no

Font
Theme

အပိုင်း ၁၁၇ (အနေအထားက နည်းနည်း…)

သေတ္တာအကြီးကြီးဟုဆိုသော်လည်း အပြင်ကမြင်ရသည်နှင့် အထဲသို့ကိုယ်တိုင်ဝင်နေရသည်က လုံးဝ မတူညီသော ခံစားချက်မျိုးပင်။

ကျွန်မ ဝေဝေဝါးဝါးဖြစ်နေသော စိတ်အခြေအနေဖြင့် ဒူးနှစ်ဖက်ကို ပိုက်ထားရင်း ‘အခု ငါဘာလုပ်နေတာလဲ’ ဟု တွေးနေမိသည်။

မည်သို့ပင် စဉ်းစားစဉ်းစား ဤသည်က မိဖုရားတစ်ပါးအနေဖြင့် ထွက်ခွာသွားခြင်းမျိုးမဟုတ်ဘဲ ဝရမ်းပြေးတစ်ယောက် ထွက်ပြေးတိမ်းရှောင်နေရသည်နှင့် ပိုတူနေ၏။

မြင်းရထားက ညင်သာစွာ ရှေ့သို့ရွေ့လျားနေသော်လည်း ခုံအောက်မှသေတ္တာက ဘီးများနှင့် အလွန်နီးကပ်သော တည်နေရာတွင် ရှိနေသည်။

မြင်းရထား နည်းနည်းလေး လှုပ်ခတ်သွားတိုင်း တဂျိန်းဂျိန်းနှင့် ဆူညံသံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က ယိမ်းထိုးကာ ခေါင်းက သေတ္တာအပေါ်ပိုင်းနှင့် သွားဆောင့်မိတတ်၏။

ထို့နောက် ထိုအရှိန်ကြောင့်ပင် ပြန်ကန်ထွက်သွားကာ ယခုတစ်ကြိမ်တွင်မူ သေတ္တာအောက်ခြေနှင့် ခြေထောက် သို့မဟုတ် တင်ပါးက သွားဆောင့်မိပြန်သည်။

ဤအနေအထားကလည်း နေရာအနှံ့ ဂျိန်းဂျိန်းဂျုန်းဂျုန်းနှင့် အကြိမ်ကြိမ် ဆောင့်မိပြီးနောက်မှ အသည်းအသန် ရှာဖွေတွေ့ရှိခဲ့သော အနေအထားပင်။

နည်းနည်းဖြစ်ဖြစ်၊ လှုပ်ခတ်မှုသက်သာပြီး နာကျင်မှုနည်းစေမည့် အနေအထားမျိုး။

“ကွီးန်။ အဆင်ပြေရဲ့လား။”

သို့သော်လည်း ရံဖန်ရံခါ ကြားရတတ်သည့် ဟိုင်န်ရီ၏အသံက ကျွန်မကို စိတ်အေးစေခဲ့သည်။

“ကွီးန်။ နောက်ထပ် နည်းနည်းလေးပဲ သွားရင် နယ်စပ်ကို ဖြတ်ကျော်နိုင်ပါပြီ။”

ကျွန်မကမူ ထိုသို့သောအချိန်တိုင်း ပြန်​မဖြေဘဲ လက်သီးဆုပ်ပြီး သေတ္တာနံရံကို ဒေါက်ဒေါက်ဟုခေါက်ကာ အချက်ပြခဲ့သည်။

ဤကဲ့သို့သောအခြေအနေမျိုးတွင် အသံထွက်လိုက်ပါက ကျိန်းသေပေါက် ထူးဆန်းသောအသံ ထွက်လာပေလိမ့်မည်။

ထိုသို့ဖြစ်သွားလျှင် မြို့စားမင်း အယ်ရ်ဂီက ​ပေါ်တင်လှောင်ရယ်တော့မည်မှာ သေချာလှသောကြောင့်ပင်။

ဟိုင်န်ရီ ပထမဆုံးအကြိမ် “အဆင်ပြေရဲ့လား” ဟု မေးခဲ့စဉ်က “အဆင်ပြေပါတယ်” ဟု ဗလုံးဗထွေးအသံဖြင့် ပြန်ဖြေခဲ့မိရာ၊ မြို့စားမင်း အယ်ရ်ဂီက ဆူညံနေအောင် လှောင်ရယ်ခဲ့ဖူးသဖြင့် မည်မျှအထိ ရှက်ခဲ့ရမှန်း မသိတော့။

သို့သော် ကျွန်မ နံရံကိုခေါက်ပြီး ပြန်ဖြေခြင်းကလည်း မြို့စားမင်း အယ်ရ်ဂီအတွက် ရယ်စရာဖြစ်နေသည့်ပုံပင်။

ယခုတစ်ကြိမ်တွင်လည်း သူ့ရယ်သံကို ကြားလိုက်ရသဖြင့် ကျွန်မ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိ၏။

ဟိုင်န်ရီက တော်တော့ဟု တားမြစ်နေသောအသံကို ကြားရသော်လည်း ဘာမှအထောက်အကူမဖြစ်ခဲ့ချေ။

“ဘာလို့လဲ။ မင်းလည်း ရယ်နေတာပဲလေ။ အသံထွက်တယ်၊ မထွက်ဘူးပဲ ကွာတာကို။”

မြို့စားမင်း အယ်ရ်ဂီ၏ ဤစကားကြောင့် သူတို့နှစ်ဦး၏ စကားပြောသံက တိခနဲ ရပ်တန့်သွား၏။

ကျိန်းသေပေါက် ဟိုင်န်ရီက မြို့စားမင်း၏စကားအတိုင်း ‘အသံတိတ်’ ၍ အယ်ရ်ဂီနှင့် စကားများနေပေလိမ့်မည်။

‘ဟူး……’

ကျွန်မ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် မျက်လုံးကို တင်းတင်းပိတ်ထားလိုက်သည်။

ဖြစ်ချင်ဖြစ် အိပ်ပျော်သွားလျှင် တော်ဦးမည်။

ထိုသို့ဆိုလျှင် အချိန်က ပို၍မြန်မြန် ကုန်ဆုံးသွားမည်သာ။

~~~~

ထင်ထားသည်ထက် ကျွန်မ၏စိတ်က အတော်လေး ခံနိုင်ရည်ရှိသည့်ပုံပင်။

မျက်လုံးမှိတ်ပြီး အိပ်စက်ရန် ကြိုးစားရင်း ‘အိပ်ပျော်ပါ့မလား’ ဟု တွေးခဲ့မိသော်လည်း။

ထူးဆန်းသော ခံစားချက်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်မိရာ၊ သေတ္တာအဖုံးက ပွင့်နေပေပြီ။

အကြည့်ကို လွှဲဖယ်၍ ဘေးသို့ကြည့်လိုက်တော့ သေတ္တာအဖုံးကို ကိုင်လျက် ရပ်နေသော ဟိုင်န်ရီကို မြင်လိုက်ရ၏။

အင်မတန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းပင်။

ရှက်လည်းရှက်၊ အနေလည်းခက်လှသဖြင့် ဟန်မပျက် ပြုံးပြလိုက်မိရာ၊ ဟိုင်န်ရီက မျက်လုံးလေးများ မှေးစင်းသွားသည်အထိ ပြုံးရင်း ပြောလာသည်။

“ဒဏ္ဍာရီထဲက အခန်းတစ်ခန်းလိုပါပဲ။ ကွီးန် မျက်လုံးဖွင့်ပြီး ကျွန်တော့်ကို ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ၊ တအားကို ရင်ခုန်လွန်းလို့ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရပါတယ်။”

မြှောက်ပင့်စကားဆိုသည်မှာလည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်ပေသည်။

အတိုင်းအတာတစ်ခုအထိကတော့ ကျေးဇူးတင်စရာကောင်းသော်လည်း၊ ထိုစည်းကို ကျော်လွန်သွားသည့် အခိုက်အတန့်တွင် နားထောင်ရသည်က အနေခက်လာရ၏။

ယခု ဟိုင်န်ရီ၏ မြှောက်ပင့်စကားက စည်းကျော်သွားသည့် အဆင့်ဖြစ်နေသည်။

ကျွန်မ အနေခက်လှသဖြင့် အလျင်အမြန် ဒူးပိုက်ထားသည်ကိုလွှတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထူမတ်လိုက်၏။

“အာ။ ဖြည်းဖြည်းချင်း ထပါ။”

ဟိုင်န်ရီက အလျင်အမြန်ပင် ကျွန်မ ထလာသည်ကို ကူညီပေးခဲ့သည်။

“အနေအထားတစ်ခုတည်းနဲ့ အကြာကြီးနေပြီးမှ အဲ့ဒီလို ဆတ်ခနဲထရင် ခန္ဓာကိုယ်အတွက်မကောင်းပါဘူး၊ ကွီးန်။”

လုံးဝ ထရပ်လိုက်တော့ သူက တွန့်ကြေနေသော အဝတ်အစားများကို ကိုယ်တိုင် နေရာအနှံ့ လိုက်ဖြန့်ပေးပြီးနောက် ကျွန်မကို တစ်ဖန်ပြန်ကြည့်ကာ ပြုံးပြပြန်သည်။

ပို၍အနေခက်စရာ မြှောက်ပင့်စကားများ ပြောမလာမီ ကျွန်မကပဲ အရင်ဦးအောင် အမြန်မေးခွန်းထုတ်လိုက်၏။

“ရောက်ပြီလားဟင်။”

“မဟုတ်ပါဘူး။ ဒါက နယ်စပ်ရွာပါ။”

“ကိုယ်ရံတော်စစ်သည်တွေကရော……”

“အမိန့်က အခုအထိ ဒီအထိ ရောက်မလာသေးတဲ့ပုံပါပဲ။”

ဟိုင်န်ရီက ထိုသို့ပြောရင်း မြင်းရထားအပြင်ဘက်ကို အသာအကဲခတ်ကြည့်သည်။

“မကြာခင် ရောက်လာတော့မှာဆိုပေမဲ့ပေါ့။”

ကျွန်မ သေတ္တာထဲမှ လုံးဝထွက်လာခဲ့ပြီး၊ ဟိုင်န်ရီ၏လက်ကို တွဲလျက် မြင်းရထားပေါ်မှ ဆင်းခဲ့သည်။

မြို့စားမင်း အယ်ရ်ဂီက အလေးအနက်မျက်နှာဖြင့် မြင်းရထားမောင်းသမားနှင့် ဘာတွေမှန်းမသိ တတွတ်တွတ် စကားပြောနေ၏။

ထို့နောက် ကျွန်မကို မြင်လိုက်ရတော့မှ တစ်ဖန် ပေါ့ပေါ့ပါးပါးရှိသော အပြုံးကို ဆင်မြန်းရင်း လက်လှမ်းပြခဲ့သည်။

ဟိုင်န်ရီက အသာလေး ကြားထဲမှ ဝင်ရပ်လိုက်သောကြောင့် ထိုပုံရိပ်က ချက်ချင်း ကွယ်ပျောက်သွားခဲ့ရသော်လည်း။

ထိုအတောအတွင်း ကျွန်မက ဤရွာ မည်သည့်နေရာတွင်ရှိသလဲဟု သိရှိနိုင်စေရန် နေရာအနှံ့ ခေါင်းလှည့်ကြည့်မိသည်။

နယ်စပ်ရွာများက အားလုံး တိုင်းပြည်၏ ဗျူဟာမြောက် အချက်အချာကျသော နေရာများဖြစ်သဖြင့် တစ်ကြိမ်စီတော့ လာရောက်လည်ပတ်ဖူး၏။

အစ်ကို့အဖြစ်တွင်လည်း နယ်စပ်ရွာသို့ ပြည်နှင်ဒဏ်အပေးခံခဲ့ရဖူးသည်မဟုတ်ပါလား။

‘အာ။ ရုခ်စ် ဘက်များလား။’

အစ်ကို နေထိုင်ခဲ့သည့် နယ်စပ်ဒေသတော့ မဟုတ်ချေ။

‘ငါက ဒီလောက်အဝေးကြီး ရောက်လာတဲ့အထိ အိပ်ပျော်နေခဲ့တာလား။’

မယုံနိုင်စရာကောင်းလှသဖြင့် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမိစဉ်၊ စကားပြောဆိုပြီးသွား၍လားမသိ မြို့စားမင်း အယ်ရ်ဂီက ကျွန်မနှင့် ဟိုင်န်ရီရှိရာဘက်သို့ လျှောက်လာကာ ပြောခဲ့သည်။

“ကျွန်တော်ကတော့ ဒီအထိပဲ အတူတူ လိုက်ပါပေးရတော့မဲ့ပုံပါပဲ။”

“ကျေးဇူးတင်ပါတယ်၊ မြို့စားမင်း အယ်ရ်ဂီ။”

“ကျွန်တော်လည်း ပျော်ဖို့ကောင်းခဲ့ပါတယ်၊ အရှင်မိဖုရား။”

ထရိုဗီ မြို့စားမင်းအိမ်တော်တွင် ‘ဧကရီဟောင်း’ ဟု ခေါ်ကာ မထိတထိ စနောက်ခဲ့သော မြို့စားမင်း အယ်ရ်ဂီက ယခုတစ်ကြိမ်တွင်မူ ကျွန်မကို ‘အရှင်မိဖုရား’ ဟု ခေါ်ခဲ့သည်။

ဟိုင်န်ရီကို အားနာ၍ ခေါ်လိုက်သော အခေါ်အဝေါ်နှင့် တူသော်လည်း၊ ထိုအခေါ်အဝေါ်ကို ကြားလိုက်ရတော့ တစ်ဖက်တွင် ကျွန်မက ဟိုင်န်ရီကို ပို၍အားနာမိသွားရ၏။

ခိုးကြောင်ခိုးဝှက်ဖြင့် ဘေးသို့ လှမ်းကြည့်လိုက်မိရာ၊ ဟိုင်န်ရီက ခပ်ဖွဖွလေး ပြုံးနေသည်။

“အာ။ စိတ်တိုလိုက်တာ။ ဟို ပျော်နေတဲ့ မျက်နှာကြီးက။ တကယ် ကျက်သရေကိုတုံးတယ်။”

မြို့စားမင်း အယ်ရ်ဂီ၏ တီးတိုးရေရွတ်သံကို ကြားနေရသည့်တိုင် ဟိုင်န်ရီကမူ အေးဆေးနေဆဲပင်။

ထို့ထက်…… ဟိုင်န်ရီနှင့် မြို့စားမင်း အယ်ရ်ဂီတို့က ထင်ထားသည်ထက် ပို၍ရင်းနှီးကြသည့်ပုံပင်။

ယခုကဲ့သို့ အထွေအထူး စည်းမခြားဘဲ စကားပြောနိုင်ကြသည့်အထိဆိုလျှင်။

မြို့စားမင်း အယ်ရ်ဂီက စုတ်တစ်ချက်သပ်လိုက်ပြီးမှ စကားဆက်ခဲ့သည်။

“ကောင်းတဲ့ ကုန်သည်အဖွဲ့လို့တော့ ပြောလို့မရပေမဲ့၊ ယုံကြည်စိတ်ချရမှုကတော့ သေချာတဲ့ ကုန်သည်အဖွဲ့ကို ခေါ်ပေးထားပါတယ်။ စောင့်ဆိုင်းနေကြတာမို့လို့၊ အရှင်မိဖုရားက အဲ့ဒီဘက်ကိုသွားပြီး ကုန်သည်အဖွဲ့နဲ့ ပူးပေါင်းလိုက်ရုံပါပဲ။”

“ဟိုင်န်ရီကရော……”

ကျွန်မ အိပ်ပျော်နေစဉ်အတွင်း သူတို့အချင်းချင်း စကားပြောထားကြခြင်းလား။

ဟိုင်န်ရီက မအံ့ဩဘဲနှင့် ကျွန်မကို ပြောလာခဲ့သည်။

“အတူတူသွားရင် သံသယဝင်စရာဖြစ်မှာမို့လို့ သပ်သပ်စီသွားတာက ပိုကောင်းပါတယ်၊ ကွီးန်။”

“ရှင်က တခြားကုန်သည်အဖွဲ့ကို သုံးမှာလား။ ဒါမှမဟုတ် ကြေးစားစစ်သည်တွေလား။”

“အမ်…… အဲ့ဒါတော့ မဟုတ်ပါဘူး။ ကျွန်တော်က တစ်ယောက်တည်း သွားမှာမို့လို့ပါ။”

“အန္တရာယ်များပါတယ်။ အတူတူ သွားရအောင်။”

ဆိုဗီရ်ရှုက ဟိုင်န်ရီကို ပြန်လည်ဖမ်းဆီးရန် ကြိုးစားလိမ့်မည်ဟု မထင်သော်လည်း၊ ထို့သို့ရှိလင့်ကစား တိုင်းပြည်တစ်ခု၏ ဘုရင်က တစ်ဦးတည်း နယ်စပ်အပြင်ဘက်သို့ သွားလာမည်တဲ့လား။

ဤနေရာက ဆန်းရှီချွန်း တောပုန်းဓားပြများ မကြာခဏ ဖြတ်သန်းသွားလာတတ်သည့် နေရာမျိုးမဟုတ်သော်လည်း၊ သို့တိုင် မမျှော်လင့်ဘဲ ဖြစ်ပျက်လာနိုင်သည်များကိုမူ မသိနိုင်ချေ။

ဆန်းရှီချွန်းအဖွဲ့အပြင် အခြားသော ဓားပြများ ရှိနေနိုင်သလို၊ လုယက်သူများလည်း ရှိနေနိုင်သည်မဟုတ်ပါလား။

သို့သော်လည်း ဟိုင်န်ရီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် အဆင်ပြေပါသည်ဟု ပြောခဲ့သည်။

မြို့စားမင်း အယ်ရ်ဂီကလည်း တခိခိရယ်ရင်း ဟိုင်န်ရီ အဆင်ပြေပါလိမ့်မည်ဟု ကူညီပြောပေးခဲ့၏။

“ဟိုင်န်ရီက ထူးဆန်းလောက်အောင်ပဲ သဲလွန်စမကျန် ပျောက်ကွယ်သွားတတ်တာမို့လို့ အဆင်ပြေပါတယ်။”

ထို့သို့ဆိုစေ အန္တရာယ်မများဘူးလားဟု ပြောချင်သော်လည်း……

ဒါလည်း ဟုတ်တာပဲ။

ဟိုင်န်ရီ တစ်ယောက်တည်း ဝီလ်ဝေါလ်သို့ ရောက်လာခဲ့သည်ကိုပင် မြင်ဖူးခဲ့သည်မဟုတ်ပါလား။

မကြာသေးမီကလည်း သူများမသိအောင် အရှေ့အင်ပါယာမြို့တော်၏ နန်းတော်ထဲအထိ ဝင်လာခဲ့သေးသည်။

စိုးရိမ်မှုများက ကွယ်ပျောက်မသွားခဲ့သော်လည်း ကျွန်မ ခေါင်းညိတ်ပြလိုက်မိ၏။

ဟိုင်န်ရီသာ တကယ် တစ်ဦးတည်း ထွက်ပြေးတိမ်းရှောင်နိုင်သည့် စွမ်းရည် ကောင်းမွန်မည်ဆိုလျှင်၊ ကျွန်မနှင့် အတူတူသွားခြင်းက ဆန့်ကျင်ဘက်အားဖြင့် သူ့ကို ပို၍ အန္တရာယ်များစေမည့်အရာ ဖြစ်နေပေလိမ့်မည်။

“ဒါဆို၊ ဟိုင်န်ရီ။ ငါ သွားပြီနော်။ အရှင်မိဖုရားလည်း ဂရုစိုက်ပြီး သွားပါ။”

မြို့စားမင်း အယ်ရ်ဂီ စီးနင်းလာသော မြင်းရထားကိုစီးကာ ထွက်ခွာသွားပြီးနောက်။

ကျွန်မတို့ လမ်းလျှောက်၍ သာမန်ပုံစံရှိသော တည်းခိုခန်းတစ်ခုထဲသို့ ဝင်ခဲ့ကြသည်။

တစ်ညတာ တည်းခိုသွားဖို့လားဟု တွေးမိသော်လည်း မဟုတ်ခဲ့ချေ။

ကျွန်မတို့ကို မြင်လိုက်ရသည်နှင့် အမျိုးသမီးတစ်ဦးက ချဉ်းကပ်လာပြီးနောက် ကျွန်မနှင့် ဟိုင်န်ရီကို တစ်လှည့်စီကြည့်ကာ မေးမြန်းလာသောကြောင့်ပင်။

“သယ်ယူပို့ဆောင်ရမဲ့လူက ဘယ်ဘက်လဲ။”

ကျွန်မ အသာလေး လက်မြှောက်ပြလိုက်မိသည်။

သို့သော်လည်း ပြန်ဖြေနေစဉ်အတွင်း နှလုံးခုန်သံများက မြန်ဆန်နေ၏။

ကျွန်မ၏မျက်နှာကို ပုံတူပန်းချီကားအဖြစ် ရေးဆွဲပြီး နေရာအနှံ့ ပျံ့နှံ့နေခဲ့ကာ၊ ကျွန်မ ကွာရှင်းပြီးသည်မှာလည်း ရက်ပိုင်းလောက် အချိန်ကုန်လွန်သွားခဲ့ပေပြီ။

ကောလာဟလများက လုံလောက်အောင် ပျံ့နှံ့နေခဲ့ပြီဖြစ်ရာ၊ မည်မျှပင် နယ်စပ်ဒေသမှလူများဖြစ်ပါစေ ဧကရီ၏ ကွာရှင်းမှုနှင့် ပြန်လည်ထိမ်းမြားမှု သတင်းကို မသိဘဲနေလိမ့်မည်မဟုတ်ချေ။

အထူးသဖြင့် သတင်းအချက်အလက်များကို အာရုံခံစားလွယ်သော ကုန်သည်အဖွဲ့ဆိုလျှင် ပို၍ပင်။

ယခုမူ ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားကာ ဝတ်ရုံတွင်ပါရှိသော ခေါင်းဆောင်းကိုပါ ငိုက်ငိုက်ဆောင်းထားသဖြင့် မျက်နှာကို ဖုံးကွယ်ထားသော်လည်း၊ အကယ်၍များ ဝတ်ရုံကို ချွတ်ပြခိုင်းမည်ဆိုပါက……

“သွားကြစို့။”

သို့သော်လည်း အမျိုးသမီးက မျက်နှာကို စစ်ဆေးရအောင်ဟူသော စကားမျိုးမဆိုဘဲ တုံးတိတိ ပြောဆိုပြီးနောက် အရင်ဦးစွာ ထွက်သွားလေသည်။

‘ဒီအတိုင်း သွားရုံပဲလား။’

ယောင်ချာချာဖြစ်သွားသဖြင့် ဟိုင်န်ရီကို လှည့်ကြည့်လိုက်ရာ၊ ဟိုင်န်ရီက စိတ်ချပါဟု ပြုံးပြခဲ့၏။

“ဘာမှမဖြစ်ပါဘူး။ သုံး၊ လေးခါလောက် အလုပ်အတူတူလုပ်ဖူးတာမျိုး ရှိပေမဲ့၊ အာ၊ ကျိန်းသေပေါက် ကျွန်တော့်ကို တော်ဝင်မင်းသားမှန်း မသိဘူးဆိုပေမဲ့ပေါ့လေ။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခုကိုတော့ ပြီးပြည့်စုံအောင် လုပ်ဆောင်တတ်လို့ပါ။”

ဟိုင်န်ရီက ထိုသို့ပြောလျှင် ထိုသို့ဖြစ်ပေလိမ့်မည်။

ကျွန်မ ခေါင်းညိတ်ပြလိုက်ပြီးနောက် အမျိုးသမီးနောက်သို့ လိုက်သွားခဲ့၏။

ဟိုင်န်ရီက အနည်းငယ် အကွာအဝေးတစ်ခု ထားရှိလျက် ကျွန်မနောက်မှ လိုက်ပါလာကာ၊ ကျွန်မ ကုန်သည်အဖွဲ့ မြင်းရထားပေါ်သို့ တက်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။

ထို့နောက် မြင်းရထား ထွက်ခွာသွားသည့်အချိန်အထိ သူက ထိုနေရာ၌ ရှိနေခဲ့သော်လည်း၊ အမျိုးသမီးက ကျွန်မကို လှမ်းခေါ်လိုက်သဖြင့် ခေတ္တ တခြားဘက်သို့ အကြည့်လွှဲလိုက်မိရာမှ ပြတင်းပေါက်ကို ပြန်ကြည့်လိုက်ရာ၊ စက္ကန့်ပိုင်းအတွင်းပင် ပျောက်ကွယ်သွားကာ မမြင်ရတော့ချေ။

ခေါင်းပေါ်မှ ငှက်တစ်ကောင်၏ အော်မြည်သံကို ကြားလိုက်ရသည်။

~~~~

အမျိုးသမီးက ကုန်သည်အဖွဲ့၏ အရှင်သခင်ဟု ပြောခဲ့သော်လည်း၊ အခြေအနေကို အကဲခတ်ကြည့်ရသလောက် ကုန်သည်အဖွဲ့အပြင် ကြေးစားစစ်သည် အလုပ်ကိုပါ လုပ်ဆောင်နေသည့်ပုံပင်။

သူက မနားတမ်း စကားဖောင်ဖွဲ့နေခဲ့သော်လည်း တစ်ပြိုင်တည်းမှာပင် နှုတ်လုံသူလည်း ဖြစ်နေ၏။

ဘယ်သောအခါမျှ မိမိနှင့်ပတ်သက်သည့် အကြောင်းအရာကို နက်နက်နဲနဲ ပြောဆိုခြင်းမရှိခဲ့သလို၊ ကျွန်မနှင့်ပတ်သက်၍လည်း တစ်စုံတစ်ရာမျှ မေးမြန်းခြင်း မရှိခဲ့ချေ။

ကျွန်မ သူ့ထံမှ ကြားရသမျှမှာ ကောလာဟလများနှင့် နာမည်မသိရသော သူ၏ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အကြောင်းအရာများသာ။

ထိုကောလာဟလများထဲတွင် သဘာဝကျကျပင် ‘ကွာရှင်းပြီးသည်နှင့် ချက်ချင်း ပြန်လည်ထိမ်းမြားခဲ့သော ဧကရီ’ ၏ အကြောင်းအရာ ပါဝင်နေသဖြင့် အခက်တွေ့ရသော်လည်း။

သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပြည်သူများ၏ တုံ့ပြန်မှုကို ကိုယ်တိုင် ကြားသိရခြင်းကမူ ကောင်းပေသည်။

“ကျွန်မကတော့ ဧကရီအရှင်မရဲ့ လုပ်ရပ်ကို ထောက်ခံတဲ့ဘက်ကပါ။”

“အဲ့ဒီလိုလား။”

“ဘာပဲဖြစ်ဖြစ်၊ လက်အောက်ငယ်သားတွေထဲမှာတော့ အတ္တကြီးတယ်လို့ ပြောတဲ့လူတွေလည်း ရှိတာပေါ့။ အဲ့ဒါက သူတို့ကိစ္စမဟုတ်လို့ အဲ့ဒီလို လျှောက်ပြောနေနိုင်ကြတာပါ။”

“……”

“ကွာရှင်းမှုကို အရင်ဆုံး လုပ်ချင်တယ်လို့ စပြောခဲ့တာလည်း မဟုတ်၊ တိုင်ပင်ပြီး လုပ်ခဲ့တာလည်း မဟုတ်ဘဲ၊ တစ်ဖက်သတ် အနိုင်ကျင့်တာကို ခံခဲ့ရတာလေ။ ဒါပေမဲ့ ကွာရှင်းပြီးမှ သစ္စာတရားတဲ့လား။ ခွေးစကားတွေ။ မဟုတ်ဘူးလား။”

‘ကျေးဇူးတင်ပါတယ်’ ဟု ပြောမိလုနီးပါးဖြစ်သွားသည်ကို အောင့်အည်းထားရင်း ကျွန်မ ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်မိသည်။

“မှန်ပါတယ်။ ခွေးစကားပါပဲ။”

“ဒါနဲ့ လေသံက တော်တော်လေး ထူးဆန်းနေတယ်နော်။”

“....”

ထို့နောက်တွင်လည်း သူက တောက်လျှောက် အကြောင်းအရာများကို ပြောပြပေးခဲ့ကာ၊ မြင်းရထား ခေတ္တ ရပ်တန့်သွားတိုင်း ကျွန်မတို့ စားသောက်ခဲ့ကြသည်။

စားသောက်နေသည့် အတောအတွင်းတွင်၊ မြင်းရထားမောင်းသူအသစ် ရောက်ရှိလာကာ မြင်းများကို လဲလှယ်ပြီး မြင်းရထားမောင်းသူခုံပေါ်သို့ တက်ထိုင်ခဲ့၏။

ကျွန်မ ဤအခြေအနေအတိုင်း တောက်လျှောက် အနောက်ဘုရင့်တိုင်းပြည်၏ မြို့တော်အထိ သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပြီး၊ နောက်ပိုင်းတွင်မူ လုံးဝကို စိတ်အေးသွားခဲ့ကာ ပြတင်းပေါက်ကိုဖွင့်၍ အပြင်ဘက် ရှုခင်းများကို ကြည့်ရှုခံစားခဲ့သည်။

ဆိုဗီရ်ရှု စစ်သည်တော်များ စေလွှတ်ခဲ့သလား၊ မစေလွှတ်ခဲ့ဘူးလားဆိုသည်ကို မသိရသော်လည်း လုံလောက်အောင် ကောင်းကောင်းလွတ်မြောက်လာခဲ့သည့်ပုံပင်။

သို့သော်လည်း အမျိုးသမီး ကျွန်မကို ချပေးခဲ့သောနေရာက အနောက်ဘုရင့်တိုင်းပြည် နယ်စပ်ကို မဖြတ်ကျော်မီနေရာ၌ဖြစ်သည်။

အနီးအနားမှ တိုင်းပြည်တစ်ခု၏ ရွာငယ်လေးတစ်ခုတွင် ကျွန်မကို ချပေးခဲ့သော သူက ဤနေရာအထိ ပို့ဆောင်ပေးဖို့ရန်မှာ သူလက်ခံရရှိခဲ့သော အလုပ်အပ်နှံမှုဖြစ်သည်ဟု ဆိုကာ၊ ကောင်းကောင်းနေခဲ့ပါဟု နှုတ်ဆက်ရင်း လေလိုပင် ပျောက်ကွယ်သွားခဲ့တော့၏။

စိမ်းသက်သော နေရာတစ်ခုတွင် တစ်ကိုယ်တည်း အထီးတည်း ကျန်ရစ်ခဲ့သဖြင့် ကြောင်တောင်တောင်နှင့် ရပ်နေမိစဉ်၊ တော်သေး၍ အချိန်သိပ်မကြာလိုက်ဘဲ ဟိုင်န်ရီက မြင်းကြီးတစ်ကောင်ကို စီးနင်းလျက် ပေါ်လာသည်။

“ဘယ်တုန်းက ရောက်နေတာလဲ။”

ကျွန်မ အံ့ဩတကြီး မေးလိုက်မိသည်။

ဟိုင်န်ရီက ရွာအပြင်ဘက်မှမဟုတ်ဘဲ ရွာအလယ်ဘက်မှ ပေါ်လာခဲ့ခြင်းပင်။

တည်းခိုခြင်းမရှိဘဲ မြင်းရထားကို အပြင်းမောင်းနှင်လာခဲ့သော ကျွန်မထက် စောစီးစွာ ရောက်ရှိနေခဲ့သည်ဟု အဓိပ္ပာယ်ရ၏။

“နည်းနည်းလေး စောပြီး ရောက်နေခဲ့တာပါ။”

“လုံးဝ မမြင်မိတာကို……”

“လမ်းမထပ်မဲ့ လမ်းကနေ လာခဲ့လို့ပါ။”

ကျွန်မက လမ်းမကြီးအတိုင်း လာခဲ့သဖြင့်၊ ဟိုင်န်ရီက ဖြတ်လမ်းမှ လာခဲ့သည်ဟု ဆိုလိုခြင်းလား။

ဒါလည်း ဟုတ်တာပဲ။

ဟိုင်န်ရီက မြင်းရထားစီးလာခဲ့သည့်ပုံမပေါ်သဖြင့် ဖြတ်လမ်းမှ လာခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

ခေါင်းညိတ်ပြနေစဉ်တွင် ဟိုင်န်ရီက ပြုံးလျက် လက်ကမ်းပေးလာ၏။

“မြင်းစီးတတ်လားခင်ဗျ။”

~~~~

အရှိန်အကန့်အသတ်မရှိဘဲ မြင်းမစီးရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပေပြီ။

ဟိုင်န်ရီက မြင်းစီးဝတ်စုံအထိပါ ကြိုတင်ပြင်ဆင်ပေးထားခဲ့သည့် ကျေးဇူးကြောင့်၊ ကျွန်မ မြင်းပေါ်သို့ တက်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်မိ၏။

“ကွီးန်၊ တအားကို မြန်… မြန်မြန် မောင်းနေတာ မဟုတ်ဘူးလားဗျ။”

ဟိုင်န်ရီက အနောက်မှ ကျွန်မ၏ခါးကို တင်းတင်းဖက်ထားရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလာခဲ့သည်။

လေတိုက်နှုန်းကြောင့် အသံက ဆက်တိုက် ပြတ်တောက်သွားသည့်ပုံပင်။

အရှေ့ကို ကြည့်ရမည်ဖြစ်သောကြောင့်၊ ကျွန်မ ရှေ့တည့်တည့်ကို စိုက်ကြည့်လျက် ပြုံးရင်း ပြန်ဖြေခဲ့သည်။

“သဘောကျလို့ပါ။”

မှူးမတ်အနွယ်တော်အများစု တာဝန်အနေဖြင့် သင်ယူရမည့် အားကစားအချို့ ရှိပြီး၊ ယင်းတို့အနက် မြင်းစီးခြင်းလည်း ပါဝင်၏။

ဧကရီဖြစ်လာပြီးသည့်နောက်တွင်မူ အလုပ်များလွန်းသဖြင့် အချိန်ပေးရန် ခက်ခဲခဲ့သော်လည်း၊ ကျွန်မက မြင်းစီးခြင်းကို နဂိုကတည်းက သဘောကျသူပင်။

အိမ်ရှေ့စံကြင်ရာတော် မဖြစ်သေးမီက ဥယျာဉ်ထဲတွင် တစ်ယောက်တည်း မြင်းပုလေးကို စီးနင်းသွားလာတတ်ပြီး၊ အိမ်ရှေ့စံကြင်ရာတော် ဖြစ်လာပြီးသည့်နောက်တွင်မူ နတ်ရွာစံဧကရီ လက်ဆောင်ပေးထားခဲ့သော လှပသည့် မြင်းနက်ကြီးကို စီးနင်းသွားလာခဲ့၏။

ဆိုဗီရ်ရှုကလည်း မြင်းစီးခြင်းကို သဘောကျသဖြင့်၊ ကျွန်မတို့ အတူတူ……

‘တော်ပြီ၊ ဆက်မတွေးနဲ့တော့။’

အတိတ်ကို စဉ်းစားလိုက်တိုင်း အမြဲတမ်း ဆိုဗီရ်ရှုက ပါဝင်နေတတ်သည်။

ကျွန်မ၏ အတိတ်သမိုင်းကြောင်းဟူသမျှတွင် သူက သဘာဝကျကျ အတူတူ ရှိနေခဲ့သောကြောင့်ပင်။

ကျွန်မ ဆိုဗီရ်ရှုနှင့်ပတ်သက်သည့် အတွေးများကို အတင်းအကျပ် ဘေးသို့ ဖယ်ထုတ်လိုက်ရင်း၊ ရုတ်တရက် ဟိုင်န်ရီက အင်မတန် တိတ်ဆိတ်နေသည်ကို သတိပြုမိသွား၏။

‘ဟိုင်န်ရီက တအား မြန်မြန်မောင်းတာကို မကြိုက်လို့များလား။’

“ဟိုင်န်ရီ။”

ကျွန်မ လန့်သွားသဖြင့် အလျင်အမြန် သူ့ကို လှမ်းခေါ်လိုက်မိသည်။

“……ဗျာ။”

တော်သေး၍ ပြန်ထူးသံက ချက်ချင်း ကြားလိုက်ရ၏။

ဘာကြောင့်မှန်းမသိ အသံက နည်းနည်း တိမ်ဝင်နေသလိုပင်။

“ကြောက်လို့လားဟင်။ အရှိန်လျှော့လိုက်ရမလား။”

စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်တော့၊ ဟိုင်န်ရီက ခေါင်းခါပြခဲ့သည်။

သူက ကျွန်မအနောက်၌ ကပ်နေသဖြင့်၊ သူ ခေါင်းခါလိုက်တော့ သူ့ရင်ဘတ်က သဘာဝကျကျပင် ကျွန်မ၏ ကျောပြင်ပေါ်တွင် အသာလေး လှုပ်ခတ်သွား၏။

ထိုအရှိန်ကြောင့် နောက်ကျမှ သူ၏ဖြစ်တည်မှုကို သတိထားမိသွားသဖြင့် ကျွန်မ ဇက်ကြိုးကို ပို၍ တင်းတင်းဆုပ်ကိုင်မိတော့သည်။

အတော်လေးကြာမှ မြင်းစီးကြည့်ချင်သဖြင့် ကျွန်မက အရှေ့တွင် ထိုင်စီးမည်ဟု ပြောခဲ့ခြင်းဖြစ်သော်လည်း။

သတိထားမိပြီးနောက်တွင် ဤအနေအထားက……

ကျွန်မ ဇက်ကြိုးကို ပို၍ တင်းတင်းဆုပ်ကိုင်မိသည်။

ကျွန်မခါးကို အားပါပါ ဖက်ထားသော ဟိုင်န်ရီ၏ လက်ချောင်းများကို ခံစားမိနေရ၏။

သူက ကျွန်မ၏ခါးကို တစ်လက်မပင် နေရာလွတ်မရှိရလေအောင် တင်းတင်းပွေ့ဖက်ထားခဲ့ခြင်းပင်။

“ဟိုင်န်ရီ။”

“ဟုတ်ကဲ့၊ ကွီးန်။”

“နည်းနည်းလောက်…… လက်ကနေ အားလျှော့ပေးလို့ရော……”

“အဲ့ဒါဆို ကျွန်တော် ပြုတ်ကျသွားမှာပေါ့။”

“……”

“ကြောက်လို့ပါ။”

ဟိုင်န်ရီကဖြင့် ကျွန်မကို သတိမထားမိဘဲ ရှိနေသည်ကို၊ ကျွန်မကပဲ ဟိုင်န်ရီကို ကိုယ်ဘာသာ အာရုံစိုက်မိပြီး အနေခက်နေမိခြင်းလား။

အလကားနေရင်း ခန္ဓာကိုယ်က တောင့်တင်းသွားရသည်။

‘ဒီလိုမျိုး ကပ်နေတာဆိုတော့ ဟိုင်န်ရီလည်း အဲ့ဒါကို ခံစားမိမလားမသိဘူး။’

တစ်ယောက်တည်း ထူးဆန်းသောလူ ဖြစ်သွားသလို ခံစားရသဖြင့်၊ ကျွန်မ အရှိန်ကို ပိုမြှင့်ပြီး ဟိုင်န်ရီ၏လက်ကိုမဟုတ်ဘဲ တိုက်ခတ်လာသော လေ​ပြည်ကိုသာ ခံစားရန် အသည်းအသန် ကြိုးစားကြည့်ခဲ့သည်။

သို့သော်လည်း အဆင်မပြေသဖြင့်၊ နောက်ဆုံးတွင် အရှိန်ကို နည်းနည်း ပြန်လျှော့လိုက်ရ၏။

ထိုကဲ့သို့သော အရိပ်အခြည်ကို ရိပ်မိသွား၍လားမသိ။

သိပ်မသိသာလှသော်လည်း ဟိုင်န်ရီ၏ ကျောပြင် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

ကျွန်မ သေတ္တာထဲတွင် ကုန်းကုန်းကွကွဖြင့် လဲလျောင်းနေခဲ့စဉ်က မြို့စားမင်း အယ်ရ်ဂီ လှောင်ရယ်ခဲ့သလို သူလည်း အသံတိတ် ရယ်နေသည်မှာ ဧကန်မလွဲပင်။

သို့သော် နေရာချင်း လဲရအောင်ဟု ပြောရန်မှာလည်း……

ယင်းကလည်း အနေအထားက ကျိန်းသေပေါက် နည်းနည်း ထူးဆန်းသွားပေလိမ့်မည်။

ကျွန်မက အနောက်သို့ သွားမည်ဆိုပါက၊ ယခု ဟိုင်န်ရီ လုပ်နေသလို သူ့ကျောပြင်ကို တင်းတင်းပွေ့ဖက်ထားရမည်သာ။

ထိုသို့လုပ်မည်ဆိုလျှင် ကျိန်းသေပေါက်…… ထိတွေ့မိပေလိမ့်မည်။

ကျွန်မ၏ကျောပြင်တွင် ဟိုင်န်ရီ၏ ကြံ့ခိုင်သော ရင်ဘတ်ကို အတိုင်းသား ခံစားနေရသလို၊ နေရာပြောင်စီးလျှင်လည်း ထပ်တူထပ်မျှ ဖြစ်နေမည်ဖြစ်သောကြောင့်ပင်။

ထိုသို့ရော ဤသို့ပါ မလုပ်နိုင်ဘဲရှိနေစဉ် ဟိုင်န်ရီက ပြုံးလျက် မေးမြန်းလာသည်။

“ကျွန်တော် ဇက်ကြိုးကို အတူတူကိုင်ပေးရမလား၊ ကွီးန်။ ဒါဆိုရင် အဆင်ပြေမလား။”

အတူတူ ဇက်ကြိုးကို ကိုင်ပေးမည်ဟုဆိုခြင်းမှာ သူက ကျွန်မကို ယခုလို တင်းတင်းပွေ့ဖက်ထားတော့မည်မဟုတ်ဟူသော အဓိပ္ပာယ်ပင်။

ကျွန်မ အလျင်အမြန် ခေါင်းညိတ်ပြလိုက်မိသည်။

“အဲ့ဒါက ပိုကောင်းပါလိမ့်မယ်။ နည်းနည်း အသက်ရှူကျပ်သလို ဖြစ်နေလို့……”

ဟိုင်န်ရီက ပြုံးလျက် လက်ကို ဆန့်တန်းလိုက်ပြီးနောက်၊ ကျွန်မ ဆုပ်ကိုင်ထားသော ဇက်ကြိုး၏ အနောက်ဘက်မှ ဇက်ကြိုးကို လှမ်းကိုင်ခဲ့သည်။

ကျွန်မ၏လက်ပေါ်သို့ ထပ်လျက် ကိုင်လိုက်ခြင်းမျိုးမဟုတ်သော်လည်း၊ ဇက်ကြိုးကို ကိုင်ရမည့် အစိတ်အပိုင်းက ရှည်လျားလှသည်ဆိုလျှင်ပင် မည်မျှအထိ ရှည်လျားနိုင်ပါမည်နည်း။

အပေါ်အောက် ခွဲကိုင်ခဲ့ကြသော်လည်း လက်ချင်း ထိစပ်သွား၏။

လက်ချောင်းများတင်မကဘဲ လက်မောင်းချင်းပါ ထိစပ်သွားသည်။

ကျွန်မ နှုတ်ခမ်းကို ကိုက်ထားရင်း အတင်းဖျစ်ညှစ်ကာ အရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေမိတော့၏။

စောစောက သူ ကျွန်မကို ပွေ့ဖက်ထားသော အနေအထားမျိုးဖြစ်ခဲ့မည်ဆိုလျှင်၊ ယခုတစ်ကြိမ်တွင်မူ ကျွန်မက သူ၏လက်မောင်းနှစ်ဖက်ကြားတွင် နစ်မြုပ်လျက် အပွေ့ဖက်ခံထားရသော အနေအထားမျိုး ဖြစ်နေသည်။

“မြင်းရထား…… မြင်းရထားစီးရင် ပိုကောင်းမယ် ထင်တယ်။”

“မြင်းစီးရတာ ကြိုက်တယ်ဆိုပြီးတော့။”

“မြင်းရထားကိုလည်း ကြိုက်ပါတယ်။”

“ဒါပေမဲ့ မြင်းက အရှိန်ပိုမြန်တယ်မဟုတ်လား၊ ကွီးန်။”

“မြင်းနောက်တစ်ကောင် ထပ်ရှာရင်ရော ဘယ်လိုလဲ။”

“ဒီလိုမျိုး မြင်းကောင်းမြင်းသန့်ကို ချက်ချင်းရဖို့ ခက်လို့ပါ…… မြင်းကို ရှာပြီးမှ ထွက်ခွာမယ်ဆိုရင် အချိန်အများကြီး ကြာသွားပါလိမ့်မယ်၊ ကွီးန်။ ပြီးတော့ နောက်ထပ် နည်းနည်းလေးပဲသွားရင် အနောက်ဘုရင့်တိုင်းပြည်ရောက်ပြီး၊ အဲ့ဒီဘက်မှာ မက်ကန်နာက ကြိုစောင့်နေမှာပါ။”

ခက်ခဲလှပါသည်ဟူသော အသံနေအသံထားဖြင့် ရှင်းပြလာသော ဟိုင်န်ရီက စိုးရိမ်ပူပန်ဟန်ဖြင့် “ဘာဖြစ်လို့လဲခင်ဗျ။ မူးချင်သလို ဖြစ်နေလို့လား” ဟု မေးမြန်းလာသည်။

အနေအထားကြောင့်ဖြစ်စေ၊ ထိစပ်နေသော သူ၏ရင်ဘတ်၊ လက်မောင်း၊ လက်ချောင်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရပါသည်ဟု မပြောနိုင်သဖြင့်၊ ကျွန်မ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း “ဘာမှမဟုတ်ပါဘူး” ဟု ပြန်ဖြေလိုက်၏။

ဟုတ်ပါရဲ့။

မကြာခင် အနောက်ဘုရင့်တိုင်းပြည်ကို ရောက်တော့မှာဆိုတော့။

နောက်ထပ် နည်းနည်းလေးပဲ ထပ်သည်းခံလိုက်ရင် ရတာပဲကို။

သူ့စကားအတိုင်း၊ ယခု ကျွန်မတို့ စီးလာသော မြင်းကဲ့သို့ လျင်မြန်စွာ ပြေးလွှားနိုင်မည့် မြင်းမျိုးကို ရှာဖွေရန်ဆိုလျှင် ထိုနေရာ၌ အချိန်အများကြီး ကုန်ဆုံးသွားပေလိမ့်မည်။

‘တစ်ဖက်လူက ဘာမှမဖြစ်သလို နေနေတာကို၊ ငါကပဲ တစ်ယောက်တည်း သတိထားပြီး အနေခက်နေရင် အဲ့ဒါက ပိုပြီး ထူးဆန်းနေမှာ။ ဒါက……တအား သဘာဝကျတဲ့ကိစ္စပဲပဲ။ ငါတို့က ဒီအတိုင်း မြင်းကို အတူတူ စီးနေကြရုံလေးပဲ။’

ကျွန်မ အသည်းအသန် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီးနောက် ဇက်ကြိုးကို အားထည့်၍ ဆုပ်ကိုင်လိုက်တော့သည်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၂၃ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment