အပိုင်း ၃၃ (ရေရ၍ အပင်ပေါက်သည်)
“တော်ဝင်မင်းသား ဟိုင်န်ရီက ကောလဟာလတွေနဲ့ လုံးဝမတူတဲ့သူလိုပဲ။”
တိုးတိုးလေး ရေရွတ်လိုက်သည့်အသံကြောင့် အနီးအနားတွင် စစ်တုရင်ကစားနေသော နယ်စားကတော်ကြီး အယ်လီဇာက ခေါင်းလှည့်ကြည့်လာသည်။
“ရှင်...ဘာပြောလိုက်တယ်၊ ဧကရီအရှင်မ။”
ကျွန်မလည်း စာအုပ်ကို အိုးတိုးအမ်းတမ်း မှောက်ခုံမှောက်ကာ ပေါင်ပေါ်တင်လိုက်သည်။
ဒီလိုစကားမျိုးပြောလို့ဖြစ်ပါ့မလား။ ထူးဆန်းတဲ့ပုံပေါက်နေလောက်မလား။
ရံရွေတော်များက ကျွန်မကို ဟိုင်န်ရီ၏ ‘တကယ့်’ စာဖလှယ်ဖော်ဖြစ်မှန်း သိထားကြသဖြင့် အလကားနေရင်း ပြောရမည်ကိုစိုးရိမ်နေမိသည်။ သို့သော်လည်း ကျွန်မ၏ စကားတစ်ခွန်းက သူ့အပေါ်တွင်ရှိနေသော မကောင်းသည့် ကောလာဟလများကို အနည်းငယ်ပဲဖြစ်ဖြစ် ပြောင်းလဲသွားစေနိုင်မည်ဆိုလျှင် ကောင်းပေမည်...
“တော်ဝင်မင်းသား ဟိုင်န်ရီလေ။ ထင်ထားတာထက် ပိုပြီးတော့ လူကောင်းဖြစ်မဲ့ပုံပဲလို့။”
ကျွန်မ ဘာမှမဖြစ်သလို ပြုံးပြလိုက်ပြီးနောက် တမင်ပင် စားပွဲပေါ်သို့ လက်လှမ်းကာ အေးစက်နေသည့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
နယ်စားကတော်ကြီး အယ်လီဇာနှင့် မျက်နှာချင်းဆိုင်တွင် စစ်တုရင်ကစားနေသည့် လော်ရာက နယ်ကတော်ကြီး မမြင်မီ အကွက်နေရာကို မသိမသာရွှေ့လိုက်ရင်း သဘောတူထောက််ခံခဲ့၏။
“ဟုတ်ပါတယ်။ အဲ့ဒီအစေခံမနဲ့ ဟိုကျွန်,မကို စာဖလှယ်ဖော်မဟုတ်မှန်းလည်း ချက်ချင်း တန်းသိသွားတာပဲကို။ အာ၊ ချက်ချင်းတော့ မဟုတ်ဘူးထင်တယ်ရှင့်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မြန်တော့ သိသွားတာပါပဲ။ ပြီးတော့ အပျော်အပါးလိုက်စားတဲ့သူဆိုပြီး နာမည်ကြီးပေမဲ့ တခြားမှူးမတ်အနွယ်တော်တွေထက်တောင် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့ပါသေးတယ်။”
နယ်စားကတော်ကြီး အယ်လီဇာက လော်ရာ၏ လက်ဖမိုးကို ရိုက်လိုက်ကာ အကွက်နေရာပြောင်းသွားသည့် စစ်တုရင်ရုပ်ကို မူလနေရာသို့ ပြန်ထားလိုက်ရင်း ပြောခဲ့သည်။
“လော်ရာပြောတာ မှန်ပါတယ်။ ပျော်ပျော်နေတတ်ပုံရပေမဲ့ တည်ကြည်မှုမရှိတဲ့ပုံမျိုးတော့ မဟုတ်ပါဘူး။”
လက်တင်ကုလားထိုင်တွင်ထိုင်ကာ ချည်ပန်းထိုးနေသည့် ရံရွေတော်က ကျေနပ်သဘောတွေ့သည့်အလား ခပ်တိုးတိုးလေး ရယ်လိုက်သည်။
“ကျွန်မကတော့ အဲ့ဒီကျွန်,မရဲ့ အလိမ်အညာတွေ ချက်ချင်းပေါ်သွားတာကိုပဲ ပိုသဘောကျမိတယ်ရှင့်။”
နောက်ဆက်တွဲ သဘောတူထောက်ခံသံများက ဟိုနေရာ ဒီနေရာမှ ပေါ်ထွက်လာလေသည်။
“အဲ့ဒါပြောတာပေါ့။ ဘယ်လောက်တောင် မျက်နှာပြောင်ပြောင်နဲ့ လိမ်သလဲဆိုရင် ကြည့်ရင်းနဲ့ကို သွေးဆောင့်တက်လာတာပါဆို။”
“အခုလောက်ဆို အဲ့ဒီမိန်းမရဲ့အခန်းထဲ ဝင်ထွက်နေကြတဲ့ တိုင်းတစ်ပါးက မှူးမတ်အနွယ်တော်တွေလည်း သတိပြန်ဝင်လောက်ရောပေါ့နော်။"
သို့သော် တံခါးနားတွင် တိတ်တဆိတ်ရပ်နေသော ဒုတပ်မှူး အာရ်တီနာက ချက်ချင်းပင် ရေအေးလောင်းချခဲ့သည်။
“အဲ့ဒီလိုတော့ မဟုတ်လောက်ဘူးထင်ပါတယ်။”
ဒုတပ်မှူး အာရ်တီနာ၏ တိုပြတ်ပြတ်စကားကြောင့် ရံရွေတော်အားလုံးက ‘ဘာလို့လဲ’ ဟူသော အကြည့်များဖြင့် သူ့ကို ကြည့်လိုက်ကြသည်။
ဒုတပ်မှူး အာရ်တီနာက မှူးမတ်အမျိုးသမီးတို့၏ အကြည့်များ သူ့ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဟန်ဖြင့် ပါးကို ကုတ်လိုက်၏။
“ဘယ်ရွန် လန့်ထ်က လေဒီ ရက်ရှ်တာနဲ့ပတ်သက်တဲ့ကိစ္စတွေကို အကုန်တာဝန်ယူပြီးတော့ ဒီကိစ္စကိုလည်း တခြားနည်းနဲ့ လိုက်ပြောနေလို့ပါ။”
“တခြားနည်းနဲ့ဆိုတာက ဘယ်လိုလဲများလဲရှင့်။”
လော်ရာက မျက်လုံးအဝိုင်းသားဖြင့် မေးခဲ့သည်။
ကျွန်မလည်း ခွက်အလွတ်ကို စားပွဲပေါ် ပြန်ချကာ သူ့ကို လှမ်းကြည့်လိုက်၏။
ဘယ်ရွန် လန့်ထ်မှာ ဆိုဗီရ်ရှု၏ ကိုယ်ရေးအရာရှိဖြစ်ကာ ဦးနှောက်က တော်တော်ထက်မြက်သူပင်။
ထို့အပြင် ဘယ်ရွန် လန့်ထ်က ရက်ရှ်တာကို သဘောကျပုံရကာ သူ့အတွက် တတ်နိုင်သမျှ အကောင်းဆုံး အဆင်ပြေအောင် လုပ်ပေးနေသည်ဟု ကြားထား၏။
ဘယ်ရွန် လန့်ထ် ရှေ့ထွက်ပြီး စကားလမ်းကြောင်းကို လှည့်ပေးသည်ဆိုလျှင် ကျိန်းသေပေါက် ရက်ရှ်တာအတွက် ကောင်းသည့်ဘက်ဖြစ်ပေလိမ့်မည်။
“လေဒီ ရက်ရှ်တာက ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလွန်းလို့ ‘အရှင်ဧကရာဇ်နဲ့ တော်ဝင်မင်းသား ဟိုင်န်ရီတို့က သူ့ကိုရဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေရတယ်’ ဆိုတဲ့ပုံစံမျိုး သတင်းလိုက်ဖြန့်နေတဲ့ပုံပါပဲ။”
ဆန့်ကျင်ဘက် ကောလဟာလနှစ်ခု ပျံ့သွားလျှင် ဘယ်သူမဆို နှစ်ခုအနက် တစ်ခုကို ယုံသွားစမြဲပင်။
ဘယ်ရွန် လန့်ထ်က ခေါင်းကောင်းကောင်းသုံးသွားခြင်းဖြစ်၏။
လော်ရာတစ်ယောက် စိတ်တိုသွားဟန်ဖြင့် စစ်တုရင်ခုံကို ဒုန်းခနဲထုပြီး စိတ်ဆိုးမာန်ဆိုး ပေါက်ကွဲလေတော့သည်။
“ကျွန်မကတော့ အဲ့ဒီမိန်းမကို တကယ်မုန်းပါတယ်။”
“လော်ရာ။ ကျေးဇူးပြုပြီး အဲ့ဒီပါးစပ်ကို နည်းနည်းလောက် ထိန်းစမ်းပါဦး။ ရံရွေတော်လုပ်နေပြီး အဲ့ဒီလို နှုတ်ကြမ်းနေရင် နောက်ဆုံးမှာ ဧကရီအရှင်မကိုပဲ ထိခိုက်စေမယ်ဆိုတာ မသိဘူးလား။”
“တခြားလူတွေရှေ့မှာတော့ သတိထားပြီးနေပါတယ်။ နယ်စားကတော်ကြီး အယ်လီဇာ။ ဒါပေမဲ့... ဒါပေမဲ့ အခုချိန်မှာတော့ ဆဲရေးတာမျိုးနဲ့မှပဲ ခံစားချက်ကို ဖော်ပြလို့ရတော့မယ်ထင်ပါတယ်။”
သို့ရာတွင် ဒေါသတကြီး အော်ဟစ်နေသော လော်ရာ၏အသံကိုဖောက်ကာ ပြတင်းပေါက်ကိုခေါက်သည့်အသံ ပေါ်လာ၏။
ကွီးန်ပင်။
“ကွီးန်။”
ရက်အနည်းငယ်ကြာမှ ရောက်လာသည့် ကွီးန်၏ပုံစံကို ကြည့်ရင်း ချက်ချင်းထရပ်ကာ ပြတင်းပေါက်ကို ဖွင့်ပေးလိုက်သည်။
အကြာကြီးနေမှ မြင်ရခြင်းဖြစ်၍ ပိုပြီးဝမ်းသာမိသဖြင့် ကွီးန်ကို ပွေ့ချီကာ ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။
— ...
ကွီးန်က တောင်ပံများကို တောင့်တောင့်ကြီးဆန့်ထုတ်ထားသည့် ပုံစံအတိုင်း မလှုပ်မယှက်ဖြစ်သွားလေသည်။ လော်ရာက ထိုပုံစံကိုကြည့်ပြီးမှ ဒေါသ အနည်းငယ်ငြိမ်ကျသွားသလို ရယ်မောလိုက်၏။
“အဲ့ဒီငှက်က မသင်္ကာစရာပါပဲ။ ဧကရီအရှင်မ ဖက်လိုက်တိုင်း အဲ့လိုမျိုး တောင့်တောင့်ကြီးဖြစ်သွားတာလေ။ ငှက်မဟုတ်လောက်ဘူးထင်ပါတယ်။”
— ....
ရံရွေတော်များက တဟီးဟီးရယ်မောကာ ကွီးန်ကို စနောက်ရင်း ထွက်သွားကြပြီးနောက် ကျွန်မလည်း ကွီးန်ကို ပေါင်ပေါ် တင်ထားကာ နှုတ်သီးနှင့်ခေါင်းကို ဖြည်းဖြည်းလေး ပွတ်ပေးလိုက်သည်။
ကွီးန်က ခရမ်းရောင် မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အိပ်ချင်မူးတူးဖြစ်နေရာမှ တစ်ချက်တစ်ချက် ဆတ်ခနဲလန့်နိုးလာကာ ကျွန်မ၏ အရိပ်အခြည်ကို အကဲခတ်နေ၏။
“မလာလို့ တွေ့ချင်နေတာ။”
အမှန်အတိုင်း ပြောပြလိုက်တော့ ကျွန်မစကားကို နားလည်သည့်အလား ကွီးန်က မျက်လုံးလေးများ မှေးသွားသည်။ မျက်လုံးနှင့် ပြုံးပြလိုက်သလိုပင်။
“……”
ထူးဆန်းတယ်။ ဘာလို့ ဒီပုံစံကိုကြည့်ပြီး တော်ဝင်မင်းသား ဟိုင်န်ရီကို တွေးမိသွားရတာလဲ။
ဟုတ်ပါရဲ့။ ကွီးန်ရဲ့သခင်က တော်ဝင်မင်းသား ဟိုင်န်ရီမှန်း သိလိုက်ရပြီဆိုတော့ ကျိန်းသေပေါက် အဲ့ဒီလိုပဲဖြစ်မှာပေါ့။
“အာ။”
ခြေထောက်မှစာကို စစ်ဆေးရန် မေ့နေသည်။
ကျွန်မ စာရွက်ကိုယူကာ ကွီးန်ကို ရင်ခွင်ထဲထည့်ထားလျက်ကပင် စာကိုဖြန့်ဖတ်လိုက်၏။
— အလောင်းအစားရှုံးအောင် လူလုံးလည်း ထွက်ပြပြီးနေပြီကို။ ဘာလို့ ခင်ဗျားက အလောင်းအစားထဲ ဝင်မပါသေးတာလဲ။
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို စာဖလှယ်ဖော်မှန်း သိနေမလား၊ မသိဘူးလား။
လွန်ခဲ့သော နာရီပိုင်းက ကျွန်မ တော်ဝင်မင်းသား ဟိုင်န်ရီ၏ စာဖလှယ်ဖော်ကို ဘယ်သူမှန်းသိကြောင်း ကိုယ်တိုင် ထုတ်ဖော်ပြောပြခဲ့၏။
သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီက ထိုအပိုင်းကို နောက်ပိုင်းတွင် လာမေးမသွားပေ။
ကျိန်းသေပေါက် ဆိုဗီရ်ရှုနှင့် ကျွန်မက တန်းပြီးအချင်းများခဲ့ကြသဖြင့် မေးဖို့အခွင့်မသာခြင်းလည်း ဖြစ်ကောင်းဖြစ်လိမ့်မပေါ့...
ကျွန်မ တုံ့ဆိုင်းနေရာက စာရွက်ပေါ်တွင် ပွင့်ပွင့်လင်းလင်း ရေးချလိုက်သည်။
— စာနဲ့ပဲ ခင်မင်မှုကို ထိန်းသိမ်းထားချင်ပါတယ်။
ကျွန်မ စာရေးသည်ကို စူးစူးစိုက်စိုက် ကြည့်နေသည့် ကွီးန်က စာရေးနေချိန်တွင် အသာလေး စောင့်နေခဲ့၏။
သို့သော် ကျွန်မ စာရေးပြီး၍ လက်လွှတ်လိုက်သည်နှင့် ချက်ချင်းပင် အကြောင်းအရာကို ဖတ်ပြီးသွားသည့်အလား ဖျတ်ခနဲ ခုန်ပျံကာ ထူးဆန်းသောအသံများ ပေးလေသည်။
— ဂူ၊ ဂူ၊ ဂူ။
ဘာလို့ ဒီလိုလုပ်ရသလဲဟူ၍ သူ့သခင်ကိုယ်စား အပြစ်တင်နေသလိုပင်။
“တအားလည်း စိတ်မဆိုးပါနဲ့၊ ကွီးန်ရယ်။ ငါကတော့ ဒီအနေအထားလေးကိုပဲ သဘောကျတယ်။”
— ဂူ
“……နင့်သခင်နဲ့ ငါသာ တကယ် အပြင်မှာတွေ့လိုက်မယ်ဆိုရင် စနောက်လို့ရတဲ့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းတွေမဟုတ်တော့ဘဲ အရှေ့အင်ပါယာရဲ့ ဧကရီနဲ့ အနောက်ဘုရင့်တိုင်းပြည်ရဲ့ တော်ဝင်မင်းသား ဖြစ်သွားမှာ။ အဲ့ဒီလိုဆို အပြုအမူတွေကို သတိထားရမယ်။ လူတွေရဲ့ အရိပ်အကဲကိုလည်း သတိထားရမယ်။”
— ……
“ငါက ရက်ရှ်တာနဲ့ ဆိုဗီရ်ရှုကြောင့် လူတွေအတွက် မနှစ်မြို့စရာဖြစ်ရတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်နေတာလေ။ ဒီလိုအခြေအနေမှာ အပျော်အပါးလိုက်စားတယ်လို့ နာမည်ကြီးနေတဲ့ တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ စာဖလှယ်ဖော်ဖြစ်တယ်ဆိုတာသာ ပေါ်သွားရင် ဘယ်လိုကောလဟာလတွေ ထွက်လာဦးမယ်မှန်း မသိနိုင်ဘူး။ ……ကောင်းတဲ့ကောလဟာလတော့ မဟုတ်လောက်ဘူးပေါ့။”
ကွီးန်က အင်မတန် ထက်မြက်လွန်း၍ပဲလားမသိ။ ကိုယ်တိုင်သတိမထားမိခင်မှာပင် အသေးစိတ် အချက်အလက်များအထိ ဖွင့်ဟပြောပြနေမိသည်။
ကွီးန်က အနည်းငယ် ကြောင်သွားသလိုမျက်နှာနှင့် နှုတ်သီးကို ဟထားလျက်ရှိနေ၏။
ကျွန်မလည်း ကွီးန်၏ နှုတ်သီးကို ပြန်ပိတ်ပေးလိုက်ကာ ချက်ချင်းပင် ဆင်ခြေပေးသလို ထပ်ဖြည့်ပြောလိုက်သည်။
“ကျိန်းသေပေါက် နင့်သခင်က ကောလာဟလတွေအတိုင်း မကောင်းတဲ့လူမဟုတ်မှန်း သိတာပေါ့။ ဟင့်အင်း၊ ကောင်းတဲ့သူလို့ သဘောထားတယ်။ ဟင်။ ဟားဟား။ ကွီးန်၊ နင်က ဘာလို့ ရှက်နေတာလဲ။”
~~~~
ရက်ရှ်တာက ကူရှင်ကို ပွေ့ဖက်ကာ ကုတင်ပေါ်တွင် ကွေးကွေးလေး ထိုင်နေသည်။
ခရမ်းဖျော့ရောင် ညအိပ်ဂါဝန် ပါးပါးလေးသာ ဝတ်ထားသည့် သူက တခမ်းတနား ပြင်ဆင်ထားခြင်းမရှိသော်လည်း ပို၍လှပနေသည့် ဆန်းကြယ်သော အရည်အသွေးတစ်မျိုး ရှိနေ၏။ ဆိုဗီရ်ရှုက ရက်ရှ်တာ့ဘေးတွင်ထိုင်ကာ နူးညံ့သော သူ၏ ငွေရောင်ဆံပင်များကို သပ်တင်ပေးရင်း သတိပေးလိုက်သည်။
“တော်ဝင်မင်းသား ဟိုင်န်ရီဆိုတာ နဂိုကတည်းက မိန်းမလိုက်စားတယ်ဆိုတာအပြင် ရက်စက်လွန်းတယ်ဆိုပြီး နာမည်ကြီးတဲ့သူပဲ။ နောက်ဆိုရင် လူတွေကို ပေါ့ပေါ့ဆဆ မယုံစားနဲ့။”
“ရက်ရှ်တာက မသိခဲ့လို့ပါ……”
“ကိစ္စမရှိဘူး။ ဘယ်သူမဆို အမှားလုပ်နိုင်တာပဲလေ။ နောက်ဆို မမှားအောင်နေရင် ပြီးပြီပေါ့။”
“ဒါပေမဲ့ ဒီကိစ္စကတော့ ရက်ရှ်တာတစ်ယောက်တည်းရဲ့အမှား မဟုတ်ဘူးလေ။ ဟုတ်တယ်မဟုတ်လား……”
“ဒါပေါ့။ အဲ့ဒီလူက တမင်ငြင်းပြီး လက်ရှောင်သွားတာမို့လို့။”
ရက်ရှ်တာက ဆိုဗီရ်ရှု၏ပခုံးပေါ် ခေါင်းလေးမှီလိုက်သည်။
“ဒါပေမဲ့လည်း အရှင်ဧကရာဇ်က ရက်ရှ်တာ့ကို ကာကွယ်ပေးခဲ့လို့ တော်ပါသေးရဲ့။”
“ငါလည်း တော်ပါသေးရဲ့။ မင်း စိတ်နည်းနည်းပြေသွားတဲ့ပုံပေါ်လို့။”
“မနက်ဖြန် အထူးညစာစားပွဲမဟုတ်လားရှင့်။ မြန်မြန်စိတ်ဖြေပြီး လူတွေနဲ့ ပျော်ပျော်ပါးပါး နေရမှာပေါ့။ ကျွန်မက အဲ့ဒီ...မင်းသမီး စီယာ့ဇ်ဆိုတဲ့ပုဂ္ဂိုလ်နဲ့ ရင်းနှီးချင်ပါတယ်။”
နှစ်နှစ်ကာကာ ပြုံးလိုက်သည့် ရက်ရှ်တာက ကူရှင်ကို ‘ဗုံ ဗုံ' ဟု ချစ်စဖွယ် ဗုံတီးသလို တီးလိုက်သည်။ သို့သော် ပုံမှန်သာဆိုလျှင် ဤအပြုအမူကို ချစ်စရာကောင်းသည်ဟု သဘောထားကာ ရယ်မောမည့် ဆိုဗီရ်ရှုကမူ မျက်နှာထား ပိုတင်းမာသွား၏။
“ဘာဖြစ်လို့လဲဟင်၊ အရှင်ဧကရာဇ်။”
“ငါ့နှယ်……”
“အရှင်ဧကရာဇ်။”
“ရက်ရှ်တာ။ မင်းက မနက်ဖြန် အထူးညစာစားပွဲကို တက်လို့ရမှာမဟုတ်ဘူးလေ။”
ရက်ရှ်တာက မျက်လုံးအဝိုင်းသားနှင့် ဆိုဗီရ်ရှုကို ကြည့်လိုက်သည်။ လုံးဝ ထင်မှတ်မထားသည့် စကားကို ကြားလိုက်ရသလို မျက်နှာကြောင့် ဆိုဗီရ်ရှုလည်း အကျပ်ရိုက်သွားရ၏။
သို့သော် မဖြစ်နိုင်သည့်အရာက မဖြစ်နိုင်သည့်အရာပင်။
“ဘာလို့လဲဟင်၊ ဘာလို့လဲ။ ဘာလို့ မရတာလဲ၊ အရှင်ဧကရာဇ်ရဲ့။”
“အထူးညစာစားပွဲက ဧည့်သည် အယောက်နှစ်ဆယ်ပဲဖိတ်တာ။”
“အယောက်နှစ်ဆယ်တောင်ရှိတာကို အဲ့ဒီထဲက တစ်ယောက်အနေနဲ့ ကျွန်မပါလို့မရဘူးလားဟင်။”
“ငါနဲ့ ဧကရီက ဆယ်ယောက်စီ ဖိတ်ခွင့်ရှိပေမဲ့ ဧည့်သည်တွေဆီ ဖိတ်စာတွေ အကုန်ပို့ပြီးသားမို့လို့……”
“တစ်ယောက်ပဲ ထပ်ထည့်လိုက်ရင် ရပြီလေ။ ဒါက ပြောင်းလွယ်ပြင်လွယ် လုပ်လို့ရတဲ့ကိစ္စပဲဟာကို……”
“ဒါပေမဲ့ ရက်ရှ်တာရဲ့။ ပြောင်းလွယ်ပြင်လွယ် လုပ်လိုက်ရင် အထူးညစာစားပွဲက ဘယ်ထူးခြားပါ့တော့မလဲ။”
ဆိုဗီရ်ရှု ပထမဆုံးအကြိမ် ပြောလိုက်သည့် ငြင်းဆန်စကားကြောင့် ရက်ရှ်တာတစ်ယောက် လုံးဝ မျက်တောင်ပင်မခတ်နိုင်တော့ချေ။
~~~~
Miel's Translations