အပိုင်း ၁၂၁ (ဟိုင်န်ရီ လုပ်ကြည့်ချင်သည့်အရာ)
"မိန်းကလေး။ အလေးအနက်ထားပြီး ပြောနေတဲ့စကားလေ...တအား ပေါ့ပေါ့တန်တန် နားမထောင်နဲ့။"
"သိပါပြီ။ သတင်းထောက်တွေအားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်... ဟုတ်တယ်မဟုတ်လား။ ဒါဆို ရပြီမဟုတ်ဘူးလား။"
"အဲ့ဒီလိုလည်း မဟုတ်ပြန်ဘူး။"
"...."
"ရန်သူကိုရော ကိုယ့်ဘက်ကိုရော နှစ်ဖက်စလုံးကို ကောင်းကောင်းဆက်ဆံပေးတဲ့လူက... နောက်ဆုံးကျတော့ မိတ်ဆွေစစ် မဟုတ်တော့ဘူးလေ။"
ရက်ရှ်တာ ငိုမဲ့မဲ့မျက်နှာ ဖြစ်သွားတော့သည်။
သူအနေဖြင့် နန်းကျဧကရီအကြောင်းကိုဖြစ်စေ၊ အသစ်ရရှိထားသော မွေးစားမိဘများအကြောင်းကိုဖြစ်စေ ပြောဆိုချင်သော်လည်း၊ မြို့စားမင်း အယ်ရ်ဂီကမူ ပျင်းစရာကောင်းလှသော စကားများကိုသာ တောက်လျှောက် ပြောဆိုနေသည်မဟုတ်ပါလား။
"မိန်းကလေး... သတင်းထောက်တွေက ဘယ်နှမျိုးရှိလဲဆိုတာ သိရဲ့လား။"
"မသိပါဘူး။"
"အတိအကျပြောရရင် နှစ်မျိုးပဲ ရှိတာ။"
"သတင်းထောက်ကောင်းနဲ့ သတင်းထောက်ဆိုးလား။"
"မှူးမတ်တွေအပေါ် လိုလားတဲ့ သတင်းထောက်နဲ့ မှူးမတ်တွေအပေါ် ရန်လိုတဲ့ သတင်းထောက်။"
"မှူးမတ်တွေအပေါ် လိုလားတဲ့ သတင်းထောက်တွေက တော်ဝင်မိသားစုအပေါ်မှာလည်း လိုလားကြမှာပဲဆိုတော့... ရက်ရှ်တာက မှူးမတ်အနွယ်တော်တွေဘက်က သတင်းထောက်တွေနဲ့ ပိုပြီး ရင်းနှီးအောင် နေရမှာလားဟင်။"
"အဲ့ဒီလိုမျိုး အပိုင်တော့ ပြောလို့မရဘူး။"
“...."
"မှူးမတ်တွေဘက်က ဖြစ်နေရုံနဲ့ တော်ဝင်မိသားစုဘက်က ဖြစ်နေမယ်လို့ မဆိုလိုသလို... မှူးမတ်တွေအပေါ် ရန်လိုရုံနဲ့ တော်ဝင်မိသားစုအပေါ်မှာလည်း ရန်လိုနေမယ်လို့ မပြောနိုင်ဘူးလေ။"
ရက်ရှ်တာ လက်နှစ်ဖက်ဖြင့် မိမိ၏နားထင်ကို အုပ်ကိုင်လိုက်သည်။
"တော်ပါတော့" ဟု အော်ဟစ်ပစ်ချင်သော စိတ်အခြေအနေမျိုးပင်။
"မှူးမတ်တွေနဲ့ ဘုရင်ကြားမှာ အဆင်မပြေဖြစ်နေရင်... ဘုရင်က မှူးမတ်တွေကို ရန်လိုတဲ့ သတင်းထောက်တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေရတတ်တယ်။ အဓိပ္ပာယ်ကတော့... အခြေအနေကိုကြည့်ပြီး ဉာဏ်သုံးကစားရတာမျိုးပေါ့။"
"အာ... အင်း။ ဟုတ်ကဲ့ပါ။"
"ဒါပေမဲ့ သာမန်ပြည်သူတွေကတော့ မှူးမတ်တွေကို ကျိန်းသေပေါက် ရန်လိုကြတယ်၊ မိန်းကလေးရဲ့။ ဒီခြားနားချက်ကို စိတ်ထဲမှာ သေသေချာချာ မှတ်ထားပြီး... ဘယ်ဘက်ကို ချဉ်းကပ်ရမလဲဆိုတာ ဆုံးဖြတ်။"
ရက်ရှ်တာ သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ပြန်ဖြေခဲ့သည်။
"ရက်ရှ်တာက ပြည်သူတွေရဲ့ ထောက်ခံမှုကို ရယူရမှာဆိုတော့... ပြည်သူတွေဘက်ကဖြစ်တဲ့ သတင်းထောက်တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေရမှာပေါ့နော်။"
"အမှန်ပဲ။ ဒါပေမဲ့ မှူးမတ်တွေဘက်က သတင်းထောက်တွေရဲ့ အမုန်းကိုလည်း မခံရအောင်နေ။"
"အင်း... ဘယ်သူက ပြည်သူတွေဘက်ကလဲ၊ ဘယ်သူက မှူးမတ်တွေဘက်ကလဲဆိုတာ... ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲဟင်။"
"ပြီးခဲ့တဲ့ ၃ နှစ်အတွင်းက ထွက်ခဲ့တဲ့ သတင်းဆောင်းပါးတွေအားလုံးကို လိုက်ဖတ်ကြည့်ရင် သိနိုင်တာပေါ့။”
နောက်ဆုံးတွင် ရက်ရှ်တာတစ်ယောက် ဆောင့်ကြောင့်ထိုင်ချရင်း လက်နှစ်ဖက်ကို ယမ်းခါကာ ပြောခဲ့တော့သည်။
"ကလေးက အဲ့ဒီလိုစကားမျိုးတွေ မကြားချင်ဘူးတဲ့။ နည်းနည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေပဲ ပြောပြပေးပါဦး။"
မြို့စားမင်း အယ်ရ်ဂီက ထိုကဲ့သို့ ပြုမူနေသော ရက်ရှ်တာကို စိုက်ကြည့်နေရာမှ မကြာမီ အော်ဟစ်၍ ရယ်လေတော့သည်။
ရက်ရှ်တာ နှုတ်ခမ်းကိုစူလျက် စိုက်ကြည့်လိုက်တော့မှ မြို့စားမင်း အယ်ရ်ဂီက မချိပြုံးပြုံးရင်း ခေါင်းကို ခါယမ်းခဲ့၏။
ထိုအပြုအမူက ရက်ရှ်တာကို အလွန်ပင် ချစ်စရာကောင်းသည်ဟု သတ်မှတ်နေသည့် ပုံစံမျိုးပင်။
သို့တိုင်အောင် ပေါ်တင်းမွမ်းခြင်းတော့ မလုပ်ခဲ့။
ရက်ရှ်တာက သူ့ကို ခိုးကြည့်လိုက်ပြီးနောက် အကြောင်းပြချက်မရှိဘဲ ပြုံးစစဖြင့် အောက်သို့ ငုံ့ကြည့်မိသွားသည်။
~~~~
လူတို့က သတင်းစာဖတ်ပြီး အရာနှစ်ခုကို မျှော်လင့်တတ်ကြသည်။
အမှန်တရား။
သို့မဟုတ် မိမိတို့ လိုချင်သောအဖြေ။
ယခုမေးခွန်းအတွက် လိုအပ်နေသည်က အမှန်တရား မဟုတ်ဘဲ ‘လိုချင်သောအဖြေ’ သာ ဖြစ်ပေသည်။
သို့ဆိုလျှင် အနောက်ဘုရင့်တိုင်းပြည်၏ ပြည်သူလူထု လိုချင်သောအဖြေက ဘာဖြစ်မည်နည်း...
ပြည်သူအများစုက မိမိတို့၏ဘုရင်ကို သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွင် ပါဝင်ပတ်သက်ပြီး ရယ်စရာဖြစ်သွားရမည်ကို မလိုလားကြချေ။
တော်ဝင်မိသားစု၏ အချစ်ဇာတ်လမ်းများက စိတ်ဝင်စားဖို့ကောင်းသည်ဆိုသော်လည်း၊ အနည်းဆုံး မိမိတို့၏ ဘုရင်နှင့် အိမ်ရှေ့စံ ဇနီးမောင်နှံတို့ကိုမူ ထိုသို့သော ပြဿနာများထဲတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် မျှော်လင့်ကြပေလိမ့်မည်။
အနောက်ဘုရင့်တိုင်းပြည်၏ ပြည်သူများကလည်း ထပ်တူထပ်မျှပင် ဖြစ်မည်သာ။
အထူးသဖြင့် ဟိုင်န်ရီ၏ အစ်ကိုတော်တွင် ချစ်သူ အများအပြားရှိခဲ့ဖူးသဖြင့်၊ ပြည်သူများက ထိုသို့သော အကြောင်းအရာများကို စိတ်ကုန်နေလောက်မည်ဖြစ်ရာ...
သို့ဆိုလျှင် နိုင်ငံရေးဆန်ဆန်စကားများထက် အချစ်ရေးကို ရောနှော၍ ပြန်လည်ဖြေကြားခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။
သို့သော်လည်း အချစ်ရေးက တအားပြင်းထန်လွန်းသွားပါက ဖောက်ပြန်မှုလို ဖြစ်သွားနိုင်သဖြင့် စည်းကို သေသေချာချာ စောင့်ထိန်းရပေမည်။
'ဟိုင်န်ရီနဲ့ စကားချင်းတိုင်ပင်ပြီးမှ ပြန်ဖြေရင် အကောင်းဆုံးဖြစ်မှာ ဆိုပေမဲ့လည်း...'
နောက်မှ ပြန်လည်ဖြေကြားပါမည်ဟုဆိုကာ မေးခွန်းကို တစ်ကြိမ် ရွှေ့ဆိုင်းလိုက်လျှင် ထိုနောက်ပိုင်းမှ ထွက်လာမည့် အဖြေများက အမှန်တရားနှင့် ကင်းကွာနေသလို ထင်စရာရှိနိုင်သည်။
ထိုအချိန်ကျမှ မည်မျှပင် ကောင်းမွန်သော အဖြေကို ပေးပါစေ၊ စကားချင်း ညှိနှိုင်းထားခြင်း သို့မဟုတ် လုပ်ကြံဖန်တီးထားခြင်းဟုသာ ထင်မြင်ကြမည်ဖြစ်၍၊ ယခု ချက်ချင်းပင် ဖြေကြားလိုက်တော့မည်။
အတွေးများကို အဆုံးသတ်လိုက်ပြီးနောက် ကျွန်မ ခပ်ဖွဖွ ပြုံးရင်း ပြန်လည်ဖြေကြားလိုက်၏။
"ကွာရှင်းဖို့အတွက် အရာအားလုံးကို အဆုံးသတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်တုန်းက။"
"...."
"အဲ့ဒီအချိန်မှာ အရှင်မင်းကြီးက ကျွန်မအတွက် ခွန်အားဖြစ်ပေးခဲ့တာပါ။"
ပြန်လည်ဖြေကြားနေစဉ်အတွင်း တစ်ဖက်လူ စိတ်ဝင်စားလာစေမည့် အခြားသော သဲလွန်စတစ်ခု ချန်ထားပေးရန်လည်း မေ့လျော့၍ မဖြစ်ချေ။
ဉာဏ်ကောင်းသော သတင်းထောက်က ကျွန်မ၏ စကားထဲတွင် ပါဝင်နေသော အတွင်းသဘောကို ချက်ချင်းပင် ရိပ်မိသွားကာ အံ့ဩတကြီး မေးမြန်းလာသည်။
"ဒါဆို... ကွာရှင်းရတော့မယ်ဆိုတဲ့ အမှန်တရားကို ကြိုတင်ပြီး သိနေခဲ့တာလားခင်ဗျ။”
"...မတော်တဆ ကြားခဲ့ရတာပါ။"
စိတ်ကူးယဉ်စရာ နေရာလွတ် ချန်ထားပေးနိုင်ရန်အတွက် အသေးစိတ်အထိ လိုက်လံရှင်းပြခြင်းမျိုး မလုပ်ခဲ့သော်လည်း၊ ဤမျှလောက်ဆိုလျှင်ပင် လုံလောက်နေပေပြီ။
သတင်းထောက်က အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရကာ၊ ရို့စ်သည်လည်း အလွန်ပင် အံ့ဩတုန်လှုပ်သွားသော မျက်နှာထားမျိုး ဖြစ်သွားလေသည်။
ထို့နောက်တွင်မူ သူက ကျွန်မကို သနားကရုဏာသက်နေသည့်အလား လှမ်းကြည့်လာ၏။
~~~~
ညနေ ခြောက်နာရီခန့်။
သီးသန့်နန်းဆောင်တွင် သီးခြားချက်ပြုတ်သည့် စားဖိုဆောင်မရှိသောကြောင့်၊ ရို့စ်က မိဖုရားအတွက် အစားအစာများကို ပြင်ဆင်ရန် ပင်မနန်းဆောင်ဆီသို့ ကိုယ်တိုင် ထွက်ခွာသွားသည်။
ထိုလုပ်ငန်းစဉ်အတွင်း ရို့စ်တစ်ယောက် မောင်ဖြစ်သူ ယူနီးမ်နှင့် သဘာဝကျကျပင် ဆုံတွေ့ခွင့်ရရှိခဲ့၏။
ယူနီးမ်က ရို့စ်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မိဖုရားက မည်သို့ရှိသလဲဟု မေးမြန်းလာရာ၊ ရို့စ်က ခေါင်းခါယမ်းရင်း ပြောခဲ့သည်။
"ကောင်းတဲ့ဘက်ကရော၊ မကောင်းတဲ့ဘက်ကပါ လူသားဆန်မှု မရှိဘူး။"
"ဘာကိုဆိုလိုတာလဲ။"
"စကားအတိုင်းပဲ။"
ယူနီးမ်က ခေတ္တမျှ စဉ်းစားကြည့်ပြီးမှ ထပ်မံ၍မေးခွန်းထုတ်ခဲ့သည်။
"ဒါပေမဲ့ မျှော်လင့်မထားမိတာက... ငါ့ကို သူ့ဘက်ပါအောင် သိမ်းသွင်းဖို့ ကြိုးစားမလာတာပဲ။"
"အစ်မက မရိပ်မိတာမျိုး မဟုတ်ဘူးလား။"
"ငါ့ကို အဲ့ဒီလောက်လေးတောင် ခွဲခြားမသိတတ်ဘူးလို့ မှတ်နေတာလား။"
"ဒါလည်း ဟုတ်တာပဲ။"
"ကိုယ့်ဘက်ပါအောင် မစည်းရုံးပေမဲ့ အကူအညီတွေတော့ အကုန် တောင်းခံနေတာပဲ။"
ရို့စ်က ဝတ်စုံပြင်ဆင်မှုကို မိမိအား တာဝန်ယူခိုင်းခဲ့သည့်အကြောင်းနှင့် လူအများရှေ့တွင် 'အားလုံးကို အပ်ပါတယ်' ဟု အမိန့်ပေးခဲ့သည့်အကြောင်းများကို ပြောပြပြီးနောက်၊ ဂါဝန်အနားစကို အသာလေးပင့်ကာ ရောင်ကိုင်းနေသော ခြေထောက်ကို ညွှန်ပြခဲ့သည်။
"ဒီမှာ မြင်လား။ နန်းတော်တစ်ခုလုံး လိုက်ပြခိုင်းလို့ တစ်နေကုန် လမ်းလျှောက်ခဲ့ရတာ။"
"ဘယ်လိုတောင် လျှောက်လိုက်လို့ ခြေထောက်တွေ ရောင်ကိုင်းသွားရတာလဲ။"
"ပြောမနေပါနဲ့တော့။ ဘယ်လောက်တောင် စေ့စေ့စပ်စပ် လိုက်ကြည့်တယ်မှတ်လဲ။"
ရို့စ်က လက်ကို ဝှေ့ယမ်းပြရင်း ခန္ဓာကိုယ်လေး တုန်ခါသွားလေသည်။
မိဖုရားတစ်ပါး ရောက်လာခြင်းမဟုတ်ဘဲ သူလျှိုတစ်ယောက် ရောက်လာသလားဟု ထင်မှတ်ရလောက်အောင်ပင်၊ မိဖုရားက အခန်းတိုင်းသို့ ဝင်ရောက်ကာ အတွင်းပိုင်းအထိ သေသေချာချာ လိုက်လံစစ်ဆေးခဲ့၏။
ထိုဖြစ်စဉ်အတွင်း နန်းတွင်းအမှုထမ်း အများအပြားနှင့် သဘာဝကျကျ ဆုံတွေ့ခဲ့ရသော်လည်း၊ ထူးဆန်းသည်မှာ ထိုသူတို့အနက် အချို့က မိဖုရားကို မြင်လိုက်ရသည်နှင့် မျက်နှာများ ဖြူဖျော့သွားခဲ့ကြခြင်းပင်။
"နန်းတော်ကို လိုက်ကြည့်တာထက်... လူတွေကို သူ့မျက်နှာ လိုက်ပြသလိုမျိုးလည်း ခံစားရတယ်..."
ခေါင်းကိုငဲ့စောင်းလျက် တွေးတောနေသော ရို့စ်ကို၊ ယူနီးမ်က ထပ်မံ၍ မေးမြန်းခဲ့သည်။
"လေဒီ ခရစ္စတာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိလဲ။"
"အတူတူရှိတာမှ တစ်ရက်ပဲ ရှိသေးတာလေ။ အဲ့ဒီအထိတော့ မသိနိုင်သေးဘူးပေါ့။"
"စိတ်နေစိတ်ထားကရော..."
"တစ်ရက်တည်းနဲ့ သိဖို့က ခက်ခဲတာပေါ့။"
"အရည်အချင်းကရော..."
"တော်မှာပေါ့... သတင်းတွေက ဒီအထိတောင် ပျံ့နေခဲ့တာကို။ ကိုယ်တိုင် မျက်စိနဲ့တော့ မမြင်ဖူးသေးပေမဲ့။"
ရို့စ် အမှန်အတိုင်း ပြန်လည်ဖြေကြားပြီးနောက်၊ ချီတုံချတုံဖြစ်နေရင်းမှ ဝန်ခံခဲ့သည်။
"အင်းလေ။ ငါကတော့၊ အဟမ်း၊ မမုန်းပါဘူး။ အဲ့ဒီလောက်ကြီး လမ်းမလျှောက်ခိုင်းဘူးဆိုရင်တော့... ရံရွေတော်အဖြစ် ဆက်ပြီး တာဝန်ထမ်းဆောင်သွားဖို့လည်း အဆင်ပြေတယ်။"
"......"
ဤကဲ့သို့သောအဖြေကို မျှော်လင့်ထားခြင်း မဟုတ်၍လားမသိ၊ ယူနီးမ်၏ မျက်ခုံးများက အနည်းငယ် ကျုံ့သွားတော့သည်။
~~~~
ရို့စ် ပြန်အရောက် နောက်ကျနေသည်။
'ထွက်သွားတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။'
ကျွန်မသည် နာရီကို လှမ်းကြည့်ရင်း၊ ယနေ့တစ်နေ့လုံး လမ်းလျှောက်ခဲ့ရသဖြင့် ခံစားမိခဲ့သော ပင်မနန်းဆောင်နှင့် သီးသန့်နန်းဆောင်ကြားရှိ အကွာအဝေးကို ပြန်တွေးလိုက်မိသည်။
အလှမ်းတိုသော အကွာအဝေးတော့ မဟုတ်ချေ။
ညောင်းညာနေသော ခြေထောက်များဖြင့် သွားလာရမည်ဆိုပါက လမ်းလျှောက်နှုန်းက ပို၍ နှေးကွေးသွားမည်ဖြစ်ရာ...
သို့သော်လည်း မည်သို့ပင် တွေးပါစေ ရောက်လာရမည့်အချိန်ထက် နောက်ကျနေသည်မှာ အမှန်ပင်။
ထိုသို့ဆိုလျှင် တစ်စုံတစ်ယောက်နှင့် ဆုံတွေ့၍ စကားပြောနေခြင်း ဖြစ်ရပေမည်။
ဘယ်သူနဲ့ တွေ့နေတာပါလိမ့်။
'သူ့မောင်နဲ့ တွေ့နေတာဖြစ်မယ်။'
ဟုတ်ပါရဲ့။
ခရစ္စတာနှင့် တွေ့ဆုံခြင်းဆိုလျှင် နောက်မှ သပ်သပ်ဆုံဖြစ်ကြမည်ဖြစ်ပြီး၊ ယခုကဲ့သို့ အချိန်အကြာကြီး စကားပြောနေနိုင်စရာ အကြောင်းမရှိချေ။
ဤမျှလောက် အချိန်အကြာကြီး စကားပြောနေနိုင်သည်ဆိုကတည်းက စိတ်ထဲတွင် မသိုးမသန့်ဖြစ်စရာမရှိသော အခြေအနေမျိုးသာဖြစ်ရမည်ဖြစ်သောကြောင့်၊ ယူနီးမ်နှင့် တွေ့နေသည်မှာ သေချာလှပေသည်။
'ဒါဆို ဘာအကြောင်းအရာတွေ ပြောနေကြတာဖြစ်မလဲ။'
မဟုတ်မှ ဒီနေ့ လမ်းအများကြီး လျှောက်ခဲ့ရလို့ ခြေထောက်တွေနာနေတယ်ဆိုပြီး ညည်းညူနေမလားမသိဘူး...
ကျွန်မ ထွက်လာအံ့ဆဲဆဲ ရယ်သံကို ထိန်းချုပ်ရန်အ နှုတ်ခမ်းကို လက်မဖြင့် အသာလေး ဖိနှိပ်ထားလိုက်မိသည်။
- ဒေါက်ဒေါက်
အာ၊ ရောက်လာပြီထင်တယ်။
ကျွန်မ အလျင်အမြန် နှုတ်ခမ်းမှ လက်ကိုဖယ်ကာ ထရပ်လိုက်မိ၏။
- ဒေါက်ဒေါက်
သို့သော်လည်း ခေါက်သံထွက်ပေါ်လာရာနေရာက တံခါးဝဆီမှ မဟုတ်ခဲ့။
ပြတင်းပေါက်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
မနေ့ကအတိုင်းပင်။
ဘာကိစ္စပါလိမ့်ဟု တွေးရင်း ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားကာ ဖွင့်လိုက်မိရာ၊ ဟိုင်န်ရီက မနေ့ကနှင့် ဆင်တူသော ပုံစံမျိုးဖြင့် ရပ်နေလေသည်။
တစ်ခုတည်းသော ခြားနားချက်က ယနေ့တွင်မူ ရတနာပန်းစည်းအစား ဆင်စွယ်ရောင်ပေါ်တွင် ရွှေရည်စိမ်ထားသော ထမင်းဘူးကို ကိုင်ဆောင်ထားခြင်းပင်။
"ဟိုင်န်ရီ၊ အဲ့ဒါက..."
"အတူတူ စားသောက်လို့ရမလား၊ ကွီးန်။"
"လေဒီ ရို့စ်က အခုအထိ ပြန်မရောက်သေးဘူး။"
ဟိုင်န်ရီက သူကိုင်ဆောင်ထားသော ထမင်းဘူးကို တတောက်တောက် ပုတ်ပြရင်း ပြုံးလျက်ပြောလာသည်။
"အတူတူစားဖို့အတွက် ကြိုပြင်လာတာလေ။"
ထိုပုံစံကို မြင်လိုက်ရတော့ ငယ်စဉ်အခါက ဆိုဗီရ်ရှု မုန့်များကို အပြည့်အစုံ ထုပ်ပိုးလျက် လာရောက်လည်ပတ်ခဲ့ဖူးသည်များကို ပြန်လည်အမှတ်ရမိသွားသည်။
ခေတ္တ ရင်ထဲတွင် နာကျင်သွားခဲ့ရသော်လည်း၊ ကျွန်မ အလျင်အမြန်ပင် ထိုအတွေးကို ဖယ်ထုတ်ပစ်ကာ ပြုံးလျက် အဲ့ဒီလိုလုပ်ကြတာပေါ့ဟု ပြန်ဖြေလိုက်၏။
ဟိုင်န်ရီက ချက်ချင်းပင် ပြတင်းပေါက်ဘောင်ကိုကျော်ကာ အထဲသို့ ခုန်ဝင်လာသည်။
လုပ်ပြန်ပြီ။
ကျွန်မ မျက်ခုံးပင့်လျက် စိုက်ကြည့်လိုက်တော့မှ သူက အချိန်နှောင်းမှ ‘အာ’ ဟူသော မျက်နှာထားမျိုး လုပ်ပြခဲ့သော်လည်း…
'အဲ့ဒီအကျင့်ကိုတော့ ပြင်ခိုင်းလိုက်တာက ပိုကောင်းမလား။'
နောက်ပိုင်း ပို၍ရင်းနှီးကျွမ်းဝင်သော အခြေအနေမျိုး ရောက်လာမှ ပူညံပူညံပြောရပေမည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက်၊ ကျွန်မ ဟိုင်န်ရီနှင့်အတူ စားပွဲခုံတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်၏။
ဟိုင်န်ရီက ထမင်းဘူးကို စားပွဲပေါ်တွင် တင်ထားလိုက်ကာ အဖုံးကိုဖွင့်ရင်း မေးမြန်းလာသည်။
"ဒီနေ့ရော ဘယ်လိုရှိလဲဟင်။"
"သတင်းထောက်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။"
"သတင်းထောက်လား။ အာအာ။ သုံးယောက်လောက် လှည့်ပတ်သွားလာနေကြတာ ရှိတယ်လေ။"
သဘာဝကျစွာ ဟိုင်န်ရီကလည်း ထိုသူများက မည်သူမည်ဝါဖြစ်ကြောင်း သိရှိနေသည့်ပုံစံဖြင့် မျက်ဝန်းလေးများ ထူးဆန်းစွာ ကွေးညွှတ်သွားတော့သည်။
"ဘယ်သူနဲ့ ဆုံခဲ့တာလဲဗျ။"
"ဆံပင်အပြာရင့်ရောင်နဲ့လူ။ ဆံပင်ကို အနောက်မှာ တစ်ချောင်းတည်း စည်းထားတဲ့..."
"အာအာ... ဘယ်သူမှန်း သိပါပြီ။"
ကျွန်မ သူ့အား သတင်းထောက် မေးမြန်းခဲ့သော မေးခွန်းနှင့် မိမိ ပြန်လည်ဖြေကြားခဲ့သော အဖြေများကို ပြောပြပေးခဲ့သည်။
ကျွန်မ၏အဖြေကို စိတ်တိုင်းမကျဘဲ ရှိနေမလားဟု စိုးရိမ်ခဲ့မိသော်လည်း၊ ဟိုင်န်ရီကမူ ထိုသို့သော အရိပ်အယောင်မျိုး လုံးဝမပြဘဲ ပြုံးလျက် ပြောလာ၏။
"အများကြီး ချန်လှပ်ထားခဲ့တယ်ဆိုပေမဲ့ အမှန်တရားပဲကို။"
"အခုလည်း တွေးမိနေတာဆိုပေမဲ့... ရှင့်အပေါ် အမြဲတမ်း ကျေးဇူးတင်တဲ့စိတ် ရှိနေတာပါ။"
"အမြဲတမ်း ပြောခဲ့ပြီးသားဆိုပေမဲ့၊ ကွီးန်။ ခင်ဗျားကို မိဖုရားအဖြစ် တင်မြှောက်ချင်ခဲ့တာက ကျွန်တော်ပါ။"
သူက စကားအဆုံးတွင် လက်ကို ခရုလို ဖြည်းဖြည်းချင်း လှမ်းလင့်လာသည်။
ထို့နောက် ကျွန်မ ထိုင်နေသော စားပွဲခုံအထိ ရောက်ရှိလာကာ ရပ်တန့်သွား၏။
လက်ချင်း တွဲချင်လို့များလား။
အိုးတိုးအမ်းတမ်း ခံစားချက်ဖြင့် လက်ကို လှမ်းကြည့်နေပြီးမှ သူ၏လက်ပေါ်သို့ ကျွန်မ၏လက်ကို တင်လိုက်ရာ၊ ဟိုင်န်ရီက အစာကို စောင့်ဆိုင်းနေသော အသားစားသစ်ပင်လို ကျွန်မ၏လက်ကို ချက်ချင်းပင် ဖတ်ခနဲ ဆုပ်ကိုင်လိုက်ကာ မေးမြန်းလာသည်။
"လေဒီ ရို့စ်ကရော ဘယ်လိုရှိလဲဟင်။"
"အင်းဆက်စားပင်..."
"ဗျာ။ အဲ့ဒီလောက်အထိ အဆင်မပြေတာလား။"
"ရှင်။ အာ၊ မဟုတ်ပါဘူး။ ပါးနပ်ပါတယ်။"
ဟိုင်န်ရီက ကျွန်မ သူ့လက်ကို ရည်ရွယ်ပြီး အင်းဆက်စားပင်ဟု ပြောလိုက်မိကြောင်း သိပုံမရဘဲ ခေါင်းကို ငဲ့စောင်းလျက် ထပ်မံ၍ မေးမြန်းလာပြန်သည်။
"လေဒီ ရို့စ်အပြင် တခြား လိုချင်တဲ့ ရံရွေတော်မျိုး မရှိဘူးလား။"
"နောက်ထပ် နည်းနည်းလောက် သေသေချာချာ စောင့်ကြည့်ပါဦးမယ်။"
ကျွန်မ ပြန်ဖြေကြားရင်း သူ့လက်ထဲမှ ကျွန်မ၏လက်ကို အသာလေး ရုန်းထွက်လိုက်သည်။
အိမ်ရှေ့စံကြင်ရာတော်ဘဝကို ဖြတ်သန်းလာခဲ့ဖူးသဖြင့် မည်သူ့ကို အနား၌ ထားရှိရမည်၊ မည်သူ့ကို ဝေးဝေးတွင် ထားရမည်ဆိုသည်ကို သဘာဝကျကျ သိရှိပြီးသားပင်။
အကယ်၍ အိမ်ရှေ့စံကြင်ရာတော် ဘဝကို မဖြတ်သန်းခဲ့ဖူးသည့်တိုင်၊ ကျွန်မသာ အနောက်ဘုရင့်တိုင်းပြည်မှလာသူ ဖြစ်ခဲ့မည်ဆိုပါက နာမည်ကောင်းရှိသူ သို့မဟုတ် ရင်းနှီးသော ရံရွေတော်များကို အရင်ဦးစွာ အနား၌ ခန့်အပ်ထားခဲ့ပေလိမ့်မည်။
သို့သော်လည်း ကျွန်မက ထိုအခြေအနေနှစ်ခုလုံးနှင့် မကိုက်ညီသောကြောင့်၊ မိဖုရားနန်းဆောင်တွင် အတူတူရှိနေမည့် ရံရွေတော်များကို ရွေးချယ်ရန်မှာ မလွယ်ကူလှချေ။
ဟိုင်န်ရီက "အဲ့ဒီလိုကိုး" ဟု တီးတိုးရေရွတ်ခဲ့သော်လည်း၊ သူ့လက်ထဲမှ ရုန်းထွက်သွားသော ကျွန်မ၏လက်ကို နှမြောတသဟန်ဖြင့် စိုက်ကြည့်နေသည်။
မည်သူမဆို မြင်နိုင်လောက်အောင် နှမြောတသမှုက ပြင်းထန်လှသဖြင့်၊ ကျွန်မ အကြောင်းမဲ့ လက်ချောင်းလေးများကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ရင်း အိုးတိုးအမ်းတမ်းနှင့် ပြုံးမိတော့၏။
သူနှင့်အတူရှိနေသည့် အချိန်တိုင်း ဤကဲ့သို့ ခဏခဏ ဖြစ်တတ်သည်။
အိုးတိုးအမ်းတမ်း ဖြစ်ရသလို၊ တစ်ဖက်တွင်လည်း စိတ်အေးချမ်းရကာ ရင်ထဲတွင် မရိုးမရွနှင့် ကလိကလိဖြစ်ရ၏။
သူက ငှက်မွေးအမြောက်အမြားဖြင့် ပြုလုပ်ထားသော နူးညံ့သည့် ခေါင်းအုံးကြီးနှင့် တူလှသဖြင့်၊ ကျွန်မကို စိတ်သက်သာရာရစေသော်လည်း တစ်ဖက်တွင်မူ ခဏခဏ ကလိကလိဖြစ်စေကာ ရယ်မိအောင် ဖန်တီးတတ်ပေသည်။
သို့သော်လည်း ထိုအချက်ကြောင့်ပင် စိုးရိမ်ပူပန်မှုများ ရှိနေမိ၏။
မင်္ဂလာပွဲ ပြီးဆုံးသွားပါက မင်္ဂလာဦးညကိုလည်း ဖြတ်သန်းရဦးမည်မဟုတ်ပါလား။
ယခုကတည်းက ဤမျှအထိ အနေခက်နေရသည်ဆိုလျှင်...
မင်္ဂလာဦးည မတိုင်မီကတည်းက တွေးပူနေရသလို၊ ဖြတ်သန်းရမည့်အချိန်တွင်လည်း တွေးပူနေရကာ၊ ဖြတ်သန်းပြီးနောက်ပိုင်းတွင်လည်း သူ့မျက်နှာကို မည်သို့ကြည့်ရမည်နည်းဟု စိုးရိမ်နေမိသည်။
ထိုအချိန်ရောက်လျှင်ရော ကျွန်မတို့ ယခုအတိုင်း... ရဲဘော်ရဲဘက်များလို အချင်းချင်း ဆက်၍ကြည့်နိုင်ကြဦးမည်လား။
မင်္ဂလာဦးညအကြောင်း တွေးလိုက်မိသည်နှင့် ကြောင်ပေါက်လေးတစ်ကောင်က လျှာကြမ်းကြမ်းဖြင့် နှလုံးသားကို လာလျက်နေသလို ခံစားရသဖြင့် အလကားနေရင်း ရှက်ကိုးရှက်ကန်းဖြစ်ရပြန်သည်။
ဤကဲ့သို့သော ခံစားချက်က အင်မတန် ထူးဆန်းလှသဖြင့်၊ ကျွန်မ တမင်ပင် ထမင်းဘူးကို စိုက်ကြည့်ရင်း မည်သူပြင်ဆင်ခဲ့မှန်း မသိရသည့်တိုင် အလွန်ကောင်းမွန်လှပါသည်ဟု ချီးမွမ်းခန်းဖွင့်လိုက်၏။
"ကျွန်တော်ကိုယ်တိုင် ပြင်ဆင်ခဲ့တာပါ။”
ပြန်လည်ထွက်ပေါ်လာသောအဖြေကမူ လုံးဝ မျှော်လင့်မထားသောအရာ ဖြစ်နေခဲ့သော်လည်း။
"တကယ်ပဲလား။"
ဤသည်က လုံးဝ ထင်မထားသော ကိစ္စရပ်ဖြစ်၍ အံ့ဩတကြီး မေးလိုက်မိရာ၊ ဟိုင်န်ရီက ခေါင်းညိတ်ပြခဲ့ပြီးနောက် တီးတိုးရေရွတ်သံဖြင့် မေးလာခဲ့သည်။
"အဲ့ဒီလိုဆိုမှ.. ကွီးန်။ အကူအညီတစ်ခုလောက် တောင်းလို့ရမလားဗျ။"
"အကူအညီ။"
"ကျွန်တော်တို့က အခု ထိမ်းမြားထားပြီးကြပြီမဟုတ်လား။"
"...ဟုတ်တာပေါ့။"
ဒါနဲ့ ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲ့ဒီအကြောင်းအရာကို သတိပေးနေရတာပါလိမ့်။
အကြောင်းမဲ့ စိုးရိမ်စိတ်ဖြင့် စိုက်ကြည့်လိုက်မိစဉ်၊ သူက တိုးညင်းသောအသံဖြင့် ထပ်မံ၍ မေးမြန်းလာပြန်သည်။
"လုပ်ကြည့်ချင်တာလေးတစ်ခု ရှိလို့ပါ။"
ကျွန်မ ဟိုင်န်ရီ၏ စကားကြောင့် အသက်ရှူပင်ရပ်သွားရကာ မျက်ဝန်းအစုံကို ဟိုဟိုဒီဒီ လှုပ်ရှားမိတော့သည်။
ထိမ်းမြားပြီးပြီဖြစ်၍ လုပ်ကြည့်ချင်သောအရာ ရှိသည်ဆိုပါက...
ဘာကိုပြောချင်တာပါလိမ့်။
သူ ဘာကိုတွေးပြီး ယခုလို မေးခွန်းထုတ်နေမှန်း မသိရသော်လည်း အလွန်ပင် ထိတ်လန့်တုန်လှုပ်မိရ၏။
ဟင့်အင်း...
တကယ်တော့ စိတ်ထဲတွင် ရိပ်မိနေသော အရာအချို့ ရှိနေခဲ့သည်။
နမ်းတာ... နမ်းတာလိုအရာမျိုး ဖြစ်လိမ့်မယ်။
မဟုတ်ရင် ပိုပြီးတော့ ရင်းနှီးတဲ့ ထိတွေ့မှုကို လိုချင်နေတာလည်း ဖြစ်နိုင်တာပဲ။
အလကားနေရင်း စိတ်လှုပ်ရှားလာရသည်။
လက်နှစ်ဖက်ကိုယှက်လျက် အောက်သို့ချထားရင်း ကျွန်မ အနေခက်စွာဖြင့် သူ့ကို စိုက်ကြည့်နေမိတော့၏။
ဆိုဗီရ်ရှုနဲ့တုန်းက ဘယ်လိုမျိုး နမ်းခဲ့ကြပါလိမ့်။
မမှတ်မိတော့ချေ။
သို့သော်လည်း ငယ်စဉ်ကတည်းက အဆင့်ဆင့်ကို သဘာဝကျကျ ဖြတ်သန်းလာခဲ့ကြဖူးသဖြင့်...
မလုပ်ပါနဲ့ဟု တားမြစ်ရမည်လား။
သို့မဟုတ် လုပ်ပါဟု ခွင့်ပြုရမည်လား။
သူ၏ နှုတ်ခမ်းအစုံကို အကဲခတ်ကြည့်လိုက်မိရာ၊ အင်မတန် ကြည်လင်ပြီး ဆွဲဆောင်မှုရှိလှသည်ကို မြင်တွေ့လိုက်ရသည်။
'ဟုတ်ပါရဲ့လေ။ ဇနီးမောင်နှံတွေဖြစ်နေကြပြီဆိုတော့၊ လုံးဝ မနမ်းဘဲ နေသွားလို့တော့ မရနိုင်ဘူးပေါ့။'
ကျွန်မ ခေတ္တ စဉ်းစားပြီးနောက် နမ်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက် စိတ်ကို အသင့်ပြင်ဆင်ထားလိုက်ပြီးမှ၊ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း သူ့အား ခွင့်ပြုချက်ပေးလိုက်၏။
"လုပ်လို့ရပါတယ်။"
ဟိုင်န်ရီ၏ နှုတ်ခမ်းလေးက လှပလွန်းသဖြင့် နမ်းရန်ခွင့်ပြုပေးလိုက်ခြင်းမျိုး လုံးဝ မဟုတ်။
ဟိုင်န်ရီက အတိုင်းထက်အလွန် ပြုံးရွှင်သွားပြီးနောက်၊ အလျင်အမြန်ပင် ခက်ရင်းကို ကောက်ကိုင်ခဲ့သည်။
'ခက်ရင်း။’
ထို့နောက်တွင် ယူဆောင်လာခဲ့သော ငါးအသားလွှာဖြူဖြူလေးကို ခက်ရင်းဖြင့် ထိုးယူကာ ကျွန်မ၏ နှုတ်ခမ်းဝနားသို့ ကပ်ပေးရင်း "အာ..လို့ လုပ်ပါ" ဟု ပြောလာ၏။
ကျွန်မသည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမိပြီးမှ ကြောင်တောင်တောင် ပါးစပ်ဟပေးလိုက်မိသည်။
ထိုအခါ ပါးစပ်ထဲသို့ မွှေးပျံ့လှသော အရာတစ်ခု ဝင်ရောက်လာ၏။
စက်ရုပ်တစ်ရုပ်လို ငါးအသားကို ဝါးမြုံ့ပြီးနောက် မျိုချလိုက်သည်။
ငေးငိုင်နေဆဲဖြစ်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်မိရာ၊ ဟိုင်န်ရီက မျက်ဝန်းလေးများ တောက်ပလျက် ကျွန်မကို ကြည့်နေ၏။
"ဒါက ဘာလဲ။"
အနမ်းကရော။
အံ့ဩမှင်တက်စွာ မေးလိုက်တော့မှ၊ သူက နူးညံ့စွာပြုံးရင်း တီးတိုးရေရွတ်ခဲ့သည်။
"ဒါက ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အိမ်မက်လေးပါ။"
ကျွန်မ ပို၍ပင် ကြောင်သွားရကာ တီးတိုးရေရွတ်လိုက်မိ၏။
"......ကျွန်မမှာလည်း လက်ရှိတာပဲကို။"
ကျိန်းသေပေါက် အံ့ဩမှင်တက်မှုကြောင့် ထွက်ပေါ်လာသော အသံဖြစ်သော်လည်း၊ ကျွန်မ၏ အသံနေအသံထားက ကိုယ်တိုင်နားထောင်ကြည့်လျှင်ပင် တောင့်တင်းလွန်းနေသည်။
ပြောပြီးမှ အားနာစိတ် ဖြစ်လာ၍ လှမ်းကြည့်လိုက်မိရာ၊ ဟိုင်န်ရီက ရှက်ကိုးရှက်ကန်းဖြစ်သွားဟန်ဖြင့် တောင်းပန်လာ၏။
"ကွီးန်က ဒီလိုမျိုးကို မကြိုက်ဘူးလားဗျ။ တောင်းပန်ပါတယ်။"
"အဲ့ဒီလို မဟုတ်ပါဘူး၊ ကျွန်မက..."
"..."
ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။
ဘာမှမသိပါဘူးဟူသော ထိုမျက်နှာထားကို ကြည့်ရင်း၊ သူကြိုတင်ပြင်ဆင်ထားခဲ့သည့်အရာက အနမ်းတစ်ခုဖြစ်ပါသည်ဟု မည်သို့ ပြောနိုင်ပါမည်နည်း။
ကျွန်မက သူနှင့် နမ်းချင်လွန်း၍ ရူးမတတ်ဖြစ်နေခြင်းမျိုး မဟုတ်ပေ။
ဒီအတိုင်း လမ်းကြောင်းလွဲပြီး တွေးမိကာ အလကားနေရင်း စိတ်ကို ပြင်ဆင်ထားမိခဲ့ရုံသာ။
သို့သော်လည်း ဤအကြောင်းအရာကို ထုတ်ဖော်ပြောဆိုလိုက်မည်ဆိုပါက၊ ကျွန်မကပဲ သူနှင့် နမ်းရမည့်အချိန်ကို မျှော်လင့်စောင့်စားနေခဲ့သလို ကြားရမည်မှာ သေချာလှပေသည်။
ကျွန်မ အမှန်အတိုင်း ရှင်းပြမည့်အစား၊ စကားမဆိုဘဲ ချယ်ရီခရမ်းချဉ်သီးလေးများကို ကောက်ကိုင်ကာ သူ့ပါးစပ်ထဲသို့ တစ်လုံးပြီးတစ်လုံး အတင်းအကျပ် ထည့်ပေးလိုက်တော့၏။
"ကွီးန်။ တအား များ၊ များလွန်းနေပြီကို။ ဖြည်းဖြည်း..."
"ပါးစပ်ဟပါ။"
"ကွီးန်... နည်းနည်းလောက် ဖြည်းဖြည်း..."
"ဇနီးမောင်နှံအချင်းချင်းကြားမှာ ဒါကို လုပ်ကြည့်ချင်ခဲ့တာဆို။"
"အစ်... ကွီးန်... လောလောဆယ် ဒါကို အရင်..."
"တစ်ခုလေးတောင် မဖိတ်စေဘဲ အကုန်စားပါ။"
~~~~
ရို့စ် တံခါးဝအထိ ချဉ်းကပ်လာခဲ့ပြီးမှ၊ အခန်းထဲမှ ထွက်ပေါ်လာသော ဘုရင်မင်းမြတ်၏ ညည်းညူတောင်းပန်သံကြောင့် ထိတ်လန့်တကြား အနောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည်။
သူက မျက်လုံးအဝိုင်းသားဖြင့် တံခါးချပ်ကို စိုက်ကြည့်နေမိ၏။
မကြာမီ သူ့မျက်နှာတစ်ခုလုံး နီမြန်းတောက်လောင်လာတော့သည်။
အရှေ့အင်ပါယာရဲ့ ဧကရီက ဓားလိုမျိုး ထက်မြက်တဲ့စရိုက်ရှိတယ်ဆိုတာ ဒါကို ပြောတာကိုး။
ကဏ္ဍပေါင်းစုံမှာ ဓားလိုမျိုး ထက်မြက်တဲ့စရိုက် ရှိတဲ့ပုံပဲ။
တော်တော်လေး တဲ့တိုးဆန်ပွင့်လင်းလွန်းတာ...
ရို့စ် လက်တစ်ဖက်ဖြင့် မိမိ၏ ပါးပြင်များကို အသာလေး ဖိနှိပ်ထားရင်း၊ အလျင်အမြန်ပင် အိုးခွက်များကို ကိုင်ဆောင်လျက် သီးသန့်နန်းဆောင်၏ စင်္ကြံလမ်းအတိုင်း ထွက်ခွာသွားတော့သည်။
~~~~
ချယ်ရီခရမ်းချဉ်သီးများအားလုံး ကျွေးပြီးသွားသည့်နောက်တွင်၊ ဟိုင်န်ရီ၏ နှုတ်ခမ်းတစ်ဝိုက်၌ နီမြန်းသော အရည်အချို့ ဟိုဟိုဒီဒီ ပေကျံနေပေပြီ။
သူက လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းကိုသုတ်ရင်း အနည်းငယ် စိတ်ကောက်နေသောပုံစံဖြင့် ညည်းညူခဲ့သည်။
"ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အိမ်မက်လေးက ဒီလောက်အထိ ကြမ်းတမ်းတဲ့အရာမျိုးတော့ မဟုတ်တာကို..."
သို့သော်လည်း ခေတ္တမျှစဉ်းစားကြည့်ပြီးမှ ပြုံးလျက် စကားပြောင်းခဲ့ပြန်သည်။
"ဒါပေမဲ့လည်း ကွီးန် ကျွေးတာဆိုတော့ ကြိုက်ပါတယ်။"
အဲ့ဒီပုံစံက ဘယ်လောက်တောင် မျက်နှာပြောင်ရဲတင်းလိုက်သလဲ။
ရုတ်တရက် မိမိဘာသာ လမ်းကြောင်းလွဲပြီး တွေးမိကာ အပြစ်မရှိသောလူအပေါ် ဒေါသပုံချမိခဲ့သည်ဟု တွေးမိသဖြင့် အားနာစိတ် ဖြစ်ပေါ်လာရသည်။
"ကျွန်မ သုတ်ပေးပါ့မယ်။"
နောက်ဆုံးတွင် အားနာစိတ်ကို မလွန်ဆန်နိုင်တော့သဖြင့်၊ ကျွန်မ ထိုင်နေရာမှထကာ သူ့အနားသို့သွားပြီး ရပ်လိုက်မိသည်။
ထို့နောက် လက်ကိုင်ပဝါကို လုယူကာ သူ၏ နှုတ်ခမ်းတစ်ဝိုက်ကို သေသေချာချာ သုတ်ပေးလိုက်၏။
သူသည် ငြိမ်သက်စွာဖြင့် သူ့မျက်နှာသူ အပ်နှံထားခဲ့သည်။
ဒါပေမဲ့လည်း မျက်လုံးတွေ မှိတ်ထားခဲ့ရင် ပိုကောင်းမှာကို။
ဟိုင်န်ရီက မျက်လုံးကို လုံးဝ မမှိတ်ဘဲ၊ သူ့မျက်နှာကို သုတ်ပေးနေသော ကျွန်မကို စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။
ထိုသို့ စိုက်ကြည့်နေရင်းမှ မျက်တောင်ခတ်လိုက်သည့် အခိုက်အတန့်တိုင်းတွင်၊ ရွှေရောင်မျက်တောင်လေးများက အလင်းပြန်ကာ နူးညံ့စွာ လှုပ်ခတ်သွားလေ၏။
ထိုကြားထဲမှ ခရမ်းရောင် မျက်ဝန်းလေးများက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်ကို မြင်တွေ့ရတော့ ကွီးန်ကို အမှတ်ရမိစေသည်။
အာ... အဲ့ဒီလိုဆိုမှ..
"မေးစရာတစ်ခုရှိတာ... အခုမှ သတိရတယ်။"
ကျွန်မ၏ စကားကြောင့် ဟိုင်န်ရီက မျက်ဝန်းလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးပြလာသည်။
"ဘာမဆို မေးပါ၊ ကွီးန်။"
“ဧကန္တ မက်ကန်နာက၊ ရှင်မွေးထားတဲ့ အပြာရောင် ငှက်လေးလား။"
"..."
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၃၇ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။