အပိုင်း ၃၄ (ရေရ၍ အပင်ပေါက်သည်)
ရှော့ခ်ရသွားသလို ထိုအမူအရာကြောင့် ဆိုဗီရ်ရှု၏ စိတ်ထဲတွင် အကြောင်းမဲ့ အားနာသလိုလို ဖြစ်သွားရသည်။
"ငါ ပြောခဲ့ပြီးသားမဟုတ်လား။ ဖိတ်ကြားခံရတဲ့သူတွေပဲ သွားလို့ရတဲ့နေရာလို့။ ဘာဖြစ်လို့များ ရုတ်တရက် အဲ့ဒီလိုမျိုး တွေးလိုက်မှန်း မသိတော့ဘူး။"
"ရက်ရှ်တာက အရှင်ဧကရာဇ်ရဲ့ ချစ်သူလေ။ အရှင်ဧကရာဇ်ရဲ့ မိန်းကလေးမဟုတ်လား။ အရှင်ဧကရာဇ်က ဖိတ်ကြားတဲ့သူဆိုတော့ ဖိတ်ကြားခံစရာမလိုဘဲ သွားလို့ရမယ်ဆိုပြီး ထင်ခဲ့တာကို... ရက်ရှ်တာလည်း ဖိတ်ကြားခံမှ ဖြစ်မှာတဲ့လားရှင့်။"
ရာရှ်တာက မျက်နှာနီရဲလာကာ ရှိုက်ကြီးတငင် ငိုလေသည်။
"ဘုရားရေ။ ရက်ရှ်တာ။"
ဆိုဗီရ်ရှုက လက်ကိုင်ပဝါကိုထုတ်၍ မျက်လုံးထောင့်တွင် စုနေသော မျက်ရည်များကို ဖွဖွလေး တို့ပေးလိုက်သည်။
သို့သော် မျက်ရည်များက ပြန်လည်ကာ စုလာသဖြင့် မျက်ရည်သုတ်ပေးခြင်းက အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့။
"ဒီလောက်တောင် သွားချင်နေတာလား။"
"ပါတီမှာ တွေ့ခဲ့တဲ့သူတွေကို အကုန်ပြောခဲ့ပြီးပါပြီ။ ရက်ရှ်တာလည်း အထူးညစာစားပွဲကို တက်ရောက်မှာဆိုပြီးတော့။"
"......ဘုရားရေ။"
ဆိုဗီရ်ရှုက နဖူးကို အနည်းငယ်ကျုံ့လိုက်သည်။
"ငါ့ကို တစ်ခါလောက်ပဲဖြစ်ဖြစ် မေးကြည့်ရောပေါ့။"
"သဘာဝကျနေတဲ့ကိစ္စကို မေးတာက ထူးဆန်းနေမှာပေါ့။ ပြီးတော့ အထူးညစာစားပွဲတက်ဖို့ ဖိတ်ကြားခံရတဲ့ ဧည့်သည်တော်တွေ စုဝေးကြတဲ့ ညစာစားပွဲအထိတောင် ရက်ရှ်တာကို ခေါ်သွားပေးခဲ့တာဆိုတော့ ရက်ရှ်တာလည်း... "
"ငါ့အမှားပဲကိုး။"
သက်ပြင်းချလိုက်သော ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ပခုံးလေးကို ပုတ်ပေးလိုက်သည်။
ရက်ရှ်တာက ဆက်၍ငိုနေကာ ဆိုဗီရ်ရှု ချက်ချင်း စကားပြန်ပြောင်းပေးမလားဟု စောင့်နေ၏။
သို့သော် မည်မျှပင်စောင့်နေပါစေ ဆိုဗီရ်ရှုက စကားပြန်ပြောင်းပြောခြင်းမရှိခဲ့ချေ။
"ဟင်းးးးး။ နောက်ဆုံးအထိ ခေါ်သွားပေးမယ်လို့ မပြောဘူးနော်။"
ရက်ရှ်တာက ကလေးငယ်တစ်ယောက်အလား ငိုလိုက်တော့ ဆိုဗီရ်ရှုက ထိုပုံစံကို ချစ်စရာကောင်းသည်ဟုတွေးကာ ခဏလောက် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
အသာတိတ်တိတ် ငိုသလို၊ မငိုသလို ငိုလေ့ရှိသော နန်းတော်မှ မှူးမတ်အနွယ်တော်များကိုသာ မြင်ဖူးခဲ့သည့် သူက ရက်ရှ်တာ ဤကဲ့သို့ ခံစားချက်များကို အရှိအတိုင်း ဖော်ပြသည့်အခါတိုင်းတွင် ဆန်းကြယ်သည်ဟု ခံစားမိ၏။
"တောင်းပန်ပါတယ်၊ ရက်ရှ်တာရယ်။ မငိုနဲ့တော့။"
"ဒီနေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ မြင်ခဲ့တာပဲမဟုတ်လား။ အဲ့ဒီဧည့်သည်တော်တွေက အကုန် ညစာစားပွဲတက်ကြမှာကို ရက်ရှ်တာက မသွားဘူးဆိုရင် တော်ဝင်မင်းသား ဟိုင်န်ရီက ဧည့်သည်တွေကို ဘာတွေလျှောက်ပြောနေမလဲ။ ကောလာဟလတွေ အကုန်ဖြန့်မယ်လို့ ကြုံးဝါးပြီးမှ ထွက်သွားခဲ့တာပါ။"
ရက်ရှ်တာ၏ စကားကလည်း အကျိုးအကြောင်း ခိုင်လုံနေသဖြင့် ဆိုဗီရ်ရှု သက်ပြင်းချလိုက်သည်။
သို့သော် အထူးညစာစားပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များက ယခုနှစ်တွင် အရေးအကြီးဆုံးဟု ယူဆရသောသူများပင်။
ထို့အပြင် ဧကရာဇ်ဖြစ်သူ ဆိုဗီရ်ရှု ဖိတ်ကြားထားသူများထဲတွင် တိုင်းတစ်ပါးမှ တော်ဝင်မိသားစုဝင်များနှင့် အာဏာရှိသူများ အများအပြား ပါဝင်နေသည်။
ချစ်သူကိုထည့်ရန် အရေးကြီးသော ထိုဧည့်သည်တော်များကို ဖယ်ထုတ်လိုက်ပါက နိုင်ငံတကာပြဿနာအထိပါ ဖြစ်လာနိုင်၏။
"ငါက အတူတူရှိနေမှာမို့လို့ စိတ်မပူနဲ့။ တော်ဝင်မင်းသား ဟိုင်န်ရီ မပြောသင့်တဲ့စကားတွေ မပြောနိုင်အောင် လုပ်ပေးမယ်။"
'ဟုတ်ကဲ့' ဟု ပြန်ဖြေခဲ့သော်လည်း ရက်ရှ်တာ၏မျက်နှာက ညိုမှောင်နေသည်။
တစ်ချက်စဉ်းစားလိုက်သည့် ဆိုဗီရ်ရှုလည်း လေးလံသော သက်ပြင်းကိုချကာ ပြောလိုက်၏။
"အရင်ဆုံး ဧကရီကို နေရာတစ်နေရာလောက် ဖယ်ပေးလို့ရမလား မေးကြည့်လိုက်ဦးမယ်။ ဧကရီ ဖိတ်ထားတဲ့ ဧည့်သည်တွေလည်း အားလုံး အရေးကြီးကြပေမဲ့ အနည်းဆုံးတော့ ပြည်တွင်းကလူတွေ ပိုများလို့ နိုင်ငံတကာပြဿနာအထိ ဖြစ်လာမှာကို စိုးရိမ်စရာမရှိဘူး။"
~~~~
မနက်ခင်းနေရောင်ခြည်က ပါးလွှာသောလိုက်ကာကို ဖောက်ထွင်းဝင်ရောက်လာကာ အခန်းထဲတွင် ပြတင်းပေါက်ဘောင်ပုံ ချစ်စဖွယ်အရိပ်လေးတစ်ခုကို ဖန်တီးပေးခဲ့သည်။
ကျွန်မလည်း သမ်းဝေကာ အိပ်ရာမှ ထလိုက်၏။
မနေ့က မကောင်းသည့်ကိစ္စများ ဖြစ်ခဲ့သော်လည်း ကျွန်မစိတ်က ထင်ထားသလောက် လေးလံမနေခဲ့။ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ကွီးန်ကြောင့်များ ဖြစ်နေမလား...။
မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖွဖွလေးပုတ်၍ သတိပြန်ဝင်အောင်လုပ်ပြီးနောက် ရေချိုးခန်းသို့သွားကာ ပေါ့ပေါ့ပါးပါး မျက်နှာသစ်လိုက်သည်။
ရံရွေတော်များ ရောက်လာကြကာ ရေချိုးကန်ထဲတွင် ပန်းပွင့်ဖတ်များနှင့် ရေချိုးဆပ်ပြာဆီတို့ကို ထည့်ပေးကြ၏။ အဝတ်အစားများချွတ်ပြီး နွေးထွေးသောရေထဲသို့ ဝင်လိုက်သောအခါ ကြွက်သားများ ပြေလျော့သွားသည့် ခံစားချက်က ဝင်လာသည်။
မျက်လုံးမှိတ်ပြီး ရေချိုးကန်ကို မှီလိုက်စဉ် ရံရွေတော်များ ရောက်လာကာ ဂရုတစိုက် အကိုင်အတွယ်ဖြင့် ညင်သာစွာ ခေါင်းလျှော်ပေးကြ၏။ ရေချိုးပြီးနောက် ရေချိုးဝတ်ရုံကိုဝတ်ကာ အိပ်ခန်းသို့ ဝင်လိုက်သည်နှင့် လဲဝတ်ရန် အဝတ်အစားများက အသင့်ပြင်ဆင်ထားပြီးသားဖြစ်နေပေပြီ။
နှစ်သစ်ကူးပွဲတော်၏ နောက်ဆုံးနေ့နှင့် အထူးညစာစားပွဲ ကျင်းပမည့်နေ့ဖြစ်သောကြောင့် ဝတ်စုံက တရားလွန် ရှည်ခြင်း၊ ဖားခြင်းမရှိသော်လည်း အရောင်အသွေးကမူ အင်မတန်စိုကာ လှပပေသည်။
တည်ငြိမ်ပြီး အရောင်ကြွကာ လှပသည့် ခံစားချက်မျိုးကို တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်ရန် ဒီဇိုင်နာက မည်မျှအထိ စဉ်းစားကြံဆခဲ့ရကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်မည်သာ။ ဝတ်စုံကို ဝတ်ပြီးနောက် စိန်ဖြင့်ပြုလုပ်ထားသော နားဆွဲကို ဆင်မြန်းကာ ပုံမှန်သာဆို လေးလွန်း၍ သိပ်မဆင်မြန်းဖြစ်သော သရဖူကို ဆောင်းလိုက်သည်။ သို့ရာတွင် အခမ်းအနားသုံးအတွက် သီးသန့်ပြုလုပ်ထားသော သရဖူမဟုတ်၍ သိပ်တော့မလေးခဲ့။
ရံရွေတော်များက ဆံပင်ကို သရဖူနှင့် လိုက်ဖက်ညီအောင် ပြင်ဆင်ပေးနေစဉ် ကျွန်မက အထူးညစာစားပွဲသို့ တက်ရောက်မည့် ဧည့်သည်တော်များအကြောင်း မှတ်ထားသည့် စာရွက်ကိုကိုင်၍ တစ်ခါ ထပ်မံစစ်ဆေးခဲ့သည်။
သို့သော် ဆံပင် အကုန်ပြင်ဆင်၍မပြီးသေးခင်မှာပင် ဆိုဗီရ်ရှု၏ အတွင်းရေးမှူး ရောက်လာ၏။ အဝတ်အစားများ ဝတ်ဆင်ပြီးပြီဖြစ်သဖြင့် အထဲဝင်လာရန် အမိန့်ပေးလိုက်တော့ အတွင်းရေးမှူးက အင်မတန် စိုးရွံ့သလိုအမူအရာဖြင့် ဆိုဗီရ်ရှု၏ စကားကို လျှောက်တင်လေသည်။
“ဧကရီ အရှင်မ။ အရှင်ဧကရာဇ်က ဧကရီအရှင်မကို ခဏလောက် ပြောစရာစကားရှိတယ်လို့ စကားပါးလိုက်ပါတယ်။”
“အခုချက်ချင်းလား။”
“ဟုတ်ပါတယ်။ အထူးညစာစားပွဲနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်လို့ အရေးတကြီး ပြောမှဖြစ်မဲ့ပုံပေါ်ပြီး...”
အထူးညစာစားပွဲနှင့် ပတ်သက်သည့်ကိစ္စဆိုလျှင် အရေးကြီးသည်မှာ မှန်ပေသည်။
ကျွန်မလည်း သိပြီဟု ပြန်ဖြေကာ ရံရွေတော်များအား ဆံပင်ကို အကြမ်းဖျင်း လက်စသတ်ပေးရန် တောင်းဆိုလိုက်၏။
“ဒါဆို ပြန်ရောက်လာပြီးမှ ပြန်ပြင်ပေးပါ့မယ်။”
“အဲ့ဒီလိုလုပ်ပေးမလား။ နှစ်ခါတောင် အလုပ်ရှုပ်စေမိလို့ အားနာပါရဲ့။”
“မဟုတ်တာရှင်။”
“အရင် မနက်စာစားနှင့်ကြပါ။”
ဆိုဗီရ်ရှု၏ အတွင်းရေးမှူးနောက်မှလိုက်၍ အရှေ့နန်းဆောင်သို့ ကူးသွားရင်း အရေးတကြီး ပေါ်လာသည့် ပြဿနာက ဘာများဖြစ်လောက်မလဲဟု အမျိုးမျိုး စဉ်းစားကြည့်ခဲ့မိသည်။
မကောင်းသည့်ပြဿနာ မဖြစ်ပါစေနှင့်ဟု ဆုတောင်းမိ၏။ ရုတ်တရက် စစ်ကြေညာခြင်းပဲလား။ တိုင်းတစ်ပါးမှ ဧည့်သည်တော်တစ်ယောက်ယောက်က အရှေ့အင်ပါယာအပေါ် မကျေနပ်ချက်ကို ထုတ်ဖော်လိုက်ခြင်းပဲလား။ သို့မဟုတ် တိုင်းတစ်ပါးသားဧည့်သည်တော်က ကျွန်မတို့ပြည်သူပြည်သားတစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်လိုက်ခြင်းဖြစ်မလား။ ရုတ်တရက် မတက်ရောက်နိုင်ကြောင်း အကြောင်းကြားလာသူများ ရှိနေသလား။
“ဘာကိစ္စများလဲရှင့်။”
ကျွန်မလည်း အခန်းထဲဝင်ပြီး ဆိုဗီရ်ရှုကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အလောတကြီး မေးလိုက်မိသည်။
အိပ်ရာပေါ်တွင် ရက်ရှ်တာက ကျုံ့ကျုံ့လေး ထိုင်နေကာ ဒီဘက်သို့ ခိုးကြည့်နေသော်လည်း ကျွန်မက သူရှိနေကြောင်း အသိအမှတ်ပြုခြင်းမျိုး မလုပ်ခဲ့။
သို့သော် ကျွန်မက အသိအမှတ်မပြုသည့်တိုင် ရက်ရှ်တာက ကျွန်မကို ဆက်လက်၍ ငေးကြည့်နေခဲ့သည်။ အတိအကျဆိုရလျှင် ကျွန်မ ဦးခေါင်းထက်မှ သရဖူကိုပင်။
စိတ်မသက်မသာ ဖြစ်မိ၍ မျက်မှောင်ကြုတ်လိုက်သော်လည်း ရက်ရှ်တာက မှင်တက်နေသည့် အမူအရာဖြင့် သရဖူကိုသာ ကြည့်နေကာ မျက်လုံးကို မလွှဲခဲ့ပေ။ ကျွန်မ တစ်စုံတစ်ရာ ပြောရန်ပြင်လိုက်စဉ် ဆိုဗီရ်ရှုက အရင်စကားစလာခဲ့သည်။
“ဧကရီ။ ဧကရီ ဖိတ်ထားတဲ့သူတွေထဲက တစ်ယောက်လောက် နေရာပေးလို့ရမလား။”
“ဘာကိစ္စများ ရှိလို့လဲရှင့်။ ဧကန္တ အထွတ်အမြတ် ဘုန်းတော်ကြီး ဗီမီရယ်တို့၊ မှော်ပညာအစည်းအရုံး အကြီးအကဲ ခါရန်ဇာလိုတို့က တက်ရောက်နိုင်တယ်ဆိုပြီး ပြောလာလို့များလား။”
အထွတ်အမြတ်ဘုန်းတော်ကြီး၊ သို့မဟုတ် မှော်ပညာအစည်းအရုံးအကြီးအကဲတို့လို ပုဂ္ဂိုလ်များဆိုလျှင် အခြားသူများကို မေတ္တာရပ်ခံကာ နေရာဖန်တီးပေးပြီး ခေါ်ထိုက်သူများပင်။ နဂိုက ဆိုဗီရ်ရှု ဖိတ်ကြားခဲ့သော်လည်း အခြားအကြောင်းများကြောင့် လက်ခံရန်ငြင်းပယ်ခဲ့ကြပြီး နှစ်သစ်ကူးပွဲတော်သို့ လုံးဝ မတက်ရောက်ကြသောသူများလည်းဖြစ်ကြ၏။
“အဲ့ဒီလို မဟုတ်ဘူး။”
“ဒါဆိုရင်...”
ဘယ်သူ့ကိုများ သီးသန့်ဖိတ်ဖို့ နေရာဖန်တီးခိုင်းနေတာပါလိမ့်။
အံ့သြတကြီး ကြည့်လိုက်တော့ ဆိုဗီရ်ရှုက အနည်းငယ် ရှက်အမ်းအမ်းဖြစ်နေသည့် လေသံဖြင့် ပြောလာသည်။
“ရက်ရှ်တာကို ခေါ်သွားချင်လို့...”
“......”
“မရဘူးလား။ ဧကရီရဲ့ စကားကို နားထောင်ကြည့်ရသလောက် မဖြစ်နိုင်တာတော့ မဟုတ်တဲ့ပုံပါ။”
“......”
“ဧကရီ။ ဘာလို့ စကားမပြောတာလဲ။”
‘တောင်းပန်ပါတယ်’ ဟု စကားစရန် ပြင်လိုက်သော်လည်း ကျွန်မ တောင်းပန်ရမည့်ကိစ္စ မဟုတ်ဘူးဟုတွေးကာ ချက်ချင်း စကားပြောင်းလိုက်သည်။
“မဖြစ်နိုင်ပါဘူး၊ အရှင်ဧကရာဇ်။”
ကျွန်မ ပြတ်သားစွာ ငြင်းပယ်လိုက်တော့ ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်သွား၏။
“တစ်နေရာလောက်တော့ မရနိုင်ဘူးလား။ ဧကရီ ဖိတ်ထားတဲ့သူတွေထဲမှာ နားလည်မှုတောင်းပြီး ဖယ်ထုတ်လို့ရမဲ့သူ တစ်ယောက်နှစ်ယောက်လောက်တော့ ရှိမှာပဲကို။”
“နားလည်မှုတောင်းတယ်ဆိုတာ သူတို့ သဘောတူမှ ဖြစ်နိုင်တာပါ။ အထွတ်အမြတ်ဘုန်းတော်ကြီး ဗီမီရယ်တို့၊ မှော်ပညာအစည်းအရုံးအကြီးအကဲ ခါရန်ဇာလိုတို့လို ပုဂ္ဂိုလ်မျိုးတွေ လာခဲ့ရင်တောင် ရုတ်တရက် ဖိတ်ကြားမှု ပယ်ဖျက်ခံရသူတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မှာကို၊ အခု တစ်ဖက်လူက...အရှင်ဧကရာဇ်ရဲ့ ချစ်သူတဲ့လား။”
ဆိုဗီရ်ရှု၏ မျက်နှာက ပို၍ တင်းမာသွားတော့သည်။
“စကားက ကြမ်းလှချည်လား၊ ဧကရီ။”
“တစ်ဖက်လူက ရက်ရှ်တာမဟုတ်ဘဲ အရှင်ဧကရာဇ်ရဲ့ တခြားချစ်သူတစ်ယောက်ဖြစ်ရင်တောင်၊ ဒါမှမဟုတ် ကျွန်မရဲ့ချစ်သူဖြစ်ရင်တောင် အဖြေကတော့ အတူတူပဲဖြစ်မှာပါ။”
“တူအာနီယာ မြို့စားကတော်လိုလူမျိုးကို ဖယ်လိုက်မယ်ဆိုရင်ရော မရလောက်ဘူးလား။”
“အရှင်ဧကရာဇ်။ အရှင်ဧကရာဇ် တန်ဖိုးထားတဲ့သူအတွက် ကျွန်မ တန်ဖိုးထားရတဲ့သူတွေကို ဒဏ်ရာပေးချင်စိတ်မရှိပါဘူး။”
“...”
~~~~
Miel's Translations