငယ် လှည့်ထွက်သွားပြီးမှ ပြန်လှည့်လာကာ မေးမြန်းခဲ့သည်။

“အာ။ ဒါနဲ့ ဟိုင်န်ရီက ဘယ်မှာရှိနေတာလဲဗျ။”

“ဘာဖြစ်လို့ အနောက်ပေါက်ကို……”

“မိတ်ဆွေရဲ့ဇနီး ဖြစ်လာပြီဆိုတော့၊ လျှို့ဝှက်ချိန်းတွေ့မှုကို မသိမသာ လုပ်ရမှာပေါ့။”

လျှို့ဝှက်ချိန်းတွေ့မှု…… အာ၊ ဧကန္တ။

“ကျွန်မကို ထွက်ပြေးလို့ရအောင် ကူညီပေးမလို့လား။”

ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်မည့် လူစားမျိုး မဟုတ်ဟု ထင်ထားခဲ့သော်လည်း၊ ဟိုင်န်ရီနှင့် ခင်မင်ရင်းနှီးမှုက အမှန်တကယ် ဖြစ်တည်နေသည့်ပုံပင်။

အံ့ဩတကြီး မေးလိုက်မိရာ၊ မြို့စားမင်း အယ်ရ်ဂီက မျက်လုံးကို မှေးစိုက်ကြည့်ရင်း ရေရွတ်ခဲ့၏။

“တုံ့ပြန်မှုကလည်း တကယ် ပျင်းခြောက်ခြောက်ကြီးပဲ။”

“ကျေးဇူးတင်ပါတယ်။”

“ချီးမွမ်းစကား ထင်လို့လားဗျ။”

“ထွက်ပြေးဖို့ ကူညီပေးတာကို ပြောတာပါ။ ရှင်က နည်းနည်း မသင်္ကာစရာ ကောင်းပေမဲ့ ကောင်းတဲ့ အရည်အချင်းလည်း ရှိတာပဲ။”

“...”

~~~~

ဘယ်လို အသုံးအဆောင်တွေ ယူဆောင်သွားရမလဲဟု တွေးတောရင်း၊ အနောက်ဘုရင့်တိုင်းပြည်တွင်လည်း အလွယ်တကူ ဝယ်ယူနိုင်သော ပစ္စည်းများကို လောလောဆယ် ချန်လှပ်ထားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ငွေပေးရုံနှင့် ဝယ်ယူရန် ခက်ခဲသော ပစ္စည်းများ၊ အမှတ်တရများ ပါဝင်နေသည့် ပစ္စည်းများကိုသာ ရွေးချယ်ခဲ့၏။

အသုံးအဆောင် ပစ္စည်းများကိုမူ နောက်ပိုင်းတွင်လည်း သယ်ဆောင်နိုင်မည့် နည်းလမ်းများ ရှိနေသည်ဖြစ်ရာ၊ ယခုအချိန်တွင် ထွက်ပြေးရ လွယ်ကူစေရန်အတွက် ပစ္စည်းများကို အတတ်နိုင်ဆုံး နည်းနည်းသာ ပြင်ဆင်ရပေမည်။

ပစ္စည်းများအားလုံး ပြင်ဆင်ပြီးသွားသည့်နောက်တွင် မိဘနှစ်ပါးထံသို့ သွားရောက်ကာ မြို့စားမင်း အယ်ရ်ဂီအကြောင်း ပြောပြပြီး အနောက်ဂိတ် စင်္ကြံဆီသို့ လျှောက်လာခဲ့သည်။

ကျွန်မ တံခါးတွင် တပ်ဆင်ထားသော ပြတင်းပေါက် သေးသေးလေးမှတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်မိ၏။

‘မြို့စားမင်း အယ်ရ်ဂီ ရောက်လာပြီလား။’

သို့သော်လည်း သူ၏ အရိပ်အယောင်ကို မမြင်ရဘဲ၊ သူ စီးနင်းလာခဲ့သော နက်မှောင်သည့် မြင်းရထားကိုသာ မြင်တွေ့လိုက်ရသည်။

မြင်းရထားပေါ်တွင် မြင်းရထားမောင်သူက နေရာယူထားပြီးသားဖြစ်နေပုံထောက်လျှင် မကြာမီ ထွက်ခွာတော့မည့်ပုံပင်။

ထိုမြင်းရထားထဲသို့ ကျွန်မကို တင်ဆောင်ပြီး ခေါ်ထုတ်သွားရန် ကြံစည်နေခြင်းလား။

ခေတ္တ စောင့်ဆိုင်းနေစဉ်တွင် မြို့စားမင်း အယ်ရ်ဂီနှင့် ဟိုင်န်ရီတို့ ချဉ်းကပ်လာကြသည်။

မြို့စားမင်း အယ်ရ်ဂီက ထားတော့၊ ဟိုင်န်ရီကမူ လက်ဗလာနီးပါး ဖြစ်နေ၏။

“ကွီးန်။”

လွန်ခဲ့သော နှစ်နာရီခန့်ကပင် ကျွန်မနှင့် အတူရှိနေခဲ့သည့်တိုင်။

ဟိုင်န်ရီက ကျွန်မကို မြင်လိုက်ရသည်နှင့် ပြုံးရွှင်သွားကာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသူလို ပြေးဝင်လာသည်။

မြို့စားမင်း အယ်ရ်ဂီက အနောက်တွင် အမြီးဖြစ်ဖြစ် တပ်ပေးရဦးမလားဟု ခနဲ့တဲ့တဲ့ ပြောဆိုနေခဲ့သော်လည်း ဂရုစိုက်ဟန်ပင် မပြခဲ့ချေ။

အတူလိုက်ပြုံးရင်း သူ့ကို ငေးကြည့်နေမိရာ၊ ဟိုင်န်ရီက မျက်မှောင်ကြုတ်ကာ မေးမြန်းလာသည်။

“ယောက္ခထီးနဲ့ ယောက္ခမကြီးတို့ရော။”

ကျွန်မက မကြာမီ ထွက်ခွာတော့မည်ဖြစ်ရာ၊ မိဘနှစ်ပါးက ဘာကြောင့် လိုက်လံပို့ဆောင်ခြင်း မရှိသလဲဟု နားမလည်နိုင်ဖြစ်နေသည့်ပုံပင်။

“ဧကန္တ……”

“ဒီတစ်ခါတော့ သေချာပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။”

“အာ။”

“ဒီမှာရှိတဲ့ လူအားလုံးက ကျွန်မတို့လူတွေဆိုပေမဲ့၊ မတော်လို့များဆိုတာ မသိနိုင်လို့ မိဘနှစ်ပါးက ပုံမှန်အတိုင်းပဲ ပြုမူနေထိုင်သွားမယ်တဲ့လေ။ လမ်းလျှောက်ထွက်သလိုမျိုးပဲ ထွက်ခွာသွားဖို့ မှာလိုက်တာပါ။”

“အာ……”

ဟိုင်န်ရီက အံ့အားသင့်စွာဖြင့် ခေါင်းညိတ်ပြခဲ့သော်လည်း၊ မြို့စားမင်း အယ်ရ်ဂီကမူ ထူးဆန်းသော မျက်နှာထား ဖြစ်သွားလေသည်။

“ဘယ်သူနဲ့ တူတာပါလိမ့်လို့ စဉ်းစားနေတာ၊ မိဘတွေနဲ့ တူတာကိုး။”

“မိဘတွေမို့လို့ တူတာက သဘာဝကျတာပဲ မဟုတ်လား။”

“မပြောတတ်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်မိဘတွေနဲ့ လုံးဝ မတူလို့ပါ။”

ပုခုံးတွန့်ပြရင်း ပြောလာသော မြို့စားမင်း အယ်ရ်ဂီက ထွက်ခွာကြတာပေါ့ဟု ဆိုလာသဖြင့်၊ ကျွန်မတို့ တံခါးကို ဖွင့်ပြီး ထွက်လာခဲ့ကြသည်။

ဧကရီဟောင်းအပေါ် ထားရှိသည့် နောက်ဆုံးသော ရိုသေမှုကြောင့်လားမသိ၊ တော်ဝင်ကိုယ်ရံတော် စစ်သည်များက အိမ်တော်အတွင်းပိုင်းကို အကဲခတ်ကြည့်ခြင်းမျိုး မရှိခဲ့ကြချေ။

ထိုအချက်ကြောင့်ပင် မြင်းရထားကို အနောက်ဂိတ်နားသို့ ကပ်ထားခဲ့သည့်တိုင်အောင် မသင်္ကာသလို ကြည့်ရှုသူ မရှိခဲ့ခြင်းပင်။

သို့သော်လည်း ဧကန္တများ မသိနိုင်သဖြင့်၊ ကျွန်မ အလျင်အမြန်ပင် မြင်းရထားအတွင်းသို့ ဝင်လိုက်မိသည်။

အနောက်မှ မြို့စားမင်း အယ်ရ်ဂီ ဝင်လာခဲ့ပြီး၊ ထိုမှတစ်ဆင့် ဟိုင်န်ရီပါ လိုက်လံဝင်ရောက်ရန် ပြင်ဆင်ခဲ့၏။

သို့သော်လည်း မြို့စားမင်း အယ်ရ်ဂီက ဟိုင်န်ရီ ဝင်မလာမီ မြင်းရထားတံခါးကို ပိတ်ပစ်ခဲ့သည်။

ဘာဖြစ်လို့ အဲ့ဒီလိုလုပ်တာလဲဟု ကြည့်လိုက်မိရာ၊ မြို့စားမင်း အယ်ရ်ဂီက “ခွင့်ပြုပါ” ဟု ဆိုကာ မြင်းရထား၏ထောင့် အပေါ်ဆုံးဘက်သို့ လက်ကို ဆန့်တန်းလိုက်၏။

“...”

“အရှင်ဧကရာဇ် ထွက်ခွာခွင့်ပြုဖို့ အမိန့်ပေးခဲ့တာက ဟိုင်န်ရီ တစ်ယောက်တည်းမို့လို့ပါ။”

မြို့စားမင်း အယ်ရ်ဂီက ထိုသို့ပြောပြီးနောက် နေရာတစ်ခုကို ဖိနှိပ်လိုက်သည်။

ထိုအခါ ကျွန်မ ထိုင်နေခဲ့သော မြင်းရထားထိုင်ခုံဆီမှ သေးငယ်သော တုန်ခါသံတစ်ခု ထွက်ပေါ်လာ၏။

အလန့်တကြား ဆန့်ကျင်ဘက်သို့ တင်ပါးကိုရွှေ့ကာ ငုံ့ကြည့်လိုက်မိရာ၊ မြို့စားမင်း အယ်ရ်ဂီက ခပ်ပြုံးပြုံးဖြင့် ထိုင်ခုံကူရှင်ကို ဖယ်ရှားလိုက်သည်။

ကျိန်းသေပေါက် အသံတစ်ခုခု ကြားလိုက်ရသော်လည်း ထိုင်ခုံကူရှင်ကို ဖယ်ရှားလိုက်သည့်တိုင်အောင် ထိုင်ခုံက ပုံမှန်အတိုင်း ရှိနေဆဲပင်။

သို့သော်လည်း မြို့စားမင်း အယ်ရ်ဂီက ထိုင်ခုံ၏ အစွန်းပိုင်းကို ဆုပ်ကိုင်ကာ အားစိုက်ပြီး မြှောက်လိုက်သည့်အခါတွင်မူ ဧရာမ နေရာလွတ်တစ်ခု ပေါ်ထွက်လာ၏။

အံ့ဩစရာကောင်းလှသည်မှာ ထိုင်ခုံ၏ အတွင်းပိုင်းက လုံးဝ ဗလာဖြစ်နေခြင်းပင်။

ထို့အပြင် ထိုင်ခုံ၏ အပြင်ဘက်တွင်မူ ဖောင်းကြွနေသော သားရေများကို တပ်ဆင်ထားသဖြင့်၊ လာရောက်ထုပုတ်စစ်ဆေးလျှင်ပင် အတွင်းပိုင်း ဗလာဖြစ်​နေကြောင်း သိရှိရန် ခက်ခဲလှပေသည်။

“ဒီဟာက……”

အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိရာ၊ မြို့စားမင်း အယ်ရ်ဂီက လက်ဖြင့် လွတ်နေသော နေရာကို ညွှန်ပြရင်း ပြောလာ၏။

“အားနရပေမဲ့ ဧကရီဟောင်းရဲ့နေရာက ဒီမှာပါ။”

~~~~

စစ်သည်တော်များက မြင်းရထား မထွက်ခွာမီ၊ မြို့စားမင်း အယ်ရ်ဂီထံမှ ခွင့်ပြုချက် တောင်းခံပြီးနောက် အတွင်းပိုင်းကို စစ်ဆေးခဲ့ကြသည်။

သို့သော်လည်း မြင်းရထားအတွင်းပိုင်းက ကျယ်ဝန်းလှသည့်အပြင် အထုပ်အပိုးများလည်း မရှိသလောက် နည်းပါးလှသဖြင့် စစ်ဆေးစရာဟူ၍ မရှိခဲ့ချေ။

အထုပ်အပိုးများပြားသော မြင်းရထားဆိုလျှင် ပစ္စည်းများကြားအထိ ရှာဖွေရမည်ဖြစ်သော်လည်း၊ မြို့စားမင်း အယ်ရ်ဂီကမူ လက်ကိုင်တုတ် တစ်ချောင်းကိုသာ ကိုင်ဆောင်ထား၏။

မျက်နှာချင်းဆိုင်ရှိ ပထမမြောက် ဟိုင်န်ရီသာ အညိုရောင် သားရေအိတ်တစ်လုံးကို ကိုင်ဆောင်ထားသော်လည်း လူတစ်ယောက်ကို ဝှက်ထားနိုင်လောက်သည့် အရွယ်အစားမျိုး မဟုတ်ပေ။

ထိုသူများအပြင် ကျန်ရှိနေသူမှာ မြင်းရထားမောင်းသူသာ။

အတွင်းပိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးပြီးသွားသော စစ်သည်တော်များက နောက်သို့ ဆုတ်ခွာရင်း ဖြတ်သန်းသွားနိုင်ကြောင်း အချက်ပြလိုက်ကြသဖြင့်၊ မြို့စားမင်း အယ်ရ်ဂီက ပြုံးလျက် သူတို့ဘက်သို့ မျက်စတစ်ချက်ပစ်ပြပြီးနောက် တံခါးကို ပိတ်လိုက်တော့သည်။

စစ်သည်တော်များက ထိုအချိန်မှစ၍ နှစ်ရက်တိုင်တိုင် ဧကရီ ပျောက်ဆုံးသွားခဲ့ပြီဟူသောအချက်ကို ရိပ်မိခြင်းမရှိခဲ့ကြချေ။

ကျိန်းသေပေါက် ဆိုဗီရ်ရှုသည်လည်း နာဗီရယ် ပျောက်ဆုံးသွားမှန်း မသိဘဲ၊ ပြန်လည်ထိမ်းမြားခြင်းကို ပယ်ဖျက်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်အတွက် အတွင်းရေးမှူးများကိုသာ ဖိအားပေး နှိပ်စက်နေခဲ့သည်။

ဆိုဗီရ်ရှု၏ အတွင်းရေးမှူးများကလည်း ခေတ်အဆက်ဆက် ဧကရာဇ်များ၏ မှတ်တမ်းအားလုံးကို လိုက်လံရှာဖွေခဲ့ကြပြီး၊ အခြားသော တိုင်းပြည်များ၏ သာဓကများကိုပါ လေ့လာကာ ဥပဒေကျမ်းကို ပထမဆုံး စာမျက်နှာမှစ၍ စေ့စေ့စပ်စပ် လိုက်လံဖတ်ရှုခဲ့ကြ၏။

သို့သော်လည်း ဘုရင်နှင့် ဧကရာဇ်တို့၏ ထိမ်းမြားခြင်းက အထွတ်အမြတ် ဘုန်းတော်ကြီး၏ လုပ်ပိုင်ခွင့်အာဏာအောက်တွင် ရှိနေခဲ့သည်ဖြစ်ရာ၊ မည်မျှပင် သာမန်ဥပဒေများကို လိုက်လံရှာဖွေပါစေ အဖြေထွက်လာစရာ အကြောင်းမရှိချေ။

“ဒီလို သာဓကမျိုး ကျိန်းသေပေါက် ရှိခဲ့ဖူးမှာပဲ။ မရေမတွက်နိုင်တဲ့ ဧကရီတွေထဲမှာ ပြန်လည်ထိမ်းမြားတဲ့ ဧကရီက တစ်ယောက်တည်းပဲ ရှိတယ်တဲ့လား။”

တစ်ယောက်တည်းသာ ရှိခဲ့ဖူးခြင်းပင်။

ဆိုဗီရ်ရှုက သူ၏လက်အောက်ငယ်သားများကို ဖိအားပေးနေခဲ့သော်လည်း၊ မည်မျှပင် အရည်အချင်းရှိသော လက်အောက်ငယ်သား ဖြစ်ပါစေ၊ မရှိခဲ့ဖူးသော အတိတ်သမိုင်းကို အသစ်ဖန်တီးပေးနိုင်မည့်နည်းလမ်း မရှိချေ။

သမိုင်းအထောက်အထား အချို့ကို ပြုပြင်ပြောင်းလဲရန် ကြံစည်ချင်သော်လည်း၊ သမိုင်းပညာရှင်များ၏ အရေအတွက်က အနည်းဆုံး ရာနှင့်ချီ၍ ရှိနေခဲ့သည်မဟုတ်ပါလား။

ထိုသူများ၏ မှတ်ဉာဏ်ကိုပါ အတူတူ လိုက်လံပြုပြင်ရန်က မဖြစ်နိုင်သော ကိစ္စရပ်တစ်ခုပင်။

နောက်ဆုံးတွင် ဆိုဗီရ်ရှု၏ အတွင်းရေးမှူးများက သေးငယ်သော ပရိယာယ်တစ်ခု သုံးရန် ဆုံးဖြတ်လိုက်ကြသည်။

“သမားရိုးကျအတိုင်း ပယ်ဖျက်နိုင်မဲ့ နည်းလမ်းတော့ မရှိပါဘူး၊ အရှင်ဧကရာဇ်။”

“အထွတ်အမြတ် ဘုန်းတော်ကြီးကိုယ်တိုင် ကြွရောက်လာခဲ့ရင်တောင်မှ တစ်ဖက်သတ် ပယ်ဖျက်ပေးလို့ မရနိုင်ပါဘူး။”

“လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းက၊ ပြန်လည်ထိမ်းမြားခြင်းတော့ မဟုတ်ပေမဲ့ တောင်ပိုင်းဘုရင့်တိုင်းပြည်ရဲ့ ဘုရင်က အထွတ်အမြတ် ဘုန်းတော်ကြီးကို ပင့်ဖိတ်ပြီး ၃ ရက်အတွင်းမှာပဲ ထိမ်းမြားမှုကို ပယ်ဖျက်ဖို့ ကြံစည်ခဲ့ဖူးတာ ရှိပါတယ်။”

“ဘယ်လိုဖြစ်သွားလဲ။”

“လုပ်ပြီးသား ထိမ်းမြားမှုကို ဘယ်လိုလုပ် ပယ်ဖျက်ပေးရမှာလဲဆိုပြီး အထွတ်အမြတ် ဘုန်းတော်ကြီးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။”

ဆိုဗီရ်ရှု၏ မျက်နှာထားက လေးလံမှောင်မှိုင်းသွားခဲ့ရာ၊ အတွင်းရေးမှူးများက ခေါင်းချင်းရိုက်ပြီး ကြံစည်ထားခဲ့သော ကိစ္စရပ်ကို အလျင်အမြန် တင်ပြခဲ့ကြသည်။

“ဒါပေမဲ့ ​တစ်ဖက်မှာတော့၊ ကွာရှင်းပြတ်စဲမှုကို ပယ်ဖျက်ခဲ့တဲ့ သာဓကတော့ ရှိဖူးပါတယ်၊ အရှင်ဧကရာဇ်။”

“ကွာရှင်းမှုကို ပယ်ဖျက်တယ်၊ ဟုတ်လား။”

မှူးမတ်အနွယ်တော်များ၏ ကွာရှင်းမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုချက်များကို ဆိုဗီရ်ရှုကိုယ်တိုင်လည်း အနည်းငယ် မြင်တွေ့ဖူးခဲ့သည်။

အချစ်ကြောင့် ရန်ဖြစ်စကားများရာမှလည်း ဖြစ်တတ်သလို၊ မိသားစုချင်း အကျိုးစီးပွား ပြဿနာကြောင့်လည်း ဖြစ်တတ်၏။

မိသားစုနှစ်စု ရန်ဖြစ်ရာမှ ကွာရှင်းပြတ်စဲခဲ့ကြပြီးနောက်၊ ပြန်လည်သင့်မြတ်သွားသည့်အခါ ကွာရှင်းခြင်းကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြသော ကိစ္စရပ်များလည်း ရှိခဲ့ဖူးသည်။

ဆိုဗီရ်ရှု၏ လက်အောက်ငယ်သားများက ထိုအကြောင်းအရာကို တင်ပြနေခြင်းပင်။

“ဟုတ်ပါတယ်။ အသုံးများတဲ့ ဥပဒေတော့ မဟုတ်ပေမဲ့ ဘုရင်ကလည်း ကွာရှင်းမှုကို ပယ်ဖျက်ခဲ့တဲ့ သာဓက ကျိန်းသေပေါက် ရှိခဲ့ဖူးပါတယ်။”

“ကွာရှင်းမှုကို ပယ်ဖျက်လိုက်မယ်ဆိုရင် ထပ်ဆင့်ထိမ်းမြားခြင်း ဖြစ်သွားမှာမို့လို့၊ ပြန်လည်ထိမ်းမြားမှုကလည်း သဘာဝကျကျပဲ အလိုလို ပယ်ဖျက်ပြီးသား ဖြစ်သွားမှာပါ၊ အရှင်ဧကရာဇ်။”

“....”

ဤသည်က ထင်မှတ်မထားသော စကားဖြစ်နေ၍ ဆိုဗီရ်ရှု၏ မျက်ဝန်းများ အံ့ဩတုန်လှုပ်စွာဖြင့် ပြူးကျယ်သွားခဲ့ရသည်။

“ကွာရှင်းမှုကို…… ပယ်ဖျက်ရမယ် ဟုတ်လား။”

သူက စိတ်လှုပ်ရှားစွာဖြင့် ပလ္လင်၏လက်တန်းကို တတောက်တောက် ခေါက်ရင်း တီးတိုးရေရွတ်လိုက်ရာ၊ လက်အောက်ငယ်သားများကလည်း ဟုတ်ပါတယ်၊ ဟုတ်ပါတယ်ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။

“ဟုတ်ပါတယ်၊ အရှင်ဧကရာဇ်။ အဲ့ဒီဆိုရင် ပြန်လည်ထိမ်းမြားမှုက ပယ်ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။”

ဆိုဗီရ်ရှုက ဟာသတစ်ခုလို ခြောက်ကပ်ကပ် ရယ်လိုက်သည်။

ယခုမှ ကွာရှင်းမှုကို ပယ်ဖျက်ရမည်တဲ့လား။

“တခြားနည်းလမ်း မရှိတော့ဘူးလား။”

“မရှိတော့ပါဘူး၊ အရှင်ဧကရာဇ်။”

ဆိုဗီရ်ရှုက လေးလံနေသော မျက်ခွံများကို ပိတ်ချလိုက်သည်။

ကွာရှင်းမှုကို ပယ်ဖျက်ရမည်…… ကွာရှင်းမှုကို ပယ်ဖျက်ရမည်။

သို့သော်လည်း အစကတည်းက ဘာကြောင့် ကွာရှင်းရန် ကြံစည်ခဲ့ရသနည်း။

ဧကရီက မြုံနေကာ၊ သူ့အတွက် ထီးမွေနန်းမွေခံ ရင်သွေးရရှိရန် လိုအပ်နေခဲ့သောကြောင့် မဟုတ်ပါလား။

အရိုက်အရာခံ ရင်သွေး မွေးဖွားမလာသေးမီမှာပင် ကွာရှင်းမှုကို ပယ်ဖျက်မည်ဆိုလျှင်၊ အစကတည်းက ဤကဲ့သို့သော ကိစ္စရပ်များကို ကြံစည်နေစရာ အကြောင်းရင်းပင် မရှိချေ။

“……”

နောက်ဆုံးတွင် ဆိုဗီရ်ရှု အချိန်အတော်ကြာ တွေးတောပူပန်ပြီးနောက်၊ လောလောဆယ် ထရိုဗီ မြို့စားအိမ်တော်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

နာဗီရယ်ကို တွေ့ချင်၏။

သူ့ကို တွေ့ရမှသာ အတွေးလမ်းစကို ရှာဖွေနိုင်မည့်ပုံပင်။

သို့သော်လည်း ထရိုဗီ မြို့စားမင်းအိမ်တော်သို့ ရောက်ရှိသွားသော ဆိုဗီရ်ရှုကို စောင့်ကြိုနေခဲ့သည်က နာဗီရယ်မဟုတ်ဘဲ တုန်လှုပ်​ချောက်ချားဖွယ် ဗလာကျင်းနေသည့် နေရာလွတ်တစ်ခုသာ။

“နာဗီရယ် ဘယ်မှာလဲ။”

ဆိုဗီရ်ရှု ဒေါသတကြီးဖြင့် မြို့စားမင်း ဇနီးမောင်နှံကို ဖိအားပေး မေးမြန်းခဲ့သော်လည်း၊ မြို့စားမင်း ဇနီးမောင်နှံကမူ မိမိတို့လည်း မသိပါဟုသာ ဖြေခဲ့ကြသည်။

ဆိုဗီရ်ရှု လက်သီးကို တင်းတင်းဆုပ်ကာ နှုတ်ခမ်းကို ကိုက်လိုက်မိ၏။

မြို့စားမင်း အယ်ရ်ဂီက ဧကရီကို ခိုးထုတ်သွားခဲ့တာကိုး။

လွန်ခဲ့သော ရက်ပိုင်းက ပထမမြောက် ဟိုင်န်ရီကို ခေါ်ထုတ်သွားစဉ်မှာပင် ကျိန်းသေပေါက် နာဗီရယ်ကိုပါ အတူတူ ခေါ်ထုတ်သွားခြင်း ဖြစ်ရပေမည်။

သူက အပြင်ဘက်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် အမိန့်ပေးလိုက်တော့သည်။

“ဧကရီ ထွက်ပြေးသွားပြီ။ ရှာဖွေကြ။ စစ်ဆေးရေးဂိတ်တိုင်းကို လူစေလွှတ်ပြီး၊ ဧကရီနဲ့ ရုပ်ချင်းဆင်တဲ့ မိန်းမမှန်သမျှကို အကုန် ဖမ်းဆီးထိန်းသိမ်းထားဖို့ အမိန့်ပေးလိုက်။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၁၇ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment