အပိုင်း ၄၃ (ထိုးဖောက်မရသည့် အကာအကွယ်တံတိုင်း)
သေသွားပြီးသား ကလေးကို ခေါ်လာမည်ဟု ပြောနေသည့် ဗိုင်းကောင့် လိုတဲရှု၏ပုံစံက အင်မတန် ယုံကြည်မှုအပြည့်ရှိနေသည်။
အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိဘူး၊ သေသွားတာ ကျိန်းသေတယ်ဟု တွေးနေမိသော်လည်း ရက်ရှ်တာ၏ စိတ်အစုံက လှုပ်ခတ်သွားရ၏။
ထိုသို့ ပြောင်ပြောင်တင်းတင်းနှင့် ရဲရဲဝံ့ဝံ့ ရှိလှသော ဗိုင်းကောင့်၏ မျက်နှာထားကြောင့် စိုးရိမ်မိလာသည်။
“ပြီးတော့ ရက်ရှ်တာ၊ ဒါကို သေချာစဉ်းစားကြည့်စမ်းပါဦး။ နင့်ကို ကျွန်ပြေးလို့ ပြောခဲ့တဲ့ ငါက ဒီအတိုင်း ထွက်ပြေးသလို ပျောက်သွားမယ်ဆိုရင် လူတွေက ဘာပြောကြမလဲ။ အရှင်ဧကရာဇ်က နင့်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့ ငါ့ကို မောင်းထုတ်လိုက်တယ်လို့ ထင်သွားကြမယ်မဟုတ်ဘူးလား။”
လူကို နှိမ်သလိုပြောတတ်သည့် ဗိုင်းကောင့် လိုတဲရှု၏ လေသံက ရုတ်တရက် အချိုသာဆုံးအနေအထားသို့ ပြောင်းလဲသွားသည်။
ရက်ရှ်တာ တံတွေးမျိုချလိုက်မိ၏။
“ပြီးတော့ နန်းတော်ထဲမှာ နေဖို့ဆိုရင် နောက်ကြောင်းရှင်းရုံနဲ့တင် မပြီးသေးဘူး။ လူမသိသူမသိ လုပ်ရမဲ့ကိစ္စတွေလည်း ရှိလာဦးမှာ။ အဲ့ဒီလိုအခါမျိုးကျရင် နင့်ရဲ့ လျှို့ဝှက်ချက်အကြောင်း မသိတဲ့သူတွေကို ဘယ်လိုများ ယုံကြည်ပြီးပုံအပ်မလဲ။”
“အဲ့ဒါက ဘာစကားလဲ။”
“မိုက်မဲလိုက်တာ။ ငါ့ကို ရန်သူလိုချည်း မမြင်ဘဲ တခြားတစ်ဖက်ကနေ စဉ်းစားကြည့်စမ်းပါဦး။ ငါက နင်နဲ့ပတ်သက်သမျှ အကုန်သိနေတယ်လေ။ တစ်နည်းအားဖြင့် ငါက နင့်ရဲ့ ခြေလက်တွေ၊ မျက်စိတွေ၊ နားတွေအဖြစ် ပြီးပြည့်စုံအောင် လုပ်ပေးနိုင်တယ်လို့ ပြောနေတာ။”
“ရှင့်လို လူယုံမျိုးတော့ မလိုချင်ပါဘူး။”
ဗိုင်းကောင့် လိုတဲရှုက စုတ်သပ်ခဲ့သည်။
“နင့်ဘာသာ ဘယ်လောက်ပဲ လှလှပပလေး ပြင်ဆင်ပြီး ဟန်ဆောင်နေပါစေ ရုတ်တရက်ကြီး မှူးမတ်ကတော်တစ်ယောက် ဖြစ်သွားတာတော့မဟုတ်ဘူးလေ ရက်ရှ်တာရဲ့။ အချိန်တော်တော်ကြာကြာ ဖြတ်သန်းပြီးတဲ့နောက်မှပဲ အတိတ်ကို လုံးလုံးလျားလျား မေ့ဖျောက်ပြီးတော့ မှူးမတ်အနွယ်တော်တွေနဲ့ ထွေးရောယှက်တင် နေနိုင်မှာပေါ့။ ဒါပေမဲ့ အဲ့ဒီအချိန်ရောက်တဲ့အထိ နင်က အရှင်ဧကရာဇ်ရဲ့ ချစ်သူအဖြစ် ဆက်ရှိနေပါ့ဦးမလား။”
ရက်ရှ်တာ၏ အကြည့်များ တုန်လှုပ်သွားသည်။
“အရှင်မင်းကြီးက ရက်ရှ်တာတစ်ယောက်တည်းကိုပဲ ချစ်မှာလို့ ပြောခဲ့တာ။”
“အဲ့ဒီလို ဖြစ်နိုင်သလို၊ မဖြစ်နိုင်တာလည်း ရှိတာပဲ။ ဒီမှာ... ငါ့ပါးစပ်နဲ့ ဒီလိုပြောဖို့ မကောင်းပေမဲ့ ငါ့သားကိုကြည့်ရင် သိနိုင်တာပဲမဟုတ်ဘူးလား။”
ရက်ရှ်တာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။
ထိုစကားမှာ အမှန်ပင်။
အချစ်စကားများကို တဖွဖွဆိုခဲ့ပြီး ကတိသစ္စာများ ပြုခဲ့သော ဗိုင်းကောင့်၏ သားဖြစ်သူက ရက်ရှ်တာ မီးဖွားရန် နီးကပ်လာသည်နှင့်အမျှ ပြောင်းလဲလာခဲ့သည်။
ဗိုင်းကောင့် လိုတဲရှု၏ ကန့်ကွက်မှုများက ပြင်းထန်ပြီး အလျှော့မပေးသဖြင့် သူလည်း တဖြည်းဖြည်း စိတ်ပျက်လက်လျှော့ခဲ့ပုံပင်။
ကလေးသေဆုံးပြီးနောက် ရက်ရှ်တာက အတူတူ ထွက်ပြေးကြရန်ပြောတော့ နောက်ဆုံးတွင် ဗိုင်းကောင့်၏သားက ရက်ရှ်တာကို ပြောခဲ့၏။
ရက်ရှ်တာကို ချစ်သော်လည်း ရက်ရှ်တာ့အတွက်နှင့် သူ၏ ဘဝကိုတော့ မပြောင်းလဲနိုင်ဟူ၍။
‘မင်းကို ရွှံ့နွံထဲမှာ နစ်နေတယ်လို့ ထင်ခဲ့မိတာ။ မင်းကို ကယ်ထုတ်ပေးချင်ခဲ့ပေမဲ့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး။ မင်းကိုယ်တိုင်က ရွှံ့နွံဖြစ်နေတာမို့လို့။ ငါ့အနေနဲ့ မင်းကို ဆယ်ယူပေးလို့မရနိုင်ဘူး။ ငါတင်မကဘူး၊ ငါတို့ကြားမှာ မွေးလာမဲ့ ကလေးတွေအထိ မင်းနောက်ကို ပါသွားပြီး ရွှံ့နွံထဲမှာ နစ်မွန်းသွားကြလိမ့်မယ်။’
ထိုသို့သော ဝမ်းနည်းစရာနေ့၌ ရက်ရှ်တာ ဆုံးရှုံးခဲ့ရသည်မှာ ကလေးတစ်ယောက်တည်း မဟုတ်ခဲ့ပေ။
ရက်ရှ်တာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
လက်သည်း နစ်ဝင်သွားသောနေရာမှ သွေးစများ စိမ့်ထွက်လာ၏။
ဗိုင်းကောင့် လိုတဲရှုက ထိုမျှနှင့် ရပ်မနေဘဲ လျှာစောင်းထက်လှစွာဖြင့် ရက်ရှ်တာ၏ ဒဏ်ရာများကို အားရပါးရ ထိုးဆွခဲ့ပြန်သည်။
“နင်က အရှင်ဧကရာဇ်ရဲ့အချစ်ကို ရလေလေ၊ အဲ့ဒါက တခြားသူတွေအတွက် စံနမူနာကောင်း ဖြစ်လာလေလေပဲ။ ရုပ်ရည်လေးလှပေမဲ့ သနားစရာကောင်းတဲ့ အခြေအနေမျိုးမှာရှိနေတဲ့ မိန်းမလှလေးတွေက နင့်ကိုကြည့်ပြီး မျှော်လင့်ချက် ထားကြတော့မှာ။ ရွှံ့နွံကနေ လွတ်မြောက်ဖို့အတွက် အရှင်ဧကရာဇ်ကို ဖမ်းစားချင်လာကြလိမ့်မယ်။”
“အဲ့ဒါက…………”
“ဒါတင်ပဲလား။ လောဘကြီးတဲ့ မှူးမတ်တွေ၊ တိုင်းတစ်ပါးက ကုန်သည်ကြီးတွေ၊ နိုင်ငံရေးအရ ပူးပေါင်းချင်တဲ့သူတွေကလည်း ဧကရာဇ်က ချစ်သူထားနိုင်မှန်း သိသွားကြပြီဆိုတော့ အစွမ်းအစ အမျိုးမျိုးရှိတဲ့ မိန်းမလှလေးတွေကို ဧကရာဇ်ဆီပို့ဖို့ ကြိုးစားကြမှာပဲပေါ့။ အဲ့ဒီထဲမှာ အဆင့်အတန်းရော၊ ပညာအရည်အချင်းပါ ပြည့်စုံတဲ့သူတွေလည်း ပါနိုင်တာပဲ။”
“...”
“နင်က ဧကရီ မဟုတ်ဘူး ရက်ရှ်တာ။ ဧကရာဇ်ရဲ့ အချစ်ကို ဆုံးရှုံးလိုက်တာနဲ့ ကျွန်ဘဝဆီ ပြန်ရောက်သွားမှာ။”
“အဲ့ဒီလိုဆိုရင်..... အဲ့ဒီလိုဆိုရင် ရှင် ကျွန်မကို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ဘာမှမထူးဘူး မဟုတ်လား။”
“ဘယ်ဟုတ်ပါ့မလဲ။ ချစ်သူဖြစ်လာတာနဲ့ အချစ်ကို ထိန်းသိမ်းထားနိုင်တာက နင့်ရဲ့ အရည်အချင်းဆိုပေမဲ့ နင့်ပတ်ဝန်းကျင်ကို တခြားချစ်သူတွေ ရောက်မလာအောင် ရောက်လာရင်တောင် ကြာကြာမခံအောင် ဖယ်ရှားပေးဖို့က ငါ လုပ်ပေးနိုင်တဲ့ ကိစ္စပဲ။”
“ဘယ်လိုနည်းနဲ့လဲ။”
“အရင်ဆုံး နင်က ငါ့ကို အထက်ကို ဆွဲတင်ပေးရမယ် ရက်ရှ်တာ။”
ဗိုင်းကောင့် လိုတဲရှုက ခါးကို အနည်းငယ်ကိုင်းကာ တီးတိုးလေသံဖြင့် ပြောလာသည်။
“ငါနဲ့ ငါ့ရဲ့အိမ်တော် ဗဟိုအချက်အချာ လူမှုရေးအသိုင်းအဝိုင်းထဲကို ရောက်လာနိုင်ဖို့ နင်က ကူညီပေးမယ်ဆိုရင် ငါက နင့်ရဲ့ မိဘအရင်းလို နေပေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် နင့်သားက ငါ့မြေးပဲကို ငါ ကောင်းစားတာက နင့်သားအတွက်လည်း ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား။"
ဗိုင်းကောင့် လိုတဲရှု၏စကားက ဟုတ်နိုးနိုး ထင်ရသော်လည်း ပြောနေသူက လိုတဲရှု ဖြစ်နေသဖြင့် မယုံကြည်နိုင်ပေ။
နိမ့်ပါးသော ကျွန်ကို ချွေးမအဖြစ် လက်မခံနိုင်ဘူးဟု ပြောခဲ့သူက မိဘအရာတွင် နေပေးမည်တဲ့လား။
ခွေးတောင် ရယ်သွားလောက်စရာ ကိစ္စပင်။
ဤသည်က ကပ်တွယ်နေရန် ဆင်ခြေပေးနေခြင်းသာ။
ကူညီပေးမည်ဟူသော ခေါင်းစဉ်အောက်၌ ဘေးမှကပ်တွယ်ကာ အကျိုးအမြတ်များကို ကုပ်သွေးစုပ်ရန် ကြံစည်နေသည်မှာ အသေအချာပင်။
ရက်ရှ်တာ၏ မျက်နှာထားက ကြည်လင်လာခြင်းမရှိသဖြင့် ဗိုင်းကောင့် လိုတဲရှုက တခိခိ ရယ်ရင်း ပြောခဲ့သည်။
“ငါ့စကားကို မယုံတဲ့ပုံပဲ။ ဒါပေမဲ့ ကြည့်လိုက်ရင် နင်လည်း ချက်ချင်း သိသွားမှာ။ နင့်သားက ပုံတူရိုက်ထားသလို နင်နဲ့ ချွတ်စွပ်တူတာလေ။”
ရက်ရှ်တာ ဘာမှပြန်မပြောနိုင်ဘဲ လုံးဝ ပျက်စီးသွားသည့်အလား မလှုပ်မယှက် ရပ်နေမိသည်။
ဗိုင်းကောင့် လိုတဲရှုက သူ့အား စိုက်ကြည့်နေရာမှ ကျေနပ်စွာပြုံးပြီး ထရပ်လိုက်၏။
“သေချာ စဉ်းစားကြည့်ဦး။ ငါကတော့ အရှင်ဧကရာဇ် အမိန့်ပေးထားတဲ့အတိုင်း လူမျက်နှာကိုတောင် မမှတ်မိတဲ့ ငရူးငအလို ဟန်ဆောင်နေပေးဦးမှာမို့လို့။”
~~~~
နှစ်သစ်ကူးပွဲတော် ပြီးဆုံးသွားသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး ဧည့်သည်တော် အများစုလည်း အိမ်ပြန်သွားကြပေပြီ။
သို့သော် အားလုံး ပြန်သွားကြသည်တော့ မဟုတ်ဘဲ အချို့သော ဧည့်သည်တော်များကမူ ဆက်လက် တည်းခိုရန် တောင်းဆိုခဲ့ကြသည်။
တော်ဝင်မင်းသား ဟိုင်န်ရီကလည်း ဆက်နေရန် ဆန္ဒရှိသူများထဲတွင် ပါဝင်၏။
ကျွန်မက ဧည့်သည်တော်များ၏ အတွင်းရေးမှူးများ၊ အစေခံများနှင့် စစ်သည်တော်များထံမှ ရရှိထားသော ခန့်မှန်းခြေ ပြန်မည့်ရက်များကို စစ်ဆေးပြီး မှတ်တမ်းတင်နေစဉ် တော်ဝင်မင်းသား ဟိုင်န်ရီ၏ ပြန်မည့်ရက်မှာ ‘မသေချာ’ ဟု ပြထားသည်ကို တွေ့လိုက်ရသဖြင့် အမှတ်တမဲ့ ရယ်မိသွားသည်။
‘ကွီးန်’ က အစာအစိမ်း မစားပါဘူးဟု အတင်းငြင်းဆိုသွားသည့် ပုံရိပ်ကို ပြန်မြင်ယောင်မိသွား၏။
နောက်ပိုင်းတွင် ဇီဝဗေဒပညာရှင်တစ်ဦးထံ သွားရောက်ကာ အစာအစိမ်း မစားသော ငှက်ရှိပါသလားဟု မေးမြန်းခဲ့စဉ် ပညာရှင် ပြောခဲ့သည့် စကားကိုလည်း သတိရလိုက်မိသည်။
“အစာအစိမ်း မစားတဲ့ ငှက် ရှိတယ်တဲ့လား။ ငှက်က အသားတွေကို ချက်ပြုတ်ပြီးကျွေးမှ စားတယ်လို့ ပြောနေတာလားဗျ။ အဲ့ဒီလို ငှက်မျိုးသာ တကယ်ရှိမယ်ဆိုရင် ဒါက သိပ္ပံလောကတစ်ခုလုံးကို ကိုင်လှုပ်သွားမဲ့ ကိစ္စပါပဲ၊ ဧကရီ အရှင်မ။”
တော်ဝင်မင်းသား ဟိုင်န်ရီကိုယ်တိုင် ‘ကွီးန်’ ကို အစာကျွေးခြင်းတော့ မဟုတ်လောက်ပေ။
‘ဒါပေမဲ့ ကွီးန်က ပိုးကောင်တွေကို သဘောမကျတဲ့ပုံပဲ။'
ဧကန္တ ကွီးန်ကို အစာကျွေးတဲ့သူက ပိုးကောင်တွေကို တုံးပြီးမှ ကျွေးတာများလား။
ထိုသို့ဆိုလျှင် ‘ကွီးန်’ က ပိုးကောင်အရှင်ကိုမြင်ပြီး လန့်သွားသည်မှာ သဘာဝကျပေသည်။
နောက်တစ်ခါ ကျွန်မလည်း ထိုအတိုင်း ကျွေးရပေမည်။
အလုပ်ပြီး၍ ပြန်လာသည့်လမ်းတွင် တော်ဝင်မင်းသား ဟိုင်န်ရီနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသဖြင့် အတူလမ်းလျှောက်ရင်း ထိုအကြောင်းကို သူ့အား ပြောပြလိုက်မိသည်။
ကျွန်မက ‘ကွီးန်’ ကို ထူးဆန်းသော အစာများ ကျွေးရန် ကြိုးစားခဲ့သည်ဟု တော်ဝင်မင်းသား ဟိုင်န်ရီ အထင်လွဲသွားမည်စိုးသဖြင့် အမှန်အတိုင်း ပြန်ပြောပြချင်သောကြောင့်ပင်။
“အာ……”
သို့သော် ကျွန်မ၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင် တော်ဝင်မင်းသား ဟိုင်န်ရီက ထူးဆန်းသောအသံဖြင့် ညည်းတွားခဲ့သည်။
“တော်ဝင်မင်းသား။ အဆင်ပြေရဲ့လားရှင့်။”
“ကျေးဇူးပြုပြီးတော့...... ဒီအတိုင်း ရေလေးပဲ တိုက်လို့ မရဘူးလားဗျ။”
“ဇီဝဗေဒပညာရှင်က....”
“အရှေ့အင်ပါယာက ငှက်တွေနဲ့ အနောက်ဘုရင့်တိုင်းပြည်က ငှက်တွေက စရိုက်မတူပါဘူး။ အနောက်ဘုရင့်တိုင်းပြည်က ငှက်တွေကတော့ အစာကို ချက်ပြီးမှ စားကြတာပါ။”
ထိုစကားကို ကျွန်မက ယုံကြည်လိမ့်မည်ဟု ထင်နေခြင်းလား။
ကျွန်မ မယုံကြည်သလို စိုက်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက အသနားခံသည့် လေသံလေးဖြင့် ပြောလာသည်။
“ဒီအတိုင်း ခေါင်းလေးပဲ ပွတ်ပေးရင် ရပါပြီ။ အဲ့ဒီလောက်နဲ့တင် လုံလောက်ပါတယ်။”
ဧကန္တ တော်ဝင်မင်းသား ဟိုင်န်ရီက အခြားသူများ ‘ကွီးန်အား အစာကျွေးသည်ကို မကြိုက်ခြင်းလား။
အရှင်သခင်ကျွေးသည့် အစာမှတစ်ပါး အခြားအစာကို မစားရန် လေ့ကျင့်ပေးထားသော ခွေးများရှိသည်ဟု ကြားဖူးသည်။
ငှက်သည်လည်း ထိုသို့ဖြစ်နိုင်သည်ပင်။
အကယ်၍ ထိုသို့သာဆိုလျှင် ကျွန်မက ရိုင်းရာကျသွားမည်စိုးသဖြင့် ပြုံးလျက်သာ ခေါင်းညိတ်ပြလိုက်၏။
တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာကတော့ ထိုမျှနှင့် ပြေလျော့မသွားသော်လည်း။
“တောင်းပန်ပါတယ်ဗျ။”
“ကိစ္စမရှိပါဘူး။ ကွီးန် အစာစားတဲ့ ပုံစံကလည်း ချစ်စရာကောင်းမှာဆိုပေမဲ့ သူ့ရဲ့ နဂိုပုံစံအတိုင်းလေးကလည်း ချစ်စရာကောင်းတာပဲလေ။”
“အဲ့ဒါကြောင့် မဟုတ်ပေမဲ့...... ဘာပဲဖြစ်ဖြစ် တောင်းပန်ပါတယ်။”
သက်ပြင်းတစ်ချက်ချလိုက်သော တော်ဝင်မင်းသား ဟိုင်န်ရီက သူ၏ ရွှေရောင်ဆံနွယ်များကို အနောက်သို့ သပ်တင်းရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
“ဒီအတိုင်းပါပဲ။ ကန့်သတ်ချက်တွေက အများကြီးရှိနေလို့ပါ။”
“...”
“ဒါထက်။ မကြာခင် ကွီးန်ရဲ့မွေးနေ့ မဟုတ်လားဗျ။”
“ကွီးန်မှာ မွေးနေ့ရှိတာလားဟင်။”
တစ်ယောက်တည်း ထရယ်ခဲ့သော တော်ဝင်မင်းသား ဟိုင်န်ရီက ဗိုက်ကိုနှိပ်ပြီး ရယ်နေရာမှ စကားကို ပြန်ပြင်ပြောခဲ့သည်။
“ဧကရီ အရှင်မရဲ့ မွေးနေ့ကို ပြောတာပါ။”
“သိနေတာလားရှင့်။”
ကျွန်မက အိုးတိုးအမ်းတမ်းပြုံးရင်း မေးလိုက်သည်။
ပုံမှန်အားဖြင့် ဧကရာဇ်နှင့် ဧကရီ၏ မွေးနေ့များကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိသော်လည်း ကျွန်မ၏ အဖြစ်တွင်မူ နှစ်သစ်ကူးပွဲတော်နှင့် ရက်က အလွန်နီးကပ်နေလေ၏။
ခမ်းနားသော ပွဲတော်များကို ဆက်တိုက် ကျင်းပခြင်းက ပြည်သူများအမြင်တွင် ဖြုန်းတီးသည့်ပုံပေါ်စေကာ လူထု၏အမြင်ကို ဆိုးဝါးစေနိုင်သလို မှူးမတ်များအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်သာ။
ထို့ကြောင့် အိမ်ရှေ့စံကြင်ရာတော် ဘဝကတည်းက ကျွန်မ၏ မွေးနေ့ကို မိသားစု၊ ရင်းနှီးသူများနှင့်သာ စုဝေးပြီး စားသောက်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့၏။
တိုင်းတစ်ပါးမှ ဧည့်သည်တော်များ လာရောက်ခြင်းလည်းမရှိသဖြင့် တော်ဝင်မင်းသား ဟိုင်န်ရီလည်း သိနိုင်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း။
ကျွန်မ အိုးတိုးအမ်းတမ်း ပြုံးလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ရယ်နေသည်ကို ရပ်လိုက်ကာ ပြုံးလျက်ပြောလာသည်။
“ရက်ကိုတော့သိပေမဲ့ ဘာလိုချင်မှန်းတော့ မသိသေးဘူး ဖြစ်နေတယ်လေ။”
“လက်ဆောင်ပေးမလို့လားရှင့်။”
“ကျွန်တော်က ဧကရီအရှင်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းမို့လို့ပါ။ အဲ့ဒီနေ့မှာ မွေးနေ့ကို အတူတူ ဖြတ်သန်းချင်လို့ နေခဲ့တာကို။ မသိဘူးလားဗျ။”
“...”
ထိုစဉ်မှာပင်။
တစ်နေရာမှ တရှပ်ရှပ်အသံတစ်ခု ထွက်ပေါ်လာသည်။
ကျွန်မ ပြန်မဖြေဘဲ အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်၏။
ပေါ်လာသူမှာ ဆိုဗီရ်ရှုပင်။
တစ်ယောက်တည်း လမ်းလျှောက်နေခြင်းဖြစ်ဟန်တူကာ ထူးထူးခြားခြား အခြွေအရံများပင် ပါမလာဘဲ ကိုယ်ရံတော်တပ်မှူး တစ်ဦးတည်းကိုသာ ခေါ်ဆောင်လာ၏။
ဆိုဗီရ်ရှု၏ အကြည့်များက ကျွန်မနှင့် တော်ဝင်မင်းသား ဟိုင်န်ရီကို တစ်လှည့်စီ အကဲခတ်ခဲ့သည်။
“……ဧကရီ။”
သူက လေးလံသော အသံဖြင့် ကျွန်မကို တစ်ချက် ခေါ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားလေ၏။
~~~~
Miel's Translations