အပိုင်း ၂၆ (သိနှင့်ပြီးသား အမှန်တရား)
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က အလန့်တကြား မေးခဲ့သည်။ ရက်ရှ်တာက တခစ်ခစ်ရယ်လိုက်ရင်း လက်တစ်ဖက်ဖြင့် ချယ်ရီနီ၏ စကတ်အနားစကိုဆွဲကာ ဘေးနားတွင် ထိုင်ခိုင်းလိုက်၏။
"လှည့်စားတာ မဟုတ်ပါဘူး။ ဒီအတိုင်း နည်းနည်းလေး စနောက်ရုံပါ။"
"ဒါပေမဲ့..."
"မဒမ်ပဲ ပြောခဲ့တယ်မဟုတ်လား။ ဧကရီက သူ့ကိုယ်သူ စာဖလှယ်ဖော်ပါလို့ လုံးဝ ထုတ်ပြောမှာမဟုတ်ဘူးဆို။"
"ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့...အဲ့ဒီလိုဆိုရင်တောင် တော်ဝင်မျိုးနွယ်ကို လှည့်စားတာပဲလေ..."
"စာရဲ့ အကြောင်းအရာကိုရော သိလားရှင့်။"
"လေဒီ ရက်ရှ်တာ၊ ကျွန်မက နောက်ဆုံးဖလှယ်ထားတဲ့ အကြောင်းအရာတွေကိုတော့ မသိပါဘူး။ တော်ဝင်မင်းသား ဟိုင်န်ရီက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မေးလာနိုင်တယ်မဟုတ်လားရှင့်။"
"မေးချင်မှလည်း မေးမှာပေါ့။"
"ဒါပေမဲ့..."
"ဘယ်လိုပုံစံမျိုးနဲ့ စာအပြန်အလှန် ဖလှယ်ကြတာလဲဟင်။ အလယ်မှာ တခြားလူတစ်ယောက်ဆီ လွှဲပြောင်းပေးခဲ့တယ်ဆိုပြီး ပြောလို့လည်း ရတာပဲကို...နော်။ သိချင်ပါတယ်။"
"ဒါပေမဲ့ လေဒီ ရက်ရှ်တာ..."
"မဟုတ်ကြောင်းပေါ်သွားရင်လည်း နောက်လိုက်တာပါလို့ ပြောလိုက်ရင် ပြီးတာပဲကို။ အဆင်ပြေရင် ချယ်ရီနီလည်း မင်းသားရဲ့အချစ်ကို ရသွားနိုင်တာပဲမဟုတ်လား။ နော်လို့။"
~~~~
"ဟို...တော်ဝင်မင်းသား ဟိုင်န်ရီကို လာတွေ့တာပါ..."
တောင်နန်းဆောင်ရှေ့တွင် မဝံ့မရဲနှင့် ချဉ်းကပ်လာသော မိန်းကလေးတစ်ဦးက အနားမှဖြတ်သွားသည့် စစ်သည်တော်ကို သတိထားပြီး လှမ်းတားလိုက်သည်။ သူက စစ်သည်တော်ဖြစ်သော်လည်း အရှေ့အင်ပါယာက မဟုတ်ပေ။
"ဘယ်သူ့ခိုင်းစေမှုနဲ့ လာတာလဲဗျ။"
"မ...မဟုတ်ပါဘူး။ ကျွန်မမှာ ပြောစရာလေး ရှိနေလို့ပါ..."
စစ်သည်တော်က ခေတ္တ ခေါင်းကိုငဲ့စောင်းကာ ထိုမိန်းကလေးကို ကြည့်လိုက်သည်။
"မင်းကလား။"
မိန်းကလေးက သပ်ရပ်သန့်ရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း မှူးမတ်အနွယ်တော် အမျိုးသမီးတော့ မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ နန်းတော်တွင် အလုပ်လုပ်သော အစေခံဖြစ်မည်မှာ သေချာပေသည်။ သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီတွင် တိုင်းတစ်ပါးမှ အစေခံမိန်းကလေးနှင့်တွေ့ဆုံရန် မည်သည့်ကိစ္စမျိုး ရှိနိုင်မည်ကို စစ်သည်တော်အနေဖြင့် အလွယ်တကူ တွေးဆနိုင်ခြင်းမရှိခဲ့ပေ။
"ဟို……တော်ဝင်မင်းသားက စာဖလှယ်ဖော်ကို ရှာနေတယ်ဆိုပြီး……"
အစေခံမိန်းကလေးက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်နှင့် စစ်သည်တော်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
"အဲ့ဒီဘက်က အရှင့်သား ဟိုင်န်ရီ ရှာနေတဲ့ ပုဂ္ဂိုလ်လား။"
တော်သေး၍ ထိုစစ်သည်တော်က တော်ဝင်မင်းသား ဟိုင်န်ရီနှင့်အတူ အနောက် ဘုရင့်တိုင်းပြည်မှ လိုက်ပါလာသူဖြစ်နေသည်။ စစ်သည်တော်၏ မယုံသင်္ကာအကြည့်ကြောင့် အစေခံမိန်းကလေး ချယ်ရီနီလည်း မျက်နှာအရဲသားနှင့် "ဟုတ်ကဲ့" ဟု တိုးလျသော အသံဖြင့် ပြန်ဖြေလိုက်၏။ အရာရာ အဆင်မပြေဖြစ်လာခဲ့လျှင်ပင် ဤသည်က စနောက်မှုတစ်ခုသာဖြစ်ပြီး အဆင်ပြေသွားခဲ့လျှင်တော့ ချောမောလှပသည့် မင်းသား၏ အချစ်ကို ရရှိနိုင်သည်ဟူသော ရက်ရှ်တာ၏ စည်းရုံးမှုကြောင့် လာခဲ့ရသော်လည်း တကယ်တမ်းတွင် ကြောက်ရွံ့နေမိသည်။
"……"
စစ်သည်တော်က စကားမပြောဘဲ ချယ်ရီနီကို ကြည့်နေရာမှ ကျောခိုင်းကာ လှည့်ထွက်သွား၏။
"လိုက်ခဲ့ပါခင်ဗျ။"
ချယ်ရီနီလည်း ကြောက်စိတ်တစ်ဝက်၊ ရင်ခုန်စိတ်တစ်ဝက်ဖြင့် လျှောက်သွားလိုက်သည်။ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ထံမှ စာပေးစာယူလုပ်ဖြစ်ခဲ့သည့်အကြောင်းနှင့် စာပါအကြောင်းအရာများကိုတော့ ကြားသိထားပြီးသားပင်။ သို့ရာတွင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် သူ့နယ်မြေသို့ ပြန်သွားခဲ့သည့်အတွက် နောက်ဆုံးအပိုင်းကို မသိလိုက်ခြင်းက စိုးရိမ်စရာဖြစ်နေပေသည်။ ရက်ရှ်တာက နောက်ဆက်တွဲအကြောင်းအရာများကို စစ်ဆေးမှာ မဟုတ်လောက်ဘူးဟု ပိုင်သေပြောခဲ့သော်လည်း……
"ရောက်ပါပြီခင်ဗျ။"
ချယ်ရီနီတစ်ယောက် ရပ်တန့်လိုက်ပြီး တံတွေးမျိုချကာ အရှေ့သို့ ကြည့်လိုက်သည်။ စစ်သည်တော်က အခန်းတံခါးကိုခေါက်ပြီး အထဲတွင်ရှိနေသူအား ချယ်ရီနီရောက်လာကြောင်း အသိပေးခဲ့၏။
"အရှင့်သား၊ အရှင့်သားနဲ့ စာအပြန်အလှန်ပို့ခဲ့တဲ့ စာဖလှယ်သူ ရောက်လာပါပြီ။"
သို့ရာတွင် မည်မျှကြာကြာ စောင့်နေပါစေ၊ အတွင်းမှ မည်သည့်အသံမှ ထွက်မလာခဲ့ပေ။
"ဟောဗျာ။ ခဏလောက် အပြင်ထွက်သွားတာများလား။"
စစ်သည်တော်က တီးတိုးရေရွတ်ပြီး ချယ်ရီနီကို ဧည့်ခန်းတွင် စောင့်နေရန် ပြောလိုက်သဖြင့် ချယ်ရီနီလည်း ဘေးရှိ အခန်းလွတ်တစ်ခုထဲဝင်ကာ ငိုင်တိုင်တိုင် ထိုင်နေလိုက်၏။ ထိုသို့ဖြင့် တစ်နာရီခန့်ကြာပြီးနောက်တွင်မှ စစ်သည်တော်က ချယ်ရီနီအနားသို့လာပြီး "အခု ရောက်ပါပြီ။ ဝင်လာဖို့ ပြောလိုက်ပါတယ်" ဟု အသိပေးခဲ့သည်။
"ရှင်။ အခုလား။"
ချယ်ရီနီက အလန့်တကြား ပြန်မေးလိုက်၏။ အခန်းလွတ်၏ တံခါးက ပိတ်ထားခြင်းမရှိဘဲ၊ ချယ်ရီနီ ထိုင်နေသည့် နေရာကလည်း စင်္ကြံလမ်းကို မြင်နိုင်သည့် ဆိုဖာပင်။ စိတ်လှုပ်ရှားစွာဖြင့် စင်္ကြံလမ်းကိုသာ အဆက်မပြတ် ကြည့်နေခဲ့သော်လည်း အခန်းရှေ့မှ ဖြတ်သွားသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ သို့သော် တော်ဝင်မင်းသားက ပြန်ရောက်လာပြီတဲ့လား။
'ဧကန္တ နဂိုကတည်းက ရှိနေတာကို မရှိချင်ယောင်ဆောင်နေတာများလား...'
ချယ်ရီနီတစ်ယောက် စိုးရိမ်စိတ်ဝင်လာသော်လည်း နေရာမှ အလျင်အမြန်ထကာ စစ်သည်တော်နောက်သို့ လိုက်သွားခဲ့သည်။ တံခါးပွင့်လာ၏။ ဤတံခါး အတွင်းဘက်တွင် သူ အရှက်ကွဲသွားနိုင်သလို၊ သူ့အနာဂတ် ပြောင်းလဲသွားသည်လည်း ဖြစ်နိုင်ပေသည်။
အဆင်ပြေသွားရင် ငါလည်း ရက်ရှ်တာလို ဖြစ်လာနိုင်မလား......
ချယ်ရီနီက သတိနှင့် မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။ ဧရာမ အခန်းကြီးထဲ၌ ပြတင်းပေါက်နှစ်ခု ဟင်းလင်းဖွင့်ထားလျက်ရှိကာ ဝင်လာသည့်လေကြောင့် ခန်းဆီးလိုက်ကာများ အတွင်းဘက်သို့ တဖျပ်ဖျပ် လွင့်ပျံနေ၏။ အရပ်အလွန်မြင့်သော အမျိုးသားတစ်ဦးက ထိုခန်းဆီးလိုက်ကာများကြားတွင် ရပ်နေလေသည်။ ကိုယ်တစ်ပိုင်း ဗလာနီးပါး ဝတ်စားထားသော ထိုအမျိုးသားက ပါးလျသောဝတ်ရုံကိုသာ အပေါ်မှခြုံထားကာ ပျင်းတိပျင်းတွဲမျက်နှာထားဖြင့် ရပ်နေ၏။
'အဲ့ဒီပုဂ္ဂိုလ်က တော်ဝင်မင်းသား ဟိုင်န်ရီ……'
ချယ်ရီနီတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
လေတိုက်တိုင်း လိုက်ပါလှုပ်ရှားသွားသော ရွှေရောင်ဖျော့ဖျော့ ဆံပင်ပိုင်ရှင် ထိုအမျိုးသားက ကောလာဟလများတွင် ကြားဖူးသည်ထက် များစွာ သာလွန်ချောမောလှပသည့် ရုပ်ရည်ရှိသူပင်။
နတ်သားတစ်ပါး ဆင်းသက်လာလျှင် ဤသို့သော မျက်နှာမျိုးများဖြစ်မလားဟုတွေးရင်း ချယ်ရီနီလည်း ထိုအမျိုးသားကို အကြောင်သား စိုက်ကြည့်နေမိ၏။ သို့သော် စူးရှသော သူ၏ ခရမ်းရောင်မျက်ဝန်းများနှင့် ဆုံမိသည့်အခိုက်အတန့်တွင်တော့ ဤလူက နတ်သားထက်စာလျှင် နတ်ဆိုးနှင့် ပိုနီးစပ်မည်ဟု ထင်မိရတော့သည်။ အပြင်ပန်းရုပ်ရည်သွင်ပြင်က အံ့မခန်းလှသော်လည်း ဘယ်လိုမှန်းမသိ လူကို ကျောချမ်းသွားစေနိုင်သည့် မျက်ဝန်းမျိုးပင်။
ချယ်ရီနီလည်း ထွက်ပြေးချင်သည်ဟူသော ဗီဇအလျောက် အလိုလိုငြင်းဆန်မှုကို ခံစားလိုက်ရသည်။ သို့ရာတွင် မျက်လုံးချင်းဆုံပြီးနောက် တော်ဝင်မင်းသား ဟိုင်န်ရီက ညင်သာစွာ မျက်လုံးများ ကွေးညွတ်အောင် ရယ်ပြလိုက်သည့်အခိုက်အတန့်တွင်မူ။ ထိုမသက်မသာခံစားချက်များ လုံးဝ ပျောက်ကွယ်သွားကာ ချယ်ရီနီလည်း မွေးရာပါ အလိုလိုသိစိတ်ကို လျစ်လျူရှုလိုက်မိလေတော့သည်။
"လေဒီက၊ ကျုပ်ရဲ့ စာဖလှယ်ဖော်တဲ့လား။"
"ဟုတ်... ဟုတ်ကဲ့။"
တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။ ချယ်ရီနီလည်း တဒုန်းဒုန်းခုန်နေသော နှလုံးသားဖြင့် သူ့ကို စိုက်ကြည့်လိုက်မိ၏။ သက်သေပြပါဟူသော စကားမျိုး ပြောလာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက ထင်ထားသည်နှင့်ဆန့်ကျင်စွာ ဘာစကားမျှ မပြောခဲ့။ သူ့ဘာသာ ဘာတွေ စဉ်းစားနေသည်မသိ၊ မျက်လုံးကို ကျုံ့ထားလျက် စိုက်ကြည့်နေခဲ့သည်။ နှလုံးခုန်သံက ပို၍ ကျယ်လောင်လာတော့၏။ အတန်ကြာအောင် ထိုသို့ရှိနေခဲ့ပြီးမှ တော်ဝင်မင်းသား ဟိုင်န်ရီက ရယ်မောလျက် "ကောင်းပြီလေ၊ လေဒီဆိုတော့လည်း လေဒီပေါ့" ဟု ပြုံးလိုက်လေသည်။
"သေချာပါတယ်နော်။"
"ရှင်။"
"သေချာရဲ့လား မေးချင်လို့ပါ။ ကျုပ်ရှာနေတဲ့သူက ကျုပ်အတွက် တကယ် အရေးပါတဲ့သူမို့လို့လေ။"
"..."
"အကယ်၍ လေဒီက အဲ့ဒီလူဆိုရင်တော့ တအားဝမ်းသာမိမှာဆိုပေမဲ့ မဟုတ်ဘူးဆိုရင်တော့…… စိတ်ပျက်ပြီး ကျုပ်လည်း ဘယ်လိုလုပ်ရပ်မျိုး လုပ်မိမယ်မှန်းမသိဘူး။"
ခြိမ်းခြောက်သည့်သဘောပါသော စကားနှင့်မတူဘဲ နူးညံ့စွာ 'ဟွတ်' ဟု ရယ်လိုက်သော တော်ဝင်မင်းသား ဟိုင်န်ရီက အနားသို့ တိုးကပ်လာကာ တစ်ဖန်ထပ်မေးခဲ့သည်။
"တကယ်ပဲ လေဒီ သေချာပါတယ်နော်။"
~~~~
ခင်မင်ရင်းနှီးသော မှူးမတ်များ အတူစုဝေး၍ နေ့လယ်စာစားနေကြချိန်ဖြစ်သည်။ မနေ့ကမှ သိသိသာသာ ရင်းနှီးသွားကာ ယနေ့ နေ့လယ်စာကိုပါ အတူစားဖြစ်ခဲ့သော မင်းသမီး စီယာ့ဇ်က နောက်ကျမှ ဝိုင်ပုလင်းကိုကိုင်ကာ ရောက်လာ၏။
"ဒါက ကျွန်မတို့ တောင်ပိုင်း ဘုရင့်တိုင်းပြည်ရဲ့ အထူးထွက်ကုန်ပါ။ နောက်ကျသွားတဲ့အတွက် ပေးတဲ့ဒဏ်ကြေးလို့ပဲ သဘောထားလိုက်တာပေါ့။"
လူအများက အံ့ဩတကြီး ဝိုင်းကြည့်ကြသောအခါ တဟဲဟဲ ရယ်ပြီး ဝိုင်ပုလင်းကို စားပွဲပေါ် ချလိုက်သည့် မင်းသမီး စီယာ့ဇ်က နေရာလွတ်တွင် ထိုင်လိုက်ရင်း မေးခဲ့သည်။
"အခုအထိ အားလုံး သတင်းမကြားကြသေးဘူးထင်တယ်နော်။"
"ဘာသတင်းလဲရှင့်။"
မင်းသမီး စီယာ့ဇ်၏ဘေးတွင် ထိုင်နေသော လော်ရာက မေးလိုက်သည့်အခါ မင်းသမီး စီယာ့ဇ်က တစ်ဖန် ထပ်၍ တဟဲဟဲရယ်မောလိုက်လေသည်။
"ဟုတ်သားပဲ။ ကျွန်မလည်း ခုနကမှ ကြားရတာဆိုတော့၊ ဒီအထိ စကားက ဘယ်ရောက်သေးပါ့ဦးမလဲ။"
လူတို့က ဘာကိစ္စများလဲဟု တိုက်တွန်းမေးမြန်းကြသောအခါ မင်းသမီးက မျက်လုံးလေးများ အရောင်တောက်သွားပြီး အသံကို နှိမ့်လိုက်သည်။
"လာရင်းနဲ့ ကြားခဲ့ရတာရှင့်။ တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ စာဖလှယ်ဖော်ပါဆိုပြီး ပေါ်လာတဲ့သူရှိတယ်တဲ့။"
လော်ရာ၏ အကြည့်က ကျွန်မထံသို့ စူးစိုက်ကျရောက်လာသည်။ ကျွန်မလည်း တုံ့ပြန်ကာ မျက်ခုံးကျုံ့လိုက်မိ၏။ ကျွန်မကိုယ်တိုင် လူလုံးထွက်မပြခြင်းနှင့် တစ်စုံတစ်ယောက်က ကျွန်မအဖြစ် ဟန်ဆောင်ခြင်းမှာ မတူကွဲပြားသောကိစ္စပင်။
"ဘယ်သူများတဲ့လဲ။"
"ဟုတ်ကဲ့၊ ဧကရီ အရှင်မ။ လေဒီ ရက်ရှ်တာရဲ့ အစေခံလို့ ကြားပါတယ်။"
~~~~
Miel's Translations