no

Font
Theme

အပိုင်း ၁၂၈ (ရက်ရှ်တာ၏ အပူအပင်)

ဟိုင်န်ရီက ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းအမ်းဖြစ်ကာ ကျွန်မကို စိုက်ကြည့်လာ၏။

ယခုလေးတင် မိမိဘာကြားလိုက်ရမှန်း နားမလည်နိုင်သည့် မျက်နှာထားမျိုးပင်။

ကျွန်မ အတတ်နိုင်ဆုံး တည်ငြိမ်နေသည့်ပုံစံဖြစ်စေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

ဒုတိယအကြိမ် ထပ်ပြောရန် ကျွန်မအတွက်လည်း အလွန်ပင်ပန်းခက်ခဲလှသောကြောင့်ပင်။

“အဲ့…… အဲ့ဒီလိုကိုး။”

မကြာမီပင် သူက လက်နှစ်ဖက်ဖြင့် သူ့မျက်နှာသူ တစ်ဝက်ခန့် အုပ်လိုက်ရင်း တီးတိုးရေရွတ်လေ၏။

“အဲ့ဒါကို မြင်သွားခဲ့တာဆိုတော့…… အာ၊ အဲ့ဒါကြောင့် အမြဲတမ်း မျက်လုံးချင်းဆုံဖို့ ရှောင်နေ……”

“လန့်သွားလားဟင်။”

“တအား ပွင့်လင်းလွန်းလို့ပါ…… ခဏလေးနေပါဦး။”

သူက အနောက်သို့ လှည့်သွားပြီးနောက် အလျင်အမြန် ယပ်ခတ်နေတော့သည်။

ကျိန်းသေပေါက် တမင် ဟန်ဆောင်နေခြင်း မဟုတ်လောက်ပေ။

လည်တိုင်တစ်ခုလုံးသာမက နားရွက်များအထိပါ နီမြန်းနေသောကြောင့်ပင်။

ဟိုင်န်ရီက အတော်ကြာအောင် ထိုသို့လုပ်နေပြီးမှ ပြန်လည်လှည့်လာခဲ့သော်လည်း ယပ်ခတ်ခြင်းက အာနိသင်ရှိပုံမပေါ်ပေ။

ဟိုင်န်ရီက သူ့လည်တိုင်သူ တဖတ်ဖတ်ပုတ်ရင်း မေးလာသည်။

“ဒါနဲ့ အဲ့ဒါကို ဘယ်နေရာမှာ မြင်ခဲ့တာလဲဗျ။”

“နန်းဆောင်ဟောင်းရဲ့ ရေပန်းမှာ မြင်ခဲ့တာပါ။”

“အာ၊ ရေပန်း။ ဒါဆိုရင် ကျွန်တော်က….”

“ရေတွေ စိုရွှဲနေခဲ့တာပါ။”

ဟိုင်န်ရီက လက်နှစ်ဖက်ဖြင့် သူ့မျက်နှာသူ ထပ်၍အုပ်လိုက်ပြန်သည်။

တစ်ဖက်တွင်မူ အမှန်တရားကို ဖွင့်ပြောလိုက်ပြီးသည့်နောက် ယခင်က အနေခက်ရလောက်အောင် ရှက်ရွံ့နေခဲ့သော ကျွန်မ၏စိတ်အခြေအနေက တစ်ဝက်ခန့် ငြိမ်ကျသွားရ၏။

အမှန်တရား၏ စွမ်းအားက တကယ် ကြီးမားလှပေသည်။

ယခုအထိ ရှက်နေဆဲဖြစ်သော်လည်း သူ့မျက်နှာကို မော့ကြည့်ကာ စကားပြောဆိုနိုင်ပေပြီ။

ယခုတစ်ကြိမ်တွင်မူ ဟိုင်န်ရီက ကျွန်မ၏မျက်နှာကို မကြည့်ရဲဘဲ ဖြစ်နေခဲ့သော်လည်း။

ခေတ္တ အခန်းတွင်း၌ တိတ်ဆိတ်သွားခဲ့သည်။

အိုးတိုးအမ်းတမ်း မဖြစ်သော်လည်း ထူးဆန်းစွာ ပါးစပ်ဟရန် ခက်ခဲနေ၏။

အငွေ့အသက်အခြေအနေက မရိုးမရွဖြစ်စရာပင်။

သူ့ကို ချက်ချင်း စကားလှမ်းပြောချင်သော်လည်း တစ်ပြိုင်တည်းမှာပင် ဘာစကားမှလည်း မပြောချင်ပြန်ပေ။

ဒီအတိုင်း…..ဒီလိုအချိန်မှာ အသာလေး လက်ချင်းတွဲထားလိုက်ရင် ပိုမကောင်းလောက်ဘူးလား။

ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ဟိုင်န်ရီက အသာလေး လက်ကို လှမ်းလင့်လာကာ ကျွန်မ၏ လက်ဖျားလေးကို လာရောက်ထိတွေ့သည်။

ဆုပ်ကိုင်ရမလား၊ မကိုင်ရဘူးလားဟု တွေးနေသည့်ပုံစံမျိုးဖြင့်။

ကျွန်မလည်း အခြားတစ်နေရာကို စိုက်ကြည့်ရင်း သူ၏လက်ဖျားလေးကို အရင်ဆုံး ဆုပ်ကိုင်ပေးလိုက်မိ၏။

ထိုအခါ သူ၏ကိုယ်က မသိမသာ တုန်ယင်သွားလေသည်။

မသိမသာ ခိုးကြည့်လိုက်ရာ ဟိုင်န်ရီက ကျွန်မရှိရာဘက်ကို ကြည့်ပြီး ပြုံးနေ၏။

မျက်လုံးချင်း ဆုံသွားသည်နှင့် ချက်ချင်းပင် သူက ကျွန်မ၏လက်ကို အမိအရ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ပို၍ပင် ပြုံးရွှင်မြူးတူးစွဖြင့် မေးလာသည်။

“စားပြီးပြီလားဗျ။”

“မစားရသေးပါဘူး……”

“အတူတူ စားကြမလား။”

ခေါင်းညိတ်ပြလိုက်တော့ သူက ကျွန်မလက်ကို ဆွဲကိုင်ကာ စာရေးစားပွဲဆီသို့ လျှောက်သွားပြီး စားပွဲဘေးတွင် တပ်ဆင်ထားသော ခေါင်းလောင်းကို နှိပ်လိုက်သည်။

ချက်ချင်းပင် တံခါးပွင့်လာကာ မတွေ့ဖူးသော နန်းတွင်းအမှုထမ်းတစ်ဦး ဝင်ရောက်လာ၏။

ထိုအမှုထမ်း၏ အကြည့်က ကျွန်မနှင့် ဟိုင်န်ရီ၏ တွဲထားသောလက်ကို မြင်သွားသည့်အခါ ခေတ္တ တုန်ယင်သွားလေသည်။

ပို၍ အနေခက်သလို ခံစားလိုက်ရသဖြင့်၊ ကျွန်မ ခေါင်းကို ပြတင်းပေါက်အပြင်ဘက်သို့ လွှဲလိုက်မိ၏။

~~~~

စားသောက်နေသည့် အတောအတွင်း။

ပထမတော့ အိုးတိုးအမ်းတမ်း ဖြစ်နေခဲ့သော်လည်း စားသောက်ရင်း စကားပြောမိကြရာမှ ထိုသို့သော အငွေ့အသက်များ တဖြည်းဖြည်း လျော့ပါးသွားတော့သည်။

ထိုအချက်ကြောင့် ပို၍ ပေါ့ပါးသွားသော စိတ်ဖြင့် စကားလက်ဆုံကျနေစဉ် ဟိုင်န်ရီက သတိကြီးစွာဖြင့် မေးလာ၏။

“ကွီးန်။ ဒါနဲ့ တကယ်ပဲ ကျွန်တော့်ပုံရိပ်က မျက်စိထဲမှာ တဝဲဝဲလည် ဖြစ်နေတာလားဟင်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အရွက်သုပ်၏ ဂေါ်ဖီတစ်စက လည်ချောင်းထဲတွင် တစ်ဆို့သွားတော့သည်။

ကျွန်မ တဟွတ်ဟွတ် ချောင်းဆိုးနေစဉ် သူက ဖျော်ရည်ထည့်ထားသော ဖန်ခွက်ကို အမြန် လှမ်းပေးလာ၏။

“ဒီလောက်အထိ လန့်သွားပုံထောက်ရင် တကယ်ပဲ ထင်ပါရဲ့။”

ဖျော်ရည်ကို သောက်ပြီးနောက် ကျွန်မ ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။

“အခုတော့ မဟုတ်တော့ပါဘူး။”

ကျိန်းသေပေါက် အလိမ်အညာ စကားပင်။

သို့သော် လုံးဝ ရိပ်မိနိုင်စရာမရှိသော အလိမ်အညာမျိုး။

သို့သော်လည်း ဖြစ်ချင်တော့ ဟိုင်န်ရီက အင်မတန် ထက်မြက်လွန်းလှသည်။

“မဟုတ်ပါဘူး။ အဲ့ဒီလောက် အချိန်တိုလေးအတွင်းမှာ စိတ်ပြောင်းသွားစရာ အကြောင်းမရှိပါဘူး။”

“အလကားနေရင်း အထင်မလွဲပါနဲ့။”

နောက်ထပ်တစ်ကြိမ် ထပ်မံ၍ လိမ်ညာပြောဆိုကြည့်သော်လည်း သူက ကျွန်မစကားကို သဘာဝကျကျပင် လျစ်လျူရှုကာ ထပ်မံမေးမြန်းလာပြန်၏။

“ကွီးန်၊ အခုအထိလည်း ကျွန်တော့်ပုံရိပ်က မျက်စိထဲမှာ တဝဲဝဲလည် ဖြစ်နေတုန်းပဲလား။”

“မဟုတ်ဘူးလို့ ပြောနေတယ်လေ။”

“ကွီးန်။”

“....”

“လက်ထပ်ပြီးရင်တော့ တစ်နေ့ကုန် ထိုင်ကြည့်နေလို့ရအောင် လုပ်ပေးနိုင်ပါတယ်။”

သီးမသွားအောင် ကာကွယ်ရန် ဖျော်ရည်သောက်လိုက်မိခြင်း ဖြစ်သော်လည်း စောစောက စကားကြောင့် တစ်ဖန်ပြန်၍ သီးသွားရပြန်သည်။

တဟွတ်ဟွတ် ချောင်းဆိုးနေမိရာမှ မျက်ရည်များပင် ထွက်လာရ၏။

မကျေမနပ် စိုက်ကြည့်လိုက်တော့ ဟိုင်န်ရီက ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် မျက်လွှာချကာ ကျွန်မထံ လက်ကိုင်ပဝါကို ကမ်းပေးလာသည်။

သို့သော် ချက်ချင်းပင် ဆတ်ခနဲတွန့်သွားကာ လက်ကိုင်ပဝါကို ပြန်သိမ်းဆည်းသွား၏။

သို့သော်လည်း ကျွန်မက ထိုလက်ကိုင်ပဝါကို မှတ်မိသွားပေပြီ။

ယခင်က ကွီးန်၏ လည်ပင်းတွင် ကျွန်မကိုယ်တိုင် ချည်နှောင်ပေးခဲ့ဖူးသော လက်ကိုင်ပဝါ။

ထိုလက်ကိုင်ပဝါပင်။

“အဲ့ဒါ ကျွန်မဟာ မဟုတ်လား။”

ပိုင်သေမေးလိုက်တော့ ဟိုင်န်ရီက မတတ်သာသည့်အဆုံး လက်ထဲမှ လက်ကိုင်ပဝါကို ကမ်းပေးရင်း ဆင်ခြေပေးလာသည်။

“ပြန်ပေးပါဆိုပြီး ပြောခဲ့တာမျိုးမရှိလို့……”

“ငှက်ကို ပေးခဲ့တာမို့လို့လေ။”

“ကျွန်တော်က အဲ့ဒီငှက်ပါပဲ။ အဲ့ဒါကြောင့် ကွီးန်က ကျွန်တော့်ကို ပေးခဲ့တာပါ။”

တစ်စုံတစ်ရာ ပြန်လည်ခြေပရန် ပြင်လိုက်သော်လည်း ရုတ်တရက် ဟိုင်န်ရီ၏ လည်တိုင်က သိသိသာသာ မျက်စိထဲ တိုးဝင်လာသည်။

ဟိုင်န်ရီ ကွီးန်အဖြစ် ရှိနေစဉ်က ဝတ်လစ်စားလစ် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ထိုစကားအရဆိုလျှင် ဝတ်လစ်စားလစ် အခြေအနေကြီးဖြင့် လည်ပင်းတွင် လက်ကိုင်ပဝါကြီး ချည်ပေးခဲ့ခြင်းလား။

……မတွေးတော့တာ ပိုကောင်းမယ်။

အလွန်ရှက်စရာကောင်းလှသော ပုံရိပ်တစ်ခုက အတွေးထဲ ပေါ်လာသောကြောင့် ကျွန်မ ခြေပမနေတော့ဘဲ လက်ကိုင်ပဝါကိုသာ ပြန်ပေးလိုက်တော့သည်။

“ကွီးန်။”

“ဘာမှ မတွေးမိပါဘူး။”

လက်ကိုင်ပဝါကို ခေါက်နေသော ဟိုင်န်ရီက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

အိုးမလုံအုံပွင့်ကာ အပိုစကားများ ပြောလိုက်မိကြောင်း ရိပ်မိသွားသည့်ပုံပင်။

အချက်ကို ထိမှန်သွားခြင်းဖြစ်၍ ကျွန်မ တမင်ပင် အေးစက်သော မျက်နှာထားမျိုး လုပ်ထားလိုက်မိသည်။

သို့သော် ဟိုင်န်ရီက ထိုအချက်အပေါ် ကြောက်ရွံ့သွားခြင်းမရှိဘဲ ခိုးပြုံးလျက် တိုးတိုးလေးကပ်၍ ကျီစယ်လာ၏။

“ကွီးန်။ ကြည့်ချင်တာ ရှိတယ်ဆိုရင်လည်း ပြောလို့ရပါတယ်။”

“....”

“ကျွန်တော်က ကွီးန်ရဲ့ စိတ်ကူးတွေကို လက်တွေ့ဖြစ်လာအောင် ဖန်တီးပေးနိုင်တာမို့လို့။”

“....”

~~~~

ဆိုဗီရ်ရှုတစ်ယောက် တစ်ညလုံး သတင်းစာကို ခေါက်လိုက်၊ ကိုင်ယူလိုက်၊ ဖြန့်လိုက်၊ ပြန်ခေါက်လိုက်ဖြင့် အကြိမ်ကြိမ်လုပ်နေခဲ့သည်။

သူက နာဗီရယ် လုပ်ခဲ့သော အင်တာဗျူးကို အစမှအဆုံးအထိ ဖတ်ကြည့်ပြီး ထို့နောက်တွင်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံဖတ်ရှုခဲ့ပြန်၏။

ဘယ်နှကြိမ် ထိုသို့လုပ်ခဲ့မှန်းပင် မသိတော့ပေ။

အင်တာဗျူးပါ စာသားတစ်ခုမကျန် အလွတ်ရသွားသည့်တိုင်အောင် ဆိုဗီရ်ရှု သတင်းစာမှ မျက်လုံးကို မခွာနိုင်ဘဲ ရှိနေခဲ့သည်။

ရင်ထဲတွင် နာကျင်လှ၏။

ရင်ထဲမှ နာကျင်လွန်းလှသဖြင့် မည်သို့မျှ အိပ်စက်၍ မရနိုင်ပေ။

ရက်ရှ်တာအား ကွာရှင်းပေးမည်ဟု ကတိပေးခဲ့ကြောင်း ကြားလိုက်ရသည်တဲ့လား။

နာဗီရယ်က ကိုယ်တိုင် နားဖြင့် ဆက်ဆက်ကြားခဲ့ရသတဲ့လား။

ထိုမျှအထိ မာနကြီးသော စိတ်နေစိတ်ထားရှိသူအနေဖြင့် မည်မျှအထိ စိတ်ထိခိုက်ဝမ်းနည်းခဲ့ရမည်ကို ခန့်မှန်းကြည့်ရုံဖြင့် ခံစားနိုင်ရန် ခက်လှ၏။

အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားသည့်အလား အသက်ရှူရ ခက်ခဲလာသည်။

နှလုံးက ကျုံ့ဝင်သွားကာ ခေါင်းမူးလာ၏။

ဆိုဗီရ်ရှု သူ၏ ရင်ဘတ်ကို လက်သီးဖြင့် အကြိမ်ကြိမ် တဖတ်ဖတ် ထုရိုက်မိတော့သည်။

အကြောင်းရင်းမသိဘဲ ထိုရင်ဘတ်နေရာက ဆက်တိုက် တဆစ်ဆစ်နှင့် ခံစားရခက်လှ၏။

တစ်ညလုံး ထိုသို့ဖြစ်နေခဲ့ရာမှ နောက်ပိုင်းတွင် ထိုအနီးနားတစ်ဝိုက်ကို ထုရိုက်လိုက်ရုံမျှဖြင့် အရိုးထဲကပါ စိမ့်ပြီး နာကျင်လာရတော့သည်။

အဝတ်အစားလဲရင်း ကြည့်လိုက်မိတော့ အညိုအမည်းစွဲနေပေပြီ။

လန့်ဖျပ်ကာ ပျာယာခတ်နေကြသော နန်းတွင်းအမှုထမ်းများကို ဟန်မပျက် နေကြရန် အမိန့်ပေးပြီးနောက်။

ဆိုဗီရ်ရှုက မားကီးစ် ကားလ်ကို ခေါ်ယူရန် ညွှန်ကြားလိုက်ကာ အိပ်ရာပေါ်တွင် ထိုင်လျက် မျက်လုံးကို မှိတ်ထားလိုက်သည်။

အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ……

အထင်လွဲမှု တစ်စုံတစ်ရာ ရှိနေခဲ့ခြင်းဖြစ်လိမ့်မည်ဟူသော အတွေးက ဝင်လာသည်။

သူ ရက်ရှ်တာကို ကွာရှင်းမှုအကြောင်း စကားစခဲ့သည်က အမှန်ပင်။

သို့သော် ကျိန်းသေပေါက် တစ်နှစ်သက်တမ်းကာလကိုသာ ပြောခဲ့ခြင်းဖြစ်၏။

သို့သော်လည်း တစ်နှစ်သက်တမ်း ကုန်ဆုံးပြီးနောက်၊ မည်သူက ဧကရီဖြစ်လာမည်ဟူသော အကြောင်းအရာကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။

ထို့ကြောင့် နာဗီရယ်က အထင်လွဲသွားခဲ့ခြင်းများလား။

ကွာရှင်းပြီးနောက် တစ်နှစ်အကြာတွင် အခြားဧကရီတစ်ပါးကို တင်မြှောက်လိမ့်မည်ဟု ထင်မှတ်သွားခဲ့ခြင်းလား။

ဟင့်အင်း၊ အဆိုးဆုံးအနေဖြင့် ထိုအပိုင်းကို လုံးဝ မကြားလိုက်ရခြင်းလည်း ဖြစ်နိုင်ပေသည်။

ဟုတ်တယ်။

အဲ့ဒီအတိုင်း ဖြစ်မဲ့ပုံပဲ။

ထိုသို့ဆိုလျှင် အမှန်တရားကို အသိပေးရပေမည်။

အခြားသူနှင့် ပြန်လည်ထိမ်းမြားခဲ့ပြီးဖြစ်သော နာဗီရယ်က ချက်ချင်း ပြန်မလာနိုင်သည့်တိုင် အနည်းဆုံး အထင်လွဲမှုများကို ဖြေရှင်းရမည်သာ။

ပထမမြောက် ဟိုင်န်ရီက နာမည်ကျော် လူရှုပ်လူပွေပင်။

ထိုသို့သော လူစားမျိုးက နာဗီရယ်ကို နာကျင်အောင် လုပ်ပေလိမ့်မည်။

နာဗီရယ်က ခေတ္တခဏ စိတ်လိုက်မာန်ပါ ထိုလူနှင့် လက်တွဲခဲ့သော်လည်း အဆုံးသတ်တွင် ကျိန်းသေပေါက် ထိုလူကြောင့် ဒဏ်ရာရမည်သာ။

မိမိက နာဗီရယ်ကို စွန့်ပစ်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း အသိပေးမှဖြစ်မည်။

သို့မှသာ နာဗီရယ်က ဒဏ်ရာရသည့်အခါ ဤနေရာသို့ ပြန်လာပေလိမ့်မည်။

ဆိုဗီရ်ရှု အိပ်ရာမှထကာ စာရေးစားပွဲဆီသို့ လျှောက်သွားခဲ့သည်။

စာရေးစက္ကူကို ထုတ်ယူကာ အလျင်အမြန်ပင် စာတစ်စောင် ရေးသားလိုက်၏။

အထင်လွဲမှုများကို ဖြေရှင်းပြီးနောက် ဘာဆက်လုပ်ချင်နေမှန်း မိမိကိုယ်တိုင်လည်း မသိပေ။

သို့သော် လောလောဆယ်တွင် အထင်လွဲမှုများကို ဖြေရှင်းရန်ကသာ အရေးကြီးဆုံးဟု သတ်မှတ်ထားမိသည်။

သူနှင့် နာဗီရယ်ကြားကို ပိတ်ဆို့ထားသည့် အရာအားလုံးက ထိုအထင်လွဲမှုတစ်ခုတည်းကြောင့်ဟုသာ ထင်ရသောကြောင့်ပင်။

ထိုအထင်လွဲမှုကို ဖယ်ရှားလိုက်ပါက မည်သို့ပင်ဖြစ်စေ ကိစ္စအဝဝက အဆင်ပြေသွားလိမ့်မည်ဟု ယူဆထား၏။

အဆင်ပြေသွားမည်ဆိုသည်က ဘာကိုဆိုလိုမှန်း မသိသော်လည်း၊ မည်သို့ပင်ဖြစ်စေ။

စာကို အကုန်ရေးပြီးနောက် ဖယောင်းဖြင့် တံဆိပ်ခတ်နှိပ်ပြီးသည်နှင့် မားကီးစ် ကားလ် ရောက်ရှိလာ၏။

“အရှင်ဧကရာဇ်၊ ခေါ်လိုက်ပါသလား။”

ဆိုဗီရ်ရှုက မားကီးစ် ကားလ်ထံသို့ ချိပ်ပိတ်ထားသော စာအိတ်ကို ကမ်းပေးလိုက်သည်။

ထိုစာအိတ်ပေါ်တွင် ပေးပို့သူ၏ နာမည်ရော လက်ခံမည့်သူ၏ နာမည်ပါ မရှိပေ။

မားကီးစ် ကားလ်က ဝေခွဲမရဖြစ်ကာ လှမ်းယူခဲ့သည်။

“ဒါက……”

“နာဗီရယ်ဆီ ပို့ပေး။”

“အနောက်ဘုရင့်တိုင်းပြည်ရဲ့ မိဖုရားဆီကို ပြောတာပါလား။”

မိဖုရားဟူသော အသုံးအနှုန်းကြောင့် ဆိုဗီရ်ရှု၏ မျက်ခုံးများ ပင့်တက်သွားရာ မားကီးစ် ကားလ်လည်း အမြန်ပင် ပါးစပ်ပိတ်လိုက်တော့သည်။

ဆိုဗီရ်ရှုက နောက်တစ်ကြိမ် အလေးအနက် မှာကြားလေ၏။

“မတေယ်လို့ ပထမမြောက် ဟိုင်န်ရီက တားဆီးပိတ်ပင်တာမျိုး လုပ်လာနိုင်တာမို့လို့ တိုးတိုးတိတ်တိတ် ပေးမှဖြစ်မယ်။ နာဗီရယ်ဆီကို တိုက်ရိုက်။”

“……ဟုတ်ကဲ့ပါ။”

~~~~

ဆိုဗီရ်ရှုကဲ့သို့ပင် စိတ်မအေးနိုင်သောလူတစ်ယောက် ရှိနေသေးသည်။

‘ရက်ရှ်တာက လက်ထပ်တော့မယ်တဲ့လား……’

ဗိုင်းကောင့် လိုတဲရှုပင်။

ဗိုင်းကောင့် လိုတဲရှုက မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ အတင်းအဖျင်း မဂ္ဂဇင်းကို စိုက်ကြည့်နေသည်။

ယနေ့ ထွက်ရှိလာသော မဂ္ဂဇင်းသတင်းကြောင့် ဤသို့ ဖြစ်နေရခြင်းပင်။

ရက်ရှ်တာက ဧကရာဇ် ဆိုဗီရ်ရှုနှင့် လက်ထပ်တော့မည်ဟူသောသတင်း။

မဂ္ဂဇင်း၏ ဖော်ပြချက်အရ မင်္ဂလာပွဲ ပြင်ဆင်မှုများအတွက် ကုန်သည်အမြောက်အမြား နန်းတော်ထဲသို့ ဝင်ထွက်သွားလာနေကြသည်ဟု ဆိုသည်။

တန်ဖိုးကြီး ရတနာများ၊ ကော်ဇောများ၊ ပိုးထည်များနှင့် လွီပ်(ထ်) မှ ထွက်ရှိသော ရှားပါးလှသည့် ပစ္စည်းများက လှည်းအပြည့်ဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်သွားကာ နာမည်ကျော် ပန်းကုန်သည်များလည်း ရုတ်တရက် အလုပ်ရှုပ်နေကြသည်ဟူ၍။

မဂ္ဂဇင်းက တော်ဝင်မိသားစုဘက်မှ တရားဝင် အသိပေးထားသော သတင်းမဟုတ်ကြောင်း ဝန်ခံထားသည့်တိုင် မင်္ဂလာပွဲကမူ ကျိန်းသေပေါက် ရှိလာလိမ့်မည်ဟု အခိုင်အမာ ဆိုထား၏။

ဤမျှလောက် ကုန်သည်များ ဝင်ထွက်နေပါလျက် မင်္ဂလာပွဲမရှိဟုဆိုပါက ပို၍ ထူးဆန်းနေလိမ့်မည်။

ကျွမ်းကျင်သူများ၊ မည်သည့်နေရာမှ ကျွမ်းကျင်သူများမှန်း မသိသော်လည်း၊ မဂ္ဂဇင်းက ‘ကျွမ်းကျင်သူများ’ ဟု သုံးနှုန်းထားသူများကလည်း ဆယ်ပုံကိုးပုံခန့် ကျိန်းသေပေါက် မကြာမီ မင်္ဂလာပွဲရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြ၏။

လက်ထပ်မည့်သူက ရက်ရှ်တာမဟုတ်ဘဲ အခြားသော မှူးမတ်အိမ်တော်မှ သခင်မလေး ဖြစ်လိမ့်မည်ဟု ဆိုကြသူများ မရှိသည်တော့မဟုတ်သော်လည်း ဧကရီ နာဗီရယ်၏ မိသားစုဖြစ်သော ထရိုဗီအိမ်တော်နှင့် ယှဉ်နိုင်လောက်သည့် ဂုဏ်သရေရှိ အိမ်တော်များအနက် ဆိုဗီရ်ရှုနှင့် သက်တူရွယ်တူ အိမ်ထောင်မရှိသေးသော သခင်မလေးများ မရှိပေ။

ထိုထက် နိမ့်ပါးသော အိမ်တော်များတွင် သခင်မလေးများ ရှိနေသော်လည်း နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားမှုလုပ်မည်ဆိုလျှင် ထရိုဗီ အိမ်တော်မှ ဧကရီကို နန်းချပြီး ထိုထက်နိမ့်သော မိသားစုမှ သခင်မလေးကို ခေါ်ယူလာရန် အကြောင်းမရှိချေ။

ထို့ကြောင့် ဤမင်္ဂလာပွဲက နိုင်ငံရေးအရမဟုတ်ဘဲ အချစ်ကြောင့် လက်ထပ်ခြင်းမျိုး ဖြစ်ရမည်ဖြစ်ကာ ထိုသူက ရက်ရှ်တာ ဖြစ်လိမ့်မည်ဟု လူအများက ထင်ကြေးပေးနေကြခြင်းပင်။

‘ဟော။ ငါ့နှယ်။ အဲ့ဒီကလေးမက ဧကရီတဲ့လား။’

ရက်ရှ်တာကို ကျွန်ပြေးဖြစ်ခဲ့ဖူးကြောင်း သိထားသော ဗိုင်းကောင့် လိုတဲရှုက ခေါင်းတခါခါ လုပ်နေသည်။

အံ့ဩမိသလို ခံစားချက်ကလည်း အလွန်ထူးဆန်းနေ၏။

လောကကြီးက တကယ်ပင် အံ့ဩစရာကောင်းလှသည် မဟုတ်ပါလား။

သူ ကျွန်အဖြစ် ခိုင်းစေခဲ့ဖူးသော ကျွန်ပြေးက ဧကရီဖြစ်လာတော့မည်တဲ့။

တစ်ဖက်တွင် ဗိုင်းကောင့် လိုတဲရှု၏ သားဖြစ်သူ အာလန်က ရက်ရှ်တာ၏ မင်္ဂလာသတင်းကြောင့် လုံးဝ စိတ်ဓာတ်ကျကာ အခန်းထဲတွင် အောင်းနေပြီး သမီးဖြစ်သူ ရီဗယ်တီကမူ ဒေါသထွက်နေသလို ကြောက်လည်းကြောက်နေသည်။

“အဲ့ဒီကောင်မက ဧကရီ ဖြစ်လာတာနဲ့ ကျွန်မတို့ကို ချက်ချင်း ကလဲ့စားချေမှာပဲ၊ အဖေ။”

“နေပါဦး၊ ငါတို့ကို ဘာလို့လဲ။”

“ကျွန်မတို့က သူ့ရဲ့ လျှို့ဝှက်ချက်ကို သိနေလို့လေ။”

“ဟမ်း၊ အဲ့ဒါကြောင့်ပဲ ပိုပြီး သတိထားရမှာပေါ့။”

“အကယ်၍ လူသတ်သမားတွေ ငှားပြီး ကျွန်မတို့ကို သတ်ပစ်ဖို့ လုပ်လာရင် ဘယ်လိုလုပ်မလဲ။”

ဗိုင်းကောင့် လိုတဲရှုက နှာခေါင်းရှုံ့လိုက်သော်လည်း ကြောင့်ကြမိသည်ကတော့ အတူတူပင်။

ရက်ရှ်တာ၏ ပထမဆုံးကလေးကို သူတို့က လူမသိသူမသိ မွေးမြူထားခြင်းဖြစ်ပြီး အရေးပေါ် အခြေအနေအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်၏။

သို့သော် စိုးရိမ်စိတ်ကမူ လွယ်လွယ်နှင့် ပျောက်မသွားခဲ့ပေ။

အကယ်၍ ရက်ရှ်တာက ရက်စက်စွာ စိတ်ပိုင်းဖြတ်ပြီး ထိုကလေးကိုပါ သတ်ပစ်ရန် ညွှန်ကြားလာခဲ့မည်ဆိုလျှင်။

ထိုစဉ်။

တစ်စုံတစ်ယောက်က တံခါးကို လာခေါက်လေသည်။

ရောက်လာသူက ဗိုင်းကောင့် လိုတဲရှု ပုံမှန် လာဘ်ထိုးနေကျ နန်းတွင်းအမှူထမ်းတစ်ဦးပင်။

ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို စတင်အကျပ်ကိုင်ပြီးကတည်းက နန်းတွင်းအမှုထမ်းများကို ပုံမှန် လာဘ်ထိုးမှုများ လုပ်ဆောင်ခဲ့သည်။

စစ်သည်တော်များ၊ မှူးမတ်အရာရှိများကမူ သစ္စာစောင့်သိမှုဟူသော အကြောင်းပြချက်များဖြင့် ပါးစပ်ပိတ်ထားကြမည်ဖြစ်သော်လည်း၊ သာမန် အလုပ်သဘောမျိုးဖြင့် နန်းတော်တွင် အလုပ်လုပ်နေကြသူများကမူ သစ္စာစောင့်သိမှုအပိုင်းတွင် နှိုင်းယှဉ်ပါက အားနည်းလိမ့်မည်ဟူသော တွက်ချက်မှုကြောင့်ပင်။

ကျိန်းသေပေါက် သူတို့ကိုမူ ရက်ရှ်တာအတွက် သတင်းအချက်အလက်များ စုဆောင်းပေးခြင်းဖြစ်သည်ဟု လိမ်ညာထားကာ သာမန်ပြည်သူများကြားတွင် ရေပန်းစားလှသော ရက်ရှ်တာကြောင့် ဤဆင်ခြေက အမြဲတမ်း အဆင်ပြေခဲ့သည်။

ဗိုင်းကောင့် လိုတဲရှုထံ ရောက်လာသော အမှုထမ်းကလည်း ထိုသူများအနက်မှ တစ်ဦးပင်။

“ဘာကိစ္စလဲ။ အရေးကြီးတဲ့အကြောင်းကိစ္စ တစ်ခုခုများ ရှိလို့လား။”

ဗိုင်းကောင့် လိုတဲရှုက အမှုထမ်းကို အခန်းထဲသို့ အမြန်ဝင်ခိုင်းရင်း မေးလိုက်သည်။

အခြေအနေက ဤသို့ဖြစ်လာသည်နှင့်အမျှ သတင်းအချက်အလက် သေးသေးလေးတစ်ခုကပင် အဖိုးတန်လှ၏။

သို့သော် ထိုအမှုထမ်း ပေးလာသော သတင်းက မျှော်လင့်ထားသည်ထက် ပို၍တန်ဖိုးရှိနေခဲ့သည်။

“အရှင်ဧကရာဇ် အနောက်ဘုရင့်တိုင်းပြည်ကို တိုးတိုးတိတ်တိတ် လူစေလွှတ်လိုက်ပါတယ်။”

“အနောက်ဘုရင့်တိုင်းပြည်ကိုပေါ့လေ။”

“ဟုတ်ကဲ့။ တရားဝင်မှတ်တမ်းမရှိဘဲ တိုးတိုးတိတ်တိတ်ပါ။”

“အနောက်ဘုရင့်တိုင်းပြည်ဆီ တိုးတိုးတိတ်တိတ်ဆိုတော့……”

အမှုထမ်းက ထပ်ဆောင်းငွေကို လက်ခံရရှိပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။

ဗိုင်းကောင့် လိုတဲရှုတစ်ယောင် လည်ချောင်းကွဲမတတ် တဟားဟား အော်ရယ်မိတော့၏။

အမှုထမ်း၏စကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် အကြံကောင်းတစ်ခု အတွေးထဲပေါ်လာသောကြောင့်ပင်။

သူက ပြင်ဆင်မှုများ ချက်ချင်းလုပ်ပြီး ရက်ရှ်တာထံ သွားခဲ့သည်။

ရက်ရှ်တာက စိတ်မပါလက်မပါ မျက်နှာထားဖြင့် သူ့ကို ဆီးကြိုလေ၏။

“ဘာကိစ္စရှိလို့လဲ။”

နှစ်ယောက်တွေ့ဆုံခြင်းက ဗိုင်းကောင့် လိုတဲရှု ရက်ရှ်တာ မွေးစားမိဘများနှင့်အတူ ရှိနေသည်ကို မြင်တွေ့ခဲ့ပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ်ပင်။

ဗိုင်းကောင့် လိုတဲရှုက ဒေါသကို ထိန်းချုပ်ကာ ရက်ရှ်တာ၏ မျက်နှာချင်းဆိုင်ဆိုဖာတွင် ထိုင်ရင်း ကြိတ်ပြုံးလိုက်၏။

“ငါ ဘယ်လိုသတင်းမျိုးယူလာလဲ သိရဲ့လား။”

“နောက်ထပ် ခြိမ်းခြောက်ဖို့ပဲ နေမှာပေါ့။”

ရက်ရှ်တာက အေးစက်စွာ ပြောဆိုပြီးနောက် သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ခဲ့သည်။

နန်းတွင်းအသိုင်းအဝိုင်းတွင် နေထိုင်လာခဲ့ရသည်နှင့်အမျှ ထိုင်ပုံထိုင်နည်းက အတော်လေး ပြောင်းလဲသွားပေပြီ။

ဗိုင်းကောင့် လိုတဲရှုက ပြုံးဖြီးဖြီး ပြောလိုက်သည်။

“အရှင်ဧကရာဇ်က ဧကရီ နာဗီရယ်ဆီကို စာတစ်စောင် ပို့လိုက်တယ်တဲ့။”

“ဧကရီတဲ့လား။ နန်းကျဧကရီလေ။”

“အင်းလေ၊ နန်းကျဧကရီပဲ ထားပါတော့။”

“……”

ရက်ရှ်တာ မျက်ခုံးကို ပင့်လိုက်မိသည်။

စဉ်းစားကြည့်တော့ နန်းကျဧကရီဟု ခေါ်သည်ဖြစ်စေ၊ ဧကရီဟု ခေါ်သည်ဖြစ်စေ ထိုအရာက အရေးကြီးသည်မဟုတ်။

စာတဲ့လား။

“ဘယ်လိုစာမျိုးလဲ။”

“အဲ့ဒါတော့ ငါလည်း ဘယ်သိမလဲ။”

“စာကို ကြားဖြတ်လုယူခဲ့တာမျိုး မဟုတ်ဘူးလား။”

“အရှင်ဧကရာဇ် စေလွှတ်တဲ့လူပါဆို သာမန်ထက် ထူးခြားတဲ့ အရည်အချင်းရှိတဲ့သူ နေမှာပေါ့။ ငါ့မှာ ဘာပိုက်ဆံရှိလို့ အဲ့ဒီလိုလူကို နှိမ်နင်းပြီးတော့ စာဖြတ်လုယူပေးမဲ့ ကြေးစားစစ်သည်ကို ငှားနိုင်မှာလဲ။”

ငွေတွေအများကြီး ညှစ်ယူထားပြီးတော့။

ရက်ရှ်တာ လည်ချောင်းဝအထိ တက်လာသော စကားများကို ပြန်မျိုချလိုက်ရသည်။

ဗိုင်းကောင့် လိုတဲရှု ပြောချင်သော စကားကို နားလည်နိုင်သောကြောင့်ပင်။

သူက ဒီအတိုင်း သတင်းအချက်အလက်ကို လာရောက်ပေးပို့ခြင်းမျိုး မဟုတ်ပေ။

သူက ယခု…

“ဘာကို ပြောချင်တာလဲ။ ရှင်က သတင်းအချက်အလက် စုဆောင်းမှု ကောင်းတယ်လို့လား။ အဲ့ဒီလိုအရာမျိုးကို ရက်ရှ်တာလည်း စုံစမ်းနိုင်သားပဲ။”

“ဒါပေမဲ့ မသိဘဲနေခဲ့တာမဟုတ်လား။”

ဗိုင်းကောင့် လိုတဲရှုက ပြုံးဖြီးဖြီး မျက်နှာထားဖြင့် မျက်လုံးချင်းဆုံလျက် ခြေထောက်ပေါ်တွင် လက်ကိုတင်ကာ ခါးကို ကိုင်းညွှတ်ပြီး ကိုယ်ကို အရှေ့သို့ တိုးလာသည်။

“ငါ နင့်ကို ဘာပြောခဲ့ဖူးလဲ။ နင့်အတွက် ငါ့ကို လိုအပ်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။”

“...”

“ငါတို့က အချင်းချင်းရဲ့ အောက်ခြေအခြေအနေအထိ အကုန်သိထားကြတာကို။ ဒါပေမဲ့ နင့်ရဲ့ ကမ္ဘာပတ်လိမ်စားနေတဲ့ မိဘအတုတွေကရော ဘယ်လိုလဲ။ နင့်ရဲ့ ကောင်းကွက်တွေကိုပဲ သိထားပြီး၊ နင့်ဆီကနေ ကောင်းကွက်တွေကိုပဲ မြင်ချင်နေကြတာ မဟုတ်ဘူးလား။”

ရက်ရှ်တာ ပြန်မဖြေနိုင်ခဲ့ပေ။

မာရှာနှင့် ဂီလင့်မ်ထ်တို့က လူကောင်းများ ဖြစ်ကြသော်လည်း အစကတည်းက သဲထဲတွင် ဆောက်ထားသော ရုန်းကန်ရသည့် ဆက်ဆံရေးမျိုးသာ။

သူတို့က မည်မျှပင် ကောင်းမွန်စွာ ဆက်ဆံပေးပါစေ ရက်ရှ်တာက သူတို့၏ သမီးအရင်း မဟုတ်ပေ။

သူတို့က မိမိတို့၏ သမီးအတုကို တကယ်တမ်းတွင် ကျွန်ပြေးဖြစ်ခဲ့ဖူးကြောင်းကိုပင် ယခုအထိ မသိကြသေး။

သဘာဝကျကျပင် ရင်ထဲမှ အမှန်တရားများကို ဖွင့်ဟဝန်ခံနိုင်စရာ အကြောင်းမရှိချေ။

“ရက်ရှ်တာ၊ ရက်ရှ်တာရဲ့။ လက်တွဲမယ်ဆိုရင် ငါတို့လို လူစားမျိုးချင်းပဲ လက်တွဲရမှာပေါ့။”

ဗိုင်းကောင့် လိုတဲရှုက နှုတ်ခမ်းတွင် ပျားရည်သုတ်ကာ တီးတိုးဖြားယောင်းလာသည်။

ရက်ရှ်တာ ကျောကို ဆိုဖာနောက်မှီတွင် မှီချပြီးနောက် ဂနာမငြိမ်စွာဖြင့် နှုတ်ခမ်းကို လှုပ်ရှားလိုက်၏။

မနေ့ညက မိမိ၏ဗိုက်ကို ပွတ်သပ်ကာ ချိုသာလှသော သားချော့တေးကို ဆိုညည်းပေးခဲ့သော ဆိုဗီရ်ရှုက ယနေ့တွင်မူ တိတ်တဆိတ် လူလွှတ်ကာ နာဗီရယ်ထံ စာပေးပို့ခဲ့သည်။

မကောင်းသောစကားများကို ပြောဆိုရန်ဆိုပါက တရားဝင် ပေးပို့ပေလိမ့်မည်။

ကွယ်ရာတွင် စာရေးသားပေးပို့ပုံထောက်လျှင် ကျိန်းသေပေါက် တောင်းပန်စာ ဖြစ်မည်သာ။

ယနေ့မနက်က ရက်ရှ်တာ ဧကရီ နာဗီရယ်၏ အင်တာဗျူးသတင်းကို ဖော်ပြထားသော အနောက်ဘုရင့်တိုင်းပြည်၏ သတင်းစာကို လက်ခံရရှိခဲ့သည်။

ဆိုဗီရ်ရှုက ထိုကိစ္စအတွက် တောင်းပန်ခြင်းဖြစ်နေမည်လား မသိပေ။

ရက်ရှ်တာ ပျာယာခတ်စွာ လက်ချောင်းများကို ကစားနေရင်း ပြောလိုက်သည်။

“ကျွန်မတို့က အရင်ကတည်းက လက်တွဲထားခဲ့ကြတာပဲ မဟုတ်လား။”

“ကျိန်းသေပေါက်……အဲ့ဒီလိုပဲ ဖြစ်ရမှာပေါ့။”

ဗိုင်းကောင့် လိုတဲရှု၏ မျက်ဝန်းများက ကျေနပ်စွာဖြင့် မှေးစင်းသွားတော့သည်။

“ဘာပဲဖြစ်ဖြစ် နန်းကျဧကရီနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင်တော့ စိတ်အေးအေးထားလို့တယ်၊ ရက်ရှ်တာ။ တခြားသူနဲ့ပါ ပြန်လည်ထိမ်းမြားလိုက်တဲ့ မိဖုရားက ပြန်လာပါ့မလား။”

“ရက်ရှ်တာက နန်းကျဧကရီကို ဂရုမစိုက်ပါဘူး။”

“အေးပါ၊ အေးပါ။”

“တကယ်ပြောတာ။”

“ဟုတ်ပါပြီ။ ပြီးတော့ ဧကန္တ အရှင်ဧကရာဇ်က တခြားမိန်းမတွေကို မျက်စိကျသွားမလားဆိုတာလည်း ဘာမှ စိုးရိမ်မနေနဲ့။ ငါကပဲ အကုန်လုံးကို ဝေးဝေးမှာရှိနေအောင် ရှင်းလင်းပေးမှာမို့လို့။”

ဗိုင်းကောင့် လိုတဲရှု၏ စကားကြောင့် ရက်ရှ်တာ နှုတ်ခမ်းကိုပိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

“သိပါပြီ။”

“အာ၊ ဒီနေ့ အတင်းအဖျင်း မဂ္ဂဇင်းကို ကြည့်ပြီးပြီ။ နင်၊ လက်ထပ်ရတော့မယ်ဆိုတာ ဟုတ်လား။”

“ပါးစပ်ကို သတိထားပါ။”

“ကျိန်းသေပေါက် သတိထားရမှာပေါ့၊ ငါတို့ရဲ့ ဧကရီအရှင်မ။”

ပေါ့ပြက်ပြက် သရော်တော်တော် ရယ်လိုက်သော ဗိုင်းကောင့် လိုတဲရှုက လက်ဗလာကို ဆန့်တန်းပေးလာသည်။

နောက်ထပ်တစ်ကြိမ် ငွေတောင်းခံခြင်းပင်။

ရက်ရှ်တာ ဒေါသထွက်မိသော်လည်း ဒေါသကို ဖိနှိပ်ကာ ရတနာများကို ဗိုင်းကောင့် လိုတဲရှု၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ဗိုင်းကောင့် လိုတဲရှုက ကြိတ်ပြုံးရင်း ရတနာများကို ရင်ခွင်ထဲသို့ထည့်ကာ ထရပ်လိုက်၏။

“ဒါဆိုရင် နောက်မှပဲ ထပ်တွေ့ကြတာပေါ့။”

သတင်းကောင်း ရှိလာတဲ့အခါမျိုးလေ။

တိုးညင်းစွာ ဖြည့်စွက်ပြောဆိုရင်း ဗိုင်းကောင့် လိုတဲရှု ထွက်ခွာရန် ပြင်လိုက်ချိန်တွင်။

“ခဏလေး။”

ရက်ရှ်တာက သူ့ကို လှမ်းတားခဲ့သည်။

ဘာကိစ္စများပါလိမ့်ဟု တွေးကာ ရပ်လိုက်မိစဉ် ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုအနားသို့ ချဉ်းကပ်ကာ အကူအညီတောင်းခံလာ၏။

“လူတစ်ယောက်လောက် ရှာပေးစေချင်လို့။”

“လူ၊ ဟုတ်လား။ ဘယ်သူ့ကို ပြောတာလဲ။”

“ကျွန်မထက် နည်းနည်းငယ်တဲ့ မိန်းကလေးတစ်ယောက်။”

“ရီဗယ်တီနဲ့ သက်တူရွယ်တူမျိုးကို ပြောတာလား။”

“အဲ့ဒါတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ရှာပေးစမ်းပါ။ ကျွန်မ မိဘတွေရဲ့ ဒုတိယသမီးပဲ။”

တကယ်ကြီးလားဟူသော မျက်နှာထားမျိုးဖြင့် ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို စိုက်ကြည့်လာသည်။

ရက်ရှ်တာလည်း ဗိုင်းကောင့် လိုတဲရှု၏ ထိုမျက်နှာထားကြောင့် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။

မဟုတ်တောင် ညီမအတုကို ရှာဖွေရန် တွေးမိတိုင်း ဒေါသက ပွက်ပွက်ဆူနေခဲ့ရသည် မဟုတ်ပါလား။

ထိုသို့ ပေါ်တင် ‘ဘာလို့လဲ’ ဟူသော အကြည့်မျိုး ကြည့်လာသည့်အတွက် စိတ်ပျက်မိရသည်။

“လောလောဆယ် ရှာပေးစမ်းပါ။”

ရက်ရှ်တာက ထပ်လောင်း တောင်းဆိုလာသဖြင့် ဗိုင်းကောင့် လိုတဲရှုလည်း “အင်းလေ……” ဟု တီးတိုးရေရွတ်ရင်း ပခုံးတွန့်ပြခဲ့သည်။

“အရင်ဆုံး စုံစမ်းကြည့်ပေးမယ်။ နင့်မိဘအတုတွေရဲ့ နာမည်အတိအကျက ဘာလဲ။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၅၈ အထိ ဖတ်လို့ရပါပြီ။

၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment