အပိုင်း ၁၂၂ (နာဗီရယ်၏ သံသယ)
ဟိုင်န်ရီက ငိုမဲ့မဲ့မျက်နှာဖြင့် မသဲမကွဲ ညည်းတွားလေသည်။
“ဒီအငွေ့အသက်အခြေအနေက ဒီလိုအငွေ့အသက်အခြေအနေမျိုး မဟုတ်ခဲ့တာ မဟုတ်ဘူးလား။”
သူက လှပသော မျက်ဝန်းအစုံဖြင့် ပြုံးပြနေရာမှ အကြည့်ကို ရုပ်သိမ်းလိုက်ကာ၊ သိသိသာသာပင် စိတ်မှိုင်လက်မှိုင် ခေါင်းငုံ့သွားခဲ့သည်။
ကျွန်မလည်း သူ့ထံမှ လက်ကို ဖယ်ခွာကာ လက်ကိုင်ပဝါကို ပြန်ပေးပြီးနောက် ကိုယ့်နေရာကိုယ် ပြန်လာခဲ့၏။
“မဟုတ်ဘူးလား။”
ကျွန်မ ထပ်မေးလိုက်တော့မှ ဟိုင်န်ရီက အကျပ်ရိုက်သွားသည့်အလား အခန်း၏ ဟိုနေရာဒီနေရာကို အလကားနေရင်း လိုက်ကြည့်နေခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် ဆက်လက်အောင့်အည်းမထားနိုင်တော့ဘဲ တီးတိုးသက်ပြင်းချရင်း ဝန်ခံလာ၏။
“ဟုတ်ပါတယ်။”
ကျွန်မ အလိုလို ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။
ထိုအချက်ကို တစ်ဝက်ထက်မက ကျိန်းသေပေါက် ယုံကြည်နေခဲ့မိသော်လည်း၊ တကယ်တမ်း ကြားလိုက်ရသည့်အခါတွင်မူ အံ့ဩတုန်လှုပ်ရဆဲပင်။
လူက ငှက်ဖြစ်သွားရတယ်တဲ့လား……
ဤသည်က တကယ် အံ့ဩမှင်တက်စရာ ကိစ္စရပ်ပင်။
‘ဒါတင်မကသေးဘူး၊ အဲ့ဒီငှက်က ဟိုင်န်ရီရဲ့ လက်အောက်ငယ်သား ဖြစ်နေခဲ့တာပဲ။’
ဒဏ္ဍာရီအဖြစ်သာ အစဉ်အဆက် ဆင်းသက်လာခဲ့သော ထိုမျိုးနွယ်စုက တကယ် တည်ရှိနေခဲ့သည့် မျိုးနွယ်စု ဖြစ်နေ၍လား။
ကျွန်မ စူးစမ်းလိုစိတ်ကို ဖုံးကွယ်မထားတော့ဘဲ မေးမြန်းလိုက်မိသည်။
“ဒါဆိုရင် ဆာ မက်ကန်နာက ငှက်ဦးနှောက်မျိုးနွယ်စုကလား။”
သို့သော်လည်း ဟိုင်န်ရီက ကျွန်မ၏ မေးခွန်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သတိလက်လွတ် တဟားဟား အော်ရယ်သဖြင့်၊ အဖြေကို ချက်ချင်း မကြားနိုင်ခဲ့ချေ။
မြို့စားမင်း အယ်ရ်ဂီတုန်းကလည်း အဲ့ဒီအတိုင်းပဲ၊ အခု ဟိုင်န်ရီပါ အတူတူဖြစ်နေပြန်ပြီ……
ကျွန်မ နှုတ်ခမ်းကိုကိုက်ကာ ဟိုင်န်ရီကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေမိတော့သည်။
ထိုမျိုးနွယ်စု၏အမည်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းက အနည်းငယ် ထူးဆန်းသလို ကြားရလိမ့်မည်မှန်း သိသော်လည်း။
အဲ့ဒါက ငါ့အပြစ်မှ မဟုတ်တာ။
အစကတည်းက နာမည်ကို အဲ့ဒီလိုမှည့်ခေါ်ထားခဲ့တာကမှ ပြဿနာ မဟုတ်ဘူးလား။
“အင်း။”
ဟိုင်န်ရီက ရယ်ချင်စိတ်ကို အစွမ်းကုန် ဖိနှိပ်ချုပ်တည်းထားရင်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်ပြလာသည်။
သို့သော်လည်း ထိုအချိန်မှစ၍ ၃ မိနစ်ခန့် ကြာမြင့်ပြီးနောက်မှသာ သေသေချာချာ ပြန်လည်ဖြေကြားပေးခဲ့၏။
“ဟုတ်တာတော့ ဟုတ်ပေမဲ့ အဲ့ဒီနာမည်ကို အတတ်နိုင်ဆုံး မခေါ်တာကောင်းမယ်၊ ကွီးန်။”
“အာ။ နာမည် ပြောင်းသွားလို့များလား။”
“ဟင့်အင်း၊ အဲ့ဒီလိုတော့ မဟုတ်ပေမဲ့…… အဲ့ဒီမျိုးနွယ်စုကလူတွေ သဘောကျတဲ့နာမည်မျိုး မဟုတ်လို့ပါ။”
ထိုသို့ဆိုမှ အစကတည်းက ထိုနာမည်မှာ သူတို့နှင့် အတိုက်အခံ ရန်သူများက ကဲ့ရဲ့ရှုတ်ချရန် မှည့်ခေါ်ထားခဲ့ခြင်းဟု ကြားဖူးသည်။
ပြန်တွေးမိပြီးမှ ရိုင်းပျရာကျသွားပြီဟု ခံစားရသဖြင့် ကျွန်မ ခေါင်းညိတ်ပြရင်း မေးလိုက်၏။
“ဒါဆိုရင် နာမည်ကို ပြောင်းပစ်လို့ မရဘူးလား။”
“ဘယ်လိုမျိုးလဲဗျ။”
“ငှက်ခေါင်းမျိုးနွယ်စု…… ငှက်ခေါင်းလူသားမျိုးနွယ်စု အဲ့ဒီလိုမျိုးပေါ့။”
ဟိုင်န်ရီက နှုတ်ခမ်းကို တစ်ဖန်ပြန်၍တင်းတင်းစေ့ရင်း တုန်ရီနေသောကြောင့်၊ ကျွန်မ အတတ်နိုင်ဆုံး ထိုမျိုးနွယ်စု၏ နာမည်ကို နှုတ်ဖျားမှ ထုတ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
“ဒါနဲ့ ကွီးန်။ ကွီးန်က အဲ့ဒီအကြောင်းကို ဘယ်ကနေ ကြားခဲ့တာလဲဗျ။”
“နန်းတွင်းမှော်ဆရာဆီကနေ ကြားခဲ့တာပါ။”
“အာ…… အဲ့ဒီလိုကိုး။”
ဟိုင်န်ရီက မျက်ခုံးကို ပင့်တင်လိုက်ပြီးနောက် အေးစက်စွာ ပြုံးခဲ့သည်။
ပြုံးတော့ပြုံးနေသော်လည်း မျက်နှာထားကမူ အတော်လေး တည်ကြည်လေးနက်နေ၏။
ဘာဖြစ်လို့ အဲ့ဒီလိုဖြစ်သွားတာပါလိမ့်။
လျှို့ဝှက်ချက်မို့လို့များလား။
ဘာဖြစ်တာလဲဟု စိုးရိမ်ပူပန်စွာ စိုက်ကြည့်မိတော့မှ၊ ဟိုင်န်ရီက ဘာမှမဟုတ်သည့်အလား တစ်ဖန် ပြုံးပြလာပြန်သည်။
“ဧကန္တ ဒါက…… လျှို့ဝှက်ချက်မျိုးမို့လို့လားဟင်။”
သို့သော်လည်း ပို၍ စိုးရိမ်စိတ်ဝင်လာသဖြင့် မေးမြန်းလိုက်ရာ၊ ဟိုင်န်ရီက လက်ကို ဝှေ့ယမ်းပြခဲ့၏။
“မျိုးနွယ်စုက အခုအချိန်အထိ ရှင်သန်နေထိုင်နေကြဆဲဖြစ်တယ်ဆိုတဲ့ အချက်ကတော့ လျှို့ဝှက်ချက်ဆိုပေမဲ့၊ အဲ့ဒီလို မျိုးနွယ်စု တည်ရှိနေတယ်ဆိုတဲ့ သဘာဝတရားကတော့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။”
“မျက်နှာထားက မှိုင်သွားတာကို……”
“ဒီအတိုင်း အရှေ့အင်ပါယာမှာ တကယ်ပဲ ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ရှိတဲ့လူတွေ အများကြီး ရှိနေတာပဲဆိုပြီး တွေးမိသွားလို့ပါ။”
ဟိုင်န်ရီက ထင်ထားခဲ့သည်ထက်ပို၍ သူ့တိုင်းပြည်သူ ချစ်မြတ်နိုးသည့်ပုံပင်။
ချီးကျူးစရာကောင်းသော်လည်း၊ အနောက်ဘုရင့်တိုင်းပြည်၏ မိဖုရားဖြစ်လာခဲ့သည့်တိုင် အရှေ့အင်ပါယာမှလာသူဖြစ်သည့် ကျွန်မ၏ အနေအထားအရမူ မည်သို့တုံ့ပြန်ရမည်ကို ဝေခွဲမရဖြစ်စေသော စကားဖြစ်နေသည်။
ထိုစကားကို သဘောတူလိုက်ပါက ဟိုင်န်ရီ စိတ်မကောင်းဖြစ်သွားရမည်ဖြစ်ပြီး၊ မဟုတ်ပါဘူးဟု ငြင်းပယ်ရန်ကလည်း လက်တွေ့တွင် အမှန်တရားဖြစ်နေသောကြောင့်ပင်။
ကျွန်မ အလကားနေ ခေါင်းကိုသာညိတ်နေမိရင်း၊ ဟိုင်န်ရီ စိတ်တည်ငြိမ်သွားပြီဟု ထင်ရသည့်အချိန်မှ ထပ်မံ၍ မေးမြန်းလိုက်သည်။
“မေးချင်တာတစ်ခု ရှိသေးတယ်ရှင့်။”
ဟိုင်န်ရီက ယခုတစ်ကြိမ်တွင်မူ စောစောကလို ‘ဘာမဆိုမေးပါ’ ဟု မပြောတော့ဘဲ စိုးရိမ်ပူပန်သလို အပြုံးမျိုးကိုသာ ပြုံးပြလာ၏။
ကျွန်မ မည်သည့်စကားကို ထပ်မံပြောဆိုလာမလဲဟု စိုးထိတ်နေသလိုပင်။
ကျွန်မ သူ့မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေရင်း၊ ယခုတစ်ကြိမ်တွင်မူ အနည်းငယ်ပို၍ သတိထားကာ စေ့စေ့စပ်စပ် မေးမြန်းလိုက်သည်။
“ဧကန္တ…… ကွီးန်ကရော အဲ့ဒီ မျိုးနွယ်စုဝင်လားဟင်။”
“.....”
“ကွီးန်ကလည်း ရှင်ရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပဲလား။”
ဟိုင်န်ရီက ဆတ်ခနဲတုန်သွားရာမှ လက်နှစ်ဖက်ကို ယှက်ထားရင်း အကြည့်ကို အောက်သို့ နှိမ့်ချသွားသည်။
အပြင်ပန်းကြည့်လျှင် တည်ငြိမ်နေသလို ထင်ရသော်လည်း၊ သူ၏ ဆံနွယ်စအချို့က ဆက်တိုက် တုန်ယင်နေသည်ကို သတိပြုမိလိုက်၏။
ကျွန်မ ခေါင်းကို ငဲ့စောင်းလျက် သူ့ကို သေသေချာချာ အကဲခတ်နေမိသည်။
ဟိုင်န်ရီက ထိုအခြေအနေအတိုင်း အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပြီးမှ ပြန်မေးလာ၏။
“တကယ်လို့ ကွီးန်ကသာ လူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်…… စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်ဆိုးသွားမှာလားဗျ။”
ကွီးန်။
ချစ်စရာကောင်းလှသော ကွီးန်။
ကျွန်မအတွက် ကိတ်မုန့်များ ယူဆောင်လာပေးဖူးပြီး၊ ကျွန်မအတွက် ငိုကြွေးပေးဖူးကာ၊ တောင်ပံများဖြန့်လျက် ပွေ့ဖက်ပေးခဲ့ဖူးသော ကွီးန်။
ကွီးန်ဟူသော ဖြစ်တည်မှုသက်သက်ကိုသာ တွေးကြည့်မည်ဆိုလျှင် စိတ်ခုစရာ၊ စိတ်ဆိုးစရာ အကြောင်းရင်း လုံးဝ မရှိချေ။
သို့သော်လည်း အကယ်၍ ထိုအရာက လူတစ်ယောက် ဖြစ်နေခဲ့မည်ဆိုလျှင်……
ကျွန်မ ချီတုံချတုံဖြစ်နေမိရာမှ “နည်းနည်းပေါ့” ဟု ပြန်လည်ဖြေလိုက်သည်။
ကွီးန်က ကျွန်မအပေါ် စိတ်အနှောင့်အယှက်ဖြစ်စရာ အပြုအမူမျိုး လုပ်ဆောင်ခဲ့၍ မဟုတ်ဘဲ၊ ကျွန်မကိုယ်တိုင်က ကွီးန်အပေါ် စည်းလွတ်ဝါးလွတ် ရင်းနှီးလွန်းစွာ ဆက်ဆံခဲ့မိသောကြောင့်ပင်။
ထိုသို့ဆိုမှ ကွီးန်က ကျွန်မ အဝတ်အစားလဲသည့် အချိန်တိုင်းတွင် အမြဲတမ်း ကျောခိုင်းပေးထားခဲ့ကာ၊ ကျွန်မကိုလည်း အရင်ဆုံး နမ်းရှိုက်ခြင်းမျိုး မလုပ်ခဲ့ချေ။
ကျွန်မ ပွေ့ဖက်လိုက်သည့် အချိန်မျိုးတွင်လည်း အရုပ်တစ်ရုပ်လို တောင့်တင်းငြိမ်သက်နေတတ်၏။
ပြဿနာကား ကျွန်မက ထိုကဲ့သို့သော ကွီးန်ကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ပြီး နမ်းရှိုက်ခဲ့သည့်အပြင်၊ သူ့အရှေ့တွင်လည်း အဝတ်အစားများကို မတုံ့မဆိုင်း လဲခဲ့မိခြင်းပင်။
ကွီးန်က ကွီးန်သက်သက်အဖြစ် ရှိနေစဉ်ကမူ ဘာမှမဖြစ်သော်လည်း၊ အကယ်၍ ကွီးန်က ကျွန်မခင်ပွန်း၏ လက်အောက်ငယ်သား ဖြစ်နေခဲ့မည်ဆိုလျှင် အတော်လေး အိုးတိုးအမ်းတမ်းဖြစ်ကာ အခက်တွေ့ရပေလိမ့်မည်။
ဟိုင်န်ရီက အနေခက်စွာ ပြုံးလိုက်ရင်း “အဲ့ဒီလိုကိုး” ဟု တီးတိုးရေရွတ်ကာ အလျင်အမြန်ပင် စားစရာဘူးထဲရှိ အစားအစာများကို ခက်ရင်းဖြင့် ထိုးဆွနေတော့သည်။
“ဒီ…… ဒီဟာလေးကလည်း အရသာရှိတာပဲ။”
~~~~
“အဲ့ဒီတော့ နောက်ဆုံး ဘာတစ်ခွန်းမှ မပြောနိုင်ဘဲ ပြန်လာခဲ့တာပေါ့လေ။”
နောက်တစ်နေ့တွင်။
မက်ကန်နာက ဟိုင်န်ရီ၏ စကားကို ကြားလိုက်ရသည်နှင့် စုတ်တစ်ချက် သပ်လိုက်တော့သည်။
ဟိုင်န်ရီက လက်နှစ်ဖက်ဖြင့် ခေါင်းကိုအုပ်ထားရင်း စားပွဲခုံပေါ်တွင် မှောက်ချလိုက်၏။
“‘စိတ်အနှောင့်အယှက်ဖြစ်ရတယ်’ လို့ ပြောလိုက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာ ခေါင်းထဲဗလာကျင်းပြီး ပြာသွားတာပဲ။”
“ကျွန်တော် ငှက်ဖြစ်တဲ့အကြောင်းကျတော့ လွယ်လွယ်ကူကူ ပြောပြခဲ့ပြီးတော့……”
“မင်းကိုကျတော့ သူက စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ မပြောခဲ့ဘူးလေ။”
“ကျွန်တော်ကတော့ အရှင်မင်းကြီးလို အရှင်မိဖုရားနဲ့ အဲ့ဒီလောက်အထိ ရင်းနှီးခဲ့တဲ့ ငှက်မှမဟုတ်တာ။”
ကျွန်တော်က အင်မတန် တသီးတသန့်ဆန်တဲ့ ငှက်မျိုးပေါ့ဟု ဖြည့်စွက်ပြောဆိုခဲ့သော မက်ကန်နာက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးခဲ့သည်။
ဟိုင်န်ရီက သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။
“အမှန်တရားကို ပြောပြရမှာဆိုပေမဲ့……”
အမှန်တရားကို သိရှိသွားမည့် နာဗီရယ်က အေးစက်သော အကြည့်များဖြင့် သူ့ကို စိုက်ကြည့်ရင်း စက်ဆုပ်ဖွယ်ကောင်းသည်ဟု ပြောလာမည်ကို စိုးထိတ်နေမိသည်။
အေးစက်ပြီး ရက်စက်လှသော ထိုမျက်ဝန်းအစုံက စိုက်ကြည့်နေမိလျှင် ကြက်သီးထလောက်သည်အထိ ဆွဲဆောင်မှုရှိလှသော်လည်း၊ ထိုမျက်ဝန်းများက မိမိအပေါ် ရန်လိုသော အကြည့်မျိုး ပြသလာမည်ကိုမူ လုံးဝ မလိုလားချေ။
ဟိုင်န်ရီတစ်ယောက် ခံစားရခက်လွန်းသဖြင့် ဘာမှထုတ်မပြောနိုင်ဘဲ ရှိနေစဉ်၊ မက်ကန်နာက စုတ်တစ်ချက်သပ်ခဲ့ပြန်သည်။
“ဒါပေမဲ့လည်း ဘယ်အချိန်အထိ ဖုံးကွယ်ထားလို့ရမှာလဲဗျ။”
“သိတယ်။ ပြောပြရမှာပေါ့။”
မိမိတို့၏ မျိုးနွယ်စုနှင့် ပတ်သက်သည့် အကြောင်းအရာများက လျှို့ဝှက်ချက်ဖြစ်၍၊ မည်သည့်အခါမျှ တိုက်ရိုက် ထုတ်ဖော်ပြောဆိုခွင့် မရှိပေ။
သို့သော်လည်း ခြွင်းချက်အနေဖြင့် မိသားစုဝင်များကိုမူ ပြောပြခွင့်ရှိရာ၊ ယခုအခါ နာဗီရယ်ကိုလည်း ပြောပြ၍ ရပေပြီ။
လက်တွေ့တွင်လည်း သူက နာဗီရယ်အား ကွီးန်၏ လျှို့ဝှက်ချက်ကို ဖွင့်ဟဝန်ခံရန် ပြင်ဆင်နေခဲ့ခြင်းပင်။
ဟိုင်န်ရီ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ငုံ့ထားခဲ့သော ခေါင်းကို ပြန်မော့လိုက်သည်။
“ရှင်မရဲ့ အရှေ့အင်ပါယာက ရံရွေတော်တွေ ရောက်လာပြီးမှပဲ ပြောတော့မယ်။”
“ဂျူဘယ်ရ် နယ်စားကတော်ကြီးနဲ့ လေဒီ လော်ရာကို ပြောတာလားဗျ။”
ဘာဖြစ်လို့ တကူးတက……
မက်ကန်နာက နောက်ဆက်တွဲ စကားလုံးများကို မျိုသိပ်လိုက်သော်လည်း၊ ဟိုင်န်ရီက သူဘာပြောချင်မှန်း ရိပ်မိသွားကာ ပြန်ဖြေခဲ့သည်။
“ရှော့ခ်ရသွားခဲ့ရင်တောင် ဘေးနားကနေ နှစ်သိမ့်ပေးမဲ့လူတော့ ရှိမှဖြစ်မယ်မဟုတ်လား။”
နာဗီရယ်က အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားမည်ဟု ကြိုတင်၍ ကျိန်းသေပေါက် ယူဆထားသော အမူအရာပင်။
နာဗီရယ်က ကွီးန်၏ တင်ပါးကို စိတ်ရှိလက်ရှိ ပုတ်ခဲ့ဖူးကြောင်း၊ ဟိုနေရာဒီနေရာ နမ်းရှိုက်ခဲ့ဖူးကြောင်းနှင့် ပွေ့ဖက်လျက် ငိုကြွေးခဲ့ဖူးကြောင်း စသည်တို့ကို သိရှိမထားသော မက်ကန်နာကမူ ‘အရှင်မင်းကြီးကတော့ တော်တော် အဖြစ်သည်းလွန်းပါတယ်’ ဟု တွေးရင်း စုတ်တစ်ချက် သပ်လိုက်မိသည်။
သို့သော်လည်း ဟိုင်န်ရီ၏ အခန်းထဲမှ ထွက်လာတော့၊ သူကိုယ်တိုင်လည်း အလကားနေရင်း စိုးရိမ်ပူပန်စိတ်ဝင်လာသဖြင့် ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့ရ၏။
‘ငါကတော့ ဘာမှ ထွေထွေထူးထူး ပြဿနာမရှိခဲ့တာ……ဟုတ်ပါတယ်နော်။’
~~~~
ဟိုင်န်ရီက ဘာဖြစ်လို့ အဲ့ဒီလောက်တောင် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရတာပါလိမ့်။
တစ်ညလုံး ထိုအကြောင်းကိုသာ တွေးနေမိရင်း အိပ်စက်ခဲ့ရသည်။
မနက်ခင်း နိုးထလာချိန်တွင်လည်း ထိုအတွေးက အရင်ဆုံး ခေါင်းထဲသို့ ရောက်ရှိလာ၏။
မျက်နှာသစ်နေစဉ်ရော၊ သွားတိုက်ပြီး ရေချိုးနေစဉ်ရော၊ ရို့စ် အလောတကြီး ယူဆောင်လာပေးခဲ့သည့် ဂါဝန်ကို ကြည့်နေစဉ်ရော၊ ဂါဝန်ကို ဝတ်ဆင်ကာ ဆံပင်ကို စည်းနှောင်နေစဉ်ရော………
နောက်ဆုံး အရှေ့အင်ပါယာတွင် တစ်ခါမျှ မစားဖူးခဲ့သော အလွန်စပ်လှသည့် အစားအစာများကို စားမိရင်း ချောင်းဆိုးနေသည့် အချိန်မျိုး၌ပါ ဟိုင်န်ရီ၏ အလန့်တကြား ဖြစ်သွားသော မျက်နှာထားကို မေ့ဖျောက်၍မရနိုင်ခဲ့ချေ။
သူ အလန့်တကြား ဖြစ်သွားခဲ့ရသည့် အကြောင်းရင်းကို လုံးဝ ရိပ်မိခြင်းမရှိသည်တော့ မဟုတ်။
ခန့်မှန်းမိသည်လည်း ရှိ၏။
‘ဧကန္တ ဟိုင်န်ရီကိုယ်တိုင်က ကွီးန် ဖြစ်နေခဲ့လို့ အဲ့ဒီလောက်အထိ လန့်သွားခဲ့တာလား’ ဟူသော အတွေးပင်။
ဟိုင်န်ရီက အနည်းငယ်မျှသာ ပို၍တည်ငြိမ်ခဲ့မည်ဆိုလျှင်၊ ကျွန်မ ဤကဲ့သို့သော အတွေးမျိုးအထိ တွေးမိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မက်ကန်နာ၏ အကြောင်းကို ပြောဆိုစဉ်ကနှင့် ကွီးန်၏ အကြောင်းကို မေးမြန်းစဉ် သူ၏ အမူအရာက သိသိသာသာ ကွဲပြားလွန်းလှသည်။
အကယ်၍ မိမိကိုယ်တိုင်က ကွီးန် မဟုတ်ခဲ့ဘူးဆိုလျှင်၊ ဘာကြောင့် ထိုမျှအထိ ဆတ်ခနဲ လန့်ဖျပ်သွားရမည်နည်း။
“အရှင်မိဖုရား၊ ဒီနေ့ ဘယ်နေရာကို သွားရောက်ကြည့်ရှုချင်ပါသလဲ။”
“………”
“အရှင်မိဖုရား။”
ငှက်……မျိုးနွယ်စုဆိုတော့ ကျိန်းသေပေါက် သွေးသားတော်စပ်မှု ရှိမှာပေါ့။
ဟိုင်န်ရီနှင့် မက်ကန်နာက ဝမ်းကွဲညီအစ်ကိုများ မဟုတ်ပါလား။
ကျွန်မ ယခုအချိန်အထိ မက်ကန်နာ၏ မိခင်ဘက်မှ မျိုးရိုးက ငှက်……မျိုးနွယ်စု ဖြစ်လိမ့်မည်ဟုသာ ယူဆခဲ့မိသည်။
တိုင်းပြည်တစ်ပြည်၏ တော်ဝင်မိသားစုက ငှက်……မျိုးနွယ်စု ဖြစ်နေလိမ့်မည်မဟုတ်ဟူသော အစွဲကြောင့်ပင်။
သို့သော်လည်း မမျှော်လင့်ဘဲ ယင်းက ဖခင်ဘက်မှ ဆင်းသက်လာသော သဘာဝတရား ဖြစ်နေခဲ့မည်ဆိုလျှင်။
ထိုသို့ဆိုလျှင် ဟိုင်န်ရီရော မက်ကန်နာပါ နှစ်ဦးစလုံး ငှက်လူသားများ ဖြစ်နေနိုင်ပေသည်။
ဟိုင်န်ရီ၏ အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့သော ထိုတုံ့ပြန်မှု၊ သွေးသားချင်း ဆက်နွှယ်နေသော သဘာဝတရား……
ဤအချက်အားလုံးက ဟိုင်န်ရီကိုယ်တိုင် ကွီးန်ဖြစ်နေသည်ဟူသော ယူဆချက်နှင့် ကွက်တိ ထပ်တူကျနေ၏။
“အရှင်မိဖုရား။”
ဒါတင်မကသေးဘူး၊ ကွီးန်ရော ဟိုင်န်ရီပါ နှစ်ယောက်စလုံး ခရမ်းရောင် မျက်လုံးတွေနဲ့ ရွှေရောင် အမွေးအတောင်၊ ရွှေရောင်ဆံပင်တွေ ပိုင်ဆိုင်ထားကြတာ မဟုတ်လား။
‘ဘုရားသခင်။’
တွေးရင်းတွေးရင်းနှင့်ပင် ကျောရိုးထဲအထိ စိမ့်တက်လာလောက်အောင် တုန်လှုပ်မိရတော့သည်။
ကျွန်မ လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်မိရင်း၊ လက်ဖျားတွင် ခံစားခဲ့ရဖူးသော ကွီးန်၏ နူးညံ့လှသည့် ခန္ဓာကိုယ်ကို ပြန်လည်အမှတ်ရမိသွား၏။
တကယ် ချစ်စရာကောင်းလှသော ငှက်ကလေးဖြစ်၍၊ ချစ်ဖို့ကောင်းသည်ဟု တွေးမိသည့် အကြိမ်တိုင်း တင်ပါးလေးအား ပုတ်မိခဲ့သည်ကို။
ဟင်၊ အဲ့ဒီလိုဆိုမှ ငါ တင်ပါးကိုပုတ်မိတိုင်း အဲ့ဒီငှက်လေးက တောင့်တောင့်ကြီး ငြိမ်ကျသွားသလိုပဲ။
ဧကန္တ ဘေးနားမှာ အတူတူ သိပ်ထားခဲ့တာတောင် အမြဲတမ်း အရင်နိုးပြီး ထွက်သွားတတ်တာကလည်း အဲ့ဒီအကြောင်းရင်းကြောင့်များလား။
ငါ ကွီးန်ကို ဘယ်နှကြိမ်လောက်များ နမ်းခဲ့မိပါလိမ့်။
“အရှင်မိဖုရား။”
လန့်လိုက်တာ။
ခေါင်းထဲသို့ ဝရုန်းသုန်းကား ဝင်ရောက်လာသော အတွေးများထဲ၌ နစ်မျောနေခဲ့မိရာမှ၊ ကျွန်မ လန့်ဖျပ်ကာ ခေါင်းမော့ကြည့်လိုက်မိ၏။
ရို့စ်က စားပွဲခုံပေါ်သို့ လက်နှစ်ဖက်ကို တင်ထားရင်း ကျွန်မကို စိုးရိမ်ပူပန်စွာဖြင့် စိုက်ကြည့်နေသည်။
သူ့မျက်နှာကလည်း ပုံမှန်ထက် ပို၍နီးကပ်စွာ ချဉ်းကပ်လာကာ။
“ဘာဖြစ်လို့လဲ။”
အလန့်တကြား မေးလိုက်တော့မှ၊ ရို့စ်က အသံကိုမြှင့်ကာ မေးမြန်းလာသည်။
“အဆင်ပြေပါရဲ့လား။ အခုပဲ ဘယ်နှကြိမ်တောင် ခေါ်လိုက်ရမှန်း မသိတော့ပါဘူး။”
“အာ။ အာအာ။ တောင်းပန်ပါရဲ့။ တွေးစရာတစ်ခုရှိနေလို့။”
“မျက်နှာထားက သိပ်မကောင်းသလိုပဲရှင့်။”
“ဘာမှမဖြစ်ဘူး။ ဟို…… တွေးစရာလေး ရှိနေလို့။”
ကျွန်မ မည်သည့်အကြောင်းအရာကို ထိုမျှအထိ တွေးနေသလဲဟု သိချင်စိတ်ပေါ်လာပုံရသော ရို့စ်က၊ ခေါင်းကို ငဲ့စောင်းလျက် အကဲခတ်နေရင်းမှ သတိထားကာ မေးမြန်းလာသည်။
“ဧကန္တ လေဒီ ခရစ္စတာကြောင့်များလားရှင့်။”
“ခရစ္စတာ။”
ခရစ္စတာက ဘယ်သူ… အာ။
“ဟင့်အင်း။ အဲ့ဒီလိုမျိုး မဟုတ်ဘူး။”
ကျွန်မ အလျင်အမြန်ပင် ‘မိဖုရား၏အပြုံး’ ကို ဖန်တီးပြုံးရင်း ခေါင်းခါပြလိုက်သည်။
မိမိ၏အတွေးထဲတွင်သာ နစ်မျောနေခဲ့မိသဖြင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်မိဘဲ ရှိနေခဲ့၏။
ရို့စ် ခရစ္စတာအကြောင်း စကားစလာပြီးမှသာ၊ ကျွန်မအနေဖြင့် လောလောဆယ်တွင် ခရစ္စတာထံမှ အာဏာကို လုံးဝ လွှဲပြောင်းယူနိုင်ခြင်း မရှိသေးသောအချက်ကို ပြန်လည်သတိရမိတော့သည်။
ကွီးန်က ဟိုင်န်ရီ ဟုတ်၊ မဟုတ်ဆိုသည်မှာလည်း အရေးကြီးသည့်တိုင်။
ဟုတ်တယ်။
လောလောဆယ်တော့….
‘ဟိုင်န်ရီက ထွက်ပြေးတဲ့နေရာမှာ တအားတော်တာက။ ဧကန္တ ငှက်မို့လို့များလား။’
……မဖြစ်တော့ဘူး။
ထိုင်နေမိလျှင် တွေးသမျှ အတွေးအားလုံး ထိုဘက်သို့သာ အလိုလို ရောက်ရှိသွားတော့သည်။
ကျွန်မ ကုလားထိုင်မှ ထရပ်ရင်း ရို့စ်ဘက်သို့လှည့်ကာ တောင်းပန်လိုက်မိ၏။
“တကယ် တောင်းပန်ပါတယ်။ ဒါပေမဲ့ လေဒီ ခရစ္စတာကြောင့် အခုလို ဖြစ်နေတာတော့ မဟုတ်ပါဘူး။”
“အဲ့ဒီလိုကိုး……”
ရို့စ်က ကျွန်မ၏ စကားကို ယုံကြည်ပုံမရသော်လည်း၊ ဗြုန်းစားကြီး မျက်နှာတစ်ခုလုံး နီမြန်းသွားကာ “အာ” ဟု ရေရွတ်ရင်း အကြည့်ကို အောက်သို့ နှိမ့်ချပြီး တီးတိုးဆိုလေ၏။
“ဒါ၊ ဒါပေါ့။ စဉ်းစားစရာကိစ္စတွေ အများကြီး ရှိတာပဲမဟုတ်လား။”
“....”
‘ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲ့ဒီလောက်အထိ ရှက်ကိုးရှက်ကန်း ဖြစ်သွားရတာပါလိမ့်။’
အံ့ဩဝေခွဲမရစွာ စိုက်ကြည့်နေမိစဉ်၊ ရို့စ်က ပျာပျာသလဲ မေးလာ၏။
“အာ၊ ဒီနေ့ရော ဘာလုပ်ရင်း ဖြတ်သန်းချင်လဲရှင့်။ နန်းတော်အတွင်းပိုင်းကိုတော့ အကုန်လုံး ကြည့်ရှုပြီးသွားပါပြီ။”
မြို့တော်အတွင်း၌ ‘နန်းဆောင်’ ဟု ခေါ်ဆိုနိုင်လောက်သည့် အခြားနေရာများ ရှိနေသေးသော်လည်း၊ လုံးဝကွဲပြားသော မြေနေရာဖြစ်သဖြင့် မြင်းရထားစီးပြီး သွားရမည်ဟု ကြားဖူး၏။
ယခုချက်ချင်း ထိုနေရာအထိ သွားရောက်ကြည့်ရှုရန် မလိုအပ်သဖြင့် ကျွန်မ ခေါင်းခါပြလိုက်သည်။
“နန်းတော် ကြည့်ရှုတာကတော့ ဒီလောက်ဆို ရပါပြီ…… အာ။ ဧကန္တ ကျွန်မအစ်ကို ဘယ်မှာ နေနေလဲဆိုတာ သိလား။”
ကျိန်းသေပေါက် အစ်ကိုက အနောက်ဘုရင့်တိုင်းပြည်ရဲ့နန်းတော်မှာ နေနေတယ်လို့ ကြားထားတာကို။
အံ့ဩစရာကောင်းလှစွာ ယခုအချိန်အထိ တစ်ကြိမ်မျှ ဆုံတွေ့ခြင်း မရှိသေးချေ။
ကျိန်းသေပေါက် အစ်ကိုက အရင်ဆုံး ပြေးလာလိမ့်မည်ဟု ထင်ခဲ့မိသော်လည်း……
တခြားတစ်နေရာရာကို သွားနေလို့များလား။
“ဆာ ခိုရှာရ်ကို ပြောတာလားရှင့်။”
ရို့စ်က ကျွန်မမေးခွန်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အစ်ကို့နာမည်ကို ချက်ချင်း ထုတ်ဖော်ပြောဆိုလာသည်။
“ဟုတ်ပါတယ်။”
ကျိန်းသေပေါက် အစ်ကို ဤနေရာတွင် နေထိုင်နေသည့်အချက်က မှန်သည့်ပုံပင်။
ခေါင်းညိတ်ပြလိုက်တော့၊ ရို့စ်က ခေတ္တစဉ်းစားသလို ခေါင်းကိုငဲ့လိုက်ရင်း ပြောလာ၏။
“သေတော့မသေချာပေမဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ဆောင်မှာ တည်းခိုနေတာ ဖြစ်ပါလိမ့်မယ်။”
“အဲ့ဒီဘက်ကို သွားကြည့်ကြတာပေါ့။”
နန်းတော်ကို လှည့်လည်ကြည့်ရှုစဉ်က ဧည့်သည်ဆောင် အနီးအနားသို့ ရောက်ရှိခဲ့သော်လည်း၊ အခန်းအတွင်းပိုင်းအထိ ဝင်ရောက်ကြည့်ရှုခြင်းမျိုး မလုပ်ခဲ့ချေ။
တစ်စုံတစ်ယောက်က လက်ရှိတွင် တည်းခိုဆောင်အဖြစ် အသုံးပြုနေသော နေရာဖြစ်၍ ကျွန်မ ဝင်ရောက်ကြည့်ရှုခြင်းက ရိုင်းပျရာကျလိမ့်မည်ဟု ယူဆခဲ့မိသောကြောင့်ပင်။
သို့သော်လည်း ဤသို့ဖြစ်မည်မှန်းသိခဲ့လျှင် ထိုနေရာတွင် အစ်ကို့ကို အရင်ဆုံး ရှာဖွေကြည့်ခဲ့မိပါက ကောင်းပေလိမ့်မည်။
အနည်းငယ် နောင်တရမိသည့်တိုင် ယခုပဲဖြစ်ဖြစ် သွားရောက်ရှာဖွေလျှင်လည်း ရမည်မဟုတ်ပါလား။
“ဟုတ်ကဲ့။”
ရို့စ်က အရှေ့မှ ဦးဆောင်လျက် ဧည့်သည်တော်ဆောင်ရှိရာဘက်သို့ လျှောက်လှမ်းသွားကာ၊ ကျွန်မလည်း နန်းတော်အတွင်းပိုင်းကို တစ်ဖန် ပြန်လည်အကဲခတ်ရင်း သူ့နောက်မှ လိုက်ပါသွားခဲ့သည်။
ဧည့်သည်တော်ဆောင်အရှေ့ စင်္ကြံလမ်းတွင် သက်ဆိုင်ရာ အမှုထမ်းတစ်ဦး ရပ်နေသဖြင့်၊ အစ်ကို့နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် တည်နေရာကို ချက်ချင်းပင် လမ်းညွှန်ပြသပေးခဲ့၏။
“ဆာ ခိုရှာရ်ဆိုရင်တော့ ဟိုအရှေ့ကနေ ရေတွက်ရင် တတိယမြောက်အခန်းမှာ တည်းခိုနေပါတယ်။”
“ကျေးဇူးပဲ။”
ကျွန်မ ထိုအမှုထမ်းကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်၊ အစ်ကိုနေသော အခန်းတံခါးအရှေ့သို့ ချဉ်းကပ်သွားကာ တံခါးကို ခေါက်လိုက်မိသည်။
အနောက်ဘုရင့်တိုင်းပြည်တွင် အစ်ကိုနှင့် ပြန်လည်ဆုံတွေ့ရမည်ဟု တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် အလကားနေရင်း ရင်ခုန်စိတ်လှုပ်ရှားလာမိ၏။
‘မိဘတွေက အရှေ့အင်ပါယာမှာ နေခဲ့ဖို့ ရွေးချယ်ခဲ့ကြပေမဲ့၊ အဲ့ဒီလိုဆိုရင်တောင် အစ်ကိုဖြစ်ဖြစ် အတူတူရှိနေပေးလို့ တကယ်တော်သေးတာပေါ့။’
“……”
သို့သော်လည်း မည်မျှပင် စောင့်ဆိုင်းနေပါစေ အတွင်းပိုင်းမှ မည်သည့်အသံမျှ ပြန်လည်ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
‘အပြင်ထွက်သွားတာများလား။’
ဟုတ်ပါရဲ့။
အစ်ကိုက နဂိုကတည်းက ဟိုနေရာဒီနေရာ လျှောက်သွားရတာကို ဝါသနာပါတဲ့သူ မဟုတ်လား။
အချို့သောရက်များတွင် အပြင်၌ပင် အိပ်စက်ရင်း၊ နန်းတော်ထဲတွင် လုံးဝ ရှိမနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျိန်းသေပေါက် ယနေ့ မဖြစ်မနေ တွေ့ရမည်ဟူ၍ မဟုတ်သဖြင့်၊ ကျွန်မ နောက်မှ တစ်ခါပြန်လည်လာခဲ့တော့မည်ဟု ဆုံးဖြတ်ကာ လှည့်ထွက်ရင်း ပြောလိုက်မိ၏။
“စာကြည့်တိုက်ဘက်ကိုသွားတာ ပိုကောင်းမယ်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည့် အချိန်တွင်။
တဒုန်းဒုန်းအသံမြည်လောက်သည်အထိ ပြင်းထန်လှသော ခြေသံကြီးများကို ကြားလိုက်ရပြီးနောက်၊ ခန္ဓာကိုယ်အချိုးအစား အဆမတန် ကြီးမားထည်ဝါလှသော ကိုယ်ရံတော် စစ်သည်တစ်ဦး ပေါ်ထွက်လာ၏။
ဤဘက် စင်္ကြံလမ်းသို့ ကွေ့ဝင်ရန် ပြင်လိုက်သော စစ်သည်တော်က၊ မှူးမတ်အနွယ်တော် အမျိုးသမီးများနှင့် ဆုံတွေ့ရသည်ကို အနေခက်၍လားမသိ ကျွန်မတို့ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဘေးသို့ အလျင်အမြန်ပင် ကပ်၍ ဖယ်ပေးခဲ့သည်။
သို့သော် တကယ်တမ်း ကျွန်မနှင့် ရို့စ် သူ့အပါးမှ ဖြတ်လျှောက်သွားရန် ပြင်လိုက်သည့်အချိန်တွင်မူ၊ မျက်လုံးအဝိုင်းသား ဖြစ်သွားကာ အော်ဟစ်လေတော့၏။
“ဆာ ခိုရှာရ်။”
ထို့နောက် ကျွန်မရှိရာဘက်သို့ လက်ညှိုးထိုးခဲ့သည်။
ကျွန်မကို အစ်ကိုဟု အထင်မှားကာ လက်ညှိုးထိုးခဲ့ခြင်းလား၊ သို့မဟုတ် ကျွန်မက အစ်ကိုနှင့် တူလွန်းလှသည်ကို မြင်ပြီး အံ့ဩတုန်လှုပ်သွား၍လားတော့ မသိချေ။
သို့သော်လည်း အစ်ကိုနှင့် ခင်မင်ရင်းနှီးမှုရှိထားသောလူဖြစ်မည်က ကျိန်းသေလှပေသည်။
ခေတ္တ ထိုအခြေအနေအတိုင်း ရပ်နေခဲ့သော ထိုလူက၊ ရို့စ် “ရိုင်းလှချည်လား” ဟု စူးရှစွာ အော်ဟစ်လိုက်တော့မှသာ “အရှင်မိဖုရား နာဗီရယ်လား” ဟု မေးမြန်းပြီး ဒူးထောက်ကာ တောင်းပန်စကားဆိုလာ၏။
“စိုးရွံ့မိပါတယ်၊ အရှင်မိဖုရား။ ဆာ ခိုရှာရ်နဲ့ လုံးဝ ချွတ်စွပ်တူလွန်းလို့ စိတ်လွတ်သွားမိတာပါ……”
ကိစ္စမရှိဘူးဟု ပြောလိုက်တော့မှ၊ စစ်သည်တော်က ဒူးထောက်ထားရာမှ ပြန်ထရင်း သူ့ကိုယ်သူ မိတ်ဆက်လာသည်။
“ကျွန်တော်က အေဖရင်ပါ၊ အရှင်မိဖုရား။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ထဲမှာ မပါဝင်ပေမဲ့၊ အရှင်မင်းကြီး ဟိုင်န်ရီဆီကနေ တိုက်ရိုက် စစ်သည်တော်အဖြစ် အပ်နှင်းခြင်းကို ခံယူခဲ့ရတဲ့သူပါ။”
ကျွန်မ ခေါင်းညိတ်ပြပြီးနောက် သူ့ကို အလျင်အမြန်ပင် မေးလိုက်မိသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဆာ အေဖရင်။ ဒါနဲ့ ကျွန်မအစ်ကိုကို ရှာနေတဲ့ ပုံစံပါလား……”
စိုးရိမ်ပူပန်စိတ် ဝင်လာသောကြောင့်ပင်။
ဟိုင်န်ရီ၏ စစ်သည်တော်က အစ်ကို့ကို လိုက်ရှာလောက်စရာ အကြောင်းရင်းကို လုံးဝ တွေးခြင်းမရှိခဲ့ပေ။
ဆိုဗီရ်ရှု၏ စစ်သည်တော်များ အစ်ကို့ကို လိုက်လံရှာဖွေသည့် နောက်ပိုင်းတွင် အမြဲတမ်း မကောင်းသော အမှုကိစ္စများသာ ဖြစ်ပွားလေ့ရှိခဲ့ဖူးသည်။
ဟိုင်န်ရီက ဆိုဗီရ်ရှုနှင့်မတူမှန်း သိသော်လည်း၊ အစ်ကိုကမူ အမြဲတမ်း အစ်ကိုပီသစွာ နေခဲ့သည်မဟုတ်ပါလား။
အနောက်ဘုရင့်တိုင်းပြည်၏ နန်းတော်ထဲတွင်လည်း ကျွန်မနောက်ကွယ်၌ အတင်းအဖျင်း ပြောဆိုနေကြသော လူများစွာ ရှိနေသဖြင့်၊ ထိုအကြောင်းရင်းကြောင့် ရန်ပွဲများ ဖြစ်ခဲ့ရခြင်းများလားဟု စိုးရိမ်မိခြင်းပင်။
သို့သော်လည်း အေဖရင်၏ ပြန်လည်ဖြေကြားချက်ကမူ မျှော်လင့်ထားသည်နှင့် လုံးဝ လွဲချော်နေ၏။
“အာ၊ ဟုတ်ကဲ့။ ကျွန်တော့်ကို ခဏခဏ ရှောင်ကွင်းပြီး သွားလာနေလို့ပါ။”
“...”
“ဆာ ခိုရှာရ်နဲ့က အနောက်ဘုရင့်တိုင်းပြည်ကို အတူတူလာခဲ့တုန်းက လမ်းညွှန်ပေးခဲ့တဲ့ သံယောဇဉ်လည်း ရှိနေတာဆိုတော့ ခင်ခင်မင်မင် နေချင်တာပါဗျ။ ဒါပေမဲ့ ကျွန်တော့်ကိုတွေ့ရင် အမြဲတမ်း ရှောင်ကွင်းသွားတတ်လို့ပါ။”
ခင်ခင်မင်မင် နေချင်လွန်းလို့ အစ်ကို့ကို လိုက်ရှာနေတာတဲ့လား။
ဟိုင်န်ရီရဲ့ စစ်သည်တော်ကလေ။
ဒါပေမဲ့ အစ်ကိုက အဲ့ဒီလိုစစ်သည်တော်ကို ရှောင်ကွင်းပြီး သွားလာနေတယ်ပေါ့လေ။
ရန်ဖြစ်ထားလို့ လိုက်ရှာနေတာ မဟုတ်တဲ့အတွက် တော်သေးပေမဲ့……
ယခုတစ်ကြိမ်တွင်မူ အခြားသော အဓိပ္ပာယ်မျိုးဖြင့် မျက်မှောင်ကြုတ်မိရပြန်သည်။
အစ်ကိုက အင်အားကြီးသူအချင်းချင်း ပေါင်းဖက်လျက် တစ်နေ့လုံး ဓားအကြောင်း၊ မြင်းအကြောင်း၊ စစ်ပွဲအကြောင်းနှင့် စစ်ဗျူဟာအကြောင်းများကိုသာ ပြောဆိုရသည်ကို ဝါသနာပါသူ ဖြစ်ပါလျက်၊ ထိုမျှအထိ ကြံ့ခိုင်လှသော စစ်သည်တော်ကို ရှောင်ကွင်းသွားရသတဲ့လား။
ကျွန်မ မတင်မကျ မျက်နှာထားဖြင့် စိုက်ကြည့်နေမိရာ၊ စစ်သည်တော်က ကျွန်မကို မေးခွန်းထုတ်သလို အကြည့်မျိုးဖြင့် ကြည့်ရင်း မေးမြန်းလာတော့သည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၃၈ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။