no

Font
Theme

အပိုင်း ၄၈ (လူမှုရေးအသိုင်းအဝိုင်း၏ အရိုး)

"သူက စရိုက် တအားကြမ်းတာ။"

ခပ်တိုးတိုး ရေရွတ်နေသော မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာ ယခင်က တွေ့ဖူးသမျှ မှူးမတ်အနွယ်တော်များနှင့် လုံးဝမတူဘဲ ကွဲပြားသော အငွေ့အသက်မျိုး ရှိနေသည်။

သူက လမ်းဘေးအရက်ဆိုင်များတွင် တစ်ခါတစ်ရံ တွေ့ရတတ်သည့် ကြေးစားစစ်သည်များကဲ့သို့ ကြမ်းကြုတ်ပွင့်လင်း၏။

သို့သော် ထိုသို့သော အမူအရာကြားထဲမှပင် အထက်တန်းကျပြီး ဂုဏ်သရေရှိသည့် လူကုံထံအသွင်မျိုး တစ်ပြိုင်တည်း ပေါ်လွင်နေသည်မှာ ဆန်းကြယ်လှပေသည်။

ထို့အပြင် တောင့်တင်းသော ကြွက်သားများရှိပြီး နှုတ်ကြမ်းလှသည့် ဤမှူးမတ်အနွယ်တော်က ချိုမြိန်သော ကိတ်မုန့်ကို အားပါးတရ စားနေသည့် ပုံစံမှာလည်း မလိုက်ဖက်သယောင်နှင့်ပင် ချစ်စရာကောင်းနေပြန်၏။

'တကယ်ပဲ ကျွန်ဇာစ်မြစ် ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ........'

ရက်ရှ်တာက အထူးသဖြင့် ဤစကားကို အလွန်သဘောကျမိသည်။

"ဘာပဲဖြစ်ဖြစ် မိန်းကလေး။ နောက်နောင် အဲ့ဒီလိုကိစ္စမျိုးတွေ မရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဒီလိုအခြေအနေက ထပ်ဖြစ်လာနိုင်သေးတယ်လေ။ လူရမ်းကားတွေဆိုတာ ချက်ချင်းကြီး အကုန်ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်ဘူးမဟုတ်လား။"

"ဟုတ်တာပေါ့........."

"တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းလိုက်တာ ပိုကောင်းလိမ့်မယ်။"

"ဖြေရှင်းချင်ပေမဲ့လည်း ဘာနည်းလမ်းမှ မရှိဘူး ဖြစ်နေလို့ပါ။ သတင်းအမှားတွေ ဖြန့်ခဲ့တဲ့သူက ဗိုင်းကောင့် လိုတဲရှု ဆိုပေမဲ့ သူက မဟုတ်ပါဘူးလို့ ပြန်ရှင်းပြရင်တောင် လူတွေက မယုံကြတော့ဘူးလေ။"

"တခြားတစ်ယောက်ဆီသာ လွှဲချလိုက်။ ရှင်းပြနေတာထက် အဲ့ဒါက ပိုမြန်တယ်။"

အယ်ရ်ဂီက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီးနောက် အဝါရောင်ကိတ်မုန့်ကို တစ်လုပ်တည်းနှင့် အကုန်စားလိုက်သည်။

"လွှဲချရမယ်၊ ဟုတ်လားရှင့်။"

"လူမှုရေးအသိုင်းအဝိုင်းရဲ့ အရိုးနေရာလေ။ လူတွေ ဝိုင်းကိုက်၊ ဝိုင်းဝါး၊ ဝိုင်းအတင်းပြောလို့ရမဲ့ နေရာကို တခြားတစ်ယောက်ဆီ လွှဲပေးလိုက်လို့ ပြောတာ။"

"..."

~~~~

မနက် နိုးလာသောအခါ နန်းတော်အပြင်ဘက်တွင် မြူများဆိုင်းနေသည်။

ကျွန်မ ပြတင်းပေါက်ကို အမြန်ဖွင့်ကာ ခေါင်းလေးပြူကြည့်မိ၏။

အေးမြသော မနက်ခင်းလေထုကို ရှူရှိုက်လိုက်ရသဖြင့် တစ်ကိုယ်လုံး သန့်စင်သွားသလို ခံစားလိုက်ရသည်။

ယနေ့က ခါ့ဖ်မန်း မင်းသားကြီး၏ အကြံပြုချက်အရ လွီပ်(ထ်)နှင့် သံတမန်ရေးရာကိစ္စရပ်များကို ဆွေးနွေးမည့် အစည်းအဝေးသို့ တက်ရောက်ရမည့်နေ့ပင်။

'ကောင်းကောင်းလုပ်ရမှာပေါ့။'

စိတ်ပိုင်းဖြတ်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ထုတ်ထားသော ခေါင်းကို ပြန်သွင်းလိုက်သည်။

သို့သော် လိုက်ကာများကို တစ်နေရာတည်းတွင် စုစည်းချည်နှောင်လိုက်စဉ် ပြတင်းပေါက်ဘောင်ပေါ်၌ တစ်ခုခု တင်ထားသည်ကို တွေ့လိုက်ရ၏။

လေထဲလွင့်မသွားစေရန် ကျောက်ခဲဖြင့် ဖိထားသော စာတစ်စောင်ပင်။

'တော်ဝင်မင်းသား ဟိုင်န်ရီများလား။'

စာကို ဖြန့်ကြည့်လိုက်တော့ ထင်သည့်အတိုင်းပင် တော်ဝင်မင်းသား ဟိုင်န်ရီ၏ လက်ရေးဖြစ်နေသည်။

- ကျွန်တော့်ကို ယုံကြည်ထားပါ။

"..."

ဘာကို ယုံကြည်ခိုင်းတာပါလိမ့်။

ရုတ်တရက်ဆန်သော စကားဖြစ်သော်လည်း အကြာကြီးနေမှ စာရခြင်းဖြစ်၍ စိတ်ထဲတွင်တော့ ကြည်နူးသွားရသည်။

ကွီးန်မရှိသဖြင့် ပြန်စာကို ချက်ချင်းမပို့နိုင်သော်လည်း။

ကျွန်မ စာကို စားပွဲအံဆွဲထဲသို့ထည့်ပြီး ရေချိုးခန်းသို့သွားကာ ရေအေးအေးဖြင့် မျက်နှာသစ်လိုက်၏။

လူခေါ်ခေါင်းလောင်းတီးလိုက်သည်နှင့် အသင့်စောင့်နေသော ရံရွေတော်များ ရောက်လာကြကာ အဝတ်အစားနှင့် ဆံပင်ကို ပြင်ဆင်ပေးကြသည်။

"စားပွဲဝိုင်းမှာ ပတ်လည်ထိုင်ပြီး ဆွေးနွေးကြမှာဆိုတော့ လူတွေအများကြီးရှိနေမှာပါပဲ။ အောက်နားကားလွန်းတဲ့ ဂါဝန်ထက် အကျပ်ပုံစံမျိုး ဝတ်တာက ပိုအဆင်ပြေပါလိမ့်မယ်။"

နယ်စားကတော် အယ်လီဇာက တစ်ဖြောင့်တည်း ဆင်းသွားသော အနက်ရောင်ဂါဝန်ကို ရွေးချယ်ပေးပြီးနောက် ဆံပင်ကို အထက်သို့ စုသိမ်းထုံးဖွဲ့ပေးခဲ့သည်။

"အကယ်၍ ကျွန်မ မရှိတဲ့အချိန် ကွီးန်ရောက်လာခဲ့ရင် ရေသောက်ဖို့ ဂရုစိုက်ပေးပါဦးနော်။"

"စိတ်ချပါ၊ ဧကရီ အရှင်မ။"

"မိုးရွာလာရင်လည်း အခန်းထဲကို တစ်ချက်လောက် ကြည့်ပေးစေချင်ပါတယ်။ ကွီးန်က တစ်ခါတလေ ပြတင်းပေါက်အပြင်ဘက်မှာ မိုးစိုနေတတ်လို့လေ။"

ကျွန်မ နယ်စားကတော် အယ်လီဇာကို အချို့အချက်များ မှာကြားပြီးနောက် ဝင်သက်တစ်ချက်ကို ပြင်းပြင်းရှူသွင်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ကောင်းကောင်း လုပ်နိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေ၏။

~~~~

အစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ခဲ့သည်။

တက်ရောက်လာသူများမှာ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဌာနဆိုင်ရာ အရေးကြီး တာဝန်ခံများ၊ ခါ့ဖ်မန်း မင်းသားကြီး၊ ဆိုဗီရ်ရှုနှင့် ကျွန်မအပါအဝင် လူနည်းစုသာ။

ဆွေးနွေးမည့် အကြောင်းအရာများက လွီပ်(ထ်)နှင့် သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခြေ၊ ထိုသို့ ထူထောင်ခြင်းကြောင့် ရရှိလာမည့် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများ၊ လက်တွေ့ဖြစ်နိုင်ခြေတို့ ဖြစ်သည်။

ကမ္ဘာပေါ်တွင် တိုက်ကြီးရှစ်ခု ရှိသော်လည်း တိုက်အချင်းချင်း ကူးလူးဆက်ဆံမှုက အလွန်နည်းပါးပြီး ယင်းတို့အနက် နှစ်တိုက်မှာ လူနေထိုင်ခြင်း ရှိ၊ မရှိပင် မသေချာပေ။

အရှေ့အင်ပါယာ တည်ရှိသော ဝေါလ်တိုက်ကြီးနှင့် လွီပ်(ထ်) တည်ရှိရာ ဟွာတိုက်ကြီးတို့မှာ အခြားတိုက်ကြီးများနှင့် နှိုင်းယှဉ်လျှင် အကွာအဝေးချင်း နီးစပ်သော်လည်း အလွန်ဝေးကွာလှဆဲပင်။

တိုက်တစ်ခုနှင့်တစ်ခု ကူးလူးသွားလာရန်ပင် အနည်းဆုံး နှစ်ဝက်တာခန့် ကြာမြင့်တတ်သည်။

ပုဂ္ဂလိက ကုန်သွယ်မှုမှာ အချိန်ကြာမြင့်သည့်တိုင် ရှားပါးမှုအပေါ် အခြေခံ၍ အမြတ်အစွန်း ဖော်ဆောင်နိုင်သော်လည်း နိုင်ငံတော်အဆင့် ကုန်သွယ်မှုတွင်မူ လျင်မြန်သော တုံ့ပြန်မှုက အရေးကြီးလှ၏။

ထိုသို့သော အခြေအနေကြောင့် အဖြေတစ်ခုထွက်ရန်မှာ မလွယ်ကူခဲ့ပေ။

ထို့အပြင်...

'ဆိုဗီရ်ရှုက ဘာလို့ အဲ့ဒီလောက်တောင် မျက်နှာပျက်နေတာပါလိမ့်။'

ပုံမှန်နှင့်မတူဘဲ ဆိုဗီရ်ရှုက စိတ်တိုနေသည်ဟု ဆိုရမည်လား။ သူ၏ မျက်နှာထားက ထူးထူးခြားခြား ခက်ထန်နေသည်။

အစည်းအဝေးကို ဦးဆောင်ရမည့် ဆိုဗီရ်ရှုက အလွန်တင်းမာနေသဖြင့် လွတ်လပ်သော ထင်မြင်ချက်များ ထွက်လာရန် ခက်ခဲနေပြီး အရာရှိများကလည်း သူ၏ မျက်နှာရိပ်မျက်နှာကဲကိုသာ ကြည့်နေကြရသည်။

'ဧည့်သည်တော် မြို့စားနဲ့ ရက်ရှ်တာကြားက ကိစ္စကြောင့်များလား။ ဒါပေမဲ့ အလုပ်လုပ်နေတဲ့အချိန်မှာတော့ စနစ်တကျ လုပ်စေချင်တာကို...'

အလိုလို ထွက်လာတော့မည့် သက်ပြင်းကို ထိန်းရင်း မြေပုံမှ ခေါင်းမော့လိုက်သည့် ခဏတွင်။

ဘယ်အချိန်ကတည်းက ကြည့်နေသည်မသိသော ခါ့ဖ်မန်း မင်းသားကြီးနှင့် အကြည့်ချင်း ဆုံသွားသည်။

သူ၏ မျက်နှာထားက ရန်လိုခြင်းလည်းမဟုတ်၊ ခင်မင်ခြင်းလည်းမဟုတ်သော ဝေခွဲမရသည့် ပုံစံမျိုးပင်။

မျက်လုံးချင်း ဆုံသွားချိန်တွင် အတူတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူက ခေါင်းတစ်ချက် ညိတ်ပြသဖြင့် ကျွန်မလည်း လိုက်၍ ခေါင်းညိတ်ပြလိုက်မိသည်။

~~~~

တုံ့ဆိုင်းနေသော အစည်းအဝေး ပြီးဆုံးသွားချိန်တွင်။

နောက်ဆုံး၌ အတည်ဖြစ်သွားသည်က ဤကိစ္စရပ်၏ တာဝန်ခံအဖြစ် ကျွန်မကို သတ်မှတ်လိုက်ခြင်းသာ။

ခါ့ဖ်မန်း မင်းသားကြီး၏ ပြင်းပြင်းထန်ထန် ထောက်ခံမှုကြောင့်ဖြစ်ပြီး နှစ်သစ်ကူးပွဲတော်တုန်းက သူ ကျွန်မအပေါ် ဆက်ဆံခဲ့သည့် သဘောထားကို ပြန်တွေးကြည့်လျှင် လုံးဝ နားမလည်နိုင်စရာပင်။

"ခါ့ဖ်မန်း မင်းသားကြီး။"

ထို့ကြောင့် အစည်းအဝေးပြီး၍ လူများ လူစုကွဲသွားပြီးနောက်တွင် စင်္ကြံလမ်းသို့ ခပ်အေးအေး လျှောက်သွားသော ခါ့ဖ်မန်း မင်းသားကြီးနောက်သို့ လိုက်ကာ မေးလိုက်မိသည်။

"ခဏလောက် အချိန်ရမလားရှင့်။ မေးစရာလေး ရှိလို့ပါ။"

"ဟုတ်ကဲ့၊ မေးပါခင်ဗျ။"

"ဘာဖြစ်လို့ ကျွန်မကို တာဝန်ခံအဖြစ် မဖြစ်မနေ ထောက်ခံခဲ့တာလဲရှင့်။"

ခါ့ဖ်မန်း မင်းသားကြီးက မျက်ခုံးပင့်ရင်း ပြန်မေးလာသည်။

"မကြိုက်လို့လားဗျ။"

"သိချင်ရုံသက်သက်ပါ။ ရှင်က လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကတော့..."

ကျွန်မက ကိုယ့်နေရာကိုယ် မကာကွယ်နိုင်တဲ့သူမို့လို့ မိုက်မဲတယ်ဆိုပြီး ပြောခဲ့တာလေ။

နောက်က စကားကို ချန်လှပ်ထားခဲ့သော်လည်း သူက နားလည်သွားပုံပင်။

ခါ့ဖ်မန်း မင်းသားကြီး၏ နှုတ်ခမ်းအစုံက အနည်းငယ် ကွေးညွတ်သွားသည်။

ရယ်တယ်လား။ ငါ့အတွက်တော့ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာစကား ဖြစ်ခဲ့တာကို။

"အခုလည်း အဲ့ဒီအတွေးက ပြောင်းလဲမသွားသေးပါဘူး။"

"..."

"ဒါပေမဲ့ ဒီကိစ္စရဲ့ တာဝန်ခံအနေနဲ့ကတော့ အနည်းဆုံး ဒီနန်းတော်ထဲမှာ ဧကရီ အရှင်မထက် ပိုတော်တဲ့သူ မရှိလို့ပါ။"

"ဘာကြောင့်များလဲ။"

"ကျွန်တော် အီမိုနာတို့၊ အီမို့ထ်တို့အကြောင်း ပြောတုန်းက နားလည်တဲ့သူဆိုလို့ ဧကရီ အရှင်မ တစ်ယောက်တည်းပဲရှိတဲ့အတွက်ပါ။"

အဲ့ဒီလို အကြောင်းရင်းလေးလောက်နဲ့ပဲ ငါ့ကို ထောက်ခံခဲ့တာတဲ့လား။

ကျွန်မ အံ့အားသင့်သွားသဖြင့် အမြန်ပင် ရှင်းပြလိုက်သည်။

"အဲ့ဒီတုန်းကလည်း ပြောခဲ့သလိုပဲ၊ စကားလုံး နည်းနည်းပါးပါးလောက် သိရုံသက်သက်ပါ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောခဲ့တာမဟုတ်ဘဲ တကယ်ပြောတာရှင့်။"

"ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ စကားလုံး အနည်းစုကိုတောင် မသိတဲ့သူတွေက အများစုဖြစ်နေလို့ပါ။"

လွီပ်(ထ်)နှင့် ပတ်သက်သည့် အကြောင်းအရာများကို အကယ်ဒမီ၌ မဖြစ်မနေ သင်ရမည့် ဘာသာရပ်မဆိုထားနှင့် အထွေထွေဗဟုသုတအဖြစ်တောင် မရှိသောကြောင့် ထိုသို့ဖြစ်ရခြင်းပင်...

ဒါပေမဲ့ ဒီလို အကြောင်းပြချက်လေးနဲ့တင် ငါ့ကို ဒီလောက် အရေးကြီးတဲ့အလုပ်ကြီး အပ်တယ်ဆိုတာက တကယ်ပဲ အဆင်ပြေပါ့မလား။ အဲ့ဒီလူကလေ။

သို့သော် ဧကရီတစ်ပါးအနေဖြင့် ယုံကြည်မှုမရှိသည့် ပုံစံမျိုး မပြချင်သောကြောင့် နောက်ဆုံးတွင် ကျွန်မ ခေါင်းညိတ်လိုက်သည်။

ဤသို့ဖြစ်လာမှတော့ အားနည်းသည့် အပိုင်းကို ကြိုးစားအားထုတ်မှုဖြင့် ဖြည့်ဆည်းရုံအပြင် မရှိတော့ချေ။

"ဒါဆို... ခွင့်ပြုပါဦး။"

ခါ့ဖ်မန်း မင်းသားကြီးက ထပ်ပြောစရာ မရှိတော့သည့်အလား ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ဒေါက် ဒေါက် ဒေါက်...

သူ လျှောက်သွားသည့် ခြေသံများက ဟိန်းထွက်နေ၏။

ဝေးကွာသွားသော သူ၏ ကျောပြင်ကို ကြည့်နေပြီးမှ ကျွန်မ ခေါင်းခါလိုက်ကာ ဆန့်ကျင်ဘက်အရပ်သို့ လှည့်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဉ် ဖွင့်ထားသော အစည်းအဝေးခန်းမတံခါး အတွင်းဘက်၌ ဆိုဗီရ်ရှုက စားပွဲကိုမှီပြီး ရပ်နေသည်ကို တွေ့လိုက်ရ၏။

အစည်းအဝေးတစ်လျှောက်လုံး မျက်နှာမကောင်းခဲ့ရာမှ ယခုအခါ အခြေအနေက ပို၍ ဆိုးနေပုံပင်။

"အရှင်ဧကရာဇ်။"

စိတ်ပူသဖြင့် အနားသို့ လျှောက်သွားမိသည်။

အနားရောက်မှပင် နောင်တရသွား၏။

ငါက လျှောက်သွားပြီး ဘာလုပ်မှာလဲ။

'ရက်ရှ်တာနဲ့ ဘာဖြစ်ခဲ့လို့လဲ' ဟု မေး၍ရသည့်ကိစ္စမဟုတ်။

သို့သော် ကျွန်မကို စိုက်ကြည့်နေသည့် ဆိုဗီရ်ရှုကို မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားရန်ကလည်း မဖြစ်နိုင်ပေ။

"မျက်နှာလည်း သိပ်မကောင်းဘူး။ အဆင်ပြေရဲ့လားရှင့်။"

နောက်ဆုံးတွင် အကြောင်းရင်းကို ချန်လှပ်ပြီး လက်ရှိ အခြေအနေကိုသာ မေးလိုက်သည်။

သို့သော် ဆိုဗီရ်ရှု ထုတ်ပြောလာသည့် စကားက လုံးဝ ထင်မှတ်မထားသည့်အရာ ဖြစ်နေ၏။

"ဧကန္တ ဧကရီ။ အကြိုက်က တိုင်းတစ်ပါးသားများလား။"

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment