အပိုင်း ၅၄ (ရေခဲရုပ်)
“ဟုတ်ကဲ့။ လက်ဆောင်လည်း မပြင်ဆင်ပေးနိုင်တာကို မွေးနေ့မှာတောင် ဆုမတောင်းပေးရင် ဧကရီ စိတ်မကောင်းဖြစ်နေမှာပေါ့။”
နာဗီရယ်က ရက်ရှ်တာကို မုန်းတီးသည်ဟု ယူဆထားသဖြင့် ဆိုဗီရ်ရှုတစ်ယောက် မျက်မှောင်ကြုတ်ထားသည်ကို မဖြေလျှော့နိုင်သေးပေ။
ဧကရီ စိတ်မကောင်းဖြစ်မည်ဟုတော့ မထင်။
သို့သော် ရက်ရှ်တာ့ရှေ့တွင် ‘ဧကရီက မင်းကိုခေါ်သွားရင် ကြိုက်မှာမဟုတ်ဘူး’ ဟု တိုက်ရိုက်ပြောရန်လည်း ခက်ခဲနေ၏။
“ရက်ရှ်တာကိုလည်း ခေါ်သွားပေးပါ၊ အရှင်ဧကရာဇ်။ ရက်ရှ်တာက အနေအထားကို အသက်ဝင်တက်ကြွအောင် သေချာဆောင်ရွက်ပေးနိုင်ပါတယ်။”
“အနေအထားကို အသက်ဝင်အောင် လုပ်ပေးမယ်၊ ဟုတ်လား။”
ရက်ရှ်တာက အရက်ကို တစ်ကျိုက်တည်း မော့သောက်ပြသည့်ဟန် အမူအရာလုပ်ပြလိုက်ရာ ဆိုဗီရ်ရှုက မတင်မကျမျက်နှာထားဖြင့် ရယ်လိုက်၏။
“အဲ့ဒီလောက်အထိတော့ မလိုအပ်တာကို။”
“ဒါပေမဲ့…… ရက်ရှ်တာလည်း အတူတူလိုက်ပါရစေ။ မိသားစုပါတီပဲကို၊ ရက်ရှ်တာကလည်း မိသားစုဝင်ပဲ မဟုတ်လား။”
“အားတော့နာပါရဲ့။ ဒီတစ်ခါ မွေးနေ့ကိုတော့ ဧကရီနဲ့ နှစ်ယောက်တည်းပဲ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်။”
ရက်ရှ်တာ၏ ပါးလေးနှစ်ဖက်က ပို၍ ဖောင်းကားလာသည်။
စိတ်တိုင်းမကျသည့်အမူအရာကို မဖုံးကွယ်ဘဲ၊ လက်ပိုက်ကာ ချက်ချင်းပင် စိတ်ကောက်သွားတော့၏။
“ဟော၊ ချက်ချင်း စိတ်ကောက်သွားပြီလား။”
ဆိုဗီရ်ရှုက ခပ်ဖွဖွရယ်ကာ ရက်ရှ်တာ၏ တင်းအိနေသော ပါးလေးကို ဆွဲညှစ်လိုက်သည်။
“အဲ့ဒီလောက်တောင် လိုက်ချင်နေတာလား။”
“ကိုယ့်ရဲ့ချစ်သူက တခြားမိန်းမနဲ့ နှစ်ယောက်တည်း ညဉ့်နက်တဲ့အထိ အတူတူရှိနေမှာကို ကြိုက်တဲ့မိန်းမ မရှိပါဘူး။”
“ပြီးခဲ့တဲ့ ရက်ပိုင်းက သီးသန့်နန်းဆောင်ကိစ္စ ပြောတုန်းကတော့ ငြိမ်နေတာကို။”
“အရှင်ဧကရာဇ် တစ်ယောက်တည်းသွားမှာ၊ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် လူအများကြီးနဲ့သွားမှာလို့ ထင်ထားတာလေ။”
ရက်ရှ်တာက ချစ်စဖွယ် နှာမှုတ်သံလေးဖြင့် ပြောလိုက်ရာ ဘယ်အချိန်မှ ထွက်ခွာရမလဲဟု အနောက်သို့ ခဏခဏ လှည့်ကြည့်နေသော မြင်းရထားမောင်းသူလည်း မအောင့်နိုင်ဘဲ ရယ်မိသွားတော့သည်။
ရက်ရှ်တာက ရှက်ကိုးရှက်ကန်းနှင့် ခြေဖျားလေးကို ငုံ့ကြည့်နေ၏။
ဆိုဗီရ်ရှုက နာရီကို တစ်ချက်ကြည့်ပြီးနောက် ချော့မော့သည့်အလား ရက်ရှ်တာ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
“နောက်ကျမှ ငါတို့နှစ်ယောက်တည်း အလည်သွားကြတာပေါ့။ အဲ့ဒါဆို ရပြီမဟုတ်လား။”
“နောက်ကျရင်ဆိုတာ ဘယ်တော့လဲဟင်။ ရက်ရှ်တာ့ မွေးနေ့မှာလား။”
“အင်း။”
“ရက်ရှ်တာက အများကြီးနဲ့ ပျော်ရတာကို ပိုကြိုက်ပါတယ်။”
“အဲ့ဒါဆိုလည်း အဲ့ဒီအတိုင်း လုပ်ပေးမယ်။”
“ဒါပေမဲ့ အရှင်ဧကရာဇ်နဲ့ နှစ်ယောက်တည်း အချိန်ကုန်ဆုံးရတာကိုလည်း ကြိုက်တယ်ရှင့်။”
“လောဘကြီးလိုက်တာ။”
ဆိုဗီရ်ရှုက နူးညံ့စွာ ပြုံးလိုက်ရာ၊ ရက်ရှ်တာက ချက်ချင်းပင် သူ၏ လက်မောင်းကို တွဲလိုက်ပြီး တီးတိုးပြောခဲ့သည်။
“မွေးနေ့ပါတီကို လူတွေအများကြီး ဖိတ်ပြီး အတူတူလုပ်မယ်၊ ပြီးမှ သီးသန့် ရက်ရှ်တာနဲ့လည်း နှစ်ယောက်တည်း အတူတူပျော်ပေးရမယ်နော်။”
နူးညံ့သောရနံ့လေးက နှာဖျားကို မရိုးမရွဖြစ်အောင် ကျီစယ်ခဲ့သည်။
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ပါးကို ခပ်ဖွဖွ နမ်းလိုက်ပြီး ‘ဟုတ်ပါပြီ၊ ဟုတ်ပါပြီ’ ဟု ဖြေကာ မြင်းရထားပေါ် တက်လိုက်၏။
မြင်းရထား ထွက်ခွာသွားသည်အထိ ရက်ရှ်တာက လက်ကို အစွမ်းကုန် ဝှေ့ယမ်းပြနေခဲ့သည်။
သို့သော် မြင်းရထား လုံးဝ ဝေးကွာသွားသည်နှင့် သူက လက်များကို အားမရှိသလို ပြန်ချလိုက်၏။
နောက်မှ အတူတူသွားရန်ကို အသာထား၊ ယနေ့နှင့် မနက်ဖြန်ကိုတော့ ဧကရီနှင့်သာ အချိန်ကုန်ဆုံးချေတော့မည်။
အကြောင်းမဲ့ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရ၏။
ကြိုသိခဲ့လျှင် တစ်မျိုးဆိုသော်လည်း အခုမူ ချက်ချင်း မသွားအောင် တားဆီး၍ မရနိုင်တော့ပေ။ စိတ်ကိုသာ ပြန်ထိန်းချုပ်ရပေမည်။
‘အဆင်ပြေမှာပါ။ ဧကရီနဲ့ အရှင်ဧကရာဇ်က ပုံမှန် နိုင်ငံရေးအရ လက်ထပ်ထားတဲ့ ဆက်ဆံရေးပဲကို။’
ရက်ရှ်တာက မိမိ၏ပါးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး အရှေ့နန်းဆောင်ရှိ အခန်းသို့ ပြန်လာခဲ့သည်။
ရှမ်ပိန်တစ်ခွက်သောက်ပြီး အိပ်ပစ်လိုက်တော့မည်။
သို့သော် ခဲရာခဲဆစ် ပြန်ထိန်းထားသည့် သူ၏စိတ်က စင်္ကြံလမ်းရှေ့တွင် ရပ်နေသော မနှစ်မြို့ဖွယ်လူကို မြင်သည်နှင့် တစ်စစီ ပြိုလဲသွားရတော့၏။
ရက်ရှ်တာတစ်ယောက် တုံ့ခနဲ ရပ်သွားကာ ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်လိုက်သည်။
အိတ်ကပ်ထဲ လက်နှိုက်ကာ တံခါးရှေ့တွင် သမ်းဝေနေသော ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကိုမြင်တော့ ရယ်ကျဲကျဲလုပ်ပြလေ၏။
~~~~
သီးသန့်နန်းဆောင် အိပ်ခန်း၏ ပြတင်းပေါက်ကန့်လန့်ကာများမှာ ပါးလွှာလှသည်။
အသုံးပြုသူ မရှိသလောက်ဖြစ်၍ လက်တွေ့အသုံးဝင်မှုထက် အလှအပကိုသာ အလေးထားပြီး ပြင်ဆင်ထားသောကြောင့်ပင်။
ပါးလွှာပြီး အလင်းဖောက်နိုင်သည့် ကန့်လန့်ကာက အပြင်ပန်းကြည့်လျှင် ပန်းချီကားတစ်ချပ်နှယ် လှပသော်လည်း ပြင်းထန်သော နေရောင်ခြည်ကြောင့် နိုးလာရသည့်အခါတွင်မူ 'ဒါကို အရင်ဆုံး အသစ်လဲမှဖြစ်မယ်' ဟူသော အတွေးက ဝင်လာရတော့သည်။
ကျွန်မ အိပ်ရာပေါ်တွင် ငူငူငိုင်ငိုင် ထိုင်နေမိပြီးမှ ယနေ့က ကျွန်မ၏ မွေးနေ့ဖြစ်ပြီး၊ ဤနေရာက သီးသန့်နန်းဆောင်ဖြစ်ကြောင်း သတိရလိုက်မိ၏။
ဆိုဗီရ်ရှုကတော့…… နာရီကို ကြည့်လိုက်တော့ မနက် ခုနစ်နာရီရှိပေပြီ။
မြို့တော်မှ ဤနေရာအထိလာလျှင် ၁၂ နာရီခန့် ကြာမြင့်တတ်ကြောင်း ထည့်တွေးလိုက်တော့ သူ ရောက်လောက်ဦးမည်မဟုတ်ပေ။
ဖြစ်နိုင်သည်က မနက်စာစားချိန်လောက်မှ ရောက်လာပြီး၊ ရောက်ရောက်ချင်းမှာပင် အိပ်ပျော်သွားပေလိမ့်မည်။
တစ်ခေါက် ထပ်မံသမ်းဝေလိုက်ပြီး အိပ်ရာပေါ်မှ ဆင်းခဲ့၏။
ခဏလောက် နေ့စဉ်လုပ်ငန်းဆောင်တာများကို သတိရသွားမိသော်လည်း အလုပ်ကိစ္စ တစ်ခုမှ ယူမလာခဲ့ပေ။
ယနေ့ တစ်နေ့ကုန် စာဖတ်ရင်း အေးအေးဆေးဆေး အနားယူပြီးမှ ပြန်ရုံသာရှိသည်။
အတော်ကြာမှ တစ်နေ့တာလုံးကို ကိုယ့်အတွက်ကိုယ် အပြည့်အဝ သုံးခွင့်ရပေတော့မည်။
ထိုသို့တွေးလိုက်မိတော့ သီးသန့်နန်းဆောင်သို့ လာခဲ့ခြင်းကို မှန်ကန်သော ဆုံးဖြတ်ချက်ဟု တွေးမိသွားပြီး ရေချိုးခန်းထဲဝင်ကာ သွားတိုက်ပြီးနောက် ကိုယ်လက်သန့်စင်လိုက်သည်။
"ဧကရီ အရှင်မ၊ ကျွန်မကို ခေါ်မှပေါ့။"
ကျွန်မ ဆံပင်ကို ခပ်နိမ့်နိမ့်စည်းပြီး အိပ်ခန်းထဲမှ ထွက်လာသည်ကိုမြင်တော့ နယ်စားကတော် ဂျူဘယ်ရ်က အလန့်တကြား အော်ဟစ်ခဲ့သည်။
"ဘယ်အချိန်များ ခေါ်မလဲဆိုပြီး စောင့်နေတာပါ။"
"ဒီအတိုင်းပဲ၊ ဒီနေ့တော့ သက်သောင့်သက်သာ နေဖို့ တွေးထားလို့လေ။"
"အာ၊ ဟုတ်သားပဲ။ အဲ့ဒါဆို မနက်စာအတွက် ဘာယူလာပေးရမလဲရှင့်။"
"ရိုးရိုးရှင်းရှင်း ပေါင်မုန့်နဲ့ ဖျော်ရည်ပဲ ပေးပါတော့။"
နယ်စားကတော် ဂျူဘယ်ရ် ထွက်သွားသည့်အတောအတွင်း ကျွန်မ ဧည့်ခန်းသို့ထွက်ကာ အိတ်ထဲမှ စာအုပ်ကို ထုတ်လိုက်သည်။
မနေ့က ဖတ်လက်စ စာအုပ်ကိုယူကာ ဆိုဖာပေါ်တွင် မှီလျက် ထိုင်လိုက်ပြီးနောက် ပေါင်ပေါ်၌ စာအုပ်ကို တင်ထားလိုက်၏။
ထိုသို့ရှိနေသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။
တံခါးဖွင့်သံ ထွက်ပေါ်လာ၏။
နယ်စားကတော် ဂျူဘယ်ရ် ဖြစ်မည်ဟုသာ ထင်ထားခဲ့သော်လည်း ချဉ်းကပ်လာသည့် ခြေသံက ပို၍ လေးလံနေခဲ့သည်။
မော့ကြည့်လိုက်တော့ အခမ်းအနားဝတ်စုံ ဝတ်ဆင်ထားသော ဆိုဗီရ်ရှုက ပြုံးလျက်ရှိနေ၏။
"ဧကရီက အနားယူဖို့ လာတာတောင် စာဖတ်နေတုန်းပဲလား။"
"အရှင်ဧကရာဇ်။"
စာအုပ်ကို ပိတ်ပြီး ထရပ်လိုက်သည်။
တစ်ညလုံး မြင်းရထားစီးလာရသဖြင့် ဆိုဗီရ်ရှုက ပြုံးနေသော်လည်း ပင်ပန်းနွမ်းနယ်နေသည့် အသွင်ရှိနေ၏။
"အခုလေးတင် ရောက်တာလားရှင့်။"
"အင်း။"
ဆိုဗီရ်ရှုက ပြတင်းပေါက်ဘက်သို့ မျက်ရိပ်ပြခဲ့သည်။
ဟိုးအဝေးတွင် မြင်းရထားကို သိမ်းဆည်းနေကြသူများကို မြင်တွေ့နေရ၏။
"ပင်ပန်းလိုက်တာ။"
ဆိုဗီရ်ရှုက တီးတိုးရေရွတ်ရင်း ကျွန်မအနားသို့ လာထိုင်သည်။
ဘေးသို့ အနည်းငယ် တိုးပေးကာ နေရာပေးလိုက်တော့ သူက ချက်ချင်းပင် ဆိုဖာနောက်မှီကို ခေါင်းမှီချလိုက်ပြီး မျက်လုံးမှိတ်လိုက်၏။
"...."
အိပ်ပျော်လုနီးပါး ဖြစ်နေသောကြောင့် နဖူးပေါ်သို့ လက်တင်ကြည့်လိုက်ရာ အဖျားငွေ့ငွေ့ ရှိနေသလို ခံစားလိုက်ရသည်။
"အရှင်ဧကရာဇ်။"
"..."
"အရှင်ဧကရာဇ်။"
ခဏတာ မှေးခနဲ ဖြစ်သွားပုံပင်။
ဆိုဗီရ်ရှုက မျက်လုံးကို ဖျတ်ခနဲဖွင့်ပြီး လန့်သွားသလို ကျွန်မကို စိုက်ကြည့်လာသည်။
သူက မျက်လုံးအဝိုင်းသားဖြင့် ကျွန်မ၏လက်ကို ကြည့်နေခဲ့ခြင်းပင်။
"အဖျား နည်းနည်းရှိနေသလိုပါပဲ။ အရင်ဆုံး ခဏလောက် အိပ်လိုက်ပါဦး။"
ကျွန်မ သူ၏နဖူးပေါ်မှ လက်ကို အသာအယာ ဖယ်ပြီး ဆိုဖာပေါ်မှ ထရပ်လိုက်သည်။
'သီးသန့်နန်းဆောင်မှာ အဆင်သင့်ရှိနေတဲ့ နန်းတွင်းသမားတော် ရှိလောက်မလား။'
သို့သော် ထသွားရန် ပြင်နေသော ကျွန်မ၏ လက်ကောက်ဝတ်ကို ဆိုဗီရ်ရှုက အသာအယာ ဆွဲကိုင်ခဲ့သည်။
စိုက်ကြည့်လိုက်တော့၊ သူက ခဏလောက် ဒီမှာ နေဦးဟု ပြောပြီး အပြင်သို့ ပြန်ထွက်သွား၏။
ပြန်ဝင်လာချိန်တွင်မူ သူ၏လက်ထဲ၌ ငွေရောင်သေတ္တာလေးတစ်လုံး ပါလာသည်။
“လက်ဆောင်လား။”
“ချက်ချင်း သိတာပဲ။”
ဆိုဗီရ်ရှုက ခပ်ဖွဖွရယ်ပြီး ယူမသွားတော့ဘူးလားဟု မေးကာ သေတ္တာကို ကျွန်မဘက်သို့ ပိုတိုးပေးခဲ့သည်။
ဂီတသေတ္တာတစ်ခုပင်။
အဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ချက်ချင်းစီ နရီမှန်မှန် တုန်ခါနေသော ဂီတသံစဉ်များ ဖြည်းညင်းငြိမ့်ငြောင်းစွာ ထွက်ပေါ်လာပြီး အလယ်တွင် တောက်ပသော လက်စွပ်လေး လည်ပတ်နေသည်။
သေတ္တာ၏ ဘေးတစ်ဖက်တစ်ချက်တွင် ငွေရောင် လည်ဆွဲနှင့် နားကပ်တို့ကို မြင်လိုက်ရ၏။
“ကျေးဇူးတင်ပါတယ်။”
ပြုံးလျက် ကျေးဇူးတင်စကားဆိုလိုက်ရာ ဆိုဗီရ်ရှုက သေတ္တာထဲမှ လည်ဆွဲကိုသာ ထုတ်ယူလိုက်သည်။
“ဆင်မြန်းပေးမယ်။”
ကျွန်မလည်း တဒင်္ဂ ဝေခွဲမရဖြစ်နေရာမှ သေတ္တာကို လက်တစ်ဖက်တည်းနှင့်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ဆံနွယ်များကို မပြီး အနောက်သို့ လှည့်ပေးလိုက်သည်။
အဖျားရှိန်တက်နေသောကြောင့် အထူးတလည် ပူနွေးနေသည်ဟု ခံစားရသော လက်ချောင်းများက လည်ပင်းတစ်ဝိုက်သို့ ခပ်ဖွဖွ ထိတွေ့လာ၏။
အေးစက်သော လည်ဆွဲ၏ အလေးချိန်ကို လည်တိုင်တွင် ခံစားလိုက်ရသည်။
ထို့နောက် ကုပ်သားလေးတွင် ပူနွေးပြီး နူးညံ့သော အရာတစ်ခု လာရောက် ထိကပ်သွားတော့၏။
“....”
~~~~
Miel's Translations