အပိုင်း ၄၀ (လျှို့ဝှက်ချက်ကို သိနေသူ)
ဗိုင်းကောင့် လိုတဲရှုက စိုးရိမ်စိတ်ဖြင့် လက်ကို တင်းတင်းဆုပ်ထားခဲ့သည်။
သူက ကျေးလက်ဒေသမှ နယ်မြေအသေးစားလေး၏ အရှင်သခင်ပင်။
ကျိန်းသေပေါက် ကျေးလက်မှ နယ်မြေလေး၏ အရှင်သခင်ဖြစ်သည်ဆိုရုံနှင့် ပေါ့ပေါ့တန်တန် သဘောထား၍ မရနိုင်ပေ။
သူရဲကောင်းများ၊ စစ်သည်တော်များ သို့မဟုတ် ဂုဏ်သရေရှိ မှူးမတ်အနွယ်တော်များက ဘဝကို အေးအေးချမ်းချမ်းနေထိုင်ရန်အတွက် တမင်တကာ နယ်မြေငယ်လေးများကို ရွေးချယ်ပြီး မြို့တော်နှင့် အတတ်နိုင်ဆုံး ဝေးရာသို့ သွားရောက်နေထိုင်ကြသည်မှာ အများအပြားရှိ၏။
နယ်မြေကိုယ်တိုင်က အပြင်ပန်းအရွယ်အစား သို့မဟုတ် ပထဝီဝင်အနေအထားနှင့်မဆိုင်ဘဲ အရေးပါသော နယ်မြေဖြစ်နေခြင်းလည်း ရှိတတ်ပေသည်။ ဥပမာအားဖြင့် နယ်စပ်တွင် တည်ရှိသော ဝီလ်ဝေါလ်နယ်မြေမှာ မြို့တော်နှင့် အဝေးဆုံးဖြစ်ကာ တောင်ကြား၌ နက်ရှိုင်းစွာ တည်ရှိသော်ငြား ထိုနယ်မြေအတွင်း၌ မှော်ပညာဝန်ကြီးဌာနနှင့် မှော်ပညာ အကယ်ဒမီတို့ကို အကုန်တည်ထောင်ထားသဖြင့် ဧကရာဇ်ပင်လျှင် အလေးမထားဘဲ မနေနိုင်လောက်သော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
သို့ရာတွင် ဗိုင်းကောင့် လိုတဲရှုကမူ ထိုအချက်များအားလုံးနှင့် မသက်ဆိုင်ပေ။
သူ၏နယ်မြေဖြစ်သော ရင်မ်ဝဲလ်က ယခုအချိန်အထိ ထူးထူးခြားခြား ဖွံ့ဖြိုးတိုးတက်မှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်း မရှိသေး။ ထို့အပြင် ဧကရာဇ်၏ အမဲလိုက်ကွင်းနှင့် သူ၏ နယ်မြေရှိ တောအုပ်တို့က ထိစပ်နေသဖြင့် ရမ်းသမ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ရန်ပင် မကြိုးစားဝံ့ခဲ့။
ထို့ကြောင့် ဧကရာဇ်နှင့် တစ်ဦးချင်းတွေ့ဆုံရန် မပြောနှင့်၊ ဝေးရာမှပင် ဧကရာဇ်ကို မြင်ဖူးခြင်း မရှိခဲ့ပေ။
"......"
ဗိုင်းကောင့် လိုတဲရှုက ဧကရာဇ်၏ စူးရှသော အကြည့်ကို ခံယူရင်း မျက်လွှာချကာ မျက်လုံးများကို ဟိုဟိုဒီဒီ ကစားနေခဲ့သည်။
အင်မတန်မှ အဆင်မပြေဖြစ်နေ၏။
သေးငယ်ပြီး အရေးမပါသော နယ်မြေ၏ အရှင်သခင်ဖြစ်နေခြင်းကြောင့် တစ်ခါတစ်ရံ မိတ်ဆွေများက လှောင်ပြောင်ရယ်စားကြသည့်တိုင် ဗိုင်းကောင့် လိုတဲရှုကမူ သူ၏ အရိုက်အရာကို အထူးတလည် မနှစ်မြို့ခြင်းမဖြစ်မိခဲ့ပေ။
ဧကရာဇ်၏ ဝင်ရောက်စွက်ဖက်မှုကို အမြောက်အမြားခံနေရသည့် အခြားသော နယ်မြေအကြီးစားများလိုမဟုတ်ဘဲ သူ၏ နယ်မြေတွင်မူ နယ်မြေအရှင်သခင်က ဘုရင်တစ်ပါးကဲ့သို့ အပြည့်အဝ အုပ်စိုးနိုင်ကာ နယ်မြေသူနယ်မြေသားများကလည်း သူ့အား ဘုရင်ကဲ့သို့ပင် မြှောက်စားခဲ့ကြသည်။
ဗိုင်းကောင့် လိုတဲရှုအနေနှင့် မည်သူ့ရှေ့တွင်မှ ဒူးထောက် အလျှော့ပေးစရာ အကြောင်းမရှိခဲ့ပေ။
သို့သော် ယခုအခါ ဧကရာဇ်၏ ရှေ့၊ သူ၏ သားအရွယ်ခန့် သာရှိသော ဧကရာဇ်၏ရှေ့တွင် ဤကဲ့သို့ မလုံမလဲဖြစ်နေရပေသည်။
ခက်ခဲသော ကိစ္စဖြစ်သည့်အပြင် မာနလည်း ထိခိုက်ရ၏။
ထိုအတိုင်း အတန်ကြာအောင် ရှိနေခဲ့ပြီးနောက်....
“ဗိုင်းကောင့် လိုတဲရှု။ ဒီနေ့အဖြစ်အပျက်ကို ရှင်းပြစမ်းပါဦး။”
နောက်ဆုံးတွင် ဧကရာဇ်က စကားစလာသည်။
ဗိုင်းကောင့် လိုတဲရှုက ဧကရာဇ်၏စကားကို တဒင်္ဂ နားမလည်နိုင်ဖြစ်သွားသော်လည်း၊ မကြာမီမှာပင် သူ၏ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်သွား၏။
ဧကရာဇ်၏ အတွင်းရေးမှူးက ရက်ရှ်တာကို ကိုယ်တိုင် ပွေ့ချီကာ သယ်ဆောင်သွားပြီး သူက ဧကရာဇ်၏ အိပ်ခန်းထဲတွင် အိပ်စက်နေလေသည်။
ဗိုင်းကောင့် လိုတဲရှုကမူ ဧကရာဇ်၏ ကိုယ်ရံတော်တပ်မှူးထံတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရကာ အရှေ့နန်းဆောင်ရှိ အခန်းလွတ်တစ်ခုဆီသို့ အတင်းအကျပ် ခေါ်ဆောင်ခြင်းခံခဲ့ရ၏။
အကြောင်းရင်းကို လူတိုင်း သိနေကြပေပြီ။
သို့သော်လည်း ယနေ့ဖြစ်ရပ်ကို ကိုယ်တိုင် ရှင်းပြခိုင်းသတဲ့လား။
ဤသည်မှာ ဧကရာဇ်၏ ကမ်းလှမ်းချက်ပင်။
ကိစ္စအားလုံးကို ဘာမှမဖြစ်ခဲ့သလို ပြန်ဖြစ်သွားစေမည့် ကမ်းလှမ်းချက်။
“အနူးအညွတ် တောင်းပန်အပ်ပါတယ်၊ အရှင်ဧကရာဇ်။ ကျွန်တော်မျိုးက လူတွေရဲ့မျက်နှာကို ကောင်းကောင်း မမှတ်မိတတ်လို့ အရင်ကတည်းကလည်း အမှားတွေ အများကြီး ကျူးလွန်ခဲ့ဖူးပါတယ်။ ဆံပင်အရောင်နဲ့ မျက်လုံးအရောင်လေး နည်းနည်းတူနေရင်တောင် လုံးဝ မခွဲတတ်တော့တာကြောင့်ပါ။ ကျွန်တော်မျိုးရဲ့ နယ်မြေကနေ ထွက်ပြေးသွားတဲ့ ကျွန်တစ်ယောက်က လေဒီ ရက်ရှ်တာလိုပဲ အရမ်းလှပြီး ငွေရောင်ဆံပင်နဲ့ မျက်လုံးအနက်ရောင်ရှိပါတယ်။ အဲ့ဒါကိုပဲကြည့်ပြီး လေဒီ ရက်ရှ်တာကို ကျွန်တော်မျိုးရဲ့ကျွန် ဖြစ်ရမယ်ဆိုပြီးတော့ အထင်မှားခဲ့မိတာပါ။”
ဗိုင်းကောင့် လိုတဲရှုက အလျင်အမြန် လိမ်ညာပြောဆိုပြီးနောက် စောင့်စည်းမှုမရှိသော မိမိ၏ပါးစပ်ကို ပြန်ရိုက်လိုက်သည်။
“ဒီကိစ္စကြောင့် အရှင်ဧကရာဇ်ရဲ့ချစ်သူ လေဒီ ရက်ရှ်တာကို အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့တယ်ဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲဗျာ။ လူအိုကြီးရဲ့အမှားလို့ သဘောထားပြီး ထောက်ထားသဖြင့် ခွင့်လွှတ်ပေးတော်မူပါ။”
ခေါင်းကို ငုံ့ထားသော်လည်း ဗိုင်းကောင့် လိုတဲရှု၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပနေခဲ့သည်။
ထို မင်းပျိုမင်းလွင် ဧကရာဇ်က ရက်ရှ်တာကို ကျွန်ပြေးမှန်း သိလျက်နှင့်ပင် ဖုံးဖိကာကွယ်ရန် ကြိုးစားနေ၏။
ရက်ရှ်တာကို တကယ်ပင် အထင်ကြီးမိသည်။
ယခင်ကမူ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် နေရာတစ်ခုယူကာ မှူးမတ်အနွယ်တော်တစ်ဦးဦး၏ အပျော်မယားဖြစ်သွားရုံမျှသာဟု ထင်ထားခဲ့သော်လည်း...
ဒီလောက်အထိ ဧကရာဇ်ရဲ့ချစ်ခင်မှုကို ရထားသတဲ့လား။
နယ်မြေထဲတွင် ရှိစဉ်ကတည်းက လက်ဖဝါးအောက်တွင် ယောက်ျားအားလုံးကို ခြယ်လှယ်ကစားခဲ့သည့် ကျွန်,မမှန်း သိခဲ့ရသော်လည်း သူ၏အရည်အချင်းက ထင်ထားသည်ထက် ပို၍ကြီးမားသည့်ပုံပင်။
“ကောင်းပြီလေ။ ဆက်ပြီးတော့ အဲ့ဒီလို ပါးစပ်ကို သတိထားတာ ကောင်းမယ်၊ ဗိုင်းကောင့် လိုတဲရှု။”
“ကျိန်းသေပေါက် အဲ့ဒီလိုလုပ်ပါ့မယ်၊ အရှင်ဧကရာဇ်။”
ဗိုင်းကောင့် လိုတဲရှု၏ နှုတ်ခမ်းထောင့်စွန်းများ ပြုံးယောင်သမ်းသွားလေသည်။
သူသည်လည်း သေးငယ်သော ကျေးလက် နယ်ပယ်စားဘဝမှ ရုန်းထွက်ကာ ကြီးမားသော ရာထူးနေရာတစ်ခုကို ရယူနိုင်လောက်မလားမသိပေ။
~~~~
အနောက်မှလိုက်လာသော တော်ဝင်ကိုယ်ရံတော်များကို ပြန်လွှတ်ပြီးနောက် ကျွန်မ တစ်ယောက်တည်း ရှည်လျားသော စင်္ကြံအတိုင်း လျှောက်လာခဲ့သည်။
ခေါင်းလည်း ကိုက်နေကာ ရင်ထဲတွင်လည်း လေးလံနေ၏။
ခြေလှမ်းများကလည်း လေးလံနေသလို၊ ဂါဝန်ကပင် မွန်းကျပ်စရာဖြစ်နေသည်။
ခြေတစ်လှမ်းလှမ်းတိုင်း နံရိုးတစ်ဝိုက်က စူးခနဲ အောင့်လာ၏။
နောက်ဆုံးတွင် အနောက်နန်းဆောင်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် တိုင်တစ်ခုကိုမှီကာ ခါးကို ကိုင်းညွှတ်လိုက်မိသည်။
ရင်ထဲတွင် အော်ဂလီဆန်ကာ ပျို့အန်လိုစိတ်များ ပေါ်လာ၏။
မာနထိခိုက်ရသည်။
ဆိုးဆိုဝါးဝါးပင်။
အခြားကိစ္စများတွင် အပြစ်ဆိုစရာမရှိသော ဆိုဗီရ်ရှုက ရက်ရှ်တာနှင့် ပတ်သက်လာလျှင် အဘယ်ကြောင့် ထိုမျှအထိ ဆင်ခြင်တုံတရား ကင်းမဲ့နိုင်ရသနည်း။
ယခင် ဧကရာဇ်များ၏ အုပ်ချုပ်မှု မှတ်တမ်းများကို တောက်ပသော မျက်လုံးများဖြင့် ဖတ်ရှုလေ့ရှိသည့် ဆိုဗီရ်ရှု ယခု ပျောက်ကွယ်သွားခဲ့ပြီလား။
“ကွီးန်။”
ထိုစဉ် ဘေးနားမှ ချိုးချိုးချွတ်ချွတ်အသံနှင့်အတူ ခပ်နိမ့်နိမ့်အသံကို ကြားလိုက်ရသည်။
ကျွန်မကို 'ကွီးန်' ဟု ခေါ်သူက တစ်ယောက်သာရှိ၏။
ကျွန်မလည်း ခါးကို မြန်မြန်မတ်ကာ လှည့်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက မျက်မှောင်ကြုတ်လျက် ကျွန်မကို ငုံ့မိုးကြည့်နေခဲ့သည်။
"မတင့်တယ်တဲ့ ပုံစံကို ပြသလိုက်မိတာပဲ။"
သို့သော်လည်း မျက်ရည်မကျမိ၍ တော်သေး၏။
ကျွန်မက နှုတ်ခမ်းတွင် အပြုံးကိုဆင်ရင်း မေးလိုက်သည်။
“လမ်းလျှောက်နေတာလားရှင့်။”
သို့သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျှော့ခြင်းမရှိခဲ့။
သူက ကျွန်မမျက်နှာကို စူစူးစိုက်စိုက်ပင် အကဲခတ်နေလေ၏။
မျက်လုံးအိမ်ပဲဖြစ်ဖြစ် နီနေလို့များလား။
တစ်ချက် ခေါင်းလှည့်လိုက်သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက အနားကပ်လာသဖြင့် သူ့အား ပြန်ကြည့်လိုက်ရသည်။
တော်ဝင်မင်းသား ဟိုင်န်ရီက သူ၏လက်ကို ညင်သာစွာ လှမ်းလိုက်ကာ ကျွန်မမျက်နှာအနီးရှိ လေဟာနယ်ထဲတွင် မသက်မသာ ရပ်တန့်ထား၏။
သူ၏လက်က ဝမ်းနည်းတမ်းတစွာ တဆတ်ဆတ်တုန်ယင်နေသည်။
“ကျွန်တော်က ကျွန်တော့် သူငယ်ချင်းတွေ ရင်နာရတဲ့အခါ မျက်နှာကို ပွတ်သပ်ပြီး ဖက်ပေးတတ်ပါတယ်။”
“……”
“ကွီးန်ကလည်း ကျွန်တော့်သူငယ်ချင်းပဲဆိုတော့ အဲ့ဒီလို လုပ်လို့ရမလားခင်ဗျ။”
ခေါင်းခါပြလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက လက်ကို ချလိုက်သော်လည်း ငိုတော့မလိုမျက်နှာထားမျိုး ဖြစ်နေဆဲပင်။
သူ၏ နားရွက်များက နီရဲလျက်ရှိနေ၏။
“ခင်ဗျားရဲ့ ခင်ပွန်းက ထပ်ပြီးတော့ ခင်ဗျားကို စော်ကားလိုက်ပြန်ပြီလား။”
ထပ်ပြီးတော့တဲ့လား။
“……ဘာလို့ အဲ့ဒီလို ထင်ရတာလဲရှင့်။”
“ဒီအတိုင်း အဲ့ဒီလိုဖြစ်ခဲ့တဲ့ပုံပေါ်လို့ပါ။”
“ကိုယ်ရေးကိုယ်တာမို့လို့ ပြောပြဖို့ ခက်ပါတယ်။"
“ကျွန်တော်က ကွီးန်ကို အရင် တွေ့ခဲ့သင့်တာပါ။”
“...”
“ကျွန်တော်သာ ငါးနှစ်လောက်ပဲ စောပြီးမွေးခဲ့မယ်ဆိုရင်...ဟာကွာ။”
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ မည်သို့သောစကားမျိုးကို ကြားခဲ့ရမှန်း သိနေသည့်အလား ဒေါသထွက်နေသော လေသံဖြင့် သွားချင်းကြိတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။
သူ၏ အတိုင်းအဆမရှိ ရင်နာနေပုံကြောင့် မြင်ရသူ ကျွန်မပင် ထူးဆန်းလာရ၏။
'ငါက ဘာကိစ္စဖြစ်ခဲ့ပါတယ်ဆိုပြီး ပြောတောင်မပြောရသေးတာကို။'
တော်ဝင်မင်းသား ဟိုင်န်ရီက အခု ဘာတွေ ပြောနေတာပါလိမ့်။
မသင်္ကာသလို စိုက်ကြည့်လိုက်တော့ သူက တစ်ချက်တုံ့ဆိုင်းသွားပြီးမှ မေးလာသည်။
“ကျွန်တော့်ရဲ့ နှစ်သိမ့်မှုကို ကသိကအောက်ဖြစ်ရတယ်ဆိုရင် ကွီးန်ကို လွှတ်လိုက်ရမလားခင်ဗျ။”
ကျွန်မလည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီကိုဖက်ပြီး စိတ်တည်ငြိမ်အောင် မလုပ်နိုင်သော်လည်း ကွီးန်ဆိုလျှင်တော့ ကိစ္စမရှိပေ။
ထို သေးငယ်သော ဖြစ်တည်မှုလေးက...ကျိန်းသေပေါက် ကွီးန်က ကြီးမားသည့်ငှက် ဖြစ်သော်လည်း....ပေးလာမည့် နွေးထွေးမှုကို ကျွန်မ အင်မတန် လွမ်းဆွတ်မိလာသည်။
“ဟုတ်ကဲ့။ ကွီးန်က အခု ဘယ်မှာလဲရှင့်။”
“ကျွန်တော် အခန်းထဲကိုသွားပြီး လွှတ်ပေးလိုက်ပါ့မယ်။”
“အတူတူ သွားကြည့်လို့လည်း ရပါတယ်။ ကွီးန်နဲ့ ပတ်သက်ပြီး မေးချင်တာလေးတွေလည်း အမျိုးမျိုးရှိနေတော့လေ......”
“!”
~~~~
Miel's Translations