no

Font
Theme

အပိုင်း ၅၆ (ကျွန်တော်ကပဲ မြှူဆွယ်ကြည့်ရမလား)

ဆက်ပြီး တုံ့ပြန်နေရန် မတန်တော့ဘူးဟု ယူဆမိသဖြင့် ရက်ရှ်တာက လူခေါ်ခေါင်းလောင်းကို လှမ်းတီးရန် ပြင်လိုက်ချိန်မှာပင်။

ဗိုင်းကောင့် လိုတဲရှုက ခေါင်းလောင်းကို ‘ဒေါက်’ ခနဲ အသာ ဘေးသို့ဖယ်ထုတ်လိုက်ရင်း ပြောလာသည်။

“နှုတ်ပိတ်ခကလည်း တစ်ပိုင်းဆိုပေမဲ့ ရက်ရှ်တာ။ ငါက နင့်ကလေးကို ကျွေးမွေးစောင့်ရှောက်ပေးနေတာဆိုတော့ အနည်းဆုံး အဲ့ဒီအတွက် ကလေးစရိတ်ပေးမှ တော်ရာကျမယ် မဟုတ်ဘူးလား။”

“ကလေးစရိတ် ဟုတ်လား။”

“ကလေးတစ်ယောက်ကို အဝတ်အစားဆင်ပေးဖို့၊ ပြုစုပျိုးထောင်ဖို့၊ ကျွေးမွေးဖို့အတွက် ငွေဘယ်လောက်တောင်ကုန်မှန်း သိရဲ့လား။ ကျိန်းသေပေါက် နင့်ကလေးအတွက် နင်ပဲ ငွေပေးရမှာပေါ့။ အခုတော့ ငါကပဲ ကြည့်ရှုစောင့်ရှောက်ပေးနေရတာ မဟုတ်လား။”

ရက်ရှ်တာတစ်ယောက် ပါးစပ်ပင် မစေ့နိုင်တော့ပေ။

ဗိုင်းကောင့် လိုတဲရှု၏ အရှက်မရှိသည့် သဘောထားကြောင့် သူ၏ ဒေါသက ငယ်ထိပ်အထိ ရောက်သွားတော့သည်။

သို့သော် ကလေးနှင့် ပတ်သက်သည့် ပြဿနာက စိတ်လှုပ်ရှားရုံဖြင့် ဖြေရှင်း၍ရမည့်ကိစ္စမဟုတ်။

ထိုကလေးက မိမိကလေး မဟုတ်ကြောင်း အတည်မပြုနိုင်သေးသရွေ့တော့။

“......ဘယ်လောက် ပေးရမှာလဲ။”

“လောလောဆယ်တော့ တည်းခိုခရော၊ စားသောက်ခရော ပြတ်နေပြီဆိုတော့..... ကြည့်ရအောင်။ ခရူထ် ၁၀၀ လောက်ဆိုရင် ရလောက်မယ်ထင်တယ်။”

“....”

“လက်ငင်းငွေမရှိရင် ရတနာနဲ့ ပေးလို့လည်း ရတယ်။”

ရက်ရှ်တာက ရတနာသေတ္တာထဲမှ အသေးငယ်ဆုံးနှင့် အစုတ်ပြတ်ဆုံး လက်စွပ်သုံးကွင်းကိုထုတ်ကာ သူ့ထံ ကမ်းပေးလိုက်သည်။

ဗိုင်းကောင့် လိုတဲရှုလို လူမျိုးကို ပေးရမည်ဟု တွေးမိတော့ နှမြောမိသော်လည်း ကလေးအကြောင်း ကောလာဟလများ ပျံ့နှံ့သွားမည့်ထက်စာလျှင် တော်သေး၏။

“အိုး...လှသားပဲ။”

ဗိုင်းကောင့် လိုတဲရှုက ပြုံးဖြီးဖြီးနှင့် လက်စွပ်များကို ဟိုလှည့်ဒီလှည့် စစ်ဆေးကာ ကျေနပ်အားရစွာဖြင့် ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။

ထိုပုံစံကိုကြည့်ရင်း ရက်ရှ်တာ တွေးလိုက်မိသည်။

‘ဒီလိုနေနေလို့ မဖြစ်တော့ဘူး။ သူ နောက်ထပ် အကြီးကြီးတွေ ထပ်မတောင်းဆိုလာခင် အဲ့ဒီကလေးအကြောင်း စုံစမ်းကြည့်မှဖြစ်မယ်။’

ဗိုင်းကောင့် လိုတဲရှုကလေးကို ခေါ်မလာခင် မိမိဘက်မှ ဗိုင်းကောင့် လိုတဲရှု၏ နယ်မြေသို့ အရင်သွားပြီး ကလေးကို အတည်ပြုရပေမည်။

အကယ်၍ ကလေးက အတုဖြစ်ကြောင်း ပေါ်သွားခဲ့လျှင်………

ရက်ရှ်တာက မိမိ၏ စကပ်အနားစကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

ထိုအချိန်ကျလျှင် ထိုလူ ဘာတွေပဲ လျှောက်ပြောပါစေ အရူးတစ်ယောက်လို သဘောထားပြီး ပစ်ပယ်လိုက်ရုံသာ ရှိပေမည်။

“အာ... ရက်ရှ်တာ။ ငါ အကြံတစ်ခုလောက် ပေးရမလား။”

နေရာမှ ထရပ်လိုက်သော ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို အပေါ်စီးမှ ငုံ့မိုးကြည့်ကာ သူ၏ စိတ်ထဲကို အကုန်ထိုးထွင်းသိမြင်နေသည့်အလား လှောင်ပြောင်သော လေသံဖြင့် ပြောလာသည်။

“မနေ့က ဧကရာဇ်နဲ့ ဧကရီ နှစ်ယောက်တည်း သီးသန့်နန်းဆောင်ကို အပန်းဖြေသွားကြတယ်ဆို။”

“....”

“နှစ်ယောက်တည်း ဆင်းသွားကြတာဆိုတော့ တကယ့် အချိန်ကောင်းလေးကို ဖြတ်သန်းနေမှာပဲ။ ဒီမနက်မှာ ဧကရီက ဧကရာဇ်ကို စိတ်ပြန်လည်အောင်လုပ်ဖို့ ကြိုးစားနေမလားလည်း မသိနိုင်ဘူးလေ။”

“ဘာစကားလဲ။”

“အဲ့ဒါကတော့ နင်ကိုယ်တိုင် အသိဆုံးဖြစ်မှာပေါ့။”

တဟားဟားနှင့် ပေါ့ပေါ့ပါးပါး ရယ်လိုက်သော ဗိုင်းကောင့် လိုတဲရှုက စားပွဲတွင် မှီထားသည့် တုတ်ကောက်ကို ကောက်ကိုင်ရင်း မျက်စိတစ်ဖက် မှိတ်ပြခဲ့သည်။

“နောက်ခံအင်အား ဘာတစ်ခုမှမရှိတဲ့ သနားစရာ ရက်ရှ်တာလေး။ ဒီအတိုင်းဆို ဧကရာဇ်သာ နင့်အပေါ် ထားခဲ့တဲ့စိတ်ကို တစ်ချက်လေး ပြန်ရုပ်သိမ်းလိုက်တာနဲ့ ချက်ချင်း နှင်ထုတ်ခံရတော့မှာပဲ။ အဲ့ဒါကြောင့် ငါ့အကူအညီယူဖို့ ကိစ္စကိုလည်း သေချာစဉ်းစားထားဦး။ နောက်တစ်ခါကျရင်တော့ အခုထက်ပိုပြီး နူးညံ့တဲ့ သဘောထားမျိုးကို မျှော်လင့်နေမယ်။”

ရက်ရှ်တာ၏ ပုခုံးကို တပ်တပ်ဟု နှစ်ချက်ခန့်ပုတ်ပြီး ဗိုင်းကောင့် လိုတဲရှု လေချွန်ရင်း ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရက်ရှ်တာက သူသောက်ခဲ့သည့် လက်ဖက်ရည်ခွက်ကို လှမ်းပေါက်ပစ်လိုက်တော့သည်။

~~~~

ဗိုင်းကောင့် လိုတဲရှု မွှေနှောက်သွားခဲ့သည့် စိုးရိမ်စိတ်များက နာရီအနည်းငယ်အကြာတွင် ပို၍ကြီးထွားလာရသည်။

ဘယ်ရွန် လန့်ထ် အတူတူ ညစာစားရန် ရောက်လာပြီး သူပြောပြခဲ့သည့် စကားများကြောင့်ပင်။

“လေဒီ ရက်ရှ်တာ၊ အရှင်ဧကရာဇ်က မနက်ဖြန် ပြန်မလာနိုင်ဘဲနေမလား မသိဘူးဗျ။”

“ရှင်။”

ရက်ရှ်တာက စားလက်စ စတိတ်ခ်ကို အတင်းမျိုချလိုက်ကာ ထိတ်လန့်တကြားဖြင့် ဘယ်ရွန် လန့်ထ်ကို လှမ်းကြည့်လိုက်သည်။

“ဘာလို့လဲဟင်။ ဒီနေ့က ဧကရီရဲ့ မွေးနေ့မဟုတ်ဘူးလား။ မနက်ဖြန် ပြန်လာရမှာ မဟုတ်လားဟင်။”

“နဂိုကတော့ အဲ့ဒီအတိုင်း စီစဉ်ခဲ့တာဆိုပေမဲ့………”

ဘယ်ရွန် လန့်ထ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

“အရှင်ဧကရာဇ် နေမကောင်းဘူးလို့ သိရပါတယ်။ သီးသန့်နန်းတော်က လူတစ်ယောက် ရောက်လာပြီး နန်းတွင်းသမားတော်ကို အလျင်စလို ခေါ်သွားတာလေ။”

သူက ဧကရာဇ်၏ အခြေအနေကို စိုးရိမ်နေသည့်ပုံစံဖြင့် မျက်နှာက လုံးဝမကောင်းပေ။

ရက်ရှ်တာလည်း တစ်ကိုယ်လုံး သွေးဆုတ်သွားသလို ခံစားလိုက်ရသည်။

“အရှင်ဧကရာဇ်က နေမကောင်းဘူးတဲ့လား……..”

ရက်ရှ်တာ၏ မျက်နှာ ဖြူဖျော့သွားသဖြင့် ဘယ်ရွန် လန့်ထ်က ရက်ရှ်တာတစ်ယောက် ဧကရာဇ်ကို အလွန်အမင်း စိုးရိမ်နေသည်ဟုထင်ကာ အလျင်အမြန်ပင် ထပ်ဖြည့်ပြောပေးရှာသည်။

“ဘုရားရေ၊ လေဒီ ရက်ရှ်တာ။ အဲ့ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် ဝေဒနာမျိုး မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။”

သို့သော်လည်း ရက်ရှ်တာ၏ နားထဲသို့ ဘယ်ရွန် လန့်ထ်၏ စကားများ ဝင်မလာတော့ပေ။

ဗိုင်းကောင့် လိုတဲရှု ခနဲ့တဲ့တဲ့ ပြောသွားသည့် စကားများကိုသာ ပြန်ကြားယောင်နေမိသည်။

တကယ်ပဲ နေမကောင်းတာရော ဟုတ်ရဲ့လား။

နှစ်ယောက်တည်း ရှိနေတော့မှ သံယောဇဉ်တွေတိုးပြီး ဆက်နေချင်သွားတာများလား။

အကယ်၍ နေမကောင်းခြင်း မှန်လျှင်လည်း ပြဿနာပင်။ နေမကောင်းဖြစ်နေချိန်တွင် နံဘေးမှ ပြုစုပေးရင် စိတ်က အလိုလို တိမ်းညွှတ်သွားတတ်သည် မဟုတ်ပါလား။

ဧကရီသာ ဧကရာဇ်ကို အစစအရာရာ ဂရုတစိုက် ပြုစုပေးလိုက်လျှင် ဧကရာဇ်က ထိုအပေါ်၌ စိတ်ယိုင်သွားနိုင်ပေသည်။

“လေဒီ ရက်ရှ်တာက တကယ်ပဲ အရှင်ဧကရာဇ်ကို အရမ်းချစ်တာကိုး။”

“ဟုတ်ကဲ့....”

ရက်ရှ်တာက တုံ့ဆိုင်းနေပြီးမှ ဘယ်ရွန် လန့်ထ်ကို မေးလိုက်သည်။

“ဘယ်ရွန်။ ရက်ရှ်တာရော သီးသန့်နန်းတော်ကို သွားလို့ရမလားဟင်။ အရှင်ဧကရာဇ်ကို ပြုစုပေးချင်လို့ပါ။”

“အင်း။ တောင်းပန်ပါရဲ့ဗျာ။ အဲ့ဒီခွင့်ပြုချက်ကတော့ ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ မရှိလို့ပါ။”

“အာ……”

“ဒါပေမဲ့ အရှင်ဧကရာဇ်ဖြစ်ဖြစ်၊ ဧကရီ အရှင်မဖြစ်ဖြစ် လေဒီ ရက်ရှ်တာကို လိုတယ်ဆိုရင်တော့ လူလွှတ်ပြီး ခေါ်ပါလိမ့်မယ်။”

ရက်ရှ်တာက စိုးရိမ်တကြီးနှင့် ခေါင်းညိတ်လိုက်သည်။

သို့သော် နောက်တစ်နေ့တွင် ကြားရသည့် သတင်းက ပို၍ပင် မကောင်းခဲ့ပေ။

ဆိုဗီရ်ရှုက ရောဂါကြီးကြီးမားမား ဖြစ်နေခြင်း မဟုတ်သော်လည်း အဖျားက အလွယ်တကူ မကျသဖြင့် တစ်ပတ်ခန့်အထိ သီးသန့်နန်းဆောင်တွင် ဆက်နေမည်ဟုဆို၏။

ဘာမှမဖြစ်လောက်ပါဘူး။

‘ငါ ချစ်သူအဖြစ် ဝင်မလာခင်ကတည်းကလည်း အရှင်ဧကရာဇ်နဲ့ ဧကရီက ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေးမျိုးမှ မဟုတ်တာ။’

နှစ်ပေါင်းများစွာ အေးအေးစက်စက် နေလာခဲ့ကြသည်ကို ရုတ်တရက် ရင်းနှီးသွားရန်မှာ မဖြစ်နိုင်ပေ။

ရက်ရှ်တာတစ်ယောက် တည်တည်ငြိမ်ငြိမ်နေရန် ကြိုးစားသော်လည်း အဆင်မပြေခဲ့။

ဗိုင်းကောင့် လိုတဲရှု၏ ခြိမ်းခြောက်မှု၊ ကလေးနှင့် ပတ်သက်သည့် ကိစ္စများက ဆက်တိုက်ဆိုသလို ထပ်နေသဖြင့် စိတ်ရှုပ်ထွေးနေရသည့်ကြားထဲ။

ယခုကဲ့သို့ ဧကရီနှင့် ပတ်သက်သည့် စိုးရိမ်စိတ်ကပါ ရုတ်တရက် ရောက်လာသဖြင့် စိတ်တစ်ခုလုံး ဂယက်ထနေတော့၏။

နောက်ဆုံးတွင် ဗိုင်းကောင့် လိုတဲရှု ရောက်လာပြီး သုံးရက်မြောက်နေ့၌။

ထိုအချက်ကို သတိထားမိသွားသည့် မြို့စားမင်း အယ်ရ်ဂီက အရင်ဆုံး မေးလာခဲ့သည်။

“မိန်းကလေး။ ဒီရက်ပိုင်း တစ်လျှောက်လုံး မျက်နှာက မကောင်းတာကို။ အဆင်ပြေရဲ့လား။”

“အဆင်မပြေပါဘူး။”

“ဘာလို့လဲ။ ဧကရာဇ် ဆိုဗီရ်ရှု နေမကောင်းလို့လား။”

“အဲ့ဒါလည်း ပါတာပေါ့………”

ရက်ရှ်တာက တုံ့ဆိုင်းနေပြီးမှ သတိထားကာ ပြောလိုက်သည်။

“ဧကရီအတွက် နည်းနည်းလည်း စိတ်မကောင်းဖြစ်မိလို့ပါ။”

“ရုတ်တရက်ကြီး ဧကရီ အရှင်မကို ဘာလို့လဲ။”

“နေမကောင်းတာက အရှင်ဧကရာဇ်ဆိုပေမဲ့ ဧကရီက အရှင်ဧကရာဇ်ကို ပြုစုဖို့အတွက် သီးသန့်နန်းဆောင်မှာ ဆက်နေနေတာ မဟုတ်လား။ ပြန်လာလို့ ရရဲ့သားနဲ့လေ။”

“....”

“ဒါပေမဲ့ အဲ့ဒီလိုလုပ်နေလည်း အရှင်ဧကရာဇ်က နေမကောင်းဖြစ်နေတုန်းမှာတောင် ရက်ရှ်တာကိုပဲ တစ်ချိန်လုံး သတိရနေမှာဆိုတော့....ဒီလို တွေးမိတော့ စိတ်ထဲမှာ သိပ်မကောင်းဘူးရှင့်။”

ရက်ရှ်တာ၏ အားငယ်နေသလို အသံကြောင့် မြို့စားမင်း အယ်ရ်ဂီလည်း ဖူးခနဲ ရယ်သံထွက်သွားသည်။

ရက်ရှ်တာက မျက်လုံးလေး အဝိုင်းသားနှင့် သူ့ကို လှမ်းကြည့်လိုက်၏။

မြို့စားမင်း အယ်ရ်ဂီက ရယ်ချင်စိတ်ကို အတင်းအောင့်ထားဟန်ဖြင့် မေးရိုးကို တင်းထားသည်။

“ဘာလို့ ရယ်တာလဲရှင့်။”

“အာ၊ တောင်းပန်ပါရဲ့။ ဒါပေမဲ့ မိန်းကလေး၊ လိမ်တာက သိပ်သိသာလွန်းနေလို့ပါ။”

“မဟုတ်ပါဘူး၊ ချီး…ရက်ရှ်တာက စိတ်ရင်းနဲ့ ပြောနေတာကို…..”

“စိတ်မကောင်းပေမဲ့ မိန်းကလေး။ ယောက်ျား မိန်းမကိစ္စဆိုရင် ကျုပ်ကလည်း တော်တော်လေး ဝါရင့်တဲ့အထဲ ပါတယ်လေ။”

“....”

“ကိစ္စမရှိဘူး။ စောစောက အဲ့ဒီလုပ်ရပ်လေးက သူ့နည်းသူ့ဟန်နဲ့ ချစ်ဖို့ကောင်းတာမို့လို့။”

မြို့စားမင်း အယ်ရ်ဂီက ပြုံးလိုက်ပြီး ခေတ္တစဉ်းစားနေသည့် မျက်နှာဖြင့် ရက်ရှ်တာကို ကြည့်နေကာ မျက်နှာကို အနားသို့ အနည်းငယ် တိုးကပ်လာပြီး နောက်ပြောင်သလို မေးလာသည်။

“မိန်းကလေးက ဧကရီ အရှင်မနဲ့ အရှင်ဧကရာဇ်တို့ ပြန်ပြီးရင်းနှီးသွားမှာကို စိုးရိမ်နေတဲ့ပုံပဲ။”

“အဲ့ဒါက…………”

“ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။”

အချက်ကို အကွက်ကျကျ အထိုးခံလိုက်ရသဖြင့် ရက်ရှ်တာ၏ မျက်နှာက နီရဲသွားကာ မြို့စားမင်း အယ်ရ်ဂီကို မုန်းစရာကောင်းသည်ဟူသော အကြည့်ဖြင့် မျက်စောင်းထိုးကြည့်ခဲ့သည်။

သို့သော် မကြာမီမှာပင် သိလိုစိတ်ကို မအောင့်နိုင်ဘဲ “ဘာလဲဟင်” ဟု မေးမိသွား၏။

ဆက်ပြောလာသည့် မြို့စားမင်း အယ်ရ်ဂီ၏ စကားက ထင်မှတ်မထားစရာပင်။

“ကျုပ် ဧကရီ အရှင်မကို မြှူဆွယ်ကြည့်ရမလား။ ဧကရီ အရှင်မက ကျုပ်ကို ချစ်သွားမယ်ဆိုရင် အရှင်ဧကရာဇ်နဲ့ ရုတ်တရက်ကြီး ပြန်ရင်းနှီးသွားစရာ အကြောင်းမရှိတော့ဘူးလေ။ အဲ့ဒါဆိုရင် မိန်းကလေးလည်း စိတ်အေးလက်အေးဖြစ်သွားမယ်ထင်တယ်။”

“အာ။”

“ဘယ်လိုလဲ။”

“....”

မျက်နှာကို ပြန်ခွာလိုက်သည့် မြို့စားမင်း အယ်ရ်ဂီက စိမ်းဖန့်ဖန့် မျက်ဝန်းများ တောက်ပလျက်ရှိနေသည့်အတိုင်း ရက်ရှ်တာကို စိုက်ကြည့်နေသည်။

ရက်ရှ်တာက တစ်ချက်လေး မျက်တောင်ခတ်ရင်း ငြိမ်သက်နေသော်လည်း မကြာမီမှာပင် ခေါင်းခါခဲ့၏။

“အဲ့ဒါတော့ မဖြစ်ပါဘူး။”

“ဘာလို့လဲ။ ကျုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကို။”

“ဧကရီက တစ်သက်လုံး ကောင်းတာတွေပဲမြင်ပြီး နေလာခဲ့တာဆိုတော့ အဲ့ဒါထက်စာရင် တအား သာမန်ဆန်တဲ့ ယောက်ျားအပေါ်မှာ ပိုပြီး စိတ်ဝင်စားမှာပါ။”

“ဟင်။”

“ဒါပေမဲ့ မြို့စားမင်းက သိပ်ကို ပြည့်စုံလွန်းတဲ့သူမဟုတ်လား။ ဟို... ဧကရီကို ချစ်သူ ပေးထားမယ်ဆိုရင်တောင် နည်းနည်း ပိုပြီးသာမန်ဆန်တဲ့လူမျိုးက ပိုမကောင်းဘူးလားဟင်။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment